(26)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (26)

ကြွေထည်ပန်းချီ



ဖက်တီး အစောကပြောခဲ့တဲ့ အလောင်းကောင်ကို သုံးပြီး ချီဓာတ် ကျွေးမွေးခြင်းနဲ့ ပတ်သက်တဲ့ စကားကို ဝူရှဲ နားလည်သွားခဲ့ပါပြီ။ မျက်နှာသေက အစမရှိ အဆုံးမရှိ ဒီစာကြောင်းကို ထပ်မံ ဖြည့်စွပ်လိုက်တဲ့အခါ ဝူရှဲလည်း ခဏတာလောက် ဘာဖြစ်သွားမှန်း နားမလည်နိုင်သောကြောင့် ဘာလဲဟု ​ပြန်မေးလိုက်ပါသည်။


မျက်နှာသေက ခေါင်းတလားကို ညွှန်ပြပြီး 


"သူတို့ရဲ့ ခေါင်းတွေကို သေချာကြည့်.... ဘာကွာခြားလဲ" 


သူ့လက်ချောင်းတွေ အတိုင်း လိုက်ကြည့်တော့ စပျစ်သီးစည်းလို ခါးကနေ တွဲလောင်းကြီး ဖြစ်နေတဲ့ ခေါင်း ၆ လုံးကို တွေ့လိုက်ရသည်။ ရွံစရာ ကောင်းတာကလွဲလို့ သူ့အကြောင်း ဘာမှ ထွေထွေထူးထူး မတွေ့ရတာကြောင့် ခေါင်းကို ခါပြလိုက်၏။


မျက်နှာသေက သူ့ကို သေသေချာချာ ကြည့်ဖို့ ပြောလာပြန်သည်။ ဒီတစ်ခါတော့ မျက်လုံးလေးမှိတ်ပြီး စိတ်အေးအေးထားကာ သေချာ အကဲခတ်လိုက်ရာ နောက်ဆုံးမှာ ပြဿနာကို တွေ့လိုက်ရလေသည်။ 


အလောင်းရဲ့ထိပ်က ဦးခေါင်းကလွဲလို့ ကျန်တဲ့သူတွေက မျက်နှာသွင်ပြင် မရှိကြသလိုပဲ။ ဒါတင်မကဘဲ ဦးခေါင်းရဲ့ အခြေခံအရိုးကောက်ကြောင်းလည်း မရှိဘူး။ အဲဒါက လူ့ခန္ဓာကိုယ်မှာ ကြီးမားတဲ့ ဆာတောင်ပို့ကြီး ပေါက်နေတဲ့ပုံစံ အတိုင်းပါပဲ။


ဒါကိုမြင်တော့ သူဘာကို ဆိုလိုသလဲ ဆိုတာကို ဝူရှဲ သဘောပေါက်သွားသည်။ သူ့အတွေးအတိုင်း ချက်ချင်း လိုက်ကြည့်တော့ လက်တစ်ဖက်စီရဲ့ အဆစ်တွေဟာ ခန္ဓာကိုယ်နဲ့ တကယ် ချိတ်ဆက်နေပုံရပေမယ့် ခန္ဓာကိုယ်ကတော့ အလွန်အမင်း ရေဓာတ် ခန်းခြောက်သွားသလို လိမ်ကောက်နေ၏။ 


အဝတ်လျှော်စက်ထဲက မည်းနက်​နေတဲ့ ရေတွေလိုမျိုး လူတွေရဲ့အမြင်အာရုံကို ဝေဝါးသွားစေတဲ့ အတွက် အလောင်းတွေ အများအပြား တစုတစည်းတည်း လိမ်နေတယ်လို့ ထင်ရလေသည်။


ဝူရှဲမှာ ပိုတွေးလေ ပိုအေးစက်လာသလို ခံစားရလေ ဖြစ်လာပေမယ့် နိဂုံးချုပ်ချက်နဲ့ ပတ်သက်ပြီးတော့ သူ့မှာ ကြိုတင်​တွေးထားဆဲပါပဲ။ ဒီအခေါင်းထဲမှာ လဲလျောင်းနေတဲ့ လက်ခြေ ၁၂ ချောင်းပါတဲ့ ရှားရှားပါးပါး ပုံသဏ္ဌာန်နဲ့ အကောင်ရဲ့ သူ့ဇာစ်မြစ်နဲ့ လက္ခဏာက ဘာလဲ? ဘယ်ခေတ်ကလဲ? ဘယ်သူက ဒီလို မကောင်းဆိုးဝါး တစ်ကောင်ကို ဒီလောက် အရွယ်အစားအထိ ကြီးအောင် ဘယ်လိုလုပ် မွေးမြူနိုင်ရတာလဲ? စတဲ့ အတွေးတွေက သူ့ခေါင်းထဲ ပတ်ပြေးနေခဲ့သည်။ 


ဖက်တီးလည်း သဲလွန်စကို မြင်တော့ လျှာကိုကိုက်ကာ 


"အဘွားရေ! ဒါကြီး လူသားလား? သေချာပေါက် အင်းဆက်ကောင်​ကြီးပဲ ဖြစ်ရမယ်!"


သူခဲ့ပြောတာတွေက သင့်လျော်တဲ့ ဖော်ပြချက်တစ်ခု ဖြစ်ပေမယ့် ဝူရှဲ ဝင်ပြောလိုက်ပါသေးသည်။ 


"ငါတို့ ရေထဲကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး.... ကောက်ချက်ချဖို့က စောလွန်းတယ် ယုတ္တိနည်းအရ ပြောရရင် သူက ဒီလိုပြင်းထန်တဲ့ ပုံသဏ္ဍာန်မျိုးက ရိုးရိုးမွေးလာတဲ့ မကောင်းဆိုးဝါး တစ်ကောင်ပဲ အချိန်တန်ရင် သူ့မိဘတွေဆီက အသတ်ခံရမှာ သေချာတယ်.... ဒီလိုမျိုးကြီးပြင်းလာဖို့ ဘယ်တော့မှ အခွင့်အရေး ရှိမှာ မဟုတ်ဘူး"


မျက်နှာသေက ပေါ့ပေါ့ပါးပါးနဲ့ ဝင်ထောက်လေ၏။


"အရာရာတိုင်းမှာ ပကတိဆိုတာ မရှိဘူး"


ဝူရှဲ ခေါင်းကို ခါယမ်းပြီး မယုံနိုင်စွာ ဖြစ်နေစဥ် ဖက်တီးက ပြောလာသည်။ 


"ဒါက အရမ်း ရိုးရှင်းပါတယ် သိတယ်မလား? ငါအခုနက မင်းကို ပြောသလိုပဲ ရေတွေကို ခပ်ထုတ်ဖို့ ပစ္စည်းနည်းနည်းလောက် ဘာလို့ သွားမရှာတာလဲ? ရှင်းရှင်းလင်းလင်း မြင်ရတော့ ပိုကောင်းတာပေါ့ ပြီးတော့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ကြည့်လိုက်... အောက်မှာ ကျောက်ပြားချပ် တစ်ခုလည်း ရှိတယ် အဲဒါကို ဖယ်ထုတ်ပြီး ကြည့်ကြရအောင် ငါတို့ မမျှော်လင့်ထားတဲ့ တစ်ခုခုကို တွေ့ရလိမ့်မယ် ထင်တယ်နော်"


ဝူရှဲ အနည်းငယ် စိတ်ဝင်စားသွားသည်။ ဒီပင်လယ်ရေအောက် ဂူသင်္ချိုင်းထဲ ဝင်ပြီးကတည်းက စကားလုံး တစ်လုံးတောင်မှ မတွေ့ခဲ့ရသလို အုတ်ဂူပိုင်ရှင်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေက လွတ်နေသေး၏။ ဒီကျောက်ပြားပေါ်က စကားလုံးတွေကို နားလည်နိုင်ရင် အနည်းဆုံးတော့ ခန့်မှန်းလို့ ရလောက်ပါသည်။


ဖက်တီးနဲ့ ဝူရှဲတို့ဟာ ချက်ချင်းဆိုသလို စကားတစ်ခွန်းမှ မပြောဘဲ စင်္ကြံ လမ်းမကြီးရဲ့ တစ်ဖက်ခြမ်းကို ပြန်လှည့်ကာ လက်ကိုင်ပါသော ကြွေပန်းကန် သုံးခုကို ကောက်ယူလိုက်သည်။ ဒီပစ္စည်းတွေက အပြင်မှာ သန်းပေါင်းများစွာ အဖိုးတန်သော ရတနာတွေပဲ ဖြစ်လေ၏။ သူ့လက်ထဲမှာတော့ ဖြစ်သင့်တဲ့အတိုင်း မူလအခြေအနေမှာ ရှိနေဆဲပါပဲ။


သူ့ရဲ့စပ်စုတတ်တဲ့ အလေ့အထကြောင့် ထိုကြွေပန်းကန်ကို ကောက်ကိုင်လိုက်တဲ့အခါ ကြည်လင်နေတဲ့ ပန်းချီလက်ရာများကို မသိစိတ်ကနေ လှမ်းကြည့်လိုက်မိတော့ မြင်လိုက်ရတာက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။ 


ဝင်လာတုန်းက ဦးလေးသုံး အကြောင်းပဲ တွေးနေခဲ့တာမို့ ဒီပစ္စည်းတွေကို သေသေချာချာ မလေ့လာခဲ့မိဘူး။ အခုမြင်လိုက်ရတော့ သိပ်ကို မထင်ရှားတဲ့ အရာတစ်ခု ဖြစ်နေမှန်း ချက်ချင်း သတိရသွားသည်။ ဦးလေးသုံး ဒီသင်္ချိုင်းထဲ ဝင်လာတုန်းက သူနဲ့ အတူတူပဲ ဒီလိုအရာတွေရှိတဲ့ အခန်းထဲမှာ အနားယူခဲ့သည်။ 


တခြားလူတွေကတော့ မတူချေ။ အဲဒီလူတွေဟာ ပထမအကြိမ် ဂူသင်္ချိုင်း ဖောက်ကြတာကြောင့် အရမ်း စိတ်လှုပ်ရှားနေကြရာ ဒီကြွေထည်တွေကို သေသေချာချာ လေ့လာထားနေခဲ့ကြသည်။ ဒီကြွေထည်တွေပေါ်မှာ ထူးခြားတဲ့ အရာတစ်ခုခု ရှိနေလို့များလား?


ဒါကိုတွေးပြီး ကြွေပန်းကန်ပြား တချို့ကို အမြန်ကောက်ယူပြီး သေသေချာချာ ကြည့်လိုက်တော့ ဒီပန်းချီတွေ အားလုံးဟာ အဆောက်အအုံ တစ်ခုကို တည်ဆောက်နေတဲ့ လူတစ်စုအကြောင်း ရေးဆွဲထားတာ တွေ့လိုက်ရ၏။ တချို့က သစ်သားတန်းလျားများကို တည်ဆောက်နေပုံ၊ တချို့ကတော့ ကြွေထည်များ ချထားနေပုံ စသည်ဖြင့် ပန်းချီတွေဟာ ဆောက်လုပ်ရေးရဲ့ တိုးတက်မှု အစီအစဥ်တွေကို မှတ်တမ်းတင်ထားတာပဲ ဖြစ်သည်။


ဝူရှဲ ပိုကြည့်လေ ပိုထိတ်လန့်လာလေ ဖြစ်လာရာ သူ့ခေါင်းပေါ်မှ ချွေးများပါ ထွက်ကျလာသည်။ ဖက်တီးက သူကြွေထည်တွေကို တစ်ခုပြီး တစ်ခု ထူးထူးခြားခြား တွေးတောနေတာကို မြင်တော့ မေးလာ၏။


"အိုးရွေးရတာ အဲ့လောက်တောင် ခက်လား? ရွေးမနေနဲ့ ပေါ့ပေါ့ပါးပါး သင့်တော်တဲ့ဟာသာ ကောက်ယူခဲ့လိုက်"


ဝူရှဲ လုံးဝ နားမထောင်မိချေ။ နောက်ဆုံး အဋ္ဌဂံပုံပုလင်းကို တွေ့တဲ့အထိ တစ်ခုပြီးတစ်ခု လှည့်ပတ်ကြည့်နေတော့သည်။ အဲဒီ့ကြွေထည် ပုလင်းရဲ့အပေါ်မှာ တံခါးအကြီးကြီး တစ်ခုရဲ့ ခါးအထိ ရိုက်ချိုးထားတဲ့ မြင်ကွင်းတစ်ခုကို ပုံဖော်ထားတာ တွေ့ရလေသည်။ အဲဒီအောက်မှာတော့ ဆေးပန်းချီက ပျောက်နေပြီ။ ကြည့်ရတာ တခြားကြွေတွေပေါ်မှာလည်း မှတ်တမ်းတင်ထားတာတွေ ရှိနိုင်သည်။


ဝူရှဲ နောက်ထပ် ကြွေထည်တွေကို ဆက်ကြည့်သည်။ မြင်လိုက်ရတာက အရမ်းစိတ်လှုပ်ရှားစရာ ကောင်းလွန်းလို့ အသက်တောင် မရှုနိုင်တဲ့အထိပင်။ ရိုးရှင်းတဲ့ ပန်းချီကားတွေကို အခြေခံထားပြီး သူတို့ဘာတွေ ဆောက်လုပ်​နေတယ် ဆိုတာကို မပြောနိုင်ပေမယ့် အတွင်းခန်း ဖော်ပြချက်ကို ကြည့်ရင် ဒါက တားမြစ်နန်းတော်လောက်နီးပါး ကြီးမားလေသည်။ 


ဒါပေမဲ့ အထက်က တည်ဆောက်ပုံဟာ အလယ်ပိုင်းလွင်ပြင်မှာ ဆောက်လုပ်နေတဲ့ ပုံစံမျိုးတော့ မဟုတ်ပါ။ အဲဒီအချိန်က ဒီလောက်ကြီးတဲ့ အဆောက်အဦကြီးရှိတဲ့ တရုတ်နိုင်ငံရဲ့ တခြားနေရာတွေကို သူတကယ် စဉ်းစားလို့ မရပေ။ 


သတိပြန်ဝင်လာတော့ ဒီအံ့သြဖွယ် ရှာဖွေတွေ့ရှိမှုကို ဖက်တီးကို ပြောပြချင်ခဲ့၏။ ဝူရှဲ လှည့်ကြည့်လိုက်တော့ သူ့နောက်ကွယ်မှာ မှောင်မည်းနေတာကိုသာ တွေ့လိုက်ရပြီး ဖက်တီးတစ်ယောက်ကတော့ ပျောက်ကွယ်သွားခဲ့တာ ကြာလှပါပြီ။


ဝူရှဲ ခဏလောက် ထိတ်လန့်ပြီး စိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။ ဒီကောင်က တကယ်ကို လေးနက်လွန်းတယ်။ သူထွက်မသွားခင် အသဲတောင် မ​ပေးသွားခဲ့ဘူး။ ဝူရှဲ ကြွေဇလုံတစ်ခုကို ယူကာ မတ်တပ်ထရပ်ပြီး တစ်ဖက်က နားခန်းဆီသို့ အမြန်ပြေးသွားလိုက်သည်။ စင်္ကြံလမ်းမထဲ ဝင်လိုက်သည်နှင့် တပြိုင်နက် အံ့ဩသွား​တော့သည်။


အခန်းရဲ့ တစ်ဖက်ခြမ်းက တံခါးဟာ ပျောက်ပြီး အဖြူရောင် စကျင်ကျောက် အုတ်နံရံထဲက အစားထိုးထားတာကို တွေ့လိုက်ရ​လေ၏။


သေချာပေါက် ယန္တရားကြောင့်လို့ပဲ ထင်ခဲ့ပေမဲ့ ယန္တရားက ဒီလောက်မြန်ဆန်ပြီး အသံတောင် မထွက်ဘဲ လုပ်ဆောင်သွားနိုင်မယ်လို့ မမျှော်လင့်ထားပါဘူး။ မထိတ်လန့်ဘဲကို မနေနိုင်လိုက်ချေ။ ဒီလို မှောင်မည်းနေတဲ့ သင်္ချိုင်းတွင်းမှာ တစ်ယောက်တည်း နေခဲ့ရတာမျိုးက သူထပ် မကြုံချင်တဲ့ အရာပဲ။ 


ဒီသင်္ချိုင်းတွင်းက ယန္တရား လှုပ်ရှားမှုဟာ မကြာခဏ ဖြစ်တတ်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်နိုင်သရွေ့တော့ တံခါးက မိနစ်အနည်းငယ်အတွင်းမှာ သေချာပေါက် ပြန်ပေါ်လာမှာပါလို့ ပြောရင်း မိမိကိုယ်ကို စိတ်အေးအေးထားဖို့ နှစ်သိမ့်လိုက်ရသည်။ 


ဒါပေမဲ့ သူ့ဘေးမှာ ဖက်တီးမရှိတော့ ရှေးဟောင်းသင်္ချိုင်းဟာ အလွန်အမင်း တိတ်ဆိတ်သွားသလိုပင်။ သူ့နှလုံးခုန်သံကတောင် မိုးခြိမ်းသံလိုလို ခုန်ပေါက်နေကာ ပတ်ဝန်းကျင်က ရယ်စရာ ကောင်းလောက်အောင် မှောင်နေ၏။ ဒီလိုနေရာမျိုးမှာ တစ်မိနစ်၊ တစ်နာရီ စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်ပါဘူး။ 


ဝူရှဲ အသက်ပြင်းပြင်း ရှူပြီး သူ့​ရှေ့က အမှောင်တံခါးသုံးခုဆီ ဓာတ်မီးနဲ့ ထိုးကြည့်လိုက်သည်။ အတွင်းထဲမှာ ဘာကိုမှ မမြင်ရချေ။ ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး အရာက လူ့နှလုံးသားထဲမှာ အမြဲရှိနေတတ်တဲ့ အတွင်းစိတ်ပဲ။ စိတ်တည်ငြိမ်နေသရွေ့ ဘာမှဖြစ်လာမှာ မဟုတ်ချေ။ တံခါးဝကနေ တစ်ခုခုက လှမ်းကြည့်နေသလိုမျိုး ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက ဝင်လာခဲ့သည်။


ဝူရှဲ သူ့ကိုယ်သူ စိတ်ငြိမ်သွားအောင် ပါးရိုက်လိုက်သည်။ ခေါင်းငုံ့ကာ နားခန်းထဲသို့ လျှောက်သွားကာ ကြွေထည်တွေကို နောက်တစ်ခါ သွားပြန်ကြည့်ဖို့ တွေးလိုက်မိသည်။ ဒီအခိုက်မှာ ကြောက်စရာကောင်းတဲ့ အော်သံကို ရုတ်တရက် ကြားလိုက်ရ၏။ အသံမှာ နားအခန်းထဲက ထွက်လာတာပဲ ဖြစ်သည်။ 


လက်နှိပ်ဓာတ်မီးကို ထိုးကြည့်လိုက်တဲ့အခါ စက်ဝိုင်းပုံစံ ရေကန်ထဲမှ ပင်လယ်မျောက်ကြီး တစ်ကောင် ထွက်လာတာကို တွေ့လိုက်ရ၏။ ခန္ဓာကိုယ်တစ်ဝက်လောက်က ကမ်းစပ်ကို တက်လာနေပြီ။ အကြေးခွံတွေနဲ့ ဖုံးထားတဲ့ ရက်စက်တဲ့ မျက်နှာကို သူ့တစ်သက်လုံး ဘယ်တော့မှ မေ့မှာမဟုတ်ချေ။


အဖွားကို အော်ခေါ်ပြီး စင်္ကြံလမ်းထဲကို ပြေးဝင်သွားခဲ့၏။ တခြားယန္တရားတွေ ရှိမရှိ မသိတော့ဘဲ မျက်လုံးတွေကို မှိတ်ပြီး တောက်လျှောက် ပတ်ပြေးလေသည်။ ဘေးကင်းရာ နေရာကို အောင်အောင်မြင်မြင် ရောက်ခါနီးမှာဘဲ ရုတ်တရက် ခလုတ်တိုက်ပြီး ခွေးလဲကျသွားတော့သည်။ 


ကံကောင်းထောက်မစွာနဲ့ သူ့​ရဲ့တုံ့ပြန်မှုက အဆင်ပြေတဲ့ အတွက် လှိမ့်ပြီး ထထိုင်လိုက်သည်။ နောက်ကို လှမ်းကြည့်လိုက်တော့ နားခန်းထဲက မီးစိမ်းပြနေတဲ့ မျက်လုံးနှစ်လုံးကို မြင်လိုက်ရကာ ထိုအကောင်ကြီးက သူ့ဆီကို တန်းတန်းမတ်မတ် ပြေးဝင်လာခဲ့လေသည်။ 


အံကြိတ်ကာ လက်ထဲက ကြွေထည်ကို ကောက်ကိုင်ကာ ရိုက်ချပစ်ချင်ခဲ့သည်။ ပင်လယ်မျောက်သည် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူ့​မှာ လက်နက်ရှိမှန်း သိတာနဲ့ ရှေ့ကို ဆက်မပြေးလာ​တော့ဘဲ ချက်ချင်းလှည့်ပြီး ကော်ရစ်တာထိပ်ကို ခုန်ဆင်းလိုက်၏။ ဝူရှဲလည်း ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ လမ်းအဆုံးကို လိမ့်ကာ ဘယ်ဘက်မှာရှိတဲ့ ကျောက်စိမ်းတံခါးကို ပိတ်ချလိုက်သည်။ 


ကျောက်စိမ်း တံခါးအောက်မှာ အော်တို ပိတ်ချနိုင်တဲ့ ကျောက်တုံးတစ်တုံး ရှိသည်။ တံခါးပိတ်ပြီးတာနဲ့ ကျောက်တုံးက အလိုအလျောက် ပေါ်လာခဲ့သည်။ ပင်လယ်မျောက်က အပြင်မှာ အကြိမ်အနည်းငယ် အော်ပြီး တံခါးကို အကြိမ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ထုရိုက်နေပုံမှာ အလွန် စိတ်မရှည်တော့သလိုပင်။ 


တံခါးကို အရမ်းခိုင်ခံ့တဲ့ ပစ္စည်းနဲ့ လုပ်ထားတာကြောင့် အသွေးအသားတွေ ကွဲသွားရင်တောင် မကျိုးနိုင်မှန်း ဝူရှဲ သိသည်။ ပင်လယ်မျောက်ဟာ အချိန်အတော်ကြာ ထုရိုက်ပြီး အထဲကို ဝင်ဖို့ ကြိုးစားနေပေမယ့် ခဏကြာတော့ တိတ်ဆိတ်သွားသည်။ ဝူရှဲ တံခါးပေါက်ရဲ့ အက်ကွဲရာကနေတဆင့် ချောင်းကြည့်လိုက်တော့ သူ့ခေါင်းကြီးကြီးဟာ ထိုအက်ကြောင်းထဲမှ မိမိအား တည့်တည့် စိုက်ကြည့်နေတာနဲ့ မိတ်ဆက်သွားရတော့၏။ 


သူ ဒေါသစိတ်နဲ့ လေသေနတ်ကို မြှောက်လိုက်ပြီး တံခါးအက်ကွဲရာကို တိုက်ရိုက် ချိန်ရွယ်၍ ပစ်ထည့်လိုက်သည်။ ဘယ်နေရာကို မှန်သွားမှန်း မသိပေမယ့် ပင်လယ်မျောက်ရဲ့ အော်သံကို ကြားလိုက်ရပြီး ၎င်းက အဝေးကို ခုန်ထွက်သွားသည်။


နံဘေးက တံခါးဟာ ဒီသင်္ချိုင်းနဲ့ ဆက်စပ်နေသလား မသိတာကြောင့် လှံကို အမြန်ထိုးလိုက်ပြီး လက်ကိုင်နဲ့ မိုင်းတွင်းမီးခွက်ကို ဖွင့်လိုက်သည်။ ချက်ချင်းပဲ အခန်းတစ်ခုလုံးနီးပါး လင်းထိန်သွား၏။ အခန်းကို မြင်လိုက်ရတာနဲ့ ဝူရှဲ အံ့အားသင့်သွားသည်။ 


အလယ်မှာ ကြီးမားတဲ့ စက်ဝိုင်းပုံစံ ရေကန်ကြီးတစ်ခုကို တွေ့လိုက်ရခြင်းပင်။ သူ့​ခြေထောက်တွေက ရေကန်ရဲ့အစွန်းမှာ ရပ်နေခဲ့ပြီး နောက်တစ်လှမ်း ဆုတ်မိလိုက်တာနဲ့ မလွဲမသွေ လဲကျသွားလိမ့်မယ်။ 


ရေကူးကန် အလယ်မှာ လွင့်မျောနေတဲ့ အရာတစ်ခု ရှိနေ၏။ ရေကူးကန် အလယ်မှာ တိတ်ဆိတ် ငြိမ်သက်စွာ ရပ်လိုက်တဲ့ အဲဒီ့အရာပေါ်က ပန်းချီကားတွေနဲ့ ရုပ်လုံးရုပ်ကြွတွေကို မြင်လိုက်ရတဲ့ အခိုက် ခေါင်းတလား ဖြစ်ရမယ်ဆိုတာကို သိလိုက်သည်။ ဒီသင်္ချိုင်းပိုင်ရှင်က သူ့ရဲ့အခေါင်းကို ရေချိုးကန်လို ဖြစ်အောင် တကယ်လုပ်ချင်စိတ် ရှိ​နေပုံရ၏။


ရေထဲကို ပြန်ကြည့်လိုက်တော့ ရေက အောက်ခြေလောက်နီးပါး နက်နေတာကို တွေ့လိုက်ရသည်။ ဘယ်လောက် နက်လဲ​တော့ မသိချေ။ သင်္ချိုင်း အောက်ခြေအထိ တောက်လျှောက် နစ်သွားတာလည်း ဖြစ်နိုင်၏။ ဒီဇိုင်းက ဘာကို ရည်ရွယ်ချင်မှန်း မသိသော်ငြား လည်ပင်းမှာ ရုတ်တရက် ယားယံလာသလို ခံစားလာရလေသည်။