(2)
Viewers 13k


ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်

Chapter (2)
ဆဋ္ဌဂံခေါင်းလောင်း

ဝူရှဲ မော့ကြည့်လိုက်သည်။ အမှတ်တမဲ့ မျက်စိ​တောင် မမှိတ်နိုင်ဘဲ ဖြစ်သွားရာ သူ့နားရွက်ကို အနီးကပ်ကြည့်ဖို့ သူ့ရှေ့ကို တိုးလိုက်သည်။ နားကပ်မှာ စတုရန်းပုံနှင့် လက်ချောင်းလေး တစ်ချောင်း၏ အရွယ်အစားသာ ရှိသောကြောင့် တခြားသူများက ၎င်းကို ၁ယွမ်သာ ပေးရသည့် လမ်းဘေးဆိုင်တွင် ရောင်းချသော ဈေးပေါသော ပစ္စည်းဟု ထင်ကောင်းထင်ကြ နိုင်သော်လည်း ဝူရှဲ အနီးကပ် ကြည့်လိုက်သောအခါတွင် ၎င်းသည် အမှန်တကယ် ဆဋ္ဌဂံခေါင်းလောင်းပုံ အစစ်ဖြစ်ကြောင်း တွေ့လိုက်ရလေ၏။

ပုံသဏ္ဌာန် သို့မဟုတ် အရောင်အသွေး သေးငယ်သည်မှလွဲ၍ ၎င်းသည် အလောင်းဂူနှင့် ပင်လယ်ရေအောက် ကြမ်းပြင် ဂူသင်္ချိုင်းထဲတွင် တွေ့ခဲ့ရသည့်ပုံများနှင့် အလွန်ဆင်တူ၏။ ၎င်းတို့ပေါ်တွင် ရှိသော ပုံစံများကတော့ အနည်းငယ် ကွဲပြားပုံရသည်။

ဝူရှဲ ချက်ချင်း လန့်သွားပြီး ထမေးလိုက်သည်။

“ဒီပစ္စည်းကို ဘယ်ကရလာတာလဲ”

သူက ဝူရှဲကို ရိုက်ရင်း ပြုံးပြီး ဒေါသတကြီးနဲ့ ပြောလာခဲ့သည်။

"မင်း-မင်း-မင်း-မင်း အရက်တွေ သောက်တာ များသွားပြီလား? မင်း သိရဲ့သားနဲ့ တခြားလူတွေက ငါ့နားရွက်ပေါက်ကို ကိုင်ရင် ငါမုန်းတယ် ဆိုတာ.... မင်း-နောက်တစ်ခါ လုပ်ရင် မင်းနဲ့ ငါတိုက်မယ်"

ဝူရှဲလည်း ဒါကိုမြင်တော့ သူသောက်လိုက်တဲ့ ဝိုင်တွေ မနည်းကြောင်း သတိရလိုက်ကာ တစ်ဖက်လူရဲ့ နားရွက်ကို ချက်ချင်း လွှတ်​ပေးလိုက်သည်။

သူက နားရွက်နီနီတွေကို ပွတ်သပ်ပြီး ပြုံးပြရင်း

"ငလူး... မင်းတကယ် လက်သန်တာပဲ... ပစ္စည်းကောင်းလေး တွေ့တာနဲ့ ဒီလောက်ထိတော့ လုပ်စရာ မလိုပါဘူး။ အိုက်ယိုး ငါ့နားရွက်လေး..."

ဝူရှဲ သူနဲ့ ငြင်းခုံချင်စိတ် မရှိတော့ဘဲ။

"ပြောစမ်းပါ... ဒီဟာက ဘာဖြစ်တာလဲ? ဘယ်က ​ရလာတာလဲ?"

သူက ရယ်မောကာ ဂုဏ်ယူစွာ ပြောလာခဲ့သည်။

"မင်းမမြင်ဖူးဘူးမလား? မင်းငါ့ကိုပြောရင် မင်းမနာလိုတောင် ဖြစ်သွားဦးမယ်.... ယဇ်ကောင်တွင်းထဲက ဖုတ်ကောင်ဆီကနေ ရခဲ့တာ... ဘယ်လိုလဲ? အနက်ရောင်နဲ့ အစိမ်းရောင် အရည်အသွေးမြင့် ရှေးဟောင်း ကြေးရုပ်တွေ... အဟဲ မင်းရောင်းတဲ့ ရှီးပေ့ ပစ္စည်းတွေနဲ့ မတူပါဘူးမလား?"

ဝူရှဲမှာ နားထောင်လေ ပိုရှုပ်လေ ဖြစ်နေတော့သည်။

"ဘာဖုတ်ကောင်လဲ? မင်း အိုးတွေ အိုးတွေချည်း တူးနေတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား? ဘာလို့ ဖုတ်ကောင်ကပါ ပါလာတာလဲ?"

လောင်ယန်ကတော့ ဝူရှဲ သူ့ကို မနာလိုဖြစ်နေတယ်လို့ ထင်တဲ့အတွက် သူက ပိုပိုပြီး ဂုဏ်ယူလာကာ။

“အဲဒီ ဖုတ်ကောင်ကို ပိုးတုံးလုံးလို ချည်ကြိုးနဲ့ ထုပ်ထားတာကွ! တွင်းရဲ့ တခြားနေရာတွေမှာ တူးတုန်းက တွေ့ခဲ့တာ အဆင့်အတန်းမြင့်တဲ့ ပုဂ္ဂိုလ် ဖြစ်နိုင်တယ်....ဒီပစ္စည်းကို ဖုတ် ဖုတ်ကောင်ရဲ့ နားရွက်ပေါ် တင်ထား... ငါလည်း ကြည့်ကောင်းတယ်လို့ ထင်လို့ ယူလာခဲ့လိုက်တာ... ဘာလဲ? မင်း ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ? မင်းသူ့ရဲ့ ဇာစ်မြစ်ကိုသိလား? ငွေဘယ်လောက် တန်နိုင်လဲ? ”

ဝူရှဲကတော့ စိတ်တွေ ရှုပ်ပွနေခဲ့သည်။ ​​အတွေးတွေက ရှုပ်ယှက်ခတ်နေကာ မျက်မှောင်ကြုတ်ပြီး တွေးနေမိတာပ ​​အဲဒီနေရာက ဘယ်မှာလဲ ဆိုတာပင်။ ဒီခေါင်းလောင်းမျိုးက အဲဒီနေရာမှာ ပေါ်လာတယ် ဆိုတော့ သူပြောခဲ့တဲ့ ကျောက်တွင်းက သူကြုံတွေ့ခဲ့ရတဲ့ အရာနဲ့များ ဆက်နွှယ်နေသေးတာလား။

ထိုအချိန်တွင် လောင်ယန်က တစ်ခုခု မှားနေပြီလို့ ခံစားမိလာတာကြောင့် သံသယဖြင့် မေးလာလေ၏။

"မင်းဘာလုပ်နေတာလဲ? မင်းမျက်နှာက တွန့်လိမ်နေတာပဲ...ပစ္စည်းကောင်း တွေ့တာနဲ့ မင်းဒီလိုဖြစ်စရာ မလိုပါဘူး... မင်း ကြိုက်ရင် ငါပေးလိုက်မယ်"

"မဟုတ်ဘူး အမှန်အတိုင်း ပြောရရင် မင်းနားကပ်က သာမန်ပစ္စည်း မဟုတ်ဘူး... သူ့ရဲ့ဇာစ်မြစ်ကို ငါမသိပေမယ့် တခြားနေရာတွေမှာ ငါမြင်ဖူးတယ်... ဒီကိစ္စက...."

ခေါင်းလောင်းကို အာရုံစိုက်​ကြည့်ရင်း ဘုရင်လုရှန် နန်းတော်နဲ့ ပင်လယ်ရေအောက် သင်္ချိုင်းတွင်းက အဖြစ်အပျက်တွေကို အမြန်ပြောပြလိုက်သည်။ လောင်ယန် မျက်နှာက ဖျော့တော့သွားပြီး ရှုပ်ယှက်ခတ်နေတဲ့ အကြည့်တွေနဲ့ပဲ ဝူရှဲကို ပြန်ကြည့်နိုင်တော့သည်။

အချိန်အတော် ကြာပြီးနောက် သူသက်ပြင်းချရင်း

“အဖွားရေ... အရင်က ထောင်သုံးနှစ် ကျ​​ပြီးရင် တစ်သက်လုံး ကြွားလုံးထုတ်ဖို့ လုံလောက်မယ်လို့ ထင်ခဲ့တာ.... မင်းနဲ့ နှိုင်းယှဥ်ရင် ဘာမှမဟုတ်တော့ပြန်ဘူး..."

သူ့အမူအရာကနေ အလွန်ငြူစူတဲ့ သဘောကို မြင်ရတော့ ဝူရှဲလည်း ပြောလိုက်သည်။

"ဘာနှိုင်းယှဥ်တာလဲ? ဂူဖောက်တာက အဲဒီလိုမျိုး ဖြစ်တတ်တယ် ဆိုတာသာ ငါသိခဲ့ရင် ငါ့ကို ရိုက်သတ်ပစ်ရင်တောင် အဲဒီနေရာတွေကို ငါသွားမှာ မဟုတ်ဘူး"

ဝူရှဲ လောင်ယန်ရဲ့ နားရွက်ကို လက်ညှိုးထိုးလျက်။

"မင်းရဲ့ ခေါင်းလောင်းက ထူးဆန်းတယ်... ထူးထူးခြားခြား တင်းကျပ်နေတယ် သူ့ဆီက အသံထွက်လာနေသရွေ့ လူတွေကို စိတ်ရှုပ်သွားစေနိုင်တယ်.... မင်းနားမှာ ဝတ်ထားတာတောင် ဘာလို့ ဘာမှမဖြစ်တာလဲ?"

"မင်းပြောသလိုလည်း မဆိုး​လောက်ပါဘူး... မင်းကြည့်ဖို့ ငါချွတ်လိုက်မယ်!"

သူပြောပြီးတာနဲ့ နားကပ်ကို ချွတ်လိုက်သည်။

နားကပ်ကို မီးအောက်နားအထိ ဆွဲကိုင်လိုက်ပြီး အနံ့ခံလိုက်မိတော့ ဘာဖြစ်မှန်းမသိ ဖြစ်သွားသည်။ အထဲမှ အဆီတွေနဲ့ ပြည့်နှက်ပြီး အသံမမြည်တော့ပေ။ နားကပ်ကို လှန်ပြီး သေသေချာချာ ကြည့်နေတုန်း ပိုကြည့်လေ ရှေးခေတ် သင်္ချိုင်းဂူတွေထဲ ရောက်နေသလို ခံစားရလေပင်။

လောင်ယန်က ဝူရှဲကို အပြန်ပြန် အလှန်လှန် ကြည့်ရင်း ဒီပစ္စည်းကို သဘောကျတယ်လို့ ထင်ကာ နားကပ်ကို ပြန်တပ်ရင်း ပြောလာခဲ့၏။

"တကယ် ကြိုက်ရင် အဲဒီနေရာမှာ မနည်းဘူး... မဖွံ့ဖြိုးသေးတဲ့ အမျိုးသမီး ဖုတ်ကောင်တွေလည်း အများကြီးရှိတယ်... အဲဒီနေရာကို ငါသေချာ မှတ်ထားတယ် ငါတို့ နောက်တစ်ခါ သွားကြည့်လို့ရတယ်.. ပြောလို့မရဘူး တခြား ရတနာတွေလည်း ရှိကောင်းရှိနိုင်တယ်"

သူက ပတ်ပတ်လည်ကို လှမ်းကြည့်ကာ အသံကို လျှော့ကာ လျှို့ဝှက်စွာ ပြောလာသည်။

"ရိုးရိုးသားသား ပြောရရင် မင်းညီအစ်ကို ငါက ဒီရက်ပိုင်း ပတ်ဝန်းကျင်ကောင်းမှာ မရှိနိုင်တော့ဘူး.... နောက်အလုပ် တစ်ခုလုပ်ဖို့ စီစဉ်ထားတယ်"

သူ နောက်ပြောင်နေတယ်လို့ ထင်ပြီး ဝူရှဲလည်း။

"သွားစမ်းပါ... ငါတော့ ထောင်ထဲ မလိုက်ချင်ဘူး... မင်း သွေးဆောင်ဖို့ မစဥ်းစားနဲ့... ဒီရက်တွေမှာ တည်ငြိမ်တဲ့ဘဝနဲ့ နေရတာ ပို​ကြိုက်တယ်!"

လောင်ယန်က ဝူရှဲနားကို တိုးလာပြီး လေးလေးနက်နက် အသံနဲ့ပြောလေ၏။

"အဲဒါတော့ မဟုတ်ဘူး.... မင်းကို ထောက်ပံ့ဖို့က မိသားစု ရှိတယ်...မင်းစဥ်းစားကြည့် မင်းဘာပဲလုပ်လုပ် မင်းလုပ်ချင်တာကို လုပ်လို့ရတယ်... ငါထောင်ထဲမှာ သုံးနှစ်တောင် ဖြုန်းခဲ့တာ... ငါ့မှာ ဘာမှမရှိဘူးလေ ဒါကြောင့် ငါမလှုပ်နိုင်တော့ဘူး.... ငါ့ဦးနှောက်ကိုတောင် အသုံးနိုင်​တော့ဘူး!"

သူ့အမူအရာက လေးနက်လာတာကို မြင်လိုက်ရသည်။ သူနောက်ပြောင်နေပုံ မပေါ်တော့ပေ။ သို့နှင့် ဝူရှဲလည်း

“မင်း အိပ်မက်မက်နေတာပဲကွာ... ထောင်ထဲမှာ သုံးနှစ်လောက် အလဟသ ကုန်ဆုံးသွားခဲ့ပြီးပြီ... ငါမင်းကို ပြောပြမယ် မင်း အပြင်ထွက်ပြီး ပြစ်မှုထပ်ကျူးလွန်ရင် ဒုတိယအကြိမ် ထောင်နန်းစံရမှာနော်.... မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ် မင်းနည်းနည်း သတိမထားမိတာနဲ့ မင်းကို တိုက်ရိုက် သတ်ပစ်နိုင်တယ်"

"တကယ် ကံမကောင်းရင် ဘာမှလုပ်လို့ မရဘူး" လောင်ယန်က ပြော၏။

"ငါ့မှာရွေးချယ်စရာ မရှိဘူး.... ဒီအဆင့်ကို တက်ဖို့လည်း မစောင့်နိုင်တော့ဘူး... ငါစဉ်းစားထားပြီးသား... ဟန်ကျိုးမှာ ခဏလောက်​​နေပြီးရင် ချင်လင်တောင်ကို သွားမှာ....သိန်းပေါင်းများစွာ ရပြီးမှ ပြန်လာမယ်။ ဒီတစ်ခါ မင်းကိုလာရှာတာက ဒီကိစ္စအတွက် အဓိကထားပြီး မင်းငါနဲ့အတူ လိုက်မယ်လို့ မျှော်လင့်ထားလို့... ဒါမှမဟုတ် သွားတဲ့အခါ အကြံဉာဏ် တစ်ခုပေးနိုင်ပါစေ ဆိုပြီးလေ"

သူ့မျက်နှာမှာ ညှိုးငယ်နေတဲ့ အမူအရာကို မြင်ရတော့ ဝူရှဲလည်း ဒေါသတကြီးနဲ့

"ရွေးချယ်စရာ မရှိဘူးဆိုတာက ဘာကိုဆိုလိုတာလဲ? မင်းမှာ ငွေမရှိရင် မဘယ်လောက်လိုတယ် ဆိုတာ ငါ့ကို ပြောပြစမ်းပါ... ဒီညီအစ်ကို ငါကမင်းကို တရုတ်ဘဏ်ရဲ့ ပုံသေနှုန်းထားထက် အတိုး ၉၅% လျှော့ပေးမယ်!"

လောင်ယန်က ဝူရှဲကို တွန်းလိုက်ပြီး

"သွားစမ်းပါကွာ.... မင်းမှာ ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲ ငါက မသိတဲ့လူလား? ငါ မင်းကို တစ်သိန်းလောက် ထုတ်ချင်ရင် မင်း ရှစ်သောင်း​လောက် ​ဖောက်နိုင်ရင်တောင် ကံကောင်း... မင်းမှာ ရှိသေးလို့လား ဘာ​တွေ ဟန်ဆောင်နေတာလဲ"

"ငါ့မှာ ဒေါ်လာ ရှစ်သောင်းရှိတာတောင် မင်းငါ့ကို မထီမဲ့မြင် လုပ်နေသေးတယ်ပေါ့... မင်းဘာလုပ်ချင်​နေတာလဲ? မင်းက ကြယ်ပွင့် တစ်ပွင့်ကိုများ စွဲဆောင်ချင်နေတာလား? မင်းဘာသာ စားစရာ အလုံအလောက်ရှိရင် တော်ပြီလေ အခုမှ ထောင်ထဲက ထွက်လာတဲ့ဟာကို ကျေးဇူးပြုပြီး ပိုရင့်ကျက်စမ်းပါ..."

လောင်ယန်ကတော့ ဒီစကားကို ကြားရတာ မကြိုက်တဲ့အတွက် ကျိန်ဆဲပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါလုပ်ချင်တာ မင်းနဲ့မဆိုင်ပါဘူး... မင်းမှာ ပိုက်ဆံမရှိဘူးဆို မရှိလို့ပဲ.... ငါ့ကို သင်ခန်းစာတစ်ခု လာသင်ပေး မနေပါနဲ့ အဲ- အဲဒါကို မေ့လိုက်ပါတော့.... ငါတို့ ညီအကိုတွေပဲ မင်းကူညီတာ မကူညီတာ ကိစ္စမရှိပါဘူး.... ဒီစိတ်ပျက်စရာအကြောင်းကို မပြောနဲ့တော့"

ပြီးတော့ သူက ဝူရှဲကို ဝိုင်အနည်းငယ် လောင်းထည့်ပေးလာသည်။ ဝူရှဲလည်း လောင်ယန်သူ့ကို လျှော့တွက်နေတာကို တွေ့ရတော့ ဒေါသတ​ကြနဲ့

“ငါပြောမယ် လောင်ယန် မင်းငါ့ကို လျှော့မတွက်နဲ့နော်... လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ငါ့မှာလည်း အပိုငွေတွေ ရှိတယ်၊ အမှန်အတိုင်းပြောစမ်း.... မင်းပိုက်ဆံ အများကြီး လိုသေးတာလား? ငါ့ဆီက ချက်ချင်း လာယူလိုက်!"

သူက ဝူရှဲကိုကြည့်ကာ ဝိုင်သောက်ပြီးသည်နှင့် လေးလေးနက်နက် ထရပ်လိုက်ကာ လက်လေးချောင်းကို မြှောက်ကာ

"ဒီနံပါတ်လောက် မင်းငါ့ကိုချေးနိုင်လား?"

“လေးသိန်းလား”

သိပ်​တော့ မများပါဘူး။ အခု လေးသိန်းက ငွေအများ​​​ကြီးလို့ ပြောလို့ မရဘူးလေ။

"ကိစ္စမရှိပါဘူး... ချက်ချင်း သွားယူလိုက်လို့ ရတယ် ငါ့အိမ်မှာ အဲ့လောက်က​တော့ ရှိတယ်၊ “

မထင်မှတ်ပဲ လောင်ယန်က ခေါင်းယမ်းလာပြီး

"နောက်ထပ် သုညတစ်လုံး ထပ်ထည့်လိုက်!"

“လေးသန်း?”

ဝူရှဲ ပါးစပ်ကို ကျယ်ကျယ် ဖွင့်ဟလိုက်ပြီး ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။

"သောက်ကျိုးနည်း... ငါတော့ မင်းကို လေးစားသွားပြီ အဲ့လောက်ပိုက်ဆံတွေ အများကြီးနဲ့ မင်းဘာလုပ်မလို့လဲ?"

လောင်ယန်က သက်ပြင်းချပြီး

"မေးခွန်းတွေ အများကြီးမမေးနဲ့ ဘာပဲဖြစ်ဖြစ် ငါက ပိုက်ဆံအများကြီး လိုတယ်... မင်း တတ်နိုင်ပါ့မလားပဲ ပြောပြစမ်းပါ"

လေးသန်းဆိုတာ သေးငယ်တဲ့ ပမာဏမဟုတ်ပေ။ ကျိုးသွားသော ကြွေထည် အပိုင်းအစများကို ယခုလေလံပွဲတွင် သန်းဆယ်နှင့်ချီ၍ ရောင်းချနိုင်သည်ဟု ဆိုထားသော်လည်း ယင်းမှာ အများအားဖြင့် ထင်ကြေး ပေးမှုများသာ ဖြစ်သည်။ ဈေးကွက်တစ်ခုလုံး၏ ဝယ်ယူနိုင်စွမ်းအားမှာ အကန့်အသတ် ရှိသည်။ ဂူသင်္ချိုင်းတွေထဲက ထုတ်ယူလာတဲ့ ယဉ်ကျေးမှု အမွေအနှစ် တစ်ခုလုံးကို ပြန်လည်ရောင်းချခြင်းဖြင့် ပထမအဆင့်တွင် စတင်တဲ့အခိုက် အမြတ်ငွေမှာ မြင့်မားခြင်း မရှိပေ။ တစ်သိန်းဆိုပါက ရယ်မောနိုင်သော်လည်း ဤလေးသန်းမှာ သူ့လက်ထဲတွင်လည်း အမှန်တကယ် မရှိချေ။

ဝူရှဲရဲ့ တည်တည်ငြိမ်ငြိမ် အမူအယာကို ကြည့်ပြီး လောင်ယန်က သူ ကြောက်လန့်သွားမှန်း သိလိုက်ကာ သူက ဝူရှဲအတွက် ဝိုင်တစ်ခွက်ကို ဖြည့်ပြီး ပြောလာခဲ့သည်။

"မင်း မထုတ်နိုင်ဘူးမလား? ငါသာ ၄၀၀,၀၀၀ ပဲ လိုရင် ငါမင်းဆီလာဖို့ လိုအပ်ပါဦးမလား?"

"အဲ့လို ကောက်ချက်မဆွဲပါနဲ့... ငါမင်းအတွက် ချေးပေးမယ်။ ဒီလုပ်ငန်းမှာ အရမ်း ချမ်းသာလာတဲ့သူတွေ အနည်းစုတော့ ရှိတယ်...ရရင် ရနိုင်လောက်တယ် ဒါပေမဲ့ မင်းဘာကြောင့် ပိုက်ဆံ အများကြီး လိုအပ်တာလဲ ဆိုတာတော့ ပြောပြရမယ်"

လောင်ယန်က သူ့ဘက်သို့ ခေါင်းလှည့်ကာ စုတ်သပ်လိုက်သည်။

"မင်း ဘယ်သူ့ဆီက ငွေသွားချေးမှာလဲ? မင်းသူငယ်ချင်းတွေထဲ ငါမသိတဲ့လူ တစ်ယောက်မှ မရှိဘူး.... ဘယ်သူက ဒီလောက် ပိုက်ဆံအများကြီး ချေးပေးနိုင်မှာလဲ? ဒီလေးသန်းနဲ့တောင် ငါ့အတွက် အသက်အန္တရာယ်ရှိတဲ့ ပြဿနာကို ငါဖြေရှင်းနိုင်တယ်"

အဲဒါကို တွေးကြည့်မိတော့ ဟုတ်နေ၏။ သူသူငယ်ချင်း တော်တော်များများက လောင်ယန် မိတ်ဆက်ပေးလို့ သိကျွမ်းခဲ့သူတွေချည်းပဲ ဖြစ်သည်။ ဒီလောက် အများကြီးကို ချေးနိုင်တဲ့သူ သိပ်မရှိပေ။ သူအဘိုးကြီးကို ပိုက်ဆံတောင်းရင် အဲဒီ တွန့်တိုတဲ့လူက သူ့ကို သတ်ပစ်နိုင်သည်။ ကိုင်တွယ်ရတာ တကယ်ကို အဆင်မပြေချေ။

လောင်ယန်က ဝူရှံဆီက အတုခိုးလိုက်တဲ့ လေသံနဲ့ ပြောလာခဲ့သည်။

"လောင်ဝူ(ဝူရှဲ) ပိုက်ဆံချေးတဲ့ အကြောင်း မပြောဘဲ တခြားနည်းလမ်းတွေ ပြောကြည့်ရအောင်.... အကောင်းဆုံးနည်းကတော့ မင်းတစ်ခါတည်း အလုပ်ကြိုးစားပြီး မင်းရဲ့ ဒီညီအစ်ကိုငါနဲ့ လိုက်ခဲ့တာပဲ..... ဘာပဲဖြစ်ဖြစ် ဒါမင်းရဲ့ ပထမဆုံးအကြိမ် ဂူဖောက်တာမှ မဟုတ်တော့တာ ဒါကြောင့် စိတ်မဆိုးပါနဲ့.... ဒါကကြီးကြီးမားမား ကိစ္စရယ်လို့တော့ မဟုတ်ပါဘူး... နောက်ဆုံး ခွဲခြမ်းစိတ်ဖြာလိုက်ရင် ဒါကို ဂူဖောက်တယ်လို့ မခေါ်​တော့ဘူးလေ သင်္ချိုင်းတွင်းကို သွားကြည့်ရက် ဘယ်ဟာတွေလဲ ဆိုတာ ရွေးချယ်နိုင်ပြီ... ဘယ်ဟာက အဖိုးတန်ပြီး ဘယ်ဟာတွေက မတန်ဘူးလို့ မင်းကြည့်ပေးနိုင်တယ်လေ... ဒီလိုဆို တရားမ၀င် ဥပဒေချိုးဖောက်တာ မဟုတ်​တော့ဘူး။ ကိုယ့်ကိုကိုယ် ခရီးသွား ဧည့်သည်လို ဆက်ဆံလိုက် အဲဒီမှာ လှပတဲ့ တောင်တွေ မြစ်တွေရှိတယ်.... တောင်ပေါ်က မိန်းကလေးတွေရဲ့ အလှအပ ပုံစံမျိုးကို မတွေ့ဖူးဘူးမလား? မင်း လက်တွဲဖော်လည်း မရှိသေးဘူး.... ဟိုကိုသွားကြည့် မိန်းကလေးနဲ့တောင် လက်ထပ်လို့ ရနိုင်မလား မပြောတတ်ဘူးလေ"

ဝူရှဲ သူ့စကားတွေကို နားမထောင်ချင်တော့တာကြောင့် ခေါင်းခါပြလိုက်သည်။

"မင်းပြောတာက လွယ်တယ်... မင်းရဲ့ အဲ့ပျက်စီးနေတဲ့ နေရာမှာ တန်ဖိုးလေးသန်းတန်တဲ့ ပစ္စည်းက ရှိမှာလား? မင်း အများကြီးကို တစ်ပြိုင်နက် ရနိုင်မှာလား? လုပ်ချင်ရင် မင်း ဟန်မင်းဆက်ထဲက တစ်ယောက်ယောက်ကို ရှာကြည့် အဲဒီသင်္ချိုင်းမျိုးကလည်း တစ်စုံတစ်ယောက်ဆီက အဖောက်ခံထားရပြီးသား ဆိုရင် မင်း တူးလိုက်ရင်တောင် မင်းအလုပ်က အလကားပဲ"

သို့သော် လောင်ယန်က စိတ်ရှည်ရှည်နဲ့ ပြောနေတုန်းပဲ။

"အိုး ဒါကိုတောင် မစဉ်းစားမိတဲ့အထိ ငါ့ကိုငတုံးလို့ မင်းထင်နေတာလား? ငါမင်းကို ပြောပြမယ်.. ငါဒီတစ်ခေါက် ပြန်သွားမှာက ယဇ်ပုလ္လင်ရှိတဲ့ နေရာကို မဟုတ်ဘူး... အရင်တစ်ခေါက် သွားတုန်းက လောင်ပြောင်နဲ့ငါ ပြောထားတဲ့ ကိစ္စရှိတယ်... ယဇ်ပုလ္လင်ရဲ့ အနီးနားမှာ တော်ဝင်ဂူဗိမာန်ကြီး တစ်ခုရှိရမယ်လို့ အချက်ပဲ.. ဒီတစ်ခါတော့ အဲဒီကို သွားကြည့်ဖို့ ရည်မှန်းထားတယ်...  မင်း ဖုန်းရွှေ မတော်ဘူး ဆိုရင်တောင် သွားကြည့်ရင် သေချာပေါက် ရှာတွေ့နိုင်လောက်တယ်!"

ဝူရှဲ သူ့ကို ဂရုမစိုက်ချင်ပေ။

"မင်းသွားချင်ရင် လူရှာလို့ရတယ်.... ရှေးသင်္ချိုင်းကိုတောင် မသွားချင်ဘူး"

"လောင်ဝူ... မင်းက ငါ့ရဲ့ညီအစ်ကိုကောင်း မဟုတ်ဘူးလား? ဒါက ဘယ်လောက်ကောင်းလဲ စဉ်းစားကြည့်စမ်း... ပထမအချက် မင်း ငါ့ကို ကူညီနိုင်တယ် နောက်တချက်က မင်းရဲ့ဦးလေးသုံး ကိစ္စကို စုံစမ်းနိုင်မယ်... ငါ့အတွက် မဟုတ်ရင်တောင် မင်းရဲ့ဦးလေးသုံးနဲ့ တစ်ခုခုတော့ ပတ်သက်နေပြီပဲလေ မင်းကိုယ်တိုင် အတွက် ဘာလို့ သွားမကြည့်တာလဲ?"

ရေအောင်သင်္ချိုင်းက နားခန်းအကြောင်းကို သူသတိ​ပေးလိုက်တာနဲ့ ဝူရှဲ နေရထိုင်ရ အဆင်မပြေတော့ချေ။ သူပြောတာလည်း မှန်ပါသည်။ ဦးလေးသုံးရဲ့ ကိစ္စက ရှုပ်ထွေး ရှုပ်ပွနေပြီး သဲလွန်စ အနည်းငယ်ပဲ ရှိသည်။ ဒီခေါင်းလောင်းမျိုးဟာ ကွာကျစ် ဘုရားကျောင်းနဲ့ ပင်လယ်ရေအောက် သင်္ချိုင်းဂူထဲမှာ ရှိနေခဲ့တာ ထင်ရှားနေပါ​ပြီ။ ဒီအခွင့်အရေးကို သူတို့ လက်လွှတ်လိုက်ရင် ဒီကိစ္စက စုံစမ်းစစ်ဆေးဖို့ ပိုခက်မှာကို ကြောက်ရ၏။

ဒါပေမဲ့ အရင် အတွေ့အကြုံ နှစ်ခုကို တွေးပြီးတဲ့အခါ သူ့ခြေထောက်တွေ နည်းနည်းတောင် အားနည်းလာသည်။ ကြောက်လည်း ကြောက်သလို တောင်တက်ရတာ ပင်ပန်းတဲ့အပြင် ​ကြိုးလည်း မကြိုးစားချင်တော့ဘူး။

မိနစ်အနည်းငယ် ကြာအောင် တုံ့ဆိုင်းနေပြီး တွေးကြည့်လိုက်တော့ မသွားဖြစ်ရင်တောင် သူ့ရဲ့ကိုယ်ရည် ကိုယ်သွေးကြောင့် အနာဂတ်မှာ လွယ်ကူတဲ့ဘဝမျိုး ရနိုင်တော့မှာ မဟုတ်ဘူးလို့ ခံစားခဲ့ရ​လေသည်။ လောင်ယန် သူ့ကို ဒီလိုတောင်းဆိုတာမျိုးက ရှားပါသည်။ ဆက်ငြင်း​နေရင် နောင်မှာ မျက်နှာချင်းဆိုင် တွေ့ရတော့မှာတောင် မဟုတ်ဘူး။ တွေ့ဆုံရတာ အရမ်းရှားတယ်လေ။ ဒါကြောင့် အခြေအနေကို အရင်သဘောမတူဘဲ သွားကြည့်လိုက်မည်။ အဆင်မပြေရင် ပြောင်းလဲနိုင်တယ်လေ။

သို့သော် သူတို့၏ဘဝတွင် အလွန်အမင်း စပ်စုလိုစိတ်များ ရှိပြီး မသိသောအရာများကို ပြင်းပြင်းထန်ထန် စူးစမ်းလေ့လာ လိုသူများရှိကြသည်။ ထို့အတွက် သိချင်တဲ့ အကြောင်းအရာကို နည်းလမ်းရှာပြီး သိရပါက သူတို့နှလုံးသားက ချက်ချင်းကို သက်သာရာ ရသွားပါလိမ့်မည်။

အဲဒါကို စဉ်းစားရင်းနဲ့ လောင်ယန်ကို အာရုံ​ပြန်စိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ ညီအစ်ကို... ငါမင်းနဲ့အတူ အဖော်လိုက်ပေးမယ်... မင်းငါ့ကို ဒီနားကပ်ကို အရင်ပေးရမယ်... ငါပြန်ယူသွားပြီး ဒီအရာက ဘယ်မင်းဆက်က လာတာလဲ? တန်ဖိုးရှိမရှိ မဟုတ်ရင်လည်း အဲဒီနေရာကို မသွားထိုက်ဘူးလား အဲဒါတွေကို ဆုံးဖြတ်ရမယ် ပြီးမှ တခြားအစီအစဉ်တွေ လုပ်ရမှာပေါ့"

ဝူရှဲ သူ့ကို ကူညီချင်စိတ် ရှိတယ်လို့ လောင်ယန် ကြားတာနဲ့ သူချက်ချင်း ဝမ်းသာအားရနဲ့ ခေါင်းညိတ်ပြပြီး နားကပ်ကို ပေးလာသည်။

"ကောင်းပြီ မင်းလိုချင်တာ ဘာမဆို ငါပေးနိုင်တယ်"

"ဒါပေမဲ့ ငါအရင်ဆုံး တစ်ခုပြောမယ်.... အဲဒီကိုရောက်ရင် မင်းငါပြောသမျှကို နားထောင်ရမယ်နော်.... မင်းဝမ်းသွားရင်တောင် ငါ့ကိုအရင် အကြောင်းကြားရမယ်... ကြားတယ်မလား?"

ဒီကလေးက ဘာဆိုဘာမှ နားမထောင်တတ်ပေ။ အစောကြီးကတည်းက သူ့နှလုံးသားက ချင်လင်တောင်တန်းတွေဆီ ပျံသန်းသွားခဲ့လောက်ပြီ။ တစ်ဖက်က ဝိုင်ထည့်နေတုန်း တစ်ဖက်ကလည်း သူ့ကို ချော့မော့ပြီး ပြောနေသည်။

"ဒါပေါ့ ဒါပေါ့... ငါ လေးသန်းရနိုင်သရွေ့ မင်းငါ့ကို ပြန်မွေးဖွားလာ​ပေးတဲ့ မိဘတွေလို ဖြစ်သွားပြီ.....အဲလိုမလုပ်နဲ့လို့ကို ပြောစရာမလိုဘူး မင်းဒါလို့ ပြောလိုက်တာနဲ့ ငါပြေးလုပ်ပေးမှာ လုံးဝ ပြဿနာ မရှိစေရဘူး!"

သူတို့ မူးနေတုန်းမှာပဲ ဒီကိစ္စကို ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ထို့နောက် အမျိုးသမီးများနှင့် မိုးမမြင်လေမမြင် အချိန်အတော်ကြာ စကားစမြည်ပြောပြီး သန်းခေါင်ကျော်သည်အထိ သောက်ပြီးနောက် သူတို့အားလုံး စားပွဲအောက်တွင် အိပ်​ပျော်သွားကြသည်။

နောက်လကတော့ သူတို့မှာကိုယ်စီ ကိုင်တွယ်ဖြေရှင်းရမယ့် အရာတွေ ရှိလေသည်။ အရင်တစ်ခေါက်က ရှန်းတုံးမှာ ဝယ်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်ဝယ်ဖို့ လိုအပ်တဲ့ အရာတွေကိုတော့ အတွေ့အကြုံ နှစ်ခုကို အခြေခံပြီး မှတ်စုတစ်စောင်ကို ချရေးလိုက်သည်။

အဲဒီနောက် နှစ်ယောက်သား ဆက်သွယ်မှုကတစ်ဆင့် အချက်အလတ်တွေ ရခဲ့သည်။ ရှန်းတုံးကိုသွားတဲ့ အခါတုန်းက မလိုအပ်တဲ့ စွမ်းအင်တွေ အများကြီး ကုန်သွားခဲ့သလို ရေဓာတ်ဆုံးရှုံးမှုကလည်း အတော်လေး များခဲ့သည်။ ချင်လင်တောင်တန်းတွေမှာက တောင်တွေနဲ့ စမ်းချောင်းတွေ အများကြီး ရှိတာကြောင့် ရေတွေကို တကုတက ယူသွားဖို့ မလိုပါဘူး။ ရေများ လွန်းသော်လည်း တခြားအရာများကို ပြင်ဆင်ရန် လိုအပ်​​​သေးသည်။ တောင်ပေါ် ရေတွေကြောင့် ဝမ်းလျှောတာကို ကာကွယ်ဖို့အတွက် ဆေးဝါးတွေ ပြင်ဆင်သွားရမည်။ မြို့တွင်းမှာပဲနေတဲ့ သူတို့ရဲ့ဝမ်းများက သဘာဝချောင်းများနှင့် လိုက်လျောညီထွေ ဖြစ်အောင် မနေတတ်မှာတော့ မုချပင်။

ညွှန်ကြားချက်များ ပြင်ဆင်ပြီးနောက် ဝူရှဲသည် ကျီးနန်သို့ လေယာဥ်ဖြင့် ဦးစွာ ပျံသန်းလာခဲ့သည်။ ထို့နောက် ​လောင်ဟိုင်ကို ရှာဖွေရန် ထွက်လာခဲ့ကာ ဖက်တီးရဲ့ ညလင်းပုလဲ မဟုတ်တဲ့ ကျောက်ငါးမျက်လုံးကို လောင်ဟိုင်ဆီ ပြကြည့်လိုက်သည်။

အဲဒါကို မြင်ပြီးနောက် လောင်ဟိုင်ဟာ ဝမ်းသာလွန်းလို့ ပါးစပ်ကို​​တောင် မပိတ်နိုင်တော့ဘဲ။

"သခင်လေးရေ... ငါက ရှေးဟောင်းပစ္စည်း ရောင်းတဲ့ ဆိုင်ပါ... ဒီလို​ပစ္စည်းကို မင်း လက်ဝတ်ရတနာဆိုင်မှာ ယူသွားပြီး ဈေးနှုန်း ခန့်မှန်းခိုင်းလို့ ရလောက်တယ်"

"ဒီကျောက်တုံးက အနည်းဆုံး နှစ်လေးငါးရာလောက်က ရှေးဟောင်းပစ္စည်းနော်"

သူက ပြုံးပြီးပြောလာ၏။

"ငါလည်း သိပါတယ်... မင်းထုတ်လာတဲ့ ပစ္စည်းက ကောင်းရမယ် ဆိုတာကိုလည်း ငါသိတယ်.... ဒီပုတီးစေ့ကို ဆံထိုး ဒါမှမဟုတ် ဦးထုပ်ပေါ်မှာ တင်ထားရင် အဲဒါက ရတနာ ဖြစ်လိမ့်မယ်.... ဒါပေမဲ့ မင်းရဲ့ပစ္စည်းက ကိုယ်လုံးတီးကြီး အတိုင်းပဲ... ငါဘယ်လို ပြုပြင်ရမလဲ? ဒါကို ရှေးဟောင်းပစ္စည်းလို့ ပြောရင် လူတွေက မယုံ​လောက်ဘူး... ဒီလိုဆိုရင်ရော ဘယ်လိုလဲ? ကျောက်စိမ်းဆံထိုးထဲကို ဒီပုလဲလုံး ထည့်ပေးပြီး ရောင်းနိုင်မလားဆိုတာ ကြည့်​ကြမယ်... ငါမင်းဆီ ငွေအရင်သွင်းထားမယ် ပစ္စည်းကိုတော့ ဒီမှာထားခဲ့လိုက်...  ကုန်ပစ္စည်း အကြောင်း သိတဲ့သူတွေက သဘာဝကျကျ စျေးကောင်းကောင်း ပေးလာလိမ့်မယ်"

သူက ရိုးရိုးသားသား ပြောနေတာဖြစ်သလို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝူရှဲမှာလည်း သူနဲ့ ငြင်းခုံ​နေဖို့ အချိန်မရှိတာကြောင့် သူ့စကားကို နာခံပြီး သူ့ရဲ့ စပေါ်ငွေ ယွမ်၂သိန်းခွဲကို ယူကာ စိတ်ပျက်လက်ပျက်နဲ့ ဟန်ကျိုးကို ပြန်သွားခဲ့သည်။ ထို့နောက် လောင်ယန် ပေးခဲ့သော နားကပ်ကို ယူ၍ အဘိုးရဲ့ သူငယ်ချင်းတစ်ယောက်ကို ရှာဖို့ ထွက်လာခဲ့လိုက်သည်။ ခေါင်းလောင်းနားကပ် ဘယ်ကလာတယ်၊ သူရှန်ရှီးကို သွားမယ့် ခရီးရှည်ကြီးနဲ့ ထိုက်တန်မှုရှိမရှိ မေးမြန်းဖို့ပဲ ဖြစ်လေသည်။

အဘိုးအို၏ မျိုးရိုးအမည်မှာ ချီ ဖြစ်သည်။ သူသည် ဟန်ကျိုးတွင် ပထမမျိုးဆက် ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ ဖြစ်သည်။ ယခုအခါတွင် သူသည် တရုတ်ပညာရှင်ကြီး တစ်ဦးအဖြစ် သတ်မှတ်​ခြင်းခံထားရ၏။ ၎င်းသည် တက္ကသိုလ်များစွာတွင် အထူးဧည့်သည်ဘွဲ့ ရရှိထားသည်။ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုများအကြောင်း သုတေသနများစွာ ပြုလုပ်ထားခဲ့သူ ဖြစ်​လေသည်။ ဝူရှဲ ခေါင်းလောင်းကို ပြလိုက်သည်။ သူ့မျက်လုံးတွေက တည့်တည့်ကြီး ကြည့်နေကာ ဝူရှဲ သတိထားမိသလောက်တော့ ခေါင်းလောင်းကိုင်ထားတဲ့ အဘိုးချီရဲ့ လက်တွေက တုန်နေ၏။

အဘိုးချီက ခေါင်းလောင်းကို ယူပြီးနောက် ခေါင်းပြန် မမော့လာခင်အထိ သုံးနာရီကြာလောက် စူးစမ်းလေ့လာနေသည်။ ထို့နောက် အုတ်ခဲတစ်ခဲလောက် အထူရှိတဲ့ စာအုပ်၆အုပ် ၇ အုပ်လောက်ကို လှန်ကာ ကြည့်သည်။ ဝူရှဲလည်း သူ့ဘေးမှာ အိပ်ပျော်သွားကာ သူက ဝူရှဲကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

"ရှက်စရာကြီး ရှက်စရာကြီးပဲကွာ အဘိုးကြီး ငါ တိုင်းရင်းသား လူနည်းစုတွေနဲ့ တွဲနေတာ ကြာပါပြီ.... ဒီလိုပစ္စည်းမျိုး တစ်ခါမှ မတွေ့ဖူးဘူး... ရှောင်ရှဲ့ မင်းအဘိုးကို ပြော​ပြစမ်းပါ... ဒါကို မင်းဘယ်ကရခဲ့တာလဲ?"

လူကြီးတွေရှေ့မှာ အကျင့်ပျက်ဖို့ မဝံ့မရဲဖြစ်တော့ ကြုံရာကျပန်း ပြောပြီး ပုံပြင်လေးတစ်ပုဒ် ဆိုပြလိုက်ရာ အဘိုးချီက ကြားလိုက်တာနဲ့ သူ့မျက်လုံးတွေ တောက်ပလာတာကို မြင်လိုက်ရတော့သည်။ သို့နှင့် ကိစ္စက မရိုးရှင်းဘူးထင်လို့ မေးကြည့်လိုက်လေ၏။

"အဘိုး... ဘာလဲ? ဒီပစ္စည်းက ပြဿနာရှိလို့လား?"

အဘိုးအိုက သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ဒီခေါင်းလောင်းရဲ့ လက်ရာဟာ ရှမင်းဆက်ကနေ အနောက် ကျိုးမင်းဆက်အထိ ခြေရာခံနိုင်ခဲ့တယ်လို့ ဆိုပါ၏။ အဲဒီခေါင်းလောင်းပေါ်က ပုံစံကို နှစ်ထပ်မြွေပုံစံလို့ ခေါ်ကာ ရှေးခေတ်အခါက ရှန်ရှီမှ ဟူပေအထိ ကျယ်ဝန်းသော ရှစ်တိုင်းပြည်ဟု ခေါ်သော ရှေးခေတ်က နိုင်ငံတစ်ခု ရှိခဲ့​လေသည်။ ထို​နိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ထိုတိုင်းပြည်၏ သမိုင်းကြောင်းက ပြတ်တောင်းပြတ်တောင်း ပေါ်လာပြီး ရှေးခေတ် စာရွက်စာတန်း စာအုပ်များစွာတွင်လည်း ကွက်တိကွက်ကြားသာ ဖော်ပြထားသည်။ ထိုတိုင်းပြည်ဟာ အနောက် ကျိုးမင်းဆက် အစောပိုင်းတွင် ရုတ်တရက် ကြီးပွားချမ်းသာလာပုံ ရပြီး မင်းဆက်အလယ်တွင် ရုတ်တရက် ပျောက်ကွယ်သွားပုံရသည်။ ဆယ်နှစ်မှ အနှစ် ၂၀အထိ အချိန်တိုလေး အတွင်းမှာပင် ၎င်းသည် တောနက်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သလိုပင်။

၎င်းတို့သည် ပုံ​ပြင်များနှင့် ဒဏ္ဍာရီများစွာတွင် တည်ရှိပြီး တောင်တန်းနှင့် ပင်လယ်များ၏ ဂန္တဝင်မှတ်တမ်း များစွာထဲတွင်လည်း ရှိသည်။ စီချွမ်တွင် ဖော်ပြထားခဲ့သော "မြွေနိုင်ငံ" က ထိုတိုင်းပြည် ဖြစ်နိုင်သည်။ ရှစ် ဆိုတာက မြွေတစ်ကောင်ရဲ့ အသံထွက်ဖြစ်ကာ အဲဒီတိုင်းပြည်က လူတွေဟာ လူ့မျက်နှာ မြွေခန္ဓာရှိသော အရာများကို နတ်ဘုရားများဟု မှတ်ယူကြပြီး အလှဆင်မှုများစွာတွင် မြွေအမွှာပုံစံများ ပါရှိတတ်သည်။

ဤတိုင်းပြည်၏ သမိုင်းကို လေ့လာသူ အများစုသည် ယခုအခါ "ရှစ်တိုင်းပြည်" သည် လျှို့ဝှက်ဆန်းကြယ်သော "ရှေးဟောင်း ဟွာရွှီးတိုင်းပြည်" မှ ဆင်းသက်လာသည်ဟု ယုံကြည်နေကြပြီး ၎င်းရဲ့မျိုးဆက် သမိုင်းတွေကလည်း ဂိုဏ်းပေါင်းစုံ လူ့ဘောင်သို့ ပြန်လည် တွန်းပို့ခံခဲ့ရသည်။ ထိုတိုင်း​ပြည်သည် လူ​နှင့်မြွေနှစ်ကောင်ကို အသုံးပြု​ကြသည်။ အဓိကအားဖြင့် ရှေးဟောင်း ဟွာရွှီးပြည်တွင် လူသားမျက်နှာနှင့် မြွေခန္ဓာကိုယ်ရှိသော "ဖူရှီး" ရှိကြောင်း ဒဏ္ဍာရီတစ်ခု ရှိခဲ့သောကြောင့် ဖြစ်​လေ၏။

ဤပစ္စည်းများသည် ရှေးဟောင်း စာအုပ်များနှင့် တူးဖော်တွေ့ရှိထားသော စာရွက်စာတမ်းများမှ လာသောကြောင့် ထိုတိုင်း​ပြည်သည် အမှန်တကယ် တည်ရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ဒီခေါင်းလောင်းဟာ ရှေးဟောင်းပစ္စည်း ဈေးကွက်မှာ ဘယ်သူမှ မမှတ်မိနိုင်ပေမယ့် ဒီပညာကို အထူးပြုတဲ့ လူတချို့အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပါပဲ။

ဒီအရာဟာ လူကြိုက်မများဘူးလို့ ကြားတာနဲ့ တပြိုင်နက် စိတ်ထဲမှာ တုန်လှုပ်သွားမိသည်။ တကယ်လို့သာ ရှေးဟောင်း ဂူသင်္ချိုင်းကို ရှာတွေ့ပြီး ပစ္စည်းကို ထုတ်ယူလာခဲ့ရင်တောင် ဈေးက မမြင့်နိုင်ပါက အခုတစ်ခေါက် သွားတာက အချည်းနှီးသွားနေတာ ဖြစ်သွားလိမ့်မည်။

အဘိုးချီက ဝူရှဲရဲ့ အမူအရာကို ကြည့်ကာ မေးစရာရှိလားလို့ မေးလာခဲ့သည်။ သူဟာ စီးပွားရေးသမားဟောင်း တစ်ယောက်ဆိုတာ သိတဲ့အတွက် ဝူရှဲလည်း သူ့ရဲ့ အခြေအနေကို ပြောပြလိုက်သည်။

အဘိုးအိုက ခဏလောက်စ ဉ်းစားပြီး ငါမှားတာလို့ အရင်ပြောပြီး ဒီပစ္စည်းကို ရောင်းချင်ရင် ဝယ်သူကောင်းကို ရှာတွေ့အောင် ကူညီပေးမှာပါလို့လည်း ပြောလာသည်။ သူက ဝူရှဲပုခုံးကို အသာရိုက်ကာ လေးသန်းက ပြဿနာ မရှိဘူး ဒါပေမဲ့ ဒီကိစ္စကိုတော့ ဘယ်သူ့ကိုမှ မပြောရဘူးလို့ ဆိုလေ၏။

အဘိုးအိုရဲ့ စကားကို နားထောင်ပြီးတဲ့ အခါကျမှာ ဝူရှဲ ကြမ်းကြမ်းတမ်းတမ်း အကြံဥာဏ်တွေ ရလာခဲ့သည်။ ဒီလူအိုကြီးဟာ ရေစီးရေလာ လုပ်ရင်း လွတ်မြောက်ရေး အကြိုလှုပ်ရှားမှုတွေကို သီးသန့်လုပ်နေသေးတာ ဖြစ်နိုင်သည်။ ဝူရှဲ စိတ်သက်သာရာရကာ မြန်မြန်ခေါင်းညိတ်ပြကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

အဘိုးကြီးနေရာကနေ ထွက်လာတော့ မသွားခင် ရှစ်တိုင်းကြည် အကြောင်း အချက်အလက်တွေ အများကြီး ယူခဲ့လိုက်သေးသည်။ တက္ကစီပေါ်မှာ ထုတ်ကြည့်လိုက်တော့ နံရံဆေးရေး ပန်းချီ ဓာတ်ပုံတွေ အများကြီးကို တွေ့လိုက်ရသည်။ တချို့ပန်းချီတွေက အရမ်း ထူးဆန်းနေ၏။ ဓာတ်ပုံထဲမှာ သစ်ပင်တစ်ပင်အောက်မှာ ဒူးထောက်ပြီး ရှိခိုးနေတဲ့လူတွေ အများကြီးရှိသည်။ သစ်ပင်ရှေ့မှာ ဆုတောင်းတဲ့ မြင်ကွင်းနဲ့ ပတ်သက်ပြီး မှတ်တမ်းတွေလည်း အများကြီး ရှိပေသည်။ ရှစ်တိုင်းပြည်မှာ အရေးကြီးဆုံး အရာဟာ "နတ်မြွေသစ်ပင်" ကို ကိုးကွယ်ကြတဲ့ ဒဏ္ဍာရီကို ဆိုလိုပုံရ၏။ ထို​သစ်ပင်သည် အသွေးဖြင့် လှူသရွေ့ တောင်းသမျှကို ဖြည့်ဆည်းပေးနိုင်သော သစ်ပင်ကြီးပင် ဖြစ်လေသည်။

အဲဒီသစ်ပင်ရဲ့ ပုံသဏ္ဌာန်က ကျွန်တော့်အတွက် လောင်ယန် ရေးဆွဲထားတဲ့ပုံနဲ့ အလွန်ဆင်တူပါသည်။ သူတူးထားမိတဲ့ ကြေးဝါသစ်ပင်ခွက ဒီမြွေနတ်သစ်ပင်ရဲ့ သင်္ကေတများ ဖြစ်နိုင်လား။

ပန်းချီကားများစွာတွင် ရှစ်တိုင်းပြည်ရဲ့ အရေးကြီးဆုံး အင်္ဂါရပ်ဖြစ်သည့် လူသားမျက်နှာရှိ မြွေပုံများ ပါလေသည်။ ကွာကျစ်ဘုရားကျောင်း နှင့် ပင်လယ်​ရေအောက် သင်္ချိုင်းထဲတွင် တွေ့ရသော ခေါင်းလောင်းများတွင် လူမျက်နှာမြွေပုံ ရှိမရှိ သူ မမှတ်မိတော့ချေ။ ထိုအချိန်က ၎င်းတို့ပေါ်တွင် လူမျက်နှာရှိသော မြွေတစ်ကောင်ရဲ့ ခန္ဓာကိုယ် အသွင်အပြင် ရှိမည်အဆိုပါ ခေါင်းလောင်းများသည် တူညီသော အရင်းအမြစ်မှ ဆင်းသက်လာရမည် ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သော ရှစ်တိုင်းပြည်ရဲ့ သော့ချက်လည်း ဖြစ်နိုင်သည်။

နှစ်ရက်အကြာတွင် ရှီးအန်သို့သွားမည့် ခရီးဝေး ဘတ်စ်ကားပေါ်တွင် ဝူရှဲနဲ့ လောင်ယန်တို့ ကွာစေ့စားရင်း စကားစမြည်ပြောကာ ဘေးချင်းကပ်လျက် ကုတင်နှစ်လုံးပေါ်တွင် ထိုင်​နေ​ကြသည်။

မူလက ရှီးအန်းကို လေယာဥ်နဲ့ တိုက်ရိုက်ပျံသန်းသွားဖို့ စိတ်ကူးထားပေမယ့် ဦးလေးသုံးက ဂုဏ်သိက္ခာ မရှိပေ။ လုံခြုံရေး စစ်ဆေးရေးဂိတ်မှာ သူ့ရဲ့ မှောင်ခိုအိတ်ကြီးတစ်အိတ် ပိတ်မိနေတော့ ကားကို အစားပြန်ပေး၍ သီးသန့်စာချုပ် ချုပ်နိုင်တဲ့ ဘတ်စ်ကားကိုပဲ စီးနိုင်လေ၏။

ယာဉ်စီးခ သက်သာရန်အတွက် ကားသည် လျှိုမြောင်ထဲတွင် လျှောက်သွားကာ အဝေးပြေး လမ်းမကြီးပေါ် တက်လာခဲ့သည်။ ခဏလောက် ကားစီးရင်း ငြီးငွေ့လာသောအခါ လောင်ယန်နဲ့ စကားစမြည် ပြောရင်း ထိုနေရာ၌ ဟန်မင်းဆက်သင်္ချိုင်းတစ်ခု ရှိကောင်းရှိနိုင်ကြောင်း ဒီနေရာမှာ ထန်မင်းဆက် သင်္ချိုင်းတစ်ခုလည်း ရှိကောင်းရှိနိုင်ကြောင်း ဆိုရာ လောင်ယန်မှာ ဘတ်စ်ကားပေါ်၌ပင် ​မြေတူးချင်စိတ်များ ပေါက်လာတော့သည်။

စကားစမြည်ပြောရင်း လောင်းယန်က လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူသွားလည်ခဲ့တဲ့ တွင်းကို သွားလည်တာအပြင် တခြားတစ်နေရာကို သွားချင်လားလို့ မေးလာခဲ့သည်။ တောင်ပေါ်တက်ရတာ မလွယ်ပေ။ ပိုထုတ်နိုင်ရင် အချိန်ကို မဖြုန်းတီးတာက အကောင်းဆုံးပင်။ အနီးနားက တစ်ခုခုကို ရှာတွေ့နိုင်ရင် ပိုကောင်းမယ့် တခြား သင်္ချိုင်းတွေလည်း ရှိနိုင်သည်။

ဒီအစီအစဥ်ကို ဝူရှဲ တကယ် လုပ်ချင်နေတာ ကြာပြီ။ အဲဒီဒေသတစ်ဝိုက်က ရှေးဟောင်း မြွေတိုင်း​ပြည်ရဲ့ နယ်ပယ်လည်း ဖြစ်နိုင်သည်။ သင်္ချိုင်းတွင်းနဲ့ အနီးနားက ရှေးဟောင်းသင်္ချိုင်းတွေအပြင် တခြားရုပ်ကြွင်းတွေလည်း ရှိနိုင်၏။ နှစ်ယောက်သား တစ်ခုခု ယူလာနိုင်ရင် အတော်လေး ကောင်းသွားပြီပေါ့။ ဝူရှဲ ဒီအကြံအစည်ကို စိတ်ထဲမှာ စွဲထင်နေပေမယ့် အကျယ်ကြီး ထုတ်မပြောဘဲ

“လောဘကြီးမနေနဲ့... မင်း ပြန်လာမယ့် လမ်းကိုတောင် မှတ်မိနေပါ့မလား မသိဘူး... သင်္ချိုင်းတွင်းကို ရှာပြီး ပြန်လှည့်လို့ လမ်းမတွေ့ရင် မင်းဘာလုပ်မလဲ ငါကြည့်ရသေးတာပေါ့"

လောင်းယန်က ဝူရှဲကို ရက်စက်စွာ ပြုံးပြပြီး သူက ဟိုးအရင်က အမှတ်အသားတစ်ခု ချန်ထားခဲ့တယ်လို့ ပြောရာ ဝူရှဲက ရယ်မောလိုက်သည်။

"သုံးနှစ်တောင် ရှိသွားပြီ... ဒီလို နက်နဲတဲ့ တောင်ကုန်းဟောင်းကြီးမှာ ဘယ်အမှတ်အသားကို သုံးနှစ်လောက် ထိန်းသိမ်းထားနိုင်မှာလဲ?"

ထိုအခါ လောင်းယန်ကလည်း

"မင်း ကြည့်ထားစမ်းပါ... ငါ့အမှတ်အသားက သုံးနှစ်မပြောနဲ့... အနှစ် ၃၀ ဆိုရင်တောင် အသုံးဝင်တယ်!"

သူဘာတွေ လုပ်နေခဲ့လဲတော့ မသိချေ။ ဒါကြောင့် ဝူရှဲသူ့ကို အာရုံစိုက်ဖို့ အရမ်းပျင်းသွားသည်။ ခဏစကားပြောပြီး ခေါင်းမူးလာတာနဲ့ တစ်ဖက်ကို လှည့်ကာ အိပ်ပျော်သွားလေ၏။

ရှီးအန်းကို ရောက်တော့ ဧည့်ရိပ်သာလေး တစ်ခုတွေ့ပြီး တစ်ညလုံး ဟင်းသီးဟင်းရွက်ချဉ်နး၊ ခေါင်ရမ်းသီးဟင်းချိုနဲ့ ဒေသထွက် ထမင်းကြော်ကို စားလိုက်​ကြသည်။ ညဆယ့်နှစ်နာရီလောက်အထိ ညဈေးကို လည်လိုက်​ကြသေး၏။ လောင်းယန်က ထမင်းကြော်ကို မြည်းစမ်းပြီး အဲဒီကိုပဲ သွားချင်နေတော့သည်။ ညဘက် ထမင်းစားဖို့ လမ်းဘေးက ဆိုင်တစ်ဆိုင်မှာ ကြုံသလို ဝင်ထိုင်လိုက်သည်။ ဘီယာနှစ်ပုလင်း မှာပြီး သောက်လည်းသောက် စားလည်းစားသည်။

တရုတ်တောင်ပိုင်းက လူတွေရဲ့ ဒေသိယစကားကို ဒီကလူတွေ နားမလည်နိုင်ဘူးလို့ ထင်တဲ့အတွက် ဒီအချိန်မှာ ဘာတားမြစ်ချက်မှ မရှိဘဲ မနက်ဖြန် ဂူဖောက်မယ့် အကြောင်းကို ပြောကြလေသည်။ သူတို့ စကားစမြည် ပြောနေတုန်း သူတို့ဘေးနားက အဘိုးကြီး တစ်ယောက်က မေးလာ၏။

"မင်းတို့နှစ်ယောက်က ဒေသထွက်ကုန်တွေ ရောင်းဝယ် ဖောက်ကားချင်လို့လား?"

[TN -- စာအရမ်းများလို့ စာမစစ်လိုက်ဘူးနော် အမှားပါရင် သည်းခံပေးပါ။ ဒါနဲ့ ရှစ်တိုင်းပြည်က အနီးစပ်ဆုံး အသံထွက်ယူထားပါတယ်။ ဆဋ္ဌဂံခေါင်းလောင်း ဆိုတာနဲ့ ကျန်းအိမ်တော်ကို ပြေးမြင်မိတယ်။ အခု သင်္ချိုင်းသုံးခုပဲ တွေ့ရ​သေးတာတောင် ဆဋ္ဌဂံခေါင်းလောင်းက နေရာတကာ တွေ့နေရတယ်။ အစ်ကိုလေး ကျန်းချီလင်တို့ရဲ့ ဘိုးဘေးအရှိန်အဝါက တကယ် မသေးတဲ့ပုံပဲ။ ရှိသမျှ ဧကရာဇ်တွေနဲ့ ပတ်သက်နေရော]