ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (3)
ခြေရာခံလိုက်ခြင်း
သူတို့စိတ်ပါလက်ပါ စကားစမြည် ပြောနေပေမယ့် တစ်ဖက်လူရဲ့ စကားက အစအဆုံး မရှိသလို သူ့လေယူလေသိမ်းက လေးလံလွန်းလှသည်။ ဝူရှဲမှာ သူ့စကားကို နားမလည်နိုင် ဖြစ်နေသလို လောင်းယန်ကလည်း "အာ" ကနဲ ဖြစ်သွားတော့သည်။ ပြီးမှ လောင်းယန်က
"အဲဒါက ဘာပြောတာလဲ?"
သူတို့ နားမလည်တာကို မြင်တော့ အဘိုးကြီးက ပြည်မကြီး လေယူလေသိမ်းနဲ့ ထပ်မေးလာခဲ့သည်။
"ငါဆိုလိုတာက မင်းတို့နှစ်ယောက် ဘယ်မှာ စီးပွားရေး လုပ်ချင်တာလဲ? မင်းတို့ ဒီမှာ မြေတူးဖို့ ရောက်နေကြတာလား?"
ဝူရှဲကတော့ ဒေသထွက်ကုန်တွေ ဘာတွေ မသိပေ။ တောင်ပိုင်းက လူတွေက ဘာမှမထူးခြားဘူး။ အရောင်းသမားတွေကလွဲလို့ လမ်းဘေးဈေးဆိုင်တွေမှာ တွေ့ကရလူနဲ့ ပေါ့ပေါ့ပါးပါး စကားပြောမယ့် လူက အနည်းငယ်သာ ရှိသည်။ ဒါကြောင့် ဝူရှဲလည်း ခဏတာ ဘယ်လိုတုံ့ပြန်ရမှန်း မသိဖြစ်သွားသည်။ ကံကောင်းစွာနဲ့ လောင်းယန်က အဘိုးအိုရဲ့ လေသံကို မြန်မြန်ဆန်ဆန် အတုယူ တုံ့ပြန်လိုက်သည်။
"ကျွန်တော်တို့က ခရီးသွားရင်း ဒီမှာခဏ ဝင်တည်းတာပါ... ဒေသထွက်ကုန်တွေကို စိတ်မဝင်စားပါဘူး... ခင်ဗျား အမ် အ အဘိုးက ဒေသထွက်ကုန်တွေ ရောင်းတာလား?"
အဘိုးအိုက ရယ်မောကာ လက်ပြနှုတ်ဆက်ပြီး သူ့ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။ သူတို့နှစ်ယောက်လည်း ပဟေဠိ ဖြစ်သွားကြပြီးနောက် အဘိုးအိုက သူ့စားပွဲဖော်များကို တီးတိုးပြောသံကို ကြားလိုက်ရသည်။
“ရပါတယ် ရပါတယ် မကြာသေးခင်ကမှ ရှန့်ကန်းကန်း ဂိုဏ်းထဲဝင်တဲ့ လူငယ်နှစ်ယောက်ပဲ.... ဟားဟား သိပ်နားမလည်ပါဘူး ဒါကြောင့် သွားမနှောင့်ယှက်နဲ့တော့"
လောင်းယန် ဒီစကားကို ကြားတော့ သူ့အမူအရာက နည်းနည်းပြောင်းသွားပြီး တိုးတိုးလေးနဲ့ ထွက်သွားကြဖို့ အချက်ပြလိုက်သည်။ ထူးဆန်းသလို ခံစားလိုက်ရပေမယ့် သူစိတ်မပူဘဲ ယွမ်၁၀ကို စားပွဲပေါ် ချလိုက်ပြီး လမ်းဘေးဆိုင်က ထွက်လာခဲ့လိုက်သည်။ ထောင့်တစ်နေရာကို ရောက်တဲ့အခါ ဝူရှဲ မေးကြည့်လိုက်သည်။
"ဘာလို့ ထွက်လာတာလဲ? သောက်နေတာ တစ်ဝက်ပဲ ရှိသေးတာကို"
လောင်းယန်က အနောက်ကို တိတ်တဆိတ် လှည့်ကြည့်ကာ
"အဲ အဲဒီ အဘိုးကြီး ငါတို့က ရှန့်ကန်းကန်း ခေါင်း ... ခေါင်းစိမ်းလူငယ်ပါလို့ သူ့အလုပ်ဖော်ကို ပြောနေတာ... ငါ ထောင်ထဲမှာ လှည့်ပတ်သွားလာနေတုန်း လူဆိုးဂိုဏ်းတွေဆီက စကားတချို့ကို နားထောင်ခဲ့ဖူးတယ်... ရှန့်ကန်းကန်း ဆိုတာ ဒီလောကထဲက သင်္ချိုင်းဓားပြတွေ အတွက် ဗန်းစကား အသုံးအနှုန်းပဲ... "ခေါင်းစိမ်း" ဆိုတာက ငါတို့က တာအိုလူမျိုး မဟုတ်ဘူးလို့ ဆိုလိုတာပဲ.... အဲဒီလူအုပ်စုမှာ မြေကြီးအနံ့တွေ ရှိတယ်... သူတို့က မသေနိုင်တဲ့ သတ္တဝါတွေလက်ကနေ အကြိမ်ကြိမ် လွတ်မြောက်ခဲ့သူတွေ ဖြစ်နေမှာ ကြောက်ရတယ် အစောတုန်းက ငါတို့ဂူဖောက်မယ့် အကြောင်း ပြောနေသံကြားလို့ စုံစမ်းဖို့ ငါတို့ဆီကိုလာခဲ့တာ"
ဝူရှဲက ရယ်ပြီး ပြောလိုက်သည်။
"ဒါဆိုလည်း ငါတို့ ထွက်သွားစရာ မလိုပါဘူး... စစ်လာရင်တား ရေလာရင် မြောင်းဖောက်ပေးလိုက်ရုံပဲလေ ပြီးတော့ လူမြင်ကွင်းမှာ ငါတို့ကို ဘာလုပ်နိုင်မှာလဲ?"
လောင်းယန်က ဝူရှဲကို ရိုက်လိုက်ပြီး သူနားမလည်ပါဘူးလို့ ပြောလာခဲ့သည်။ သူက အဲဒီရှန့်ကန်းကန်း မရဏလမ်းမပေါ်က အရာတွေကို ရှင်းပြလို့ မရဘူး၊ အစောက မိမိတို့ပြောခဲ့တဲ့ စကားတွေ အားလုံးကို သူတို့ကြားပြီးပြီလို့ လောင်းယန်က ထင်၏။ ကောင်းတဲ့ ဂူသင်္ချိုင်းကို ယခုအချိန်မှာ ရှာရခက်သွားပြီ။ သူတို့သာ လက်ဦးမှုရယူသွားရင် မိမိတို့အတွက်က ညတာရှည်ပြီး အိပ်မက်များသလို ဖြစ်နေလိမ့်မည်။
ထောင်ထဲမှာ အကျဉ်းသားအချို့က သူ့ကို မနာလိုဖြစ်စေတဲ့ စကားတွေ အများကြီး ပြောနေခဲ့တာကို လောင်းယန် နားထောင်ကောင်း နားထောင်ခဲ့နိုင်ပေမယ့် ဝူရှဲ သူနဲ့ ငြင်းခုံဖို့ စိတ်မ၀င်စားချေ။ ထို့ကြောင့် ခေါင်းညိတ်ပြပြီး တည်းခိုခန်းသို့သာ ပြန်သွားခဲ့သည်။
နောက်တစ်နေ့ ရောက်တော့ သူတို့ ၇ နာရီမထိုးခင် အိပ်ရာက ထပြီး စက်ပစ္စည်း ၁၅ ကီလိုဂရမ်နဲ့ အစားအစာခြောက်တွေ ထမ်းကာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး နဂါးသွေးပြန်ကြောဆီကို ခရီးဆက်ခဲ့ကြသည်။
ဝူရှဲ ချင်လင်တောင်ကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပေမယ့် သွားတိုင်း ဧည့်လမ်းညွှန်က လမ်းညွှန်ပေးခဲ့ဆယတာ ဖြစ်သည်။ ထို့ကြောင့် ဘယ်လမ်းက သွားရမယ် ဆိုတာတောင် မသိပေ။ ဒီတစ်ခါတော့ လောင်းယန်နောက်က လိုက်သွားရမည်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူဒီကိုရောက်တုန်းကလည်း ခရီးသွားအဖွဲ့နဲ့ လိုက်သွားရတာ ဖြစ်နိုင်ကာ အခုလည်း အဲဒီလမ်းအတိုင်း သွားနိုင်သည်။ ဒါမှမဟုတ်ရင် လမ်းကိုမှတ်မိမှာ မဟုတ်ဘူး။
သူတို့နှစ်ယောက် ရှီးပေါင် အမြန်လမ်းမှတစ်ဆင့် ရှီးပေါင်ရှိ ချောင်ယန်တောင်သို့ ၃ နာရီခန့် ကားမောင်းခဲ့သည်။ ထို့နောက် ကျားလင်မြစ်၏ အရင်းအမြစ်ဘက်သို့ လှည့်ထွက်ခဲ့သည်။
ဖြောင့်တန်းသော လမ်းပေါ်တွင် ကားစီးလေ့ရှိသော်လည်း ဤကွေ့ကောက်သော တောင်တက်လမ်းသည် ငါးစက္ကန့်တိုင်း သေးငယ်သော အကွေ့တစ်ခု ရှိပြီး ဆယ်စက္ကန့်တိုင်းလိုလို ကြီးမားတဲ့ အလှည့်အပြောင်းကို ပြုလုပ်ခိုင်းနေသည်။ ဝူရှဲ သူ့ခေါင်းကို ရှေ့ထိုင်ခုံနဲ့ ကပ်ထားရပြီး ကိုယ်တွင်းအင်္ဂါများ တုန်လှုပ်နေကဲ့သို့ ခံစားနေရ၏။ လောင်းယန်က ပိုဆိုးပေသည်။ သူက သုံးနှစ်တောင် ယာဥ်မစီးခဲ့ရရာ ရထားပေါ်မှာလည်း လမ်းတလျှောက်လုံး မူးနေတော့သည်။
“အသက်ကြီးပြီ အသက်ကြီးပြီ... အသက်ကြီးလာရင် အသုံးမဝင်တော့ဘူး ...လွန်ခဲ့တဲ့ ၃... ၃ နှစ်လောက်က ဒီလမ်းကို လျှောက်လာတုန်းက ငါ့ဘေးနားက မိန်းကလေးတွေနဲ့ ငြင်းခုန်နိုင်နေတုန်းပဲ.... ဒါပေမဲ့ ဒီတစ်ခါတော့ မျက်လုံးတောင် မဖွင့်နိုင်အောင် ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး”
"အရမ်းမိုက်မဲတဲ့ စကားတွေကို ရပ်လိုက်စမ်းပါ.... အဝေးပြေးလမ်းက သွားမယ့်အစား ကွေ့ကောက်တဲ့ တောင်တက်လမ်းက သွားဖို့ မင်းပဲ တောင်းဆိုခဲ့တာလေ အခုတော့ ဘာမှ နောင်တရမနေနဲ့"
လောင်းယန်က ဝူရှဲဘက်သို့ သူ့လက်ကို ဝှေ့ယမ်းရင်း သူ့ကို စကားလာမပြောရန်သာ အမူအရာပြ၍ ပြောလိုက်သည်။ သူ စိတ်မသက်မသာ ဖြစ်နေသည်လေ။
အဲဒီအချိန်မှာ အဝေးကလာတဲ့ ပေါက်ကွဲသံကို ရုတ်တရက် ကြားလိုက်ရသည်။ ကားပြတင်းပေါက်မှန် လှုပ်ခါသွားပြီး ကားတစ်ခုလုံး တုန်လှုပ်သွားတာကြောင့် ဝူရှဲ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ကောင်းကင်မှာ ဖုန်မှုန့်တွေနဲ့ မီးခိုးတွေ ပြည့်နေတဲ့ အရိပ်တွေက တောင်ပေါ်ကနေ တက်လာတာကို တွေ့လိုက်ရသည်။ လောင်းယန် ကြောက်လွန်းလို့ ထခုန်ပြီး ထစ်ထစ်ငေါ့ငေါ့နဲ့
"ဘာ ဘာဖြစ်နေတာလဲ? င ငလျင်လှုပ်တာလားဟ!"
ထိုစဥ် ရှေ့က ဒေသခံတစ်ယောက်လို အသွင်တူရှိတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က လှည့်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြလာခဲ့သည်။
"မင်းတို့နှစ်ယောက်က အပြင်က လာတာဆိုတော့ မသိကြတာဖြစ်မယ်... ဒါ တစ်ယောက်ယောက်က ဂူသင်္ချိုင်းတွေကို ဖောက်နေတာလေ... ဒီရာသီမှာ အမြဲတမ်း တစ်ရက်ကို ၂ ကြိမ် ၃ကြိမ်လောက်က ပေါက်နေတာပဲ"
ဝူရှဲလည်း အံ့အားသင့်သွားကာ။
"နေ့ခင်းကြောင်တောင်ကြီးကို ဒီသင်္ချိုင်းဓားပြက လုပ်ရဲတယ်ပေါ့ တော်တော် သတ္တိကောင်းတာပဲ"
ထိုလူက သူ့ရဲ့အဝါရောင် သွားများကို ပြကာ ပြုံးလိုက်သည်။
"ဒီတောင်နဲ့ ဆန့်ကျင်ဘက်တောင်က မတူဘူး... ကြားမှာ ကျားလင်မြစ်ပဲ ရှိတယ်ဆိုတာကို မကြည့်နဲ့ ငါတို့ဒီဘက်မှာ အကွေ့အကောက်များတဲ့ တောင်ကုန်းလမ်း ရှိပေမယ့် အဲဒီနေရာမှာက လူသွားစရာ လမ်းတောင်မရှိဘူး အခုရဲခေါ်လိုက်ရင် အဲဒီတောင်ကိုရောက်ဖို့ အနည်းဆုံး တစ်ရက်နဲ့ တစ်ည အချိန်ယူရလိမ့်မယ်... အတောင်ပေါက်ပြီး ပျံသန်းသွားမှပဲ တတ်နိုင်မှာ မဟုတ်ရင်တော့ ငေးကြည့်နေရုံပဲ ရလိမ့်မယ်"
ဝူရှဲ ခေါင်းညိတ်ပြီး "ဒီလိုကိစ္စလည်း ရှိတယ်လား?"
အဲဒီလူက ပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာကို လှမ်းကြည့်ရင်း ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ပြောလေ၏။
"ဒါက ငါတို့နေရာရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပဲ အထူးသဖြင့် ဒီလိုရာသီမှာပေါ့... လွန်ခဲ့တဲ့ ၂ ရက်လောက်က သင်္ချိုင်းဖောက်သူတွေ အစုလိုက်အပြုံလိုက် ဖမ်းမိခဲ့သေးတယ်... အခုဆို ရှေးဟောင်း ဂူသင်္ချိုင်းတွေ နည်းနည်းပဲ ရှိတော့တယ်လေ အများကြီးတော့ မရှိတော့ဘူး... ခက်ခဲတဲ့ နှစ်တစ်နှစ်ပဲ...တောင်ရဲ့ အနက်ပိုင်းမှာတော့ နည်းနည်း ရှိနိုင်ပေမယ့် လမ်းက အရမ်းကြမ်းတော့ အစိုးရကလည်း လွှတ်ထားလိုက်ရတယ်.... ဒါပေမယ့် အခုနက ပေါက်ကွဲမှုကို ကြည့်ရသလောက်တော့ ဖောက်ခွဲရေးပစ္စည်းတွေ အလွန်အကျွံ သုံးထားမှာကို ကြောက်ရတယ်”
ဝူရှဲလည်း "အိုး" လို့ ပြောပြီး ပြတင်းပေါက်ကနေ လှည့်ကြည့်လိုက်သည်။ ဒါက ချင်လင်တောင်ရဲ့ မရေမတွက်နိုင်တဲ့ အကိုင်းအခက်တွေထဲက တစ်ခု ဖြစ်နိုင်သည်။ သူ့နေရာက လှမ်းကြည့်ရင် ကျယ်ပြောလှတဲ့ တောအုပ်ကြီးကိုသာ မြင်ရကာ ထိုထူထပ်တဲ့ သစ်ပင်တွေအောက်မှာ ဘာတွေဖြစ်နေလဲ ဆိုတာတော့ မမြင်နိုင်ချေ။
ဝူရှဲ အပြင်မထွက်လာခင်မှာ အချက်အလက်တွေကို စစ်ဆေးကြည့်တော့ ရှန်းရှီးရှိ ချင်လင်တောင်တွေဟာ အရှေ့ဘက်နဲ့ အနောက်ဘက်ကို တောင်ပံပုံစံ ဖြန့်ကျက်ထားတဲ့ တောင်တန်းများစွာ ရှိလေသည်။ တောင်တန်းများနှင့် မြစ်ဝှမ်းများကို အလှည့်ကျစီခြယ်ထားပြီး တောင်များအတွင်းသို့ နက်ရှိုင်းစွာ ဖြတ်သန်းသွားသော မြစ်များစွာလည်း ရှိသည်။ ချင်းချွမ်းမြို့၏ မိုင်ရှစ်ရာအကွာကတော့ ရှေးခေတ်ကတည်းက ယဉ်ကျေးမှု အမွေအနှစ်များနှင့် သမိုင်းဝင်နေရာများ စုစည်းရာ နေရာတစ်ခု ဖြစ်သည်။
အထူးသဖြင့် မြောက်ဘက်စောင်းတန်းတွင် ဧကရာဇ် ဂူသင်္ချိုင်းများစွာရှိပြီး အခြားဂုဏ်သရေရှိသူများ၊ ချမ်းသာကြွယ်ဝသူများ၏ မရေမတွက်နိုင်သော သင်္ချိုင်းဂူများ ရှိသောကြောင့် သင်္ချိုင်းဓားပြများသည် ထိုနေရာကို အမြဲစုရုံးနေပေမယ့် ချင်လင်တောင်ရဲ့ အနက်ပိုင်းထဲကို မ၀င်ဘဲ ဒီသင်္ချိုင်း ဓားပြတွေက ပြောင်ပြောင်တင်းတင်း ဖောက်ခွဲနေတယ် ဆိုတော့ သင်္ချိုင်းတစ်ခု ဒါမှမဟုတ် နှစ်ခုကို ရှာတွေ့ဖို့ဆိုတာ မလွယ်ဘူး ထင်ပါရဲ့။
တစ်ဖက်လူမှာ ရပ်ကွက်ထဲက မိန်းမကြီးတွေအတိုင်း အရမ်းစိတ်အား ထက်သန်နေကာ အကြောင်းအရာ စပြီးတာနဲ့ သူက စကားပြန်မသိမ်းချင်တော့ပေ။ ဝူရှဲကို စီးကရက်တစ်လိပ် ပေးပြီးတော့ မေးလာ၏။
"မင်းတို့နှစ်ယောက် ခရီးထွက်လာတာ မဟုတ်လား? ဘယ်သွားချင်လဲ?"
“ကျွန်တော်က ထိုက်ပိုင်တောင်ကို သွားကြည့်ချင်တာ”
ထိုလူက ခေါင်းညိတ်ပြီး ပြောသည်။
“မင်းတို့ အဖွဲ့လိုက်မလုပ်ရင် ဝေးဝေးသွားလို့ မရဘူး... ဒီတောင်ပေါ်မှာ ရှုပ်ယှက်ခတ်နေတဲ့ လမ်းတွေ အများကြီး ရှိတယ်... မင်းမလုပ်နိုင်ရင် လမ်းပျောက်သွားလိမ့်မယ်... မင်း ငါတို့ကို လမ်းပြအဖြစ် ခေါ်သွားစေချင်လား? ဒီကနေ တောင်နှစ်တောင်ကျော်လောက်ရှိတဲ့ ရွာတစ်ရွာမှာ ငါနေတယ်....လည်ပတ်ဖို့ အပြင်ထွက်တဲ့အခါ ဧည့်လမ်းညွှန်တော့ ရှာဖို့ လိုတယ်မလား"
ဝူရှဲ ဒါကိုကြားတော့ ဒီကောင်က အရိပ်ရ ဧည့်လမ်းညွှန်တစ်ယောက် ဖြစ်နေတာပဲဆိုတာ သိလိုက်ရသည်။ ဒီတောင်ပေါ်ရဲ့ ရိုးရာဓလေ့တွေက ရက်စက်ကြမ်းကြုတ်ပြီး ဓားထိုးဖို့ ချောက်ထဲကို မခေါ်သွားရင်တောင် ကံကောင်း ဖြစ်သည်။
"မလိုပါဘူး မလိုပါဘူး.. ကျွန်တော်တို့မှာ ကိုယ်ပိုင်အစီအစဉ် ရှိပါတယ်"
အဲဒီလူက။
“မင်းအရင် ခေါင်းမခါပါနဲ့ဦး.... ဒီနေရာက တခြားနေရာတွေထက် ပိုကောင်းတယ် တောတောင်ထူထပ်တဲ့ နေရာတွေ အများကြီး ရှိတယ်... မင်းတို့ ကမူးရှူးထိုးနဲ့ တောင်ပေါ်ကို ရောက်သွားရင် လွယ်လွယ်နဲ့ အန္တရာယ်ထဲ ကျသွားလိမ့်မယ်... အဲဒါကို သေသေချာချာ စဥ်းစာစနော် ငါက ဒီဒေသမှာ လမ်းပြတစ်ယောက်လည်း ဟုတ်တယ်...အတော်လေး နာမည်မကြီးပေမဲ့ မင်းတို့ကို ငါ ဘယ်တော့မှ မခြောက်ပါဘူးကွာ ”
သူ ရိုးရိုးသားသား ပြောနေတာကို မြင်လိုက်တာနဲ့ ချက်ချင်း မငြင်းချင်တာနဲ့ ဒီတစ်ခါတော့ သူက တောင်ပေါ်မှာရှိတဲ့ တိုင်းရင်းသား ရွာတွေကို လည်ပတ်ဖို့ အဓိက လာခဲ့တာလို့ ပြောလိုက်ပါတော့သည်။ ရက်အနည်းငယ် ကြာထိ တောင်ခြေမှာ နေဦးမှာ လမ်းပြရှာဖို့က အလျင်စလို မလုပ်ချင်ပေ။ ရက်အနည်းငယ်ကြာလို့ တောင်ပေါ်ကို ထွက်ရမယ် ဆိုကာမှ သူ့ကိုပြန်လာရှာမယ်လို့ ပြောလိုက်သည်။
ထိုလူက ချက်ချင်း ပြန်ပြောသည်။
"အလျင်လိုတာက ပိုကောင်းပါတယ်.... ဒီလမ်းက ငါလမ်းအများဆုံး သွားနေကျလမ်းပဲ... အနီးဆုံး ယောင်လူမျိုးတွေ နေတဲ့ရွာကို ရောက်ချင်ရင် ဒီတောင်ကိုတက်ရမယ်"
ပြောပြီး သူက ခပ်လှမ်းလှမ်း အကွာအဝေးက စဉ်ဆက်မပြတ် သွယ်တန်းသွားသော တောင်တန်းဘက်သို့ လက်ညှိုး ထိုးပြလိုက်ကာ။
"အဲဒီတောင်တန်းကို မြွေခေါင်းတောင်လို့ ခေါ်တယ်... အမြင့်ဆုံးနေရာက ပင်လယ်ရေ မျက်နှာပြင် အထက် မီတာတစ်ထောင်ကျော် ရှိတယ်... တောင်တစ်ခုလုံးက စပါးအုံးခေါင်းနဲ့ တူနေလို့ မြွေခေါင်းတောင်လို့ ခေါ်ကြတာ... နိုင်ငံတဝှမ်းက ခရီးသွားတွေ အားလုံးက တိုင်းရင်းသားရွာ စစ်စစ်တွေကို သွားကြည့်ချင်ကြတယ်လေ... ဒါပေမဲ့ တောင်တွေကို အဆင့်ဆင့် ကျော်တက်ရမယ် အဲဒီတောင်ပေါ်မှာ သေဆုံးသွားတဲ့ လူတွေလည်း မနည်းဘူး... မနှစ်တုန်းကဆို ပန်းချီကောလိပ်က ကျောင်းသား နည်းနည်းတောင် ပါသေးတယ်... ပုံကြမ်းဆွဲဖို့ ဝင်သွားပေမယ့် သူတို့အခုထိ မထွက်လာနိုင်သေးဘူး... မင်းပြောကြည့် မင်းတို့ကို လမ်းပြဖို့ တစ်ယောက်ယောက် မရှိရင် အဆင်ပြေမယ် ထင်လား?"
သူညွှန်ပြတဲ့ နေရာကို လှမ်းကြည့်လိုက်သည်။ ဝူရှဲ အမြင်အာရုံရဲ့ အဆုံးမှာ မြွေခေါင်းတောင်ဟာ စိမ်းလန်းနေပြီး တောင်ထိပ်မှာ တိမ်တွေ ဖုံးလွှမ်းနေတာကို တွေ့ရသည်။ ရာသီဥတုကြောင့် တောင်တန်းတွေဟာ တိမ်တွေ ဖုံးလွှမ်းနေပြီး မြူခိုးတွေကြောင့် မမြင်ရဘဲ သူတို့ရဲ့ အသွင်အပြင်က ကျန်းလင်မြစ်ဘက်ကို မျက်နှာမူနေတယ် ဆိုရုံလောက်သာ လှမ်းမြင်နေရသည်။ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ မြစ်နားက ချောက်ကမ်းပါးတွေ ရှိနေကာ တောင်တွေက မတ်စောက်လွန်းလို့ မျောက်တွေတောင် တောင်တက်နိုင်မယ်လို့ မထင်ရပေ။
"တိမ်ယံခြားတဲ့ ချင်လင်အိမ်က အဘယ်မှာ? နှင်းတွေက အပြာရောင်တံခါးကို ဝန်းရံထားပြီး... မြင်းက ရှေ့ကို မရွေ့နိုင်ပါပြီ" ဆိုတဲ့ စကားအတိုင်း ဒီတောင်ကို တက်ပြီးရင် အသက်ရှင်နေ ဦးမလားဆိုတာကို တွေးကြည့်ရင်းနဲ့ လျှာကိုသာ တိတ်တဆိတ် ကိုက်ထားလိုက်မိသည်။
ကားက နောက်ထပ် တစ်နာရီလောက် မောင်းလာရင်း နောက်ဆုံးတော့ ထိုက်ပိုင်တောင်ခြေကို ရောက်လာခဲ့သည်။ ဝူရှဲနဲ့ လောင်းယန် ကားပေါ်ကနေ ဆင်းလိုက်တော့ လူမည်း ဧည့်လမ်းညွှန်က သူတို့ကို ဟိုတယ်တစ်ခုနဲ့ မိတ်ဆက်ပေးလာသည်။ သူ့နယ်မြေကို ရောက်လာပြီဆိုတော့ အမြဲတမ်း ကြွားလုံးထုတ်ပြီး နေလို့မဖြစ်သလို အရက်မသောက်နိုင်လို့ အပြစ်ပေးပါလို့လည်း ဆိုမရတော့တာကြောင့် သူ့နောက်ကို လိုက်သွားခဲ့သည်။ သူက ဝူရှဲတို့ကို လယ်အိမ်ငယ်လေးတစ်ခုဆီ ခေါ်သွားခဲ့သည်။ ဈေးက သိပ်မကြီးဘူး ဆိုတာ မြင်လိုက်ရတော့ ဒီလူက တကယ်ကို စိတ်အားထက်သန်နေပုံရတယ်လို့ တွေးမိလေ၏။
အခြေချပြီးတဲ့အခါ သူက နှုတ်ဆက်ပြီး မထွက်ခွာခင် ဖုန်းနံပါတ် ထားခဲ့ကာ တောင်ပေါ်တက်တဲ့အခါ လှမ်းခေါ်လိုက်ပါဟု ဆိုသည်။
ကောင်းပြီ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်တော့ အထိတ်တလန့် မဖြစ်ရသေးလောက်ချေ။ နောက်ရက် အနည်းငယ်မှာ လွယ်တော့မှာ မဟုတ်ဘူးလို့ စိတ်ထဲမှာ တွေးမိသည်။ လောင်းယန်ကတော့ အစောကတည်းက အိပ်ယာဝင်သွားပြီ။ ဒါကြောင့် သူလည်း တခြားအရာတွေ မလုပ်နိုင်ဘဲ နှိုးစက်နာရီကို အလန်းပေး၍ စောစော အနားယူလိုက်သည်။
ဒီခရီးက ပင်ပန်းလွန်းလို့ နှိုးစက်နာရီသံကိုတောင် လုံးဝမကြားရဘဲ နေ့လယ်အထိ အိပ်ပျော်သွားတော့သည်။ မျက်လုံး ဖွင့်ကြည့်လိုက်တော့ နေမင်းကြီးရဲ့ အလင်းကြောင့် ရုတ်တရက် လန့်နိုးလာ၏။ လောင်းယန်ကို အမြန်ထဖို့ နှိုးလိုက်သည်။ ထို့နောက် အောက်ကို ဆင်းသွားပြီး သူဌေးမကို လူတွေ ဘယ်ရောက်ကုန်လဲ မေးလိုက်တော့ မြွေခေါင်းတောင်ကို ဆင်းသွားကြပြီလို့ ဆို၏။ အချိန်ကတော့ သိပ်မကြာသေးချေ။
သူတို့နှစ်ယောက် နှမ်းစေ့ကိတ် မုန့်ခြောက် အနည်းငယ်ကို ကမန်းကတန်း ဝယ်ပြီး တောင်ပေါ်ကို လျှောက်သွားကြသည်။ ဆယ့်ငါးမိနစ်ခန့် ပြေးပြီးနောက် တောင်ခြေအဝင်ဝက ရှုခင်းသာဟာ သူတို့နှစ်ယောက်ရဲ့ အမြင်တွေကို ဖမ်းစားသွားခဲ့သည်။