(9)
Viewers 5k

Chapter (9)

မျက်နှာသစ်များ ရောက်ရှိ



"သွားပြီ!" ငါးကြင်းနတ်ဆိုးက အသံကျယ်ကြီးဖြင့် အော်ချလိုက်သည်။ 


"အထဲကလူက မင်းတို့ နတ်ဆိုးနှိမ်နင်းဌာနရဲ့ ခေါင်းဆောင်တဲ့ဟ!!"


"ဘာလုပ်ရမလဲ" 


အားလုံးက တစ်ယောက်ကို တစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတော့ ဟုန်ကျွင့်က ရှေ့ထွက်လာ၏။ 


"ငါကဒုက္ခရောက်အောင် လုပ်မိတာပါ... သူ့ကိုနှိုးပြီး တောင်းပန်လိုက်ပါမယ်"


ဟုန်ကျွင့် သတ္တိရှိရှိ ရှေ့ကို လှမ်းကြည့်လိုက်သည်။ ကျန်သုံးယောက်ကလည်း ဟုန်ကျွင့် တစ်ယောက်တည်း တာဝန် မထမ်းဆောင်နိုင်မှာ ကြောင်တာကြောင့် သူတို့လည်း အနောက်ကနေ လိုက်သွားကြသည်။


"ဝေ့....ထတော့...."


ငါးကြင်းနတ်ဆိုးက "မင်းဒါကို ဘယ်လိုလုပ် နှိုးတယ်လို့ ခေါ်မှာလဲ ပါးရိုက်လိုက်!!"


ဟုန်ကျွင့်: "ဒါ ခေါင်းဆောင်လေ.... ငါဘယ်လိုလုပ် ရိုက်နိုင်မှာလဲ"


စကားတစ်ခွန်းမှ မပြောဘဲ ငါးကြင်းနတ်ဆိုးက ရှေ့ကို တိုးလာပြီး လီကျင်လုံကို ၎င်း၏အမြီးဖြင့် နှစ်ကြိမ်တိုင်တိုင် ပါးရိုက်လိုက်သဖြင့် ပြတ်သားသော "ပါးရိုက်သံ"များ ထွက်ပေါ်လာတော့သည်။ အားလုံးက ကြောက်လန့်ကာ ကမန်းကတန်း ဟစ်အော်လိုက်၏။ 


"မြန်မြန် ရပ်စမ်း!"


လီကျင်လုံ လန့်နိုးလာသည်။ သို့သော် မကြာခင်မှာပဲ အားထိုက်က လီကျင်လုံရဲ့ နောက်ကျောကို စောင်းဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေရာ လီကျင်လုံတစ်ယောက် ထပ်မံ သတိလစ်သွားပါတော့သည်။


"ကျောက်ကျစ်လုံ... ကျေးဇူးပြုပြီး ဒုက္ခမပေးပါနဲ့တော့ကွာ...."


ဟုန်ကျွင့်မှာ ငိုမိတော့မတတ် ဖြစ်လာသည်။ ထိုစဥ် ချိုယုံစစ်က အကြံတစ်ခု ရသွားဟန်ဖြင့် ပြောလာ၏။ 


"ငါတို့က သူ့ကို ကုတင်ပေါ်တင်ပြီး ကြိုးတွေကို အရင် ဖြည်ပေးလိုက်မယ်.... နောက်မှ သူတို့ဘာသာသူတို့ နိုးလာတဲ့အခါ လူတိုင်း ဘာမှမဖြစ်ခဲ့ဘူးလို့ ဟန်ဆောင်လိုက်ကြလိမ့်မယ်... သူတို့အားလုံး အပူဒဏ်ကြောင့် မူးလဲသွားတယ် လို့ ပြောကြမယ်!"


"ကောင်းလိုက်တဲ့အကြံပဲ!"


ထို့ကြောင့် အားထိုက်သည် ကြိုးကို ပြန်ယူကာ ဖန်းချန်ချင်နဲ့ လီကျင်လုံတို့ကို ဖြေလျှော့​ပေးပြီး ၎င်းတို့နှစ်ဦး ဘေးချင်းကပ် အိပ်နိုင်ရန် ပြင်ဆင်ထားသည့် ကုတင်ပေါ်သို့ လွှင့်တင်လိုက်သည်။


"ပြီးပြီ!" ချိုယုံစစ်က ဆက်ပြောသည်။ 


"တို့ညီအကိုတွေက ခြံရှေ့ကို သွားပြီး လုပ်စရာရှိတာ လုပ်ကြမယ်.... သူတို့ ထွက်လာတဲ့အခါ အားလုံးက ဝမ်းသာအားရနဲ့ 'ခေါင်းဆောင် နိုးပြီလား' လို့ မေးမယ်... ဘာဖြစ်ဖြစ် ဝန်မခံဘူးဆိုရင် သူလည်း ဒါအမှန်တရားလား ဆိုတာ မစိစစ်နိုင်​တော့ဘူးမလား?"


ထို့ကြောင့် အားလုံးက ဟုတ်ပြီဟူ၍ လှည့်ပြီးထွက်သွားသည်နှင့် လီကျင်လုံက အနောက်မှ အေးစက်စွာ ပြောလာလေသည်။ 


"ငါ အကုန်ကြားတယ်"


လူတိုင်း: "…………"


နောက်ထပ် နာရီဝက်လောက် ကြာသော် လီကျင်လုံရဲ့ ဦးခေါင်းမှာလည်း ပတ်တီးနဲ့ ဖြစ်သွားသည်။ ဖန်းချန်ချင်ကတော့ အဆင်ပြေပါ၏။ ပင်မခန်းမမှာ ထိုင်နေပြီး ကျန်တဲ့ လေးယောက်မှာ ကြမ်း​ပြင်ပေါ်၌ ဒူးထောက်ထိုင်ပြီး အားလုံးက ရှက်ရွံ့တဲ့ အပြုံးတွေနဲ့ ရှိနေကြသည်။ 


"ခေါင်းဆောင်" မော့ရစ်ကန်းက ပထမဦးစွာ ဆိုသည်။ 


"ဒီနေ့ကိစ္စက နားလည်မှုလွဲနေတာပါ.... နောက်ဆုံး ခွဲခြမ်းစိတ်ဖြာလိုက်ရင် ခေါင်းဆောင်လည်း ရှင်းရှင်းလင်းလင်း မမေးဘဲ ငါတို့ ညီငယ်လေးကို ရုတ်တရက် တိုက်ခိုက်ပြီး နာကျင်အောင် မလုပ်သင့်ဘူးလေ"


"ငါကဘယ်လိုလုပ် သိမှာလဲ!" 


လီကျင်လုံက ဒေါသတကြီး အော်ဟစ်လိုက်သည်။  


"ဒီကောင်က ငါ့ရဲ့တရားဝင်ရာထူးကို ဆုံးရှုံးအောင် လုပ်ပြီး ချန်အန်းက လူတွေဆီကလည်း လှောင်ပြောင်ခံရအောင် လုပ်တယ်... ငါ့ရဲ့နစ်နာမှုတွေကို အခုဘယ်သူ ရှင်းပေးမှာလဲ"


"အာ? ဘာလို့လဲ" 


ဟုန်ကျွင့်မှာ မော့ရစ်ကန်းနဲ့ ချိုယုံစစ်ရဲ့နောက်မှာ ပုန်းပြီး လှမ်းမေးလိုက်သည်။ မော့ရစ်ကန်းက သူ့ကို ချက်ချင်း ပြန်ဆွဲထုတ်လိုက်ကာ အားထိုက်ကလည်း ပြောလိုက်၏။ 


"ချန်အန်း ငြိမ်းချမ်းရေးအတွက် ငါတို့အားလုံး ဒီကိုရောက်လာခဲ့တာ... ဒီလို အပြစ်မဲ့တဲ့လူက တခြားသူတွေကို နားလည်မှုလွဲနေပြီး ဒေါသထွက်နေလို့ ဘယ်ဖြစ်ပါ့မလဲ... ဒီညီအစ်ကို အလှလေးက အပြစ်​ကင်းပါတယ်​..."


"လုံလောက်ပြီ လုံလောက်ပြီ!" လီကျင်လုံမှာ ဒေါသကြောင့် မူးလဲလုနီးပါး ဖြစ်လာသည်။ 


အားထိုက်: "ငါ မင်းအတွက် သီချင်းတစ်ပုဒ် တီးပေးမယ်လေ ခေါင်းဆောင်... မင်းရဲ့ဒေါသကို ဒီသီချင်းက ဖြေဖျောက်ပြီး ကမ္ဘာပေါ်က အရာအားလုံးကို ပြေပျောက်သွားအောင်..."


"မင်းရဲ့စောင်းကို ပြန်ယူသွား!" 


လီကျင်လုံ ဟောက်လိုက်၏။


လူတိုင်းမှာ တိတ်တိတ်နေဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ အားထိုက်လည်း ပွစိပွစိသာ လုပ်နိုင်တော့သည်။ လေထုဟာ ရုတ်တရတ် ဝမ်းနည်း ပူဆွေးမှုတွေ အပြည့်နဲ့ ငြိမ်သက်သွားလေရာ ခဏကြာတဲ့အထိ သူတို့လေးယောက် ဘာလုပ်ရမှန်း မသိတော့ဘူး။


ဖန်းချန်ချင်က ရုတ်တရက် ဝင်ပြောလိုက်သည်။ 


"ဒါဆို ချန်အန်းမှာ ဧကန်မလွဲ နတ်ဆိုးတွေ ရှိနေတာပေါ့... မင်းကကျ ဘယ်လို နတ်ဆိုးမျိုးလဲ"


ဖန်းချန်ချင်က ငါးကြင်းနတ်ဆိုးကို တုန်လှုပ်နေတဲ့ လက်ညှိုးနဲ့ ညွှန်ပြလိုက်စဥ် မထင်မှတ်ဘဲ ငါးကြင်းနတ်ဆိုးက ခါးထောက်ကာ ပြန်အော်လေသည်။ 


"မင်း မျက်ကန်းလား... ငါးကြင်းကိုတောင် မသိဘူးလားဟ..." 


သူ့စကားမဆုံးခင် ဟုန်ကျွင့် သူ့ပါးစပ်ကို ချက်ချင်း ပိတ်ဆို့လိုက်ရလေသည်။ 


"ထွက်လာခဲ့!" 


လီကျင်လုံ ဟုန်ကျွင့်ထံသို့ လက်ညှိုးထိုး၍ အသံမာမာဖြင့် အော်လိုက်သည်။  


"သူတို့နောက်မှာ ပုန်း​မနေနဲ့... ငါ မင်းကို မေးခွန်းသုံးခု မေးမယ်... အတိတ်ကို ရှင်းပစ်ကြတာပေါ့"


ဟုန်ကျွင့်လည်း ခေါင်းလေးငုံ့ကာ မော့ရစ်ကန်း အနောက်ကနေ ထွက်လာခဲ့လေသည်။ သူက လီကျင်လုံရှေ့မှာ တင်ပျဉ်ခွေ ထိုင်လိုက်စဥ် တစ်ဖက်လူက ချက်ချင်း မေး၏။ 


"အဲဒီညက ဖျင်ကန်းလီရဲ့ အတွင်းရော အပြင်ဘက် လမ်းကြားတွေမှာ မင်းနဲ့ငါ တိုက်ခိုက်ခဲ့တယ်မလား..."


"ဟုတ်တယ်" ဟုန်ကျွင့် ပြန်ဖြေသည်။


လီကျင်လုံ ဖန်းချန်ချင်ကို ကြည့်သော်လည်း ဖန်းချန်ချင်က စကားမပြောပေ။


"ငါသတိလစ်သွားပြီးနောက် မင်းငါ့ကို ဘယ်ကိုခေါ်သွားတာလဲ"


ဟုန်ကျွင့်က ခဏလောက် စဉ်းစားပြီး အဲဒီညက အခြေအနေကို အတိုချုံး ပြောပြလိုက်သည်။ 


"ရိုးရိုးသားသား ပြောရရင် မင်းကိုသတိလစ်သွားအောင် ငါလုပ်ခဲ့တာ မဟုတ်ဘူး မင်း..."


လီကျင်လုံသည် ဟုန်ကျွင့်အား စကားဆက်မပြောရန် သူ့လက်ကို မြှောက်လိုက်ပြီး ဖန်းချန်ချင်ဘက်ကို လှည့်ကြည့်သော် ထိုသူက ငြိမ်ပြီး ခေါင်းညိတ်​ပြလာ​လေသည်။


"စန်းအာကို ငါ တစ်ခုခု လုပ်ခဲ့မိလား?"


"မလုပ်ပါဘူး" 


ဟုန်ကျွင့် လီကျင်လုံ၏ မျက်နှာကို ကြည့်ပြီး ဖြေလိုက်သည်။ သူ ဘာကြောင့် ဒီမေးခွန်းကို မေးသလဲ​တော့ ဟုန်ကျွင့်ကတော့ မသိချေ။ ဒီတစ်ခါတော့ လီကျင်လုံ ဖန်းချန်ချင်ဘက် ခပ်တင်းတင်း လှည့်ပြီး။


"အပြင်မှာ လူတိုင်းက ငါ့ကို..."


ဖန်းချန်ချင် ချက်ချင်း ဝင်ပြောလိုက်သည်။ 


"မင်းတို့ လေးယောက်စလုံး ထွက်သွားလို့ ရပြီ"


ထို့နောက် သူတို့လေးယောက် အခန်းထဲမှ ထွက်သွားစဥ် မော့ရစ်ကန်းက တံခါးကို လှည့်ပိတ်လိုက်သည်။ လီကျင်လုံက ဒေါသတကြီးနှင့် ဆက်ပြောသည်။


"...သူတို့က ကျွန်တော့်ကို လီမိသားစုရဲ့ ဖောက်ပြန်တဲ့သားပဲလို့ ပြောကြတယ်.... ကျွန်​တော်ရဲ့ စည်းစိမ်ဥစ္စာတွေလည်း ကုန်ပြီ... တိကုန်းရဲ့ နောက်ဆုံးဆန္ဒက ထန်မင်းဆက်ကြီးအတွက် တော်ဝင်တရားရုံး အတွက်! ကျွန်တော်အခုလို ဖြစ်တော့ ဒီမတရားမှုကို ဘယ်သူကမှ မယုံချင်ကြဘူး...အခု နတ်ဆိုးတစ်ကောင် အစ်ကို့ရှေ့မှာ ရောက်နေပြီ! ယုံပြီလား?"


သူက စကားပြောနေစဉ် ခန်းမအတွင်းရှိ ငါးကြင်းနတ်ဆိုးကို လက်ညှိုး ထိုးပြလိုက်သည်။ ငါးကြင်းနတ်ဆိုးသည် ပါးစပ်ကိုဖွင့်ကာ မြေပြင်ပေါ်တွင် ခြေနှစ်ချောင်းတစ်ဝက်ခန့် မတ်တပ်ရပ်ကာ လီကျင်လုံနဲ့ ဖန်းချန်ချင်ကို တစ်လှည့်စီ စိုက်ကြည့်နေ​လေသည်။


ငါးကြင်းနတ်ဆိုး: "..."


ဖန်းချန်ချင်: "မင်းကဘာလို့ ဒီမှာရှိ​နေ​သေးတာတုန်း.... အပြင်ထွက်!"


ငါးကြင်းနတ်ဆိုးကြီးလည်း နှင်ထုတ်ခံရလိုက်သည်။ သူတို့လေးဦးသည် အိမ်ရှေ့ခန်းမတွင် စောင့်နေကြသော်လည်း အားလုံးက စိုးရိမ်မကင်းဖြစ်ကာ ငါးကြင်းနတ်ဆိုးက ထွက်လာတာနဲ့ ပြောပြလေ၏။ 


“သူတို့ ရန်ဖြစ်နေကြပြီ” 


ဟုန်ကျွင့်: "ဘာလို့တုန်း?"


"အဲဒါက ပြည့်တန်ဆာအိမ်ကို သွားလည်လို့ ဆူနေတာ" 


မော့ရစ်ကန်းက ရှင်းပြလေသည်။ အားထိုက်က ခြေဖျားထောက်လိုက်သည်။ ကျန်သုံးယောက်ကလည်း သူ့နောက်ကနေ ခိုးနားထောင်ဖို့ အခန်းဘက်ကို နားကပ်ထားကြသည်။ အခန်းထဲမှာ တစ်ခုတည်းသော အသံက လီကျင်လုံရဲ့ ဒေါသသံဖြစ်ပြီး ဖန်းချန်ချင်က တိတ်ဆိတ်နေခဲ့သည်။


"... ဒီနေ့ လုံဝူစစ်တပ်ထဲက လူတိုင်း ကျွန်တော့်ကို ရယ်နေကြတယ်! ယန်ကော်ကျုံးက ကျွန်တော့်ဘဝ အတွေ့အကြုံနဲ့ ပတ်သက်ပြီး စိတ်ရှုပ်စရာတွေလို့တောင် ပြောလိုက်သေးတယ်! ဘယ်သူမှ ကျွန်တော့်အတွက် အကာအကွယ် မလုပ်ပေးနိုင်ဘူး ကျွန်တော် သည်းမခံနိုင်ဘူး! တစ်လောကလုံး ကျွန်တော့်ကို ဝိုင်းရယ်ကြတယ်.... လမ်းတစ်လျှောက်လုံး စိတ်ပျက်နေခဲ့ရတယ်... ဘယ်လိုလုပ် လွှတ်ချနိုင်မှာလဲ!"


"ငါမှားသွားပြီ" ဖန်းချန်ချင်က သက်ပြင်းချလိုက်ပြီး။


"မင်းဘာလိုချင်တာလဲ ဒီကလေးကို လူ​ကြီးမင်းယန်ဆီ ခေါ်သွားပြီး အမှားအမှန်ကို ရှင်းပေးစေချင်လား..."


ခန်းမကြီး တိတ်ဆိတ်သွားသည်။


ခန်းမအပြင်ဘက်မှာ လူသုံးယောက်သား ဟုန်ကျွင့်ကို တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။ နှစ်ယောက်သား စကားဝိုင်းကနေ ကြည့်ရင်း ဟုန်ကျွင့်က ဒီလူကို သနားစရာ ကောင်းလောက်အောင် အပြစ်ထဲ ပစ်ထည့်လိုက်ကြောင်း ယောင်ဝါးဝါး သိလိုက်ကြသည်။ ဟုန်ကျွင့်မှာ ပြည့်တန်ဆာအိမ်ကို သွားခဲ့မိမှန်း မသိလေရာ သူတို့လည်း ဘာလုပ်ရမှန်း မသိတော့ချေ။ 


"ထားလိုက်တော့" လီကျင်လုံ အေးစက်စွာ ပြောလိုက်သည်။ 


"တစ်နေ့တော့ မင်းတို့အားလုံး မြင်ရမှာပါ"


ဤအခိုက်တွင် နေဝင်ရီတရော ဗုံတီးသံက ထွက်ပေါ်လာတာကြောင့် လီကျင်လုံက အေးစက်စွာ ပြောလိုက်သည်။ 


"ပြန်သွားတော့" 


ဖန်းချန်ချင်ကလည်း လေးလေးနက်နက် ပြန်ပြောပါ၏။ 


"လူတော်လူကောင်းပဲ.... မင်းဘာလို့ ကမ္ဘာပေါ်က ကောလာဟလတွေကို ကြောက်​နေရမှာလဲ.. ကျင်လုံ မနေ့က မင်းကို ငါမှားပြီး အပြစ်တင်မိတယ်... ငါ..."


သို့သော် လီကျင်လုံက သူပြောတာကို ဆုံးအောင် နားမထောင်ဘဲ တံခါးကို ဖွင့်ကာ ထွက်သွားလေသည်။ အပြင်မှ လူလေးယောက်သည် ချက်ချင်းပင် သဖန်းပင်အောက်ရှိ စားပွဲဝိုင်းရှေ့ ရောက်သွားကြ၏။ အားထိုက်က ထိုင်ကာ သူ့စောင်းကြိုးများကို ညှိနေစဥ် ချိုယုံစစ်သည် သူ့ လက်နှစ်ဖက်က အနီရောင် မှိန်ဖျော့ဖျော့ လက်စည်းကို ကြည့်​​နေသည်။ မော့ရစ်ကန်းက သူ့နောက်ကျောကို လက်နဲ့ထောက်လိုက်တာကြောင့် ပြတင်းပေါက်က ကျိုးသွားလေ၏။ ဟုန်ကျွင့်မှာ ရေတွင်းနားမှာ ငုတ်တုတ်ထိုင်ပြီး ကစားဖို့ သစ်ကိုင်းကို ကောက်ယူ၍ ငါးကြင်းနတ်ဆိုးရဲ့ ပါးစပ်ထဲ ထိုးထည့်နေသည်။ 


ဗုံသံများသည် ညနေစောင်းတွင် အဆက်မပြတ် တီးနေသည်။ လီကျင်လုံသည် ခန်းမအရှေ့က ဟင်းလင်းပြင်တွင် ရပ်ကာ ဖန်းချန်ချင်ကို ဘေးတိုက် စောင်းကြည့်လိုက်သည်။ ဖန်းချန်ချင်မှာ လူငယ်များရှေ့မှ ဖြတ်သွားသည့်အခါ ကြိမ်ဖန်များစွာ ခေါင်းလှည့်ကြည့်ရင်း တုတ်ဖြင့် ထွက်လာခဲ့သည်။


"ယန်ရှန်းဝမ့် ရောက်လာရင် ငါးကြင်းကို ကောင်းကောင်း ဖွက်ထားရမယ်... မဟုတ်ရင် ဘုရင်မင်းမြတ်နဲ့ မြင့်မြတ်တဲ့ ကိုယ်လုပ်တော်တွေကို ဆက်သဖို့ဆိုပြီး ယူသွားမှာ ကြောက်ရတယ် " ဖန်းချန်ချင်က ဆို၏။ 


"သူ လာမှာ မဟုတ်ဘူး" 


လီကျင်လုံက ဝင်ပြောလိုက်သည်။


"ဒါက နတ်ဆိုး ဖြစ်နေရင်တောင် သူ့ကို ကစားစရာအဖြစ် မပေးဘူး!!"


ဟုန်ကျွင်း အံ့အားသင့်စွာ ပါးစပ်ဟောင်းလောင်းလေး ဖြစ်သွားသည်။ ငါးကြင်းနတ်ဆိုးနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လီကျင်လုံအား နောက်တစ်ခေါက် ထပ်ကြည့်လိုက်သည်။ ဖန်းချန်ချင်သည် နေဝင်ရီတရော အချိန်တွင် ဗုံသံများကြားမှ ထွက်သွားခဲ့လေသည်။


"အားလုံး ဝင်လာခဲ့!" 


လီကျင်လုံက ဂုဏ်သိက္ခာရှိစွာ ပြောလိုက်သည်။ လူတိုင်းလည်း ပင်မခန်းမထဲသို့ လိုက်ဝင်သွားခဲ့ရာ လီကျင်လုံက ဦးစွာ ရေများယူကာ တစ်ယောက်ပြီး တစ်ယောက် လက်ဆေးခိုင်းသည်။ ခန်းမအတွင်းရှိ အံဆွဲများကို စစ်ဆေးကြည့်ရာ နံ့သာ​ချောင်းပေါင်း များစွာ တွေ့လိုက်ရသည်။


"ဘယ်သူ့မှာ မီးရှိလဲ?"


လီကျင်လုံ လေသံက ငြိမ်သက်နေပြီး လူတိုင်းဘက်ကို လှည့်ပြောလိုက်သည်။ အားထိုက်က သူ့လက်ညှိုးကို ယမ်းလိုက်သည်နှင့် သူ့လက်ချောင်းပေါ်ရှိ ပတ္တမြားလက်စွပ်ဆီမှ မီးခိုးငွေ့များ ထွက်လာကာ မီးတောက်များ လောင်ကျွမ်းလာခဲ့​လေသည်။


လီကျင်လုံ၏ မျက်လုံးများထဲတွင် အနည်းငယ် အံ့အားသင့်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ အားထိုက်ကလည်း လျှို့ဝှက်ချက်အချို့ကို ရှာဖွေတွေ့ရှိထားသကဲ့သို့ အနည်းငယ်ပြုံးကာ မျက်ခုံးပင့်​ပြခဲ့သည်။


သို့သော် လီကျင်လုံက ဘာမှပြန်မပြောဘဲ မီးတောက်ပေါ်တွင် နံ့သာ​တိုင်တစ်ဆုပ်ကို မီးထွန်းကာ လူလေးဦးအား ဝေငှပေးလိုက်သည်။ လူတိုင်းက နံသာတိုင် သုံးချောင်းစီကို ကိုင်ကာ ပန်းချီကားဆီသို့ လျှောက်သွား၍ တိရန်ကျယ်၏ ပုံတူကို သုံးကြိမ်တိတိ ဦးညွှတ်လိုက်သည်။


"တိကုန်း.... ဒီနေ့ နတ်ဆိုးနှိမ်နင်း ဌာနခွဲက သူ့ရဲ့တာဝန်တွေကို ပြန်စတင်နေပါပြီ... ကောင်းကင်ဘုံက တိကုန်းရဲ့ဝိညာဉ်က ကျွန်​တော်တို့နဲ့ ထန်မင်းဆက်ကို ကာကွယ်နိုင်ပါစေ"


လီကျင်လုံ ဦးစွာ ဦးညွှတ်ပြီးနောက် လူတိုင်းလိုက်၍ ဦးညွှတ်ကြသည်။ အမွှေးတိုင်ကို မီးဖိုထဲသို့ ထည့်ကာ နောက်ဆုံးတွင် သူသည် ခေါင်းကို မော့ကာ ပန်းချီကားပေါ်ရှိ ပုံသဏ္ဍာန်ပုံများကို ကြည့်နေခဲ့၏။ အချိန်အတော်ကြာအောင် ကြည့်ပြီးမှ လှည့်ထွက်လာခဲ့လေသည်။ သူမ ပင်မခန်းမထဲတွင် စကားတစ်ခွန်းသာ ချန်ထားခဲ့၏။ 


"လူစုခွဲလို့ရပြီ"


နေဝင်ရီတရော ဗုံသံသည် အဝေးမှ ထွက်ပေါ်လာဆဲဖြစ်ပြီး လူတိုင်းလည်း ကြောက်လန့်ကာ လူစုခွဲခဲ့ရသည်။


မော့ရစ်ကန်းသည် ခြံဝင်းထဲတွင် ထိုင်နေပြီး ကျန်သုံးယောက်က အရှေ့ဘက်တောင်ပံကို ရံဖန်ရံခါ ကြည့်နေကြသည်။ ဟုန်ကျွင့်သည် သူ လီကျင်လုံအား ပြည့်တန်ဆာအိမ် တစ်ခုသို့ ခေါ်ဆောင်သွားမိလို့ တစ်ဖက်လူ နာမည်ပျက်သွားကြောင်း မသိကြပေ။ ပြည့်တန်ဆာအိမ်က ဘာမှန်းကို မသိသေးဘဲ ယခုထိ ရှုပ်ထွေးနေဆဲ ဖြစ်သည်။


လီကျင်လုံ ဘာကြောင့် မမေးဘဲ စိတ်မြန်လက်မြန် ပြုမူခဲ့ရသလဲ ယခုတော့ လူတိုင်းက နားလည်သွားကြပါပြီ။ သို့သော် အရေးကြီးဆုံးအချက်မှာ ဘယ်သူက ဘယ်သူ့ကို စော်ကားသည်ဖြစ်စေ လီကျင်လုံရဲ့ ဒေါသက ကြောက်စရာ ကောင်းတယ် ဆိုတာပင်။ လူတိုင်းကို အလွန်စိတ်ဓာတ် ကျစေတဲ့ အချက်ကတော့ လီကျင်လုံက သေမျိုးလူသား ဖြစ်​နေခြင်းပါပဲ။ 


"သူ့ဓားက အရမ်း အစွမ်းထက်တယ်" ဟုန်ကျွင့်က ပြောပြသည်။ 


"ငါ့ရဲ့ အလင်းငါးရောင်ကို ချိုးဖျက်နိုင်တယ်"


"ဓားဟာ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... မှော်စွမ်းအင် မရှိဘူး... မှော်စွမ်းအင် ကျွမ်းကျင်မှု မရှိရင် ဘယ်လိုလုပ်ပြီး တိုက်ခိုက်လို့ရမှာလဲ"


အားထိုက်က ပြန်ပြောလေသည်။ ဟုန်ကျွင့်သည် လီကျင်လုံ နှလုံးမီးအိမ်ကို စုပ်ယူသည့်အကြောင်း မပြောလိုတော့ချေ။ သူ့ထဲတွင် နှလုံးမီးအိမ်ရှိမရှိ ဆိုတာကို သေချာစဉ်းစားနေစဥ် အားလုံး စိတ်ပျက်သွားကြသည်။ မော့ရစ်ကန်းကသာ နတ်ဆိုးနှိမ်နင်းဌာန အတွက် ခေါင်းဆောင် ဖြစ်သင့်သည်ဟု ရိုးရိုးရှင်းရှင်း ထင်မြင်ခဲ့သော်လည်း အလွန်ငြီးငွေ့စရာ ကောင်းသည့် လီကျင်လုံက ဖြစ်လာခဲ့သည်။  


သို့သော် လီကျင်လုံ၏ ကျွမ်းကျင်မှုသည် သူ၏ မြင့်မားသော ကိုယ်ခံပညာ ကျွမ်းကျင်မှုနှင့် မှော်လက်နက် ကိုင်ဆောင်ထားမှုမှလွဲ၍ လုံးဝ အားသာချက် မရှိတာကို မြင်လိုက်ရသဖြင့် လူတိုင်းက စိတ်မဝင်စား​တော့​ပေ။


သူတို့ သွားနေတုန်း လမ်းတစ်ဝက်မှာ လီကျင်လုံက အရှေ့ခန်းမှထွက်လာပြီး တခြားသူများကို လျစ်လျူရှု၍ အိပ်ယာပြင်ရန် ထွက်သွားလေသည်။ လူတိုင်း ဤခေါင်းဆောင်၏ အပြုအမူကို မကျေနပ်ကြပေ။


"ဒါဆို... နောက်ထပ် ငါတို့ ဘာလုပ်ကြမှာလဲ" 


ဟုန်ကျွင့် မေးလိုက်သည်။


"သူ့အမိန့်ကို စောင့်ရအောင်.... သူပြောသမျှကို လုပ်ပြီး ပြန်သွားကြတာပေါ့"


အားထိုက် ထွက်သွားပြီးနောက် ချိုယုံစစ်ကလည်း ပြောလာသည်။ 


"ငါကတော့ နတ်ဆိုးတွေကို ဖမ်းဖို့ သူ့နောက်ကို မလိုက်ချင်ဘူး... သူ့ကို ကာကွယ်ဖို့ ငါ့ခွန်အားတွေ အကုန်သုံးပြီး သေသွားရမှာ ကြောက်တယ်"


ချိုယုံစစ်လည်း ထွက်သွားသည်။ မော့ရစ်ကန်းက ဟုန်ကျွင့်အား ဘယ်အခန်းမှာ နေမလဲလို့ မေးလာတော့မှ ဟုန်ကျွင့်လည်း လီကျင်လုံကို သွားတွေ့ဦးမယ်လို့ ပြောပြီး တိတ်တိတ်လေး လျှောက်သွားလိုက်လေသည်။ 


လသည် ကောင်းကင်ထက် တဖြည်းဖြည်း မြင့်မားလာနေပြီ။ ဆောင်းဦး၏ အေးမြမှုသည် နေရာတိုင်းတွင် လွှမ်းခြုံထားလျက်ရှိကာ ဟုန်ကျွင့်သည် အရှေ့ဘက်မှ ရပ်ကာ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ အရပ်ရှည်ရှည်နဲ့ ယောက်ျားပျိုက မီးအိမ်အောက်တွင် အိပ်ယာခင်းနေတာကို တွေ့လိုက်ရသည်။


"ခေါင်းဆောင် အကူအညီ လို​သေးလား" 


ဟုန်ကျွင့် မေးကြည့်လိုက်သည်။ 


“စကားမရှိ စကားရှာ မင်း ရိုးရိုးသားသား ကူညီချင်ရင် ဝင်သွားလိုက်လေ”


ငါးကြင်းနတ်ဆိုးက ဆိုလေသည်။


ဟုန်ကျွင့်: "မင်း ပါးစပ်ပိတ်ထား!"