(44)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (44)

အ​ရေခွံကွာခြင်း



"အဲဒီအမြီးက ဘယ်က ရောက်လာတာလဲ? ငါအစောက ဘာလို့ မတွေ့တာလဲ"


ဖက်တီးသူ့ကို လှောင်ပြောင်နေသည်ဟု ထင်ကာ ထပ်ပြောလိုက်သည်။ 


"မင်းငါ့ကို မ​နောက်စမ်းပါနဲ့"


“ဒါက မဟုတ်လို့လား?” 


ဖက်တီးက သူ့ကို လေးလေးနက်နက် ညွှန်ပြလာပြီး 


“မင်းမျက်လုံးတွေက မှော်ဆန်လွန်းလို့ ရုတ်တရက် ဘာမှ မမြင်လိုက်တာ ဖြစ်မယ်”


ဖက်တီးရဲ့ လက်ချောင်းများအတိုင်း လိုက်ကြည့်ရာ ထိုင်နေသော ရွှေကိုယ်ထည်၏ အမြီးလိုမျိုး အချွန်တစ်ခု တကယ်ရှိနေတာကို တွေ့လိုက်ရသည်။ လက်နှစ်ချောင်းလောက် ရှည်ပြီး သုံးလက်မခန့် အထူရှိကာ မည်းမှောင်ကာ ခြောက်​သွေ့​နေပြီ။ ၎င်းက အလောင်းကောင်နှင့် ဒီဂရီ အတူတူပင်။ မာကျောသော နွားအမြီးကဲ့သို့ အနည်းငယ် အထက်သို့ ကွေးတက်နေသည်။


ဝူရှဲ ထူးဆန်းသလို ခံစားလိုက်ရသည်။ သူ ဒီအရာ​ကြီးကို ရွှေ့လာတုန်းက မမြင်လိုက်သလိုပင်။ ဧကန္တ အခုမှ ထွက်လာတာလား။ 


အဲဒါကို ပြန်စဥ်းစားမိတော့လည်း ၎င်းနဲ့ပတ်သက်တဲ့ သဲလွန်စ မရှိချေ။ အခုမှတွေးရင်း အရမ်း တုန်လှုပ်သွားတော့သည်။ အခုနတုန်းက မြင်လားမမြင်လိုက်လားပင် မမှတ်မိတော့ဘဲ စိတ်ထဲမှာ အေးတိအေးစက် ကြက်သီးမွေးညှင်းများ ရုတ်ခြည်းထလာပြီး ရုတ်တရက် ပြောစရာစကား ပျောက်ရှသွားတဲ့ ခံစားချက်ကို ခံစားလိုက်ရလေ၏။ 


အဲဒီအခါမှာ အခုက ထူးထူးခြားခြား လုပ်ရမယ့်အချိန် မဟုတ်သေးသလို ခြောက်သွေ့နေတဲ့ အလောင်းရဲ့ အမြီးဆိုတာ မသေချာနိုင်တာကြောင့် ဖက်တီးကို ပြောလိုက်သည်။ 


“ကောက်ချက်ချဖို့ အရမ်းစောမနေနဲ့ အမြီးက လူ့ခန္ဓာကိုယ်မှာ ဘယ်လိုလုပ် ပေါက်နိုင်မှာလဲ? လူသားအင်္ဂါကြီးများလား? မင်း အနီးကပ် သေချာကြည့်စမ်းပါ"


"ငါလူး!" ဖက်တီးက အော်ရယ်ပြီး 


"အင်္ဂါက တင်ပါးမှာ ပေါက်နိုင်လို့လား? နောက်ပြီး သေပြီးရင် ဘယ်သူက ဒီလိုဖြစ်သေးလို့လဲ?"


သူပြောချင်တာကို ဝူရှဲလည်း သိပါ၏။ ဒါကြောင့် သူချက်ချင်းပဲ ဖက်တီးစကားကို ဝင်နှောင့်ယှက်ခဲ့သည်။ 


"ထားလိုက်တော့ ထားလိုက်တော့ အဲဒါက ဘာလဲဆိုတာကို ဂရုမစိုက်တော့ဘူး ... ပေါက်ကွဲပြီးရင် အကြွင်းအကျန်တောင် ရှိတော့မှာ မဟုတ်ဘူး မင်းဆက်ပြီး လေ့လာနေရင် နောက်နှစ်အနည်းငယ် အတွင်း တခြားသူတွေက ငါတို့ကို ပြန်လေ့လာတော့မယ်"


ဖက်တီးလည်း သူ့စကားကြောင့် သတိပြန်ဝင်လာခဲ့သည်။ သူက ဒီထူးဆန်းတဲ့ အရာကြီးကို ဂရုမစိုက်တော့ဘဲ အလုပ်စတော့သည်။


အလောင်းကို ဇောက်ထိုးလှန်ပြီး တိုင်​ပေါ်တက်ရာမှာ အသုံးပြုခဲ့တဲ့ ကြိုးကို ဖြုတ်ပြီး အလောင်းကိုချည်ကာ ခက်ခက်ခဲခဲ ပြုပြင်လိုက်သည်။ ပေါက်ကွဲမှုက ဘယ်လောက် ပြင်းထန်မယ် ဆိုတာ ခန့်မှန်းလို့ မရသေးပေမယ့် မှတ်မိသလောက်တော့ သူရဲကောင်း သုံးဦးက တရားမျှတမှုကို ရယူချိန်တွင် အတွင်းဘက်အမှတ်စဉ် အမြောက်သည် စိန်ကျောက်အလွှာ ဆယ်ခုကိုပင် ဖြိုခွဲနိုင်ခဲ့သည်ဟု ဆိုကြလေတာကြောင့် သိပ်တော့ မခက်ခဲလောက်ချေ။ 


ကြိုးချည်ပြီးရင် ခက်ခက်ခဲခဲ ဆွဲထုတ်တော့ အရမ်းမသန်ပေမယ့် ခဏလောက်ထိတော့ ခံနိုင်ရည် ရှိလောက်သည်။ 


လောလောဆယ်တော့ ဒီနေရာမှာ ဆက်မနေချင်တော့ပေ။ သေချာ ပြန်စစ်ကြည့်​​ပြီးတော့ အားလုံး အဆင်ပြေနေတာကို တွေ့တာနဲ့ ဝူရှဲက ဆင်းဖို့ အဆင်သင့် ဖြစ်နေပြီ။


ပေါက်ကွဲချိန် နီးလာပြီလို့ တွေးလိုက်တာနဲ့ စိတ်ထဲ အနည်းငယ် စိတ်ပူပင်မိလာသည်။ အခုအလုပ်ဖြစ်မဖြစ် ဒီလှုပ်ရှားမှုပေါ်မှာပဲ မူတည်သွားပြီ။ ဒါ့ထက် ဘုရားရှင်ရဲ့ ကောင်းချီးတွေကိုပဲ တောင်းရတော့မလိုပင်။ သူတို့အပြင်ကို ထွက်ပြီးရင်တော့ တခြားအကြောင်းအရာတွေကို ပြောကြတယပေါ့။ အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်မယ်လို့ မမျှော်လင့်ပေမယ့် အနည်းဆုံးတော့ သူတို့အသက်ကို ကယ်တင်နိုင်လောက်ပါရဲ့။ 


ဝူရှဲ ရိုင်းစိုင်းစွာ တွေးတောနေချိန် ဖက်တီးက သူ့လက်ကို လှမ်းဆွဲပြီး ပြောလာသည်။ 


"ခဏနေပါဦး ငါတစ်ခုခု လွဲနေသလို ခံစားနေရတယ်" 


ဝူရှဲလည်း သူအခုနကတင် အားလုံးကို စစ်ကြည့်ပြီး အဆင်ပြေရာ ခဏလောက် အံ့ဩသွား၏။


"ဘာတွေ ပျောက်နေလို့လဲ? အကုန်လုံး ဒီမှာပဲ မဟုတ်ဘူးလား?"


ဖက်တီးက ဝူရှဲကို အရင်ဆင်းသွားခိုင်းပြီး သူကတော့ အလောင်းခြောက်ကို လှည့်ကြည့်လိုက်သည်။ 


"အကြီးအကဲ အလောင်းကောင်...ခင်ဗျားက လူလား မျောက်လား မသိပေမယ့် ခင်ဗျား သေဆုံးသွားပါပြီ ဒီအသားက ညစ်ပတ်နေလို့ ဘာမှ အသုံးမဝင်တော့ဘူး... ကျွန်တော်တို့ရဲ့ ဖောက်ခွဲရေးပစ္စည်း ထုပ်ပိုးမှုက နည်းနည်း များလွန်းပေမယ့် အခြေအနေအရ အတင်းအကြပ် လုပ်ရတာပါ ခင်ဗျာ.... ဒါကြောင့် ကျွန်တော်တို့နဲ့ ငြင်းခုံမနေပါနဲ့..... လောကကို ဆန့်ကျင် တိုက်ခိုက်ခြင်း မရှိလုပ်ဘဲ ကောင်းမှုတစ်ခု လုပ်သွားတယ်လို့ပဲ သဘောထားပေးပါ"


ဤစကားကို ပြောပြီးနောက် သူက ရွှေရောင်ကိုယ်ထည်အား ဂါဝရပြုလိုက်လေသည်။ ဝူရှဲ ဒေါသတကြီးနဲ့ သူ့အတွင်းခံ ဘောင်းဘီကို ဆွဲချလိုက်ပြီး 


"သောက်ကျိုးနည်း!! ဘယ်အချိန်တောင် ရှိနေပြီလဲ? မင်းက ဒီလှည့်ကွက်ကို ကစားဖို့ အချိန်ရှိသေးတယ်ပေါ့"


သူက ဝူရှဲလက်ကို ခန္ဓာကိုယ် တစ်ဝက်စောင်းကြည့်ရင်း ပြောလာခဲ့သည်။  


"မင်း နားမလည်ပါဘူး... ငါကတော့ ဒီအရာကြီးကို မကောင်းဘူးလို့ မြင်တယ်... ငါတို့အတွက် ကံဆိုးစေမလား အာမခံချက် မရှိဘူး ဒါ့အပြင် သူက အဲဒီမှာထိုင်နေတာ ကောင်းကောင်းကပဲ ငါတို့ကသာ သူ့ကို ဒိုင်းနမိုက်အဖြစ် သုံးကြည့်မလို့ လုပ်နေရတာလေ... အစကတည်းက ငါတို့အမှားပါပဲ ဘယ်လို အခြေအနေမျိုးမှာ ရှင်သန်နေထိုင်ရမယ် ဆိုတာကို ပြောဖို့က လိုနေပါသေးတယ် ဟုတ်တယ်မလား?"


ဝူရှဲက တွားသွားရင်းနဲ့ 


"လာစမ်းပါ.... မင်း လက်၁၂ဖက်ပါတဲ့ အလောင်းကို သယ်တုန်းကကျ ဘာလုပ်နေလဲ? မင်းသူ့​ကို တစ်ခါမှလည်း မမြင်ဖူးဘူးလေ အခု သူ့မှာ အမြီးတစ်ချောင်း ပိုလာတာကို ဘာအထူးအဆန်းတွေ လုပ်နေတာလဲ?"


မြောက်ပိုင်းအဖွဲ့နဲ့ တောင်ပိုင်း အဖွဲ့ကြားက ပဋိပက္ခတွေ ဘယ်လိုဖြစ်တာလဲလို့ မေးရလျှင် အယူဝါဒ ကွဲပြားမှုကြောင့်လို့ ပြောလို့ရသည်။ ဖက်တီးကလည်း မပျော်မရွှင် နှာမွှန်ပြီး ခေါင်းကို လှည့်လိုက်သည်။


ဝူရှဲတို့ မြေပြင်ပေါ်သို့ ဆင်းလာတဲ့အခါ မျက်နှာသေက အားနင်ကို သူ့နောက်ကျောပေါ် ထမ်းပြီး သင်္ချိုင်းထောင့်သို့ လှမ်းခေါ်လိုက်သည်။ သူတို့ ကြေးမှုန်မှန်တွေကို သူတို့ရဲ့အရှေ့မှာ ကိုယ်စီချထားလိုက်သည်။ ဒါကို ဒိုင်းကာအဖြစ် အသုံးပြုဖို့ပဲ ဖြစ်လေသည်။ အကယ်၍ ဗုံးပေါက်ကွဲတဲ့အားက အရမ်းပြင်းထန်ရင် ကျောက်တုံး ကျောက်စရစ်ခဲတွေ မတော်တဆ လာထိမှန်ရင် ထိခိုက်ဒဏ်ရာ ရသွားနိုင်တယ် မဟုတ်လား။ 


အားလုံးအဆင်သင့် ဖြစ်သွားပြီ။ လာမည့်အချိန်မှာ မျက်နှာသေရဲ့ တိကျတဲ့ ပညာကို အားကိုးရတော့မည်။ မှန်ခြေထောက်တစ်ဖက်ကို ဖြုတ်ချကာ ရွှေအ​လောင်းရဲ့ ဝမ်းဗိုက်ရှိ ယန္တရားအား လှမ်းပစ်ကာ ဖောက်ထုတ်ပစ်လိုက်မည်။ ဘုရင်လုရှန် နန်းတော်မှာတုန်းက ထိုဓားပျံကြောင့် ဖက်တီးတစ်ယောက် အသတ်ခံရလုနီးပါး ဖြစ်သွားသည်။ ထိုလက်စွမ်းရည်ကြောင့် ယခုအချိန်တွင် ပြဿနာ မဖြစ်လောက်သလို တခြားနည်းလမ်းများကို စဉ်းစားရန်မှာလည်း အသုံးမဝင်တော့ပေ။ ဝူရှဲ နာရီကို စူးစိုက်ကြည့်ကာ ဆုတောင်းနေမိသည်။


ပင်လယ်ရေများ ကျဆင်းခြင်းနှင့် စီးဆင်းခြင်းဆိုင်ရာ နည်းဥပဒေသမှာ နေ့စဉ် ၁၂ နာရီခြား၍ ဒီရေတက်ခြင်း ကျခြင်း နှစ်ချိန်ရှိသည်။ ဒီရေတက်ချိန်ဟာ ပုံမှန်အားဖြင့် တစ်နာရီကျော်ကြာအောင် ကြာမြင့်တတ်ပြီး အနိမ့်ဆုံး ဒီရေဟာ ဒီရေတက်ချိန် နှစ်ခုရဲ့ အလယ်မှာပဲ ဖြစ်သည်။ ယခုအချိန်တွင် ပင်လယ်ရေ မျက်နှာပြင်သည် အနိမ့်ဆုံး ဖြစ်ပြီး ရေတွေက တစ်ခါတစ်ရံတွင် ပင်လယ်အောက်ခြေသို့ပင် ရောက်ရှိနေတတ်သည်။


သို့သော် ဤနေရာတွင် ပင်လယ်ကြမ်းပြင်က အဲ့လောက် မတိမ်နိုင်ပေ။ မဟုတ်ပါက ယခု ဤနေရာတွင် သင်္ဘောအများအပြား သောင်တင်နေပေလိမ့်မည်။ ဝူရှဲကတော့ ဒီရေ နှစ်မီတာထက် နည်းအောင် လျှော့ချနိုင်ရင် အရမ်းကောင်းမယ်လို့ ထင်မိသည်။


ဒီရေက ဘယ်လောက်ကြာကြာ ခံနိုင်မလဲ မသိပေမယ့် သူ့မှတ်ဥာဏ်ထဲမှာတော့ အချိန်တိုလေးပဲ ဖြစ်လေသည်။ အပေါ်က ပြိုကျလာတဲ့ ရေကိုစောင့်ရင်း ခဏလောက်တော့ ကြန့်ကြာနေမှာ ဆိုရင်တောင် စတာနဲ့ တစ်မိနစ်တောင် နှောင့်နှေးလို့ မဖြစ်ချေ။ 


ဒါက အတော်လေး အကောင်းမြင်တဲ့ ခန့်မှန်းချက်ပါပဲ။ တခြား အရေးပေါ် အခြေအနေတွေလည်း ရှိကောင်း ရှိနိုင်ပါသေးသည်။ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင်တော့ လုပ်ရဦးမယ် မဟုတ်ပါလား။ အခုက မသေချာ မရေရာမှုတွေ ပိုများလာတယ်လို့တောင် ထင်လာရသည်။ နောက်ဆုံးတော့ ဒါက ကြုံရာကျပန်း ပြောလိုက်ရုံပဲလေ။ အခြေအနေ မတိုးတက်ဘူး ဆိုရင်လို့ တွေးလိုက်မိပေမယ့် အပေါ်ထပ် တစ်ခုလုံး ပြိုကျသွားရင်တော့ သူတို့အတွက် တကယ်ကို စိတ်မကောင်း ဖြစ်ရမယ့် ကိစ္စတစ်ခုကို တွေးလိုက်မိကာ ဝူရှဲ တုန်လှုပ်ခြောက်ခြားသွားတော့သည်။ သူ့ရဲ့အမူအရာတွေကို ကြည့်လိုက်ရင်း ဖက်တီးက ဝူရှဲ သူ့ကိုယ်သူ အပြစ်ရှိသလို ခံစား​နေရတာကို သိတာကြောင့် သူကမေးလာခဲ့သည်။


"မင်းတို့နှစ်ယောက် အမှန်အတိုင်း ပြောပါ မင်းတ်ို့မှာလည်း ပိုင်နိုင်မှု မရှိဘူးမလား?"


ဝူရှဲ သူ့ကို ဘယ်လိုပြန်ဖြေရမှန်း မသိလို့ ကျေကျေနပ်နပ်ကြီးနဲ့ပဲ ပြောလိုက်သည်။


"ဒီလို အခြေအနေနဲ့ ပတ်သက်ပြီး ပြောရခက်တယ်.... ဘာပဲဖြစ်ဖြစ် မြှားက ကြိုးပေါ်ရောက်နေပြီပဲ ခဏ​လောက် စောင့်ကြည့်ရအောင်"


ဖက်တီးက သက်ပြင်းချရင်း 


"တကယ်ပဲ မင်းပိုလုပ်လေ ငါပိုပြီး ထိတ်လန့်လာသလို ခံစားရလေပဲ... ဒါကြီးသာ မပေါက်ကွဲရင် ဘယ်လိုလုပ်မလဲ မင်းမှာ တခြား နည်းလမ်းတွေ ရှိ​သေးလား? ငါ ပိုသက်တောင့်သက်သာရှိအောင် အရင်ပြောပြစမ်းပါလား"


"နည်းလမ်းတစ်ခု ရှိတယ်.... မင်းအရင်က ပြောခဲ့တဲ့ စကားအတိုင်းပဲ... ငါတို့ ဒီအတိုင်း ပြန်လှည့်သွားပြီးတော့ ငါတို့ဝင်ထားတဲ့ သင်္ချိုင်းဂူက ပြန်ပေါ်လာမလား ကြည့်ကြမယ်... မဟုတ်ရင်လည်း နောက်တစ်နည်း ရှိသေးတယ်... ဒီမှာနေပြီးတော့ တတိယအုပ်စု ငါတို့ကို ကယ်တင်ဖို့ လူတွေ လွှတ်လိုက်မှာကို စောင့်နေဖို့ပဲ"


"ဒါကိုတော့ ငါမစောင့်နိုင်တော့ဘူး.... သူတို့မလာရင် ငါတို့ ဘယ်လိုလုပ်မလဲ? တစ်သက်လုံး စောင့်မှာလား? မဟုတ်ရင် ရှီးရှားရဲ့ အောက်ခြေမှာ သေနေတဲ့ သင်္ချိုင်းတစ်ခုလို ဖြစ်သွားလိမ့်မယ်.... ပင်လယ်ရေနဲ့ ကမ္ဘာကနေ ပျောက်ကွယ်သွားတဲ့ ကပ္ပတိန်မော့ကျင်းလို ဖြစ်သွားမှာပေါ့"


ဝူရှဲ ဖက်တီးကို ပြန်နှစ်သိမ့်ပေးလိုက်သည်။


"ငါဆိုလိုတာက ဒီမှာက အရမ်းအန္တရာယ် များပေမယ့် ခဏလောက်နေလို့ မရတာတော့ မဟုတ်ဘူးလေ... ချက်ချင်းသေမှာ မဟုတ်ဘူး... နှစ်ရှည်လများ ဆွေးနွေးပြီးရင် အဖြေတစ်ခုတော့ ရမှာပဲ ဒီနေရာမှာ နေရာလွတ်တွေ အများကြီး ရှိသေးပြီး လေ၀င်လေထွက် ကောင်းနေတုန်းပဲ ရက်အနည်းငယ်ကြာဆို လုံလောက်ပြီ.... တစ်ပတ်လောက်ရ ပြဿနာ ကြီးကြီးမားမား မဟုတ်လောက်ဘူးလို့ ငါထင်တယ်... များများအိပ် လေ့ကျင့်ခန်းလေးလုပ်ပြီး လေကိုလည်း လျှော့သုံးဖို့ ကြိုးစားကြတာပေါ့"


ဒါကိုတော့ ဖက်တီးက လက်မခံဘဲ 


“လေအလုံအလောက် ရှိရင်တောင် စားရဦးမှာပဲ.... ဒါက တောနက်ကြီး မဟုတ်ဘူး အနောက်မြောက် လေတောင်မှ မရှိဘူး ငါက အသက်ရှုကြပ်​ပြီး သေရတာထက် အစာငတ်ပြီး သေရတာကို ပိုကြောက်တယ်ကွ!"


ဝူရှဲလည်း ရယ်ပြီးပြောလိုက်သည်။


"နည်းလမ်းဆိုတာ လူတွေက စဉ်းစားရတာ... မင်းရဲ့ ဒီဆူဖြိုးတဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်ဦး ရက်သတ္တပတ်ကြာအောင် အစာမငတ်နိုင်ပါဘူး... မင်းတကယ် ဆာနေတယ်ဆိုရင် ပင်လယ်မျောက်တစ်ကောင် ရှိသေးတယ်လေ ပင်လယ်မျောက်ကို စားရင် မင်း ဗိုက်​ပြည့်သွားလိမ့်မယ်.... မဝသေးဘူးဆိုရင် တားမြစ်မိန်းမပျိုကို ဖမ်းပြီး အရေခွံခွာကြတာပေါ့"


ဖက်တီးက ဒီလိုကြားရတာ ဝမ်းသာအားရ ဖြစ်သွားသည်။ ဒီကောင်လေးက သူနဲ့ ငြင်းခုံဖို့ ကြိုးစားတိုင်း စိတ်လှုပ်ရှားသွားတာပဲ။ သူက ဝူရှဲပုခုံးပေါ် လက်တင်ပြီး 


“ကောင်းပြီ မင်းပြောတာက ငါ့ပုံစံနဲ့ တော်တော်တူတယ် ဖက်တီးငါက ဘာကိုမှ မကြောက်တတ့တဲ့ စိတ်ဓာတ် ရှိပါတယ်...ဒီတခေါက်တော့ မင်းလည်း တော်တော် တိုးတက်နေပြီလို့ ထင်ရတယ်” 


ဒီလိုပြောတဲ့အခါ ဝူရှဲပင် တော်တော် အံ့သြသွားမိသည်။ ဘာလို့အဲ့လို အသုံးမဝင်တဲ့ စကားတွေ ပြောလာမိတာလဲ။ ဖက်တီးကောင်ရဲ့ အကျင့်က သူကိုလွှမ်းမိုးနေပုံရသည်။ မဟုတ်ဘူး။ အဲ့လို မဖြစ်ရဘူး။ ဝူရှဲ ဒီအချိန်မှာ တုန်လှုပ်နေတာကို ရပ်လိုက်ပြီး လက်ပတ်နာရီကို ဆက်ပြီး အာရုံစိုက်နေတော့တာ ငါးမိနစ်ပဲ ကျန်တော့သည်။ ဒီအချိန်မှာ ပေါက်ကွဲခဲ့ရင် သိပ်တော့ ထူးထူးခြားခြား ဖြစ်မှာ မဟုတ်ဘူး။


ဝူရှဲ မျက်နှာသေကို သေချာ ပြင်ဆင်ထားဖို့ ပြောလိုက်သည်။ အခွင့်အရေးကို လုံးဝ လက်လွတ်ခံလို့ မဖြစ်ပေ။ ရွှေကိုယ်ထည်ရဲ့ ချည်နှောင်မှုက ခိုင်ခံ့မှု သိပ်မရှိဘူးလေ။ မတော်တဆ ပြုတ်ကျသွားရင် အဆင်မပြေနိုင်တော့ဘူး။ 


မျက်နှာသေလည်း ထိုအရာကို လက်ထဲတွင် ချိန်ဆကာ သဘောတူဟန် ခေါင်းညိတ်လာသည်။ ထိုအချိန်တွင် ဖက်တီးက ရုတ်တရက် 


"သေရော? အဲဒီအလောင်းရော?"


သူ့အသံ ကြားလိုက်ရသောအခါ ဝူရှဲလည်း မျှော်ကြည့်ရူ တိုင်ပေါ်ရှိ အလောင်းက မရှိတော့တာကို တွေ့လိုက်ရသည်။ ဝူရှဲရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ တင်းတင်းကြပ်ကြပ် ချည်နှောင်ထားခြင်း မရှိလို့ ပြုတ်ကျသွားတာ ဖြစ်နိုင်တာပင်။ အောက်ကို ငုံ့ကြည့်လိုက်တဲ့ အခါမှာတော့ မြေပြင်ပေါ်မှာ ဘာမှ မရှိနေတာကြောင့် ဝူရှဲ ဒေါသတကြီး ကျိန်ဆဲမိသည်။ 


ဒီလိုအချိန်မျိုးမှာမှ ဒီလိုမျိုး ကြုံလာရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။


"မင်းကြည့် မင်းကြည့်.... ငါမပြောခဲ့ဘူးလား? အမြီးပါနေတဲ့ အကောင်က ဆိုးရမှာပဲလို့.... တစ်နေရာရာကို ပြေးသွားတာ ဖြစ်မယ် မြန်မြန်ရှာရအောင်!!" 


ဖက်တီးက အော်လိုက်သည်။


အတူတူ ပြေးထွက်လာတော့ သူတို့ရှာနေတဲ့ အကောင်က မျက်နှာကျက်ထိပ်မှာ လက်သည်းတွေကို အားကိုးလျက် တွယ်ကပ်နေ၏။ တိုင်နောက်ကွယ်က မျက်နှာကျက်ထိပ်ကို တစ်ချက်ကြည့်လိုက်တော့ ၎င်းရဲ့ ခန္ဓာကိုယ်ပေါ်က အနက်ရောင် မာကျောတဲ့ အရေပြားတွေ အက်ကွဲသွားတာ အစိတ်စိတ် အမြွှာမြွှာ ပြိုကျရင်း အတွင်းက သွေးတွေ ထွက်နေတာတောင် သူကတော့ ဘာဖြစ်နေမှန်း မသိပုံပင်။ 


ရေငုပ်ဝတ်စုံ ပစ္စည်းများစွာဖြင့် ပြုလုပ်ထားသော ကြိုးက သူ့ခါးတွင် ချည်ထားဆဲဖြစ်ကြောင်း မြင်​နေရသည်။ ကြိုးက လူတစ်ဦးကို ချည်နှောင်ထားရန် အလွန်လုံခြုံသောကြောင့် ၎င်းမှာ တစ်ကြိမ်တည်းနဲ့ မလွတ်သွားခဲ့ပေ။ သို့သော် အခြေအနေကို ကြည့်ရလျှင် အချိန်အကြာကြီး ချည်ထားနိုင်မှာတော့ မဟုတ်ချေ။ 


ဖက်တီးက ၎င်းကို ကြည့်ကာ အော်လိုက်သည်။


"မလွတ်ခင် မြန်မြန် ဖောက်ခွဲလိုက်တော့!!" 


မျက်နှာသေဟာ သူ့ဆီက သတိပေးစကားကိုပင် မလိုအပ်ဘဲ စကားစပြောပြီးတာနဲ့ လေပြင်းတိုက်သံကို ကြားလိုက်ရပြီး တစ်ချိန်တည်းမှာပဲ မီးစိမ်းရောင်က ဖြတ်ပျံလာပြီး မံမီရဲ့ ဗိုက်ထဲကို တည့်တည့် တိုးဝင်သွားလေသည်။