【Volume 2 : လက်ထောက်လေး ၁၄】
Chapter 37
နေ့လယ်ခင်းက မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားပြီး အလုပ်ဆင်းရမည့်အချိန်နီးလာသည်။
ကျန်းကျင်ယန်သည် သူ့စားပွဲကို စိတ်ကောင်းဝင်စွာ သပ်သပ်ရပ်ရပ် ပြင်ဆင်နေသည်။
ယနေ့ ကျန်းရှန့်ရှင်၏ ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့ဖြစ်သည်။ ကျန်းကျင်ယန်သည် မနေ့က ကိတ်မုန့်ဆိုင်ကနေ ကိတ်မုန့်မှာပြီး လက်ဆောင်သေးသေးလေးများဝယ်ပြီး ကားထဲထည့်လိုက်သည်။ သူ့ညီမကို ကျောင်းကနေ သွားကြိုပြီး မွေးနေ့မှာ ပျော်ရွှင်စွာဖြတ်သန်းရန် စီစဉ်ထားသည်။ မနက်ဖြန်က တနင်္ဂနွေနေ့ဖြစ်ပြီး ကျောင်းကလည်း ပိတ်ရက်ရှိတာကြောင့် သူ နည်းနည်းနောက်ကျအောင် လည်ပတ်လျှင်လည်း ကိစ္စမရှိချေ။
'ဘာပဲဖြစ်ဖြစ် အရင်က ငါ့ပထွေးအိမ်မှာ ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနား မကျင်းပဖြစ်ခဲ့ဘူး…'
'နောင်တစ်ချိန်မှာ ငါ့ညီမအတွက် နှစ်ဆလောက် ပေးဆပ်ရလိမ့်မယ်'ဟု ကျန်းကျင်ယန် တွေးလိုက်သည်။ အလုပ်ဆင်းချိန်ကို စောင့်နေရင်း စားပွဲတွင် အလုပ်လုပ်နေသော ကျန်းယွီချွမ်းကို တိတ်တိတ်လေး လှမ်းကြည့်လိုက်သည်။
ချောမောသော်လည်း အေးစက်စက်အသွင်အပြင်ကို ကြည့်ရတာ ဘယ်သောအခါမှ မငြီးငွေ့နိုင်ဘူးဟု ကျန်းကျင်ယန် ခံစားလိုက်ရသည်။
'ဒီလောက်ချောတဲ့လူ ဘယ်လိုလုပ်ရှိနေရတာလဲ…'
'နှလုံးခုန်သံတွေ အရမ်းမြန်နေတာ ရပ်လိုက်တော့။'
သည်အခိုက်အတန့်တွင် ကျန်းယွီချွမ်းသည် သတိပေးချက်မရှိဘဲ ရုတ်တရက် ခေါင်းကို အမြန်လှည့်လိုက်ပြီး ကျန်းကျင်ယန်၏ မျက်လုံးများကို ချက်ချင်းပဲ စိုက်ကြည့်လိုက်သည်။
ကျန်းကျင်ယန်သည် ချောင်းကြည့်တာလူမိသွားပြီး မျက်နှာနီရဲသွားသည်။ သူသည် သူ၏လှည့်ကုလားထိုင်ဖြင့် ၁၈၀ ဒီဂရီလှည့်ကာ အရူးကဲ့သို့ မစ္စတာကျန်းကို ကျောပေး၍ မျက်နှာချင်းဆိုင်လိုက်သည်။
'ဒါက အရမ်းမသိသာလောက်ပါဘူး…'
"လက်ထောက်ကျန်း ဒီည အားလား။" ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျန်းယွီချွမ်း၏ အေးစက်စက်အသံသည် နောက်မှ ထွက်ပေါ်လာသည်။
ကျန်းကျင်ယန်သည် နေရခက်စွာဖြင့် ပြန်လှည့်လိုက်သည်။ "ဒီနေ့က ကျွန်တော့်ညီမရဲ့မွေးနေ့ဖြစ်လို့ ဒီည အတူတူညစာစားဖို့ သဘောတူထားတယ်။"
"အိုး၊ တကယ်ကြီးလား။ တိုက်ဆိုင်လိုက်တာ။" ကျန်းယွီချွမ်းသည် အံဆွဲတစ်ခုကို ဖွင့်ပြီး လက်မှတ်သုံးစောင်ကို ထုတ်ယူလိုက်သည်။ "ကိုယ့်ဆီမှာ ဖျော်ဖြေပွဲလက်မှတ်သုံးစောင်ရှိတယ်။ ကိုယ်တို့ အတူတူသွားပြီး သူမမွေးနေ့ကို ကျင်းပလို့ရတာပေါ့။"
ကျန်းကျင်ယန် သေချာကြည့်လိုက်တော့ ကျန်းရှန့်ရှင်အထူးနှစ်သက်သော အမျိုးသားအဆိုတော်တစ်ယောက်ဖြစ်မှန်း တွေ့လိုက်ရသည်။
တစ်ချိန်က သူမမွေးနေ့မှာ သွားကြည့်ရန် ပူဆာနေခဲ့သော်လည်း ထိုအချိန်တုန်းက ကျန်းကျင်ယန်တွင် အလွန်ပိုက်ဆံပြတ်နေသောကြောင့် ငြင်းဆန်ခဲ့ရသည်။ လွန်ခဲ့သောနှစ်ရက်က သူရုံးတွင် ဤကိစ္စကို ရုတ်တရက်သတိရသွားပြီး အင်တာနက်မှာ စစ်ဆေးကြည့်တော့ လက်မှတ်များ ရောင်းကုန်သွားတာကြာပြီဆိုတာ တွေ့လိုက်ရသည်။ ထိုအချိန်တုန်းက သူအလွန်စိတ်ပျက်သွားသည်။
'ငါ့ညီမရဲ့ ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့မှာ ငါ သူမကို နောင်တတွေနဲ့ ထားခဲ့ရမှာပဲ…'
"ဘယ်လိုလဲ။" ကျန်းယွီချွမ်းက မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။
ကျန်းကျင်ယန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခပ်တိုးတိုးပြောသည်။ "ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် မစ္စတာကျန်း။"
'ဘယ်လိုဖြစ်ပြီး ဒီလောက်တိုက်ဆိုင်နေရတာလဲ။'
'အဲဒီနေ့က ငါ့ကွန်ပျူတာထဲမှာ ရှာဖွေမှုမှတ်တမ်းကို သူမြင်ပြီး ဈေးကြီးတဲ့လက်မှတ်တွေဝယ်ဖို့ နည်းလမ်းရှာခဲ့တာလား။'
'အိုး၊ ဂရုစိုက်တတ်တဲ့ ဥက္ကဋ္ဌလေး၊ မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ။'
ကျန်းကျင်ယန်သည် သူ့ရင်ထဲတွင် ရှင်းပြ၍မရသောခံစားချက်တစ်ခု ခံစားလိုက်ရကာ အနည်းငယ်ရှက်သော်လည်း အနည်းငယ်ချိုမြိန်နေသည်။
'…သေစမ်း၊ အဲဒီလိုဆိုရင် မစ္စတာကျန်းက ‘abs ပါတဲ့ အမျိုးသားဓာတ်ပုံ’ ငါရှာဖွေထားတာရော တွေ့လိုက်တာလား။'
သူစဉ်းစားနေတုန်း ကျန်းကျင်ယန်သည် ရုတ်တရက် အသက်ရှူမဝဖြစ်ပြီး အဆင်မပြေသလို ခံစားလိုက်ရသည်။
ခဏတာ အရည်ပျော်တော့မည့်ပုံပေါ်သော ကျန်းယွီချွမ်း၏ရေခဲတမျှအေးစက်နေသည့်မျက်နှာက ပြန်ပြီးအေးစက်သွားသည်။ သူသည် မပျော်ရွှင်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထိုင်ခုံနောက်တွင် ချိတ်ထားသောအပေါ်ကုတ်အင်္ကျီကို ဆွဲယူကာ အေးစက်စက်ပြောလိုက်သည်။ "သွားကြရအောင်"
ကျန်းကျင်ယန်: "…"
'ငါတို့ရဲ့ဥက္ကဋ္ဌကျန်းက စိတ်တိုလွယ်တာပဲ။'
'ဟုတ်ပါတယ်လေ ဒါက ဥက္ကဋ္ဌပဲ။'
ကျန်းကျင်ယန်သည် ကျန်းယွီချွမ်းကို ကိတ်မုန့်သွားယူရန် ကိတ်မုန့်ဆိုင်ကို မောင်းပို့ပြီး ကျန်းရှန့်ရှင်ကို သွားကြိုသည်။
ကျန်းရှန့်ရှင်သည် ကျောင်းပေါက်ကနေ ကျောင်းလွယ်အိတ်ကို ကျောပေါ်တွင်လွယ်လျက် ခုန်ထွက်လာပြီး ကျန်းကျင်ယန်၏ကားဆီ အပြုံးဖြင့် ပြေးသွားကာ ကားမှန်ထဲကို ခေါင်းငုံ့ကြည့်လိုက်ပြီး ကျန်းကျင်ယန်နှင့် တစ်ထေရာတည်းတူသော မျက်ရည်ဝဲဝဲမျက်လုံးကြီးနှစ်လုံးက အံ့အားသင့်စွာ စိုက်ကြည့်နေသည်။
"အဟမ်း... ဒါက မစ္စတာကျန်းပါ။" ကျန်းကျင်ယန်သည် သူ့ကို ကျန်းရှန့်ရှင်နှင့် မိတ်ဆက်ပေးလိုက်သည်။
ကျန်းရှန့်ရှင်၏မျက်နှာအမူအရာက မြန်မြန်ပြောင်းလဲသွားပြီး သူမက ပွင့်လင်းစွာ ပြောလေသည်။ "သူဌေးကျန်းလား။ သူက အရမ်းချောတာပဲ။"
'ငါ့အစ်ကို ဒီလောက်သဘောကျနေတာ အံ့ဩစရာမရှိပါဘူး။'
"…မစ္စတာကျန်း၊ ဒါက ကျွန်တော့်ညီမပါ။" ကျန်းကျင်ယန်သည် သူ့ညီမကို စိတ်ပျက်လက်ပျက် စိုက်ကြည့်ရင်း မပြောသင့်သည့်အရာတစ်ခုခုအား ပြောမိမှာကို စိုးရိမ်တာကြောင့် သူ တိုက်တွန်းလိုက်သည်။ "မြန်မြန်ကားပေါ်တက်ခဲ့"
ကျန်းယွီချွမ်းသည် သူမကို မျက်နှာအမူအရာမဲ့စွာ ခေါင်းညိတ်ပြလိုက်ပြီး ကျန်းရှန့်ရှင်သည် ပါးနပ်သောအပြုံးဖြင့် ကားပေါ်တက်လိုက်သည်။
"ကြည့်စမ်း၊ ဒါဘာလဲ။" ကျန်းကျင်ယန်သည် လှည့်ပြီး ဖျော်ဖြေပွဲလက်မှတ်သုံးစောင်ကို သူ့ညီမလက်ထဲ ထိုးထည့်ပေးလိုက်သည်။
"အားးးးးး" ကျန်းရှန့်ရှင်သည် ခဏတာ မှင်သက်သွားပြီး မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် ရဲတွတ်သွားသည်။ လက်မှတ်သုံးစောင်ကို သူမရင်ဘတ်ပေါ်တင်ကာ ကားနောက်ခန်းတွင် လူးလှိမ့်နေရင်း အော်ဟစ်လေသည်။ "အားးးးး… အစ်ကိုက အရမ်းကောင်းတာပဲ။ ဒီတစ်လလုံး အိမ်မှုကိစ္စအားလုံးကို ညီမတာဝန်ယူပေးမယ်။ အစ်ကို့အတွင်းခံလွဲရင်ပေါ့၊ အဲဒါတော့ ကိုယ့်ဟာကိုယ်လျှော်ရမယ်။"
'ငါ့အစ်ကိုရဲ့အတွင်းခံက ပုံစံမျိုးစုံ အရောင်မျိုးစုံ အရမ်းကြွားလုံးထုတ်လွန်းတယ်။ အံ့ဩစရာကြီး။ တစ်ချက်ကြည့်ရုံနဲ့ သူက အောက်ပုဂ္ဂိုလ်မှန်း သိသာနေပြီ။ ပြီးတော့ သူက အထူးသဖြင့် ဒီလိုလူမျိုးပဲ။'
ကျန်းယွီချွမ်းသည် အချိန်မဆိုင်းဘဲ တိုးတိုးလေး ရယ်လိုက်သည်။
ကျန်းကျင်ယန်သည် ချက်ချင်းရှက်သွားပြီး အံကြိတ်ကာ ကျန်းရှန့်ရှင်ကို ပြောလိုက်သည်။ "ပါးစပ်ပိတ်ထား"
ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်နှင့် မျက်နှာ ၈၀% ကျော်တူသော ကျန်းရှန့်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရင်း ရယ်မောလိုက်သည်။
"မစ္စတာကျန်းက မင်းကို လက်မှတ်တွေပေးတာ၊ မြန်မြန် ကျေးဇူးတင်ကြောင်း ပြောလိုက်ဦးလေ။" သူ့နောက်က ကျန်းရှန့်ရှင်သည် သူမ၏ရူးသွပ်မှုကို နောက်ဆုံးတွင် ရပ်တန့်သွားပြီဖြစ်ကြောင်းမြင်တော့ ကျန်းကျင်ယန်က ဂုဏ်သရေရှိစွာ ပြောလိုက်သည်။
ကျန်းယွီချွမ်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "သူငယ်ချင်းဆီက လက်ဆောင်ရထားတာပါ၊ အလဟဿအဖြစ်ခံရင် မကောင်းဘူးလေ။"
"ကျေးဇူးတင်ပါတယ် မစ္စတာကျန်း" ကျန်းရှန့်ရှင်သည် လက်မှတ်သုံးစောင်ကို လက်တစ်ဖက်နှင့် ကိုင်ပြီး ကျန်လက်တစ်ဖက်နှင့် ကျန်းယွီချွမ်း၏ပခုံးကို ပုတ်ပြီး ပေါ့ပါးစွာ ပြောသည်။ "မစ္စတာကျန်းက အရမ်းကြင်နာတတ်တာပဲ။ ဒါကြောင့် ကျွန်မအစ်ကိုက…"
"ပါးစပ်ပိတ်ထား။" ကျန်းကျင်ယန်သည် အလျင်အမြန်ကြားဖြတ်ပြောလိုက်ပြီး ကားက တယ်လီဖုန်းတိုင်ကို ဝင်တိုက်မိမလိုဖြစ်သွားသည်။
"အိုး" ကျန်းယွီချွမ်းက မျက်ခုံးပင့်လိုက်သည်။ "မင်းအစ်ကိုဘာဖြစ်လို့လဲ။"
ကျန်းကျင်ယန်သည် သူ့ညီမကို နောက်ကြည့်မှန်မှ အေးစက်စက်စိုက်ကြည့်နေသည်။
'ကျွန်မအစ်ကိုက အိမ်မှာ နေ့တိုင်း မစ္စတာကျန်းအကြောင်းပြောတာ အံ့ဩစရာမရှိပါဘူး။ မစ္စတာကျန်းက အရမ်းချောတယ်၊ အရမ်းလွှမ်းမိုးတယ်၊ ပြီးတော့ သူ့မျက်နှာအမူအရာကလည်း အရမ်းဆွဲဆောင်မှုရှိတယ်။ ရှင်နဲ့လက်ထပ်ဖို့ သူ မစောင့်နိုင်တော့ဘူးနဲ့တူတယ်။ ကျွန်မပြောတော့ သူဝန်မခံဘူး။' ကျန်းရှန့်ရှင်သည် သူမစိတ်ထဲတွင် တစ်စုံတစ်ခုပို တိုးတိုးလေးရေရွတ်လိုက်ပြီး ကျန်းကျင်ယန်၏ဟန့်တားနိုင်စွမ်းအောက်တွင် သူမက ခြောက်ကပ်ကပ်ရယ်ကာ ပေါ့ပေါ့တန်တန်ပြောလိုက်သည်။ "ဒါကြောင့် ကျွန်မအစ်ကို အလုပ်ကြိုးစားတာမဆန်းပါဘူး။ သူဌေးက ဒီလောက်ကောင်းတဲ့သူဖြစ်နေတာကို။"
ကျန်းယွီချွမ်း၏အေးစက်စက်နှုတ်ခမ်းထောင့်များသည် ထူးဆန်းစွာ မြင့်တက်သွားပြီး ပြောသည်။ "အိုး ဒီလိုကို"
သူတို့သုံးယောက်သည် ကျန်းကျင်ယန် ညစာအတွက် ကြိုတင်ဘွတ်ကင်လုပ်ထားသော စားသောက်ဆိုင်ကို သွားခဲ့ကြသည်။
ရေခဲတောင်ကြီးနှစ်ခု၊ တစ်ခုက ကြီးပြီး တစ်ခုက သေးကာ မျက်နှာချင်းဆိုင်ထိုင်ပြီး စားနေကြသည်။ ကျန်းရှန့်ရှင်သည် ကျန်းကျင်ယန်ဘေးတွင် ထိုင်ပြီး ကျန်းကျင်ယန်ကို ခဏကြည့်ပြီး ကျန်းယွီချွမ်းကို ကြည့်နေသည်။ ခဏကြာတော့ သူမက ရုတ်တရက် မေးလိုက်သည်။ "အစ်ကိုနဲ့ မစ္စတာကျန်းတို့က ဘာလို့ အမူအရာတစ်စက်မှမရှိရတာလဲ။"
ကျန်းကျင်ယန်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါက ပုံမှန်ဆို ဒီလိုပဲ မဟုတ်ဘူးလား။
ကျန်းယွီချွမ်းသည် တူညီသောလေသံဖြင့် ဆက်ပြောသည်။ "ငါလည်းပဲ။"
ကျန်းရှန့်ရှင်၏မျက်လုံးများက ချက်ချင်းပဲ ကြယ်ရောင်များအဖြစ်ပြောင်းလဲသွားသည်: "…"
'အိုးဟိုး… ငါ့အစ်ကိုနဲ့ မစ္စတာကျန်းက အရမ်းလိုက်ဖက်တာပဲ။ ဒါက ‘လက်ထောက်’စာအုပ်ရဲ့ လက်တွေ့ဗားရှင်းမဟုတ်ဘူးလား။'
'ငါ့အစ်ကိုက နှလုံးသားခိုးယူသွားတဲ့ လက်ထောက်လေးဖြစ်နေတာကို။ အမလေး… လက်ထောက်လေးနဲ့ ဘော့စ်ကြီးပေါ့…'
"..." ကျန်းယွီချွမ်းသည် သူ့ခွက်ကိုမြှောက်ပြီး နှုတ်ခမ်းပေါ်က အပြုံးကိုဖုံးကွယ်ရန် ဝိုင်နီတစ်ငုံသောက်လိုက်သည်။
ကျန်းကျင်ယန်သည် သူ့ညီမ၏နံရိုးများကို အမြန်ထိလိုက်ပြီး ဒေါသတကြီး ခပ်တိုးတိုးပြောသည်။ "ကောင်းကောင်းနေ"
ကျန်းရှန့်ရှင်သည် အပြစ်ကင်းစင်လွန်း၍ ငိုတော့မလို့ဖြစ်သည်။ "ညီမ ဘာမှမပြောဘူးလေ အစ်ကို"
ကျန်းကျင်ယန်က အေးစက်စက်ပြောသည်၊ "ငြင်းပိုင်ခွင့်မရှိဘူး။"
'ထပ်ပြောဖို့ လိုသေးလား။ မင်းမျက်နှာက မင်းတွေးနေတာတွေအားလုံးကို ပြသနေတယ်။'
ညစာစားပြီးနောက် ကျန်းကျင်ယန်သည် ကိတ်မုန့်တစ်လုံးကိုထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည်။ ကိတ်မုန့်က မကြီးသော်လည်း အလွန်နူးညံ့သည်။ ခရင်မ်နှင့်လုပ်ထားသော မင်းသမီးလေးတစ်ပါးရှိပြီး “မွေးနေ့မှာပျော်ရွှင်ပါစေ ရှန့်ရှင်” ဆိုသည့်စာသားကို ရေးထားသည်။
ကျန်းကျင်ယန်သည် ဖယောင်းတိုင်များကို မီးညှိပြီး သူ့ညီမကို ခံစားချက်တချို့ဖြင့် ကြည့်ပြီး တိုးတိုးလေးပြောသည်။ "ရှန့်ရှင် ဖယောင်းတိုင်တွေကိုမီးမှုတ်ပြီး ဆုတောင်းလိုက်ပါ"
"ကောင်းပြီ" ကျန်းရှန့်ရှင်သည် ဖယောင်းတိုင်ကိုတစ်ချက်မှုတ်ထုတ်လိုက်ပြီး လက်နှစ်ဖက်ကို အင်အားအပြည့်ဖြင့် ဆုပ်ကိုင်ကာ မျက်လုံးမှိတ်ပြီး တိတ်ဆိတ်စွာဆုတောင်းလိုက်သည်။
'ကျွန်မအစ်ကိုနဲ့ သူ့ယောက်ျား မစ္စတာကျန်းတို့ ရှည်လျားပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ဟားဟားဟား.… မွေးနေ့ကိတ်နတ်ဘုရားတို့ရေ။'
"ညီမ ဆုတောင်းပြီးပြီ။" ကျန်းရှန့်ရှင်သည် မျက်လုံးဖွင့်ပြီး နာခံစွာပြောလိုက်သည်။ "ဒါက ပညာရေးနဲ့ ပတ်သက်တယ်။"
ကျန်းကျင်ယန်က ချက်ချင်းပဲ ကျေနပ်သွားသည်။ "အရမ်းတော်တယ်။"
ကျန်းယွီချွမ်းသည် သူ့ခွက်ကို မြှောက်ပြီး ကျန်းရှန့်ရှင်နှင့် ခွက်ချင်းတိုက်ကာ သူ့အသံက ဆွဲဆောင်မှုရှိပြီး နက်ရှိုင်းနေသည်။ "မင်းရဲ့ဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းပါတယ်။"
ကျန်းရှန့်ရှင်က ပါးနပ်စွာ ပြုံးလိုက်သည်။ "အဲဒါက သေချာပေါက် ဖြစ်လာမှာပါ။"
ကျန်းယွီချွမ်းသည် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ပြီး သူ့မျက်လုံးထဲတွင် အဓိပ္ပာယ်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။
ကျန်းကျင်ယန်: "…"
'ဒီလူနှစ်ယောက်က ငါ့နောက်ကွယ်မှာ တစ်ခုခုသဘောတူညီမှုရထားတယ်လို့ ဘာလို့ခံစားနေရတာလဲ။'
ညစာစားပြီးနောက် သုံးယောက်သား ဖျော်ဖြေပွဲကို အတူတူသွားကြသည်။
ဒါက ကျန်းရှန့်ရှင် ကြာမြင့်စွာ မျှော်လင့်နေခဲ့ရသော်လည တစ်ခါက မအောင်မြင်ခဲ့သော အခွင့်အရေးဖြစ်သည်။ နောက်ဆုံးတော့ သူမပြန်ရခဲ့သည်။ ထို့အပြင် ကျန်းယွီချွမ်း၏လက်မှတ်က အလွန်နီးကပ်သော အနေအထားမှာ ရှိနေသည်။ မိန်းကလေးငယ်သည် အလွန်စိတ်လှုပ်ရှားလွန်း၍ ကျန်းကျင်ယန်၏လက်မောင်းကို ဆွဲပြီး အော်ဟစ်လိုက်သည်။
အမျိုးသားအဆိုတော်၏ နူးညံ့သောအသံက ခန်းမတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားသည်။ ကျန်းကျင်ယန်သည် သူ၏အလွန်ပျော်ရွှင်နေသော ညီမကို နှုတ်ခမ်းပေါ်တွင် ချစ်စဖွယ်နှင့် အကူအညီမဲ့သောအပြုံးနှင့် ကြည့်လိုက်သည်။ သူ၏အေးစက်ပြီး မာကျောသော မျက်နှာအမူအရာများက သည်အပြုံးတွင် လှပပြီး နူးညံ့လာသည်။
အမှောင်ထဲတွင် ကျန်းယွီချွမ်းသည် အပြုံးကို ခဏလောက် တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးနောက် ကျန်းကျင်ယန် သတိထားမိခင်မှာ တည်ငြိမ်စွာ ပြန်လှည့်သွားခဲ့သည်။
ဖျော်ဖြေပွဲပြီးဆုံးချိန်မှာ ၁၁ နာရီထိုးနေပြီဖြစ်သည်။ သုံးယောက်သား လူအုပ်နဲ့အတူ ထွက်လာခဲ့ကြသည်။ ကျန်းရှန့်ရှင်သည် သူမအစ်ကိုကို ဆွဲပြီး စိတ်လှုပ်ရှားစွာ စကားပြောနေတုန်းမှာပဲ အိပ်မက်ထဲတွင် နစ်မြုပ်နေခဲ့သည်။ ကျန်းယွီချွမ်းသည် သူ့ကုတ်အင်္ကျီကို လက်မောင်းပေါ်တင်ပြီး သူတို့နှစ်ယောက်နှင့်အတူ လျှောက်လာခဲ့သည်။
"ရှူး…" ကျန်းရှန့်ရှင် ပျော်ရွှင်စွာ စကားပြောနေတုန်းမှာပဲ ကျန်းယွီချွမ်းသည် ရုတ်တရက် သူ့လက်ချောင်းကို ဆန့်ထုတ်ပြီး သူမကို တိတ်တိတ်နေရန် အမူအရာလုပ်ပြလိုက်သည်။
ကျန်းရှန့်ရှင်က ချက်ချင်း ငြိမ်သက်သွားသည်။
"အသံတစ်ခုကြားလိုက်သလိုပဲ။" ကျန်းယွီချွမ်းသည် ခဏနားထောင်ပြီး သူ့မျက်လုံးများက လမ်းဘေးရှိ မြက်ခင်းပြင်ပေါ်ကို စိုက်ကြည့်နေမိသည်။
"ဘာအသံလဲ။" ကျန်းရှန့်ရှင်သည် ချုံပုတ်များဆီသို့ ခြေနှစ်လှမ်းသုံးလှမ်းဖြင့် ပြေးသွားပြီး ကိုင်းညွှတ်ကာ ကြည့်လိုက်ပြီးနောက် တိုးတိုးလေး အော်ပြောလိုက်သည်။ "အား… ကြောင်ပေါက်လေးတစ်ကောင်ရှိတယ်။"
ကျန်းကျင်ယန် ကြည့်လိုက်ရာ မြက်ခင်းထဲတွင် လဲလျောင်းနေသော ကြောင်ပေါက်လေးတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းသည် ညစ်ပတ်ပြီး သွေးများဖြင့် ဖုံးလွှမ်းနေသည်။ ၎င်း၏နူးညံ့သောကျောပြင်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုရှိပြီး အရိုးအထိ မြင်နိုင်သည်။ ၎င်းသည် သေလုမျောပါးဖြစ်နေပြီး အသံပင် မထွက်နိုင်ပေ။
တစ်စုံတစ်ဦး၏ အနိုင်ကျင့်မှုကို ခံခဲ့ရပုံရသည်။
ကျန်းရှန့်ရှင်သည် ခဏတာ အံ့အားသင့်သွားပြီး သူမ၏ကျောင်းဝတ်စုံအပေါ်အင်္ကျီကို အမြန်ချွတ်ကာ သွေးစွန်းနေသော ကြောင်ပေါက်လေးကို ထုပ်ပိုးပြီး သူမရင်ခွင်ထဲတွင် ဆုပ်ကိုင်ထားကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "အစ်ကို တိရစ္ဆာန်ဆေးကုခန်းကို ခေါ်သွားရအောင်။ အသက်ရှင်နေသေးတယ်"
"သွားရအောင်။" ကျန်းကျင်ယန်က ကားသော့ကို ထုတ်လိုက်ပြီး "၂၄ နာရီဆေးခန်းတစ်ခုကို ငါသိတယ်။"
"ကိုယ်မောင်းမယ်။" ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်ဆီကနေကားသော့ကို ယူကာ လှည့်ပြီး ကျန်းရှန့်ရှင်ကို ကြည့်လိုက်ကာ ရုတ်တရက် ထူးဆန်းသော တောင်းဆိုချက်တစ်ခု ပြုလုပ်လိုက်သည်၊ "လက်ထောက်ကျန်းကို ပွေ့ထားခိုင်းလိုက်ပါ။"
TK Team Chapter 37