(12)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (12)

ဦးလေးသုံးရဲ့လိမ်ညာမှုများ



ဒီစကားလုံးတွေကို မြင်တော့ ဝူရှဲ အံ့အားသင့်ပြီး မူးလဲလုနီးပါး ဖြစ်သွားတော့သည်။ ဝူစန်းရှန်နဲ့ ချန်ဝမ်ကျင်? ဒီမှတ်စုစာအုပ်ကို အဲဒီတုန်းက သူတို့ ချန်ထားခဲ့တာ ဖြစ်နိုင်ပါ့မလား? ဒါပေမဲ့ ဒီမှတ်စုစာအုပ်က ဘယ်လိုလုပ် တစ္ဆေသင်္ဘောပေါ်မှာ ပေါ်လာရတာလဲ။


(TN - ဝူစန်းရှန်ပါ shéng အသံထွက်... အသွေးအရင်က ဝူစန်းရှင်လို့ ရေးခဲ့မိပါတယ်)


အကယ်၍ ဒီတစ္ဆေသင်္ဘော မနစ်မြုပ်မီက သင်္ဘောပေါ်တွင် လူနှစ်ဦးရှိခဲ့ပြီး တစ်ဦးမှာ ဝူစန်းရှန် ဖြစ်မည်ဆိုလျှင် ကျန်တစ်ဦးမှာ ချန်ဝမ်ကျင်ဟု အမည်ပေးရမည်။ ၎င်းတို့နှစ်ဦးသည် ရှေးဟောင်းသုတေသန လုပ်ငန်းများကို လုပ်ဆောင်နေပြီး ရှေးဟောင်း သုတေသန အတွက် ရှီးရှားဇလုံကျောက်တန်းသို့လည်း ရောက်ရှိလာခဲ့ကြသည်။ 


ဒီလိုတိုက်ဆိုင်မှုမျိုး ကြုံလာရရင်တောင် ဒေါ်လာငါးသန်းလောက် သုံးနိုင်လောက်တဲ့ အလားအလာတွေ ရှိကောင်းရှိနိုင်သည်။


ဝူရှဲ တွေးကြည့်ပေမယ့် သိပ်တွေးစရာတောင် မလိုဘူးလို့ ထင်ပါသည်။ ဒီမှတ်စုစာအုပ်ပေါ်မှာ တခြား ဘာရှင်းပြချက် မရှိသလို ဦးလေးသုံးနဲ့ တခြားသူတွေ ကျန်ခဲ့တယ် ဆိုတာ သံသယ ထပ်ဖြစ်စရာ မရှိပါဘူး။ မှတ်စုစာအုပ်ပေါ်က စာသားကို ကြည့်ပြီး အဲဒီတုန်းက ဒီမှတ်စုစာအုပ်ကို ဦးလေးသုံးက ဝမ်ကျင်ကို ပေးခဲ့တာ ​ဖြစ်နိုင်လေသည်။


ချန်ဝမ်ကျင်က ဒီစာအုပ်ကို ရှေးဟောင်း သုတေသနရဲ့ နေ့စဉ်တိုးတက်မှု အကြောင်းကို မှတ်တမ်းတင်ဖို့ ဒိုင်ယာရီအဖြစ် သုံးခဲ့နိုင်တာကြောင့် မှတ်စုစာအုပ် ပိုင်ရှင်ကတော့ ချန်ဝမ်ကျင်ပဲ ဖြစ်နိုင်သည်။ 


ဒီတ​စ္ဆေသင်္ဘောက ဦးလေးသုံးနှင့် အဲဒီအချိန်တုန်းက တခြားသူများ၏ ရှေးဟောင်း သုတေသန လုပ်ငန်းများနှင့် ဆက်စပ်နေသည်။ ဒီသင်္ဘောဟာ အချိန်မီ ပြန်မလာနိုင်သော အလတ်စား ငါးဖမ်းသင်္ဘောပင် ဖြစ်နိုင်သည်။


ဒီအကြောင်းကို ခဏလောက်တွေးပြီး မရေမတွက်နိုင်တဲ့ မေးခွန်းတွေက သူ့ဦးနှောက်ထဲကို လွှမ်းခြုံထားသလို ခံစားလိုက်ရပြီး ခေါင်းတောင် ကွဲထွက်တော့မလို ကိုက်ခဲလာသည်။ 


ဒါတွေနဲ့ ပတ်သက်တဲ့ တကယ့် လျှို့ဝှက်ချက်များကို ပါဝင်ပတ်သက်ခဲ့သူများသာ သိရှိနိုင်မှာ ဖြစ်သည်။ အခုသူသိတာက ဒီအရာတွေအကြောင်း အပေါ်ယံတွေပဲ ဖြစ်ပြီး ကိစ္စတွေအားလုံးကို ချိတ်ဆက်ပေးတဲ့ လွဲမှားနေတဲ့ အူတိုင်တစ်ခု ရှိနေသလိုပဲ။ 


အကယ်၍ ထိုမြေခွေးအိုကြီး ဦးလေးသုံးသည် သူ့အား အရာအားလုံးကို ရိုးရိုးသားသား ပြောပြတာ ဆိုရင်တော့ အခုအချိန်မှာ အဲဒီ အရာအားလုံးကို သူ့အနေနဲ့ ချိတ်ဆက်နေမိလောက်ပြီ။


ဒါမှမဟုတ် ဒီမှတ်စုစာအုပ်ထဲက အကြောင်းအရာတွေက သူ့ကို ဘယ်လိုအရိပ်အမြွက် ပေးနိုင်မလဲတော့ မသိသေးချေ။ အစကတော့ ဒီစာအုပ်ကို အရင်ဆုံး ဖုံးကွယ်ထားချင်ပြီး ဘယ်သူမှ မရှိတဲ့အချိန်ထိ စောင့်ချင်ပေမယ့် သူ့စိတ်ထဲက ပြင်းပြတဲ့ စူးစမ်းချင်စိတ်က သည်းမခံနိုင်လောက်အောင်ပဲ။ ဒီကိစ္စကို လျှို့ဝှက် ဆန်းကြယ်အောင် လုပ်စရာ မလိုသလို သူမကိုလည်း ရှောင်လွှဲ​နေဖို့ မလိုပါဘူး။ ဒါကြောင့် ဒီအတိုင်း လှန်ကြည့်လိုက်သည်။


ဝမ်ကျင်က အလွန် အလေးအနက် ထားသူတစ်ဦး ဖြစ်သည်။ သူမသည် နေ့စဉ်မှတ်တမ်းများ အတွက် တူညီသော ပုံစံကို အသုံးပြုထားပြီး ၎င်းတို့ကို ရှင်းလင်းစွာ စာရင်းပြုစုထားသည်။ ဝူရှဲ မြင်​နေရသော ပထမဆုံး စာမျက်နှာမှာ သူတို့ထွက်ခွာသည့် ပထမနေ့၊ ဇူလိုင် ၁၅ ရက်ဖြစ်သည်။ 


စာရင်းတွင် ဖော်ပြထားသော စာတွေအရ ခေါင်းဆောင် ဖြစ်တဲ့လူက ဝူစန်းရှန်ပါပဲ။ အဲဒီမျက်နှာသေရဲ့ နာမည်က ဘာပါလိမ့်။ သူ့မျိုးရိုးနာမည်က ကျန်း လို့ ပြောထားတဲ့ ဦးလေးသုံး ပြော​​ပြခဲ့တာကို သတိရလိုက်သည်။ စာအုပ်ထဲမှာ တကယ်ပဲ ကျန်းချီလင် ဆိုတဲ့ နာမည်ပါနေ၏။


ဧကန္တ သူဖြစ်​နေမလား?


အပေါ်က အဓိက အကြောင်းအရာကတော့ ပင်လယ်ရေအောက် ဂူသင်္ချိုင်းရဲ့ တည်နေရာကို ရှာဖွေဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပေမယ့် ဦးလေးသုံး ပြော​ပြခဲ့တာထက် ပိုအသေးစိတ်ကျသည်။ အသုံးပြုခဲ့တဲ့ ကြိုး အမျိုးအစားတွေနဲ့ ကျိုးကြောင်းဆင်ခြင်မှု လုပ်ငန်းစဉ်တွေကိုတောင် ချရေးထားသည်။ 


ဦးလေးသုံး ပြောတာနဲ့ လုံးဝ မတူပါဘူး။ သူတို့ နှစ်ယောက် ဘယ်လိုလုပ်များ ပေါင်းသင်း နိုင်တာလဲ ဆိုတာ သူတကယ်ကို နားမလည် နိုင်တော့ပေ။ ဒါ့အပြင် ဒီထဲက အကြောင်းအရာတွေကို ပြန်ဖတ်ဖို့ မလိုအပ်တော့ပါဘူး။ အဆုံးကို လှည့်ကြည့်လိုက်တာနဲ့ မြင်လိုက်ရတာက သူ့ကို ဆွံ့အသွားစေတော့သည်။ 


အမှန်တော့ နောက်ဆုံး အကြောင်းအရာကို အတွင်းကျကျ ဖတ်ဖို့ မလိုပါဘူး။ နောက်ဆုံး ခေါင်းစဉ်ငယ်တွေရဲ့ မှတ်တမ်းတွေကိုပဲ ကြည့်လိုက်တာနဲ့ကို သူ့ကို အံ့သြ​စေဖို့ လုံလောက်ပါပြီ။ ပြီးတော့ တစ်ချိန်တည်းမှာပဲ အဲဒီလူယုတ်မာ ဦးလေးသုံးကိုလည်း အကြိမ်တစ်ရာလောက် ကျိန်ဆဲပစ်လိုက်သည်။ 


ဇူလိုင် ၂၁ ရက်နေ့ပ ပင်လယ်ရေအောက် သင်္ချိုင်းထဲကို ပထမဆုံး ဝင်ခဲ့တာလို့ ရေးထားတာ တွေ့လိုက်ရသည်။


ဝင်ရောက်သူ- ဝူစန်းရှန်။


တိုးတက်မှု- ဘယ်ညာ နားခန်းများနဲ့ စင်္ကြံလမ်းတွေကို သန့်ရှင်းရေးလုပ်ပြီး နောက်အခန်းကို သန့်ရှင်းဖို့ ပြင်ဆင်ခြင်း။


အလုပ်- သင်္ချိုင်းအခန်းကို လေဝင်လေထွက်ကောင်းစေဖို့ လေစုပ်စက်ကို သုံးပြီး သန့်ရှင်းရေးကို အချိန်ကြာမြင့်စွာ ပြင်ဆင်ခြင်း။ 


ရေထဲတွင် တွေ့ရှိရသည့် ယဉ်ကျေးမှု အမွေအနှစ်များ- ရွှေပိုးသစ်သားနှစ်ထပ် ဖီးနစ် ပုံထွင်းထားသော ခေါင်းတလား (ကလေး ခေါင်းတလား)။


မှတ်ချက်- အရေးပေါ် အခြေအနေမျိုးမှာ အသေးစိတ် မှတ်တမ်းများကို ပြုလုပ်ထားမှာ ဖြစ်ပါတယ်။


ဇူလိုင် ၂၃ ရက်က ပင်လယ်​ရေအောက် သင်္ချိုင်းတွင်းသို့ ဒုတိယအကြိမ် ဝင်ရောက်ခဲ့သည့် မှတ်တမ်းတစ်ခုသာ ​ဖြစ်သည်။


ဝင်ရောက်သူ- အဖွဲ့ဝင်အားလုံး။


တိုးတက်မှု- မရှိပါ။


အလုပ်- နွေရာသီ မုန်တိုင်းဒဏ်ကို ရှောင်ခြင်း


ရေထဲမှ ယဉ်ကျေးမှု အမွေအနှစ်များ- မရှိပါ။


မှတ်ချက်။


လတ်စသတ်တော့ ဦးလေးသုံးက သူတို့ကို မခေါ်ခင် သူ့ဘာသာအရင် ဝင်သွားကြည့်ခဲ့တာပဲ။ သူ့ဒဏ္ဍာရီ အတိုင်းဆို တခါတည်း ၀င်ပြီးသွားတာနဲ့ ပစ္စည်းတွေ တော်တော်များများ ထွက်လာမှာပဲလေ။ ဒီမှာ ရေးထားတာက ဘယ်ညာ ​​အခန်းနဲ့ စင်္ကြံလမ်းကိုပဲ သန့်ရှင်းရေး လုပ်ခဲ့တယ်ဟု ရေးထားသည်။ 


နောက်​တစ်ခန်းကို မဖွင့်​ခဲ့ဘူးလို့ ဘယ်သူက သိမှာလဲ။ ခေါင်းတလားရှိတဲ့ နေရာကို အရာအားလုံးကို တစ်ချက်လောက်ကတော့ ထိခဲ့မှာပဲ။ အဲဒီမြေခွေးက သူပထမဆုံး ဝင်သွားတာနဲ့ ဘာမှမလုပ်ဘဲ ထွက်လာမှာတဲ့လား။ ဝူရှဲရင်ထဲက မုန်းတီးမှုတွေနဲ့ ယားယံတာတွေက ကူကယ်ရာမဲ့စွာ ထွက်ပေါ်လာတော့သည်။ 


အကြမ်းဖျင်း လေ့လာကြည့်လို့ အသုံးဝင်ပေမယ့် အသုံးမဝင်တဲ့ မှတ်တမ်းတွေ အများကြီးလည်း ရှိနိုင်လောက်သည်။ သေသေချာချာ ကြည့်ဖို့ မလိုတော့တာ​ကြောင့် ဖယ်ထားပြီး ရေစိုခံအိတ်ထဲ ပြန်ထည့်လိုက်တော့သည်။ ပြီးမှ ပြန်ကြည့်လို့လည်း ရတယ်လေ။


ထို့နောက် မိန်းကလေးရဲ့ တုံ့ပြန်မှုကို လှမ်းကြည့်လိုက်သည်။ မထင်မှတ်ဘဲ သူမသည် သူ့ကို လုံးဝ ဂရုမစိုက်ပုံဖြင့် ကပ္ပတိန် အခန်းဘက်က အခန်းကန့်ပိုင်းရှိ ပင်လယ်သံချေးများကို အပြင်းအထန် ဖယ်ရှားနေတာ တွေ့လိုက်ရသည်။ 


ဝူရှဲ အစောကတည်းက အထဲမှာ သံချေးက တကယ်ကို သံမဏိတွေလို ခိုင်ခံ့နေတာ မြင်ခဲ့ပြီးပြီ။ သူမက သင်္ဘောကိုယ်ထည်နဲ့ ဘုတ်ပြားကြားက ဆက်စပ်နေတဲ့ လမ်းကြောင်း တစ်လျှောက်လုံးကို ဖြတ်ပစ်လိုက်သည်။ ဘုတ်ပြားက သင်္ဘောကိုယ်ထည်မှာ ဂဟေဆော်ပြီး ဆက်ထားသလို အရမ်းသန်မာနေပုံ ပေါ်တာကို ဝူရှဲလည်း တွေ့နေရ၏။ 


တံခါးလက်ကိုင်ကို သံနဲ့ ပြုလုပ်ထားပြီး ကားစတီယာတိုင်လို တပ်ဆင်ထားတာကြောင့် လှည့်ဖွင့်ရမည် ဖြစ်သည်။ 


“မကြောက်နဲ့ မကြောက်နဲ့.... ငါအခုချက်ချင်း လွှတ်​​ပေးမယ်” 


မိန်းကလေးက သူ့ကိုယ်သူ ပြောနေသလိုမျိုး ပြောနေ၏။ 


ဝူရှဲလည်း ကြားလိုက်ရတာနဲ့ တစ်ခုခု မှားနေပြီဆိုတာ ရိပ်မိလိုက်သည်။ သံတံခါးရဲ့ အစွန်းမှာရှိတဲ့ သံချေးတွေကို သူမက သေသေသပ်သပ် သန့်ရှင်းရေး လုပ်နေတာကို တွေ့လိုက်ရ၏။ တစ်ဖက်အခန်းက ဂိုဒေါင်တစ်ခု ဖြစ်ကာ တစ်ခုခုကို အလုံပိတ်ထားပုံသည်။ မိန်းကလေးက သန့်စင်ပြီးနောက် သူမပြောသည့်အတိုင်း သံစတီယာတိုင်လို တံခါးကို လှည့်လိုက်သော်လည်း သူမ ခွန်အားက လုံလောက်တာထက် ဝေးနေသေးသည်။


တံခါးလက်ကိုင်သည် အစကတည်းက အလွန် လေးလံသော သံထည်ဖြစ်ကာ ယခု ပင်လယ်သံချေးများနှင့်လည်း ပြည့်နေသည်။ ခွန်အားကြီးသော သင်္ဘောသား​တွေတောင် အကုန် မဖွင့်နိုင်လောက်ပေ။ သူမ အကြိမ်ပေါင်းများစွာ ခက်ခက်ခဲခဲ လှည့်ခဲ့သော်လည်း တုံ့ပြန်မှု လုံးဝမရှိလာခဲ့ချေ။ 


ဝူရှဲလည်း စိတ်ထဲမှာ တစ်ခုခု မှားနေတယ်လို့ ခံစားမိပြီး သူမအား ပြောလိုက်သည်။ 


"အထဲက ပစ္စည်းတွေက ရေစိမ်ထားတာ ဖြစ်နိုင်တယ်.....ဒါကို ငါတို့ မဖွင့်တာက ပိုကောင်းမယ် ထင်တယ်.... အထဲမှာ မကောင်းဆိုးဝါး တစ်ကောင်ရှိ​နေရင် ငါတို့မှာက ဘာလက်နက်မှ မရှိဘူး.... ငါတို့ဒီမှာပဲ အရှင်းခံလိုက်ရလိမ့်မယ်"


သူမသည် သူ့အား လုံးဝဂရုမစိုက်ဘဲ လှည့်ကြည့်ရန် ကြိုးစား​နေဆဲပင်။ ဝူရှဲ ခေါင်းခါယမ်းကာ သူမရဲ့ ယုတ္တိမဲ့လွန်းတဲ့ လုပ်ရပ်ကြောင့် သူ့ရင်ထဲက သူမအပေါ် ခံစားချက်ကောင်းတွေ ပျောက်သွားတော့သည်။ 


နောက်မိနစ် အနည်းငယ် ကြာတော့ ဝူရှဲ သူ့လက်တွေကို ခါးပေါ်တင်လိုက်ပြီး သူမရဲ့ ကြိုးစား အားထုတ်မှုတွေကို ဖြုန်းတီးနေတာကို ရပ်ကြည့်နေလိုက်သည်။ ထိုအချိန်တွင် သူမက သူ့ဘက်ကို လှည့်ကြည့်လာခဲ့ရာ ဝူရှဲလည်း တစ်ဖက်လူ အမြင်မှန် ရသွားပြီလို့ ထင်မိသော်လည်း သူမသည် ရုတ်တရက် ထူးဆန်းသော အော်သံကို ထုတ်လွှတ်လိုက်ကာ လျှပ်စီး လက်သွားသလို တွန့်လိမ်နေသော လက်နှစ်ချောင်းက သူမဆံပင်တွေကြားမှ ဆန့်ထွက်လာခဲ့သည်။


၎င်းက တံခါးလက်ကိုင်ကို ဆုပ်ကိုင်ကာ လှည့်ချလိုက်တော့သည်။ ထိုထူးဆန်းသော လက်၏ အားသည် အလွန် ပြင်းထန်လှ၏။ သူလှည့်ချလိုက်တာနဲ့ အတွင်းက သံချေးတွေ ကွဲအက်သွားသံကိုပင် ချက်ချင်း ကြားလိုက်ရသည်။


ဝူရှဲ၏ ဦးရေပြားမှာ ကြောက်ရွံ့မှုနှင့်အတူ ထုံကျင်သွားပြီး မြေပြင်ပေါ် ဖင်ထိုင်ရက် လဲကျလုမတတ် ဖြစ်သွားသည်။ ဒီမြင်ကွင်းက မယုံနိုင်စရာ ကောင်းလောက်အောင်ကို ကြောက်စရာ ကောင်းလှသည်။ 


အဲဒီထူးဆန်းတဲ့ လက်က ပျောက်ကွယ်သွားပြီး ရှာမတွေ့တော့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ အဲဒီတစ္ဆေလက်လို ဟာကြီးက သူမရဲ့ဆံပင်ထဲမှာ ပုန်းနေခဲ့တာပဲ။ 


ထိုအချိန်တွင် လှည့်နေသော တံခါးက ချောင်သွားရာ မိန်းကလေးက အကြိမ်ပေါင်းများစွာ လှည့်ပစ်လိုက်သည်။ သံမဏိတံခါးကို ဖွင့်ခါနီးတွင် ရုတ်တရက် အထဲကနေ ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံတစ်သံကို ကြားလိုက်ရသည်။ တံခါးထဲမှလည်း ရေတွေ အများကြီး ပေါက်ထွက်လာ၏။


ရေအားက အမျိုးသမီးကို ဆောင့်ချလိုက်ရာ သူမ ပျံဝဲပြီး မြေပြင်ပေါ် ပစ်လဲကျသွားတော့သည်။ သူမက ဝူရှဲကိုပါ တစ်ခါတည်း လဲကျသွားအောင် လုပ်ပြီးသား ဖြစ်သွားသည်။ ဝူရှဲခမျာ တစ်ခုခုတော့ လုံးဝ မှားနေပြီဆိုတာ သိသိချင်း အမြန်ဆုံး လွတ်မြောက်ဖို့အတွက် မိန်းကလေးကို တွန်းထုတ်ချင်ပေမယ့် ပင်လယ်ရေက သူ့အပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ပြေးရိုက်လာလေ၏။ 


သူတို့နှစ်ယောက်စလုံး ငါးပေ ခြောက်ပေ အကွာအထိ လွင့်သွားကြသည်။ ဝူရှဲ့ ခေါင်းကို မော့ကြည့်လိုက်တော့ တံခါးအနောက်ကနေ အကြေးခွံတွေ အုပ်ထားတဲ့ ဧရာမ မျက်နှာကြီးနဲ့ မကောင်းဆိုးဝါး တစ်ကောင်ဟာ သူ့ကို တည့်တည့် စိုက်ကြည့်နေတာကို တွေ့လိုက်ရတော့သည်။