(17)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (17)

ဆံပင်



ပင်လယ်ရေအောက် ဂူသင်္ချိုင်းဟာ သင်္ဘောနဲ့ မနီးမဝေးက ပင်လယ်အောက်ခြေမှာ မီးတောင်အဝကြီး တစ်ခုလို ပေါက်ကွဲ ထွက်သွားတာကို တွေ့လိုက်ရသည်။ တွင်းရဲ့ အောက်ခြေက အပေါက်ဟာ ဦးလေးသုံး လက်ချက်ပဲလို့ ဝူရှဲ ထင်မြင်မိသည်။ ပြိုကျထားသည့် အရိပ်အယောင် မရှိတာကြောင့် ဦးလေးသုံးရဲ့ နည်းပညာမှာ ယိုယွင်းမှု မရှိဘူးဟု ထင်ရသည်။


ဦးလေးသုံး ပြောခဲ့တဲ့ စကားနဲ့ အလွန်ဆင်တူသည့် ကျောက်ဆူး တချို့ကိုလည်း ဝူရှဲ တွေ့ခဲ့ရသော်လည်း ဦးလေးသုံး ပြောတဲ့အတိုင်း အားလုံး ဟုတ်မလားတော့ သူလည်း မသေချာချေ။ 


ဦးလေးသုံး စီစဉ်ထားတဲ့ မြေအောက်နန်းတော်ရဲ့ ခြေရာလက်ရာတွေက အခုထိရှိနေတုန်းပဲ။ ထိပ်ပြောင်ကျန်းနဲ့ ဝူရှဲတို့ နှစ်ယောက်လုံး သေသေချာချာ မှတ်သားထားလိုက်သည်။ ဂူသင်္ချိုင်း အပေါက်ရဲ့ နေရာကို ကြည့်ပြီးတော့ ဒါက နားခန်းထဲကို တူးထားတဲ့ နေရာဖြစ်ကြောင်း ခန့်မှန်းမိကာ အဲဒီနေရာက အုတ်ခဲတွေက ကြည့်ရတာ အတော်လေး ပါးလွှာလောက်သည်။ 


သူတို့ ၅ မိနစ်ခန့် ရှာဖွေခဲ့ပြီးနောက် နောက်ထပ် ရှာဖွေရန် မလိုအပ်တော့ပေ။ ဖက်တီးက ဝူရှဲကို လက်ပြပြီး ဝင်ကြတော့မလားဟု လက်ဟန်ပြသည်။ အားနင်က ရေငုပ်နာရီကို ကြည့်ပြီးနောက် ခေါင်းညိတ်ပြလာ၏။ 


သူ့တို့ပစ္စည်းတွေ အခုက လွန်ခဲ့တဲ့ အနှစ် 20 လောက်ကထက် ပိုကောင်းတာ ဆိုတော့ သူတို့အားလုံးက ပေါ့ပေါ့ပါးပါး ခရီးထွက်ကြသလိုပါပဲ။ နောက်ဆုံးတော့ အားလုံး အဆင်ပြေစေဖို့ ဂူအ၀င်ဝမှာ စက်ကိရိယာတွေနဲ့ သဘောတူထားတဲ့ ကုဒ်စာလုံးတွေကို စစ်ဆေး ကြည့်ကြသည်။ 


ပြဿနာ မရှိဘူးဆိုမှ ဖက်တီးက ပထမဆုံး ဝင်သွားခဲ့သည်။ ဝူရှဲလည်း ရေအောက် ရှာဖွေရေး ဓာတ်မီးကို ဖွင့်ပြီး နောက်ကလိုက်သွားရင်း ငါးမီတာ ဒါမှမဟုတ် ခြောက်မီတာလောက်အထိ ရောက်သွားလေ၏။  


ဒီဂူသင်္ချိုင်းရဲ့လမ်းက ပုံမှန်မဟုတ်ဘဲ တခါတရံ ကျယ်ပြီး တခါတရံ ကျဉ်းသွားတတ်သည်။ ရေကူးရင်းနဲ့ ဂူနံရံကို လှမ်းကြည့်လိုက်တဲ့အခါ ပိုကြည့်လေ ပိုထူးဆန်းလာလေပဲ။ ဂူလမ်းကြောင်းက တစ်စုံတစ်ယောက် တူးထားသလိုမျိုး မဟုတ်ပေ။ 


တွင်းတူးတဲ့လူက ဦးလေးသုံး ဖြစ်ခဲ့ရင် ဂေါ်ပြားနဲ့ တစ်ခုပြီးတစ်ခု သပ်သပ်ရပ်ရပ် တူးထုတ်သွားမှာပဲ။ အခုဒီမှာ အမှတ်အသားတွေ ရှုပ်ပွနေပြီး တိရိစ္ဆာတွေ တွင်းတွေ တူးရင်း လုပ်ထားတဲ့ အပေါက်တွေနဲ့ တူနေသည်။ 


မီတာ ၂၀ ကျော်အထိကို ခက်ခက်ခဲခဲ ကူးခတ်လာခဲ့သည်။ ဂူအဝင်ဝက အလင်းရောင်ကိုတောင် သူတို့ မမြင်ရတော့ပေ။ ဒီအချိန်မှာတော့ ဂူရဲ့ ဦးတည်ရာက ရုတ်တရက် ပြောင်းသွားပြီး ဒေါင်လိုက် တူးလိုက်လို့ ပုံစံကြောင့် နည်းနည်း ထူးဆန်းနေသလို ခံစားလိုက်ရသည်။ သင်္ချိုင်းလမ်းကြောင်း တူးတာပဲမလား ဘာလို့ လမ်းကြောင်း ပြောင်းထားရတာလဲ။


စကား မပြောနိုင်တာကြောင့် မေးခွန်း ထုတ်လို့မရတဲ့ အတွက် ဒေါင်လိုက်ရှိတဲ့ အပေါက်နားမှာ အနားယူခဲ့ကြသည်။ ဖက်တီးက သူတို့ကို ဂရုတစိုက်ဖို့ အမူအရာပြပြီး အရင် ရေကူးပြီး အောက်ဆင်းသွားသည်။ သူ့အလင်းရောင်က အစက်လေးတစ်စက် ဖြစ်သွားတဲ့အထိ အောက်ကို ငုံ့ဆင်းသွား၏။ 


ဤအချိန်တွင် ဖက်တီးက အောက်တွင် ဘေးကင်းကြောင်း အချက်ပြရန် ​ရေအောက် ရှာဖွေရေး မီးကို ဝှေ့ယမ်း​ပြလိုက်သည်။ ချက်ချင်း ဆိုသလို တစ်ယောက်ပြီး တစ်ယောက် ရေငုပ်ရင်း ရေငုပ်လက်ပတ်နာရီကို ကြည့်လိုက်တော့ ဆယ်မီတာကျော် နက်နေပြီဆိုတာ တွေ့လိုက်ရသည်။ အရင်က ဒီလောက်နက်တဲ့အထိ ရေမကူးဖူးသလို ခန္ဓာကိုယ်က ထိန်းနိုင်မလားလည်း မသိချေ။ 


အောက်မှာ နေရာကျယ်ကြီး တစ်ခုကို တူးထားတဲ့ ရှေးသင်္ချိုင်းဂူရဲ့ နံရံကို ချက်ချင်း မြင်လိုက်ရသည်။ အဲဒီအပေါက်ကြီး တစ်ခုကို မြင်လိုက်တာနဲ့ ဝူရှဲ ပိုတောင် စိတ်ရှုပ်သွားတော့သည်။ ဒါက သင်္ချိုင်းတစ်ခုကို ပုံမှန်ဖောက်ထားတဲ့ ပုံစံနဲ့ မတူဘူး။ အုတ်ဂူနံရံတွေကို ဂရုတစိုက် ဖယ်ရှားခဲ့ပုံ မဟုတ်ဘဲ တချို့အုတ်များသည် အမှန်တကယ် ကွဲအက်နေသည်။ 


ဖက်တီးက ဝူရှဲကို ကြည့်လာပြီး ဝူရှဲလည်း ဖက်တီးကို ပြန်ကြည့်လိုက်သည်။ ဖက်တီးက ပူဖောင်းလေးတွေ မှုတ်ကာ ကျိုးနေတဲ့ အုတ်ခဲတွေကို လက်ညှိုးထိုးပြပြီး မျောက်လို လက်ဟန်နဲ့ လုပ်ပြချင်နေတာ သိလိုက်ရသည်။ တူးထားတာက ဂူဖောက်သူတွေ မဟုတ်ဘဲ ပင်လယ်မျောက်ပါပဲ။ 


ဝူရှဲလည်း ခေါင်းညိတ်ပြီး သဘောတူဟန် ပြလိုက်သည်။ ဖက်တီးက သူ့နောက်ကျောပေါ်ရှိ ရေအောက် လေသေနတ်ကို လက်ညှိုးထိုးပြပြီး သေနတ်ကို ဆွဲထုတ်ကာ ဂူထဲသို့ ကူးခတ်သွားခဲ့သည်။


ဒီလိုရှေးဟောင်း သင်္ချိုင်းအတွင်းကို ဒုတိယအကြိမ် ဝင်တာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားနေပေမယ့် အရင်တစ်ခေါက် အတွေ့အကြုံကို တွေးမိတော့ စိတ်မသက်မသာ ဖြစ်​နေမိတုန်းပဲ။ အထူးသဖြင့် ရေအောက်ထဲမှာက လက်ခြေတွေရဲ့ ခံနိုင်ရည်က အရမ်းဆိုးဝါးလွန်းသည်။ အန္တရာယ်တွေ့ပါက ကုန်းပေါ်မှာ တုန်းကလို မြန်မြန် မပြေးနိုင်တော့မှာ စိုးရ၏။ 


သင်္ချိုင်းလမ်းက ထင်ထားတာထက် အများကြီး ပိုကျယ်​လေသည်။ ရှာဖွေရေးမီးရဲ့ တောက်ပမှုကို လှည့်လိုက်ပြီး လက်ထဲက ရေစိုခံ ဓာတ်မီးကို ဖွင့်၍ ဖက်တီးနောက်ကနေ လိုက်သွားခဲ့သည်။ သူတို့ ထွန်းထားတဲ့ မီးတွေက အရမ်းတောက်ပလွန်းလို့ အဝေးကို တစ်ချက်တစ်ချက် လင်းလက်သွားသည်။ 


သင်္ချိုင်းနံရံမှာ သူ့ဦးလေးသုံး ပြောခဲ့တဲ့ လူ့မျက်နှာသဏ္ဌာန်တွေ တကယ်ရှိနေတာကို တွေ့လိုက်ရသည်။ ဒါတင်မကဘဲ ဒီလူ့မျက်နှာ ရုပ်ကြွတွေရဲ့ နဖူးတွေကိုလည်း အလွန်နူးညံ့ သိမ်မွေ့စွာ ထွင်းထုထားကာ အဲဒီအပေါ်မှာ ထူးဆန်းတဲ့ တိရိစ္ဆာန်လေးတွေကိုပါ ထွင်းထုထားတာကို တွေ့ခဲ့ရ၏။  


ဝူရှဲတစ်ဖက်က ရေကူးတာရင်း တစ်ဖက်ကလည်း ကြည့်နေသည်။ ပိုကြည့်လေ ပိုထူးဆန်းသလို ခံစားရလေပဲ။ ဒီတိရစ္ဆာန် အများစုဟာ သင်္ချိုင်းတွင်းက သားရဲတွေ ဖြစ်ကြပေမယ့် အဲဒီအကောင်တွေ အပေါ်မှာ ထွင်းထားတဲ့ မျက်လုံးတစ်လုံးမှ မတွေ့ရတာက အနည်းငယ် ထူးဆန်းနေသလိုပင်။


ထိုအချိန်တွင် လူမျက်နှာတစ်ခု၏ နဖူးပေါ်တွင် မြွေမျက်ခုံး ငါးကြေးရုပ်ပုံ ထွင်းထားသော ကြေးငါးလေး သုံးကောင်နှင့်တူသော လူမျက်နှာကို ရုတ်တရက် မြင်လိုက်ရ၍ ထိတ်လန့်တကြားဖြင့် စိတ်မထိန်းနိုင်ဘဲ ဖက်တီးကို ရပ်တန့်ရန် အမြန်ဆွဲထုတ်ကာ သူကတော့ ထိုအရာကို လေ့လာရန် သွားခဲ့သည်။ 


ဖက်တီးက အထဲကို ကမန်းကတန်း လျှောက်သွားနေ၏။ သူကအရမ်း စိတ်မရှည်တတ်ပေ။ ဝူရှဲ ဘာတွေ့ထားလဲ မသိတာကြောင့် ပြန်လှည့်ကြည့်ရင်း ခဏလောက် ကြည့်လိုက်ပေမယ့် ဘာမှမတွေ့ပေ။ သူက ထွက်သွားဖို့ လုပ်ရာ ဝူရှဲလည်း စိုးရိမ်တကြီးနဲ့ လက်ပြပြီး စောင့်ခိုင်းလိုက်သည်။


ဝူရှဲ ဂရုတစိုက် စောင်းငဲ့ကြည့်လိုက်တော့ မြွေမျက်ခုံး ကြေးနီငါးကြီး သုံးကောင်က အဝိုင်းပုံသဏ္ဌာန်နဲ့ ချိတ်ဆက် ထွင်းထုထားပြီး တစ်ကောင်စီက ပုံစံတွေ မတူကြချေ။ ဝူရှဲ သေချာကြည့်လိုက်တဲ့အခါ ၂ကောင်က သူ့အိတ်ထဲမှာ ပါလာတဲ့ ၂ကောင်ပဲ။ တစ်ကောင်က မျက်လုံးသုံးလုံးပါရာ သူအရင်က တစ်ခါမှ မမြင်ဖူးတဲ့အတွက် ဒီအချက်က ဘာလဲဆိုတာတော့ သူလည်း မသိပေ။ 


ငါးအောက်က လူမျက်နှာသည် အခြားမျက်နှာများနှင့် ကွဲပြားသည်။ ၎င်းသည် ထင်ရှားသော အမျိုးသမီး လက္ခဏာများ ရှိသော မျက်နှာ ဖြစ်သော်လည်း ၎င်းနှင့်ထိကပ်နေသည့် အရာများစွာကြောင့် မျက်နှာသည် အနည်းငယ် ရုပ်ပျက်ဆင်းပျက် ဖြစ်နေလို့ ကြည့်ရတာ သိပ်အဆင်မပြေချေ။ 


သူ သေသေချာချာ လေ့လာချင်သေးပေမယ့် အဲဒီအချိန်မှာ အားနင်က အနောက်ကနေ တွန်းတိုက်လိုက်တာကြောင့် ရှေ့ဆက် ကူးခတ်သွားဖို့ကလွဲလို့ ရွေးစရာလမ်း မရှိတော့ပေ။ ကံကောင်း ထောက်မစွာနဲ့ ထွင်းထုထားတဲ့ ပုံတွေက ခဏခဏ ပေါ်လာပြီး နောက်နည်းနည်း လှမ်းကြည့်လို့ရ၏။ အဲဒါကို ကြည့်လိုက်တော့ ဘာမှ ထပ်မတွေ့ရပေမယ့် တစ်ခုခု မှားနေပြီလို့ ယောင်ဝါးဝါး ခံစားနေရသည်။ 


ကြည့်ရင်းကြည့်ရင်း အဲဒီမျက်နှာသွင်ပြင် ၅ကြိမ်မြောက် ပေါ်လာတဲ့ အခါမှာတော့ ပြဿနာက ပေါ်လာခဲ့သည်။ ပထမ ကျောက်တုံးပေါ်က မျက်နှာက မျက်လုံးတွေ မှိတ်ထားပြီး ဒုတိယ ကျောက်ပြားပေါ်က မျက်နှာမှာ သဘောထားကြီးပုံဖြင့် မျက်လုံးကို ဖွင့်လျက် ထွင်းထုထားသည်။ တတိယနှင့် စတုတ္ထမြောက် မျက်နှာတွေရဲ့ မျက်လုံးများက ပိုကျယ်လာကာ ယခု ၅ခုမြောက် မျက်နှာပေါ်က မျက်လုံးတွေဟာ အပြည့်နီးပါး ပွင့်နေပြီ ဖြစ်သည်။


နည်းနည်း စိတ်မသက်မသာ ဖြစ်လာတာကြောင့် ဖက်တီးကို လှမ်းဆွဲကိုင်ပြီး ရှေ့မတိုးဖို့ အချက်ပြလိုက်သည်။ ပြီးနောက် ရေအောက်ပုံဆွဲဘုတ်ကို ဆွဲထုတ်ပြီး 


“သင်္ချိုင်းနံရံပေါ်မှာရှိတဲ့ မျက်နှာပေါ်က မျက်လုံးတွေက တဖြည်းဖြည်း ပွင့်လာသလိုပဲ... တစ်ခုခုမှား​နေမှာ ကြောက်ရတယ်” 


ဟု စာရေးပြီးသောအခါ နံရံကို လက်ညှိုးထိုးပြလိုက်သည်။ ဖက်တီးက ခေါင်းခါယမ်းကာ 


"ငါတော့ သတိမထားမိပါဘူး... အဲဒါတွေက ကျောက်ရုပ်ကြွတွေပါပဲ အထဲမှာ ကျောက်လုံးတစ်လုံး ရှိနေတာ ဖြစ်မှာပေါ့ မင်းအတွေး လွန်နေပြီ"


ဝူရှဲ ခေါင်းကို ခပ်တင်းတင်း ယမ်းလိုက်ပြီး သေနတ်ကို ကောက်ကိုင်ခိုင်းလိုက်သည်။ သူ့ရဲ့ လေးနက်တဲ့ အမူအရာကို မြင်တော့ ဖက်တီးမှာလည်း ရွေးချယ်စရာ မရှိတော့ပေ။ သိပ်မကြာခင်မှာပဲ သူ့ရှေ့မှာ တူညီတဲ့ ရုပ်ကြွရုပ်တု ပေါ်လာတာကို တွေ့လိုက်ရ​ပြန်သည်။ ဖက်တီးလည်း ဝူရှဲ ပြောထားတာကို သတိရသွားတာကြောင့် ရပ်လိုက်တာ ဓာတ်မီးနဲ့ ထိုးကြည့်လိုက်သည်။ 


ကျောက်တုံးကြီး၏ မျက်လုံးများ လုံးဝ ပွင့်နေပြီ။ မျက်နှာတစ်ပြင်လုံး အရှေ့ တည့်တည့်သို့ မျှော်ကြည့်နေသည်။ အနည်းငယ် မှုန်မှိုင်းနေသော မျက်လုံးများကို ဖက်တီးတစ်ယောက် အဖန်ဖန် အထပ်ထပ် ကြည့်နေသော်လည်း ပြောင်းလဲမှု မရှိသောကြောင့် ဆက်လျှောက်ဖို့ သတ္တိကို ဆွဲနှုတ်ပြီး ဝူရှဲကိုထိလိုက်ကာ ပြဿနာမရှိဘူး ဆိုတဲ့ အမူအရာမျိုး လုပ်ပြလာခဲ့သည်။ 


ဝူရှဲ ရေကူးသွားပြီး ကြည့်လိုက်တော့ ကျောက်တုံးက သေးသေးလေး။ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ သူ့မျက်လုံးထဲကို လက်ချောင်းတွေ ထိုးထည့်လိုက်ပေမယ့် တုံ့ပြန်မှု မရှိလာခဲ့ဘူး။ ဝူရှဲ သူ့ခေါင်းကို လှောင်ပြောင်ခံလိုက်ရသလို ခါယမ်းလိုက်သည်။ အုတ်ဂူဒီဇိုင်းက နောက်ပြောင်မှုတစ်ခုလိုပါပဲ။ 


အုတ်ဂူထဲ ဝင်လာနိုင်တဲ့ ဂူသင်္ချိုင်းဖောက် ဓားပြတွေကို ကြောက်လန့်အောင် လုပ်လေ့ရှိတဲ့ ကစားကွက်တစ်ခုလိုပင်။ ဒီနေရာမှာ ကိုယ့်ကိုကိုယ် ကြောက်အောင် ခြောက်နေမိသလိုပဲ လုံးဝ အဓိပ္ပာယ်မရှိဘူး။ ဖက်တီးက သူ့ကိုတစ်ချက် ရိုက်လိုက်ကာ အရမ်းမတွေးဖို့နဲ့ မြန်မြန်ထဖို့ ပြောလာခဲ့သည်။


သူတို့ ရှေ့ကို ဆက်ပြီး ကူးခတ်လာခဲ့သည်။ ရုတ်တရက် ဦးလေးသုံးက သူသွားတုန်းက ယန္တရား တစ်ခုနဲ့ တိုက်ပြီး နွေဦးပေါက်ထဲကို စုပ်ယူခံလိုက်ရတယ်လို့ ပြောခဲ့တာကို သတိရမိသွားသည်။ ဒါပေမဲ့ ဒီသင်္ချိုင်းနံရံတွေက အတူတူပဲလေ။ သူဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ?


ဝူရှဲစိတ်တွေ အရမ်း မြန်ဆန်စွာ အလုပ်လုပ်နေသည်။ ဒီအတိုင်းတစ်ချိန်လုံး ရှေ့ကို ကူးခတ်နေရင် လမ်းက မရှိနိုင်တော့ဘူး။ ဒီသင်္ချိုင်းလမ်းကလည်း ဘယ်ကိုသွား​နေမှန်း မသိရသေးပေ။ နောက်ထပ် လှည့်ကွက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒီအထဲမှာ ပျောက်သွားရင်တော့ သေသွားလိမ့်မယ်။


ဝူရှဲ သူ့စိတ်ထဲမှာ တွက်ချက်နေမိသည်။ ဦးလေးသုံး ပြောပုံအရ နောက်ဆုံးလူကို တွေ့လိုက်တဲ့အချိန်က ဒီတော်တော်ရှည်တဲ့ စင်္ကြံမှာ ဖြစ်နိုင်သည်။ သူတို့ အခုလှည့်လာခဲ့တာ ဒီလိုစင်္ကြံနှစ်ခုပဲ ရှိသေးသည်။ ရှာရတာ အရမ်းမခက်ပေမယ့် အချိန်နည်းနည်းတော့ ကြာ၏။ 


အဲဒီအချိန်မှာတော့ ရှေ့ကဖက်တီးက ရုတ်တရက် ရပ်တန့်သွားရာ ဝူရှဲမထိန်းနိုင်ဘဲ သူ့တင်ပါးကို ဝင်တိုက်မိသွားသည်။ ဝူရှဲလည်း အရှေ့မှာ တစ်ခုခု ဖြစ်နေပြီထင်လို့ ပြေးကြည့်လိုက်တော့ အုတ်ဂူလမ်းကြောင်းက ဆုံးသွားတာကို တွေ့လိုက်ရသည်။ သူတို့​ရှေ့တွင် ကျောက်တုံးကြီးတစ်တုံး ရှိနေ၏။


ဒီကျောက်ပြားချပ်ကြီးဟာ ဘာ ဘာသာစကားမှ အဓိပ္ပာယ် တစ်ခုမှ မရေးထားဘူး။ အကြာကြီး ရှာဖွေပြီးတဲ့အထိ ဘာယန္တရားကိုမှ ရှာမတွေ့တော့တာကြောင့် ခေါင်းကိုပဲ ကုတ်နေရ၏။ ထိုအခိုကိ အားနင်က စာရေးပြီး မေးလာခဲ့သည်။ 


"ဒါက ဘယ်လိုဖြစ်ရတာလဲ? လမ်းဆုံးတာလား?"


"အနီးအနားမှာ ကျောက်တုံး ယန္တရားတစ်ခုခု ရှိရမယ်... အဲဒါကို ရှာကြည့်ရအောင် အုတ်ဂူနံရံမှာ ချောင်နေတဲ့ ကျောက်ပြားတစ်ခုခု ရှိမရှိ ကြည့်ရအောင်"


သူတို့အားလုံးလည်း ခေါင်းညိတ်လိုက်ကြသည်။ ဖက်တီးက ထို​နေရာတွင် လက်နဲ့ လိုက်ခေါက်လိုက်ပြီး လူ့မျက်နှာ သွင်ပြင်များကိုလည်း အသေအချာ စစ်ဆေးကြည့်တော့သည်။ ဝူရှဲလည်း မှတ်စုများတွင် ဖော်ပြထားသည့် သဲလွန်စအားလုံးကို စဥ်းစားရင်း ဘေးတစ်ဖက် တစ်ချက်စီကို ဓားမြှောင်ဖြင့် ခြစ်လိုက်သော်လည်း တိုးတက်မှု မရှိလာပေ။


ဝူရှဲလည်း နည်းနည်းတော့ ကူကယ်ရာမဲ့ စိတ်ဓာတ်ကျလာခဲ့သည်။ မထိန်းနိုင်ဘဲ ဖက်တီးရဲ့ လုပ်နေပုံကို လှည့်ကြည့်လိုက်တော့ ဖက်တီးက မှိန်းနေတာကို တွေ့လိုက်ရ၏။ ဝူရှဲ ဖက်တီးကို ရိုက်ပြီး မေးလိုက်သည်။


"တစ်ခုခု ရှာတွေ့လို့လား?"


သူက ဝူရှဲကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်ပြီး စာရေးမေးလာခဲ့သည်။


"ပင်လယ်မျောက်တွေမှာ ဆံပင်ရှိလား?" 


ရုတ်တရက် မေးလိုက်တာက ဘာကိုဆိုလိုမှန်းကို မသိပေမယ့် ရယ်လည်း မရယ်နိုင်ပေ။ ပင်လယ်မျောက်မှာ အမွေးရှိမရှိ ဆိုတာကိုတော့ ဂရုမစိုက်ခဲ့မိဘူး။ အကြေးခွံများဖြင့် ဖုံးအုပ်ထားတာတော့ သေချာလေသည်။ 


ဝူရှဲ သူ့ကို အမှန်အတိုင်း ပြော​​ပြပြီး သူဘာလို့မေးတာလဲလို့ မေးလိုက်တော့ ဖက်တီးက နံရံထဲက အက်ကွဲကြောင်းကို လက်ညှိုး ထိုးပြလာသည်။ သူ့လက်ညှိုး ထိုးပြရာဘက်သို့ ကြည့်သောအခါ ကျောက်တုံးနဲ့ သင်္ချိုင်းဂူကြားက အဟလေးကြားမှာ အနက်ရောင် ဆံပင်ကြိုးတစ်ချောင်း လွင့်နေတာကို တွေ့လိုက်ရ၏။


ဝူရှဲ အံသြသွားသည်။ ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ကျောက်ပြားတဲ့ တစ်ဖက်မှာ လူတစ်ယောက် မှီနေတာများလား? 


ဖက်တီးက အတော် သတ္တိကောင်းသည်။ ဆွဲထုတ်ချင်တာနဲ့ ချက်ချင်း ဆွဲထုတ်လိုက်တော့သည်။ မထင်မှတ်ဘဲ ဆံပင်က ကျောက်ပြားကြားထဲကို ပြန်ကျုံ့ဝင်သွားလေ၏။ ဖက်တီးလည်း ဝူရှဲကို တစ်ချက် ကြည့်လာပြီး စာရေးပြလာခဲ့သည်။  


“ကျောက်ပြားနောက်မှာ တစ္ဆေတစ်ကောင်ရှိတယ်”