ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ခုနှစ်စင်ကြယ်နန်းတော်
Chapter (5)
ရေအရိပ်
"ဟေး သခင်လေးရယ်... ငါ့ကို မခြောက်စမ်းပါနဲ့... ငါက အဲဒီစကားမပြောနိုင်တဲ့ အရာကို အကြောက်ဆုံးပဲ.... သူတို့က မြင်းသူခိုးတွေပဲလို့ ပြောရင်တောင် ငါတခွေရဲ့ မျက်စိထဲ လုံးဝထည့်မှာ မဟုတ်ဘူး... အခုဒါကြီးက ဘာကြီးမှန်းတောင် မသိဘူး ငါ့ခြေထောက်တွေကို ကြည့်ဦး ပျော့ခွေနေပြီ!!"
တခွေလိုပဲ ဝူရှဲ့ခမျာလည်း ဒီမှာဆက်နေဖို့ မဖြစ်တော့ဘူးလို့ ကိုယ့်ကိုကိုယ် တွေးပြီး စိတ်မသက်မသာ ဖြစ်နေတုန်း ကြိုတင်သတိပေးချက် တစ်ခုက သူ့နှလုံးသားထဲ ဆက်တိုက် ဝင်လာခဲ့သည်။ အဲဒါက သူ့အပေါ် စိတ်ပျက်စရာကောင်းတဲ့ ဒီလှိုဏ်ဂူရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုလား ဒါမှမဟုတ် တခြားအရာ တစ်ခုခုကြောင့်လားတောင် မသိတော့ချေ။
"ဘာပဲဖြစ်ဖြစ်.... အခု အရေးကြီးဆုံးက ဒီက မြန်မြန်ထွက်ဖို့ပဲ အခု ကျွန်တော်တို့က လက်ရှိနေရာနဲ့ ဆန့်ကျင်ပြီး မျောပါနေတာ.... ဆိုတော့ ဒီကိုရောက်တုန်းကထက် မြန်မြန် ပြန်ထွက်နိုင်လိမ့်မယ်... အပေါက်ကိုရောက်ဖို့ ဆယ်မိနစ်ထက် မနည်းဘူးဆိုတော့ အပြင်ထွက်တာက ပြဿနာ မရှိလောက်ဘူး"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် သခင်လေးရှောင်စန်း ပြောတာ မှန်တယ်"
တခွေက ကမန်းကတန်း သဘောတူပြီး
"သခင်သုံး... တစ်ခုခုပြောပါဦး အဆိုးဆုံးကတော့ ကျွန်တော်တို့ ဒီကထွက်ပြီးရင် တောင်ပေါ်ကို တက်သွားပြီး ပစ္စည်းအားလုံးကို ကျွန်တော် သယ်ပေးပါ့မယ် ကျွန်တော်က သန်မာတယ်လေ တစ်ရက် နှစ်ရက်လောက် ကြာမယ်ဆိုရင်တောင် လိုအပ်တဲ့အချိန်က သိပ်မကွာခြားဘူး မဟုတ်လား? "
သခင်သုံးကတော့ အအေးပုလင်းကို တစ်ချက်ကြည့်လိုက်ပြီး မေးလေ၏။
“အစ်ကိုလေး ဘယ်လိုထင်လဲ?”
ထိုအခါ အအေးပုလင်းက
"အခုထွက်ဖို့ အရမ်းနောက်ကျမှာကို ကြောက်ရတယ်... အဲဒီလူနှစ်ယောက် ငါတို့ကို ဝင်ခွင့်ပြုလိုက်တယ် ဆိုကတည်းက ငါတို့အပြင်ကို ထွက်လို့ မရဘူးဆိုတာ ပိုင်နိုင်နေလို့ ဖြစ်မယ်"
"အပြင် မထွက်နိုင်ဘူး ဆိုရင် အသက်မသေမချင်း ဒီမှာစောင့်နေရမှာလား"
ဖန့်ကျစ်က သူ့ကိုကြည့်ကာ ပြန်မေးလိုက်သည်။ အအေးပုလင်းက ဖန့်ကျစ်ကို တစ်ချက်ကြည့်ပြီး သူ့ခေါင်းကို ပြန်လှည့်ကာ မျက်လုံးပါ မှိတ်ထားလိုက်သည်။ ဖန့်ကျစ်လည်း ငြင်းပယ် ခံလိုက်ရသောကြောင့် ဦးလေးသုံးဘက် လှည့်၍။
"ဒီလို လုပ်ရအောင်... ကျွန်တော်တို့ ရှေ့ဆက်သွားလို့တော့ လုံးဝ မရဘူး... အားခွေကို ကြည့်လိုက် သူသေမှာကြောက်လို့ ဒူးတောင် တုန်နေပြီ... ကျွန်တော်တို့ ပြန်လှည့်ကြမယ်... ဝင်တဲ့လမ်းက မရှုပ်ထွေးဘူး ငါတို့ ထွက်သွားနိုင်ရင် ချီမန်သွမ့်ကျနဲ့ တကယ်တွေ့ရင် ကျွန်တော်တို့ နည်းလမ်း ထပ်ရှာကြမယ်!"
"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ" ဦးလေးသုံးက ခေါင်းညိတ်ကာ ဖန့်ကျစ်အား ပြောလိုက်သည်။
"မိုင်းတွင်းမီးခွက်ကို အရှေ့နဲ့ အနောက်မှာ ထားလိုက်.... သေနတ်တွေကို မောင်းတင်ထား! အားခွေနဲ့ တူကြီးက လှော်တက်တွေကို ကိုင်ထား... အစ်ကိုလေး ကျေးဇူးပြုပြီး လမ်းပြပေးပါဦး”
အသီးသီး သဘောတူကြပြီး ဖန့်ကျစ်က နောက်ထပ် မိုင်းတွင်းမီးခွက်ကို ထုတ်ကာ အနောက်ဖက်မှာ ထွန်းညှိထားလိုက်သည်။
“သခင်သုံး ဒီနွားကို ရေထဲ လွှတ်လိုက်ပါလား? မဟုတ်ရင် ဒုတိယလှေကို ဆွဲနေတဲ့ ဝါးလုံးက ထိန်းထားနိုင်မှာ မဟုတ်ဘူး”
မိုင်းတွင်းမီးခွက်က အရှေ့ဘက်သို့ ညွှန်ပြနေသောကြောင့် သူတို့ လုံးဝ ဂရုမစိုက်မိဘဲ အနောက်တွင် လှေတစ်စင်း ရှိနေတာကို မေ့နေခဲ့မိသည်။ ယခုမြင်လိုက်ရတော့ ဝူရှဲ့ တုန်လှုပ်ခြောက်ခြားသွား၏။
သူခိုးဟောင်း နှစ်ယောက်က ရေရဲ့ အမြင့်ကို သေချာစဉ်းစားပြီး နွားကို ဆွဲလာခဲ့တာ ဖြစ်မည်။ နွားကို ရေထဲကို တွန်းချဖို့ မပြောနဲ့ လှည်းရဲ့ ကိရိယာတွေ နဲ့ နွားက အရမ်းကြမ်းနေလို့ လှေကို ဆွဲရင်လည်း ဝါးလုံးက မထိန်းနိုင်ဘဲ ပြိုကျသွားနိုင်သည်။ ဒီလိုနဲ့ အနောက်က လှေက သူတို့ကို အခက်တွေ့စေပြန်၏။
အဲဒီအချိန်မှာတော့ ဂူရဲ့နက်နဲတဲ့ နေရာကနေ ထူးဆန်းတဲ့ အသံတစ်ခု ထပ်ပြီး ကြားလိုက်ရပြန်သည်။ နောက်ဆုံးအကြိမ်ထက် ပိုနီးကပ်သွားတယ် ဆိုတာ သိသာလေသည်။
အဲဒီအသံက မရေတွက်နိုင်တဲ့ သရဲတစ္ဆေလေးတွေရဲ့ တီးတိုးသံလိုပဲ လူတွေကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေသည်။ ဝူရှဲ့ မတ်တပ်ရပ်လိုက်သော် ကြားရတဲ့ အသံက အလွန် ထူးဆန်းလာသည်။
ရုတ်တရက် ဒီအသံကြောင့် ဝူရှဲ့ရဲ့ အာရုံတွေ စွဲဆောင်ခံလိုက်ရသည်။ သူ သူ့စိတ်အာရုံကို အကြိမ်ကြိမ် ရုပ်သိမ်းချင်ခဲ့ပေမယ့် ချက်ချင်း ပြန်ဆွဲဆောင်ခံလိုက်ရသည်။တစ်ခုခု မှားနေပြီ။ ဒီအသံနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ ထူးဆန်းနေပြီ။
အဲဒါကိုသိပေမယ့် အာရုံတွေ ပြန်မရနိုင်တော့ဘဲ ခဏကြာတော့ သူ့စိတ်တစ်ခုလုံး အဲဒီအသံတွေနဲ့ ပြည့်နေတော့သည်။ ထိုအခိုက်အတန့်မှာ တစ်ယောက်ယောက်က သူ့ကို ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်ရာ ရေထဲ ပြုတ်ကျသွားလေ၏။
ချက်ချင်း သူ့ခေါင်းထဲက အသံတွေ အားလုံး ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပဲ ဖန့်ကျစ်လည်း ပြုတ်ကျလာတာ မြင်လိုက်ရသည်။ နောက်တော့ ဦးလေးသုံးနဲ့ အားခွေ၊ နောက်ဆုံးတော့ အအေးပုလင်းလည်း မိုင်းတွင်းမီးခွက်နဲ့ ခုန်ဆင်းလာခဲ့သည်။
ရေထဲမှာဆို အသံက တော်တော် မှုန်ဝါးသွားပြီးတော့ သူတို့ကို လုံးဝ မထိခိုက်ပေမယ့် ရေထဲမှာရှိတဲ့ အရာတွေကို သာမန်မျက်စိနဲ့ မြင်နေရသည်။ တော်တော် မှုန်ဝါးကာ လိုဏ်ဂူရဲ့ ကြမ်းတမ်းတဲ့ ကောက်ကြောင်းကိုတော့ မြင်နေရသည်။ အအေးပုလင်းက ရေအောက်ကို လက်ညှိုးထိုးပြပြီး အလင်းတန်းတစ်ခု လင်းထိန်သွား၏။
ရေက သိပ်မနက်သလို သဲဖြူဖြူ တစ်လွှာကိုလည်း တွေ့နိုင်သည်။ အောက်ခြေမှာ လှည့်ပတ်ကြည့်တော့ အပင်တွေဘာတွေ မတွေ့ချေ။ ငါးနဲ့ ပုဇွန်လည်း မရှိ။ အသက်မရှူနိုင်လို့ ရေထဲမှာ ခဏပဲငုပ်ပြီး ပြန်ထလာတဲ့အခါ မျက်လုံးနှစ်လုံးက အပေါ်ကနေ တွဲလောင်းကျနေတဲ့ သွေးစွန်းနေတဲ့ မျက်နှာကို ရုတ်တရက် တွေ့လိုက်ရလေ၏။
၎င်းက ဝူရှဲ့ကို စိုက်ကြည့်နေသည်။ ဝူရှဲ့လည်း သူ့ကိုပဲ စိုက်ကြည့်နေပြီး သူကလည်း ဝူရှဲ့ကိုပဲ ပြန်စိုက်ကြည့်နေသည်။
ဒီလူက သူတို့အတွက် လှေထိုးပေးနေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားပဲ ဆိုတာကို ဝူရှဲ့ မှတ်မိသွားသည်။ လှမ်းကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းတစ်ခြမ်းပဲ ကျန်တော့ပြီး ဂူခေါင်မိုးပေါ်မှာ အနက်ရောင် ပိုးကောင်ကြီး တစ်ကောင်က ကိုက်ထားလေသည်။
သူ့ကိုယ်တွင်း အင်္ဂါတွေက တွဲလျောင်းကျလျက် ရံဖန်ရံခါ လှုပ်နေသေးသည်။ ဝူရှဲ့ ချက်ချင်းပဲ ထိတ်လန့်သွား၏။
အိုဘုရားရေ ဒီလောက် ကြီးကြီးကျယ်ကျယ် ကြီးပြင်းလာဖို့အတွက် လူသေ ဘယ်နှစ်ကောင်တောင် စားခဲ့တာလဲ!
ထိုအချိန်တွင် ဖန့်ကျစ်ရဲ့ ခေါင်းကလည်း တစ်ဖက်မှာ ပေါ်လာခဲ့သည်။ ကံမကောင်းစွာဖြင့် ဖန့်ကျစ်သည် ဝူရှဲ့လို ကံကောင်းခြင်း မရှိခဲ့ချေ။ သူက ဘာဖြစ်နေမှန်း နားမလည်မီတွင် ပိုးကောင်ကြီးဆီက “အော်သံ” ထွက်လာပြီး အလောင်းက ဖန့်ကျစ်ရဲ့ ခေါင်းပေါ်တည့်တည့်ကို ပြုတ်ကျလာခဲ့သည်။
ဖန့်ကျစ်လည်း တိုက်ခိုက်နိုင်သူ တစ်ယောက် ဖြစ်သည်။ ဤအခြေအနေတွင် သူဘယ်ဘက်လက်ကို လှည့်လိုက်သောအခါ ဘယ်အချိန်က ရောက်နေမှန်း မသိသော ဓားက သူ့လက်ထဲတွင် ပေါ်လာ၏။
သူ့ခေါင်းပေါ်က အလောင်းနဲ့ အတူပါလာတဲ့ အင်းဆက်ပိုးကောင်ရဲ့ ခြေရင်းအောက် ဓားဖြင့် တိုက်ရိုက် စောင်း၍ တစ်ချက် ထိုးချလိုက်သည်။ အကယ်၍ သူတို့သာ ပိုးကောင်ကြီးဆီမှာ ဖမ်းမိသွားပါက ငရဲမင်းထံ သူတို့ရောက်လာကြောင်း ချက်ချင်း သတင်းပို့ရပေလိမ့်မည်။
ပိုးကောင်က အော်ဟစ်ရင်း ဖန့်ကျစ်ရဲ့ ခွန်အားကို မခံနိုင်တဲ့အတွက် လက်သီးတစ်ချက် အကျွေးခံလိုက်ရသည်။ ဒီအဖြစ်အပျက်တွေက လျှပ်စီးလက်သလို ဖြစ်သွားပြီး ဖန့်ကျစ်မှာ ဝူရှဲ့ကို မမြင်ဘဲ သူ့မျက်နှာပေါ်က ပိုးကောင်ကိုသာ အသည်းအသန် တိုက်ခိုက်နေ၏။
ဖန့်ကျစ်က သနားစရာ ကောင်းနေပြီဟု သူ့စိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။ သို့သော် ရုတ်တရက် သူ့ကျောပေါ်ကို ပိုးကောင်တစ်ကောင်က ခုန်တက်လာ၏။
ဖန့်ကျစ်တစ်ယောက်က သူ့ကို ဘယ်လို ကာကွယ်ရမယ် ဆိုတာကို မကြာခဏ ပြောတတ်ပေမယ့် အခု အရေးကြုံလာတဲ့အခါ သူ့ကိုယ်သူ အနိုင်နိုင် ကာကွယ်နေရပြီ။ သူ့မှာ ဓားတစ်လက် ရှိပေမယ့် မိမိမှာတော့ လက်နှစ်ဖက်သာ ရှိလေသည်။
ပိုးကောင်က တကယ့်ကို ရိုင်းစိုင်းလှသည်။ သူက ချွန်ထက်တဲ့ ခြေသည်းတွေကို သုံးပြီး ဝူရှဲ့ရဲ့ အရေပြား အပိုင်းအစတွေကို လှီးဖြတ်ပစ်ချင်နေသည်။ ဝူရှဲ့ သွားတွေကိုကြိတ်ပြီး လှုပ်ဖို့ကြိုးစားပေမယ့် မထင်မှတ်ပဲ သူ့ခြေသည်းတော်တော်များများမှာ ဆူးတွေနဲ့ ခိုင်မြဲစွာ ချိတ်ထားလေ၏။
သူ့အဝတ်အစားတွေက သူ့အသားထဲကို တိုက်ရိုက် ချိတ်ထားတာကြောင့် နာကျင်လွန်းလို့ ငိုတောင် ငိုချင်လာသည်။
ထိုအချိန်တွင် အအေးပုလင်း ပေါ်လာ၍ ထိန်းမရတော့တာကို မြင်လိုက်ရသောအခါ ပြေးချလာပြီး ပိုးကောင်၏ ကျောထဲသို့ လက်နှစ်ချောင်းကို ထိုးထည့်လိုက်သည်။ အားပြင်းပြင်းနဲ့ ဆွဲထုတ်လိုက်ရာ အဖြူရောင် အသားတချို့ ပေါ်လာခဲ့သည်။
သနားစရာ ပိုးကောင်သည် သိပ်မကြာခင်မှာပဲ ပိုးကောင်အလောင်း အဖြစ် လှေပေါ် ပစ်ချခံလိုက်ရတော့သည်။
တခွေက အအေးပုလင်းရဲ့ ပုခုံးကို ပုတ်လိုက်ပြီး
"အစ်ကိုလေး... ငါမင်းကို ချီးကျူးတယ်.... ဒီလောက်ကြီးတဲ့ ပိုးကောင်ကြီးရဲ့ အူတွေကို ဆွဲထုတ်လိုက်တာ တကယ် အံ့သြစရာပဲ!"
"သွားစမ်းပါ!!"
ဖန့်ကျစ် တခွေကို မျက်စောင်းထိုးရင်း သူ့ခေါင်းမှာ သွေးထွက်သံယို အပေါက်နှစ်ပေါက်နဲ့ ပြောပေမယ့် ကံကောင်း ထောက်မစွာနဲ့ ကြီးကြီးမားမား ထိခိုက်မသွားချေ။
"ဒါကို ဗဟိုအာရုံကြောစနစ်လို့ ခေါ်တယ်.... သူသာ အဲဒီပိုးကောင်ကို တိုက်ရိုက် သေစေချင်ရင် သေနေလောက်ပြီ!"
"မင်းပြောချင်တာက ဒီပိုးကောင်က မသေသေးဘူးလား"
တခွေက ခြေတဝက်နဲ့ လှေပေါ်ကို တက်နေပြီ ဖြစ်သည်။ ဒါကိုကြားတော့ သူ့ခြေထောက်ကို ရေထဲ ပြန်ထည့်လိုက်ပေ၏။ အအေးပုလင်းက လှေပေါ်ကို ခုန်တက်လိုက်ကာ ပိုးကောင်ကို ကန်ထုတ်လိုက်သည်။
"သူ့ကိုသတ်လို့ မရသေးဘူး... ဒီအလောင်းကျင်းထဲက ထွက်နိုင်ဖို့ သူ့ကို အားကိုးရမယ်"
“ဒီပိုးကောင်က အစောတုန်းက အသံကို ထုတ်လွှတ်နေတာလို့ ထင်လား?”
ဦးလေးသုံးက မေး၏။ အင်းဆက် အော်သံကို အခုနတုန်းက အကြိမ်အနည်းငယ် ကြားလိုက်ပေမယ့် တူလား မတူလားတော့ မသေချာချေ။
အအေးပုလင်းက အင်းဆက်ပိုးကောင်ကို လှန်လိုက်တော့ သူ့အမြီးမှာ လက်သီးဆုပ် အရွယ် ဆဋ္ဌဂံပုံပါတဲ့ ကြေးနီအလုံပိတ် လေသံခေါင်းလောင်းတစ်လုံး ရှိနေတာကို တွေ့လိုက်ရလေသည်။ ဘယ်အချိန်ကတည်းက တပ်ထားမှန်း မသိသော်လည်း အရောင်ကတော့ ပြောင်းနေပြီ။
ဖန့်ကျစ်က ပိုးကောင်ကို ခြေဖြင့် ကန်လိုက်ရာ ဆဋ္ဌဂံခေါင်းလောင်းသည် ရုတ်တရက် သူ့ဘာသာသူ လှုပ်ရှားသွားတော့သည်။
အသံက အခုနက ကြားရတာနဲ့ အတူတူပဲ။ ဒါပေမဲ့ အခုနက ကြားရတဲ့ အသံက မှိန်မှိန်ဖျော့ဖျော့နဲ့ လေထဲက လွင့်မျောလာသလိုမျိုး အခု ဒီအသံက အရမ်း အစစ်အမှန် ပုံစံဖြစ်မည်။
ဤဆဋ္ဌဂံ ခေါင်းလောင်း အတွင်းတွင် အလွန်ဆန်းကြယ်သော ယန္တရားတစ်ခု ရှိနိုင်ပြီး ၎င်းသည် ဆွေးမြေ့ခြင်းမရှိပဲ နှစ်ထောင်ပေါင်းများစွာ ကြာအောင် ကြာရှည်ခံနိုင်သည်။ ၎င်းကို ရွှေ သို့မဟုတ် ငွေဖြင့် ပြုလုပ်ထားသည်ဟု ယူဆရ၏။ မဟုတ်ပါက ဘယ်လိုလုပ် သူ့ဘာသာသူ အသံထွက်နိုင်ပါ့မလဲ။
သူ့အား ချိတ်ပိတ်ထားသည့် ရှေးဟောင်းပစ္စည်းမှ လွတ်မြောက်လိုသော မကောင်းဆိုးဝါး ဝိညာဉ်တစ်ခု ရှိနေသကဲ့သို့ ခေါင်းလောင်းသံက ပိုပို၍ ပြင်းထန်စွာ မြည်လာရာ ဝူရှဲ့ အံ့သြမိသည်။ ကံမကောင်းစွာဖြင့် ဤအရာသည် သေးငယ် လွန်းသောကြောင့် သူအအား အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားမိစေသည်။
ဖန့်ကျစ် ဒဏ်ရာကို နေရာတိုင်းလိုလို ကျွမ်းကျင်စွာ ပတ်တီးစည်းနေရင်း ခေါင်းလောင်း မြည်သံကို ကြားလိုက်ရသဖြင့် စိတ်ဆိုးသွားကာ နင်းချေပစ်ရန် ကြိုးစားသော်လည်း ပိုးကောင်ရဲ့ အပေါ်မှာ ကြေးခွံပါရှိမည်ဟု မမျှော်လင့်ထားပေ။ တကယ်တော့ ရှက်စရာ ကောင်းလောက်အောင် ခေါင်းလောင်းသံက သူ့ခြေထောက်အောက်မှာ အက်ကွဲသွားကာ အလွန်ဆိုးရွားသော အနံ့အသက်နဲ့ အစိမ်းရောင် ရေစီးကြောင်းတစ်ခု ထွက်လာခဲ့သည်။
ဦးလေးသုံးကတော့ ဒေါသ အရမ်းထွက်ပြီး ဖန့်ကျစ် ခေါင်းကို လက်သီးတစ်ချက်နဲ့ ထိုးပစ်ချင်နေ၏။ သို့သော် သူ့ခေါင်းမှာ အပေါက်နှစ်ပေါက် ရှိနေပြီမို့ နောက်တစ်ကြိမ် ထပ်ထိုးလိုက်ရင် သူပါ ခေါင်းလောင်းနဲ့ တူသွားနိုင်သည်။ ဦးလေးသုံးက အရှုံးပေးလိုက်ပြီး ဆူပူကြိမ်းမောင်းခြင်းနဲ့ အစားထိုးလိုက်သည်။
"ကောင်လေး မင်းခြေထောက်ကို ပိုရိုးသားပေးစမ်းပါ... ဒီအရာက အနည်းဆုံးတော့ ရှေးဟောင်း လက်နက်တစ်ခုကွ!! မင်းက ဒီလိုကန်ချက် တစ်ချက်လောက်နဲ့ ဖျက်ဆီးပစ်လိုက်ပြီ"
"သခင်သုံး... ကျွန်တော်လည်း သူဒီလောက် အားနည်းနေမယ်လို့ မသိခဲ့ဘူးလေဗျာ"
ဖန့်ကျစ်က ထိုအရာအပေါ် စိတ်ဆိုးနေတုန်းပါပဲ။ ဦးလေးသုံးသည် ဒေါသအလွန်ထွက်ကာ ခေါင်းယမ်း၍ ကြေးအပိုင်းအစများကို ဓားဖြင့်ဖယ်ထုတ်လိုက်သည်။ အတွင်းဘက်တွင် အရွယ်အစား အမျိုးမျိုးရှိသော ခေါင်းလောင်းငယ်များ ပါရှိပြီး ပျားလပို့များကဲ့သို့ တစ်လုံးပြီးတစ်လုံး ချိတ်ဆွဲထားသည်။
အခေါင်းပေါက်ကြီးက ထိုအလုံးများဖြင့် ပြည့်နေပြီး ယခုနက နင်းလိုက်ခြင်းကြောင့် အက်ကွဲသွားလေပြီ။ အတွင်းဘက်တွင် အစိမ်းရောင်ကင်းခြေများ ဦးခေါင်းကို ပြားပြားကပ်နေကာ အစိမ်းရောင် ရေစီးကြောင်းက ကင်းခြေများ ခန္ဓာကိုယ်မှ ထွက်လာသော ရေစိမ်းစိမ်းများ ဖြစ်ပေသည်။
ဦးလေးသုံးသည် အခေါင်းပေါက်ကို ဓားဖျားဖြင့် လှန်လိုက်ရာ ကြီးမားသော အလောင်းနှင့် ဆက်နွှယ်နေသည့် အစိတ်အပိုင်းထဲသို့ တိုက်ရိုက် ထည့်သွင်းထားသည့် ပြွန်တစ်ခု တွေ့လိုက်ရလေသည်။
"ကင်းခြေများ ဗိုက်ဆာလာရင် ဒီပြွန်ကို ဖောက်ပြီး အလောင်းကို စားဖို့ အလောင်းဗိုက်ထဲကို ဝင်သွားလိမ့်မယ်... ဒီလိုသက်ရှိ ပေါင်းစပ်မှု ယန္တရားကို ဘယ်လိုများ စဥ်းစားခဲ့ကြတာလဲ?"
လှေသမား၏ ခန္ဓာကိုယ်တစ်ဝက်သည် ရေပေါ်တွင် မျောပါကာ နစ်မြုပ်သွားခဲ့သည်။ ဦးလေးသုံးလည်း သက်ပြင်းချကာ
“ဒါကို ကိုယ်ကျိုးရှာတဲ့ ဒုက္ခလို့ ခေါ်တယ်.... သူတို့က ငါတို့ကို ဒီဂူထဲမှာ တစ်ယောက်တည်း ထားခဲ့ပြီး ငါတို့ မသေမချင်း စောင့်နေချင်ခဲ့တာပဲ....ပြီးတော့ ငါတို့ပစ္စည်းတွေကို ယူမယ်ပေါ့ ဒီနေ့ ဘာဖြစ်သွားမှန်း မသိပေမယ့် သူတို့ ဒီအလောင်းလက်ထဲမှာ သေသွားတာ တကယ်ကို ထိုက်တန်တယ်!”
"ဒါက တိုက်ဆိုင်မှုတော့ မဟုတ်ဘူးလို့ ခေါ်ရမယ်... ကျွန်တော်တို့ကံက သိပ်တော့ မဆိုးသေးပါဘူး"
ဝူရှဲ့ကလည်း ဆိုလိုက်သည်။ ဖန့်ကျစ်ကတော့ ခေါင်းခါလိုက်ပြီး
"ဒီအကောင်ရဲ့ ခြေသည်းတွေက လူကို အချိန်တိုအတွင်းမှာ တစ်ဝက်လောက်ထိ ကိုက်ဖြတ်နိုင်လောက်တဲ့ အင်အားတော့ရှိမှာ မဟုတ်ဘူး.... အဲ့ဒီလောက် ခွန်အားတွေ ရှိရင် ငါ့ဦးနှောက်ကိုတောင် တစ်ခါတည်း ဖောက်ထုတ် ပစ်နိုင်လိမ့်မယ်... ကြည့်ရတာ တစ်ကောင်တည်းတော့ မဟုတ်လောက်ဘူး ဒီတစ်ကောင်က တိုက်ခိုက်ပြီး တစ်ယောက်တည်း စားချင်နေတာ ဖြစ်မယ်"
တခွေသည် အလွန် စိတ်အေးလက်အေး ဖြစ်နေပြီ ဖြစ်သော်လည်း သူပြောတာကို ကြားပြီးနောက် မတတ်နိုင်ဘဲ တံတွေးကို မျိုချမိလိုက်သည်။
"စိတ်မပူပါနဲ့... အစ်ကိုလေးက ဒီတွင်းထဲက ထွက်ဖို့ ဒီအကောင်ကို အားကိုးရမယ်လို့ ပြောခဲ့တယ်မလား! ဒီအလောင်းကြီးကို လှေပေါ်တင်ပြီး ငါတို့အတွက် လမ်းဖွင့် ခိုင်းလိုက်ရအောင်... သူတို့က အလောင်းကောင်တွေကို တစ်သက်လုံး စားလာတော့ ယင်ဓာတ်တွေ တအားများတယ်... ဒီအလောင်းဂူထဲမှာ သူတို့က အုပ်စိုးရှင်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်.... သူ့ကို ငါတို့လှေပေါ်တင်သွားရင် ငါတို့ ထွက်သွားနိုင်မှာ သေချာတယ်"
ဦးလေးသုံးက ဆိုလေ၏။
"လာ... ငါတို့ နောက်မဆုတ်ဘူး ငါတို့ရှေ့မှာ ဒီလောက်ကြီးတဲ့ အင်းဆက်ကြီး ဘယ်ကနေ ပေါက်လာနိုင်တာလဲ ဆိုတာ ကြည့်လိုက်ရအောင်"
ဦးလေးသုံး ပြောတာကို ကြားတော့ ကျိုးကြောင်း ဆီလျော်တယ်လို့ ထင်မိသည်။ နောက်ဆုံးတော့ ဒီဂူထဲမှာ ရှိနေတာ ကြာပြီလေ။ စိတ်ပျက်လွန်းလို့ ခေါင်းတောင် မထောင်နိုင်တော့ဘူး။ နောက်ကျောဘက်ရှိ ခရီးဆောင်အိတ်ထဲက ဂေါ်ပြားတွေကို လှေတက်အဖြစ် အသုံးပြု၍ ကျောက်နံရံကို ကိုင်ကာ ရှေ့သို့ရွက်လွှင့်လာခဲ့သည်။
ဒီဂူနံရံကို လေ့လာရင်း လှေလှော်ရင်း ရုတ်တရက် မေးစရာ တစ်ခုရှိလာတာကြောင့် ဦးလေးသုံးကို လှည့်မေးလိုက်၏။
“ကြည့်.... ဒါတွေအားလုံးက ကျောက်တုံးတွေချည်းပဲ.... ရှေးခေတ်ကလူတွေ ဘယ်လိုများ တူးခဲ့တာလဲ? ရာနဲ့ချီတဲ့ လူတွေ ဒီလောက်နက်တဲ့ လှိုဏ်ဂူကြီးထဲက မထွက်နိုင်ခဲ့မှာကိုတောင် ကြောက်ရတယ်”
ထိုအခါ ဦးလေးသုံးက
"ဒီအပေါက်က ဘယ်လောက်ကြီးလိုက်လဲ ကြည့်စမ်း.... ပြီးတော့ အရမ်းလည်း အိုဟောင်းနေပြီ ဒီတွင်းတူးတဲ့ လူတွေက အရာရှိတွေ ဒါမှမဟုတ် တိုက်ပွဲအတွက် အထူး အသုံးပြုတဲ့ စစ်တပ်က လူတွေဖြစ်မယ် ထင်တယ်.... မြေပုံပေါ်မှာ ပြထားတဲ့ သင်္ချိုင်းအမှတ်အသားကို ငါတို့ ရှာတွေ့ဖို့ကတော့ မလွယ်လောက်ဘူး"
"သခင်သုံး... အဲဒီသင်္ချိုင်း ရှိသေးတယ် ဆိုတာကို သခင်သုံးစိတ်ထဲ ဘယ်လိုလုပ် သေချာနေတာလဲ? စစ်တပ်က ဝင်လာပြီး ဒီလောက်ရှည်တဲ့ အပေါက်ကို တူးခဲ့တယ် ဆိုရင်တော့ ပစ္စည်းကောင်းတွေကိုလည်း အကုန်လုံး ရွှေ့သွားပြီလို့ မထင်ဘူးလား"
တခွေက ဆိုလေ၏။
"ကျွန်တော်ကတော့ ကျွန်တော်တို့ ဝင်သွားတဲ့အခါ ခေါင်းတလားရဲ့ ဘုတ်ပြားတောင် ရှိတော့မယ် မထင်ဘူး"
ဦးလေးသုံး ဖြစ်သူကလည်း ပြောလာသည်။
“ဒီဂူ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက ခိုးယူခံလိုက်ရရင် ငါတို့မှာ ပြောစရာ မရှိပေမယ့် မြေပုံပေါ်မှာ သေသေချာချာ တည်ရှိနေသေးတယ် ဆိုတာတော့ မင်းသိထားရမယ်.... သင်္ချိုင်းပိုင်ရှင်ကို သင်္ဂြိုဟ်ခဲ့တဲ့ နေ့စွဲက ငါတို့ ရှာဖွေနေတဲ့ ရှေးဟောင်း သင်္ချိုင်း မတိုင်ခင်က ဖြစ်နိုင်တယ်.... ပြီးတော့ ဒီဧရိယာမှာ သင်္ချိုင်း တစ်ခုထက် ပိုရှိရမယ် ဒီဓားပြတိုက်တဲ့ တွင်းကို ဘယ်အချိန် တူးခဲ့လဲ ဆိုတာ ဘယ်သူက သိမှာမလို့လဲ?"
"ဆိုလိုတာက" ဦးလေးသုံးရဲ့ စကား အဓိပ္ပာယ်ကို ဝူရှဲ့မှ သဘောပေါက်သွားကာ။
"အလောင်းကောင်ကြီးတွေနဲ့ ဆဋ္ဌဂံပုံ ကြေးခေါင်းလောင်းတွေ အပါအဝင် အခုတွေ့နေရသမျှရဲ့ ပိုင်ရှင်က စစ်မတ်ကာလ အစောပိုင်းကပေါ့?"
ဦးလေးသုံးက ခေါင်းခါလိုက်သည်။
"ငါပိုစိုးရိမ်တာက ငါတို့ရဲ့ သင်္ချိုင်းပိုင်ရှင်က ခိုးယူထားတဲ့ အုတ်ဂူတစ်ဝိုက်မှာ သူ့သင်္ချိုင်းကို ဘာကြောင့် ထားချင်ခဲ့တာလဲ ဆိုတာပဲ... ဒါက ဖုန်းရွှေ တားမြစ်ချက် တစ်ခုကြောင့်နဲ့တော့ မဟုတ်နိုင်ဘူးမလား?"
ရုတ်တရက် အအေးပုလင်းက စကားမပြောရန် လက်ကို ဝှေ့ယမ်းကာ ရှေ့သို့ ညွှန်ပြလိုက်သည်။ မိုင်းတွင်းမီးခွက်၏ မီးရောင်များ မရောက်နိုင်သော ဂူနက်ထဲတွင် အစိမ်းရောင် မီးစုန်း အင်းဆက် အုပ်စုတစ်ခုကို တွေ့လိုက်ရသည်။ ဦးလေးသုံးက သက်ပြင်းချရင်း
"အလောင်းတွေ စုနေတဲ့နေရာကို ရောက်ပြီ!"