Chapter (7)
ဟိုင်းမြန်းဟော်ပီး
လမ်းသွယ်ထဲမှာတော့ ညဘက်မှာ ခွေးဟောင်သံတွေ ရံဖန်ရံခါ ထွက်လာတာကလွဲလို့ တိတ်ဆိတ်နေလေသည်။ မီးအိမ် အနည်းငယ်သာရှိရာ ငါးကြင်းနတ်ဆိုးက သူ စောစောလာဖို့ သတိပေးတာကို နားမထောင်ဘူးဟု ဆိုကာ အပြစ်တင်ပြန်သည်။ အခုတော့ အားလုံး ဂွမ်းပြန်ပြီ။ မီးတွေက မှောင်မည်းနေပြီမလို့ ကမ္ပည်းပြားတွေတောင် ပျောက်နေပြီ ဖြစ်ရာ နတ်ဆိုးနှိမ်နင်းဌာနကို ဘယ်မှာ သွားရှာရမလဲ မသိတော့ချေ။
ဟုန်ကျွင့် ခဏရပ်လိုက်ပြီး လှည့်ပတ်ကြည့်နေစဥ် မြို့တွင်း၌ ဗုံတီးသံများ ရပ်တန့်သွားလေသည်။ သို့နှင့် လျှာကိုက်ကာ တံခါးကို သွားခေါက်ကြည့်လိုက်သည်။ ဘယ်သူမှ မတုံ့ပြန်ပေ။ အိမ်ပေါင်းများစွာကို ခေါက်ပြီးနောက် နောက်ဆုံးတွင် ဟုန်ကျွင့်၏ မျက်နှာတွင် မီးခွက်ကို ဝှေ့ယမ်းနေသော အသံတိတ် အဘိုးအိုတစ်ဦးနဲ့ပဲ တွေ့ရရာ ညည်းညူရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ဘဲ လှည့်ထွက်လာခဲ့ရသည်။
လမ်းကြားထဲတွင် စွန့်ပစ်ထားသော အိမ်တစ်လုံး ရှိ၏။ အချိန်အတော်ကြာ ဘယ်သူမှ သန့်ရှင်းရေးမလုပ်ဘဲ ပစ်ထားခဲ့တာကြောင့် ပေါင်းပင်များဖြင့် ပြည့်နေလေသည်။ ဟုန်ကျွင့်လည်း ဖုန်များကို ဂရုမစိုက်ဘဲ မြေပြင်ပေါ်တွင် လှဲချကာ လှဲပြီးပြီးချင်းမှာပဲ အိပ်ပျော်သွားခဲ့သည်။
ထိုညတွင် တိမ်ညိုတိမ်မည်းများက လရောင်ကို ဖုံးလွှမ်းထားခဲ့လေသည်။ ရှင်းချင့်နန်းတော်အတွင်း နက်ရှိုင်းသော လေပြင်းများ မှုတ်ထုတ်လိုက်ရာ ပိတ်ကျဲစ ကုလားကာများ တဖျပ်ဖျပ်ခတ်ကာ ဖယောင်းတိုင်မီးသည် လေတိုက်ရာအတိုင်း တဖျပ်ဖျပ် လွင့်ကုန်သည်။
အနက်ရောင် ၀တ်စုံကို တောက်တျယ်ပုံစံဖြင့် ဝတ်ဆင့်ထားသည့် မြင့်မြတ်သော အမျိုးသမီးတစ်ဦးသည် ခန်းမဆောင်ထဲရှိ ပင်မထိုင်ခုံတွင် ထိုင်နေ၏။ သူမဘေးရှိ အမျိုးသား သုံးဦးအနက်မှ တစ်ဦးမှာ သွေးစွန်းနေသည့် လက်တစ်ဆုပ်စာ ပျံဝဲနေသော အရာဝတ္ထုတစ်ခုကို အင်္ကျီအတွင်းမှ ဖုံးကွယ်လျက် ထုတ်ယူလိုက်လေသည်။
"ဒါက ဘာလဲ" အမျိုးသမီးက မေးလေသည်။
"ဖေးအောင် မြို့ပြင်မှာ အမဲလိုက်ရင်း ဓားနဲ့ အထိုးခံလိုက်ရတာပါ..."
အမျိုးသားက ဆိုလေသည်။
"တမင်နန်းတော်ကို သွားခွင့်ပြုပါ... အရင်ဆုံး သူအနာကျက်တဲ့အထိ ရှောင်ရမယ်ထင်တယ်"
မြင့်မြတ်သော အမျိုးသမီးသည် သူမ၏သွယ်လျသော လက်ချောင်းများဖြင့် ပျံသန်းနေသောဓားကို ကောက်ကိုင်လိုက်သည်။ သူမ၏ မျက်ခုံးမွှေးများက ၎င်းကို တစ်ခဏတာ ကြည့်နေသော်လည်း နတ်ဓားပျံသည် သူမ၏ ကျက်သရေရှိပြီး ဂုဏ်သိက္ခာရှိသော မျက်နှာကို ထင်ဟပ်သွားစေသည်။
"မမြင်ဖူးဘူး" ဓားပျံကို ဗန်းပေါ်ပြန်ချကာ ပြက်ပြက်သားသား ဆိုလိုက်သည်။
“တစ်ယောက်ယောက် လာနေပြီ”
နောက်ထပ် လူတစ်ယောက်က ပြောလာသည်။
“နှစ်တွေတောင် တော်တော်ကြာနေပြီ”
မြင့်မြတ်သော အမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။
“အခုမှ ရောက်လာတယ်ပေါ့... ဒီဓားပျံကို မနက်ဖြန် ဘုရင်မင်းမြတ်ဆီ အပ်လိုက်မယ် ... သူဘယ်လို စီရင်မလဲ ကြည့်ကြတာပေါ့...ဓားပျံပိုင်ရှင်ကရော??"
"လီကျင်လုံဆီက လိုက်ဖမ်းခံရတယ်... နှစ်ယောက်သား တိုက်ခိုက်ခဲ့ကြသေးတယ်" ဟု တတိယလူက ပြောပြလေသည်။
"ကျွန်တော် လိုက်ရှာတာ ပျောက်သွားပြီ... စိုးရိမ်မိတာက..."
"ဟားဟားဟား--" မြင့်မြတ်သော အမျိုးသမီးက တုန်လှုပ်ခြောက်ခြားစရာ ကောင်းလောက်အောင် ရယ်မောလိုက်ပေ၏။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ... ရူးမိုက်မိုက်ရိုင်း လီကျင်လုံက နတ်ဆိုးတွေကို သတ်ဖို့ အိပ်မက်မက်နေတုန်းပဲတဲ့လား"
"မနေ့ညက အဖြစ်အပျက် ပြီးတော့ ဖေးအောင်က မြို့ရဲ့ထိပ်မှာ မတော်တဆ ပေါ်လာခဲ့တော့ အပြင်မှာ ကောလာဟလတွေ ထွက်လာခဲ့တယ်...ချန်အန်းမှာ နတ်ဆိုးတစ်ကောင် ရှိနေပြီတဲ့"
"အို" မြင့်မြတ်သော အမျိုးသမီးက သံရှည်ဆွဲလိုက်လေသည်။
"ချန်အန်းမှာ နတ်ဆိုးတစ်ကောင် ရှိတယ်တဲ့လား... ဒါပထမဆုံးအကြိမ် ကြားရတာပဲ ဧကရာဇ်က ရာဇပလ္လင်ပေါ် ရှိနေတယ် ကမ္ဘာကြီးကလည်း ငြိမ်းချမ်းနေတယ်... နတ်ဆိုးက ဘယ်ကနေ ပေါ်လာပါလိမ့်... ဓားပျံပိုင်ရှင်ကို အရင်ရှာရအောင်... ရှာပြီးရင် ဖေးအောင်ရှေ့ ခေါ်သွားပြီး ကျွေးလိုက်..."
.....
ဆောင်းဦး၏ နံနက်စောစောတွင် လေထဲက ကျေးငှက်တချို့၏ တေးဆိုသံများ ထွက်ပေါ်လာခဲ့လေသည်။ ပြီးနောက် တစ်ခဏအကြာတွင် စွန့်ပစ်ထားသော အိမ်အပြင်ဘက်ရှိ သစ်ပင်ပေါ်မှ အတောင်ပံခတ်သံများ ထွက်ပေါ်လာကာ ငှက်များအားလုံး ပျံသန်းသွားကြသည်။
ခြံရှေ့တွင် ရုတ်တရက် ကျယ်လောင်သော ဆူညံသံ တစ်ခုကြောင့် ဟုန်ကျွင့်လည်း အိပ်ပျော်နေရာမှ နိုးလာခဲ့သည်။ ငါးကြင်းနတ်ဆိုးလည်း ရုတ်တရက် လန့်နိုးလာ၏။ ဟုန်ကျွင့် သူ့အိတ်ကို ချွတ်ပြီးနောက် ငါးတစ်ကောင် မြေပြင်ပေါ်သို့ ခုန်ဆင်းသွားခဲ့သည်။
"ဘာဖြစ်နေတာလဲ.. ဘာဖြစ်နေတာလဲ!"
ချက်ချင်းပင် ရေထဲက ငါးကြင်းကဲ့သို့ ခုန်ပေါက်သွားသော်လည်း သတိဝင်လာတော့ ခြေထောက်ကို လှန်ကာ သပ်သပ်ရပ်ရပ် မတ်တပ် ထရပ်လိုက်ပြီး ဘယ်ညာကြည့်ကာ ဆို၏။
"ဒါက ဘယ်မှာလဲ"
"တစ်ယောက်ယောက်ရှိလား"
ထိုစဥ် ယောက်ျားပျိုတစ်ယောက်က ဆိုကာ အိမ်ရှေ့ခန်းတံခါးကို ဖွင့်ကာ လျှောက်ဝင်လာခဲ့လေသည်။ ဟုန်ကျွင့်လည်း ချက်ချင်းပင် သူ့မျက်နှာကို ဖုံးအုပ်ရန် လက်ကို မြှောက်လိုက်ရသည်။ မှုန်ဝါးနေသော နေရောင်အောက်တွင် အရပ်ကိုးပေ၊ ပိန်ပိန်ပါးပါး လူငယ်လေးက သူ့အား အံ့အားသင့်စွာ ကြည့်နေတာကို တွေ့လိုက်ရသည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ခဏလောက် စိုက်ကြည့်နေကြ၏။ တစ်ဖက်လူရဲ့ မျက်နှာ နက်နဲတယ်၊ သူ့ပါးရိုးတွေ မြင့်တယ်၊ သူ့မျက်ခုံးတွေက လင်းယုန်အမွေးတွေလို ထူထဲပြီး သူ့နှုတ်ခမ်းတွေက ကောင်းကောင်း ထုဆစ်ထားသလို ကြည့်ကောင်းပေသည်။ သူ့အသားရောင်သည် တစ်နှစ်ပတ်လုံး နေရောင်နှင့် ထိတွေ့ထားသည့်နှယ် ကျန်းမာသော ကြေးဝါရောင်ဖြစ်သည်။ ပုခုံးမှာ အနက်ရောင် အမဲလိုက် လေးတစ်စင်းကို လွယ်ထားပြီး မုဆိုးတစ်ယောက်လို ခါးမှာ ပတ်ထားတဲ့ အိတ်တစ်လုံးလည်း ရှိ၏။
ထိုလူသည် ကျယ်ဝန်းသောပခုံးနှင့် ခါးကျဉ်းကျဉ်းလေးရှိပြီး သိုးသားအမဲလိုက် အင်္ကျီကို ၀တ်ထားသော်လည်း ထူးထူးခြားခြား ဖြစ်နေဆဲဖြစ်သည်။
ငါးကြင်းနတ်ဆိုးက သူ့ရင်ဘတ်သူ ဖိလျက် ဆိုလေ၏။
“နတ်ဆိုးကို သေအောင် ခြောက်နေတာပဲ”
လူငယ်သည် ငါးကြင်းနတ်ဆိုးကို မြင်သောအခါ ရုတ်တရက် လန့်ဖျပ်သွားပြီး သူ့နောက်ကျောဘက်က မြှားတစ်စင်းကို ဆွဲထုတ်ကာ လေးရှည်ကို ဆွဲဆန့်လိုက်ပေသည်။ ဟုန်ကျွင့်လည့း ငါးကြင်းနတ်ဆိုး၏ ရှေ့တွင် ချက်ချင်းရပ်လိုက်ပြီး။
"ဒီနတ်ဆိုးက လူတွေကို ဒုက္ခမပေးပါဘူး... ငါက နတ်ဆိုးနှင်သူပါ...!"
တစ်ဖက်ကလည်း ငါးကြင်းနတ်ဆိုး ဖြတ်ပြောနေမည်ကို စိုးရိမ်သဖြင့် ခပ်မြန်မြန် ပြောလိုက်သည်။
"ကျောက်ကျစ်လုံ... ပေါက်ကရတွေ မပြောတော့နဲ့!"
လူငယ်က သူ့လေးနှင့်မြှားကို ဖယ်လိုက်ပြီး ဟုန်ကျွင့်ကို သံသယစိတ်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မင်းက နတ်ဆိုးနှင်သူလား... နတ်ဆိုးနှင်သူက ဘယ်လိုဖြစ်လို့ နတ်ဆိုးတစ်ကောင်ကို သယ်လာရတာလဲ... ဘယ်သူ့ကို အစီရင်ခံရမှာလဲ?"
ဟုန်ကျွင့်က "အစီရင်ခံရမှာလား"
လူငယ်က သူ့လက်ကို မြှောက်၍ ဟုန်ကျွင့်ရဲ့ ခေါင်းထိပ်ကို ညွှန်ပြပြီး သူ့ကို ကြည့်ဖို့ လှုံ့ဆော်ပေးလေသည်။ ဟုန်ကျွင့်လည်း မျှော်ကြည့်လိုက်သော် တထန်နတ်ဆိုးနှိမ်နင်းရေးဌာန ဟူသော စာလုံးငါးလုံးပါသော ကမ္ဗည်းပြားကို စွန့်ပစ်ထားသော အိမ်ရှေ့ခန်းတွင် ချိတ်ဆွဲထားတာ တွေ့လိုက်ရပေသည်။
......
ရှင်းချင့်နန်းတော်ရဲ့ ဥယျာဉ်ထဲမှာတော့ နံရံအပြင်ဘက်က ကောင်းကင်ယံမှာ တိမ်တွေဖုံးလွှမ်းနေသော်လည်း အလွန် ပူပြင်းနေလေသည်။ လီလုံကျီးသည် ယန်ယွိဟွမ်ကို ပူးကပ်ကာ ဖက်ထားပေမယ့် အရမ်းပူတာကြောင့် သူမနဲ့ ခွဲခွာခဲ့သည်။ သို့သော် သူမကို ဖက်ထားချင်ပြန်သည့။ ခဏကြာတော့ သူတို့နှစ်ယောက်သည် ချွေးတွေ ရွှဲနစ်နေတဲ့ကြားမှ ဇီးရည်ကို သောက်ရင်း လက်ချောင်းချင်း ချိတ်ထားဖို့ကလွဲလို့ ရွေးစရာ မရှိတော့ပေ။
သခင်မကော်ကော်သည် ဘေးနားရှိ လိုင်ချီးသီးများကို အခွံခွာပြီး ငါးရောင်ခြယ် ဖန်ဇလုံတစ်ခုထဲသို့ ထည့်ကာ ရေခဲတုံးများဖြင့် အအေးခံထားပေးလေသည်။ ယန်ကော်ကျုံးသည် အခွံခွာထားသော လိုင်ချီးသီးများကို ဖမ်းဆုပ်ကာ ယူစားနေ၏။
"လုံဝူစစ်တပ်ရဲ့ ခေါင်းဆောင် လီကျင်လုံက ညတုန်းက မြို့ထဲမှာ ကင်းလှည့်နေတာကို သူ့အပျိုကိုပေါက်ဖို့ အခွင့်ကောင်းယူတယ် ဆိုပဲ... သူ့လက်အောက် ငယ်သားတွေကလည်း အရက်မူးပြီး ရန်ဖြစ်ကြတယ်တဲ့... နောက်နေ့ အိပ်ရာက နိုးလာတော့ ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးလေ... ဒါကြောင့် သူက ကြီးမားတဲ့ ဟာသတစ်ခုကို ဖန်တီးခဲ့တယ်လို့ ပြောနေကြတာ...”
ယန်ကော်ကျုံးက ဝမ်းသာအားရ ပြောပြလေသည်။ ထိုအခါ သခင်မကော်ကော်ကလည်း။
"အဲဒီလူကို သေချာလေး ကိုင်တွယ်မှ ဖြစ်လိမ့်မယ်... သူ့ရဲ့ ထိန်းချုပ်မှုမှာ ပေါ့လျော့တယ်၊ သူ့တာဝန်ကို လစ်လျူရှုတယ်၊ ဧကရာဇ်ကို လှည့်စားတယ်၊ ကောလဟာလတွေ ဖြန့်တယ်..."
ယန်ယွိဟွမ်က ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်နှယ် ဝင်ထောက်လိုက်သည်။
"လီကျင်လုံက စစ်သူကြီးဖန်းရဲ့ ဝမ်းကွဲ မဟုတ်လား!"
"သူပဲ!" ယန်ကော်ကျုံးကလည်း ထောက်ခံလေသည်။
"ချန်ချင်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် တရားရုံးကို ပြန်လာပြီး ဒီညီငယ်လေးကို ခရီးခေါ်သွားပြီး စစ်ရေးအရ အမြတ်ထုတ်မယ်လို့ မျှော်လင့်ထားတာလေ... သူက အဲဒီညီလေးကိုတောင် အကြံပေး ထောက်ခံပေးဖို့တောင် စာရေးခဲ့သေးတယ်... သူသာ ပြည်နှင်ဒဏ်ခံရပြီး နှစ်အနည်းငယ်လောက် စစ်သားအဖြစ် တာဝန်ထမ်းဆောင်နေရင် ဒီလောက် စိတ်ရှုပ်စရာ မလိုတော့ဘူး..."
လီလုံကျီးသည် တဟားဟားနဲ့ ရယ်ရင်း ပြောတော့မယ့် အချိန်မှာ သူ့အမူအရာကို ကြည့်ရင်း ယန်ယွိဟွမ်မှာ သည်းမခံနိုင်တော့ဘဲ ဝင်ဆိုလေ၏။
“စစ်သူကြီးဖန်းက တိုင်းပြည်အတွက် စစ်ရေးအရ အောင်မြင်မှု ရလာတာဆိုတော့ သူ့ညီဝမ်းကွဲကို ပြည်နှင်ဒဏ်ပေးလိုက်တာက သိပ်မသင့်တော်ပါဘူး... နောက်ဆုံးတော့ လူငယ်တွေက သွေးဆူတတ်တဲ့ အမျိုးအစားပဲလေ”
"...အဲဒီနှစ်တုန်းကဆို တိကုန်းက အသက်ကြီးပြီး မူးလဲမတတ် ဖြစ်နေတာတောင် နတ်ဆိုးတွေ၊ နတ်ဆိုးတွေ ဆိုတဲ့ အကြောင်းပဲ တစ်နေကုန် ပြောနေခဲ့တာလေ.... 'နတ်ဆိုးနှိမ်နင်းဌာန' ကိုလည်း တည်ထောင်ခဲ့တယ်မလား... အဲဒီဌာနကို စည်းကမ်းထိန်းသိမ်းရေးဌာမက တိုက်ရိုက် စီမံခန့်ခွဲခဲ့ပြီး နောက်ပိုင်း မြို့တော်ကိုလည်း အတူတူ ပြောင်းရွှေ့လာခဲ့တယ်မလား..."
ယန်ယွိဟွမ်က "ကျွန်မ ငယ်ငယ်ကကိစ္စကို မှတ်မိသေးတယ်..."
"ရှင် မြေခွေးဖြူအကြောင်း ထပ်ပြောတော့မယ်ဆိုတာ ကျွန်မ သိတယ်နော်"
သခင်မကော်ကော်က ပြုံးလျက် ဆိုလေသည်။
လီလုံကျီးက "ဒါကိုပြောရရင် ငါလည်း ငယ်ငယ်တုန်းက.... ကောင်းကင်ကို ယဇ်ပူဇော်နေတဲ့ အချိန်မှာ ရေထဲမှာ ကူးခတ်နေတဲ့ နဂါးနက်တစ်ကောင်ရဲ့ နောက်ကျောကိုတောင် မြင်ခဲ့ရသေးတယ်"
အဲဒီနောက် ယန်ယွိဟွမ်က ပြုံးပြီးပြော၏။
"ဒါက ကံတရားပဲလေ... ကမ္ဘာပေါ်က လူတွေက သူ့ရဲ့အလှကို မသိတဲ့အတွက် နတ်ဆိုးလို့ ခေါ်ကြတာ.... အရှင့်ရဲ့ ဘုန်းကံက ကံတရားရှိတယ်ဆိုတဲ့ ကံတရားရဲ့ သက်သေ မဟုတ်လား..."
"ဟုတ်တယ်" လီလုံကျီးက ခေါင်းညိတ်လေသည်။
"ကောင်းပြီ.... လီကျင်လုံမှာ အံ့သြစရာကောင်းတဲ့ အကြံဉာဏ်တွေ ရှိပြီး အစွမ်းအစတွေ ရှိတယ်ဆိုမှတော့ သူ့ကို နတ်ဆိုးနှိမ်နင်းဌာနကို တာဝန်ခံဖို့ စေလွှတ်ကြမယ် ဘယ်လိုလဲ"
ယန်ကော်ကျုံး၊ ယန်ယွိဟွမ်နဲ့ သခင်မကော်ကော်တို့ အားလုံး ထိတ်လန့်သွားပြီး ယန်ယွိဟွမ်ကတော့ ပြုံးလိုက်၏။ သခင်မကော်ကော်ရဲ့ ပါးစပ်ထောင့်က အနည်းငယ် လှုပ်သွားသော်လည်း သူမ မည်သို့ ပြန်ပြောရမည် မသိနေချေ။
လီလုံကျီးက "ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ... နတ်ဆိုးနှိမ်နင်းဌာနက ဘယ်မှာလဲဆိုတာ ငါမသိဘူး.... ဒါပေမဲ့ ရှိမယ်လို့ ထင်တာပဲ.... လူက လုံဝူစစ်တပ်ထဲက ဖြစ်နေတယ်ဆိုတော့ သူ စစ်တပ်ထဲမှာ ဆက်နေလို့ မရနိုင်တော့ဘူး... သူ့ကို အစောင့်အကြပ်လုပ်ဖို့ လွှတ်လိုက်တာပဲ ကောင်းမယ်... နတ်ဆိုးနှိမ်နင်းဌာနကို ပေးသွားပြီး ဖန်းချန်ချင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်..."
ယန်ကော်ကျုံး: "..."
......
စွန့်ပစ်ထားသော အိမ်ထဲတွင် ဟုန်ကျွင့်နှင့် ချောမောသော လူငယ်လေးသည် စုရပ်က ဤနေရာဖြစ်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။ သို့သော် ဤနေရာသည် နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားခဲ့ရသည်မှာ သိသာထင်ရှားလှပြီး အိမ်ရှေ့ခန်းမကိုပင် ပင့်ကူမျှင်များဖြင့် ဖုံးအုပ်ထားလေ၏။ စတုတ္ထမြောက် ခြံဝင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် အတွင်းဘက်နေရာသည် အမှန်တကယ် ကျယ်ဝန်းလှတာ တွေ့လိုက်ရသည်။ အိမ်ရှေ့ခန်းမကို လှည့်ကြည့်လိုက်တော့ ယိုယွင်းနေတဲ့ သေတ္တာပေါင်းများစွာပါတဲ့ ကျယ်ဝန်းတဲ့ ဟင်းလင်းပြင်တစ်ခု ရှိပေမယ့် အထဲမှာ ဘာမှ မရှိတော့ပေ။
လူငယ်၏အမည်မှာ မော့ရစ်ကန်း ဖြစ်ပြီး သူသည် ရှစ်ဝေက နာမည်ကြီးသော မိသားစုမှ ဖြစ်သည်။ အမှန်တကယ်တွင် သူသည်လည်း သတင်းပို့ အစီရင်ခံရန် လာရောက်သော နတ်ဆိုးနှင်သူ တစ်ဦးဖြစ်သည်။ သူက ဟုန်ကျွင့်အား သတင်းပို့လာသည့် စာလွှာအား ကြည့်နိုင်မလားဟု တောင်းဆိုလာသည်။
ဟုန်ကျွင့်က အသာပေး၍ အပြင်ဘက်တွင် ဂရုတစိုက် ကြည့်ရှုနေခဲ့သည်။ ပေးစာနှစ်စောင်ပါ ယေဘူယျ သတင်းစကားမှာ ချန်အန်းတွင် နတ်ဆိုးများ ခိုအောင်းနေပြီး နိုင်ငံတစ်ဝှမ်းမှ အထွတ်အမြတ်ထားသော မိသားစုများမှ ပါရမီရှင်များကို ချန်အန်းရှိ နတ်ဆိုးနှိမ်နင်းဌာနသို့ သတင်းပို့ရန် ဖိတ်ကြားထားခြင်း ဖြစ်သည်။
မော့ရစ်ကန်း စာကိုဖတ်နေချိန်မှာ ဟုန်ကျွင့်ဟာ စွန့်ပစ်ထားတဲ့ ခြံဝန်းထဲ လှည့်ပတ်သွားလာနေခဲ့သည်။ တံစက်မြိတ်ထက် မြင့်သော ခြံဝင်းအတွင်း၌ စိုက်ထားသော သဖန်းပင်တစ်ပင်ကို တွေ့လိုက်ရသောအခါတွင် ရင်ထဲက ရင်းနှီးမှုကို ခံစားလိုက်ရလေ၏။ ခြံဝင်းသည် အရှေ့နှင့်အနောက်ဘက်ခြမ်းကို စင်္ကြံနှစ်ခုဖြင့် ချိတ်ဆက်ထားပြီး စင်္ကြံများပေါ်တွင် သံချေးတက်နေသော နံရံတစ်ခုစီတွင် အခန်းတံခါးများနှင့် ပြတင်းပေါက်များသည် ပုပ်ပွနေပြီး ကြွက်များလည်း ပတ်ပြေးနေကြသည်။
အတွင်းဘက် အဆုံးတွင် ကျယ်ဝန်းသော ခန်းမတစ်ခု ရှိသည်။ ခန်းမကျယ်ကြီးထဲတွင် ဝါးထိုင်ခုံ တစ်လုံးရှိကာ ကော်ဖီစားပွဲတစ်ခုလည်း ရှိပေမယ့် အချိန်ကြာလာသည်နှင့်အမျှ အရာအားလုံးမှာ ကွဲသွားပြီဖြစ်လို့ ကြွေခွက်တချို့လည်း သစ်သားစားပွဲ အောက်မှာသာ ရှိနေကြသည်။
အိမ်နောက်ဖေးတွင် မြင်းစောင်းများနှင့် အလုံပိတ် အနောက်တံခါးများ ရှိသည်။
"ခုန်ဟုန်ကျွင့်"
စာကို ဖတ်ပြီးနောက် အိမ်ရှေ့ခန်းရှိ မော့ရစ်ကန်းသည် လျင်မြန်စွာ ပြေးလာ၏။ သူ့ခေါင်းက တံခါးဘောင်ကို ထိလုနီးပါးတောင် ဖြစ်နေပြီ။
"ငါတို့စာတွေက အတူတူပဲ..."
ဟုန်ကျွင့် "ထူးဆန်းလိုက်တာ..."
သူ့စိတ်ကူးထဲတွင် ထန်မင်းဆက်၏ နတ်ဆိုးနှိမ်နင်းဌာနသည် ဒဏ္ဍာရီအစိုးရနှင့် မတူဘဲ လူများစုဝေးဖြင့် စည်ကားနေရာ နေရာဖြစ်လေသည်။ ယခုမူ ဘယ်သူမှ မရှိနေသော ဟောင်းနွမ်းသည့် အဆောက်အဦးကြီး ဖြစ်နေပေသည်။ ဒါဆို စာက ဘယ်သူပို့တာလဲ။
တောင်ပေါ်က မဆင်းခင် ချင်းရှုံသည် စာက ဘယ်ကလာတယ် ဆိုတဲ့ အကြောင်း တစ်ခါမှ မပြောခဲ့ဖူးသလို သူ့မိသားစုက ဘယ်လိုလူမျိုးလဲ ဆိုတာလည်း မပြောခဲ့ပါဘူး။ သို့သော် ဤအမြင်အရ တစ်စုံတစ်ယောက်သည် ၎င်းကို လက်ဖြင့် ကူးယူကာ တစ်ယောက်ပြီး တစ်ယောက်ဆီ ပေးပို့ကာ စာကို "တိ" ဟု ရေးထိုးခဲ့သည်။
"စာပို့သူက တိရန်ကျယ်များလား" မော့ရစ်ကန်းက ဆိုလိုက်သည်။
"သူသေသွားတာ နှစ်အတော်ကြာပြီ မဟုတ်ဘူးလား"
"မင်းတို့ နံရံကို ကြည့်လိုက်ဦး!"
ငါးကြင်းနတ်ဆိုးသည် ပင်မခန်းမတွင် ရပ်ကာ ခေါင်းကို ဘေးတိုက်စောင်းလျက် အော်ပြောလိုက်သည်။
ဟုန်ကျွင့်:"ဟင်?"
ဟုန်ကျွင့် ရှေ့သို့ လှမ်းကာ နံရံပေါ်ရှိ ဖုန်မှုန့်များကို သုတ်လိုက်ရာ နံရံပေါ်တွင် ခရမ်းရောင် အ၀တ်အစားများ ၀တ်ထားသည့် အရာရှိတစ်ဦး ထိုင်နေသည့် ပန်းချီအား ထွင်းထုထားတာကို တွေ့လိုက်ရသည်။
"ဒါသူပဲ!!" မော့ရစ်ကန်း ပြောလိုက်သည်။
"နတ်ဆိုးနှိမ်နင်းဌာနကို ရွှေ့လိုက်တာများလား" ဟုန်ကျွင့် မေးသည်။
“စာထဲမှာ ပါတဲ့နေရာက ဒီနေရာပဲလေ... ဒါ့ထက် ဒီနေရာကြီး နှစ်တော်တော်ကြာ စွန့်ပစ်ထားခဲ့တာ သေချာတယ်... ဒါက ယာယီ ရွေ့ပြောင်းမှုလို့ မထင်ဘူး"
ဟုန်ကျွင့်လည်း ပျက်စီးနေသော အတားအဆီးများကို ကျော်ဖြတ်ကာ ပန်းချီကားရှေ့တွင် ခဏတာ ရပ်လိုက်သည်။ တောင်တန်းများနှင့် မြစ်များကို ဖြတ်သန်းကာ နောက်ဆုံး မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ပြီး နောက်ဆုံးတွင် သူစိတ်ကူးထားသည့် အရာနှင့် လုံးဝခြားနားနတာကို တွေ့လိုက်ရသည်။ ရုတ်တရက် သူသည် တောင်ပေါ်ကို အကြာကြီး တက်လိုက်ရသကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်သွားလေ၏။ အဲဒီအခိုက်အတန့်မှာပဲ ခြံရှေ့က နောက်ထပ်အသံ ထပ်ကြားလိုက်ရသည်။
"အိုက်ယိုး! တံခါးတော့ ပြုတ်သွားပြီ... တစ်ယောက်ယောက် ရှိလား"
စတိုင်ကျသော အသွင်အပြင်၊ အနီရောင်စစ်ဝတ်လုံကို ဝတ်ဆင်ပြီး စောင်းတစ်လတ်နဲ့ ဟူလူမျိုး လူငယ်တစ်ယောက် ခြံဝင်းထဲမှာ ရပ်နေသည်။ သူ့အနောက်၌ အထုတ်အပိုး ခရီးဆောင်အိတ် ကြီးကြီး ငယ်ငယ်တွေကို ထမ်းလာသူ နှစ်ယောက်လည်း ပါကာ ၎င်းတို့က ခရီးဆောင်အိတ်တွေကို ခြံထဲ ယူလာကြစဥ် လူငယ်က ငွေစပေးချေနေ၏။
အရပ်မြင့်မြင့်နှင့် မျက်လုံးနက်နက်၊ ဆံပင်ကောက်ကောက် ရှိသော လူငယ်လေးသည် သူ့လက်ချောင်း၌ လက်စွပ်လေးကွင်းကို ဝတ်ဆင်ထားကာ နီလာအပြာရောင် ကျောက်မြတ်များ စီခြယ်ထားသည့် ယပ်တောင်တစ်လတ် ကိုင်ထားပြီး သူ့ခေါင်းပေါ်တွင် တင်ထားသည်။ သူက ပတ်ဝန်းကျင်ကို ဘယ်ညာကြည့်ရတာ စိတ်ရှုပ်နေပုံရလေသည်။
မော့ရစ်ကန်းနဲ့ ဟုန်ကျွင့်တို့ အိမ်ရှေ့ခန်းမှ ထွက်လာခဲ့သည်။
"ဟေး--!"
လူငယ်က အော်လိုက်ရာ နှစ်ယောက်စလုံး လန့်သွားခဲ့သည်။
"ဟေး ဟိုင်းမြန်းဟော်ပီ---" ဟူလူငယ်က လက်နှစ်ဖက်ကို ဖွင့်ပြီး ဆိုလိုက်သည်။
"ထန်မင်းဆက်ရဲ့ ချစ်လှစွာသော သူငယ်ချင်းတို့ မင်္ဂလာပါ----"
ထို့နောက် ချက်ချင်းပင် လူငယ်သည် ရှေ့သို့ လျင်မြန်စွာ လျှောက်သွား၍ မော့ရစ်ကန်းကို ဦးစွာ ပွေ့ဖက်လိုက်ပြီး ဟုန်ကျွင့်ကိုလည်း အားတင်းတင်းဖြင့် ပွေ့ဖက်လိုက်သည်။
"ငါက ထိုက်လောပုတာမီရာ့... ဟော့မီဟော့ခဲ့... ဟန့်မော့လာပီ..." ဟူလူငယ်က နှုတ်ဆက်လေသည်။
"ငါ့ကို အားထိုက်လို့ ခေါ်လို့ရတယ်"
အားထိုက်ဟုခေါ်သော ဟူလူငယ်သည် သူ့ကိုယ်သူ မိတ်ဆက်ကာ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်လျက် ဖြည်းညှင်းစွာ ပြန်ရွေ့သွားလေသည်။
“ခွင့်လွှတ်ပါ... ဒါထန်မင်းဆက်ရဲ့ နတ်ဆိုးနှိမ်နင်းဌာနလား... ဒါက ကျွန်တော့်ရဲ့ အကြံပြုစာပါ.... ဘယ်တစ်ယောက်က တာဝန်ရှိ အရာရှိလဲ??"
မော့ရစ်ကန်းနဲ့ ဟုန်ကျွင့်တို့ တစ်ချိန်တည်းတွင် အံသြသွားသော်လည်း မေးခွန်းများ မမေးမီတွင် နောက်တစ်ယောက်က ထပ်ဝင်လာခဲ့သည်။
"တစ်ယောက်ယောက်ရှိလား?"
သူတို့ သုံးယောက် တစ်ပြိုင်နက် ခေါင်းကို လှည့်ကြည့်လိုက်တော့ အရပ်မြင့်မြင့် စာရေးဆရာကြီး အသွင်ဖြင့် လူငယ်တစ်ဦး ခြံအပြင်ဘက်ကနေ ခေါင်းထည့်လျက် လှည့်ပတ် စူးစမ်းကြည့်နေတာကို တွေ့လိုက်ရလေ၏။
"ကျွန်တော်မျိုးက ကျန်းနမ် ဇာတိကဖြစ်တဲ့ ချိုယုံစစ်ပါ.... ..."
စာရေးတော်ကြီးက သူ့လက်ကို ရင်ဘတ်ရှေ့၌ ဆုပ်လျက် ဂါဝရပြုလိုက်သည်။
"အဖိုးက အကြံပြုပြီး ဒီကိုလာခဲ့ပါ... ဘာဖြစ်နေတာလဲ? မင်းတို့ရဲ့....အမူအရာတွေက..."
"ဒီလောက်....ထူး...ဆန်းရလား??? အမ်? နတ်ဆိုးနှိမ်နင်းဌာနမှာ ဘာလို့ နတ်ဆိုးတစ်ကောင်က ရှိနေတာလဲ?!"
တစ်နာရီရဲ့ လေးပုံတစ်ပုံလောက် ကြာတော့ လူတိုင်းက စာတစ်စောင်စီ ယူလာပြီး တစ်ယောက်နဲ့တစ်ယောက် ရှုပ်ယှက်ခတ်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေကြလေသည်။
"ဒါကတော့ မဟုတ်သေးဘူး... မင်းတို့အားလုံး သတင်းပို့ဖို့ ရောက်နေကြတာလား... တလီတရားရုံးက တာဝန်ခံထားတာများလား"
ရှစ်ဝေဇာတိ မော့ရစ်ကန်းက မေးလေသည်။
စာပေပညာရှင် ချိုယုံစစ်က "ဒီကိုမလာခင် ငါ တလီတရားရုံးကို အရင်သွားခဲ့သေးတယ် ဒါပေမဲ့ သူတို့က ဂရုတောင်မစိုက်ဘူး"
တိုင်းတစ်ပါးသား တစ်ဦးဖြစ်တဲ့ အားထိုက်ကလည်း ဆိုသည်။
"ငါလည်း ဟုန်လူတရားရုံးမှာ မေးခဲ့ပေမယ့် သူတို့လည်း ဂရုမစိုက်ဘူး"
လူလေးယောက်က ဝိုင်းထိုင်ပြီး တိတ်ဆိတ်သွားကြသည်။ လူလေးယောက်စလုံးက အစီရင်ခံစာကို လက်ခံ ရရှိကြပေမယ့် ပေါင်းပင်တွေ ပေါများနေတဲ့ မြေကြီးပေါ်မှာ စွန့်ပစ်ထားတဲ့ စွန့်စားခန်းတစ်ခုဆီသာ ရောက်လာခဲ့ကြရသည်။
"တစ်ခုခုတော့ သံသယဝင်စရာပဲ"
အားထိုက်က သူ့လက်ချောင်းတွေကို ဝေ့ယမ်းလိုက်ရင်း ခန်းမထဲမှ မော့ရစ်ကန်းကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။
"ငါက ထူဟောလော်မှာ နေတယ်... ညီအစ်ကို မော့ရစ်ကန်းက မြက်ခင်း လွင်ပြင်ကြီးမှာ ရှိတယ်... ဒီက ညီအစ်ကို အလှလေးက...."
"ငါ့နာမည်က ဟုန်ကျွင့်ပါ... ခုန်ဟုန်ကျွင့်..."
"မင်းဘယ်မှာနေတာလဲ" အားထိုက်က ပြုံးပြီးမေး၏။
"ထိုက်ဟန်တောင်တန်း"
"မင်းရော?"
အားထိုက်က စာပေ ပညာရှင် ချိုယုံစစ်ကိုလည်း လှည့်မေးလိုက်သည်။
"အနောက်ရေကန်"
"ငါတို့အားလုံးက အနီးကလူရော အဝေးကလူရော ပါတယ်... စာရတဲ့ အချိန်တွေကျတော့ မတူကြဘူး... ဘာလို့ အဲ့နေ့မှ ချန်အန်းကို ရောက်လာကြတာလဲ?"
"ဟုတ်သားပဲ!" ဟုန်ကျွင့် ထောက်ခံလိုက်သည်။
"အို?" ချိုယုံစစ်က "မင်းတို့လည်း အခုမှ ရောက်တာလား"
"ဟုတ်တယ်" မော့ရစ်ကန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြပြီး။
"စာပို့တဲ့သူကို ငါတို့ရှာတွေ့သရွေ့ အမှန်တရားကို နားလည်နိုင်မှာပါ"
ဟုန်ကျွင့် စဥ်းစားလိုက်သည်။ ဒီလူက ချင်းရှူံဆီကို စာပို့နိုင်ရင် အဲ့လူက သူ ယောင်ကျင်းနန်းတော်မှာ ရှိနေတယ်ဆိုတာ အဲ့လူ သိနေတယ်လို့ ဆိုလိုတာလား။ ဒါဆိုရင် တိရန်ကျယ်နဲ့ သူ့အဖေက သိကောင်းသိနေနိုင်သည်။ အနည်းဆုံး စာပေးပို့သူသည် ထိုအချိန်က ဖြစ်ပျက်ခဲ့တာတွေကို သိနေနိုင်၏။
ဟုန်ကျွင့် ခဏလောက် တုံ့ဆိုင်းသွားပြီး မေးလိုက်၏။
"နောက်ထပ် လူထပ်လာဦးမယ်လို့ ထင်လား?"
အားထိုက်သည် သူ့နှုတ်ခမ်းပေါ်က တင်းမာသော အပြုံးဖြင့် ခေါင်းညိတ်လိုက်ပြီး ဆိုသည်။
"ဟုတ်တယ် ငါတို့အခု လုပ်သင့်တာက ခဏစောင့်ကြည့်တာပဲ..."
ဘာသာပြန် - ပြောစရာလေး ရှိလို့ပါ။ အသွေးရဲ့ တရုတ်စာစကေးက ကျွမ်းကျင်အဆင့် မဟုတ်ပါဘူး။ ဒါကြောင့် ဘာသာပြန် အမှားအယွင်းလေးများ ရှိရင် ဖြည့်တွေးစေလိုပါတယ်။ ဂရုတစ်ခုမှာ ဘယ်သူမှ ဆက်မပြန်ဘူးဆိုလို့ ယူပြန်လိုက်ခြင်း ဖြစ်ပါတယ်။ အမှားပါရင် သည်းခံပေးပါနော်။
ဒါနဲ့လေ ဟုန်ကျွင့်လေးကို အားရပါးရ ဖက်လိုက်ရတဲ့ ပထမဆုံး လူက အားထိုက် ဖြစ်နေတယ်ရော။ 😂။ လီကျင်လုံကတော့ ဒေါသပုန်ထနေဆဲ။