ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1) End
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (46)
အကျဥ်းချုပ်
ဝူရှဲ နံဘေးက တူရိယာတွေကို စစ်ဆေးကြည့်တော့ အားလုံးက ပုံမှန်ပဲ။
"ဒီသင်္ဘောက ပုံမှန်ပဲ.... မတော်တဆမှု ဖြစ်ထားပုံမပေါ်ဘူး... ကမ်းရိုးတန်း ကာကွယ်ရေး အရာရှိတွေ ဒီကိုလာပြီး သင်္ဘောပေါ်က လူတိုင်းကို ဖမ်းခေါ်သွားတာများလား?"
ဖက်တီးက ခေါင်းခါပြီး
"လူတွေကို ခေါ်သွားရင် သင်္ဘောကိုပါ ဆွဲယူသွားမှာပဲ....ဒါကို ဒီမှာထားခဲ့ဖို့က မဖြစ်နိုင်ဘူးလေ... ကမ်းရိုးတန်း ကာကွယ်ရေး အဖွဲ့နဲ့ မသက်ဆိုင်တာ သေချာတယ်...မဟုတ်ရင် ဒီနယ်မြေမှာ ဖရိုဖရဲဖြစ်ပြီး သင်္ဘောတွေ အများကြီး ဒုက္ခရောက်နေလောက်ပြီ ငါတို့ ကုန်လှောင်ရုံကို သွားကြည့်ရအောင်.... တစ်ခုမှ မရှိတော့ဘူး ဆိုရင်တော့ ပင်လယ်ဓားပြတွေ လက်ချက်ပဲ ဖြစ်မယ်!"
ပင်လယ်ဓားပြတွေ အကြောင်း ဝူရှဲ သိသည်။ သင်္ဘောသူဌေးက သူတို့ဒီကိုလာတုန်းက အများကြီး ပြောပြခဲ့ဖူးသည်။ ဒီဟာကတော့ အစစ်အမှန် မဟုတ်နိုင်ဘူးလို့ အမြဲခံစားနေခဲ့ရသည်။ ဒါကြောင့် သူက ဖက်တီးကို လှည့်ပြောလိုက်သည်။
"ပင်လယ်နဲ့ နီးပေမယ့် ဝေးလည်း မဝေးဘူး ပင်လယ်ဓားပြတွေက ဘယ်လိုများ ဒီလောက် သောင်းကျန်းမှာလဲ?"
ဖက်တီးက သူ့ရဲ့ နုံအမှုကို လှောင်ပြောင်ရယ်မောရင်း ပြန်ပြောလာသည်။
"ခေတ်မီးစမ်းပါ... မင်းတကယ်ပဲ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က အလုံးစုံ အစွမ်းထက်တယ်လို့ ထင်နေတာလား? ကျားတွေတောင်မှ မှိန်းနေတဲ့ အချိန်တွေ ရှိသေးတယ်... ငါပြောပြမယ် ဒီပင်လယ်ထဲမှာ ဗီယက်နမ်လည်း ရှိတယ် ဂျပန်နဲ့ မလေးရှားတွေလည်း ရှိတယ်... အပေါ်ယံကို ကြည့်ရင်တော့ ပြောလို့ မရဘူး... ရေအောက် ရေလှိုင်းတွေမှာတော့ သူတို့က တဟုန်းဟုန်း တောက်နေတာကွ! မူးယစ်ဆေးဝါးတွေ၊ မှောင်ခိုတင်သွင်းတာတွေ၊ ပင်လယ်ဓားပြ သင်္ဘောတွေ ဘယ်လောက်များလဲဆိုတာ သူတို့ဘာသာ သီးသန့် သိထားပြီး သူတို့အားလုံးရဲ့ လက်ထဲမှာ သေနတ်တွေ ရှိနေတာမို့ မောင်းသူမဲ့ သင်္ဘောပေါ်လာတာ မဆန်းပါဘူး"
ဂိုဒေါင်ထဲကို လှမ်းဝင်လိုက်တာနဲ့ လက်ဖက်ရည်နံ့ ရလိုက်သည်။ ဖက်တီး အတွင်းအပြင်ကို ကြည့်လိုက်တော့ ရိက္ခာတွေ အကုန်ရှိနေသလို သူတို့ ရေအောက်ထဲကို မဝင်ခင်ကလိုပဲ စီစဉ်ပေးထားသည်။ လက်ဖက်ရည် တစ်ခွက်က သူတို့အိပ်ယာပေါ်မှာ တင်ထားပြီးသားတောင် ရှိနေသေးသည်။ ဝူရှဲ လက်နဲ့ တို့ကြည့်လိုက်ကာ
"ထူးဆန်းလိုက်တာ ပူနေသေးတယ်"
ဖက်တီးက အားကိုးရာမဲ့ ပြုံးရင်း။
"ထူးထူးဆန်းဆန်းတွေက နေ့တိုင်း ဖြစ်ပျက်နေတာပဲ ဒီနေ့မှ တအားများနေတာ...သင်္ဘော တစ်စီးလုံး သရဲတစ္ဆေတွေ သိမ်းသွားတာများလား?"
"ကြည့်လိုက်... ဒီလက်ဖက်ရည်က နည်းနည်းပဲ သောက်ထားပေမယ့် လက်ဖက်ရည်ခွက် အဖုံးက ပိတ်ထားတုန်းပဲ.... ဒါကသူတို့ မြန်မြန်ဆန်ဆန် ထွက်သွားပေမယ့် ထိတ်လန့်မနေဘူးလို့ ပြောတာ... မင်းစဥ်းစားကြည့် ဘယ်လို အခြေအနေမျိုးမှာ အလျင်လိုပေမယ့် ထိတ်လန့်မနေဘဲ ထွက်သွားကြမှာလဲ?"
ဖက်တီးက ပခုံးတွန့်ပြပြီး သူမသိဘူးလို့ ပြောလိုက်သည်။ ခဏလောက် တွေးကြည့်ပေမယ့် ဒီမှာဘာတွေ ဖြစ်နေပြီလဲဆိုတာ တွေးကြည့်ရင်း စက်ခန်းဘက် ထွက်လာခဲ့သည်။ ရေဒီယိုကနေ အကူအညီ တောင်းဖို့ အကြိမ်ကြိမ် အော်ပေမယ့် ဘယ်သူမှ ဂရုမစိုက်ကြဘူး။ အဲဒီအချိန်မှာ ဘေးနားမှာ ရေဒီယိုကို မြင်ပြီး ဖွင့်လိုက်တာနဲ့ ထိုင်ဝမ် ငါးလုပ်ငန်း ရေဒီယိုက တိုင်ဖွန်းမုန်တိုင်းသတိပေးချက်ကို ကြားလိုက်ရသည်။
သူတို့ရေထဲက တက်လာတော့ လေက ပိုအားကောင်းနေပြီလို့ ခံစားရလေ၏။ နေဝင်ရီတရော အချိန်ကြောင့် အဝေးကြီးကို မမြင်နိုင်တော့ပေ။ ရေဒီယိုက ဝေါဟာရတချို့ကို နားမလည်ပေမယ့် နောက်ဆုံးစာကြောင်းကတော့ "ကျေးဇူးပြုပြီး သင်္ဘောတွေ ပင်လယ်ပြင်က ထွက်ခွာပြီး လုံခြုံတဲ့နေရာမှာ ခိုလှုံပါ” ဆိုတဲ့ စကားကို အကြိမ်ကြိမ် အလေးပေး သတိပေးခဲ့လေသည်။
သူတို့ နှစ်ယောက်လုံးရဲ့ မျက်နှာတွေက နည်းနည်းတော့ မည်းမှောင်သွားသည်။ မူလက ဒီအချိန်မှာ ဘာမှစိုးရိမ်စရာ မလိုပါဘူး။ လှေပိုင်ရှင်က နည်းလမ်းတစ်ခုကို သဘာဝအတိုင်း ရှာတွေ့ပါလိမ့်မည်။ အခုတော့ လှေပေါ်က လူတွေအားလုံး သွားကုန်ပြီ။ သူတို့ကို သုတ်သင်ပယ်ရှင်းဖို့ မိုးနတ်မင်းကြီးက အမှန်တကယ် လှည့်စားနေတာလားဟုပင် ထင်ရလေ၏။
ဖက်တီးက သူ့လက်ပတ်နာရီကို ကြည့်လိုက်ပြီး
"ဒီမှာ ငါတို့နေဖို့ နည်းလမ်း မရှိတော့ဘူးလို့ ထင်တယ်....သင်္ဘောစုတ်နဲ့ဆို ငါတို့အားလုံး ခဏနေဆို ကောင်းကင်ကို ပျံတက်သွားရလိမ့်မယ်.. သင်္ဘောစက်ကို အရင်ဖွင့်လိုက်ရအောင်.... ပင်လယ်နက်ထဲမှာ တိုင်ဖွန်းမုန်တိုင်းနဲ့ ကြုံရရင် အဖုအထစ်တွေ ရှိလာနိုင်တယ်.... အဲဒါတွေက လျှို့ဝှက်သန္တာ ကျောက်တန်းတွေပဲ... လှိုင်းကြီးလာရင် ကျောက်ဆောင်တွေကို ထိမိမှာ သေချာတယ် ဆိုတော့ သွားပြီးတော့ ကျောက်ဆူးကို သိမ်းလိုက်တော့"
သူပြောရင်း စီးကရက်တစ်လိပ်ကို မီးညှိပြီး တူရိယာတချို့ကို ဖွင့်လိုက်သည်။ သူ့ရဲ့ လှုပ်ရှားမှုတွေက ကျွမ်းကျင် ကောင်းမွန်နေပုံပေါ်၏။
"မင်း သင်္ဘောမောင်းတတ်တာရော သေချာလား? ဒီကိစ္စက ဟာသ မဟုတ်ဘူးနော် အများကြီး အားထုတ်ရတယ်.... ငါတို့ လေးယောက် ထွက်သွားပြီး နောက်မှ အကုန်လုံး ကျောက်ဆောင်တွေပေါ် သွားတင်ပြီး အတူတူ ငါးစာကျွေးပြီးသား ဖြစ်သွားလိမ့်မယ်"
ဖက်တီးကတော့ ပြုံးပြီ ဒါက သူ့ရဲ့ ပင်ကိုယ်စွမ်းရည်ပဲလို့ ဆိုလေ၏။ သင်္ဘောမပြောနဲ့ လေယာဉ် ဆိုရင်တောင် အရုပ်လေးလို ကောင်းကင်ပေါ်ကို ပျံသန်းနိုင်အောင် မောင်းနိုင်တယ်လို့ ပြောလာခဲ့သည်။
ဒီစကားကို ကြားတော့ သူအလေးအနက် ထားသလား မသိပေမယ့် ဝူရှဲကတော့ အရမ်းစိုးရိမ်နေတုန်းပဲ။ ဖက်တီးက အင်ဂျင်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဖွင့်ရင်း သူ့ကိုလည်း တစ်ဖက်က ပြောပြ၏။ သူအရင်က တောင်ပေါ်ဒေသနဲ့ ကျေးလက်ကို သွားတဲ့အခါ သူက အသင်းခေါင်းဆောင် ဖြစ်ခဲ့ဖူးသည်။
ငါးဖမ်းအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်ခဲ့ဖူးတာကြောင့် ဤအခြေခံ အချက်များကို ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကို သူသိလာခဲ့သည်။ ထို့ပြင် သူသည် ဤနေရာသို့ ရောက်သောအခါ သင်္ဘော မောင်းနှင်ခြင်း လုပ်ငန်းကိုလည်း မြင်တွေ့ခဲ့ရပြီးပြီ။ ဤနည်းပညာ မြင့်သော အရာများကို အကြမ်းဖျဉ်း ကြည့်ရုံဖြင့် နားလည်ရာ တကယ်လို့ မုန်တိုင်းကြီးသာ မရောက်လာသေးရင် ပြန်ရောက်တဲ့အထိ မောင်းသွားဖို့ ပြဿနာ မရှိချေ။
တကယ်တော့ သူ့ရဲ့ ထုတ်လုပ်မှု အဖွဲ့ခေါင်းဆောင်က တောင်ချောင်းမှာ ငါးဖမ်းဖို့ ဝါးဖောင်ကို ကိုင်ထားပေမယ့် အဲဒီအချိန်တုန်းက သူလုပ်ခဲ့တာတွေကို အခု သူပြောနေပုံအရ အရမ်းယုံကြည်မှု ရှိနေတယ်လို့ မြင်နေရသည်။ ဖက်တီးက သူ အထင်ကြီးဖို့ ကြိုးစားနေတာ ဟုတ်မဟုတ် မသိသော်လည်း ဝူရှဲ သူ့ကို တကယ်ယုံပြီး ကျောက်ဆူးကြိုးကို တင်ဖို့ အရူးလို ပြေးသွားလိုက်သည်။
သင်္ဘောစတင် လှုပ်ရှားသွားပြီးနောက် ဖက်တီးက ဒီနေရာမှာ သန္တာကျောက်တန်းတွင် ရှိနေဆဲဖြစ်ကြောင်း အာရုံစူးစိုက်ရန် လိုအပ်ကြောင်း ပြောကာ သူ့ကိုမနှောင့်ယှက်ရန် တောင်းဆိုခဲ့သည်။ သူနဖူးမှာ ချွေးများ ထွက်နေပြီး သူ့အမူအရာက လေးနက်နေမှန်း သိလိုက်တာကြောင့် ဝူရှဲလည်း ကုန်းပတ်ပေါ်ကို ပြန်လာခဲ့သည်။
မျက်နှာသေသည် အားနင်၏ သွေးလည်ပတ်မှုကို မြှင့်တင်ရန် လက်များကို ပွတ်တိုက်ပေးနေသည်။ သူမသည် ဤနေရာကို ပထမဆုံးရောက်စဉ်ကထက် အနည်းငယ် ပိုကောင်းနေသော်လည်း သူမ၏ မျက်နှာသည် ရုပ်ဆိုးနေဆဲဖြစ်ပြီး အသက်ရှုသံသည် ခပ်တိုးတိုးနှင့် အလွန်တည်ငြိမ်နေသည်။ မျက်နှာသေကို ဘယ်လိုလဲလို့ မေးတော့ သူက ကြီးကြီးမားမား ပြဿနာ မရှိဘူးဟန် ခေါင်းညိတ်ပြသည်။
အစားအသောက်ခြောက် တချို့ကို ထုတ်ယူပြီး လူတိုင်းကို ဝေပေးလိုက်သည်။ အန္တရာယ် မကြုံသေးပေမယ့် နောက်ဆုံးတော့ ရင်းနှီးတဲ့ နေရာကို ပြန်လာခဲ့နိုင်တာကြောင့် စိတ်အေးလက်အေးနဲ့ အိပ်ငိုက်လာသည်။ ဝူရှဲ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ဝတ်ပြီး ကိုယ်လုံးကိုလည်း စောင်နဲ့ပတ်ကာ ကုန်းပတ်ပေါ်မှာ အိပ်ငိုက်လာခဲ့သည်။
မူလကတော့ ဝူရှဲ နာရီအနည်းငယ်လောက် အိပ်ပြီး ဖက်တီးရဲ့ အလုပ်မှာ သွားကူမလို့ စဥ်းစားထားပေမယ့် သူပြန်နိုးလာတော့ နောက်တစ်နေ့ကိုတောင် ရောက်နေပြီဖြစ်ကာ မနက်လား နေ့လည်လားပင် မသိတော့ချေ။
ဝူရှဲ သူ့ဘေးက ပင်လယ်ကို လှမ်းကြည့်လိုက်သည်။ လှိုင်းတွေက အရမ်းကြီးပြီး ပင်လယ်စင်ရော် အနည်းငယ်က ဒီနေရာကနေ နိမ့်ကျစွာ ပျံသန်းနေတာကို တွေ့နိုင်၏။ ကောင်းကင်က တိမ်ညို့နေပြီး တိမ်တွေကြည့်ရတာ မိုးရွာတော့မယ့်ပုံပင်။ ပင်လယ်မှာ မြင်ကွင်းတွေကို ပိတ်ဆို့ထားတဲ့ အဆောက်အဦးတွေ တပြိုင်နက်တည်း မြင့်နေတာမျိုး မရှိချေ။ တိမ်မည်းတွေက ဒီမှာရှိနေတာကတင် မြင်ကွင်းကို ကြွယ်ဝသွားစေ၏။ ဒီလိုမြင်ကွင်းမျိုး အောက်မှာ နေခဲဲ့တဲ့ လူတွေက အရမ်းကို သိမ်ငယ်နေလိမ့်မယ် ဆိုပေမယ့် မြို့ထဲမှာ ဖိနှိပ်ချုပ်ချယ် ခံရတဲ့ ခံစားချက်နဲ့ ယှဥ်ရင်တော့ တုနှိုင်းမရတဲ့ မြင်ကွင်းပါပဲါ
ဝူရှဲ ငုံ့ကြည့်လိုက်တော့ မိုးခြိမ်းသံလို ဟောက်နေပြီး တစ်ဖက်မှာ အိပ်ပျော်နေတဲ့ ဖက်တီးကို တွေ့ရသည်။ မျက်နှာသေက ပဲ့ထိန်းကို ကိုင်ထားတာ တွေ့လိုက်ရ၏။ ခုနက နိုးလာတော့ ဒီမြင်ကွင်းက မူမမှန်ဘူးလို့ ခံစားမိပေမယ့် သိပ်ဂရုမစိုက်တော့ဘဲ လှည့်ပြီးပြန်အိပ်နေလိုက်သည်။ အိပ်စက်ဖို့ ပြန်ဝင်ပြီးနောက် မွန်းတည့်ချိန်ရောက်တော့ သူ့ကို ဖက်တီးမှ ရိုက်နှိုးလာသည်။
“ရဲဘော်ငဒူလေး ဝူရှဲရေ.... ထမင်းစားချိန်ရောက်ပြီ မင်းရဲ့ကိုယ်ပိုင် တူတွေ ယူလာခဲ့တော့”
ဝူရှဲ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ငါးခေါင်းဟင်းပူပူလေးကို ဟော့ပေါ့လို ချက်နေတဲ့ ဖက်တီးကို တွေ့လိုက်ရသည်။ ငါးခေါင်းဟော့ပေါ့ကို လှမ်းကြည့်လိုက်တော့ ဟင်းရည်က ဖြူနေပြီ။ အပူကလည်း မှန်သည်။ ငါးရဲ့အနေအထားကို အတော်လေး ရင်းနှီးနေသလို ခံစားလိုက်ရ၏။ ဒါက သင်္ဘောသူဌေး ချက်တုန်းကနဲ မတူနေဘူးလား။ ဝူရှဲ စိတ်ထဲမှာ ပြုံးနေလိုက်သည်။ ဖက်တီးက ဒီငါးကို မက်မောနေတာ ကြာလှပြီလေ။ ဒါပေမဲ့ သင်္ဘောသူဌေးက သူ့ကို စားခွင့်မပေးဘဲ ဟိုတယ်မှာရောင်းမှာလို့ ပြောခဲ့၏။ ဘယ်လိုပဲဖြစ်ဖြစ် ငါးကတော့ ဖက်တီရဲ့ လက်ဆိုးဆိုးထဲက မလွတ်မြောက်နိုင်သေးပေ။
ငရုတ်သီးစိမ်း ထည့်ကာ အငွေ့ တထောင်းထောင်း ထနေသော ငါးပေါ်ကို ကြက်သွန်မြိတ်ကို လှီးဖြတ်ရင်း အလုပ်ရှုပ်နေပါသည်။ သူ့ကို ကြည့်ရတာ ကျွမ်းကျင်ပုံပေါက်ပေါ်၏။ ဝူရှဲလည်း ပြုံးပြီး
"ဖက်တီး.... အဆင်ပြေသားပဲ... နှစ်ခါရှိပြီ ဒီနည်းတွေကို မင်းဘယ်မှာ သွားသင်ခဲ့တာလဲ?"
"ငါ တောင်တန်းတွေ ကျေးလက်တွေကို သွားတုန်းက အမေမရှိ မယား မရှိနဲ့ ဆိုတော့ အားလုံးကို တစ်ယောက်တည်း လုပ်ရတာ.... အဲဒီတုန်းက တောင်တန်းဒေသမှာ မုဆိုးတွေနဲ့ ငါးမျှားပြီး ပျားလပို့ ဖွက်ရတယ်... ဘာမဆို မလုပ်ဖူးခဲ့ပေမယ့် ဒီငါးစွပ်ပြုတ်လောက်က အသေးအဖွဲ့လေးပဲ"
"အစ်ကိုဖန့် ဆရာကြီးဖန့်... ငါက လူတွေကို တကယ် လေးစားခဲတယ်နော် မင်းက အရမ်းမိုက်တာပဲ ငါမင်းဆီက သင်ယူရတော့မယ်"
ဝူရှဲ ဆိုပြီး လက်မထောင်ပြလိုက်သည်။
သူက ဝူရှဲရဲ့ ဒီလှည့်ကွက်ကို လက်ခံဖို့ ငြင်းဆန်ပြီး
"စားချင်ရင် မြန်မြန်စား.... ငါ့ကို မြှောက်ပင့်မနေနဲ့.... မစားချင်ဘူးဆိုရင်လည်း ထွက်သွားတော့ ဒီနားလာပြီး တံတွေးတွေ မထွေးနဲ့!"
ဝူရှဲ သေချာပေါက် အရသာရှိတဲ့ အစားအစာတွေကို လက်လွှတ်မခံတော့ပေ။ သူက အသားကို ချက်ချင်း တူနဲ့ညှပ်ယူရင်း စားသောက်ကြတော့ရာ မိနစ် ၂၀ အတွင်းမှာပဲ ၃ ပေါင်လောက်ရှိတဲ့ ဟင်းရည်အိုးကြီး ပြောင်သွားတော့သည်။
ဖက်တီးက စားပြီးတာနဲ့ မျက်နှာသေနဲ့ နေရာပြောင်းဖို့ ထွက်သွားလိုက်သည်။ ဒီသင်္ဘောမှာ သူ့ကိုယ်ပိုင် လမ်းကြောင်းပြကိရိယာ ရှိသည်။ ဝူရှဲကတော့ အဲဒါကို ဘယ်လိုသုံးရမှန်း မသိချေ။ သူသာလုပ်ရင် သင်္ဘောက သူ့အလိုလို သွားရာသွားဖို့ ရွက်လွှင့်လိမ့်မည်။ ဖက်တီးက အနည်းငယ် သောက်ရင်း စတီယာတိုင်ကို လက်တစ်ဖက်က ကိုင်ပြီး တောက်ပနေတဲ့ ပုလဲလုံးကို နောက်တစ်ဖက်က ထုတ်ကာ ပါးစပ်ထဲမှာလည်း အညစ်အကြေးတွေကို မြည်ကာကြည့်ရင်း
“ဝါးအိမ်က မိန်းကလေးလို တောက်ပနေတဲ့ ညလင်းပုလဲလေးပဲ..."
သူက ကဗျာလေး ညည်းပြီး ဟစ်အော်ရင်း ဝူရှဲတစ်ယောက် လွတ်လွတ်လပ်လပ် ထိုင်နေတာကို မြင်တော့ သူက ပုလဲလုံးကို ပေးရင်း ပြောလာခဲ့သည်။
"မင်း ဘာမှ လုပ်စရာ မရှိရင် ဒီပစ္စည်းရဲ့ ဈေးနှုန်းကို ခန့်မှန်းပြီး ဘယ်လောက်ရနိုင်လဲ ပြောကြည့်စမ်းပါဦး"
ဝူရှဲ ယူ၍ ချိန်ဆ စစ်ဆေးပြီးနောက် တစ်ခါတည်း ပြောလိုက်သည်။
"အတုကြီး... ညလင်းပုလဲ မဟုတ်ဘူး!"
ဖက်တီးက နောက်ဆုံးတော့ အသက်ကို ပြင်းပြင်း ရှူရှိုက်ကာ ဝူရှဲကို စိုက်ကြည့်နေသည်။
"စိတ်မလှုပ်ရှားပါနဲ့ အတုတွေကလည်း ပိုက်ဆံရပါတယ်.... ဒါက ငါးမျက်လုံးကျောက်ပဲ... ငါးမျက်လုံးပုလဲ ဆိုတာ မင်းသိလား? အဲဒါက ဘာအဓိပ္ပာယ်လဲ ဆိုရင် အရမ်း ရှားပါးတော့ ဝယ်သူရှိမရှိ ဆိုတဲ့အပေါ် မူတည်တယ်... ငါအစောတုန်းက တွေ့ကတည်းက သိပြီးသား.. မင်းစဥ်းစားကြည့် မျက်နှာကျက်ထိပ်မှာ ဒီလောက် တောက်ပတဲ့ ပုလဲတွေ အများကြီး ရှိနေတာ ဝမ်ကျန့်ဟိုင်ဆိုတဲ့ လူက တတ်နိုင်မှာလား? တရုတ်တော်ဝင် မိသားစုတစ်ခုလုံးက နှစ်ရာနဲ့ချီပြီး စုဆောင်းထားရင်တောင် ဒီလိုပစ္စည်းမျိုး တစ်ဒါဇင်လောက်ပဲ ရှိနိုင်တာ"
ဒီစကားကြားတော့ ဖက်တီးရဲ့ စိတ်အခြေအနေက ပိုကောင်းလာပြီး
"မင်းရဲ့စကားကို တစ်ဝက်လောက်ပဲ ပြောပြီး ရှေ့ဆက်ပြောနေတာ ရပ်လို့ရမလား? မင်း အသက်ရှုကြပ်သွားရင် ငါ ကြောက်နေရဦးမယ်.... ပြီးတော့ ဒီပမာဏကို ခန့်မှန်းပေးလို့ ရမလား? ဘယ်လောက် ရနိုင်လဲ?"
အရင်က ဒီအရာကို သူတကယ် မကိုင်တွယ်ဖူးဘူးဆိုတော့ ဖောက်သည်ဈေး နည်းနည်းနဲ့ပဲ ပေးချေနိုင်တယ် ဆိုတာတော့ ခန့်မှန်းလို့ရသည်။ ဈေးနှုန်းအနည်းငယ်ကို ကိုးကားခဲ့ပေမယ့် ဖက်တီးက မကျေနပ်ပေ။ ဒါက သေရေးရှင်ရေး ကြားထဲက ရလာတဲ့ ပစ္စည်းဖြစ်လို့ ဈေးကောင်းကောင်းမရရင် အိမ်မှာ စားပွဲတင်မီးအိမ်လေး ထားလိုက်မည်ဟု ဆိုတာကြောင့် ဝူရှဲလည်း သက်ပြင်းချလိုက်ပြီး
"ကောင်းပြီ နောက်ဆုံးတစ်ခေါက် ကျီနန်မှာ ဧည့်သည်ကြီး တစ်ယောက်နဲ့ ငါတွေ့ခဲ့ဖူးတယ်.... နောက်မှ မင်းအတွက် မေးပေးမယ် ဗီလာကို ပြောင်းဖို့က ကြီးကြီးမားမား ပြဿနာမဟုတ်လောက်ဘူး ထင်ပါရဲ့... ဒါကြောင့် တွေးမနေနဲ့တော့"
"ဒါဆို မင်းကိုပဲ စိတ်ပူရတော့မှာပေါ့... ဒီကိစ္စအတွက် မင်းကို ငါ အားကိုးလိုက်ပြီ... ငလူးတဲ့မှ နောက်တစ်လုံး မခေါက်ယူခင် မိနစ်ပိုင်းလောက် စောင့်လိုက်ရမှာ.... အဲ့လိုဆို ဟိုအဝေးကြီးဆို ပျံသန်းဖို့ လေယာဉ်သေးသေးလေး ဝယ်မယ်... ချမ်းသာတဲ့ အမေရိကန်တွေဆီကနေ သွားသင်ယူမယ် အဲ့လိုဖြစ်သင့်တာ ဟုတ်တယ်မလား?"
ဖက်တီးတစ်ယောက် ကောင်းကင်ကို ရောက်ဖို့ အိပ်မက်မက်နေတာ မြင်တော့ သူ့ကို လျစ်လျူရှုလိုက်တော့သည်။ ဖက်တီးက ပုလဲလုံးကို အိတ်ကပ်ထဲထည့်ပြီး
"မင်းရဲ့ ဦးလေးသုံး ဒီတစ်ခေါက် မတွေ့ရသေးဘူး.... မင်းမှာ ဘာအစီအစဉ်ရှိလဲ? ဒီကိစ္စက မပြီးသေးဘူး ထင်တယ်နော် မင်းတော့ ပင်ပန်းဦးမှာပဲ"
ဝူရှဲအစကတော့ ဦးလေးသုံး ဘာတွေလုပ်နေလဲ ကြည့်ဖို့ သူ့အိမ်ကို ဇောက်ထိုး ပြန်လှည့်ဖို့ စိတ်ကူးထားခဲ့သည်။ ဖက်တီး မေးလာတဲ့အခါ အမှန်အတိုင်း မပြောနိုင်တာကြောင့် ပြုံးပြီး ပြောလိုက်သည်။
“နောက်ထပ် ဘာအစီအစဉ်တွေ ရှိနိုင်မလဲ... ငါ့ဆိုင်ကိုပဲ ဆက်ဖွင့်ရမှာပေါ့... ဒီလို ဂူဖောက်တာမျိုးကို ဘယ်တော့မှ ထပ်မလုပ်ရဲတော့ဘူး... ပိုက်ဆံရှာနိုင်ပေမယ့် အသက်ဆုံးရှုံးနိုင်တယ်။ တွက်ချေမကိုက်ဘူး!"
ဖက်တီးက ရယ်ပြီး ဘာမှ မပြောတော့ပေ။
နာရီအနည်းငယ် ကြာပြီးနောက် ရုံရှင့်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။ ကျွန်းပေါ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်။ ကျွန်းပေါ် ခိုလှုံနေသည့် ငါးဖမ်းလှေများစွာလည်း ရှိသည်။ ဝူရှဲတို့လည်း ခရီးဆောင်အိတ်များကို ထုပ်ပိုးပြီး လေမငြိမ်မသက် ဖြစ်နေချိန်တွင် သင်္ဘောပေါ်မှ ထွက်ပြေးလာနိုင်ခဲ့သည်။ ဖက်တီးက အားနင်ကို သူ့နောက်ကျောကို ထမ်းပြီး ကျွန်းပေါ်က တပ်မတော်ဆေးရုံကို အရင်ပို့လိုက်ပြီးတော့ တည်းခိုဖို့ တည်းခိုခန်း တစ်ခုကို ရှာလိုက်သည်။ ခရီးသွားတွေ များများစားစား မရှိတာကြောင့် အခန်းတွေ လွတ်နေ၏။
သူတို့ ခုနစ်ရက်ခန့် ကြာသွားကာ လေယာဉ်ခရီးစဉ်များ ပြန်လည်စတင်သည့် အချိန်အထိ ကျွန်းပေါ်တွင် နေထိုင်ခဲ့သည်။ ထိုကာလအတွင်း ဤရေငုပ်သင်္ဘော သင်္ချိုင်းကို တစ်ကြိမ်ထက်ပို၍ ဆွေးနွေးခဲ့ကြပြီး အချက်အလက် များစွာလည်း ရရှိခဲ့သည်။
ပထမဆုံးအနေနဲ့ ဒီနေရာဟာ ဝမ်ကျန့်ဟိုင်ရဲ့ သင်္ချိုင်းဖြစ်ကြောင်း ဝန်ခံပါ၏။ သို့သော် ကျောက်ပြားပေါ်မှာ ထိုင်နေတဲ့ ရွှေရုပ်အလောင်းက သူဟုတ်မဟုတ်တော့ သေချာမသိရချေ။ ဝမ်ကျန့်ဟိုင်က ထူးဆန်းပေမယ့် သူအရမ်း မရူးခဲ့ပါဘူး။
ဒုတိယအချက်မှာ တိမ်ထိပ်တန်း ကောင်းကင်နန်းတော် (ယွင်တင်ထျန်းကုန်း) သည် ချန်ပိုင်တောင်ပေါ်တွင် တည်ရှိသည်။ အဲဒီအထဲမှာ ဘယ်သူ့ကို မြှုပ်နှံထားတယ် ဆိုတာကို သူတို့မသိရချေ။ ၎င်းသည် မွန်ဂိုလီးယား လူမျိုးဟုသာ မှန်းဆနိုင်ပြီး အလွန်ထူးခြားသောအဆင့်အတန်း ရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်နိုင်ချေရှိသည်။
တတိယအချက်မှာ မြွေမျက်ခုံးမွေး ငါးကြေးရုပ်သည် လုနန်းတော်နှင့် ပင်လယ်အောက် ဂူသင်္ချိုင်းတွင် ပေါ်လာပြီး ထိုနေရာ နှစ်ခုတွင် ဆဋ္ဌဂံကြေးနီ ခေါင်းလောင်းများလည်း ပေါ်လာလေ၏။ ဒါဟာ ဆဋ္ဌဂံခေါင်းလောင်းနှင့် မြွေမျက်ခုံးမွေး ငါးကြေးရုပ်တို့ အကြားမှာ ဆက်စပ်မှု တချို့ရှိနိုင်ကြောင်း ညွှန်ပြနေသည်။ ဘုရင် လုရှန်သည် သင်္ချိုင်းဓားပြဖြစ်ပြီး ဝမ်ကျန့်ဟိုင်က ရှေးခေတ် အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။ သူတို့ကြားက တူညီတဲ့ အချက်က မကြာခဏ ဂူဖောက်တာပါပဲ။ သူတို့က တစ်နေရာတည်းကို ဖောက်ခဲ့တာလားတော့ မသိချေ။
စတုတ္ထတစ်ခုကတော့ မျက်နှာသေက အဆိုပြုခဲ့ခြင်း ဖြစ်သည်။ သူက ဝူရှဲတို့အတွက် ပုံကြမ်းတစ်ခုဆွဲကာ ၎င်းကတော့ ရှေးသင်္ချိုင်းအတွင်းရှိ သူတို့လုပ်ခဲ့တဲ့ လုပ်ဆောင်မှု လမ်းကြောင်းကို ရေးဆွဲထားတာ ဖြစ်လေ၏။ ရှေးဟောင်း ဂူသင်္ချိုင်းတစ်ခု၏ ဖွဲ့စည်းပုံကို အကြမ်းဖျင်းရေးဆွဲကာ နေရာများစွာကို ညွှန်ပြခဲ့သည်။ အပေါ်ဆုံး (သူတို့ဖျက်စီးခဲ့သည့်) အခန်း နှင့် အောက်ရှိ သင်္ချိုင်းအခန်း။
ထိုနေရာတွင် နောက်ထပ် အခန်းများစွာ ရှိနိုင်လောက်သေးသည်။ ဤသင်္ချိုင်း၏ ဖွဲ့စည်းပုံသည် စစ်မက်ကာလရဲ့ ဧကရာဇ်ဂူသင်္ချိုင်းနှင့် အနည်းငယ် ဆင်တူကြောင်း မျက်နှာသေမှ ခန့်မှန်းခဲ့သည်။ မိုးပျံအခန်းများထဲမှ တစ်ခုသည် ရှားပါးငှက်များနှင့် တိရိစ္ဆာန်များ၏ တွင်းဖြစ်နိုင်သည်။ ထိုထူးဆန်းသော အရာများသည် ဤနေရာမှ ထွက်လာခြင်း ဖြစ်နိုင်သည်။
ဒါကိုကြားတော့ ဝူရှဲ ချွေးတွေ အများကြီး ထွက်လာပြီး
"ခင်ဗျား ဆိုလိုတာက ဝမ်ကျန့်ဟိုင်က မိုးခေါင်ရေရှားနတ်ဆိုး နဲ့ တားမြစ်မိန်းမပျိုကို အိမ်မွေးတိရိစ္ဆာန်အဖြစ် ဖမ်းထားတာပေါ့ ဒါကြီးက အရမ်းမိုက်နေပြီ မဟုတ်ဘူးလား?"
မျက်နှာသေက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"သူက ပထမဆုံး မဟုတ်ဘူး... ပထမဧကရာဇ်ရဲ့ ဂူဗိမာန် အပါအဝင် ရှန်းနဲ့ ကျိုးမင်းဆက်တွေမှာ ဧကရာဇ် သင်္ချိုင်းတွေမှာလည်း အများကြီး ရှိတယ်... အထူးသဖြင့် ဝမ်ကျန့်ဟိုင် ဒါကိုလုပ်သွားတာ တော်တယ်လို့ ပြောရမယ် သူလုပ်သွားခဲ့တာ ဘာအမှားမှ မရှိခဲ့ဘူး"
အားလပ်ချိန်မှာတော့ ဝမ်ကျန့်ဟိုင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေဖို့ လပ်တော့တစ်လုံးနဲ့ အင်တာနက်မှာ ခေါက်ချလိုက်ပေမယ့် အင်တာနက်မှာ အချက်အလက် အနည်းငယ်သာ ရှိခဲ့ပါသည်။ မကာအိုမှာ ဒီဇိုင်းဆွဲထားတဲ့ ပုံစံတချို့ ရှိသော်လည်း ကော်ပီကူးထားတဲ့ အရာတစ်ခုသာ ဖြစ်လေ၏။ နောက်ရက်အနည်းငယ် ကြာတော့ ငြီးငွေ့ဖွယ် ကောင်းလာပြီး လေပြင်းပြင်းကြောင့် အပြင်မထွက်နိုင်တော့ပေ။ လေးရက်မြောက်နေ့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်ပြီး ဖက်တီးနဲ့သာ အလုပ်တွဲလုပ်ခဲ့ရသည်။ ဒါကို မျက်နှာသေက စိတ်မဝင်စားဘဲ ကုတင်ပေါ် မှီပြီး မျက်နှာကျက်ကိုသာ ငေးကြည့်လျက် တစ်ခါကြည့်လျှင် တစ်နေကုန် ကြာနေလို့ ဝူရှဲလည်းသူ့ကို ဆွဲခေါ်ဖို့ မတတ်နိုင်တော့ချေ။
ဖက်တီး ကျောပေါ်ရှိ ဆံပင်ဖြူများကတော့ သူ့ လျစ်လျူရှုပြီးနောက် သိသိသာသာ ပျောက်ကင်းသွားသည်။ ဝူရှဲပင် သူ့တံတွေးက တကယ်ကြီး အစွမ်းထက်နေတာလားဟု သံသယ ဝင်မိ၏။ တစ်ခုခုမှားနေပြီလို့ ခံစားမိပေမယ့် အဲဒီကိစ္စကို သူမစဥ်းစားချင်တော့တာကြောင့် နောက်ပိုင်းမှာ မေ့သွားခဲ့သည်။ အဲဒီမှာက အသက်ရှင်ပြီး သေဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူးလေ။ အခုတော့ ဒီကံကြမ္မာကို ဖြတ်သန်းဖို့ ထိုက်တန်သွားပါပြီ။
[ဘာသာပြန် - တကယ်ကြီး 口水 တံတွေးလို့ ရေးထားတာနော်။ တကယ် တံတွေးနဲ့ ကုပေးလိုက်တာ ဖြစ်မယ်😂]
လွန်ခဲ့သည့် ရက်အနည်းငယ်တွင် မျက်နှာသေအား သူ့ဘဝ အတွေ့အကြုံများ အကြောင်း အစမ်းမေးကြည့် ဖူးသော်လည်း မကြားချင်ယောင်သာ ဆောင်နေ၏။ ဤလူမိုက်၏ ဟန်ဆောင်နိုင်စွမ်းသည် အားနင်ထက် အနည်းငယ် သာလွန်နေတာ ဖြစ်နိုင်သည်။
ပဉ္စမမြောက်နေ့မှာ ဖုန်းလိုင်း ပြန်ချိတ်နိုင်ပြီမို့ အင်တာနက်ကို ဆက်သုံးနေခဲ့သည်။ ဒီအချိန်မှာတော့ ကျန်းချီလင်ရဲ့ ဘဝအတွေ့အကြုံကို တွေးနေရင်းနဲ့ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ အဲဒီလူတွေကလည်း သူနဲ့တူတဲ့ အတွေ့အကြုံတွေ ရှိခဲ့သည်။ ကျန်းချီလင်တောင် သူ့မှတ်ဉာဏ်ကို ပြန်ရလာနိုင်တယ် ဆိုတော့ တခြားလူတွေလည်း ပြန်ကောင်းလာနိုင်မှာပဲ။ ဝူရှဲ ရှာဖို့ သူ့နာမည်ကို အမှတ်တမဲ့ ရိုက်ထည့်လိုက်သည်။ ရှာကြည့်တော့ နာမည်တူတဲ့ မှတ်တမ်းတွေကိုသာ တွေ့ရ၏။ နည်းနည်းပါးပါး ကြုံရာကျပန်း နှိပ်ကြည့်တော့ အသုံးဝင်တာ တစ်ခုမှ ရှာမတွေ့ပေ။
ဒီအတိုင်း ရှာနေတာက နည်းလမ်းကောင်း မဟုတ်တာကြောင့် ဦးလေးသုံးရဲ့ နာမည်ကို ထပ်ထည့်လိုက်သည်။ ထိုအခါ အချက်အလက် တစ်ခု ကျလာ၏။ ခေါင်းစဉ်ကို ဖတ်ကြည့်လိုက်တော့ လူပျောက်စာရင်း ဖော်ပြချက်တစ်ခု ဖြစ်နေလေသည်။
ဒီရှာဖွေတွေ့ရှိမှုဟာ သူမျှော်လင့် ထားတာထက် ကျော်လွန်သွားခဲ့ပါပြီ။ ရုတ်တရက် အနည်းငယ် အသက်ရှူ ကျပ်သွားသလိုတောင် ခံစားလိုက်ရသည်။ အဲဒါကို နှိပ်လိုက်တော့ သူတို့ရှီးရှားကျွန်းကို ထွက်ခွာမသွားခင်က ဆိပ်ကမ်းတံတားမှာ ရိုက်ထားတဲ့ အဖွဲ့လိုက် ဓာတ်ပုံဖြစ်နေ၏။ စကင်န်ဖတ်ပြီး အားလုံးရဲ့ နာမည်တွေကို အောက်မှာ ဖော်ပြပေးထားကာ အဆုံးမှာ ရေးထားတဲ့ စာကြောင်း တစ်ကြောင်းကိုပါ ဝူရှဲ တစ်ပါတည်း ဖတ်ကြည့်လိုက်သည်။
ထိုစာကြောင်းသည် စကားလုံး အနည်းငယ်မျှသာ ဖြစ်သော်လည်း ဝူရှဲအတွေး အားလုံးကို စွဲဆောင်သွားခဲ့သည်။
"ငါးက ငါ့ဆီမှာ"
{"盗墓笔记 daomubiji 1"} ပြီးသွားပါပြီ။ {"盗墓笔记 daomubiji 2"}ကို ဆက်သွားကြရအောင်။
《盗墓笔记1》完,请继续阅读《盗墓笔记2》