(25)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (25)

တစ်ယောက်တည်း



ခေါင်းတလား အဖုံးကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် မျက်နှာဆီကို ငါးညှီနံ့တွေ ရိုက်ခတ်လာတာကို ခံစားလိုက်ရသည်။ အပေါ်ကို တက်ကြည့်လိုက်တော့ ခေါင်းတလားထဲမှာ အနက်ရောင် ရေတွေက ပြည့်နေပြီး အပေါ်ယံမှာ မြူခိုးငွေ့များ လျှံတက်လာ​နေတာကို တွေ့လိုက်ရသည်။ ခြေလက်တွေ ရောယှက်နေတာကိုလည်း ဖျတ်ခနဲ မြင်နေရ၏။ 


အထဲမှာ အလောင်းတွေ ဘယ်လောက် ရှိလဲတော့ မသိဘူး။ သူတို့အားလုံးဟာ ဖယောင်းတိုင်တွေလို ပူးကပ်​နေပြီး အလောင်းကောင်ကြီးကို ကြည့်ကာ ဝူရှဲ လက်တွေကို ရေတွက်ကြည့်လိုက်​တော့ အထဲမှာ ၁၂ ချောင်း ရှိနေတာ တွေ့လိုက်ရ၏။ 


ဒီမြင်ကွင်းကို မြင်တော့ မျက်နှာသေက မျက်မှောင် ကြုတ်သွားပေမယ့် သူ့အမူအရာက တည်ငြိမ်​​နေပြီး သူ့လက်ထဲက သေနတ်ကို လျှော့ချလိုက်သည်​။ သူ့ရဲ့ပြောင်းလဲမှုကို ကြည့်ပြီးတော့ ဒီအရာကြီးက အန္တရာယ် မရှိနိုင်ဘူးလို့ ဝူရှဲလည်း ရိပ်မိလိုက်သည်။ 


သူအစောက ဘာတွေ စိတ်ပူနေလဲ မသိပေ။


ခေါင်းတလား အတွင်းရှိ စင်တီမီတာ အနည်းငယ်တိုင်းတွင် အပေါ်မှ အောက်ခြေအထိ တန်းစီထားသော ရွှေရောင်များကို တွေ့ရသည်။ ရွှေစင်​တွေလား ရွှေချထားတဲ့ တစ်ခုခုလား ဆိုတာ ရေထဲမှာဖြစ်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အလောင်းအောက်တွင် ထူးဆန်းသည့်အပိုင်းအစ တစ်ခုလည်း ရှိနေသည်။


ဖက်တီးက အောက်ခြေနှင့် အပေါ်ယံမှ အရာအား ကြည့်ရှုရန် သူ့ဓာတ်မီးကို သုံး၍ ကြည့်လိုက်တဲ့အခါ စာလုံးများ ရေးထွင်းထားသော ကျောက်ပြားတစ်ခု ဖြစ်ပုံရတာ တွေ့ရသည်။ အလောင်းများနှင့် ၎င်းတို့၏ လက်များကြားတွင်လည်း ကျောက်စိမ်းနှင့် ဆင်စွယ် ပစ္စည်းများ ရှိနေသည်။


ဖက်တီးမှာ ကြည့်နေရင်း လက်က ယားယံလာသလို ခံစားခဲ့ရသော်လည်း အလောင်းက ရွံရှာဖွယ် ကောင်းလွန်းလှသည်။ သူဘယ်လောက်ပဲ မဆင်မခြင် ဖြစ်နေစေကာမူ တစ်စုံတစ်ခုကို ထုတ်ယူရန် ရေထဲ မျောပါနေသလို လူဆီအလွှာတွေရှိတဲ့ အခေါင်းထဲကိုတော့ လက်မထည့်ဝံ့ပေ။ အချိန်အတော် ကြာအောင် မစဉ်းစားနိုင်တဲ့အတွက် လက်လျှော့လိုက်ရ၏။ အထဲက အလောင်းကို လေ့လာကြည့်ရင်း ဖက်တီးက ခေါင်းခါပြီး ပြောလေသည်။ 


"ဒီသင်္ချိုင်းပိုင်ရှင်က တာအိုကျင့်စဥ်တွေ ဘာတွေများ ကျင့်ကြံခဲ့သူလား? ဒီလိုမကောင်းတဲ ဟာကိုတောင် ထုတ်ပြရဲတယ်... ငါတို့ဆီက ဂူဖောက်ခံရဖို့တော့ ထိုက်တန်ပါတယ်"


ဝူရှဲလည်း ဘာဖြစ်သွားမှန်း မသိပေမယ့် အထဲမှာ မြင်ကွင်းကို မြင်လိုက်ရတော့ နည်းနည်းတော့ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ ဒုတိယ အကြိမ်တော့ မကြည့်ဝံ့တော့ဘဲ ပြောလိုက်၏။


"ဒီပေါင်းစပ်ထားတဲ့ ရုပ်အလောင်းက ဘာကြောင့် ဒီလောက်တောင် ရွံစရာကောင်း နေရတာလဲ?"


ထိုအခါ ဖက်တီးက ရယ်လျက်။ 


"ရဲဘော်လေး... မင်း တုံးသွားပြီလား... မလေးရှားနိုင်ငံသားလို အတူတူ မြှုပ်နှံထားတဲ့သူတွေကို တွေ့ဖူးလို့လား? ဒါကြီးက အရှင်လတ်လတ် မြှုပ်နှံထားတာ သိသာတယ်.... ဒီလူတွေကို စုပုံပြီး ဆေးရေ အပြည့်ထည့်ထားတဲ့ ခေါင်းတလားထဲ ပစ်ထည့်လိုက်တာ... အဲ့တော့ အထဲမှာ အသက်ရှုကြပ်ပြီး သေသွားတာပေါ့....အလောင်းကောင်တွေကို ဝှက်ထားပြီး ချီ အာဟာရကို မွေးထုတ်တာလို့ ခေါ်တယ်!"


အတူတူ အမြှုပ်ခံထားရတယ် ဆိုတဲ့ အကြောင်း ပြောနေတာ ကြားတော့ ဝူရှဲ သူ့လည်ချောင်းတွေ ယားယံသွားသလိုတောင် ခံစားလိုက်ရသည်။ ဒီအချိန်မှာ သူ့ဗိုက်ကလည်း အရမ်းဆာနေပြီ။ အလောင်းကောင်တွေက ထပ်နေတော့ သည်းခြေရည်တွေတောင် ထွက်တော့မလို ခံစားလာရသည်။ ဒါပေမဲ့ သူပြောတဲ့ စကားအရ ဒီအကြောင်းကို သူသိနေပုံရ၏။


ဖက်တီးက သူ နားမလည်တာကို မြင်တော့ စနောက်ချင်ဟန်ဖြင့် ပြောလာခဲ့သည်။ 


"ဒါကိုတောင် မသိဘူးလား? ဒါဆို အမေ မရှိတဲ့ ကလေးလိုမျိုး ပြောရမှာတော့ အရှည်ကြီးပဲ... ငါငယ်ငယ်တုန်းက ကြားဖူးတဲ့ ချောင်ပိုင်တောက်ရဲ့ မြင့်မားတဲ့ တောင်တန်းတွေ.... "


ဝူရှဲလည်း ဖက်တီးတစ်ယောက် ပေါက်ကရတွေ လျှောက်ပြောတော့မှာကို သိတာကြောင့် ဖြတ်ပြောလိုက်တော့သည်။ 


"ဘယ်အချိန်တောင် ရှိနေပြီလဲ? ချောင်ပိုင်တောင်နဲ့ ဒီအလောင်းတွေ စိမ်ထားတဲ့ ကိစ္စက ဘာဆိုင်လို့လဲ? မင်းမသိဘူး ဆိုရင်လည်း အဲ့အကြောင်းကို ဆက်မပြောနဲ့တော့!"


ဖက်တီးလို လူတွေက တခြားသူတွေ သူတို့ကို အထင်သေး ရန်စမှာကို ကြောက်တတ်ကြတယ်။ သူက ဝူရှဲလည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း 


"ငါမသိဘူးလို့ ဘယ်သူပြောလဲ? ငါက ပုံကြီးကြီးကနေ စကြည့်ချင်တာ... မင်း မကြားချင်ရင် မေ့ပစ်လိုက်.... ဒါကို အလောင်း မွေးမြူထားတဲ့ ခေါင်းတလားလို့ ခေါ်တယ်... ဖုန်းရွှေပညာရပ်ကနေ လာတာ... သာမန်ဆို ဘာတောင်သင်္ချိုင်း ဆိုလား အဲဒီနေရာမှာ အသုံးပြုလေ့ ရှိတယ်။ ဒီရှေးဟောင်း သင်္ချိုင်းထဲမှာ ဖုန်းရွှေပညာနဲ့ လုပ်ထားတဲ့ ခေါင်းတလား နှစ်ခုရှိရမယ်...တစ်ခုပေါ် တစ်ခုဆင့်ပြီး ထည့်ရင် အခေါင်းအလွတ်က ပင်လယ်ရဲ့ အငွေ့အသက်တွေ စုဝေးနေတာကြောင့် မကောင်းတဲ့ အငွေ့အသက်တွေကို ဆွဲဆောင်နိုင်တယ်... အလောင်းတစ်လောင်းကို ဒီနေရာမှာ ထားရှိတာက အုတ်ဂူပိုင်ရှင်ကို သွေးနဲ့ မြှုပ်နှံထားတယ်လို့ ပြောလို့ရတယ်... ဒါကျတော့ ပူးတွဲသင်္ဂြိုဟ်ခြင်းဟု ယူဆရမယ်... ဒီခေါင်းတလားက ပင်မသင်္ချိုင်းထဲက ခေါင်းတလားတစ်ခုနဲ့ အတိအကျ တူညီနေရမယ်... ဒါကို ဖုန်းရွှေပညာနဲ့ အာဟာရဖြည့် ချီ မွေးမြူမှုလို့ ခေါ်တယ် နားလည်လား?"


ဖက်တီးက တစ်ခုခုကို ထောက်ခံနေသလိုမျိုး အသက်ရှုကြပ်မတတ် စကား ပြောနေ၏။ ဝူရှဲ ကြားရတာကို တစ်ဝက်နားလည်ပြီး တစ်ဝက်က နားမလည်ပေ။ ခဏလောက် ဆွံ့အသွားပြီး မနေနိုင်တော့ဘဲ စကားပြန်စလိုက်၏။ 


“ဒါဆို ဒီမှာ လူတွေ အများကြီးပဲ... အကုန်လုံး....”


ဖက်တီးက သူ့ပေါင်ကို ရိုက်ချလိုက်ကာ။


"အဲဒါကြောင့် ပြောတာပေါ့... ဒီကောင်က သူ့မိသားစုတစ်ခုလုံးကို အထဲထည့်သွားတာ ဖြစ်နိုင်တယ်.... အရမ်းသနားစရာ ကောင်းတာပဲ!"


"ဒီလိုကိစ္စမျိုးက ဘယ်လိုလုပ် ဖြစ်သွားတာလဲ? ဒါက ကောင်းတဲ့ ဖုန်းရွှေကို ရွေးချယ်ထားတာ မဟုတ်ဘူးလား ...အစကတော့ အနာဂတ် မျိုးဆက်တွေအတွက် ရည်ရွယ်ပြီး ရွေးချယ်ခဲ့တာ... အခု မိသားစု တစ်ခုလုံးကို မြှုပ်နှံထားလိုက်ပြီ ဆိုတော့ ဖုန်းရွှေက အသုံးမဝင်တော့ဘူးပေါ့ဟ!"


ဖက်တီးက သူအတည်ပေါက်ကြီး ပြောနေတာကို မြင်တော့ ဝင်​​ပြောလာခဲ့သည်။ 


"ငါပြောတာက တစ်ခု မင်းကဘာကို ယုံ​နေတာလဲ? ပိုက်ဆံရှိတဲ့ လူတွေက ဘယ်လိုလုပ် ဒီလောက် မိုက်မဲကြပါလိမ့်နော်? သူတို့ဆွေမျိုးတွေရဲ့ မြေးလေးတွေကိုပါ သူတို့နဲ့အတူ သင်္ဂြိုဟ်ဖို့ ခေါ်သွားရတယ်လို့ပဲ....ဒါက မင်မင်းဆက် သင်္ချိုင်းမှာ အဖြစ်အများဆုံး အရာပါကွာ... အဲဒါကို ငါအရင်က မြင်ဖူးပေမယ့် ဒီလောက် ကြီးတာကြီးကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး" 


ဝူရှဲကတော့ အလောင်းကို ကြည့်ရင်း မြှုပ်နှံထားတဲ့ မြင်ကွင်းကို တွေးလိုက်တဲ့အခါ မတုန်လှုပ်သွားဘဲကို မနေနိုင်လိုက်ချေ။ အဘိုးပြောသလိုပဲ လူတွေရဲ့ စိတ်နှလုံးဟာ ခန့်မှန်းလို့ မရနိုင်ဆုံးပါပဲ။ တကယ်တော့ အခြေအမြစ်မရှိသော အရာတစ်ခုအတွက်တော့ ဒီလူတွေရဲ့ ဘဝတွေဟာ မြေစာပင်တွေနဲ့ အတူတူပဲ ဖြစ်သွားရသည်။ 


ဒါပေမဲ့ အခု အခေါင်းအဖုံးကို ဖွင့်ပြီးပြီ ဆိုတော့ ဖက်တီးက လွယ်လွယ်နဲ့ အရှုံးမပေးတော့ဘဲ ခေါင်းကုတ်ပြီး ပြောလာခဲ့သည်။ 


“ဒီလူတွေ ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ.... အိုးနည်းနည်း ယူဖို့ ဘေးအခန်းက သွားသင့်ပြီ ထင်တယ် ရေတွေအကုန်လုံး ခေါင်းတလားထဲမှာ စုပုံနေတာက ကံမကောင်းဆုံးအရာပဲ”


သူ ဘာလုပ်ချင်တယ် ဆိုတာကို သိတာကြောင့် ဝူရှဲက ပြောလိုက်သည်။


"မင်းဆိုတဲ့ သူခိုးကို ကြည့်လိုက်ရင် မင်း ဒီကမ္ဘာမြေအောက် လက်နက်တွေ အကြောင်းပဲ တွေးနေသေးတာ ငါသိသားပဲ... မင်းဘာလို့ အေးအေးဆေးဆေး မနေနိုင်ရတာလဲ? မရဏနန်းတော်မှာတော့ မင်းယူလို့ရတဲ့ ပစ္စည်းတွေ အများကြီး ရှိလောက်တယ်"


ဖက်တီးက ရှက်ရွံ့သွားကာ ကျိန်ဆဲလိုက်လေသည်။


"ဟမ့် ဖက်တီး ငါက ဒီလိုလူမလို့လား?"


သူနဲ့ မိုက်မဲတဲ့ စကားတွေ ပြောဖို့ ဝူရှဲလည်း ပျင်းလွန်းတာကြောင့် စကားလမ်းကြောင်း လွှဲလိုက်သည်။


"အခုက ဒီလို ဆူဆူညံညံ ကိစ္စတွေကို စွက်ဖက်ရမယ့် အချိန် မဟုတ်ဘူး.... ငါတို့ နောက်ကျလို့ ထွက်မသွားနိုင်ဘဲ ဒီမှာ သေသွားရင် ငါတို့မှာ ခေါင်းတလားတောင် ရှိမှာ မဟုတ်ဘူး....အဲဒီအချိန်ကျရင် သနားစရာ ကောင်းနေတာက ငါတို့ပဲ ဖြစ်သွားလိမ့်မယ်"


ဒီကိစ္စကို ပြောပြီးတဲ့အခါ ဝူရှဲ ချက်ချင်းပဲ စိုးရိမ်စိတ်တွေ ထလာပြန်၏။ ဖက်တီးက ဘာမှပြန်မပြောဘဲ နားခန်းထဲမှာ စက်ဝိုင်းလိုပတ်ပြီး လိုက်ရှာပေမယ့် ကံဆိုးစွာနဲ့ပဲ ကြောင်ရုပ် အလောင်းကလွဲလို့ တခြားအသုံးဝင်တာ ဘာတစ်ခုမှ ရှာမတွေ့ချေ။ 


မျက်နှာသေသည် အလောင်းများကို အကြာကြီး စိုက်ကြည့်နေပြီး ရုတ်တရက် တစ်စုံတစ်ခုကို မြင်လိုက်ရပုံဖြင့် တောင့်တင်းသွားသည်။


ဒီလူက များသောအားဖြင့် အေးအေးဆေးဆေး နေတတ်ပေမယ့် သူ ကမောက်ကမ ဖြစ်နေတဲ့အခါ ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားမှာ မို့လို့ သူ့ရဲ့ လှုပ်ရှားမှုကြောင့် ဝူရှဲလည်း လန့်​ဖြတ်သွားပြီး သေနတ်ကို အမြန် မြှောက်လိုက်၏။


သူက ခေါင်းတလားကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မတ်တပ် ရပ်နေသေးသည်။ သူတို့ဘက်သို့ လှည့်မလာမီ ငါးမိနစ်ခန့် ငြိမ်သက်နေပြီးမှ ပြောလာခဲ့သည်။ 


“ဒီထဲမှာ လူတစ်ယောက်ပဲရှိတယ်…”