Chapter (8)
နတ်ဆိုးနှိမ်နင်းဌာန ခေါင်းဆောင်
ထိုနေ့မွန်းလွဲပိုင်းတွင် မိုးက ကွက်ကြိုကွက်ကြား ရွာနေသော်လည်း အနည်းငယ် အေးနေသေးသဖြင့် သူတို့လေးဦးသည် တံစက်မြိတ်အောက်တွင် ငြိမ်သက်စွာ ထိုင်နေကြလေသည်။
"ငါ့အဖိုးက နတ်ဆိုးတွေ နှိမ်နှင်းဖို့ဆိုပြီး ချန်အန်းမြို့ကို လွှတ်လိုက်တာ!"
ချိုယုံစစ်က လူနဲ့ တိရိစ္ဆာန်တွေအတွက် အန္တရာယ်ကင်းတဲ့ မျက်နှာကလေးနဲ့ စပြောလာသည်။
"နတ်ဆိုးတွေကို နှိမ်နင်းတာက သတ္တိကို လေ့ကျင့်ပေးနိုင်တယ်တဲ့.. ညီအစ်ကိုတို့ ငါက သင်ယူလေ့လာမှု သိပ်မကောင်းဘူး နတ်ဆိုးတွေ နှိမ်နှင်းတဲ့အခါ ဒီညီလေးကို များများ ဂရုစိုက်ပေးကြပါနော်"
ဟုန်ကျွင့်က "ငါလည်း သိပ်မကောင်းပါဘူး သူတို့နှစ်ယောက်ပဲ..."
"မင်းရဲ့လက်နက်က ဘာလဲ" မော့ရစ်ကန်းက အားထိုက်ဘက်သို့ လှည့်မေးလိုက်သည်။
"မင်းယပ်တောင်ကို ကြည့်ရတာ အစွမ်းအစက မဆိုးလောက်ဘူး..."
"ငါ့ရဲ့ အကြီးကျယ်ဆုံး မှော်လက်နက်ကို ထုတ်ဖော်မပြသေးပါဘူး"
အားထိုက်က ပြုံးပြီး ပြောလေသည်။
"ချစ်သူငယ်ချင်း... ငါ့လက်နက်က ဒီစောင်းပဲ..."
အားထိုက်က သူ့နောက်ကျောမှ ပါးအဲပါး စောင်းတစ်လတ်ကို ကောက်ကိုင်လိုက်သည်။ ဟုန်ကျွင့်သည် ငယ်ငယ်လေးကတည်းက မှော်လက်နက်တွေကို အရမ်းနှစ်သက်ခဲ့ပြီး အားထိုက်ရဲ့ စောင်းကိုလည်း စိတ်ဝင်စားနေခဲ့သည်။ အားထိုက်နဲ့က အခုမှ သိတာကြောင့် အသေးစိတ် မေးရခက်ပါ၏။
“ဒီစောင်းလား”
"ဟုတ်တယ်" အားထိုက် ခေါင်းညိတ်ပြလိုက်သည်။
"ဒီစောင်းကို ကွယ်လွန်သွားတဲ့ အဖေက ငါ့ဆီ အမွေပေးခဲ့တာ... သားရဲတစ်ကောင် ပေါ်လာရင် ဒီစောင်းကိုထုတ်ပြီး ရန်သူကို လက်ညှိုးထိုးပြလိုက်တဲ့...."
ဟုန်ကျွင့်က "ပြီးတော့ ဘာသီချင်းတီးလိုက်တာလဲ"
“မဟုတ်ဘူး” အားထိုက်က ခေါင်းခါပြီး။
“အဲ့စောင်းကို တီးပြီး သူတို့ခေါင်းကို ရိုက်လိုက်ရုံပဲ..."
ဟုန်ကျွင့် : "..."
အားထိုက်: "ဒီစောင်းက ငါ့လက်ထဲမှာရှိတဲ့ ငှက်မွှေးလေးလို ပေါ့တယ် ဒါပေမဲ့ တခြားလူတွေ အတွက်ဆို တောင်တန်းကြီးလောက် လေးတယ်.... သူအစွမ်းထက်တဲ့ အချိန်ဆို နဂါးတစ်ကောင်တောင် တစ်ချက်တည်းနဲ့ သေနိုင်တယ်"
"မပြောတော့နဲ့..."
ဟုန်ကျွင့်မှာ သူ့နဖူးပေါ်လက်ကို တင်လိုက်ပြီး အားထိုက်ရဲ့ ခေါင်းကို တွန်းထုတ်လိုက်သည်။
"ညီညီအလှလေး...."
အားထိုက် ဟုန်ကျွင့်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ အားထိုက် မျက်လုံးများသည် မဲနယ်ကဲ့သို့ပင် နက်မှောင်နေကာ နှုတ်ခမ်းပ သူ့အပြုံးနှင့်တွဲလျက် ရှိတာကြောင့် လူကို မျက်စိလွဲရခက်စေသည်။
"မင်းစိတ်ထဲ ဘာဖြစ်နေလဲ မင်းဘာအတွက် ဝမ်းနည်းနေလဲ.... မင်းဘာလို့ အမြဲတမ်း မျက်မှောင်ကြုတ်နေတာလဲ.... ဒီလိုလှပတဲ့ အလှလေး မင်းအတွက် သီချင်းတစ်ပုဒ် ဆိုပေးမယ်.... ဘယ်လိုလဲ"
မော့ရစ်ကန်းမှာ အားထိုက်ရဲ့ စကားချိုချိုလေးတွေကို နောက်ဆုံးတွင် နားမထောင်နိုင်တော့တာကြောင့် ဟုန်ကျွင့်ပုခုံးပေါ် သူ့လက်ကိုတင်ကာ အားထိုက်ဘက်ကို လက်မောင်းကြီးဖြင့် ပိတ်ဆို့ထားလိုက်သည်။
"သူ့ကို အနိုင်မကျင့်နဲ့တော့... သူဘာမှ နားမလည်ဘူး..."
ဟုန်ကျွင့်မှာ သူငယ်ချင်းအသစ် အနည်းငယ် ရခဲ့သော်လည်း သူ့နှလုံးမီးအိမ်လေးက ပျောက်ကွယ်သွားခဲ့တာကြောင့် ပိစိလေး ဝမ်းနည်းနေခဲ့သည်။ သူ့ရဲ့ ဓားပျံတစ်စင်းကလည်း ပျောက်နေ၏။ အစကတော့ နတ်ဆိုးနှိမ်နင်းဌာနကို ရောက်လျှင် နတ်ဆိုးများကို နှိမ်နင်းရင်း ၎င်းတို့ကို ဖြည်းညင်းစွာ ရှာဖွေရန် စဥ်းစားထားသော်လည်း မမျှော်လင့်ဘဲ အနာဂတ်က မြူမှိုင်းသွားခဲ့သည်။
ဟုန်ကျွင့်က "ဒါက နည်းနည်းတော့.... ဒုက္ခများတယ်"
"ဘာပြဿနာရှိလို့လဲ" မော့ရစ်ကန်းက မေးလိုက်သည်။
"အားလုံးက မင်းကို ကူညီမှာပါ... နတ်ဆိုးတစ်ကောင်ကြောင့်လား?"
"နတ်ဆိုးလား?!" ချိုယုံစစ်က ချက်ချင်း မတ်မတ်ထထိုင်လိုက်ပြီး
"တကယ်လား? ချန်အန်းမှာ နတ်ဆိုးတွေရှိလား"
အားထိုက်: "မင်းနဲ့အတူ တာဝန် ထမ်းဆောင်ရတာ ငါ့ရဲ့ အကြီးကျယ်ဆုံး ဂုဏ်ယူစရာပါ..."
ချိုယုံစစ်က အနည်းငယ် ကြောက်သွား၏။
"သိပ်မနီးသရွေ့တော့ တခြားအကူအညီတွေ ရနိုင်ပါသေးတယ်.... ဘာပဲဖြစ်ဖြစ် ငါ့သတ္တိကို လေ့ကျင့်ရမှာပေါ့... ပြောကြည့်ကြည့်... ဘယ်လိုမိစ္ဆာနတ်ဆိုးမျိုးလဲ"
"ငါ တခြားနည်းလမ်းတွေကို စဉ်းစားဦးမယ်... အဆင်မပြေမှ ပြောပြတော့မယ်"
"မှန်တယ်" မော့ရစ်ကန်းက ပြုံးပြီး ခေါင်းညိတ်ပြသည်။
"ကောင်းကင်နဲ့ မြေကြီးကို အားကိုးတာထက် ကိုယ့်ကိုကိုယ် အားကိုးတာက ပိုကောင်းပါတယ်.... မင်းလုပ်နိုင်မှာပါ"
မိုးက တဖြည်းဖြည်း တိတ်သွားပြီ ဖြစ်တာကြောင့် အားထိုက်က ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။
"အချိန်ကောင်းတွေကို အလဟသ မဖြုန်းသင့်ဘူး... ငါတို့ သီချင်းဆိုကြမလား"
မော့ရစ်ကန်းက "အားလုံးပဲ သန့်ရှင်းရေး စလုပ်ကြရအောင်... အခန်းအနည်းနည်းကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ကြမယ်... ဒီည ဒီမှာ အိပ်ရတော့မှာပေါ့"
အားထိုက်: "ချန်အန်း တည်းခိုဆောင်မှာပဲ အိပ်ရအောင်... လာ ငါ မင်းတို့ကို ဧည့်ခံမယ်"
"ငါကတော့ဒီမှာ အိပ်လိုက်တာ ပိုကောင်းမယ်" ဟုန်ကျွင့်က ဆို၏။
"ကျောက်ကျစ်လုံ တည်းခိုခန်းမှာ အိပ်လို့ ငါးနံ့က အရမ်းပြင်းရင် တခြားသူတွေကို ခြောက်မိသွားလိမ့်မယ်"
အဘယ်ကြောင့်ဆိုသော် သူ ဤနေရာကိုလည်း အနည်းငယ် သဘောကျသည်။ ဤနေရာတစ်ဝိုက် လှည့်ပတ်ပြီးနောက် ခြံဝင်းထဲတွင် မြင့်မားသော သဖန်းပင်ကို မြင်သောအခါတွင် အနည်းငယ် ရင်းနှီးသလို ခံစားရလေသည်။ မော့ရစ်ကန်းက ဟုန်ကျွင့်နဲ့ နေခဲ့ဖို့ ရွေးချယ်လိုက်ရာ အားထိုက်နဲ့ ချိုယုံစစ်မှာလည်း ရွေးချယ်စရာလမ်း မရှိတော့ဘဲ သူတို့နောက်မှလိုက်ကာ ဤညစ်ပတ်သော နေရာ၌သာ ဆက်နေရန် ဆုံးဖြတ်ခဲ့ရသည်။
ညနေခင်း အချိန်တွင် တိမ်နီများက ချန်အန်းမြို့တစ်ခွင် ဖုံးလွှမ်းထားသည်။ ချန်အန်းမြို့တော်တွင် သုံးရက်ဆက်တိုက် မိုးရွာခဲ့ပြီးနောက် ဆောင်းဦးက တရားဝင် ဝင်ရောက်လာခဲ့လေပြီ။
ဖန်းချန်ချင်သည် လုံဝူတပ်စခန်းမှ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လာပြီး သူ၏ ဘယ်ဘက်လက်၌ တုတ်ကို ကိုင်ထားကာ လီလုံကျီး၏ အမိန့်ပြန်တမ်းကိုတော့ ညာလက်တွင် ကိုင်ထားသည်။ လီကျင်လုံသည် သူ၏ညာဘက် လက်မောင်းအောက်တွင် အထုပ်ကြီးတစ်ထုပ်ကို လွယ်ထားလေ၏။ သူသည် မူလကတည်းက အရပ်ရှည်သော လူတစ်ဦးဖြစ်သည်။ မူလက သူ့အစေခံများကို အထုပ်တွေ ပို့ဖို့ စေခိုင်းချင်ခဲ့သော်လည်း ဖန်းချန်ချင်က လုံဝူတပ်ဂိတ်မှ အိမ်အထိ လမ်းလျှောက်ခိုင်းခဲ့သည်။ သူက လမ်းမပေါ်ရှိ ချန်အန်းပြည်သူတွေရဲ့ အာရုံစိုက်မှုကို ကြည့်စေချင်ပုံပင်။
လီကျင်လုံသည် အပြောင်းအရွှေ့ အမိန့်ကို လက်ခံရရှိပြီးနောက်တွင် အိမ်ပြန်ချင်နေခဲ့သော်လည်း ယခုအခါ လမ်းပေါ်ရှိလူများက သူ့ကို မြင်သွားပြီး ၎င်းတို့က ရယ်မောလို့တောင် မဆုံးတော့ပေ။
"ဟူး.... ထန်မင်းဆက်ရဲ့ နတ်ဆိုးနှိမ်နင်းဌာနကို ပြောင်းရွှေ့လိုက်ပြီ..."
ဖန်းချန်ချင်က တော်ဝင်အမိန့်ကို ကိုင်ဆောင်ကာ လီကျင်လုံကို လှောင်ပြောင်နေသလား မသိပေ။
"ဒါက တကယ်ကောင်းတဲ့ အလုပ်ပဲ... မှန်ကန်တဲ့ ၀န်ကြီးကိုယ်တိုင် တာဝန်ယူပြီး ညတွင်းချင်း သူ့ကို အဆင့်နှစ်ဆင့် ဆက်တိုက် ရာထူးတိုးခဲ့တဲ့ နေရာပဲ...”
လီကျင်လုံက "ကျွန်တော်သွားမှာ မဟုတ်ဘူး" ဟု လေးနက်စွာ ပြောလိုက်သည်။
ဖန်းချန်ချင်မှာ သူ့နောက်ကျောကို ဆူးတစ်ချောင်းနဲ့ လှမ်းပေါက်သလို ခံစားလိုက်ရပြီး လမ်းဘေးက လူတွေရှေ့မှာ လီကျင်လုံကို တုတ်နဲ့ရိုက်ပြီး ဒေါသတကြီး အော်ငေါက်ပစ်လိုက်လေ၏။
“မင်း ဖျင်ကန်းလီထဲ ပြေးဝင်သွားတုန်းက ဒီလိုကြောက်နေခဲ့လား... အခုလမ်းမှာကျတော့ ရှက်စရာကောင်းတယ်လို့ ထင်တယ်ပေါ့ ဟုတ်လား"
လီကျင်လုံမှာ အိပ်ယာလိပ်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး ထွက်သွားချင်သော်လည်း ဝတ်ကြီးကိုးကွယ်မှုမှာ လူ့သဘောသဘာဝ၏ အခြေခံအုတ်မြစ် ဖြစ်သည်။ သူ့မိဘများသည် သူ ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့၏။ ဖန်းချန်ချင်က ဝမ်းကွဲအစ်ကို တစ်ယောက်ဖြစ်သော်လည်း ဤနှစ်များတွင် သူ့ကို ထောက်ခံပံ့ပိုးပေးခဲ့သည်။ လမ်းမအပေါ်မှာ အစ်ကိုပြောတာ မနာခံရင် ဒီဘဝမှာ ဘယ်တော့မှ ခေါင်းမထောင်နိုင်လောက်တော့ချေ။ ဒါကြောင့် သူ သည်းခံထားရမည်။
"မင်းက လမ်းပေါ်မှာ လမ်းလျှောက်ရင်း မျက်နှာပျက်နေတယ်ပေါ့.... ပျက်စီးနေတာက ငါ့မျက်နှာဟောင်းပဲကွ!"
လီကျင်လုံမှာ ဖန်းချန်ချင် နောက်ကို လိုက်သွားရင်း ပါးစပ်ကလည်း ပြောနေသည်။
"ရှန်ရှစ်က ပထမနေရာမှာတင် သေဆုံးသွားတာ သူ့ဘဝရဲ့ စစ်မှန်မှုကို ဘယ်သူက သိသွားလို့လဲ... မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ အမှန်တရားက ပေါ်လာလိမ့်မယ်... ကျွန်တော့်ကို မယုံရင် ဘာလို့ လုပ်နေတာလဲ... အစ်ကို့ကို သေသေချာချာ ပြောပြဖို့ ဒီနေ့ ခေါ်လာခဲ့တာ... ကျွန်တော် လိမ်ဖူးလို့လား ?"
ဖန်းချန်ချင်: "ဘုရင်မင်းမြတ်ကို ဘာလို့ မကြည့်ခိုင်းလဲ.... မင်းပြောခဲ့တဲ့ နတ်ဆိုးက ဘယ်မှာလဲ ပါးစပ်နဲ့ပြောနေမယ့်အစား အဲဒီလူကို သွားရှာပြီး ငြင်းခုံဖို့ တရားရုံးကို သွားလိုက်!! မင်းဘာလို့ ငါ့ကို သက်သေပြမလဲ ?!"
လီကျင်လုံမှာ ဒေါသအလွန် ထွက်နေတာကြောင့် တစ်ကိုယ်လုံး တုန်ခါသွားကာ လမ်းလယ်တွင်ရပ်လျက် လေးနက်စွာ ပြောလိုက်ပါ၏။
“တစ်နေ့နေ့.... တွေ့စေရမယ်”
ဖန်းချန်ချင်က ဘာမှမပြောဘဲ လှည့်ထွက်သွားလေသည်။ ချန်အန်းမြို့ တစ်ဝက်လောက်ကို ဖြတ်ပြီးတဲ့အခါ လမ်းကြားတစ်ခုထဲကို ရောက်သွားခဲ့သည်။ လီကျင်လုံက သူ့အိပ်ယာကို လက်တစ်ဖက်နဲ့ ကိုင်ထားရင်း လှည့်ပြီး လျှောက်သွားခဲ့လေရာ ဖန်းချန်ချင်မှာ အသံမာမာဖြင့် အော်လိုက်၏။
"မင်းဘယ်သွားမလို့လဲ"
လီကျင်လုံ မဖြေဘဲ လမ်းကြားထဲကို အမြန်လျှောက်သွားသည်။ ဖန်းချန်မင်ရဲ့အိမ်ကို မပြန်ချင်ပေ။ သူနဲ့ တစ်နေ့လုံး ရန်ဖြစ်နေခဲ့ရတယ် မဟုတ်လား။ ဖန်းချန်ချင်လည်း ချိုင်းထောက်ကို မှီကာ သူ့နောက်သို့ တွန့်ဆုတ်ကာလိုက်ရင်း စကားမပြောဘဲ လမ်းကြားထဲ လျှောက်ဝင်သွားခဲ့သည်။
စူးရှသော ဂီတသံသည် လမ်းကြားထဲမှ ထွက်ပေါ်လာ၏။ လူတချို့သည် နေရောင်မှိန်ဖျော့ဖျော့ အောက်တွင် တူရိယာတီးခတ်လျက် ထိုင်နေကြသည်။ အနီရောင်လမ်းကြားရှိ ကျောက်တုံးလမ်းကို ဖြတ်လိုက်စဥ် လီကျင်လုံရဲ့ ရုပ်ပုံလွှာအား ဆောင်းဦးလေက ဖြတ်သန်း တိုက်ခတ်သွားလေသည်။
"မင်းဘယ်သွားမလို့လဲ!"
ဖန်းချန်ချင် ထပ်မေးလိုက်၏။ ရှက်ရွံ့သော မျက်နှာဖြင့် လီကျင်လုံသည် ရှေ့သို့ လျှောက်သွားကာ လမ်းအဆုံးသို့ လျှောက်သွားပြီး ပျက်စီးနေသော တံခါးအား တွန့်ဖွင့်လိုက်လေရာ ဘယ်ဘက်ခြမ်းမှ တံခါးရွက်ဟာ ရုတ်တရက် လဲကျသွားတော့သည်။
ဗွမ်း!
ပြုတ်ကျလာတဲ့ တံခါးရဲ့ ကျယ်လောင်တဲ့ အသံကြောင့် တံခါးအတွင်းက အသံတွေလည်း တိတ်ဆိတ်သွားကာ အထဲက ပုံကိုလည်း ဖော်ထုတ်ပြီးသား ဖြစ်သွားသည်။ ခြံတွင်းရှိ တေးဂီတသံသည် ရုတ်တရက် ရပ်တန့်သွားကာ အားလုံးက လက်ခုပ်တီးလျက်သား အနေအထားဖြင့် လီကျင်လုံကို စိုက်ကြည့်နေကြသည်။
နတ်ဆိုးနှိမ်နင်းဌာန ဝင်းထဲတွင် အားထိုက်သည် ပါးအဲပါးစောင်းကို တီးခတ်နေပြီး ဟုန်ကျွင့်သည် ပန်းကန်သေးသေး တစ်လုံးကိုယူကာ ၎င်းကို သံချောင်းဖြင့် ရိုက်နေသည်။ ချိုယုံစစ်က ဝါးပိုက်နှစ်ချောင်းကို ယူကာ ကျောက်တုံးများကို ဆူညံစွာ ရိုက်နေသလို မော့ရစ်ကန်းကလည်း စည်းချက်အတိုင်း လိုက်၍ လေးကြိုးကို ဆွဲနေသည်။
လူတိုင်းသည် အလယ်ဗဟိုတွင် ရေအပြည့်ရှိသော သစ်သားအင်တုံ တစ်ဝက်ကို စက်ဝိုင်းတစ်ခုလို ဝိုင်းဖွဲ့ထိုင်နေကြသည်။ လက်နှစ်ချောင်းနှင့် ခြေထောက်နှစ်ချောင်းရှိသော ငါးကြင်းသည် သစ်သားအင်တုံ၌ ရပ်လျက် ခြေတစ်ချောင်းကို မြှောက်ကာ တုံအစွန်းတွင် လက်နှစ်ဖက်ကိုလည်း မြှောက်လျက် ကခုန်နေ၏။
တံခါးပြုတ်ကျသည်နှင့် တပြိုင်နက် လူလေးယောက်နှင့် ငါးတစ်ကောင်လည့း တညီတညွတ်တည်း ရပ်သွားကာ သူ့နောက်ဘက်ရှိ လီကျင်လုံနဲ့ ဖန်းချန်ချင်ကို စိတ်ရှုပ်ထွေးသော အမူအရာများဖြင့် စိုက်ကြည့်နေသည်။
လီကျင်လုံ: "..."
အရာရာတိုင်းဟာ အကြောင်းတရားနဲ့ အခြေအနေတွေကနေ ဖြစ်ပေါ်လာပြီး ဒါတွေကို လူသားတွေက ထိန်းချုပ်လို့ မရပါဘူး။
လီကျင်လုံသည် ဤဘ၀တွင် ထူးဆန်းသော စွမ်းအားများ ဘယ်လောက် တွန်းအားပေးနေခဲ့မှန်း မသိသေးသော်လည်း လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း သူတွေ့ကြုံခဲ့ရသမျှ အရာတွေဟာ ယနေ့ ဤတံခါးကို တွန်းဖွင့်စေချင်တာပဲ ဖြစ်ပေလိမ့်မည်။
သူ့အကြည့်ဖြင့် အရာအားလုံး ရွေ့လျားသွားသည်။ ထိုစဓ် ချောမောသော လူငယ်လေးကို ကြည့်လိုက်သည့်အခိုက် သူ့မျက်လုံးထဲက ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ပျောက်ကွယ်သွားကာ သူဘယ်တော့မှ မမေ့နိုင်သော မျက်နှာလေးသာ ကျန်တော့သည်။ ပထမဆုံး စတွေ့တဲ့ အချိန်တုန်းကလိုသာဆိုရင် အဲဒီအချိန်က သာမန်ပါပဲ။
မရေမတွက်နိုင်သော စိတ်ခံစားမှုများသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို သယ်ဆောင်ကာ သူ့နှလုံးသားထဲ လှိုင်းထလာခဲ့သည်။ လှိုင်းလုံးများက သူ၏ ဆင်ခြင်တုံတရား တာတမံကို လွှမ်းခြုံကာ တခဏချင်းတွင် ထောင်နှင့်ချီသော စကားလုံးများက စကားလုံးလေးလုံးအဖြစ် ထွက်ပေါ်လာလေသည်။
"ငါ့အပြစ်ကို ဆပ်ပေး-!"
လီကျင်လုံ ဟောက်ပြီးနောက် သူ့ဓားကို ဆွဲထုတ်ကာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲ၍ ဟုန်ကျွင့်ဆီသို့ ပြေးဝင်သွား၏။ မကြာခင်မှာပဲ ဟုန်ကျွင့်လည်း သူ့ဓားကို ဆွဲထုတ်တာကို မြင်လိုက်ရတော့ ချက်ချင်း နောက်ပြန်ဆုတ်ပြီး သူ့ခန္ဓာကိုယ်က လေထဲမှာ ရောက်သွားစဥ် ကျန်တဲ့ လူတွေက တုံ့ပြန်လာခဲ့ကြသည်။
"သက်ညှာပေးပါ!" မော့ရစ်ကန်း အော်လိုက်သည်။
"သူငယ်ချင်း... မကောင်းဆိုးဝါးလေးကို မအံ့သြရဘူးလေ!" အားထိုက်ကလည်း ဘေးကနေ အော်သည်။
ချိုယုံစစ်: "မကြောက်နဲ့!"
သို့သော်လည်း လီကျင်လုံ၏ ပန်းတိုင်မှာ ငါးကြင်းနတ်ဆိုး မဟုတ်ဘဲ ဟုန်ကျွင့်ကို ဓားဖြင့် ဖြုတ်ချရန် ဖြစ်သည်။ လျှပ်စီးတစ်ချက်နဲ့အတူ သူတို့သုံးဦးသည် လူသတ်ချင်သည့် အသွင်အပြင်ကို ရုတ်တရက် ခံစားလိုက်ရလေရာ ဟုန်ကျွင့်ကို ကာကွယ်ရန်အတွက် အားထိုက်က ယပ်တောင်ကို ဖွင့်ကာ မော့ရစ်ကန်းကလည်း ခန္ဓာကိုယ်ဖြင့် ပိတ်ဆို့လိုက်သည်။ ချိုယုံစစ်လည်း ရုတ်တရက် သူ့ဓားကို ဆွဲထုတ်လိုက်၏။ သုံးယောက်သား လီကျင်လုံကို တားဆီးရန် အသင်ပြင်လိုက်စဥ် တစ်ချိန်တည်းမှာပင် လီကျင်လုံသည်လည်း ခြံရှေ့မှနေ၍ ဟုန်ကျွင့်ဆီသို့ ပြေးဝင်သွားခဲ့သည်။
"သူက သေမျိုးလူသား.... အရမ်းကြီး မလုပ်နဲ့!"
ဟုန်ကျွင့်လည်း အော်လိုက်သည်။
ဟုန်ကျွင့် တစ်ဖက်လူလက်ထဲမှ ဓားကို အလွန်သတိထားနေသည်။ ထိုညက သူ၏ သတိကင်းမဲ့မှုကြောင့် ဓားသည် သူ၏ငါးရောင်ခြယ် နတ်အလင်းကို ဖြတ်ကျော်နိုင်ခဲ့၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့စိတ်ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေ့ကြည့်ခဲ့ဖူးသည်။ သူသည် တူညီသောအမှားကို ထပ်မံ မကျူးလွန်ချင်တော့ပေ။ ဓားပျံကို လက်တစ်ဖက်က ကိုင်ကာ တားရင်း ဓားရှည်ကို ဘယ်ညာလက်ဖြင့် ထိန်းကိုင်ထားလိုက်သည်။
ဓားပျံသည် သံချေးတက်နေသယောင် ရှိသော သံဓားကို ခုခံမိသည့်အခိုက်တွင် မှော်လက်နက်များ ထိပ်တိုက်တွေ့ကာ ဝိညာဉ်စွမ်းအား ပဲ့တင်ထပ်သံများ ထွက်ပေါ်လာ၏။ လီကျင်လုံ၏ သူအိမ်ငယ်များ ကျဥ်းမြောင်းသွားကာ လှုပ်ရှားမှု ပြောင်းခါနီးတွင် ဟုန်ကျွင့်လည်း ဓားပျံကို ဝေ့ယမ်းလိုက်သည်။ ခုနစ်လက်မသာ ရှိသော ဓားပျံလေးက လီကျင်လုံရှေ့ လှည့်ပတ်သွား၏။ လီကျင်လုံလည်း ခပ်မြန်မြန်ရှောင်၍ လှည့်ကာ ထွက်လာသည်။
မော့ရစ်ကန်း၊ အားထိုက်နဲ့ ချိုယုံစစ်တို့သည် တစ်ချိန်တည်းတွင် အတူတူ ပြေးဝင်လာလေ၏။ ဟုန်ကျွင့် ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မမြင်ရသေးမီတွင် လူသုံးဦးက တစ်ချိန်တည်းတွင် လီကျင်လုံရဲ့ ပခုံးကို တွန်းထုတ်လိုက်ကြသည်။
ဟုန်ကျွင့် သတိပေးလိုက်သော်ငြားက လူတိုင်းက အချိန်မီ မရပ်တန့်နိုင်သောကြောင့် လေးလံသောလက်ကို ဆက်လက် အသုံးပြုနေကြဆဲဖြစ်သည်။ လီကျင်လုံခမျာ အိမ်ရှေ့ခန်းထဲသို့ လွင့်ဝင်သွားပြီးနောက် ပြတင်းပေါက် တံခါးကို ထိမှန်ကာ မြေပေါ်သို့ လဲကျကာ သတိလစ်သွားခဲ့သည်။
ဟုန်ကျွင့် မျက်မှောင်ကြုတ်လိုက်သည်။ သူ့လက်ချောင်းတွေကို ဓားနဲ့ ခြစ်မိသွားတာကြောင့် သူ့လက်တွေက သွေးတွေ ပြည့်နေပြီ။ မော့ရစ်ကန်းက မျက်မှောင်ကြုတ်ပြီး စစ်ဆေးဖို့ ထွက်လာခဲ့၏။
“မင်း ဒဏ်ရာရသွားတာလား.... ဒီလူက မင်းနဲ့ ဘယ်လိုရန်ငြိုးတွေ ရှိနေတာလဲ?"
ငါးကြင်းနတ်ဆိုးသည် ဘယ်ညာကြည့်ကာ တံခါးအပြင်ဘက်ရှိ ဖန်းချန်ချင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ဖန်းချန်ချင်မှယ ပါးစပ်ကိုဖွင့်ကာ အချိန်အတော်ကြာအောင် ပြန်မထတော့ဘဲ ကြက်သေသေနေရာ ငါးကြင်းနတ်ဆိုးက ထအော်လိုက်တော့သည်။
“နောက်တစ်ယောက် ရှိသေးတယ်... သူ့ကို မပြေးစေနဲ့!"
အားထိုက်နဲ့ ချိုယုံစစ်တို့ ချက်ချင်း ပြန်လှည့်လိုက်သော ဖန်းချန်ချင်မှာ သူ့ညာလက်ထဲက တုတ်နဲ့ ထိုးညွှန်ရင်း အော်တော့၏။
"မိ....မိ.....မိစ္ဆာ!"
ချိုယုံစစ်သည် ဖန်းချန်ချင် ရင်ဘတ်ပေါ်သို့ တစ်ချက် ကန်ထည့်လိုက်ကာ အားထိုက်ကလည်း ကြိုးနှစ်ချောင်းကို တိတ်တဆိတ် ပစ်ချလိုက်ပြီး သူတို့လက်နှင့် ခြေတို့ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားလိုက်သည်။
တစ်နာရီကြာပြီးနောက် ဟုန်ကျွင့် လက်များကို ပတ်တီးများဖြင့် စည်းလို့ ပြီးသွားသည်။ ညီအကိုများဖြစ်သော အားထိုက်တို့သည် သတိလစ်သွားကြသော လီကျင်လုံနဲ့ ဖန်းချန်ချင်တို့ကို ပင်မခန်းမဆောင်ထောင့်၌ ပစ်ချထားလေသည်။
"သူ့နာမည်က လီကျင်လုံ... သူက သေမျိုးလူသား အစောင့်တစ်ယောက်ပဲ... အဲဒီနေ့က ချန်အန်းမြို့အပြင်ဘက်မှာ ငါ မိစ္ဆာတစ်ကောင်ကို လိုက်ဖမ်းနေတာ..."
ဟုန်ကျွင့်သည် ခြံဝင်းထဲက လူသုံးယောက်ကို သူတို့ ဇာတ်လမ်းအကြောင်း ရှင်းပြပြီး နှလုံးမီးအိမ်အကြောင်း ပြောတဲ့အခါ နားထောင်နေတဲ့ ငါးကြင်းနတ်ဆိုးက အပိုမပြောသင့်ကြောင်း အချက်ပြလာဘူးတာကြောင့် ခေတ္တရပ်လိုက်ပြီး အဲ့အပိုင်းကို ကျော်သွားလိုက်သည်။ ပြောပြီးနောက် အားလုံးက အံ့သြသွားကြသည်။
"ဒါက နားလည်မှုလွဲနေတာပဲ" မော့ရစ်ကန်းက ဆိုသည်။
"ဒီလူက မင်းကို နတ်ဆိုးတစ်ကောင်လို့ ထင်နေလို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာကိုး... ကံကောင်းထောက်မစွာနဲ့ မင်း ဒဏ်ရာက မပြင်းထန်သွားဘူး"
မော့ရစ်ကန်းသည် သူတို့အား ကြိုးဖြည်ပေးရန် ခြေလှမ်းပြင်နေပြီ ဖြစ်သော်လည်း ငါးကြင်းနတ်ဆိုးသည် တစ်စုံတစ်ခုကို လိပ်ယူကာ ဟုန်ကျွင့်ဒူးကို ခေါက်ချလိုက်သည်။
"ဒါက ဘာလဲ"
ဟုန်ကျွင့်က လှမ်းယူရင်း ပြောတော့ ငါးကြင်းနတ်ဆိုးက ဆိုသည်။
“သူတို့က အဲဒါကို တံခါးအပြင်မှာ ပစ်ချခဲ့တာ!"
ချိုယုံစစ်က ၎င်းကိုယူ၍ ဖြန့်ကျက်ပြီး တော်ဝင်အမိန့်စာ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသောအခါ သူက အသံထွက် ဖတ်လိုက်လေသည်။
“ယနေ့ ဧကရာဇ်မင်းမြတ်သည် ရာဇပလ္လင်တော်ပေါ်၌ တည်ရှိနေ၍ လောက၌ ချမ်းသာသုခများ ပေါ်ထွန်းလာစေခဲ့သည်.... တိကုန်းဟာ ထန်မင်းဆက်၏ နတ်ဆိုးနှိမ်နင်းဌာနကို တည်ထောင်ခဲ့ပါ၏....ဧကရာဇ်မင်း၏ အမိန့်တော်ကြောင့် အခုအချိန်မှာစ၍ လုံဝူစစ်သူကြီး လီကျင်လုံကို နတ် နတ်နတ်နတ်..... နတ်ဆိုးနှိမ်နင်းဌာန၏ ခေါင်း ခေါင်း ခေါင်းခေါင်းဆောင်အဖြစ် ခန့်အပ်စေ!"
ဧကရာဇ်အမိန့်ကို ဖတ်ကြားနေသည့် ဘေးပတ်ပတ်လည်ရှိ လူများက တစ်ချိန်တည်းတွင်ပင် ခေါင်းလှည့်၍ ခန်းမအတွင်းရှိ သတိလစ်နေသော လီကျင်လုံကို လှည့်ကြည့်လိုက်၏။ တစ်ချိန်တည်းမှာပင် ခေါင်းငုံ့ကာ ဧကရာဇ်အမိန့်ပြန်တမ်းကို ကိုင်ဆောင်ထားသော ချိုယုံစစ်၏ လက်ကို တစ်ချက် ပြန်ကြည့်လျက် နှုတ်ခမ်းထောင့်တို့ တုန်လှုပ်သွားကြသည်။