Chapter 193
မင်းကကိုယ့်အပိုင်ထပ်ဖြစ်သွားပြီ။
သူ၏အကြည့်က သူမပေါ်တွင်သာရှိနေ၏။ သူကဖြေးဖြေးချင်းလက်ဆန့်လာပြီး အလွန် ညင်သာစွာပြောလာသည်။
“အားရုံ ကိုယ့်ရထားလုံးဆီလာခဲ့”
သူ့မျက်နှာပေါ်ရှိ အပြုံးကဖျော့တော့နေသော်ငြား ၎င်းကပွင့်ပွင့်လင်းလင်းပျော်ရွှင်ကာ ရွှင်မြူးနေ၏။.... ချန်ရုံက ထိုတစ်မင်းမျိုးမင်းနွယ်ဝင်မိန်းမပျိုများကို ကန့်လန့်တိုက်ရန်အတွက် သူမ၏သွင်ပြင်ကိုပြုလုပ်ခဲ့ပြီးဖြစ်သည်။ တစ်ချိန်တည်းတွင် သူမ၏ ပုံမှန်အကွာအဝေးခြားတတ်သည့် ပုံစံမှ ကွာခြားနေ၏။ သူမက သရော်ခြင်း၊ သို့မဟုတ် ထေ့ငေါ့ပြောခြင်းများ မပြုလုပ်ပေ။ ထို့အစားသူမက ပညာသားပါ၏။သူတို့ပထမဆုံးအကြိမ်တွေ့ခဲ့ရသလိုတောင် ပြောင်းလဲလွယ်နေပေသည်။
ဝမ်ဟုန်၏ ဆန့်ထုတ်လာသောလက်ကို ရင်ဆိုင်လိုက်ရသောအခါ အခုချိန်က ချန်ရုံပျာယာခတ်ရမည့်အချိန်ဖြစ်သွား၏။....သူမကမျက်လွှာချလိုက်ပြီးနောက် အဆုံးတွင် သူမ၏ချောမွတ်သွယ်လျသော လက်ကို သူ့လက်ထဲတွင်ထည့်ပေးလာသည်။
သူတို့လက်များ ပေါင်းစပ်သွားသောအခါ ဝမ်ဟုန်၏လက်ချောင်းများက တုန်ရီသွားလေသည်။သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှုများတလက်လက်တောက်နေ၏။...
နောက်ဆုံးမှာတော့ သူမခေါင်းမာတာကို။ရပ်လိုက်ပြီလား။
သူတို့၏ရထားလုံးများက တစ်ချိန်တည်းတွင် ရပ်သွားကြသည်။
သူက သူမလက်ကိုကိုင်ကာ သူ့ရထားလုံးထဲသို့ သူမကိုဆွဲခေါ်လာသည်။
သူမအထဲရောက်လာလာချင်းပင် ဝမ်ဟုန်က သူ့လက်မောင်းများကြားဆွဲသွင်းလာလေသည်။ သူ၏ပွေ့ဖက်မှုကြောင့် ချန်ရုံက အသက်ရှုမရတော့နီးပါးပင်။ သို့သော်ငြားသူမကမရုန်းကန်လာပေ။ သူမက သူ့လက်မောင်းများကြားတွင် တိတ်တဆိတ်လဲလျောင်းလိုက်ကာ သူ၏သန်မာသောပွေ့ဖက်မှုအား သူမကိုဝန်းရံစေလိုက်သည်။
ဝမ်ဟုန်က ခေါင်းငုံ့ကာ သူမလည်ပင်းကို သူ၏မျက်နှာဖြင့် အသာအယာထိလိုက်သည်။ သူ့အသံက အနည်းငယ်ပျာယာခပ်နေ၏။
“အားရုံ ဒီနေ့ ကိုယ်တကယ်...”
သူက မပြောရသေးသည့် စကားလုံးများကို ပြန်မြိုချလိုက်ပြီး ရိုးရှင်းစွာပင် သူမ၏ကုပ်ပိုးကို နမ်းပြီး ပျော်ရွှင်စွာပြောလာသည်။
“အားရုံ အခုကိုယ်တကယ်ပျော်နေတယ်”
ဝမ်ဟုန်က တသီးတသန့်ရှိကာ ဆိတ်ဆိတ်နေတတ်သောသူဖြစ်သောကြောင့် ပျော်ရွှင်သည်ဟူသော စကားလုံးမှာ သူ့ပါးစပ်က မထိန်းချုပ်နိုင်စွာ လွတ်ထွက်လာသလို အသံထွက်နေ၏။
သူမက မျက်လွှာချထားဆဲဖြစ်သည်။
သူ၏စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကိုသတိမထားမိသလိုပင် သူမကမေးရုံမျှသာမေးလာသည်။
“ကျွန်မက သီလရှင်တစ်ယောက်ပါ၊ ကျွန်မကအရှင့်ရထားလုံးထဲမှာဒီလိုမျိုးထိုင်နေတာက အရှင့်အတွက် အဆင်ပြေပါ့မလား”
ဝမ်ဟုန်က ငြိမ်သက်သွားသည်။
သူမက ဖြေးဖြေးချင်းသူ့လက်ကိုဆွဲကာ သူ၏ဖက်တွယ်မှုမှ ထွက်သွားချင်နေ၏။
ဝမ်ဟုန်က သူ့လက်များကို မပြေလျှော့ပေးလာချေ။ သူက နူးညံ့စွာတောင်းဆိုလိုက်သည်။
“အားရုံ မင်းခနလောက် ကိုယ့်ကိုပေးဖက်ပါဦး”
သူက သူမကိုဖက်ကာ မျက်စိမှိတ်ပြီး သူ့နှုတ်ခမ်းများကို သူမလည်ပင်းပေါ်တွင် နူးညံ့စွာဖိကပ်ပြီး ရေရွတ်လာသည်။
“အားရုံ ကိုယ့်ကိုစဉ်းစားဖို့ အချိန်နည်းနည်းလောက်ပေးပါ.....အရှင်မင်းကြီးက မင်းကိုမေ့သွားအောင်လုပ်ဖို့ နည်းလမ်းတစ်ခုခုတော့ရှိမှာပါ အဲ့ဒီလိုဆို မင်းရဲ့တာအိုအထောက်အထားကနေ လွတ်လွတ်လပ်လပ်နေလို့ရပြီ”
ချန်ရုံက သူ့ကိုလှည့်ကြည့်ပြီး နူးညံ့စွာခေါင်းရမ်းလိုက်သည်။
“အရှင် အဲ့လိုလုပ်ပေးစရာမလိုပါဘူး၊ ကျွန်မအဆင်ပြေပါတယ်၊ သေခြင်းရှင်ခြင်းဆိုတာ တစ်ယောက်ချင်းစီဆုံးဖြတ်ရမယ့် အရာတွေပါ၊ ဘာလို့ဒီအရာပေါ်မှာ တဝဲလည်လည်လုပ်နေရမှာလဲ ချီလန်၊ အရှင်ဘာလို့ ကျွန်မကိုအရှင့်နဲ့အတူရှိဖို့ မရမကပြောနေရတာလဲ”
သူမက သူ့ကိုဘေးမှတစ်ချက်ကြည့်လာကာ ပြုံးလိုက်သည်။
“အခုဆို အရာအားလုံးကအဆင်ပြေနေပြီမဟုတ်ဘူးလား၊ ကျွန်မက တစ်သက်လုံးသီလရှင်အဖြစ်ဆက်နေသွားမယ် ၊ အဲ့ဒီဘဲ အရှင်ကလည်း ဇနီးတစ်ယောက်ကိုလက်ထပ်ပြီး ကိုယ်လုပ်တော်တွေယူပေါ့....အဲ့လိုဆိုလုံလုံလောက်လောက်ကောင်းနေပြီမဟုတ်ဘူးလား”
သူလိုချင်သောအရာအားလုံး ရနိုင်ပြီကို အဲ့ဒါကမလုံလောက်သေးဘူးလား”
ဝမ်ဟုန်က ချန်ရုံကိုကြည့်လိုက်သည်။
သူ၏ပွေ့ဖက်မှုက တောင့်တင်းသွားလေသည်။ သူပါးစပ်က ရုတ်တရက်ခါးသီးလာကာ ကိုယ့်ကိုကိုယ်ရယ်အောင် မလုပ်နိုင်တော့ပေ။
ဤအချိန်တွင် မြင်းခွာသံများကို ကြားလိုက်ရသည်။
မကြာခင်တွင် စူးရှသောအသံက အပြင်ဘက်မှထွက်ပေါ်လာသည်။
“နတ်ဆရာမ ဟုန်ယွင်ကျီက ဒီမှာရှိပါသလား”
ဤအသံသည် သူမနန်းတော်ထဲသို့ဝင်လာစဉ်က သူမကိုကြိုဆိုပေးခဲ့သော မိန်းမစိုးငယ်၏အသံဖြစ်သည်။
“ဟုတ်ပါတယ်”
ချန်ရုံက အလျင်အမြန်ပင်ပြန်ဖြေလိုက်သည်။
မိန်းမစိုးက သူ့ချွေးများကိုသုတ်ပြီး ပြုံးရွှင်စွာပြောလာ၏။
“ဘယ်လိုတောင် ကံကောင်းတာလဲ၊ အရှင်မင်းကြီးက စိတ်ဝင်စားစရာကောင်းတဲ့ ကစားနည်းကိုရှာတွေ့ထားလို့ နတ်ဆရာမကို နန်းတော်ထဲပြန်ဝင်လာပြီး သူနဲ့အဖော်ပြုကစားပေးစေချင်တယ်လို့ မိန့်လိုက်ပါတယ်”
သူက မရပ်ခင်ထပ်ပြောလိုက်သည်။
“အရှင်မင်းကြီးက ထပ်မိန့်လိုက်ပါသေးတယ်၊ တကယ်လို့အရှင်ဝမ်ချီက နတ်ဆရာမအပေါ်မှာ တွယ်ကပ်နေတာမရပ်နိုင်ဘူးဆိုရင် အရှင်လည်းလိုက်လာလို့ ရပါတယ်တဲ့။ အရှင်ဝမ်ချီက ရူးနေပေမယ့်လည်း ဘယ်သူ့ကိုမှမပြောပြဘူးဆိုတာ ကတိပေးတယ်လို့အရှင်မင်းကြီးက မိန့်လိုက်ပါတယ်”
သူ၏စူးရှသောအသံက အလွန်ပဲ့တင်ထပ်နေသည်မှာ ဖြတ်သွားဖြတ်လာများအား ရပ်သွားစေပြီး သူတို့ကိုထူးဆန်းစွာ စိုက်ကြည့်လာကြလေသည်။...အဲ့ဒါကိုတောင် သူက အရှင်မင်းကြီးက မပြောပြဖို့ကတိပေးပါတယ်လို့ ပြောသေးတယ်ပေါ့။
တစ်ကြိမ်ထပ်မံကာ ဝမ်ဟုန်ကတိတ်ဆိတ်သွား၏။
ခါးသီးမှုက သူ့ခံတွင်းထဲ၌ပျံ့နှံ့လာသည်။
ဤအချိန်တွင် ပိုမိုများပြားလာသော ဖြတ်သွားဖြတ်လာများက စုစည်းလာကြသည်။ သူတို့အချင်းချင်းတီးတိုးပြောနေကြကာ ဝမ်ဟုန်ဘက်သို့စိတ်အားထက်သန်စွာ ကြည့်လာကြ၏။
အချိန်နှင့်အမျှ အသံတစ်ခုနှစ်ခုလောက်က ပြောလာသည်ကို ကြားလိုက်ရသည်။
“ဒါက လန်ယာက အရှင်ဝမ်ချီလန်ရဲ့ ရထားလုံးဘဲ”
“အရှင်မင်းကြီးက သူ့ကိုရူးနေတယ်လို့ ပြောလာတယ်၊ ဘယ်လိုရူးနေတာလဲဆိုတာကို ငါသိချင်လိုက်တာ”
“ရထားလုံးထဲမှာ လျို့ဝှက်ချက်တစ်ခုရှိနေပုံဘဲ၊ စောင့်ပြီးကြည့်ကြတာပေါ့”
“ချီလန် ချီလန် ကျွန်မတို့ကို တွေ့ခွင့်ပေးပါ”
ပွက်လောရိုက်မှုကြားတွင် ဝမ်ဟုန်၏လက်က ချန်ရုံ၏ခါးကို ခိုင်မာစွာကိုင်ထား၏။
သူက သူမကိုငုံ့ကြည့်လာသည်။
သူမ၏မျက်နှာပေါ်တွင် ရွှင်မြူးနေသောအကြည့်ရှိနေ၏။ သူမက သူ့လက်များကြားတွင် ကြက်ပေါက်လေးကဲ့သို့ တိုးဝှေ့ပူးကပ်နေကာ သူမ၏မျက်လုံးများထဲတွင် သူတွေ့နိုင်ရန် ဆုတောင်းခဲ့ရသည့် ကြင်နာမှုများရှိနေပေသည်။...ပြသနာမှာ အချိန်ကာလက အလွန်မှားယွင်းနေပေသည်။
သူတို့က နန်းတွင်းမှထွက်ခွာရုံသာရှိသေးသော်ငြား သူ၏ရထားလုံးထဲတွင် သီလရှင်တစ်ယောက်ကို ပွေ့ဖက်ထားကာ လူထု၏မျက်လုံးများရှေ့တွင် ချိုမြိန်ပြီးဘာမှမဟုတ်သောအရာများကို တီးတိုးပြောနေကြ၏။.....
သူက သူမကိုကြည့်လိုက်မိသည်။ ရုတ်တရက်ဆိုသလိုပင် ချန်ရုံနန်းတွင်းသို့ဝင်လာသည်က နာရီအနည်းငယ်လောက်သာ ရှိသေးသော်ငြား ကိစ္စရပ်များက သူ့အတွက်တုံ့ပြန်နိုင်ရန် လျင်မြန်စွာပြောင်းလဲနေသည်ကိုသဘောပေါက်လာသည်။ ပိုအရေးကြီးသောအရာမှာ အရှင်မင်းကြီး၏ဥပါယ်တံမျဉ်များနှင့် ချန်ရုံ၏စကားလုံးများအတူတူပေါင်းစပ်လိုက်သောအခါ သူ့ကိုလှည့်စားနေသော လူလည်နှစ်ယောက်နှင့်ပိုတူပေသည်။
ဝမ်ဟုန်က တိတ်တဆိတ်ပင် ချန်ရုံကိုငုံ့ကြည့်လိုက်သည်။
သူ့လက်များကြားရှိအရာသည် အသန့်စင်ဆုံးနူးညံ့မှုနှင့် နွေးထွေးမှုဖြစ်သည်။
ရုတ်တရက်ပင် သူမကိုဖက်ထားသော သူ၏ပွေ့ဖက်မှုကတင်းကြပ်သွားသည်။
သူက သူမဆံပင်ပေါ်တွင် မေးတင်လိုက်ပြီး မျက်စိမှိတ်ကာ မေးလိုက်သည်။
“ဒါက မင်းရဲ့ လှည့်ကွက်နောက်တစ်ခုလား အားရုံ”
သူ၏နှုတ်ခမ်းက သူမ၏နားကိုပွတ်တိုက်သွားကာ ခပ်နွေးနွေးအသက်ရှူသံက သူမအားယားယံလာလေစေသည်။
“မင်းက ကိုယ့်ကို လန်ယာရဲ့ဝမ်အိမ်တော်ကဆက်ဆံသူ ဝမ်ချီအနေနဲ့ သူ့ဂုဏ်သတင်းကိုဂရုစိုက်မယ်လို့ ထင်နေတာဘဲ...အဲ့လိုဆို လောကကြီးကို သူ့ရဲ့ရူးသွပ်မှုအကြောင်း သက်သေမပြနိုင်တော့ဘဲ လန်ယာကဝမ်ချီအနေနဲ့ အားရုံအနားချဉ်းကပ်တာကို ချုပ်တည်းလိုက်မယ်ပေါ့။ အရှင်မင်းကြီး ဒါမှမဟုတ် ကိုယ့်မိသားစုက တစ်ယောက်ယောက်ကများ မင်းကိုဒီလိုလုပ်လိုက်သရွေ့ ဝမ်ချီက မင်းကိုစွန့်ပစ်သွားတာမျိုး၊ နောက်ပြီး မင်းကိုမကာကွယ်ပေးတော့ရင်တောင်မှ သူတို့က ဝမ်ချီနေရာမှာဝင်ပြီးကာကွယ်ပေးမယ်လို့ ကတိပေးထားတာလား”
အကယ်၍ မျက်မှောက်ခေတ်ပညာတတ်များက သမာရိုးကျမဟုတ်သည်ကို... အလှတရား၊ ကန့်လန့်တိုက်သည်... ခေတ်ဆန်သည်ဟု ရှုမြင်ကြလျှင်တောင်မှ တစ်ချိန်တုန်းက သူကျောခိုင်းခဲ့ပြီး အခုချိန်တွင် သီလရှင်တစ်ယောက်ထက်မပိုတော့သည့် မိန်းကလေးနှင့်ထိတွေ့ဆက်ဆံခြင်းသည် အဆုံးတွင် ထူးခြားပြောင်မြောက်မှုမဟုတ်ဘဲ ရယ်မောဖွယ်ရာသာဖြစ်သည်။
ဒီလိုကိစ္စရပ်မျိုးသည် သူ၏ဂုဏ်သတင်းကိုထိခိုက်စေနိုင်ပေသည်။
သူက ချန်ရုံကိုကြည့်ကာ သူမ၏ဆံပင်များကို သူ့လက်ချောင်းဖြင့် ဖြီးသင်ပေးနေ၏။
သူကအဖြေတစ်ခုကို စောင့်နေခြင်းဖြစ်သည်။
ချန်ရုံက ညင်သာစွာခေါင်းခါပြလာသည်။
“လုံးဝကို အဲ့လိုကြီးဘဲတော့မဟုတ်ပါဘူး”
“ကျွန်မ....”
သူမက ကြောက်ရွံ့နေ၏။ သူမက သူ၏ကြင်နာမှုကို ကြောက်ရွံ့နေခြင်းဖြစ်သည်။ သူမ၏ခံစားချက်များအား မဖုံးကွယ်နိုင်တော့မှာကို ကြောက်၏။၎င်းက အကြောက်တရားပင်ဖြစ်သည်။
တစ်နေ့တွင် သူမစိတ်ပြောင်းလဲသွားပါက ထိုအချိန်တွင် သူမ၏ဆုံးဖြတ်ချက်ကို နူးညံ့သွားစေပြီး သူမသင်ယူခဲ့ရသော နာကျင်သည့်သင်ခန်းစာကို မေ့ပျောက်လိုက်မိမှာကြောက်သည်။....အကယ်၍ရိုးရှင်းသောနည်းလမ်းဖြင့် သူ့ကိုဖယ်ရှားနိုင်ကာ သူမအလိုရှိသည့် ကာကွယ်မှုနှင့် အေးချမ်းမှုကိုရရှိနိုင်မည်ဆိုပါက ကြိုးစားကြည့်ရတာထိုက်တန်၏။
ပြပွဲက မစခင်မှာပင် သူက သူမ၏လှည့်ကွက်ကို သတိထားမိသွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤအချိန်တွင် အပြင်ဘက်ရှိ အော်ဟစ်သံနှင့် ရယ်မောသံများက ပိုပိုပြီးဗရုတ်ကျလာ၏။ မိန်းမငယ်လေးများက ရထားလုံးနားတွင်စုပြုံလာကြကာ ကန့်လန့်ကာစဆီ လက်ဆန့်လာကြသည်။
ဝမ်ဟုန်၏ ဆူညံသံများကိုကြားသောအခါ စိတ်မရှည်စွာမျက်မှောင်ကြုတ်လိုက်သည်။ သူကအသံမြှင့်ပြီး အေးစက်စွာအမိန့်ပေးလိုက်သည်။
“သူတို့ကို ဖယ်ရှားလိုက်”
ထိတ်လန့်သွားသော အစောင့်များကတုံ့ပြန်ရန် အချိန်အနည်းငယ်ယူလိုက်ရသည်။ သူတို့က ရှေ့သို့ထွက်လာကြပြီး လူထုအားအော်ဟစ်လာကြလေသည်။
လူကြီးလူကောင်းဆန်တဲ့ ဝမ်ချီလန်က ဘယ်တုန်းကများ သူတို့ကို ဒီလိုပုံစံမျိုးဆက်ဆံလာတာလဲ။ မိန်းမပျိုများက သူတို့နားကိုတောင် မယုံနိုင်ကြပေ။ အစောင့်များက သူတို့ကိုမောင်းထုတ်နေချိန်တွင် တစ်စုံတစ်ယောက်က အလျင်အမြန်အော်ပြောလာသည်။
“ချီလန် ချီလန် အဲ့ဒါကအရှင်လား၊ အရှင်တကယ်ဘဲ အဲ့ဒါကိုပြောလိုက်တာလား”
သူမ၏ငိုသံကြားတွင် အခြားလူအနည်းငယ်ကလည်း မျက်ရည်များကျဆင်းလာကြလေသည်။
ဝမ်ဟုန်က ရိုးရှင်းစွာပင် ဂရုမစိုက်ချေ။ သူကခေါင်းငုံ့ပြီး ချန်ရုံကိုသာ အာရုံစိုက်နေလိုက်သည်။
သူ၏ကြင်နာသောလက်က သူမဆံပင်များကိုပွတ်သပ်သွားပြီး သူမ၏ဆံထိုးဆီသို့ရောက်လာသောအခါ တစ်ချက်ဆွဲလာ၏။
သူမ၏ တာအိုဆံထိုးက ပြုတ်ထွက်လာပြီး သူမ၏နက်မှောင်နေသော ဆံသားများက ပုခုံးပေါ်တွင် ရေတံခွန်ကဲ့သို့ ဖြာကျလာသည်။
သူက ညင်သာစွာပင် သူမမေးစေ့ကိုဆွဲကာ မော့စေလိုက်သည်။
သူတို့အချင်းချင်း အကြည့်ဆုံနေကြချိန်တွင် ဝမ်ဟုန်က သူ့ခေါင်းကို ချန်ရုံ၏နှုတ်ခမ်းများဆီသို့ငုံ့လိုက်ကာ ရေရွတ်လာသည်။
“မင်းမှားသွားပြီ အားရုံ”
ဘာမှားတာလဲ။
ချန်ရုံက နားမလည်နိုင်စွာ မျက်တောင်ခတ်လိုက်သည်။
သူ၏နှုတ်ခမ်းများက သူမမျက်စိဆီသို့ရွေ့လာကာ မျက်တောင်များကိုနမ်းရင်း တီးတိုးဆိုလာ၏။
“ကိုယ်က ဒီဂုဏ်သတင်းကိုဂရုစိုက်လိမ့်မယ်လို့ မင်းထင်နေတာလား”
သူကချောင်းဟန့်လိုက်ကာ သူမမျက်နှာဆီသို့ နွေးထွေးသောလေများကို ရှုထုတ်လာသည်။
“တကယ်လို့ ကိုယ်သာလုံးဝရိုးသားချင်တယ်ဆိုရင် နည်းနည်းဘဲလုပ်မှာ....ဒါပေမယ့်မင်းကိုသာ ကိုယ့်လက်တွေကြားထဲမှာထည့်ထားနိုင်မယ်ဆိုရင် လောကကြီးရဲ့ ပျက်ရယ်ပြုတာကိုတောင် လက်ခံနိုင်တယ်”
သူဒါကိုပြောပြီးပြီးချင်းပင် သူ၏ညာလက်ကိုမြှောက်ကာ ကန့်လန့်ကာစကိုမတင်လိုက်သည်။
အပြင်ဘက်ရှိလူများက လှည့်ကြည့်လာသည်။
ဝမ်ဟုန်က သီလရှင်တစ်ယောက်ကို နက်နက်ရှိူင်းရှိူင်းနမ်းနေသည်ကို မြင်သောအခါ သူတို့ကကြက်သေသေသွားကြလေသည်။
အရှင်မင်းကြီး၏ အမိန့်ကိုပို့ရန်ရောက်လာသော မိန်းမစိုးသည်လည်း ထိတ်လန့်သွား၏။
အသံအားလုံးသည် တိတ်ဆိတ်မှုကြားထဲ နစ်မြုပ်သွားလေသည်။
ဝမ်ဟုန်က ချန်ရုံကို တိတ်ဆိတ်စွာ ဖိညှစ်ထားဆဲဖြစ်သည်။ သူက သူမမျက်နှာကိုကိုင်လိုက်ပြီး လူအုပ်၏စပ်စုမှုကို လျစ်လျုရှုကာ သူမ၏နှာခေါင်းထိပ်ကိုကိုက်ပြီး စိတ်ရူးပေါက်စွာပြောလာသည်။
“အချစ်လေး ကြည့်ပါဦး၊ မင်းကကိုယ့်အပိုင်ထပ်ဖြစ်သွားပြီ”
ထိုသို့ပြောပြီးနောက် လူတိုင်း၏ရှေ့တွင် ချန်ရုံကိုပွေ့ဖက်လိုက်ကာ မိန်းမစိုးအားကြည့်လိုက်သည်။ သူက ခေါင်းအနည်းငယ်ဆတ်လိုက်ပြီး ပြုံးပြကာ ယဉ်ယဉ်ကျေးကျေးပြောလာသည်။
“ အခုချိန်မှာ ငါ့မိန်းကလေးက သူ့ကိုအဖော်ပြုပေးဖို့ အချိန်မရှိသေးဘူးလို့ ကျေးဇူးပြုပြီး ပြန်သတင်းပို့ပေးပါ၊ ဖြစ်နိုင်တာတော့ နောက်ရက်မှပေါ့”
ထို့နောက် သူကမျက်မှောင်ကြုတ်ပြီး ပျူငှာစွာမေးလာ၏။
“ဘာကများ မင်းကိုနှောင့်နှေးစေနေတာလဲ”
မိန်းမစိုးငယ်လေးသည် ပြောစရာများပျောက်ဆုံးနေ၏။သူက ပြန်လည်ချေပလိုသော်လည်း ဝမ်ဟုန်က နတ်ဆရာမကို သူ၏လူဟုပြောလာပေသည်။ အကယ်၍လူတိုင်းရှေ့တွင် သူမကသူ့အပိုင်ဟုပြောနေပါက မိန်းမစိုးတစ်ယောက်ဖြစ်သောသူက ဘယ်လိုများဖိအားပေးနိုင်မှာလဲ။
သူကဝမ်ဟုန်က အရိုအသေပေးပြီးနောက် ထွက်သွားလိုက်သည်။
နန်းတော်မှလူများက မြင်းခွာသံများကြားတွင် ထွက်သွားကြသော်လည်းမင်းမျိုးမင်းနွယ်ဝင်များနှင့် သာမာန်အရပ်သားများက ရပ်ကြည့်နေကြဆဲဖြစ်သည်။....