ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (13)
ပင်လယ်မျောက်
ရက်စက် ကြမ်းကြုတ်သော ထိုမျက်နှာကြီးသည် သူ့ဦးခေါင်းထက် လေးငါးဆနီးပါး ပိုကြီးလေသည်။ ၎င်းရဲ့ခန္ဓာကိုယ်က သံတံခါး အနောက်တွင် ပုန်းနေသေးလို့ ဘယ်လောက် ကြီးတယ် ဆိုတာတော့ မသိနိုင်သေးပေ။
ကုန်းပတ်ရှိ အပေါက်မှ အလင်းရောင်မှာ အလွန်တောက်ပခြင်း မရှိချေ။ သူ့မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တာကြောင့် တစ္ဆေလား၊ တိရစ္ဆာန်လား မသဲကွဲသေးချေ။ ဒီမျက်နှာက သရဲတစ္ဆေလိုမျိုး ဖော်မပြ နိုင်လောက်အောင် ထူးဆန်းတယ်လို့ပဲ ခံစားနေရသည်။
ဗြောင်ကျကျ ငေးကြည့်လိုက်မိတော့ တစ်ကိုယ်လုံး ဦးရေပြားကနေ ခြေဖနောင့်အထိ ထုံကျင်လာကာ အရမ်းကြောက်လွန်းလို့ အသက်ရှူလို့တောင် မဝနိုင်တော့သလို ဖြစ်လာသည်။ သူ့ခြေထောက်တွေကဆို ခေါက်ဆွဲခြောက်တွေလို ပျော့ပျောင်းလာခဲ့သည်။ ဝူရှဲ ခက်ခက်ခဲခဲ ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်သွားပြီးနောက် မိန်းကလေး မြေပြင်ပေါ်တွင် လဲလျောင်းနေသေးတာကို တွေ့လိုက်ရသည်။
လှည့်ကြည့်လိုက်တော့ ညှိုးနေတဲ့ လက်နှစ်ချောင်းက ပြန်ထွက်သွားတာကို တွေ့ပေမယ့် အခုတော့ သိပ်ဂရု မစိုက်နိုင်တော့ဘူး။ ရေပြန်တက်လာရင် သူမခေါင်းက ရေထဲ နှစ်မြှုပ်သွားပြီး ရေနစ်သွားလိမ့်မည်။
ဝူရှဲ သူ့လက်တွေကို သူမရဲ့ ချိုင်းအောက်မှာထားရင်း အနောက်ကို တဖြည်းဖြည်းချင်း ဆုတ်လိုက်သည်။ ဒီအခန်းရဲ့ အခြားတစ်ဖက်မှာ ကုန်းပတ်ကို သွားဖို့ လှေကားရှိရမယ်။ ဒီမိန်းကလေးကို ကုန်းပတ်ပေါ် ဆွဲခေါ်နိုင်နေသရွေ့ ပင်လယ်ထဲကို ခုန်ချဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်တယ်။ ပြီးမှ အကူအညီ တောင်းဖို့ ရွေးချယ်ရတော့မှာပဲ။
တုန်တုန်ယင်ယင် ခြေထောက်တွေနဲ့ လမ်းလျှောက်ရင်း စိတ်ထဲကလည်း ရေရွတ်နေမိသည်။
"စိတ်အေးအေးထား... စိတ်အေးအေးထား ဒီလိုအခြေအနေမျိုး ကြုံလာလေ မင်းစိတ်ကို တည်ငြိမ်အောင် လုပ်ရလေပဲ"
ဆိုပြီး ဖြည်းဖြည်းချင်း နောက်ပြန် ဆုတ်သွားရင်း မျက်လုံးတွေက ဘယ်တော့မှ ဝေးဝေးကို ရှောင်မသွားရဲဘဲ တစ်ဖက်က မကောင်းဆိုးဝါးရဲ့ မျက်နှာကို စူးစိုက်ကြည့်နေသည်။
မကောင်းဆိုးဝါးက သူ့ကို မှုန်ကုပ်ကုပ်နဲ့သာ ကြည့်နေပြီး လှုပ်လည်း မလှုပ်ပေ။ ခဏကြာတော့ ရေတွေ တဟုန်းဟုန်း လှုပ်ယမ်းနေတဲ့ အသံကိုသာ ကြားလိုက်ရ၏။ တကယ်လို့ သူ့ဘက်က ခေါင်းလှည့်လိုက်တာဖြစ်ဖြစ် ပါးစပ်ကို ဖွင့်လိုက်တာလိုမျိုး ဖြစ်ဖြစ် လှုပ်ရှားမှုတချို့ လုပ်လိုက်ရင် ပိုပေါ့ပါးသွားလိမ်မယ်လို့ ခံစားမိသည်။
အခုက ထိုမကောင်းဆိုးဝါးရဲ့ မျက်လုံးတွေက သူ့ကိုပဲ တည့်တည့်ကြီး စိုက်ကြည့်နေတယ် ဆိုတော့ ပိုပိုပြီး ကြောက်ရွံ့လာစေသည်။ သူ့စိတ်ထဲက ဒီဟာကြီးက ပုံမှန်မဟုတ်ပေမယ့် မင်း အခုထိ မလှုပ်ရှားသေးတဲ့ အတွက် ငြိမ်ငြိမ်နေလိုက်ဖို့ မျှော်လင့်နေမိသည်။ အနည်းဆုံး သူတို့ လှေကားထိပ်နား ရောက်ခါနီးအထိ စောင့်နေပေးရင် ရလောက်ပြီ။
မကြည့်နိုင်တော့လို့ ခေါင်းကို ငုံ့ပြီး အရှိန်ပြင်းပြင်းနဲ့ လှေကားထိပ်နားအထိ သူမကိုပါ ဆွဲခေါ်သွားရာ မြင်လိုက်ရတဲ့ အရာက ဝူရှဲအား ဆွံ့အသွားစေ၏။ လှေကားက စင်တစ်ခုပဲ ကျန်တော့ရာ သူတစ်ယောက်တည်း ဘယ်လိုလုပ် တွယ်တက်သွားရမလဲ မသိချေ။ အခုသူ့မှာက တစ်ဝက်သေနေတဲ့ အမျိုးသမီး တစ်ယောက်ကိုလည်း ကယ်နေရသေးတယ်လေ။
လှေကားတစ်လျှောက်မှာ သံစင်တွေ အများကြီးရှိနေတာကို တွေ့လိုက်ရတော့ မိန်းကလေးရဲ့ လက်တစ်ဖက်ကို ဆွဲယူပြီး အပေါ်ကို တက်ပေးဖို့ ကြိုးစားလိုက်ပေမယ့် နင်းမိလိုက်တာနဲ့ ရွှံ့တွေလို ပြိုကျသွားတာကို တွေ့လိုက်ရတော့သည်။
ဝူရှဲ ထိတ်လန့်သွားပြီး နောက်ပြန် လှည့်ကြည့်မိတော့ ကံကောင်း ထောက်မစွာနဲ့ မကောင်းဆိုးဝါးကြီးက အရမ်းစိတ်ရှည်ပြီး အဲဒီမှာပဲ ရပ်နေသေး၏။ အခု သူတို့ကြားမှာ အလင်းရင်းမြစ် ဆိုလို့ ကုန်းပတ်ပေါ်က အပေါက်တစ်ခုပဲ ရှိကာ ကျန်တာအားလုံးက အမှောင်ရိပ်ထဲမှာ ရှိနေခဲ့သည်။
ဒါကြောင့် မရေရာတဲ့ ကောက်ကြောင်း တစ်ခုကိုပဲ မြင်ရလေသည်။ အခုဆို ပိုသက်တောင့်သက်သာ ရှိလာသလို ခံစားရ၏။ အရင်ဆုံး အမျိုးသမီးကို နံရံမှာ မှီခိုင်းထားလိုက်ကာ အံကြိတ်ပြီး တက်နိုင်မယ် အထင်နဲ့ ပြင်းပြင်းထန်ထန် ခုန်တက်ချလိုက်သည်။
ကံမကောင်းစွာပဲ သူ့လက်တွေက သေးသွယ် ရှည်လျားပေမယ့် ခွန်အားလုံးဝ မရှိပေ။ နှစ်ကြိမ်လောက် ကြိုးစားကြည့်ပြီးတဲ့အထိ မအောင်မြင်ခဲ့ဘူး။ သူတွယ်တက် မသွားနိုင်ခဲ့ရုံမက နှုတ်ခမ်းကိုလည်း နာကျင်စေတဲ့အထိ ကိုက်ထားမိသည်။ အချိန်အတော် ကြာပြီးတဲ့အထိ ဘယ်လိုလုပ်ရမှန်း မသိဘဲ လမ်းပျောက်နေခဲ့သည်။
ခေါင်းကိုလှည့်ကာ ဘီလူးကောင်ကြီး ရှိနေသေးလား ဆိုတာ သိဖို့ ထုံးစံအတိုင်း ကြည့်လိုက်သည်။ ခေါင်းမလှည့်ခဲ့ရင် ကောင်းသား။ ခေါင်းကို လှည့်ကြည့်လိုက်တော့ ကြီးမားတဲ့ မျက်နှာကြီးကို ရုတ်တရက် တွေ့လိုက်ရတော့သည်။ မကောင်းဆိုးဝါးကောင်က ဘယ်အချိန်ကတည်းက သူ့အနောက်မှာ ရပ်နေခဲ့လဲမသိ။ သူလှည့်လိုက်တာနဲ့ နီးနီးလေးမို့ မျက်နှာချင်းဆိုင် တွေ့သွားရာ ဝူရှဲ့ ထိတ်လန့်သွားပြီး ထိန်းမနိုင်သိမ်းမရ အော်ဟစ်ပစ်လိုက်သည်။
ရုတ်တရက် လှည့်ကြည့်လိုက်ချိန် နောက်ကွယ်မှာ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရရင် အရမ်းကြောက်ဖို့ ကောင်းနေပြီ မဟုတ်လား။ ဒါပေမဲ့ အခုလို ရက်စက် ကြမ်းကြုတ်တဲ့ မျက်နှာကို မြင်လိုက်တာနဲ့ ကြောက်စိတ်က တကယ်ကို ထုတ်ဖော် မပြနိုင်တော့အောင် ဖြစ်သွားသည်။
အဲဒီအချိန်မှာတော့ မကောင်းဆိုးဝါးကောင်က ဘယ်လိုပုံစံလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရပြီး စိတ်ထဲ တစ်ခုခုကို ချက်ချင်း သတိရသွားတော့သည်။ ငယ်ငယ်က ကမ်းနားက အတန်းဖော်တစ်ယောက်ဟာ သူတို့ရွာက တံငါသည်တစ်ယောက်က လူနဲ့တူတဲ့ ထူးဆန်းတဲ့ တိရိစ္ဆာန်တစ်ကောင်ကို ဖမ်းမိခဲ့ဖူးကြောင်း တစ်ခါက ပြောပြခဲ့ဖူးသည်။
ခန္ဓာကိုယ်က လူနဲ့တူပေမယ့် တစ်ကိုယ်လုံးကို အကြေးခွံတွေနဲ့ ဖုံးအုပ်ထားလေသည်။ ရွာကို ပြန်ရောက်တဲ့အထိ ဘယ်ကောင်မှ ဘယ်သူမှ မသိကြဘူး။ နောက်တော့ ရွာက သက်ကြီးရွယ်အို အဘိုးကြီး တစ်ယောက်ကို ခေါ်ပြီး မေးလိုက်ကြသည်။ အဘိုးကြီးမှာ အလွန်အမင်း ထိတ်လန့်သွားပြီး
'မြန်မြန် ပြန်လွှတ်လိုက်... ဒါ ပင်လယ်မျောက်ပဲ ခဏနေရင် တခြား ပင်လယ်မျောက်တွေပါ တက်လာရင် အကုန် ပြဿနာတက်ကုန်မယ်'
တံငါသည်ဟာ ထိုအရာကြီးက အလွန်အဖိုးတန်ကြောင်း ကြားသောအခါတွင် မွေးမြူ၍ မြို့သို့ရောင်းချရန် စိတ်ကူးထားသဖြင့် လွှတ်ပေးလိုက်ပြီဟု ရွာသူရွာသားများကို ပြောခဲ့သော်လည်း အမှန်မှာ သူ့အိမ်တွင် ဝှက်ထားခဲ့သည်။ ထို့ကြောင့် နောက်တစ်နေ့တွင် တံငါသည်မိသားစု တစ်စုလုံး ပျောက်ကွယ်သွားခဲ့သည်။
ရွာသားများက မသင်္ကာတဲ့အတွက် နှစ်ရက်လုံးလုံး ရှာဖွေပြီးနောက် ပင်လယ်ကမ်းစပ်က ချောက်ကမ်းပါး အောက်ခြေမှာ တံငါသည်ရဲ့ ဇနီးအလောင်းကို တွေ့ခဲ့ကြသည်။ သူမ တစ်ကိုယ်လုံး လှီးဖြတ်ခံထားရပြီး သူမ အတွင်းအင်္ဂါများ အားလုံး ပျောက်ဆုံးနေခဲ့သည်။
အဘိုးအိုက ထို့အရာကို မြင်သောအခါ အခြားပင်လယ်မျောက်များက လက်စားချေရန် လာနိုင်ကြောင်း ဆိုသဖြင့် ဖုန်းရွှေ ဆရာသခင်ကို ခေါ်ကာ ကမ်းခြေပေါ်တွင် ယဇ်ပလ္လင်တစ်ခု တည်၍ ဝက်နှင့် သိုးခေါင်းများစွာကို ထားရှိ၍ ရက်အတော်ကြာတဲ့အထိ ယဇ်ပူဇော်လိုက်မှသာ ရပ်သွားခဲ့၏။
သူ့အတန်းဖော်က ပင်လယ်မျောက်ပုံရဲ့ သဏ္ဌာန်ကိုလည်း ပြဖူးသည်။ သူက ထိုအရာတွေကို ရေးဆွဲတာ အရမ်းတော်တာကြောင့် သူ့ပန်းချီတွေကလည်း အရမ်း လက်တွေ့ကျသည်။ အဲဒီတုန်းက အရမ်းငယ်သေးတဲ့ အတွက် သူ့စိတ်ကို အများကြီး သက်ရောက်မှုရှိခဲ့ရာ တော်တော်ကြာကြာထိ အိပ်မပျော်နိုင်ခဲ့ပေ။
ဒီအကြောင်းအရာကို ဝူရှဲ အရမ်း သဘောကျခဲ့တာမလို့ အခုမြင်တာနဲ့ ချက်ချင်း ပြန်စဉ်းစားမိသွားသည်။ အဲဒီမျောက်လို့ခေါ်တဲ့ ပင်လယ်မျောက်ကြီးက ဒီလောက်ကြီးမယ်လို့ မမျှော်လင့်ထားဘူးလေ။
မှတ်ဉာဏ်တွေ တဖျပ်ဖျပ် တောက်နေချိန် မကောင်းဆိုးဝါး ကောင်ကြီးက မလှုပ်မယှက်ဘဲ နံရဲကို မှီနေတဲ့ မိန်းကလေးကိုပဲ စိတ်ဝင်တစား ကြည့်နေရင်း ပါးစပ်ထဲက ရေတွေ စီးကျနေ၏။ ကံကောင်း ထောက်မစွာပဲ ထိုမိန်းကလေး မနိုးလာခဲ့ပေ။ မဟုတ်ပါက သူမ မထိန်းချုပ်နိုင်လောက်အောင် ထိတ်လန့်သွားလိမ့်မည်။
ဝူရှဲ နည်းနည်း ငြိမ်သက်သွားပြီး နောက်က တုံးခေါင်းကို မသိမသာ ဖိလိုက်သည်။ အဲဒါက အရမ်း ကြွပ်ဆတ်ပြီး ပုပ်နေတဲ့ သစ်သား ဘုတ်ပြား တစ်ခုလည်း ဖြစ်နေ၏။ အခုအချိန်မှာ ဝူရှဲလည်း အစီအစဉ် ရှိပြီးသားပင်။ ကျောကို ပြင်းပြင်းထန်ထန် မှီနေသရွေ့တော့ တုံးခေါင်းကို တွန်းထုတ်နိုင်မှာ သေချာပါသည်။
ပင်လယ်မျောက်က ခုန်တက်လာရင် သူ ပြန်ဆုတ်ဖို့နေရာ ရလိမ့်မည်။ သို့သော် သင်္ဘောတုံးခေါင်းက သင်္ဘောရဲ့ ပဲ့ပိုင်းမှာ ရှိပြီး သန်မာသည်။ အထဲမှာ စက်ကိရိယာတွေ အများကြီး ရှိနိုင်ကာ လက်နက်အဖြစ် သုံးနိုင်လောက်တဲ့ တစ်ခုခုလည်း တွေ့ကောင်းတွေ့နိုင်၏။
သင်္ဘောကုန်းပတ်မှ အသံတချို့ကို ရုတ်တရက် ကြားလိုက်ရသောအခါ ဝူရှဲ စိတ်လှုပ်ရှားသွား၏။ တစ်ယောက်ယောက် သင်္ဘောပေါ် တက်လာပြီပဲ။ ဝူရှဲ တွေးနေတုန်း ထိပ်ပြောင်ကျန်းက ကုန်းကတ်ပေါ်ကနေ ခုန်းဆင်းလာလေသည်။ ဆင်းလာပြီးတာနဲ့ သူ့ပစ္စတိုကို မြှောက်လိုက်ပြီး သံတံခါးကို ဦးစွာ သတိထားပြီး လှည့်ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် ထအော်လေသည်။
"အမေရေ!"
မကောင်းဆိုးဝါးကြီးသည် အော်ဟစ်သံကို ကြားသောအခါ ချက်ချင်းဆိုသလို လှည့်ကြည့်လာသည်။ ထိပ်ပြောင်ကျန်းကို မြင်လိုက်သည်နှင့် ရုတ်တရက် အလွန်ဝမ်းနည်းစွာ အော်ဟစ်ကာ သူ့ဆီသို့ ခုန်ချလာတော့သည်။ ထိပ်ပြောင်ကျန်းရဲ့ တုံ့ပြန်မှုက မဆိုးလှချေ။ သူက ချက်ချင်းတုံ့ပြန်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းလိုက်ကာ ပထမ ထိုးနှက်ချက်ကို ရှောင်တိမ်း၍ သေနတ်ကျည်ကို ကလစ် တစ်ချက်ဆွဲကာ ပစ်သတ်လိုက်၏။
ပင်လယ်မျောက်က နာကျင်စွာ အော်ဟစ်ရင်း ပုခုံးတစ်ဖက် ဒဏ်ရာ ရသွားခဲ့သည်။ ထို့နောက် ၎င်းက သင်္ဘောနံရံကို တစ်ချက် ခြေကုပ်ယူကာ သူတို့ဘက်သို့ ခုန်အုပ်လာခဲ့ပြန်သည်။ ထိပ်ပြောင်ကျန်းက နောက်ထပ် ကျည်ဆံတွေကို ဆက်တိုက် ပစ်ခတ်လိုက်ရာ ကျည်ဆံတွေ အကုန်လုံးနီးပါးက သူ့ဆံပင်တွေကို ကပ်သီးကလေး ထိမှန်သွားတာကြောင့် ဝူရှဲ သူ့လည်ပင်းကို ထိတ်လန့်တကြား ကျုံ့ထားလိုက်ရသည်။
ပင်လယ်မျောက်သည် အလွန်ထက်မြက်၏။သေနတ်က အလွန်အစွမ်းထက်ပုံ ပေါက်နေတာကို မြင်သောအခါ ထပ်မခုန်ဝံ့တော့ဘဲ ဟန်ဆောင်ကာ တစ်ချက် ခုန်ရင်း ရုတ်တရက် လျှပ်စီးကြောင်းလို အလွန် လျင်မြန်သော အရှိန်ဖြင့် ထိပ်ပြောင်ကျန်းပေါ်မှ ခုန်ကျော်ကာ သံတံခါး အတွင်းသို့ တိုက်ရိုက် ပြန်ခုန်ဝင်သွားခဲ့သည်။
ထိပ်ပြောင်းကျန်းက အနောက်ကို လိုက်၍ ဆက်တိုက် ပစ်လိုက်ရာ သင်္ဘောနံရံက ကျည်ဆန်အပေါက်များ ဖြစ်သွားပြီး ရေတွေ ချက်ချင်း စိမ့်ဝင်လာသည်။ ရေအရှိန်က မြန်လွန်းတာကြောင့် ပင်လယ်မျောက် သူတို့ကို လှည့်စားသွားပြီ ဆိုတာ သိလိုက်သည်။
ထိပ်ပြောင်ကျန်းသည် သံတံခါးနှစ်ချပ်ကို သေနတ်ကျည်ဖြင့် နှစ်ချက်မျှ ပစ်ခတ်ပြီးတော့ တံခါးကို ကန်ဖွင့်ချလိုက်သည်။ ဝူရှဲလည်း သူ့နောက်က ပြေးကြည့်လိုက်တော့ တွေ့လိုက်ရတာက သင်္ဘောရဲ့ အောက်ခြေမှာ ရေတွေ အဆက်မပြတ် စိမ့်ဝင်လာပြီး မကောင်းဆိုးဝါးကြီးက အဲ့ထဲတိုးဝင်ဖို့ ကြိုးစားနေ၏။ အပေါက်ကို တွေ့တာနဲ့ ဝူရှဲလည်း အဲဒီနှစ်တုန်းက မတော်တဆ ကျိုးပေါက်သွားတာ ဖြစ်မယ်ဆိုတာ သိလိုက်သည်။
သင်္ဘော နစ်မြုပ်သွားတာ ဒီကျိုးပေါက်မှုကြောင့် ဖြစ်ပြီး လူအများအပြား သေကြေ ပျက်စီးသွားခဲ့ရသည်။ ယခုအခါတွင် ပင်လယ်ရေသည် သံချေးများဖြင့် ထူထပ်နေတာကြောင့် ပန်းကန်လုံး၏ ပါးစပ်ဝလောက်သာ ရှိတော့၏။ ထိပ်ပြောင်ကျန်းက ချက်ချင်းပင် သူ့သေနတ်ကို ကောက်ကိုင်လိုက်ပြီး ပစ်ခတ်လိုက်စဥ် ပင်လယ်မျောက်က ဖြတ်သွားနိုင်တဲ့ အပေါက်တစ်ခုကို ဖောက်ပြီး ရုတ်တရတ် အတင်း ထိုးဆင်းသွားလေသည်။
ထိပ်ပြောင်ကျန်းက အလျှော့မပေးဘဲ ရေထဲသို့ နောက်ထပ် လေးငါးချက်လောက် ပစ်ခတ်လိုက်သေးသည်။ ထိုအချိန်တွင် လှေတစ်စင်းလုံး ကျိုးကျတော့မလို ညည်းတွားနေသံကို ကြားလိုက်ရသည်။ ဝူရှဲ ကြည့်လိုက်တော့ ရေက ဒူးအထိ ရောက်နေပြီ။ ဒီနေရာလေးမှာ ဆက်နေလို့ မဖြစ်ဘဲ ချက်ချင်း ထွက်သွားရတော့မည်။
ထိပ်ပြောင်ကျန်းက ပြန်ပြေးလာကာ မိန်းကလေးကို ကြိမ်ဖန်များစွာ လှုပ်နှိုးလိုက်သည်။
"အားနင်.... အားနင်!"
သူမဘက်က တုံ့ပြန်လာတာကို မမြင်ရချေ။ သို့နှင့် ထိပ်ပြောင်ကျန်းက မိန်းကလေးကို သူ့နောက်ကျောပေါ် ထမ်းတင်ပြီး ဝူရှဲပုခုံးပေါ် တစ်ချက် ကန်ထောက်ကာ သပ်သပ်ရပ်ရပ်လေး ခုန်တက်သွားတော့သည်။ သူ့ရဲ့ ကန်ချက်ကြောင့် ဝူရှဲမှာ သွေးတွေ အန်ထွကိလုမတတ် ဖြစ်သွားပြီး ခါးကလည်း ရုတ်တရက် ကွဲအက်သွားသလိုတောင် ခံစားလိုက်ရသည်။
ထိုအခိုက် ထိပ်ပြောင်ကျန်းက ငုတ်တုတ်အနေအထားနဲ့ ပြန်လှည့်၍ လက်တစ်ဖက် ကမ်းပေးကာ သူ့ကိုပါ ဆွဲတင်ပေးလေ၏။
TN - ပင်လယ်မျောက်က ဘယ်လိုလုပ် သံတံခါးထဲ ရောက်နေတာလဲ? ဦးလေးသုံးတို့ အဲဒီတုန်းက ဖမ်းထည့်ခဲ့ကြတာများလား မသိဘူး။