(16)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (16)

အစည်းအဝေး 



ဖက်တီးရဲ့ မျက်နှာ အပြောင်းအလဲကို မြင်လိုက်ရတော့ ဝူရှဲ ဝမ်းသာအားရ ဖြစ်သွားသည်။ ဖက်တီးဆိုတဲ့ကောင်က သိပ်ပြီး စိတ်မချရပေမယ့် ရှေး​ဟောင်း ဂူသင်္ချိုင်းထဲမှာတော့ သူ့ရဲ့ စွမ်းဆောင်မှုက ထူးထူးခြားခြား ရှိနေဆဲပါ။ သူဂူသင်္ချိုင်းတွေကို ဘယ်နှစ်ခါ ဖောက်ပြီး အတွေ့အကြုံ ဘယ်လောက်တောင် ရှိနေပြီလဲ မသိပေ။


ဝူရှဲဆိုတဲ့ သူကတော့ လွတ်လပ်စွာ ဂူဖောက်ဖူးတာမျိုး မရှိဖူးပေ။ ဂူဖောက်တဲ့ တိုက်ပွဲမစခင်မှာ စည်းရုံးမှုတွေ ရှိမရှိ ဆိုတာလည်း မသိဘူး။ ဒါကြောင့် အတွေ့အကြုံ မရှိတဲ့ ကျောင်းသားလေး တစ်ယောက် အနေနဲ့ခ ဏနားပြီး သူပြောတာကို နားထောင်ရတော့မည်။ 


ဖက်တီးက အများကြီး စားထားတာကြောင့် ဗိုက်က အတော်လေး ဖောင်းလာလို့


“ဒီရေအောက် ဂူသင်္ချိုင်းကိုတော့ ငါ တစ်ခါမှ မကြုံဖူးဘူး.... အထဲကို ဝင်ရင် အလျင်စလို မဖြစ်ရအောင် ကြိုပြီး ပြင်ထားရမယ်... ခြောက်သွေ့တဲ့ ဂူသင်္ချိုင်းလောက်တော့ မကောင်းနိုင်ဘူး.... ဆိုတော့ မင်းတို့ ငါတို့အတွက် ပြင်ဆင်ထားတဲ့ ပစ္စည်းတွေကော ဘယ်လိုလဲ အရင် ကြည့်ရမယ်"


ထိုအခါ အားနင်က


"မစ္စတာဝမ် ဒီအချိန်မှာ ရှင်ဘယ်လောက် ပိုင်နိုင် သေချာမှုရှိလဲလို့ မေးချင်တယ်... ကျွန်မတို့ဘာလို့ အစီအစဥ် တစ်ခုကို အရင်မချ​​ကြည့်တာလဲ"


ဖက်တီးက ခေါင်းခါလိုက်သည်။ 


“ပြောရခက်တယ်.... ငါ့အတွေ့အကြုံအရ ဒီပင်လယ်ရေအောက် ဂူသင်္ချိုင်းမှာ ပထမအချက် ရှာရခက်တယ်... ဒုတိယကတော့ တွင်းတူးရတာ ခက်တယ် တတိယကတော့ အထဲက အခြေအနေကို မသိနိုင်ဘူး.... ပထမ နဲ့ ဒုတိယ ကို တွေးကြည့်လို့ရတယ်.... အဓိက ကတော့ တတိယအချက်ပဲ ဒီပင်လယ်အောက်က သင်္ချိုင်းထဲမှာ ဖုတ်ကောင်တွေ ရှိနေမလား မသိနိုင်ဘူး.... ရှိရင် ပြဿနာတက်ပြီ.. မရှိရင်တော့ ဂူသင်္ချိုင်း တစ်ခုပဲမလား? အလွယ်တကူ ဖမ်းယူနိုင်မှာပါ"


ဖုတ်ကောင် အကြောင်းပြောရင်း သင်္ချိုင်းဝင်တုန်း ဦးလေးသုံး တွေ့ခဲ့တဲ့ အရာကို အမှတ်တမဲ့ သတိရမိသွားသည်။ အဲဒါကို ပိုတွေးလေ ဦးလေးသုံး တွေ့ခဲ့တဲ့အကောင်က ဒီနေ့ သင်္ဘောပေါ်မှာ တွေ့ခဲ့ရတဲ့ ပင်လယ်မျောက် တစ်ကောင် ဖြစ်နိုင်တယ်လို့ ပိုတွေးမိလာလေပင်။ 


"ဖုတ်ကောင် ရှိမရှိ မသိပေမယ့် ပိုဒုက္ခပေးနိုင်တဲ့ အကောင်တော့ ရှိတယ်"


အဲဒီနောက်မှာတော့ ဝူရှဲလည်း တစ္ဆေသင်္ဘောပေါ်မှာ သူမြင်ခဲ့ရတာမှန်သမျှ ဒီလူတွေကို ပြောပြလိုက်သည်။ တခြားသူတွေကတော့ ထိပ်ပြောင်ကျန်းဆီကနေ ဒီအကြောင်းကို ကြားပြီးပြီ။ ဒါပေမဲ့ ထိပ်ပြောင်ကျန်းရဲ့ ကြွာလုံးထုတ်မှုတွေဟာ အားနင်နဲ့ သူ့ကို ဘယ်လို ကယ်တင်ခဲ့တယ့ ဆိုတာပါပဲ။ ဝူရှဲ ပြော​ပြတာတွေက ပိုရှင်းပါ၏။ သူပြောပြီးတဲ့ အခါမှာတော့ ဖက်တီးက မျက်မှောင်ကြုတ်ပြီး 


"ဖာ့စ်... အဲဒီအကောင်က တကယ်ရှိတာလားဟ!"


ဝူရှဲလည်း ခေါင်းညိတ်ပြလိုက်သည်။


"ဒီအ​ကောင်နဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတွေက နေရာ တော်တော်များများမှာ ရှိတယ်.... အဲဒါကြောင့် မမှား​လောက်ဘူး"


အားနင်က ခေါင်းတညိတ်ညိတ်နဲ့ ဝင်ပြောလာသည်။ 


"ကျွန်မလည်း ငယ်ငယ်က ကြားဖူးတယ်... လူကြီးတွေက ကျွန်မကို မြစ်ကမ်းနား ဆော့ကစားဖို့ ခြောက်နေတယ်လို့ ထင်ခဲ့တာ"


ထိုအချိန်တွင် လှေသူဌေးက ကြားဝင်ပြောပြီး 


“မဟုတ်ဘူး မဟုတ်ဘူး... မင်းတို့ နားမလည်ပါဘူး..... ငါတို့လို ငါးဖမ်းသင်္ဘောတွေက ပင်လယ်ထဲက အားလုံး မြင်ဖူးကြတယ်....အဲဒီအကောင်က ပင်လယ်မျောက် မဟုတ်ဘူး ယဲ့ချားတစ္ဆေပဲကွ! အဲဒါတွေ အားလုံးက နဂါးဘုရင်ရဲ့ ဆွေမျိုးသားချင်းတွေ..... မင်းတို့ သူ့ကို စော်ကားခဲ့မယ်ဆိုရင် ကလဲ့စားချေဖို့ သေချာပေါက် ပြန်လာလိမ့်မယ်.... ငါတို့ ကမ်းကို အမြန် ပြန်သွားသင့်တယ်... ဝက်ဝယ်ပြီး တာအို ဘုန်းတော်ကြီးကို ဖိတ်သင့်ပြီ ပြီးရင် ထုံးတမ်း အစဥ်အလာတွေအတိုင်း ပူဇော်ရမယ်... ဒါမှ သူ ငါတို့ကို လွှတ်​ပေးမှာ”


ထိပ်ပြောင်ကျန်း ဒီစကားကို ကြားတော့ ရယ်လိုက်သည်။


"ကျုပ်ပြောမယ် မစ္စတာသင်္ဘောသူဌေး....ကျုပ်က နဂါးဘုရင် ဆွေမျိုးရဲ့ ပုခုံးကို အစိတ်စိတ် အမြွှာမြွှာ ပိုင်းဖြတ်ပစ်ခဲ့တာနော်... ဒါဆိုအခုကျုပ်က စွန်းဝူခုန်း မဟုတ်ဘူးလား?"


သင်္ဘောသူဌေးက ထိုစကားကို ကြားတော့ ဒေါသအရမ်းထွက်ပြီး သူ့မျက်နှာက အစိမ်းရောင် ပြောင်းသွားကာ ထအော်တော့သည်။


"မင်းက စွန်းဝူခုန်း နဲ့တူတာ မဟုတ်ဘူး မင်းက ကျူးပါကျဲနဲ့ တူနေတာ!"


ထိပ်ပြောင်ကျန်းသည် သူ့မျက်နှာပေါ်ရှိ အဆီများကို ညှစ်ထုတ်လိုက်ပြီး ကျူးပါကျဲက တကယ်ကြီး သူနှင့် ခပ်ဆင်ဆင်တူသည်ဟု ခံစားလိုက်ရသဖြင့် မနေနိုင်ဘဲ စိတ်ဓာတ်ကျသွားတော့သည်။ 


ဖက်တီး ခဏမျှ ရယ်မောလိုက်ပြီး


"ပင်လယ်အောက်ခြေမှာ ဒီလိုအရာမျိုး ရှိတယ်ဆိုရင်တော့ ငါတို့မှာ လက်နက်တွေ ရှိရမယ်... အဲဒီပင်လယ်ရေအောက် သင်္ချိုင်းက သူတို့ရဲ့တွင်းနက် ဖြစ်​​နေရင် ငါတို့မသေမချင်း ထွက်ပြေးမှာလား? မိန်းကလေးအားနင်... ငါးမျှားလှံ ဒါမှမဟုတ် တစ်ခုခုကို ပြင်ဆင်ထားပြီးပြီလား?"


အားနင်ကလည်း 


"ကျွန်မတို့ ဒီအခြေအနေကို သုံးသပ်ပြီး ရေငုပ်သေနတ် တချို့ကို ပြင်ဆင်ထားပြီးပြီ ဒါပေမဲ့ ဒီသေနတ်တွေက ကြီးပြီး တစ်ကြိမ်မှာ တစ်ချက်တည်းပဲ ပစ်ခတ်နိုင်တယ်.... အရေးပေါ် အခြေအနေ ရှိလာရင်တော့ သိပ်အသုံးမဝင်ပါဘူး" 


ဤသေနတ်မျိုးက ဖိသိပ်ထားသော ဓာတ်ငွေ့ဖြင့် ပစ်ခတ်နိုင်တာကို ဝူရှဲ သိသည်။ ထိုသေနတ်၏ ထိရောက်သော အကွာအဝေးမှာ လေးမီတာအောက်သာ ရှိသည်။ ကံကောင်းစွာဖြင့် ၎င်းကို လှံအဖြစ်လည်း အသုံးပြုနိုင်သည်။ သို့သော် ဤသေနတ်၏ အရှည်သည် အမှန်တကယ်ပင် ရှည်လျားတာကြောင့် ကျဉ်းမြောင်းသော သင်္ချိုင်းလမ်းကြောင်းတွင် အသုံးပြုလို့ မရနိုင်ပေ။


ဖက်တီးက ဒါကို လျစ်လျူရှုပြီး 


"အဲဲဒါက အသုံးဝင်ဝင် မဝင်ဝင် အရေးမကြီးပါဘူး....ငါတို့မှာ သေနတ်တွေ အများကြီး မရှိဘူး... အဲဒါကြောင့် သယ်နိုင်သမျှ သယ်ခဲ့ရမယ် မနက်ဖြန် ဆင်းမယ်... ငါက လမ်းဖွင့်မယ် ရဲဘော်လေး ရှောင်ဝူက ငါ့နောက်က လိုက်ခဲ့.... မင်းနဲ့ ဒီထိပ်ပြောင်က နောက်ဆုံးက လိုက်လာခဲ့ကြ... အရှေ့မှာ တစ်ခုခုမှားနေတာ တွေ့တာနဲ့ ငါ လက်ဝှေ့လိုက်ရင် မင်းတို့ချက်ချင်း ရပ်ရမယ်.... ငါလက်သီးဝှေ့ယမ်း​ပြရင်တော့ မင်းအားလုံးကို လျစ်လျူရှုပြီး ပြေးသာပြေးတော့!"


အစီအစဉ်က ပိုကျိုးကြောင်း ဆီလျော်လို့ အားလုံးလည်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့ တခြားအရာတွေကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဦးလေးသုံး ပြောပြတဲ့ အတွေ့အကြုံတွေကို တွေးပြီး စာရင်းတွေ လုပ်သည်။ ရှာဖွေရေးမီးတွေ၊ ဓားမြှောင်နဲ့ မီးတုတ်တွေလိုမျိုး ပစ္စည်းတွေကို ညတွင်းချင်း ပြင်ဆင်ခိုင်းလိုက်သည်။ 


အလုံပိတ်အိတ်၊ နိုင်လွန်ကြိုး၊ ​တောင်တက်သံကွင်းများ၊ အစားအစာများ၊ ရှေးဦးသူနာပြု ပစ္စည်းများ၊ ဓာတ်ငွေ့ မျက်နှာဖုံးများ၊ ရတနာသေတ္တာနှင့် ၎င်းတို့သည် အတော်လေး ပြင်ဆင်ထားပြီး အနက်ရောင် မြည်းခွာများကိုပင် ပြင်ဆင်ထားကြသည်။


ညွန်ကြားချက်များ ပေးပြီးနောက် မိုးလင်းခါနီးတွင် ဖက်တီးက စကားမပြောနိုင်တော့ပေ။ ဆက်ပြောနေရင် ရေထဲ မဆင်းနိုင်တော့မှာ စိုးတာကြောင့် အနားယူရလေသည်။ ထို့ကြောင့် သူတို့အိပ်ရန် နေရာ ရှာလိုက်ကြသည်။


အုန်းဝိုင်းရဲ့ အစွမ်းအစက ပြင်းထန်ပြီး တိုက်ခတ်လာသော လေပြင်းကြောင့် ဝူရှဲခေါင်းတွေ လေးလံသွားသလို ခံစားရပြီး ခဏကြာတာနဲ့ ချက်ချင်း အိပ်ပျော်သွားကာ နေ့ခင်းရောက်တဲ့ အထိလည်း အိပ်ရာက မထနိုင်သေးပေ။ 


တခြားလူ တော်တော်များများက သူ့ထက် စောစောနိုးပြီး အဆင်သင့် ပြင်နေကြပါပြီ။ ဝူရှဲ သူ့မျက်နှာကို ပင်လယ်ရေနဲ့ပဲ ဆေးကြောလိုက်သည်။ အဲဒီအချိန်မှာ ရေပေါ်ကနေ မျောပါသွားတဲ့သူတွေထဲက တစ်ယောက်က သူ့ရဲ့အသက်ရှူကိရိယာကို ချွတ်လိုက်ပြီး 


"တွေ့ပြီ....သေချာပေါက် ဒီနေရာပဲ ဖြစ်ရမယ်... သင်္ချိုင်းဂူကို အောက်မှာ ရှာတွေ့ပြီ"


ဒါကို ကြားတော့ အားနင်က အလျင်အမြန် ပြန်မေးလိုက်သည်။ 


"အထဲဝင်ကြည့်​​သေးလား?"


အဲဒီလူက ခေါင်းခါပြီး 


"ကြည့်တယ်.... ဒါပေမဲ့ ဂူလမ်းက တော်တော်ရှည်တယ် ကျွန်တော် ခဏလောက် ဆင်း​ကြည့်ပေမယ့် အဆုံးကို မတွေ့ဘူး... မဝင်ရဲတော့တာနဲ့ ပြန်ထွက်လာခဲ့လိုက်တာ"


အားနင်က ခေါင်းညိတ်ပြပြီး ထိုလူကို နောက်ထပ် မေးခွန်းအနည်းငယ် မေးပြီးနောက် ဝူရှဲတို့ဘက်ကို လှည့်လာခဲ့သည်။ 


"ကောင်းပြီ.... အဆင်သင့် လုပ်ရအောင်... အပေါက်ကို သန့်ရှင်းရေး လုပ်ပြီးရင် ငါတို့ကို လာခေါ်ပေးလိမ့်မယ်.... တွင်းပြိုကျထားတဲ့ လက္ခဏာရှိရင် ယမ်းသုံးမယ်... ပြင်ဆင်ကြမယ်"


ဝူရှဲလည်း ရေငုပ်၀တ်စုံကို ၀တ်ဖို့ လိုက်သွားခဲ့သည်။ ဖက်တီးက ဗိုက်ကို မဖုံးနိုင်ဘဲ တင်းကနဲ ပေါ်လာတာကလွဲရင် ဝူရှဲနဲ့ တခြားသူ တော်တော်များများက ဝတ်စုံနဲ့ အရမ်း လိုက်ဖက်ကြသည်။ စက်ကိရိယာများကို စစ်ဆေးပြီးနောက် ယူဆောင်လာရမည့် အရာများကို ဝတ်ဆင်ကြသည်။ ထို့နောက် သူတို့အားလုံးကို ရေထဲသို့ ဆင်းခဲ့ကြ၏။ 


TN - 登山扣 english လိုက carabiner တဲ့။

 အသွေးကတော့ အလွယ်နည်းနဲ့ တောင်တက်သံကွင်းလို့ ရေးလိုက်တယ်။ မှားသွားရင် သည်းခံပေးပါ