Chapter 38
Viewers 2k

【Volume 2 : လက်ထောက်လေး ၁၅】


Chapter 38


အနည်းငယ်ထူးဆန်းသော်လည်း ကျန်းကျင်ယန် ဘာမှမပြောခဲ့ပေ။ သူသည် သူ့ညီမထံမှ ကျောင်းဝတ်စုံအပေါ်အင်္ကျီဖြင့် ထုပ်ပိုးထားသော ကြောင်ကလေးကို ပွေ့ချီကာ ကားရပ်နားရာဆီသို့ ပြေးသွားခဲ့သည်။


နူးညံ့ပြီး အန္တရာယ်ကင်းသော ခန္ဓာကိုယ်ငယ်လေးသည် ငှက်မွှေးကဲ့သို့ ပေါ့ပါးနေသည်။


ညဘက်တွင် ကားအနည်းငယ်နှင့် လူအနည်းငယ်သာရှိသောကြောင့် ကျန်းယွီချွမ်းသည် ကားကို အမြန်မောင်းပြီး မိနစ် ၃၀ အတွင်းမှာပင် သူတို့သည် ၂၄ နာရီဖွင့်သော အိမ်မွေးတိရစ္ဆာန်ဆေးရုံသို့ ရောက်ရှိခဲ့သည်။


ကျန်းကျင်ယန်သည် ကြောင်လေးကို ဆေးစစ်ရန် ဆေးခန်းကို ခေါ်သွားခဲ့ပြီး ဒဏ်ရာကနက်သော်လည်း အရေးကြီးသောအင်္ဂါများ မပျက်စီးသေးဘဲ ချက်ချင်း ချုပ်ခိုင်းခဲ့သည်။ ငွေရှင်းပြီးနောက် အိမ်မွေးတိရစ္ဆာန်ဆေးရုံက ကြောင်ကလေးကို ခွဲစိတ်ခန်း ပို့လိုက်သည်။


ခွဲစိတ်ခန်းတံခါးပိတ်သွားတာကိုမြင်တော့ ကျန်းကျင်ယန်သည် သက်ပြင်းတစ်ချက်ချရင်း နာရီကိုငုံ့ကြည့်လိုက်တော့ ဆယ့်နှစ်နာရီထိုးခါနီးနေပြီဖြစ်တာကို တွေ့လိုက်ရသည်။ သူသည် ကျန်းယွီချွမ်းကို တောင်းပန်သည့်လေသံဖြင့် ပြောလိုက်သည်။ "မစ္စတာကျန်း အရင်ပြန်နှင့်လိုက်ပါ။ ကျွန်တော်တို့ အိမ်ကို တက္ကစီနဲ့ပြန်လိုက်မယ်။"


ကျန်းယွီချွမ်းသည် ခေါင်းယမ်းကာ ခွဲစိတ်ခန်းအပြင်ဘက် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ နွေလယ်ည၏ အပူရှိန်ကြောင့် ရေခဲတောင်အရည်ပျော်သွားသလို သူ့မျက်လုံးနှင့် မျက်ခုံးထောင့်ရှိ မျဉ်းကြောင်းများက ပုံမှန်ထက်ပို၍ ပျော့ပျောင်းနေသည်။ "ကိုယ်မင်းနဲ့အတူ ရှိနေမယ်။"


"ဒါပေမဲ့..." ကျန်းကျင်ယန်က ငြင်းရန်ကြိုးစားသည်။


"ဒါပေမဲ့တွေလုပ်မနေနဲ့။" ကျန်းယွီချွမ်းသည် တည်ငြိမ်ပြတ်သားသောလေသံဖြင့် ကြားဖြတ်လိုက်သည်။ "ကိုယ် မနက်ဖြန် အားလပ်ရက်ရှိတာပဲ။ အိမ်ပြန်နောက်ကျလည်း ဘာမှမဖြစ်ဘူး။ ကိုယ်မင်းကို အဖော်ပြုပေးမယ်။"


"အာ…" မသင့်တော်သောအချိန်ဖြစ်သော်လည်း ကျန်းကျင်ယန်သည် သူ့နှလုံးသားက ပြင်းထန်သောတွန်းအားတစ်ခုခုကြောင့် ပိတ်မိနေသလို ခံစားနေရဆဲဖြစ်သည်။


ဒါက သူ့နှလုံးသား၏ ထိပ်ဖျားအထိ ပျံ့နှံ့သွားပြီး တိမ်မြုပ်သွားသလို ဖြစ်သွားသည်။


ကျန်းကျင်ယန် ခေါင်းယမ်းလိုက်ပြီး မသင့်တော်သောအတွေးများကို ဖယ်လိုက်သည်။ သူသည် ဘောင်းဘီအိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ယူကာ ကျန်းယွီချွမ်းကို မေးသည်။ "မစ္စတာကျန်း အခုလေးတင် ခွဲစိတ်မှုအတွက် ပေးခဲ့တာမလား။"


ကျန်းယွီချွမ်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး "ဒါက ကိုယ့်ကိစ္စပါ။"


"ကျွန်တော်လက်မခံနိုင်ဘူး…" ကျန်းကျင်ယန်သည် အနည်းငယ်ရှက်သွားကာ "ဒီနေ့ ခင်ဗျား ကျွန်တော့်အတွက် ဒုက္ခဖြစ်တာများနေပြီ"


ကျန်းယွီချွမ်းသည် သေချာသောလေသံဖြင့် ဖြည်းညှင်းစွာပြောသည်။ "ကြောင်ကို ကိုယ်အရင်ရှာတွေ့ခဲ့တာလေ၊ ဒီတော့ ကြောင်ကို ကိုယ်ပဲတာဝန်ယူသင့်တာပေါ့။"


"..." နှလုံးခုန်သံ အဆက်မပြတ်လှုပ်ခတ်လာသော ကျန်းကျင်ယန်သည် သူ့ပိုက်ဆံအိတ်ကို တိတ်တိတ်လေး ဖယ်လိုက်ပြီး ကျန်းယွီချွမ်း၏ဘေးတွင် တောင့်တင်းစွာ ထိုင်ချလိုက်သည်။ နှစ်ယောက်သားက နီးကပ်နေသောကြောင့် ဖြတ်သန်းလာသော ညလေပြေလေညင်းပင် တစ်ယောက်ကိုတစ်ယောက်၏ခန္ဓာကိုယ်အပူချိန်နှင့် ရောယှက်နေပုံရသည်။


'မစ္စတာကျန်းက ဂရုစိုက်မှုရော တာဝန်ယူမှုရောရှိတာပဲ။ သူ ဒီနေ့ ၂.၈မီတာ ရှည်လာပြီ။'


'မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီစကားက ပိုလွန်းသွားပြီ… မစ္စတာကျန်းက ဒီနေ့ ၂၈စင်တီမီတာရှည်လာပြီလို့ပြောတာ… ပိုကောင်းတယ်။'


'ဒီစကားက လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးရတာကို နှစ်သက်တဲ့ သူ့ရဲ့စရိုက်လက္ခဏာတွေနဲ့ အရမ်းကိုက်ညီတယ်…'


ကျန်းကျင်ယန်သည် ခွဲစိတ်ခန်းတံခါးရှိ အချက်ပြမီးကို စိုက်ကြည့်ရင်း မေးစေ့ကိုကိုင်ကာ လေးနက်သောမျက်နှာဖြင့် အပြစ်တင်လိုက်သည်။


ကျန်းရှန့်ရှင်သည် သူမလက်ထဲတွင် သွေးစွန်းနေသော ကျောင်းဝတ်စုံကို ကိုင်ကာ အစ်ကိုဘေးတွင် ဝင်ထိုင်လိုက်သည်။


'မစ္စတာကျန်း၊ ရှင့်ရဲ့လက်ထောက်ကို တာဝန်ယူချင်လား။ ကျွန်မအစ်ကိုရဲ့ တင်းမာတဲ့မျက်နှာနဲ့ တိတ်ဆိတ်မှုကို မကြည့်နဲ့၊ သူ့အကြောင်း ကျွန်မသိထားသလောက် ရှင့်ရဲ့ချောမောမှုကြောင့် သူလုံးဝဆွဲဆောင်ခံနေရပြီဆိုတာ သေချာတယ်။'


ကြောင်လေး၏ဒဏ်ရာသည် ထင်သလောက်မပြင်းထန်ဘူးဆိုတာ သိလိုက်ရတော့ မောင်နှမနှစ်ယောက်က အလွန်စိတ်သက်သာရာရသွားသည်။ လူနှစ်ယောက်သည် ခွဲစိတ်ခန်းတံခါးဝကို ပျင်းရိစွာ စိုက်ကြည့်ရင်း အချိန်တိုင်း ထင်ရာမြင်ရာတွေးနေကြသည်။


'ပြီးခဲ့တဲ့အပတ်က ငါဝယ်ခဲ့တဲ့ လျှပ်စစ်ကြက်ဥမွှေတံက ဘာလို့ မရောက်သေးတာလား။ မနေ့ကမှ ငါဝယ်ခဲ့တဲ့ လျှပ်စစ်ကြက်ဥမွှေစက်တောင် ရောက်လာပြီကို။ ပစ္စည်းနှစ်ခုက လျှပ်စစ်ပစ္စည်းပဲမဟုတ်ဘူးလား။ ရောက်လာတဲ့အချိန်က ဘာလို့အရမ်းကွာခြားနေရတာလဲ။'… ကျန်းကျင်ယန်


'ငါ့အစ်ကိုက မစ္စတာကျန်းနဲ့ အတူရှိတဲ့အခါ အဖက်မလုပ်ပဲနေတာကို။ ငါ့အစ်ကိုက တကယ်တော့ အပေါက်ဆိုးမှန်း မစ္စတာကျန်းမသိလောက်ဘူး။ ငါ အရမ်းစိုးရိမ်မိတယ်…' …ကျန်းရှန့်ရှင်


'ပါးလားလားနတ်သမီးတွေရဲ့စွမ်းအင်၊ မှော်ပညာနဲ့ မစ္စတာကျန်းရဲ့နှစ်သက်မှုကို တိုးစေ…' … ကျန်းကျင်ယန်


'သနားစရာမစ္စတာကျန်း။ ငါ့အစ်ကိုရဲ့ ကြင်နာတတ်ပြီး ချစ်တတ်တဲ့နှလုံးသားအကြောင်း ရှင်ဘာမှမသိပါဘူး။' …ကျန်းရှန့်ရှင်


"..." ကျန်းယွီချွမ်းသည် မောပန်းနေသကဲ့သို့ မျက်ခုံးနှစ်ဖက်ကို ပွတ်သပ်ကာ မောင်နှမနှစ်ယောက်ကို လှည့်ကြည့်ပြီး အကြောင်းအရာပြောင်းချင်သလို တင်းမာသောလေသံဖြင့် မေးလိုက်သည်။ "မင်းဘာတွေစဉ်းစားနေတာလဲ။"


"ကျွန်တော်တွေးနေတာက…" ကျန်းကျင်ယန်သည် သူ့အတွေးကို ပုံမှန်လမ်းကြောင်းအတိုင်း ပြန်ခေါ်လာပြီး "ဘာလို့ ကမ္ဘာပေါ်မှာ တိရစ္ဆာန်တွေကို ညှဉ်းပန်းနှိပ်စက်ရတာ ကြိုက်တဲ့သူတွေ အများကြီးရှိနေတာလဲဆိုတာပဲ။"


ကျန်းယွီချွမ်းသည် သူ့မျက်နှာပေါ်တွင် ပဟေဠိဆန်သောအကြည့်ဖြင့် "အင်း"ဟု အသံပြုလိုက်သည်။


"ဟုတ်တယ်" ကျန်းရှန့်ရှင်သည် ဒေါသတကြီး သံယောင်လိုက်လေသည်။ "အစ်ကို မှတ်မိသေးလား။ အစ်ကို ငါးတန်းတုန်းက ညီမတို့ ကြောင်တစ်ကောင်ညကောက်ရသေးတယ်လေ… အဲဒါက ကြောင်လား ခွေးလား မသိပေမဲ့ သွေးနဲ့ နှိပ်စက်ခံထားရပြီး ရုပ်ဖျက်ဆင်းပျက်ဖြစ်နေတာ ဒီထက်တောင်ဆိုးသေးတယ်။ နောက်ဆုံးတော့ သူတို့ မကယ်နိုင်လိုက်ဘူး။ အဲဒီအကောင်လေးကို နှိပ်စက်တဲ့လူက တကယ်ရွံစရာကောင်းတာပဲ။'


ကျန်းယွီချွမ်း၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး သူ့မျက်လုံးအိမ်များမှ ထူးဆန်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။


"ငါမှတ်မိတယ်…" ကျန်းကျင်ယန်သည် သက်ပြင်းချလိုက်ပြီး "ငါ့ရဲ့ဝက်စုဘူးကိုလည်း ဖောက်ခဲ့ပေမဲ့ ဒဏ်ရာက အရမ်းပြင်းထန်တော့ အဲဒီနေရာကို မရောက်ခင် သေသွားတယ်။"


ထိုအချိန်က သူငယ်တန်းတက်နေသည့် ညီမငယ်သည် ကျန်းကျင်ယန်၏ဝက်စုဘူးမှရသော အကြွေစေ့တစ်ထုပ်ကို သယ်ဆောင်ကာ မောင်နှမနှစ်ဦးသည် အလန့်တကြားဖြင့် အနီးဆုံးဆေးခန်းသို့ ပြေးသွားကြသည်။


ကျန်းကျင်ယန်၏လက်မောင်းထဲတွင် ပွေ့ဖက်ထားသော တိရစ္ဆာန်ငယ်လေးသည် သည်းမခံနိုင်သော နာကျင်မှုဒဏ်ကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံထားရသော်လည်း ကျန်းကျင်ယန်အား အနှောင့်အယှက်ပေးမိမည်ကို စိုးရိမ်သောကြောင့် ပြတ်တောင်းပြတ်တောင်း နူးညံ့စွာ အော်ဟစ်နေခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်လေးသည် သွေးများ ဖုံးလွှမ်းနေပြီး ၎င်း၏ မူလပုံစံကို မမြင်ရလုနီးပါးဖြစ်နေသည်။ ၎င်း၏ပုံစံက အလွန်ထူးဆန်းကာ ခွေးနှင့်တူသလိုလို ကြောင်နှင့်တူသလိုလိုရှိပြီး ၎င်း၏နဖူးတွင် ချို သို့မဟုတ် တစ်စုံတစ်ရာကဲ့သို့ ထူးဆန်းသောအချွန်အတက်တစ်ခုရှိသည်။


မည်သို့ပင်ဖြစ်စေ ၎င်းသည် ခြေထောက်လေးချောင်းနှင့် အမြီးတစ်ခုပါရှိပြီး မြို့ထဲတွင် ပေါ်လာကာ ခွေးလေးတစ်ကောင်၏ အရွယ်အစားလောက်ရှိသောကြောင့် ထိုအချိန်က ကျန်းကျင်ယန် များများစားစား မတွေးခဲ့ပေ။ ၎င်းသေဆုံးပြီးနောက်တွင် ၎င်းကို မူလတန်းကျောင်းနောက်ဖေးရှိ ပန်းခင်းအောက်တွင် တိတ်တဆိတ် မြှုပ်နှံခဲ့သည်။ သို့သော် သူ ယခုအခါ စဉ်းစားလိုက်သောအခါ ထိုအချိန်တုန်းက သူမြှုပ်လိုက်သော တိရစ္ဆာန်အမျိုးအစားကို မပြောနိုင်ပေ။


သို့သော် အထူးဆန်းဆုံးကတော့ သူ၏မျက်လုံးများဖြစ်သည်။ ၎င်းတို့သည် အနက်ရောင်ဖြစ်ပြီး ဖောက်မြင်၍မရပေ။ မျက်လုံးများသည် လူသားများကဲ့သို့ နာကျင်ခြင်း၊ တောင်းပန်ခြင်းနှင့် ဝမ်းနည်းခြင်းများ ပြည့်နှက်နေသည်။ ပြင်းထန်းသော ခံစားချက်များကို ဖော်ပြခြင်းသည် စိတ်ပျက်လက်ပျက်ဖြစ်နေသော လူသားများနှင့် မခြားနားပေ။ ၎င်းသည် စကားပြောနိုင်လုနီးပါးဖြစ်နေသလိုပင်။


မကယ်နိုင်လိုက်သော သေလုမြောပါးဖြစ်နေသည့် တိရစ္ဆာန်ငယ်လေး၏ နောက်ဆုံးအကြည့်ကြောင့် ထိုအချိန်က ကျန်းကျင်ယန်ငယ်လေးသည် သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားခဲ့ရပြီး ရက်အတော်ကြာအောင် စိတ်မကောင်းဖြစ်ခဲ့ရသည်။


"အဆင်ပြေပါတယ်။" ရုတ်တရက်ဆိုသလို ကျန်းယွီချွမ်း၏ အေးစက်စက်အသံသည် အပေါ်ကနေ ပြုတ်ကျလာပြီး သူ့ခေါင်းထိပ်ကို နွေးထွေးသောလက်ဖဝါးက အုပ်ထားသည်။ "ဝမ်းမနည်းပါနဲ့။"


ကျန်းကျင်ယန်သည် ရုတ်တရတ် ခေါင်းပုတ်လိုက်သည့်အပြုအမူကြောင့် ထိတ်လန့်သွားပြီး သူသည် စိတ်မသက်မသာမှုကို ဖုံးကွယ်ကာ ခပ်တိုးတိုး ငြင်းလေသည်။ "ကျွန်တော် ဝမ်းမနည်းပါနဲ့။"


သူ့ခေါင်းပေါ်ရှိ ကျန်းယွီချွမ်း၏လက်သည် သန်မာလာပြီး ကလေးငယ်အား နှစ်သိမ့်ပေးသလိုမျိုး ပြင်းထန်စွာ ပွတ်သပ်ကာ ပြောလိုက်သည်။ "ကိုယ်တော့ မင်းဝမ်းနည်းနေတယ်လို့ ထင်တာပဲ။"


ကျန်းကျင်ယန်: "…"


ဥက္ကဋ္ဌသည် သူ ဝမ်းနည်းနေမှန်း ခံစားရသည့်အခါ ဝမ်းနည်းမှုမျိုးရှိလာသည်။ 


'ဟုတ်ပါပြီ၊ အဲ..အဲဒီတုန်းက ငါ တကယ်ကိုဝမ်းနည်းခဲ့တယ်။'


'အခုပြန်တွေးကြည့်တော့ သူ့အကြည့်တွေက အရမ်းလူသားဆန်လွန်းလို့ ငါ နည်းနည်းတော့ နောင်တရမိတယ်။'


'ဒါပေမဲ့ ငါ့ရဲ့ပင်ကိုယ်စရိုက်က အရမ်းအေးစက်ပြီး မာကျောလို့ ငါ လုံးဝလက်မခံနိုင်ဘူး။'


ကျန်းယွီချွမ်းသည် ခဏမျှ နှုတ်ဆိတ်နေပြီး ဆက်ပြောသည်။ "မင်း ကောင်းကောင်းလုပ်ခဲ့ပြီးပြီပဲ၊ မင်းကို ကျေးဇူးတင်လောက်မှာပါ။ အနည်းဆုံးတော့ မင်းသူ့ကို တစ်ကောင်တည်း အထီးကျန်အောင် မသေစေခဲ့ဘူးလေ။" 


ကျန်းကျင်ယန်သည် သူ့နှုတ်ခမ်းများကိုသပ်ပြီး အနည်းငယ်ရင်ထဲထိမိပြီး အနည်းငယ်ရှက်သွားသည်။ "မစ္စတာကျန်း၊ ကျွန်တော် တကယ်အဆင်ပြေပါတယ်၊ ခင်ဗျား ကျွန်တော့်ကို နှစ်သိမ့်ပေးစရာ မလိုပါဘူး"


'…ဘုရားရေ၊ ဒီနေ့ မစ္စတာကျန်းရဲ့ပုံစံက idol ဇာတ်လမ်းတွေထဲက ရိုးစင်းပြီး ကြင်နာတတ်တဲ့ အမျိုးသမီးဇာတ်ပို့လိုပဲ။ ဒီပုံစံအတိုင်းဆက်သွားရင် ‘တကယ်တော့ ဒီအကောင်လေးက တကယ်မသေခဲ့ပါဘူး၊ ကြယ်အဖြစ်ပြောင်းလဲပြီး ကောင်းကင်ကနေ မင်းကို စောင့်ကြည့်နေတယ်’ဆိုတဲ့စကားတွေ ပြောလာလောက်တယ်။'


'ဒုတိယဇာတ်လိုက်ရေ၊ မင်း ဇာတ်ညွှန်းမှားပြန်ပြီ၊ ဒီစကားကို ငါ့ညီမလေးဆီ အမြန်ပြန်ပေးနိုင်မလား။'


ကျန်းယွီချွမ်းသည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး ကျန်းကျင်ယန်၏ခေါင်းပေါ်မှ လက်ကိုပြန်ရုတ်သိမ်းကာ ပြောသည်။ "ကောင်းပြီ"


လူနှစ်ယောက်ကြားက လေထုသည် မရှင်းမလင်းဖြစ်နေပုံပေါ်တော့ ကျန်းရှန့်ရှင်သည် ထရပ်ပြီး ပြောလိုက်သည်။ "အစ်ကို၊ ညီမ သန့်စင်ခန်းသွားဦးမယ်"


ကျန်းကျင်ယန်သည် ဗလာဖြစ်နေသောစင်္ကြံကို ကြည့်ကာ တိတ်တဆိတ် ပြောလိုက်သည်။ "မင်းသွားရဲလား။ ငါမင်းကိုလိုက်ကူပေးရမလား။"


အဘယ်ကြောင့်ဆိုသော် မနေ့ညက မောင်နှမနှစ်ယောက်သည် သရဲဇာတ်ကားတစ်ကားကို အတူတူကြည့်ခဲ့ပြီး အိမ်သာထဲတွင် အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။


"ညီမသွားရဲပါတယ်။ စိတ်မပူပါနဲ့။" ကျန်းရှန့်ရှင်သည် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။


'ငါ့အစ်ကို တကယ်တော့ အရမ်းသတ္တိရှိပါတယ်။ သူက ကြွက်တွေ၊ ပင့်ကူတွေ၊ မြွေတွေနဲ့ ပိုးကောင်တွေကို မကြောက်တတ်ဘူး။ ဒါပေမဲ့ သူက သရဲတွေကိုတော့ မပြောပြနိုင်လောက်အောင်ကြောက်တယ်။ မနေ့ညက ညလယ်ခေါင်ကြီးမှာ သူ ငါ့ကိုလာနိုးပြီး သန့်စင်ခန်းသွားဖို့ အဖော်လာခေါ်တယ်။ မယုံစရာပဲ။'


'ပြောရရင် မစ္စတာကျန်းသာ ငါ့အစ်ကိုကို လိုက်ပိုးချင်ရင် သရဲကားကြည့်ဖို့ သူ့အိမ်ဆီခေါ်သွားရုံပဲ။ ဒီသူရဲဘောကြောင်တဲ့အစ်ကိုက အော်ဟစ်ပြီး မစ္စတာကျန်းရဲ့ရင်ခွင်ထဲ တိုးဝင်သွားမှာ သေချာတယ် ဟားဟားဟား။'


ကျန်းကျင်ယန်သည် မကြောက်မရွံ့ သူ့ညီမကို ကြည့်ပြီး အနည်းငယ် မနာလိုမိသည်။


တစ်ဖက်တွင် ကျန်းယွီချွမ်းသည် လက်ပိုက်လျက် မသိမသာဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။


ကျန်းရှန့်ရှင် ထွက်သွားပြီး စင်္ကြံတွင် လူနှစ်ယောက်ပဲကျန်ခဲ့သည်။


ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုင်နေသည့်ပုံစံကို ချိန်ညှိလိုက်သည်။


သူတို့နှစ်ဦးတွင် တူညီသော အေးစက်စက်မျက်လုံးများဖြင့် ခွဲစိတ်ခန်းကို ကြည့်နေကြပြီး နှုတ်ခမ်းထောင့်များသည် ခဲကဲ့သို့ လေးလံကာ လက်ပိုက်လျက် တူညီသော ကိုယ်ဟန်အနေအထား၊ တူညီသောရှုထောင့်ဖြင့် အနည်းငယ်ခေါင်းလှည့်ပြီး ထိုင်နေကြသည်။ သူတို့သည် တူညီသောဝတ်စုံနှင့် သားရေဖိနပ်များကို ဝတ်ဆင်ထားကာ တူညီသောရေခဲတောင်များ၏ စိတ်နေသဘောထားကို လွှမ်းခြုံထားသည်။


သုတို့၏ခန္ဓာကိုယ်ပုံသဏ္ဌာန်နှင့် အသွင်အပြင်မှလွဲ၍ သူတို့သည် Ctrl+C နှင့် Ctrl+V ကဲ့သို့ အမှန်စင်စစ် ထပ်တူကျကြသည်။


ကျန်းကျင်ယန် အဆင်မပြေစွာ ခံစားလိုက်ရသည်: "…"


'လခွမ်းတဲ့မှပဲ၊ မစ္စတာကျန်းက ငါ့အတိုင်း အတုယူနေသလို ခံစားရတယ်။'


'... ငါ အတွေးလွန်နေတာပဲ ဖြစ်ရမယ်။'


တစ်ချိန်တည်းမှာပင် လေထုသည် ထူးဆန်းစွာ အဆင်မပြေနေရင်း ထူးဆန်းစွာ နွေးထွေးနေခဲ့သည်။


ထိုအချိန်တွင် ကျန်းယွီချွမ်းသည် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ "လက်ထောက်ကျန်း။"


"ဘာကိစ္စရှိလို့လဲ မစ္စတာကျန်း။" ကျန်းကျင်ယန်က သူ့ကို လှည့်ကြည့်လိုက်သည်။


"ဘာမှမဟုတ်ပါဘူး။" ကျန်းယွီချွမ်းသည် မျက်လွှာချပြီး တည်ငြိမ်စွာ ပြောသည်။ "ဒီအတိုင်း ခေါ်ကြည့်တာ။"


ကျန်းကျင်ယန်က တိတ်တိတ်လေး ပြန်လှည့်သွားသည်: "…"


"ကျန်းကျင်ယန်" ကျန်းယွီချွမ်းက ထပ်ခေါ်ပြန်သည်။


ကျန်းကျင်ယန် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်လာသည်။ "…အင်း ကျွန်တော်ဒီမှာ။"


'မစ္စတာကျန်းက ဒီနေ့ ပုံမှန်မဟုတ်ဘူး။'


နောက်ထပ် ခေတ္တတိတ်ဆိတ်သွားပြီးနောက် ကျန်းယွီချွမ်းသည် ခပ်တိုးတိုး ပြောလိုက်သည်။ "မင်း‌စကားပြောတာဆင်ခြင်ပါ။"


ကောင်းကင်မှ ကျဆင်းလာသော လေနုအေးသည် စင်္ကြံတစ်လျှောက် ညဘက်နှင်းငွေ့များ သယ်ဆောင်လာကာ လေထဲတွင် ရေစက်လေးများ လွင့်ပျံလာသည်။ ကျန်းယွီချွမ်း၏ အသံနှင့်အတူ ထိုရေစက်များသည် ကျန်းကျင်ယန်၏ ပါးပြင်ကို ထိကာ အနည်းငယ် ပူလာသည်။


ကျန်းကျင်ယန်၏နှလုံးခုန်သံမြန်ဆန်သွားပြီး ညင်သာစွာ ပြန်ဖြေသည်။ "…ဟုတ်ကဲ့ ကျွန်တော် ဒီမှာရှိတယ်။"


အိမ်သာနားတွင် ငါးမိနစ်လောက် ပျင်းရိစွာ လမ်းလျှောက်နေသော ကျန်းရှန့်ရှင်သည် ထောင့်ကနေ ချောင်းကြည့်ရင်း သူ့အစ်ကို နဖူးကနေ တင်ပါးအထိ နီရဲ‌လုနီးပါးဖြစ်နေတာကို ကျေနပ်စွာ ကြည့်ချင်သော်လည်း တည်ငြိမ်ဟန်ဆောင်နေသေးတာကို တွေ့ရသည်။


'ငါ နောက်ထပ်ငါးမိနစ်လောက် အိမ်သာသွားတာ ပိုကောင်းမယ်။'


ကျန်းရှန့်ရှင်က ဂရုတစိုက် စဉ်းစားလိုက်သည်။


TK Team Chapter 38