ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (37)
ဂူပေါက်
ဝူရှဲက တက်ဖို့ အဆင်သင့်ပြင်နေပြီ။ ဖက်တီး မေးတာကို ကြားတော့ ဝူရှဲလည်း သူ့လည်ပင်းကို ငုံ့လျက် ပြန်ကိုင်ကြည့်လိုက်သည်။ ခုနက အရမ်းစိတ်လှုပ်ရှားပြီး လောနေတာကြောင့် ဂရုမစိုက်မိခဲ့ဘူး။ တကယ်တော့ စင်္ကြံမှာ ရှိနေကတည်းက ခံစားဖူးပြီးသားပင်။ ကြာပန်းမြှားဖြင့် အပစ်ခံထားရသော ဒဏ်ရာမှာ ရောင်ရမ်းလာတာကြောင့် ယားယံတဲ့ လက္ခဏာမျိုး ပေါ်လာတာ ဖြစ်သည်။
သို့သော် သူ့ခန္ဓာကိုယ်က ယားယံမှုကတော့ သက်သာလာပုံ ရသည်။ ဖက်တီးရဲ့ အဝတ်ကို မြှောက်လိုက်ပြီး ဒဏ်ရာကို ကြည့်လိုက်တော့ ဒဏ်ရာမှာ နီရဲပြီး ရောင်ရမ်းလာတာက သက်သာသွားတာ တွေ့လိုက်ရသည်။ ဒါကြောင့် ဘာမှ မထူးဆန်းသလို ခံစားရ၏။
"ငါလည်း ခံစားရတယ် ဒါပေမယ့် အခု ယားယံတာတော့ မရှိတော့ဘူး ဒီမှာ စိုထိုင်းဆ အရမ်းများလို့ ဓာတ်မတည့်မှု ဖြစ်တာမျိုး ဖြစ်မယ်"
ဖက်တီးက ယားယံနေတုန်းပင်။
"ဒီဓာတ်မတည့်တာကို ခဏလောက် ကုသထားဖို့ နည်းလမ်း မရှိဘူးလား? ငါအစောနက ချွေးအေးတွေ ထွက်လာတာ အခု ယားနေတာ မပြီးတော့ဘူး"
ပြောပြီး နံရံကို ပွတ်တိုက်နေတော့သည်။ ဝူရှဲ သူ့နောက်မှာ တစ်ခုခု ရှိနေတာကို မြင်လိုက်ရသည်။ လှည့်ကြည့်လိုက်စဥ် တစ်ခုခု မှားနေတယ်လို့ ခံစားရတာကြောင့် ဖက်တီးကို ပြပေးဖို့ တောင်းဆိုလိုက်သည်။ ဖက်တီးက ခန္ဓာကိုယ်ကို လိမ်ပြီး လှည့်လာကာ သူ့လက်နဲ့ ကုတ်နေ၏။ သူ့လက်ကုတ်နေတဲ့ နေရာကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့ ဝူရှဲ မြင်လိုက်ရတာက ကြာပန်းမြှားနဲ့ ကုပ်ခြစ်ထားတဲ့ ဒဏ်ရာက သူ့နောက်ကျောမှာ ဆံပင်ဖြူတွေ အများကြီး ပေါက်လာသလို ရွံမုန်းစရာ ကောင်းလောက်အောင် ဖြစ်နေ၏။ သို့နှင့် ဝူရှဲလည်း ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
"ဖက်တီး...မင်း ရေမချိုးတာ ဘယ်လောက်ကြာပြီလဲ?"
"ရေချိုးတာ? မင်းဘာလို့ မေးနေသေးတာလဲ? ဒါက ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်လို့... ငါဖြေဖို့ အဆင်မပြေဘူး"
"မင်းရက်ပိုင်းလောက် ရေမချိုးရသေးဘူးမလား? ငါမင်းကိုပြောမယ် မင်း မကြောက်သွားနဲ့နော်.. မင်းနောက်ကျောမှာ မှိုတွေပေါက်နေပုံရတယ်ကွ! မှိုဖြူတွေ!..တကယ် အံ့ဩစရာပဲ မင်း နောက်ထပ် လအနည်းငယ် ကြာအောင် ဆက်ထိန်းထားရင် လင်ဇီးတွေ ဖြစ်လာလောက်ပြီ"
ထိုစကားကို ကြားသောအခါ ဖက်တီးမှာ စိတ်ရှုပ်ထွေးသွားပြီး
"ဘာလဲ? မှိုဖြူတွေ ဟုတ်လား? ဘယ်က မှိုဖြူလဲ? ခက်ခက်ခဲခဲတွေ မပြောနဲ့ ဘာဖြစ်နေတာလဲသာ ပြောစမ်းပါ"
ဝူရှဲ မျက်နှာသေကို ကြည့်လိုက်ပြီး တစ်ဖက်က မျက်မှောင် ကြုတ်နေတာ တွေ့ရ၏။ အခြေအနေက မကောင်းတော့ဘူးလို့ တွေးမိတာကြောင့် ဆက်မစရဲတော့ပေ။ မျက်နှာသေက လက်ကို ဖိညှစ်လိုက်တာနဲ့ သွေးမည်းတွေ ထွက်လာတော့သည်။ ထို့နောက် သူက တိုးတိုးလေး ပြောလာသည်။
"အလုပ် များစေမိပြီ... ဒီကြာပန်းမြှားမှာ ထူးဆန်းတဲ့ အရာမျိုးရှိတယ်"
ဝူရှဲလည်း ထူးဆန်းသလိုလို ခံစားခဲ့ရပေမယ့် အခုလေးတင် မြှားနဲ့လည်း ပစ်ခတ်ခံရဖူးသည်။ ယုတ္တိနည်းအရ ပြောရရင် သူတို့က အတူတူပဲ ဖြစ်သင့်သည်။ ဒါက သူအဖိုးဆီက အမွေဆက်ခံထားတဲ့ ကိုယ်လုံးကိုယ်ပေါက်က အရမ်းထူးခြားနေလို့ ဖြစ်နိုင်ပါ့မလား။ သူ့ဒဏ်ရာတွေကို အမြန် ထုတ်ပြလိုက်ရင်း သံသယတွေ များလာခဲ့သည်။
မျက်နှာသေက ဝူရှဲဒဏ်ရာကို ကြည့်ပြီး အသံပြုလိုက်ကာ ဘာတွေဖြစ်နေလဲ ဆိုတာ မရှင်းပြခဲ့ချေ။ အဲ့ဒီအချိန်မှာတော့ ဖက်တီးကောင်က ကြောက်လန့်ပြီး လှည့်မေးလာသည်။
"ဘာကောင်လဲ? ခေါင်းနဲ့လား? အမြီးမပါတဲ့ ဆံပင်တွေ ပေါက်နေတာလား?”
ထို့နောက် သူက လက်ပြန် ကိုင်မလို့အလုပ် ဝူရှဲသူ့လက်ကို အမြန်ဆွဲကိုင်လိုက်ပြီး
“မလှုပ်နဲ့ မင်းမှာ အရေပြားရောဂါ တစ်မျိုး ရှိနေသလိုပဲ... ငါတို့ မင်းကို အနီးကပ် ကြည့်ကြည့်ရအောင်... မင်းလုံးဝ ထပ်မကုတ်လိုက်နဲ့ ကုတ်လိုက်ရုံနဲ့ အမာရွတ်တွေ ကျန်နေခဲ့လိမ့်မယ်"
သူ့ခမျာ ယားယံလွန်းလို့ မခံနိုင်တော့ဘူး။ ဝူရှဲ မျက်နှာသေကို လှည့်ပြောလိုက်သည်။
"ဒီလို ဆက်လုပ်လို့ မရဘူး... ငါတို့ နည်းလမ်းရှာရမယ် တချို့လူတွေက ယားယံတဲ့ ရောဂါမျိုးကို မခံနိုင်ဘူးလို့ ပြောကြတာ ကြားဖူးတယ်.... အရေပြား ရောဂါတွေကြောင့် ယားယံတာ ရပ်သွားအောင် သတ်သေတာမျိုးတောင် လုပ်ကြတယ်တဲ့"
ထိုအခါ ဖက်တီးကလည်း
"ငါ အခုချက်ချင်း သတ်သေချင်နေတယ်နော်... ယားနေတာ သေတော့မယ့် အတိုင်းပဲ.. .မင်းငါ့အတွက် ဒဏ်ရာတွေ ကုစားနိုင်ဖို့ ကွမ်ကုန်းရဲ့ အရိုးတွေကို ထုတ်ယူပြီး ဒီအသားနှစ်ပိုင်းကို လှီးဖြတ်လိုက်တဲ့ ကုသနည်းကို သွားသင်လိုက်ရင်ရော"
ငယ်ငယ်တုန်းက အရေပြား ရောဂါတွေလည်း ခံစားခဲ့ရဖူးသည်။ ရိုးရှင်းတဲ့ ဖြေရှင်းနည်း ရှိပေမယ့် နည်းနည်းတော့ ပျို့အန်ချင်စရာ မရှိပါဘူး။ ဒါကြောင့် ဝူရှဲလည်း ပြောလိုက်သည်။
"အသားကို ဖဲ့ပစ်စရာ မလိုပါဘူး မင်းကိုယ်မင်း အသားတွေ ပေါနေတယ်ထင်လား... ငါက ဟွာထော်လည်း မဟုတ်ဘူး ဒါပေမယ့် ငါ့ခန္ဓာကိုယ်မှာ လန်းဆန်းစေတဲ့ အဆီနည်းနည်း ရှိနေသေးတယ် ငါ မင်းကို အရင် လိမ်းပေးလိုက်မယ်... နည်းနည်း နာပေမယ့် မင်း တောင့်ခံထားပေးပေါ့"
ဖက်တီးမှာ ခဏလောက် ထိတ်လန့်သွားပြီး နောက်ဆုံးတော့ သက်ပြင်း ချလိုက်သည်။
"မင်းတို့မြို့က လူတွေက တော်တော် သိမ်သိမ်မွေ့မွေ့ ရှိတာပဲ... ဂူဖောက်တာတောင် မင်းက အလှဆီ ယူလာသေးတယ်ပေါ့.. ဒါဆို နောက်တစ်ခါ မင်း ဖဲထုပ်လေး ယူလာပေးလို့ ရတယ်သိလား... ငါတို့ ပိတ်မိနေတဲ့ အချိန်ကျရင် D အကြီးကြီးရအောင် သင်ယူနိုင်တာပေါ့"
ဝူရှဲ သေချာပေါက် ဒီလိုမျိုးတွေ သယ်မလာနိုင်ဘူးလေ။ သူက ဖက်တီးရဲ့ ကျောပေါ်မှာ တံတွေးနှစ်ချက် ထွေးထုတ်ကာ သုတ်လိုက်သည်။ တံတွေးတွေ ပေကျံပြီးတာနဲ့ ဖက်တီးက အော်ဟစ်လာတော့သည်။ သူက တစ်ဖက်ကလည်းဆဲ တစ်ဖက်ကလည်း ရှေ့ကို ပြေးထွက်လာပြီး
"ဘာကြီးလဲ? မင်းငါ့ကို ဘာတွေ လိမ်းပေးလိုက်တာတုန်း? အဖွားရေ!! မင်းလည်း ငါ့ကို ဖြတ်ပစ်လိုက်တာလား?"
နာကျင်မှုက အလုပ်ဖြစ်တာကို မြင်တော့ ဝူရှဲလည်း။
"မင်းရဲ့ အစွမ်းအစကို ကြည့်ရသလောက်တော့ နာတာက ယားယံတာထက် ပိုကောင်းပါတယ်။ မင်း ယားနေသေးလား?"
ဖက်တီးက ခဏလောက် ကပြရင်း နောက်ဆုံးတော့ တည်ငြိမ်မှုကို ပြန်ရလာခဲ့သည်။
"ဟေး ရှောင်ဝူ အဆင်ပြေသားပဲ မင်းပစ္စည်းက အရမ်းထိရောက်တယ်... တကယ် ပိုကောင်းလာသလိုပဲ အဲဒါက ဘာတံဆိပ်လဲ"
တံတွေးနဲ့ သုတ်ထားမှန်းသိရင် သတ်ပစ်လောက်တယ်လို့ တွေးမိတာကြောင့်
"လုပ်မနေနဲ့ မြန်မြန် ထွက်သွားရအောင်"
မျက်နှာသေက ရယ်ပြီး ခေါင်းယမ်း ပြလိုက်သည်။ ဒါက ခါးသီးတဲ့ အပြုံးမျိုး မဟုတ်ဘဲ သဘာဝကျကျ သူ့အပြုံးကို ပထမဆုံး မြင်ဖူးတာပါပဲ။ သူက နည်းနည်းပိုပြီး လူသားဆန်လာတယ်လို့တောင် ခံစားလာရကာ သူလူတွေနဲ့ ပိုဆက်သွယ် သင့်တယ်လို့လည်း တွေးလိုက်သည်။
ဒါပေမဲ့ ခဏလောက်ပဲ ပြုံးပြီး ဖဲချပ်ပုံစံ အသွင်ပြန်ပြောင်းပြီး သူ့နောက်ကို လိုက်ခိုင်းလေ၏။ သူတို့ သုံးယောက်က တွင်းပေါက်ထဲက ပတ်လမ်းထဲ လျှောက်ဝင်သွားကြသည်။ စီးကရက်တစ်ဝက် သောက်ချိန် ကြာပြီးနောက် မျက်နှာသေက အရှေ့မှနေ၍ ပြောလာ၏။
"လမ်းခွဲရှိတယ်!"
ဝူရှဲ အရှေ့ကို ကြည့်လိုက်သည်။ ဘယ်ညာမှာ လမ်းကြောင်းနှစ်ကြောင်း ရှိပြီး ဘယ်ဘက်ခြမ်းကို တစ်ချက် ကြည့်လိုက်တော့ အထဲမှာ အုတ်ခဲတွေနဲ့ ပိတ်ထားတာ တွေ့လိုက်ရသည်။ ဒါက သေလမ်းပဲ။ အုတ်ခဲများ အပြင်ဘက်က လမ်းကတော့ မျက်နှာသေနဲ့ တခြားလူတွေကို သယ်ထုတ်သွားတဲ့ လမ်း ဖြစ်မည်။
သူဘာကြောင့် ပိတ်ဆို့ထားတာလဲ မသိပေမယ့် အဲဒီအခေါင်းထဲက တစ်ခုခု ထွက်လာမှာကို ကြောက်နေတာကြောင့်များလား။
ဒါပေမဲ့ ဂူဖောက်သူတွေ နောက်ဆုံး ထွက်ပြေးသွားတဲ့ ဂူပေါက်ဝက ညာဘက်မှာပဲ ဖြစ်မယ်။ မျက်နှာသေကလည်း ဝူရှဲနဲ့ တူညီတဲ့ အတွေးအမြင် ရှိပုံရသည်။ သူက ဝူရှဲကို လက်ပြပြီး သုံးယောက်သား စကားမပြောဘဲ ဆက်တက်လာခဲ့ကြသည်။
ရိုးရိုးသားသား ပြောရရင် တစ်သက်လုံး တောင်မတက်တာ ကြာပြီဆိုတော့ ချွေးတွေ အရမ်းထွက်နေပြီ။ သာမန် ဖုန်တွင်းတွေထဲမှာတောင် တောင်တက်ရတာ မပင်ပန်းပါဘူး။ အဓိက အကြောင်းအရင်းက ဒူးထောက်စရာ ဘာမှမရှိဘူး ဆိုတော့လေ။ အခု ဒီအောက်မှာ အုတ်ခဲတွေနဲ့ အမှိုက်တွေ ရှိနေတော့ အဲဒီနေရာမှာ နှိပ်စက်ခံနေရသလို ခံစားရပြီး ဒူးတွေ ပူလာသလို ခံစားလိုက်ရသည်။
ဒါက လူသားဖြစ်ရတဲ့ အကျိုးဆက် ဖြစ်ပုံပဲ။ ဘာပဲဖြစ်ဖြစ် နောင်ဘဝတွင်လည်း လူသားဖြစ်ဖို့ ဆုတောင်းမိဦးမှာပင်။
ဝူရှဲ ရိုင်းစိုင်းစွာ တွေးနေပေမယ့် မျက်နှာသေက ရပ်လိုက်ပြီး ငြိမ်နေဖို့ အမူအရာ ပြလာသည်။ ဖက်တီးက သူ့ရှေ့ကို မမြင်ရတာကြောင့် တိုးတိုးလေး မေးလိုက်ပါ၏။
"ဘာဖြစ်ပြန်ပြီလဲ?"
ဝူရှဲ သူ့ကို စကားမပြောဖို့ အချက်ပြလိုက်သည်။ အဲဒီအချိန်မှာ မျက်နှာသေက ဓာတ်မီးကို ပိတ်သွားရာ ဝူရှဲနဲ့ ဖက်တီးလည်း နားလည်သဘောပေါက်စွာ ချက်ချင်း ပိတ်ပစ်လိုက်သည်။ ရုတ်တရက် သူတို့ပတ်ဝန်းကျင်ဟာ လုံးဝ အမှောင်ထဲ ထိုးကျသွားခဲ့သည်။ ဒီအချိန်မှာ ဝူရှဲ အရမ်းငြိမ်သက်နေပြီး နှလုံးခုန်သံတောင် မမြန်တော့ပါဘူး။
အစောတုန်းက နံရံကို ဖိလုနီးပါး ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံက ဝူရှဲအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိခဲ့သည်။ ရှေးဟောင်း ဂူသင်္ချိုင်းတွေကို ကြောက်စိတ်နဲ့ စိတ်ပိုင်းဆိုင်ရာအရ ကျော်လွှားနိုင်ခဲ့သည်။ မျက်နှာသေရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိသေးပေမယ့် ရှေးဟောင်း ဂူသင်္ချိုင်းထဲမှာ သူပြောတာကို နားထောင်တာက အမြဲမှန်တယ်လို့ ခံစားရလေသည်။
သူတို့ ခဏတာ ငြိမ်သက်သွားပြီး အသက်ရှူတွေလည်း ငြိမ်သက်သွားကာ ခန္ဓာကိုယ်ပေါ်က ချွေးတွေပါ ခမ်းခြောက်သွားသည်။ ဒီအချိန်မှာ အုတ်လမ်းထိပ်ပေါ်ကို ဖြတ်သွားနေတဲ့ တစ်စုံတစ်ခုကို ကြားလိုက်ရသည်။ လူတစ်ယောက် ဖြစ်ပုံပဲ။ ဝူရှဲ တုန်လှုပ်သွားသည်။ သူတို့အထက်မှာ တစ်စုံတစ်ယောက် ရှိနေတာပဲ။ အဲဒါက တွင်းပေါက်လား စင်္ကြံလမ်းလား? ဒီလူက ဘယ်သူလဲ အားနင်များ ဖြစ်နိုင်လား? ဒါမှမဟုတ် ဦးလေးသုံးလား။
မှန်းဆနေရင်းနဲ့ ရုတ်တရက် လည်ပင်းနဲ့ နောက်ကျောမှာ ယားယံလာလာတာကြောင့် စိတ်ထဲမှာ ထိတ်လန့်သွားတော့သည်။ ဝူရှဲ ကမန်းကတန်း နောက်ပြန်ဆုတ်ပြီး ကိုင်ကြည့်လိုက်တော့ လည်ပင်းက စိုစွတ်စွတ် အဖုအထစ်တွေနဲ့ ထိမိသွား၏။ ဖက်တီး သူ့အပေါ်ကို ဖျစ်ညှစ်နေတယ်ထင်လို့ ကြိတ်ပြီး ကျိန်ဆဲလိုက်ရင်း တွန်းထုတ်ဖို့ လက်ကို ဆန့်လိုက်သည်။ လက်ပြန်ရုတ်လိုက်တော့ လက်သည်းတွေကြားမှာ စေးကပ်နေတဲ့ အရာတစ်ခု ပါလာပြီး မွှေးရနံ့သင်းသင်းလေး ရှိနေတာကို ရုတ်တရက် တွေ့လိုက်ရ၏။
ဖက်တီးကတော့ ဆံပင်တွေကို ဆံပင်ဆီတွေ အများကြီးနဲ့ ဖြန်းထားတာပဲလို့ တွေးထင်ပြီး ဘေးက အုတ်ခဲတွေဆီ ရွံမုန်းစွာ လိမ်းပေးလိုက်သည်။ နောက်မှ ရေကို ရှာတွေ့ရင် သေချာဆေးကြောမှ ဖြစ်မယ်လို့ တွေးလိုက်သည်။ ဖက်တီးဆိုတဲ့လူရဲ့ ဦးခေါင်းပေါ်က အဆီတွေက ဘယ်နှစ်ရက် ကြာနေပြီလဲတောင် မသိဘူးလေ။
တွေးနေရင်းနဲ့ လည်ပင်းတွေက ယားယံလာပြန်၏။ ဒီဖက်တီးက ဘာထူးဆန်းတဲ့ လှည့်ကွက်တွေ ကစားနေမှန်းကို မသိတော့ပေ။ ဒေါသကို မထိန်းနိုင်တော့ဘူး။ ဒါကြောင့် အဲဒါကြီးကို ဆွဲကိုင်ပြီး နံရံနဲ့ တွန်းပစ်လိုက်သည်။ အဲဒီအချိန်ကျမှ တစ်ခုခု မှားနေတာကို သတိထားမိလိုက်၏။
ဖက်တီးရဲ့ မျက်နှာက ဘာလို့ သေးသေးလေး ဖြစ်နေတာလဲ။ ခန္ဓာကိုယ်ကို ဂရုတစိုက် မြှောက်လိုက်ပြီး ထိလိုက်မိတော့ စိတ်ထဲမှာ နည်းနည်းလေး ခံစားလိုက်ရတာက အဲဒီ စိုစွတ်နေတဲ့ အဖုအထစ်တွေက ဘာကြောင့် ဆံပင်တွေနဲ့ တူနေရတာလဲ ဆိုတာပဲ။ နှစ်ကြိမ် ထပ်ထိလိုက်တော့ ဆံပင်တွေ ရောထွေးနေတာကို တွေ့လိုက်ရ၏။
ဝူရှဲလက်က ဆံပင်တွေကြားထဲ အဖမ်းခံလိုက်ရသည်။ ဝူရှဲတံတွေး မျိုချလိုက်ပြီး ချွေးတွေပါ စီးကျလာခဲ့သည်။ ဖက်တီးမှာ ဒီလောက်များတဲ့ ဆံပင်တွေ မရှိနိုင်ဘူး။ ဆိုတော့ ဒီဆံပင်က ဘယ်သူ့ ဆံပင်တွေလဲ။
ရေအောက် ဂူသင်္ချိုင်းထဲမှာ လူတွေကို စားနေတဲ့ ဆံပင်တွေ ရှိကြောင်း တွေးမိပြီး အသက်ရှူရခက်လာသည်။ ဓာတ်မီးကိုလည်း မဖွင့်ရဲတော့ချေ။ အဲဒီအရာက သူနဲ့ စင်တီမီတာ အနည်းငယ်သာ ဝေးနေပုံရသည်။ မျက်လုံးကို ဖွင့်လိုက်သည်နှင့်ပင် ရုတ်တရက် တွေ့လိုက်ရမယ့် လှုံ့ဆော်မှုကို သည်းမခံနိုင်တော့ပေ။
ထိုအကြောင်းကို တွေးနေတုန်း သွယ်လျလျ စိုစွတ်သော လက်တစ်စုံက ရုတ်တရက် သူ့မျက်နှာကို ထိသွားသလို ခံစားလိုက်ရသည်။ အေးစက်စက်နဲ့ ထိုလက်က လက်သည်းများလည်း အလွန် ချွန်ထက်ပြီး ဦးရေပြား ထုံကျင်လာစေရာ မျက်နှာပေါ်ရှိ အသားများပင် အလိုအလျောက် တုန်ယင်လာ၏။
အဲဒီလက်သည်းတွေက သူ့လည်ပင်းကို ကုတ်ခြစ်မိပြီး နောက်ပြန် ဆုတ်သွားသည်။ သိပ်မကြာခင်မှာပဲ အဲဒီအရာရဲ့ ဦးခေါင်းက ပိုနီးကပ်လာတာကို ခံစားလိုက်ရပြီး စိုစွတ်နေတဲ့ ဆံပင်တွေက သူ့မျက်နှာပေါ် ရုတ်တရက် ကပ်တွယ်လာခဲ့သည်။ ဝူရှဲအလွန် စက်ဆုပ်သွားသည်။ ပေါက်ကွဲတော့မယ့် အခိုက် ရုတ်ခြည်း ဆံပင်ထဲမှ မိန်းမအသံ တိုးတိုးလေး ထွက်လာခဲ့၏။
“ရှင်က ဘယ်သူလဲ?”
အသံက အရမ်း နူးညံ့ပေမယ့် ပြတ်ပြတ်သားသား ကြားလိုက်ရတဲ့အခိုက် မနေနိုင်ဘဲ တုန်လှုပ်ခြောက်ခြားသွားကာ တချိန်တည်းမှာပဲ ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်က ပိုနီးလာပြီး သူမရဲ့ သွယ်လျတဲ့ လက်တွေက ဝူရှဲရဲ့ ပုခုံးတွေကို ထိတွေ့လာခဲ့သည်။ ပြီးတော့ ဝူရှဲလည်ပင်းကိုပါ ပွေ့ဖက်လိုက်သည်။ ဝူရှဲ အလိုလို တုန်လှုပ်သွားလေ၏။
ဒီအမျိုးသမီးက အရမ်း သေးသေးလေးပဲလို့ ခံစားရ သူမပါးစပ်က ဝူရှဲနားရွက်နားကို ဖိထားသည်။ သူမရဲ့ အသက်ရှုသံက အလွန်အမင်း အေးစက်နေရာ ဝူရှဲ လုံးဝကို စိတ်ရှုပ်သွားသည်။ နားစွင်နေတုန်းမှာပဲ သူမက ဆက်ပြောလာခဲ့၏။
"ကျွန်မကို ဖက်ထားပေးပါ"
ဒီစာကြောင်းကို ကြားလိုက်ရတော့ စိတ်ထဲမှာ စွဲလန်းမိနေသလို ခံစားလိုက်ရသည်။ လက်တွေက ခုခံချင်ပေမယ့် ဦးနှောက်ရဲ့ အမိန့်ကို လုံးဝနားမထောင်ဘဲ သူမခါးကို ချက်ချင်း ပွေ့ဖက်ထားလိုက်သည်။ နောက်ပြီးမှ ဒီအမျိုးသမီးက ဘာမှ ဝတ်မထားမှန်း သိလိုက်ရ၏။ သူမအသားအရည်က အေးစက်နေပေမယ့် အံ့သြစရာ ကောင်းလောက်အောင် ချောမွတ်နေသည်။
ဝူရှဲ မထိန်းနိုင်ဘဲ ဇဝေဇဝါ ဖြစ်သွားရကာ မျက်နှာပါ နီရဲသွားသည်။ အဲဒီအချိန်မှာ အမျိုးသမီးရဲ့ ပါးစပ်က ဝူရှဲရဲ့ မေးစေ့ကို ထိလိုက်သည်။ ထိလိုက်တာနဲ့ တုန်လှုပ်သွားသလိုမျိုး ဝူရှဲ သူမကို နမ်းဖို့ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားစေသည်။ ဝူရှဲ သူမကို နမ်းခါနီးမှာပဲ မျက်နှာသေရဲ့ ဓာတ်မီးက ရုတ်တရက် လင်းလာ၏။ ဝူရှဲ သူ့လက်ထဲက 'အရာ' ကို ရုတ်တရက် မြင်လိုက်ရတော့ ထိတ်လန့် တုန်လှုပ်သွားပြီး ဦးရေပြားတွေ ထုံကျင်ကာ ပေါက်ကွဲချင်သွားလေသည်။
သူ့ကိုယ်ပေါ်မှာ ဆံပင်တွေ အားလုံး ရစ်ပတ်ထားလေပြီ။