ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (45)
ထွက်လာခဲ့ပြီ
ဝူရှဲ တစ်စက္ကန့်လောက်တောင် မအော်နိုင်ခဲ့ချေ။ မျက်နှာသေ လှုပ်ရှားသွားတာကြီးက မြန်လွန်းတယ်လေ။ သူတို့အားလုံး အပြင်ကို အပြေးအလွှား ပြေးနေကြတုန်းပဲမို့ ဒီလိုပေါက်ကွဲရင် အားလုံး ဒုက္ခရောက်မှာ သေချာလေသည်။
ဒါပေမယ့် ဒီလိုတွေးနေဖို့ အရမ်း နောက်ကျနေပြီလို့ ထင်လိုက်ချိန်မှာတော့ ရုတ်တရက် အဖြူရောင် အလင်းတန်းတစ်ခုကို မြင်လိုက်ရပြီး ဖက်တီးကသူ့ကို မြေပြင်ပေါ် ပစ်လှဲချလိုက်သည်။ ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး သင်္ချိုင်းတစ်ခုလုံး ရုတ်တရက် တုန်ခါသွားကာ လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားသလို ဖြစ်သွားလေသည်။ လေပူက သူတို့ကို တိုက်ရိုက် ကြွတက် ရိုက်ခတ်လာတော့ လေထဲမှာ ခြောက်ကြိမ် ဒါမှမဟုတ် ခုနစ်ကြိမ်လောက် လှည့်ပတ်ပြီး သုံးပေအကွာအထိ လွင့်စင်ကာ နံရံကို ခေါင်းနဲ့ ထိသွားတော့သည်။
ဒီတစ်ခါတော့ သူတကယ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီ။ ကံအားလျော်စွာနဲ့ သူက ဖက်တီးအပေါ်ကို လဲကျသွား၏။ မဟုတ်ပါက သူ့လည်ပင်း ကျိုးသွားနိုင်သည်။ နံရံကိုရိုက်မိလိုက်တာနဲ့ သတိလစ်သွားသလို ဘာကိုမှ မမြင်ရတော့ချေ။ နားထဲမှာ တဝွီဝွီ အော်သံတွေပဲ ကြားနေရသည်။
သူ့ကိုယ်သူ သေပြီလို့ ထင်နေတဲ့ အချိန်မှာပဲ ခဏကြာတော့ သူ့ရှေ့မှာ ရုတ်တရက် အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူမျက်လုံး ဖွင့်ဖို့ ကြိုးစားလိုက်တော့ ချက်ချင်းဆိုသလိုပဲ ကောင်းကင်ကြီး လှည့်ပတ်နေတာကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေက အဝါရောင် မီးခိုးရောင်တွေ အပြည့်နဲ့ မူးဝေ အော့အန်ချင်လာသည်။
ခက်ခက်ခဲခဲ ထပြီး ကြုံရာကျပန်း အသံတွေ အများကြီး ကြားရပေမယ့် ခွဲခြားလို့ မရတော့ပေ။ ဆူညံသံတွေက ကျယ်လောင်ပြီး ခေါင်းကွဲသွားသလိုတောင် ခံစားလာရသည်။ ဝူရှဲ စိတ်တွေရှုပ်ထွေးနေချိန် မျက်နှာသေက ချောင်းဆိုးရင်း မီးခိုးတွေကြားက ထွက်လာကာ မေးလိုက်သည်။
"တစ်ခုခု ဖြစ်သွားသေးလား?"
စကားပြောချင်ပေမယ့် လျှာကိုသာ ကိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ပါးစပ်ကို ပိတ်ပြီး ဖက်တီးရှာဖို့ ခြေလှမ်းနှစ်လှမ်း လှမ်းကြည့်လိုက်တော့ ဖက်တီးတစ်ယောက် ထိုနေရာမှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ သူ့ပုခုံးတစ်ဖက်က အုတ်ခဲတွေကြောင့် အရေပြားတွေ ပွန်းပဲ့ထားလေ၏။ သူက မျက်နှာသေကို မြင်လိုက်ရသည်နှင့်
"သောက်ကျိုးနည်းကြီး! မင်းက အရမ်းမြန်လွန်းတယ်ကွာ... အနည်းဆုံး ငါတို့နောက်ကို ခြေလှမ်းအနည်းငယ် လှမ်းတဲ့အထိ စောင့်ဦးပေါ့ ငါက ဘေးကို နှစ်စင်တီမီတာလောက် ထပိရွှေ့လိုက်ရင် ငါ့လက်တစ်ဖက် ပျက်စီးသွားလိမ့်မယ်"
မျက်နှာသေက သူ့လက်တွေကို ဖြန့်ပြပြီး သူ့လက်ထဲမှာရှိတဲ့ မှန်ခြေထောက်ကို ပြလာခဲ့သည်။
"မင်းမှားတယ်! အခုနက ငါမဟုတ်ဘူး!"
"အာ! အဲဒါ မင်းမဟုတ်ဘူး!"
ဖက်တီးတို့နှစ်ယောက် တစ်ချိန်တည်းမှာပဲ အံ့သြသွားကြသည်။
အဲဒီ ခွန်အားနဲ့ တိကျမှုဟာ အလွန်အစွမ်းထက်တဲ့ လူတစ်ယောက် ဖြစ်ရမယ်။ သူမဟုတ်ရင် ဘယ်သူဖြစ်နိုင်မလဲ။ ဖက်တီးကောင်က အခုနက သူ့အနားမှာ ရှိနေခဲ့သည်။ သူ့ကိုဒီလို ကြည့်တော့လည်း သူ့ရဲ့တိကျမှုဟာ လုံးဝ မကောင်းသလို သူကိုယ်တိုင်ကလည်း ဖြစ်နိုင်ချေ နည်းသွားပြီ။ တခြားသူတွေ အကြောင်း ပြောရရင် လူတစ်ယောက်ပဲ ရှိတော့သည်။ ဝူရှဲစိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာပြီး အားနင်ကိုရှာဖို့ အမြန်ပြန်လှည့်လိုက်သည်။
ဖက်တီးလည်း သူနဲ့ အတွေးတူတာကြောင့် နှစ်ယောက်သား ထောင့်ကို ပြေးသွားပြီး ကြည့်လိုက်တော့ သူ့အရိပ်ပင် ကျန်မနေတော့ပေ။
"သောက်ကျိုးနည်း! ငလူးတဲ့မှ သူဟန်ဆောင်နေတာပဲကွ!"
မျက်နှာသေပင် မယုံကြည်နိုင်သော အသွင်အပြင်ကို ပြသလာခဲ့သည်။ သူက စီရင်ချက်အပေါ် အလွန်ယုံကြည်မှုရှိပြီး အမှားလုပ်မိမည်ဟု မမျှော်လင့်ထားပုံရသည်။ ဝူရှဲလည်း ထိုမိန်းကလေးကို ပြန်အကဲဖြတ်ပြန်၏။
"အဲဒီမိန်းကလေးက တကယ့်ကို သခင်တစ်ယောက်ပဲ! သူမက ကမ္ဘာပေါ်က စစ်ပြန်တစ်ယောက်လိုမျိုး မိုက်မဲဟန်ဆောင်နေတာ... သူ့လို ပြုမူနိုင်တဲ့ လူတစ်ယောက်ကို ငါတော့ တစ်ခါမှ မတွေ့ဖူးဘူး!"
ထိုအခါ ဖက်တီးက
"မင်းအမေကြီးကို စစ်ပြန်!! သူက အော်စကာ ရုပ်ရှင်ဘုရင်မနဲ့ တူတာကွ! နောက်ဆုံးအကြိမ် သူ့ကိုဖမ်းမိတဲ့အခါတုန်းက သူ ဟန်ဆောင်နေတာလို့ ပြောတော့ မင်းက မယုံဘူးလေ"
ပြောပြီးနောက် မျက်နှာသေက သူ့ကို လှမ်းဆွဲပြီး ပြောလိုက်သည်။
"အချိန်မရှိတော့ဘူး ထားလိုက်တော့"
ဝူရှဲလည်း ဖက်တီးကို ပြောလိုက်သည်။
"ဒုက္ခမရှာတော့နဲ့ အခု ငါတို့အတွက် အရေးကြီးဆုံးက မျက်နှာကျက် ပေါက်ကွဲသွားလား ဆိုတာ ကြည့်ဖို့ပဲ.... မင်းလည်းအခု အသက်ရှူ မဝတော့ဘူးမလား? ထွက်သွားပြီးမှ ဆက်ပြောကြရအောင်"
စကားပြီးသွားတော့ အပေါ်ကနေ ရုတ်တရတ် အသံတစ်ခု ထွက်လာခဲ့သည့။ ဒါဟာ တစ်ခုခု ဖြည်းညှင်းစွာ ကြေကွဲသွားသလိုမျိုး ရှည်လျားပြီး ဝမ်းနည်းစရာကောင်းတဲ့ အသံတစ်ခုပဲ ဖြစ်လေသည်။ အသံက အကျယ်ကြီး မဟုတ်ပေမယ့် လည်ချောင်းထဲကနေ နှလုံးသားအထိ ရုတ်တရတ် ရင်တုန်သွားသလို ခံစားရစေသည်။ သူ့စိတ်ထဲ မဟုတ်လောက်ပါဘူးနော်လို့ တွေးမိပေမယ့် ဒီလိုမျိုး ပေါက်ကွဲပြီး ပြိုကျသွားလို့ မဖြစ်ဘူးလေ။ မျက်နှာသာလေး ပေးလို့မရဘူးလား။
အစတုန်းကတော့ ဖက်တီးဟာ မကျေမနပ် ဖြစ်နေပေမယ့် ဒီအသံကြားတော့ သူ့မျက်နှာက ဖြူဖျော့သွားပြီး
"ဒီအသံက ဘာသံကြီးလဲ? ရှောင်ဝူ ဒီအခြေအနေကို ကြည့်ရသလောက်တော့ မင်းပြောတဲ့ ပေါက်ကွဲသွားလား ဆိုတာထက် ပိုပြင်းထန်ပုံရတယ်နော်"
လွင့်ထွက်သွားတဲ့ အပေါက်ကို လှမ်းကြည့်လိုက်တော့ တုန်လှုပ် အံ့သြစရာတော့ မရှိချေ။ မံမီရဲ့ ဝမ်းဗိုက်ထဲက ဗုံးဟာ သူတို့ စိတ်ကူးထားတာထက် ကျော်လွန်သွားသလို ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်လာတဲ့ အတွက် သံတုံးတွေ လွင့်ထွက်သွားပြီး အပေါက်တစ်ခု ဖန်တီးထားလေပြီ။ အချင်း မီတာဝက်လောက်ရှိတဲ့ အပေါက်ကို ရောက်တဲ့အခါ အုတ်အမိုးအထက် ရေစိုခံအလွှာက ကွဲထွက်ပြီး ပင်လယ်ရေတွေ စီးကျလာပြီး ရေတံခွန်ငယ်လေးတွေတောင် ဖြစ်ပေါ်နေ၏။
အစောက ထူးဆန်းတဲ့ အသံဟာ ရေတံခွန်ကြီးရဲ့ အသံက ပိုကျယ်လာလိုပဲ ဖြစ်ကာ မကြာမီတွင် အပေါက်ဝတွင် ရေများ ပြည့်လာမည်ဟု ခန့်မှန်းရပြီး ရေတွေ လုံးလုံး လွှမ်းမိုးသွားမှာပဲ ဖြစ်သည်။
အပေါ်မှ အောက်ခြေအထိ အက်ကွဲကြောင်းကြီးက ထိုးဆင်းလာရာ ရွှေနန်းမူတိုင်ကြီး ပြိုကျပျက်စီးသွားတော့မလိုပင်။
ကျိုးနေတဲ့ တိုင်တစ်ခုကြောင့်နဲ့တင် တစ်ခုလုံး ထိခိုက်ပြီး တကယ်ပြိုကျ သွားနိုင်ပုံရသည်။ ဒီအသံကို ကြားတော့ အလင်းတန်းရဲ့ အရှိန်ကြောင့် အက်ကွဲကြောင်းတွေ ဖြစ်လာတာ ဖြစ်မယ်လို့ ခန့်မှန်းရလေသည်။ အခုမပြိုကျဘူး ဆိုရင်တောင်မှ ခဏနေတော့ မလွတ်နိုင်တော့လောက်ချေ။
ဖက်တီးကို ဝူရှဲလည်း နှစ်သိမ့်ပေးလိုက်သည်။
"အဆင်ပြေပါတယ် စိတ်မပူပါနဲ့.... ဒီသင်္ချိုင်းက သာမန်သင်္ချိုင်းတွေထက် အများကြီး ပိုခိုင်ခံ့တယ်.... အခု ငလျင်မလှုပ်သေးသရွေ့တော့ ပြိုကျမှာ မဟုတ်သေးဘူး"
စကားမဆုံးခင်မှာ ခြေဖဝါးအောက်က မြေပြင်က ရုတ်တရက် တုန်ခါစပြုလာတော့သည်။ ဒီရေအောက် ဂူသင်္ချိုင်းရဲ့ လေလုံတဲ့ အဆောက်အ အုံ ပျက်ဆီးသွားပြီး ပင်လယ်ရေတွေ တက်လာမယ်လို့ မျှော်လင့်ထားပေမယ့် မထင်မှတ်ထားတာက ဒီလောက် မြန်ဆန်လိမ့်မယ်လို့ မထင်ထားချေ။ ကျယ်လောင် လွန်းလှသော လှုပ်ရှားမှုကြောင့် ဝူရှဲမှာ ကူကယ်ရာမဲ့စွာ အနည်းငယ် မူးဝေသွားတော့သည်။
တုန်ခါမှုက ပိုပိုပြီး ပြင်းထန်လာပြီး အလွန်ကြောက်စရာ ကောင်းလာသည်။ ဒီအရှိန်နဲ့ ဆက်သွားနေမယ်ဆိုရင် သူတို့ရပ်နေတဲ့ ကြမ်းပြင်က အမိုးမပြိုခင်မှာပဲ ပြိုကျမှာကို ကြောက်ရလေ၏။ ထိုစဥ် ဖက်တီးက အရမ်း ထိတ်လန့်နေပြီး
"အို ဘုရားရေ.... အခုမှ ဘာလို့ မြေကြီးက လှုပ်နေတာလဲ? ငလျင် လှုပ်နေတာလား? ရှောင်ဝူ မင်း အခုနက ဘယ်အပိုင်းကို ဖောက်ခွဲလိုက်တာလဲ?"
ဝူရှဲ သူ့ကို တစ်ဖက်က ရှင်းပြရင်း။
"ရတယ်... ဒါ ပုံမှန်ပဲ...ငါတို့သေချာ ပြင်ဆင်ထားလိုက်ရအောင်။ နောက်ပြီးရင် ဒီအက်ကြောင်းတွေ အားလုံးထဲက ရေတွေ တဟုန်ထိုး ထွက်ကျလာလိမ့်မယ်.... ရေတွေ ပတ်ဖြန်းလာတဲ့အခါကျ သတိထားရအောင် ဒီဖိအားက မယုံနိုင်စရာ ကောင်းလောက်အောင် ပြင်းလောက်တယ်.... လက်သီးချက်က မင်းကို ထိုးလိုက်ချိန် မင်း နောက်ပြန်ခေါက်နိုင်သလိုမျိုးပဲ"
ပြောပြီးသည်နှင့် ရုတ်တရက် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ဂူလမ်းပေါက်ဝကို ဖုံးအုပ်ထားသည့် စိမ်းပြာရောင် ကျောက်ချပ်ပြားသည် လျင်မြန်သော ရေစီးကြောင်းကြောင့် ပေါက်ကွဲသွားတော့သည်။ ပင်လယ်ရေသည် ခုနစ်မီတာ ရှစ်မီတာခန့် မြင့်သော စမ်းရေတွင်းကဲ့သို့ပင်။ ဝူရှဲ မတုံ့ပြန်နိုင်ခင်မှာပဲ ဂူထဲက တစ်စုံတစ်ခု ပေါက်ထွက်လာပြီး မျက်နှာကျက်ထိပ်ကို ပြေးရိုက်ကာ အလယ်မှာရှိတဲ့ ကျောက်ပြားပေါ်ကို ပြန်ပြုတ်ကျသွားတာ တွေ့လိုက်ရ၏။ အရှိန်က အရမ်းမြန်တော့ ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် ဂူပေါက်ထဲမှာ ဘယ်သူမှ မရှိတဲ့အတွက် တားမြစ်မိန်းမပျိုပဲ ဖြစ်နိုင်လေသည်။
ဒီဥစ္စာကြီး လွင့်ထွက်လာတာက တော်ရုံတန်ရုံ ဒုက္ခရောက်မယ့် ပြဿနာ မဟုတ်တော့ပေ။ ကြီးကြီးမားမား ဒုက္ခရောက်တော့မယ့် အရာပင်။ အကြောင်းမှာ ရေထဲမှာ မီးထွန်းဖို့ နည်းလမ်း မရှိသလို သူမနဲ့ လုံးထွေးမိသွားရင် ပိုလို့တောင် ပြဿနာတက်ချေပြီ။
လိုဏ်ဂူအဝင်ဝနားက မြေပြင်တစ်ခုလုံး မီးတောင် ပေါက်ကွဲသွားသလို တဟုန်ထိုး တက်လာပြီး ရေမျက်နှာပြင်က မြန်မြန်ဆန်ဆန် တက်လာသည်။ ချက်ချင်းဆိုသလိုပဲ သူတို့လည်း မြေပြင်အထက် ငါးမီတာ ဒါမှမဟုတ် ခြောက်မီတာ အမြင့်လောက်အထိ မျောပါသွားခဲ့သည်။
အားနင်ကို လှည့်ကြည့်လိုက်တော့ အစောက ပေါက်ကွဲမှုကြောင့် မီးခိုးတွေ ပျောက်ကွယ်လုနီးပါး ဖြစ်နေပေမယ့် သူမကို မမြင်နိုင်သေးချေ။ သူမလည်း တိုင်တစ်ခုရဲ့ နောက်ကွယ်မှာ ရှိကောင်းရှိနိုင်ပါ၏။ အခုတော့ သူမကို ဂရုမစိုက်နိုင်တော့ပေ။ ဒါပေမဲ့ ဒီမှာက ထွက်ပေါက်တစ်ခုပဲ ရှိတာကြောင့် နောက်ဆုံးတော့ သူတို့ အချင်းချင်း ထိပ်တိုက်တွေ့ကြရဦးမှာပဲ မဟုတ်လား။ ဖက်တီးက သူ့ကို မျက်စိ မှိတ်ပြလာသည်။ သဘောက နောက်မှ သူမနဲ့ ပြဿနာရှင်းမည်ဟု။ ဝူရှဲကတော့ ဘာမှမလုပ်ပေး နိုင်သေးတဲ့အတွက် သူ့ကို လျစ်လျူရှူထားလိုက်သည်။
နောက်ထပ် မိနစ်အနည်းငယ်ကြာအောင် မျှောလိုက်ရင်း ခေါင်းတွေက မျက်နှာကျက်ရဲ့ ထိပ်ကို ရောက်နေပြီ။ ရုတ်တရက် ဖက်တီးကောင်က ဟိုဘက်ကမ်းကို ကူးခတ်သွားသည်။ သူဘာလုပ်ချင်နေလဲ ဝူရှဲ မသိချေ။ ထိုစဥ် ဖက်တီးက အော်ဟစ်လာ၏။
"ဒီဘက်ကို မရောက်ရင် ဒီမှာတင် အားလုံး ပြီးသွားလိမ့်မယ် မင်းဘာလုပ်နေတာလဲ? အသက် မရှင်ချင်တော့ဘူးလား?"
သူသည် တောက်ပနေသော ပုလဲတစ်လုံးဆီသို့ တိုက်ရိုက် ကူးခတ်သွားကာ လက်ထဲတွင် ကိရိယာနှင့် တစ်လုံးကို ခေါက်ယူ၍ အတွင်းခံဘောင်းဘီထဲသို့ ထည့်ရင်း ဆိုလိုက်သည်။
“ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးဖို့ တစ်ခုခု ပြန်ယူသွားရမယ်”
ဝူရှဲ သူ့ကို လည်ပင်းညှစ်သတ် ပစ်ချင်ပေမယ့် အခုအချိန်မှာတော့ ဆူပူကြိမ်းမောင်းဖို့ ပြောစရာ စကားမရှိချေ။ ရုတ်တရက် မျက်လုံးအောက်နားအထိ ရေတွေ စီးကျလာသည်။ နှာခေါင်းကို လှန်ပြီး လေကို လောဘကြီးစွာ ရှုရှိုက်ရင်း စက္ကန့်ပိုင်းလောက်ကြာတော့ သူ့နားရွက်က အေးစက်လာတာကို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး ရေထဲသို့ နှစ်မြှုပ်သွားလေ၏။
ဖက်တီးကို ဝူရှဲ လက်ဟန်ခြေဟန် ပြလိုက်သည်။ သူ့ရဲ့ရေအောက် အရည်အသွေးက အဆိုးဆုံးပါပဲ။ ဒါကြောင့် ဝူရှဲသူ့ကို အရင် တက်ခိုင်းလိုက်တော့ သူက ခေါင်းခါပြပြီး သူ့ကိုယ်သူ ဝလွန်းတယ်လို့ ညွှန်ပြလေသည်။ အပေါက်ထဲမှာ ပိတ်မိရင် အားလုံး အတူတူ သေရကြလိမ့်မည်။ သို့နှင့် ဝူရှဲလည်း ခေါင်းတညိတ်ညိတ်နဲ့ အရင်တက်လိုက်သည်။
ကျိုးပဲ့နေတဲ့ အပေါက်ထဲကို ကူးခတ်သွားတော့
အပေါက်က အောက်ခြေမှာ ကြီးပြီး ထိပ်ဝက ကျဉ်းနေတာ တွေ့ရ၏။ အပြင်ကို ကြည့်လိုက်တော့ အပေါ်က လက်ဖဝါးလောက်ထူတဲ့ ပင်လယ်သဲ ၁၇ ခု၊ ၁၈ ခုလောက်က လာရိုက်လေသည်။ ကြည့်နေရင်း မျက်လုံးတောင် မဖွင့်နိုင်တော့ဘဲ ပြင်းပြင်းထန်ထန် တွန်းပြီး လွင့်ပျံနေရသည်။
အချိန်ကတော့ အရမ်းကောင်းနေပြီ။ ပင်လယ်ရေက အရမ်းတိမ်နေပေမယ့် ဝူရှဲကတော့ အသက်ရှုကြပ်တဲ့ ကန့်သတ်ချက်ကို ရောက်နေပြီ။ ဝူရှဲ အလျင်စလို ကူးခတ်လာခဲ့သည်။ ရေထဲက ထွက်လာပြီးတာနဲ့ မူးလဲလုနီးပါး ဖြစ်သွားကာ ချက်ချင်း အသက်ပြင်းပြင်းရှူရင်း မောဟိုက်စပြုလာသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဖက်တီးနဲ့ မျက်နှာသေလည်း တစ်ချိန်တည်းနီးပါး ရေထဲမှ ထွက်လာကြသည်။ ဖက်တီးက ရေထဲက ထွက်လာသည်နှင့် နှာခေါင်းထဲက ရေတွေကို ညှစ်ထုတ်လိုက်ပြီး။
"တကယ် အောင်မြင်ခဲ့ပြီဟေ့!! ဝမ်ဖက်တီးငါ ထွက်လာနိုင်ပြီ ဟားဟား...!"
ဝူရှဲ အေးအေးဆေးဆေး လှည့်ပတ်ကြည့်လိုက်တော့ နေဝင်နေပြီဖြစ်၍ မိုးကုပ်စက်ဝိုင်းပေါ်ရှိ မီးတိမ်များသည် ပင်လယ်ရေထဲတွင် ရောင်ပြန်ဟပ်နေသဖြင့် ထူးထူးခြားခြား စွဲမက်ဖွယ်ကောင်းနေသည်။ နေမင်းကြီးသည် နီရဲနေပြီး အဝါရောင် မှိန်ဖျော့ဖျော့လေးဖြင့် အရာအားလုံးကို ဖုံးအုပ်ထားသည်။ ဤနေရာတွင် အလွန်လှပပြီး အေးချမ်းသော မြင်ကွင်းတစ်ခုကို ဖန်တီးထားလေသည်။
လမ်းတစ်လျှောက် နေဝင်ချိန် အနည်းငယ်ကို မြင်ဖူးပေမယ့် ဒီနေရာလောက် လှတဲ့နေရာ မရှိဘူးလို့ ထင်ရတဲ့အထိ စိတ်ခံစားမှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။ သို့သော် ခြေထောက်မှာ ကြွက်တက်တဲ့ လက္ခဏာတချို့ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့လှေကို ရှာဖို့ အမြန်လှည့်လိုက်တော့ မနီးမဝေးမှာ ကျောက်ဆောင်တစ်ခုကို တွေ့လိုက်သည်။ စိတ်ထဲက စိတ်ချလက်ချ ဖြစ်သွားကာ လှေရောက်ရင် ဒီကနေ ချက်ချင်း ထွက်သွားနိုင်ပြီ။ ပြီးရင်တော့ ကောင်းကောင်းလေး အိပ်ပစ်ရမယ်လို့ တွေးလိုက်သည်။
ဖက်တီးက တစ်ခုခုကို သတိပြန်ဝင်လာတော့ ရေထဲ ခုန်ဆင်းသွားပြန်သည်။ ဝူရှဲ သူ့နောက်ကို လိုက်သွားတော့ အားနင်က အပေါက်ထဲမှာ ပိတ်မိနေတာကို တွေ့ရ၏။ သူမ အသဲအသန် ရုန်းကန်ပေမယ့် မထွက်နိုင်ဘူး ဖြစ်နေသည်။
ထူးဆန်းတာက ဒီမိန်းကလေးက ဖက်တီးထက် အဆပေါင်း မရေမတွက်နိုင်အောင် သေးသွယ်လေသည်။ ဖက်တီးလို အဆီများတဲ့ ယောက်ျားလေးတောင် ချောချောမောမော ထွက်လာနိုင်တာ သူမက ဘာဖြစ်လို့ မထွက်လာနိုင်တာလဲ။
အားနင်ရဲ့ သည်းခံနိုင်မှုက ကန့်သတ်ချက်သို့ ရောက်ရှိသွားသည်။ ရုတ်တရက် သူမရဲ့လည်ချောင်းက တင်းကြပ်လာကာ သူမပါးစပ်မှ ပူပေါင်းအမြောက်အမြား ထွက်ကျလာပြီး မျက်လုံးများ လှိမ့်တက်လာသည်။ ဝူရှဲနဲ့ ဖက်တီးလည်း ငုံ့ကြည့်ရင်း သူမ လက်နှစ်ဖက်ကို တစ်ဖက်ဆီက ဆွဲရင်း အားသန်သန်ဖြင့် ဆွဲထုတ်လိုက်သည်။
ဒီတစ်ခါတော့ သူမကို ဆွဲချလိုက်တဲ့ အထဲမှာ တွန်းအားတစ်ခု ရှိနေတုန်းပဲဆိုတာ သိလိုက်ရသည်။ သို့သော်လည်း သူတို့က နှစ်ယောက်ရှိနေတော့ သူတို့ရဲ့ခွန်အားက အောင်နိုင်သွားခဲ့ပြီး တစ်လှည့်တည်းမှာပဲ အားနင်ကို အပေါက်ထဲကနေ ဆွဲထုတ်လိုက်စဥ် သူမ ဖြစ်ပျက်ခဲ့တာကို ဝူရှဲ ချက်ချင်း သိလိုက်သည်။
အပေါက်သည် ယခုအခါ အနက်ရော င်ဆံပင်များဖြင့် ဖုံးလွှမ်းထားသည်။ တားမြစ်မိန်းမပျိုက နောက်ပိုင်းတွင် တွားသွား ထွက်လာလိမ့်မည်ဟု ထင်ရသည်။ ရေထဲတွင် ဆက်မနေတော့တာက အကောင်းဆုံး ဖြစ်သည်။ သူတို့ ရေပေါ် ပြန်ရောက်တော့ ဖက်တီး သူမ၏ အသက်ရှုနှုန်းကို စစ်ဆေးကြည့်ရာ သူမ တစ်ကိုယ်လုံး ပျော့ပျောင်းနေတာကို တွေ့လိုက်ရသည်။ သူတို့ ခွန်အားတွေ လုံးဝ ဆုံးရှုံးသွားသလို ဖြစ်သွားပေမယ့် အသက်ရှင်နေခဲ့သည်။ သုံးယောက်သား လှေနံဘေးကို ကူးခတ်ပြီး အားနင့ကို ဆွဲတင်လိုက်သည်။ သူမက ရေတွေ ထွေးထုတ်ပြီး မျက်လုံးတွေလည်း ဖြူဖတ်လာသလိုပဲမို့ အခြေအနေ သိပ်မကောင်းပုံပင်။
ရေနစ်တာနဲ့ ပတ်သက်ပြီး အသက်ကယ်နည်း ဗဟုသုတတွေ သိပ်မသိခဲ့သဖြင့် အော်ပဲအော်လိုက်သည်။
"လှေသူဌေးရေ... တစ်ယောက်ယောက် ဒီမှာ ရေတွေနင်နေလို့ ထွက်လာပြီး ကယ်ပါဦး!"
နှစ်ကြိမ်အော်ပေမယ့် တုံ့ပြန်မှု လုံးဝမရှိလာပေ။ ထူးဆန်းတယ်လို့ ခံစားရတာကြောင့် ဖက်တီးကို အရင်စောင့်ခိုင်းပြီး အခန်းတွင်းကို လှည့်ပတ်ကြည့်ရင်း အံ့သြမဆုံးနိုင် ဖြစ်သွားတော့သည်။ ဒီမှာ တစ်ယောက်မှ မရှိဘူးလေ။ စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရုတ်ချည်းပေါ်လာခဲ့သည်။ မဖြစ်နိုင်ဘူး။ ဒါက ပင်လယ်ပြင်ပဲ။ လှေတစ်စင်းလုံးက လူတွေ ဘယ်လိုလုပ် ပျောက်ကွယ်သွားနိုင်မှာလဲ။ ရေကူးသွားရင် အနည်းဆုံးတော့ လှေကို ကြည့်ဖို့ လူ ချန်ထားသင့်တယ်လေ။
ကြိမ်ဖန်များစွာ အော်လိုက်သော်လည်း တုံ့ပြန်မှု မရှိသေးသဖြင့် ဖက်တီးလည်း တုံ့ပြန်၍ ပြေးဝင်လာကာ ဘာလုပ်နေလဲဟု မေးရာ ဝူရှဲလည်း သူ့ကိုအခန်းထဲ ညွှန်ပြပြီး
"တစ်ခုခုမှားနေပြီ လှေပေါ်မှာ ဘယ်သူမှ မရှိဘူး!"
ဖက်တီးလည်း အံ့အားသင့်သွားကာ ပတ်ပတ်လည်ကို ကြည့်ကာ ခေါင်းကုတ်လိုက်သည်။
“တကယ် ဘယ်သူမှ မရှိဘူးဟ! ဒါပေမဲ့ ငါးကျီထဲက ငါးတွေက အသက်ရှင်နေသေးတာ ဆိုလိုတာက လွန်ခဲ့တဲ့ နာရီဝက်လောက်က ငါးမျှားနေသေးတာကို ဆိုလိုတာပဲ... ခဏလေးအတွင်း လူတွေ ဘယ်ရောက်ကုန်တာလဲ?"