ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (8)
မျောက်
မျောက်ဘုရင်ကြီးသည် ဝူရှဲကို ကြည့်ကာ ပါးစပ်ကို အဆက်မပြတ် ဖွင့်ဟလျက် အစွယ်ဖြူများကို ထုတ်ပြနေသည်။ ဝူရှဲတို့အား သတိပေးလိုသည့်အတိုင်း ကြည့်နေသလို တစ်ချိန်တည်းတွင်လည်း ခြိမ်းခြောက်သော အသံကို ထုတ်လွှတ်လိုက်သည်။
လောင်းယန်နဲ့ သူလည်း ထိပ်ကလောင်နေတဲ့ ထင်းတစ်ပိုင်းကို ကောက်ကိုင်လိုက်ပြီး ရှေ့ကထွက်လာတဲ့ မျောက်တွေကို ပြန်တွန်းကန်ဖို့ ခွန်အားအပြည့်နဲ့ ကပြဖျော်ဖြေလိုက်သည်။ မျောက်တချို့က နည်းနည်း နှေးကွေးတာကြောင့် သူတို့လွှဲရိုက်လိုက်တဲ့ တုတ်ကမီးတွေနဲ့ တင်ပါးတွေ ပြင်းပြင်းထန်ထန် ပူလောင်သွားကြသည်။ ၎င်းတို့က နာကျင်စွာ အော်ဟစ်၍ အဝေးကို ထွက်ပြေးသွားကြသည်။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ ခရီးဆောင်အိတ်အနီးကို ခိုးဝင်လာတဲ့ မျောက်တချို့လည်း ရှိနေသေးသည်။ အရိပ်အယောင်ကို မြင်လိုက်ပေမယ့် အရမ်းနောက်ကျသွားပြီ။ လောင်းယန်က သူတို့ကို ကျောပိုးအိတ်ထဲ ဖမ်းမထည့်ခင်မှာပဲ ရေစိုခံအိတ်တွေကို မျောက်လေးတစ်ကောင်က ဖြတ်ပြေးပြီး ယူသွားပြီ။ ဝူရှဲလည်း ဒုက္ခပဲလို့ စိတ်ထဲက အော်ပြီး ဖမ်းဖို့ အပြေးအလွှား သွားလိုက်တာနဲ့ မျောက်တစ်ကောင်က သူ့နောက်ကနေ ခုန်ထွက်လာပြီး ခရီးဆောင်အိတ်ကို လှမ်းယူလိုက်သည်။
ကံကောင်းထောက်မစွာပဲ သူ့ခရီးဆောင် အိတ်က အရမ်းလေးလာရာ အကြိမ်အနည်းငယ် ကြာအောင် ဆွဲယူနေရသည်။ ချောမွေ့စွာ ဆွဲထုတ်သွားဖို့ နည်းလမ်း မရှိတော့ဘူးဆိုတာ သိလိုက်ရတဲ့အတွက် ၎င်းက လက်လျှော့ပြီး အတွင်းမှာရှိတဲ့ ပစ္စည်းလေးတွေကို ထုတ်ယူဖို့ ခရီးဆောင်အိတ်ထဲကို လှမ်းဖွင့်လိုက်တော့သည်။
ဒီမျောက်တွေရဲ့ အပြုအမူတွေမှာ ကျွမ်းကျင်လွန်းလှသည်။ ဒီလို လူသားတွေကို ဝိုင်းရံတိုက်ခိုက်တာ ဒါ ပထမဆုံး အကြိမ်တော့ မဟုတ်တာ သေချာပါ၏။ ဂူသင်္ချိုင်း ဖောက်တယ်ဆိုတာကို သူတို့အနေနဲ့ အသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့သာ မှတ်ယူပါက ဒီမျောက်တွေနဲ့ ယှဥ်နိုင်စရာ အခွင့်အလမ်း လုံးဝ မရှိသေးချေ။
ဝူရှဲ စိတ်ရှုပ်သွားချိန် မျောက်လေးက သူ့အိတ်ထဲကနေ သေတ္တာတစ်ဘူးကို ထုတ်ပြီးပြီ။ အဲဒါက ဖိထားတဲ့ ဘီစကွတ်တစ်ထုပ်ပဲ။ ဝူရှဲ မျောက်တွေကို လိုက်ဖမ်းနေဖို့ ဂရုမစိုက်တော့ဘဲ ပြန်ပြေးပြီး ပိတ်ကန်ပစ်လိုက်၏။ မျောက်ကို ကန်ထုတ်လိုက်ပြီးတာနဲ့ သေတ္တာကို ကောက်ယူပြီး သူ့အိတ်ထဲ အမြန် ပြန်ထည့်လိုက်သည်။
အဲဒီအချိန်မှာပဲ သူ့မျက်လုံးရှေ့ကို အဝါရောင်အလင်းတန်းတစ်ခုက ရုတ်တရက် လင်းလက်သွားသည်။ မျောက်ဘုရင်ကြီးက ခုန်တက်လာပြီး သူ့မျက်နှာကို လက်သည်းနဲ့ ဝေ့ယမ်း ကုတ်ဖမ်းလိုက်သည်။ မျောက်တွေ ယုန်တွေကို အမဲလိုက်တဲ့အခါ ဒီလိုတိုက်ခိုက်တာကို မြင်ဖူးသည်။ သူတို့ရဲ့ခြေသည်းတွေက အရမ်းထက်ပြီး တစ်ချက်တည်းနဲ့ အသတ်ခံရနိုင်၏။
စိတ်ပျက်လက်ပျက်နဲ့ပဲ လမ်းဖယ်ဖို့ အချိန်မရှိတာကြောင့် ထင်းချောင်းတစ်ချောင်းကို ကောက်ကိုင်လိုက်ရသည်။ မျောက်က ချက်ချင်းပဲ သူ့လက်ပေါ်မှာ သွေးစွန်းနေတဲ့ အမှတ်အသား တစ်ခုကို ခြစ်ချလိုက်တာကြောင့် ထင်းချောင်းလည်း သူ့လက်ထဲက လွတ်ကျသွားသည်။
မျောက်ဘုရင်က ဆင်းသက်ပြီးတာနဲ့ ချက်ချင်း ပြန်တိုက်ခိုက်တာကြောင့် ဝူရှဲမှာ ထင်းချောင်းကောက်ဖို့ အချိန်မရှိတော့ကာ အလျင်အမြန် ကန်ပစ်ခဲ့ရသည်။ ဒါပေမဲ့ အနှီမျောက်က သူ့ခြေထောက်ကို ပွေ့ဖမ်းထားပြီး ပြင်းပြင်းထန်ထန် ကိုက်ပစ်မယ်လို့ ဘယ်သူက သိမှာလဲ။
ကိုက်အားက ပြင်းထန်လွန်းတာကြောင့် ဝူရှဲခမျာ နာကျင်လွန်းလို့ ရူးလုမတတ် ဖြစ်သွားသည်။ သူက မျက်နှာကို ပြန်ရိုက်ချလိုက်တော့ တစ်ဖက်ကလည်း အရမ်းမြန်တဲ့ တုံ့ပြန်မှုဖြင့် နောက်ပြန်လှည့်ပြီး ချက်ချင်း ခုန်ထွက်သွားလေ၏။ ဝူရှဲ ကျပန်းဖမ်းလိုက်ပေမယ့် တစ်နည်းနည်းနဲ့ သူ့အမြီးကို ဖမ်းမိသွားသည်။
မျောက်အမြီးက အလွန်အရေးကြီးသည်။ တိုက်ပွဲတစ်ခု အတွင်း အမြီးကို အဖမ်းခံရခြင်းသည် သေဒဏ် ချမှတ်ခံရခြင်းနှင့် ညီမျှသည်။ ၎င်းက ရုတ်တရက် ထိတ်လန့်ကာ ဟောက်သံထွက်ကာ ဝူရှဲဆီသို့ အသဲအသန် ပြေးချလာခဲ့သည်။
ဝူရှဲလည်း စိတ်ထဲမှာ သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်တွေ ရှိနေတာမို့ နောက်ဆုံး ထိုးနှက်တာကို ရှောင်ဖို့ ဘေးတိုက်လှည့်သွားပြီး ၎င်းရဲ့ အမြီးကို ကောက်ယူကာ မြေကြီးပေါ် ပစ်ချလိုက်ပါ၏။ ဒီမျောက်လေးရဲ့ အလေးချိန်က အနည်းဆုံး ကီလိုဂရမ် 40 လောက် ရှိမယ်လို့ ခန့်မှန်းရပါ၏။ ဒီထိုးနှက်ချက်က အသက်မသေပေမယ့် သူ့ကိုလွှင့်ပစ်ဖို့တော့ လုံလောက်ပါသည်။
ဒါပေမဲ့ မျောက်က အံ့သြစရာ ကောင်းလောက်အောင် သန်မာလှသည်။ သူ လူသတ်သမားလို လက်အားမျိုး သုံးလိုက်ပေမယ့် တစ်ဖက်က ဘယ်လိုမှ မနေချေ။ အဲဒီအစား သူကဟောက်ပြီး ထပ်ပြေးလာခဲ့သည်။ ဝူရှဲ ခဏလောက်အထိ ရှုံးနေတော့ ကပျာကယာ ထပ်ပြီး အပြင်းအထန် တွန်းထိုးပြီး သစ်ပင်ဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ ဒီတစ်ခါတော့ အင်အားကို အလွန်အကျွံ သုံးထားတာကြောင့် မီတာနဲ့ချီပြီး ပစ်ချခံလိုက်ပြီး ၎င်းက အကြိမ်ပေါင်းများစွာ လှိမ့်သွားကာ ရုတ်တရက် ခုန်ချပြီး သစ်ပင်ပေါ် ခုန်တက်သွားတော့သည်။
လောင်းယန်ကတော့ လုယက်ခံရတဲ့ အိတ်အနည်းငယ်ကို ပြန်လုယူဖို့ တွေးတောရင်း သူတို့အိတ်များကို လုယက်သွားသော ဆာလောင်နေသည့် မျောက်များကို လိုက်ဖမ်းနေသည်။ အစောက မျောက်ဘုရင် ရှုံးသွားတဲ့ပွဲကြောင့် ၎င်းတို့က ချက်ချင်း ထွက်ပြေးသွားကြသော်လည်း ရှောင်မပြေးဘဲ ခြိမ်းချောက်သည့် လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်ကြသေးသည်။ လောင်းယန်သည် ၎င်းတို့အနက်မှ တစ်ကောင်ကို လိုက်ဖမ်းလျှင် တခြားအကောင်များက နောက်မှလိုက်ကာ ကျောက်ခဲများဖြင့် ပစ်ပေါက်သဖြင့် လွန်စွာ စိတ်ပျက်ရသည်။ သူ့ခမျာ မျောက်တစ်ကောင်ကိုပင် မထိနိုင်ဘဲ သူ့ဘာသာ အသက်ရှုကြပ်ပြီး အမောစို့လာ၏။
ဝူရှဲ စမ်းတဝါးဝါး ကြည့်မိတော့ တစ်ခုခုမှားနေသလို ခံစားလာရသည်။ ဒီမျောက်တွေက ခွန်အားကြီးမားသလို သွတ်လတ်စွာ လှုပ်ရှားတတ်ကြသည်။ အဆိုးဆုံး ဒုက္ခကတော့ လူတွေကို လုံးဝ မကြောက်ကြတာပဲ။ မျောက်ဘုရင်တစ်ပါးနဲ့ ဆက်ဆံရတာတင် ဝူရှဲအတွက်က အရမ်းကို ခက်ခဲနေပြီလေ။ မျောက်နှစ်ကောင်သာ တစ်ပြိုင်တည်း တိုက်ခိုက်လာရင် ဒီနေ့ဒီနေရာမှာ သူတို့ ကြီးကြီးမားမား ဆုံးရှုံးမှုကြီး ဖြစ်သွားမှာကို ကြောက်ရသည်။ မျောက်တွေက အရမ်းမှတ်ဥာဏ်အား ကောင်းသည်။ ဒီတခေါက်မှာ အကြောင်းပြချက် မရှိဘဲ ဒီကောင်တွေနဲ့ တိုက်ခိုက်နေရတာ။ ဒါကလုံးလုံး မဖြေရှင်းနိုင်ရင် သူတို့အနာဂတ်မှာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မှာ မဟုတ်ဘူး။
လောင်းယန်သည် အချိန်အတော် ကြာအောင် ပြေးလွှားရင်း မောပန်းနွမ်းနယ်လာကာ ဟောဟဲဆိုက်ပြီး ပြန်ပြေးလာခဲ့သည်။
"မ မဖြစ်တော့ဘူး... ဒီမျောက်တွေက ပြေးတာ အရမ်းမြန်တယ်...ငါတို့ သူတို့နဲ့ မတိုက်ခိုက်နေဘဲ ထွက်သွားရင် ပိုကောင်းမယ်... ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေကို တောင်စောင့်နတ်မင်းကို လက်ဆောင် ပေးတယ်လို့ပဲ သဘောထားလိုက်ရအောင်!"
အဲဒါကို တွေးကြည့်လိုက်တော့ ဝူရှဲမှာလည်း ရွေးချယ်စရာ မရှိတော့ချေ။ တောအုပ်အိုကြီးထဲမှာ မျောက်တွေနဲ့ တိုက်ခိုက်ရတဲ့အခါ သူတို့မှာ အနိုင်ရဖို့ အခွင့်အလမ်း မရှိပေ။ တချို့အရာများ ပျောက်သွားသော်လည်း အလွန်စိုးရိမ်ဖွယ် မရှိပေ။ အအေးမီးတုတ်ကို မီးရှူးတိုင် အနေနဲ့ အသုံးပြုနိုင်သေးသည်။
ဒါနဲ့ပဲ ဝူရှဲ ခေါင်းညိတ်ပြီး လောင်းယန်ကို ပြန်ပြောလိုက်သည်။
"မင်းပြောတာ မှန်တယ်... ဒီနေရာက အရမ်းနက်တယ်။ မှောင်သွားရင် ငါတို့လမ်းလျှောက်ရတာ ပိုခက်လိမ့်မယ်.... ဒါပေမဲ့ မင်းဆိုတဲ့ ကောင်လေးလည်း ပစ္စည်းတွေကို ဂရုတစိုက် စောင့်ကြည့်နေဦး....ပြေးရိုက်ဖို့ပဲ စဥ်းစားမနေနဲ့ နားလည်လား"
လောင်းယန်လည်း ယခု ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို သတိရသောအခါတွင် သူသည် အလွန်ဒေါသ ထွက်လာကာ လက်ကို ဝှေ့ယမ်းပစ်လိုက်သည်။
“ကောင်းပြီ... မပြောနဲ့တော့ ဒီပြဿနာကို ဒီအတိုင်း ထားလိုက်တော့”
သူတို့နှစ်ယောက်က ကျောပိုးအိတ်တွေကို ချည်နှောင်ပြီး မျောက်တွေကို မောင်းထုတ်ဖို့ ကျယ်လောင်စွာ အော်ကာ လမ်းကျဉ်းလေးဆီ ဆက်လျှောက်သွားကြသည်။ မျောက်တွေက သူတို့ထွက်သွားတာကို မြင်တော့ သူတို့ ထွက်ပြေသွားပြီ အထင်ဖြင့် နှစ်ဖက်စလုံးက တောင်နံရံတွေကို ခုန်တက်ပြီး လိုက်ကြတော့သည်။ တစ်ဖက်က မာန်ဖီရင်း တစ်ဖက်ကလည်း တဝူးဝူး အော်ဟစ်နေသည်။ ထိုအခိုက် လောင်းယန်က ဒေါသတကြီးနဲ့ ကျိန်ဆဲရင်း လှည့်ကြည့်လိုက်သည်။
"မင်းတို့ ဝူးဝူးဝါးဝါး လုပ်ပြီး မာနကြီးမနေနဲ့... ငါပြန်လာဖို့ အခွင့်အရေး ရှိသေးရင် မင်းတို့ကို ဖမ်းပြီး အကုန်လုံးကို ချက်စားပစ်မယ်!"
မျောက်အုပ်စုက သူအော်တာကို မြင်တဲ့အခါ အော်ဟစ်ပြီး ပြင်းပြင်းထန်ထန် လိုက်လာကြတော့သည်။ အထူးသဖြင့် အောင်နိုင်သူလို ပြုမူပြီး သူ့နောက်ကို အလွန်နီးကပ်စွာ လိုက်လာတဲ့ မျောက်ဘုရင်က ဝူရှဲသတိမထားမိချိန်ကို အခွင့်ကောင်းယူပြီး ဝူရှဲကို ရိုက်နှက်ဖို့ ကြံစည်လေသည်။ လောင်းယန် ဒေါသထွက်သွားကာ မြေကြီးပေါ်က ခဲတစ်လုံးနဲ့ မျောက်ဘုရင်ရဲ့ နှာခေါင်းပေါ် တည့်တည့် ပစ်ထည့်လိုက်သည်။ ထိုးနှက်ချက်သည် အလွန်ပြင်းထန်သဖြင့် မျောက်ဘုရင်မှာ ချောက်ကမ်းပါးမှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
မမျှော်လင့်ဘဲ မျောက်တွေက ပိုဒေါသထွက်လာပြီး မြေပြင်ပေါ် ပစ္စည်းတွေနဲ့ ကောက်ပြီး ပစ်တော့သည်။ မကြာခင်မှာပဲ ကျောက်တုံးတွေ ရွှံ့တွေနဲ့ ခေါင်းကို အကြိမ်ကြိမ် ရိုက်ခံရလေ၏။ ကံကောင်းထောက်မစွာနဲ့ ဘယ်သူမှ မတွေ့ကြပေ။ မဟုတ်ရင် ကိုယ့်ဂုဏ်သိက္ခာကို ကယ်တင်ဖို့ ကိုယ့်ကိုယ်ကိုယ် သတ်သေရလိမ့်မည်။
သူတို့လမ်းတလျှောက်လုံး မရပ်မနား ပြေးပြီး မရပ်ခင်အထိ စီးကရက်တစ်လိပ် သောက်ချိန်လောက်အထိ ကြာသွားသည်။ ဝူရှဲ ကြည့်လိုက်တော့ သူတို့ မြောင်းထဲကို လုံးလုံး ဝင်သွားပြီဆိုတာကို တွေ့လိုက်ရသလို အပေါ်က "ကောင်းကင်ကြိုးမျှင်" ဟာလည်း "မိုးကြိုးစီးကြောင်း"လို ဖြစ်သွားပြီ။ အကြောင်းမှာ ကမ်းပါးယံ နှစ်ခုကြားက အကွာအဝေးက တောင်တံတိုင်းတွေထဲ စဝင်တုန်းကထပ် ပိုကျဉ်းလာပြီမို့ပင်။ နှစ်ဖက်စလုံးက ချောက်ကမ်းပါးတွေကို ဖိလုတော့မယ့် ခံစားချက်ကို ခံစားလာရတော့ သူတို့လည်း ချွေးအေးတွေ ကျောရိုးတစ်လျှောက် ပြေးဆင်းလာပြီး ချမ်းတုန်လာရာ ဒီကနေ ချက်ချင်း ထွက်သွားချင်စိတ် ပေါက်လာလေ၏။
အဘိုးကြီးလျို ပြောတဲ့စကားက မှန်တယ်လို့ ထင်ရလာသည်။ ဒီတောင်တန်း ကွာဟမှုက ရေဝါရေတံခွန်ဆီ သွားတဲ့လမ်းကို တကယ်ပဲ ဦးတည်သွားနိုင်တာများ ဖြစ်နေမလား။
ရှေ့ကို ဆက်သွားတော့ ဒီခံစားချက်က ပိုတောင် ဆိုးလာသေးသည်။ ဒီလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ကြိုသာ မမေးခဲ့ဘူးဆိုရင် တောင်ရဲ့ အတွင်းဘက်စွန်းက တောင်ကမ်းပါးယံ နှစ်ခုဟာ အတူတူပဲလို့ ထင်မိလိမ့်မည်။
လမ်းပြအိုကြီး ပြောတာကို ပြန်သတိရပြီး သူပြောပြတဲ့ ဒဏ္ဍာရီကိုလည်း တွေးကြည့်လိုက်သည်။
ယင်စစ်သားတွေ အကြောင်း ဒဏ္ဍာရီတွေကို ဝူရှဲ အများကြီး ကြားခဲ့ဖူးပြီး အဲဒါတွေကလည်း ပျင်းစရာကောင်းတဲ့ လူတွေက သူတို့ဘာသာ မှန်းဆထားကြတဲ့ ပုံပြင်တွေကများသည်။ ပိုနာမည်ကြီးတာက ယူနန်ရဲ့ ကျင်းမာအပေါက်ပင်။ ဒဏ္ဍာရီအရတော့ တောင်ပိုင်းသားရိုင်းတွေရဲ့ ဘုရင် မန့်ဟော့က လူရှာပြီး တူးခိုင်းခဲ့တာလို့ ဆိုကြသလို အခုထိလည်း ရှိပါသေးသည်။
မိုးကြိုးပစ်တဲ့ ရာသီရောက်ရင် လက်နက်ကြီးနဲ့ သေနတ်ပစ်သံတွေကို ကြားရလိမ့်မယ်။ နောက်တစ်ခုကတော့ ထန်တောင်မှာ ငလျင်လှုပ်တုန်းက ကိစ္စက ပိုလို့တောင် ဆန်းကြယ်ပါသေးသည်။ အဲဒီတုန်းက ခေါင်းပေါင်း ၁သိန်းကျော် ကို သယ်ဆောင်ထားတဲ့ မြင်းလှည်းရှည်ကြီးကို လူတော်တော်များများ တွေ့လိုက်ရတယ်လို့ ဆိုကြသည်။ အဲဒီတုန်းက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် မြို့ထဲကို ဝင်ရောက်လာတဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က သယ်ယူပို့ဆောင်ရေး အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ဝူရှဲလည်း မမှတ်မိတော့ပေ။
လောင်းယန်ကလည်း တခြားအကြောင်းအရာတွေကို ပြောပြလာသေးသည်။ အဲဒီမြောင်းကို တည်ထောင်ပြီးကတည်းက ဘယ်သူမှ လမ်းမလျှောက်ဖူးပေမယ့် နေ့တိုင်း မြင်းတွေ တက်နင်းထားသလိုမျိုး ပေါင်းပင်တစ်ပင်မှ မပေါက်ဖူးဘူးလို့လည်း ဆိုကြပါ၏။ ရှုခင်းသာ နေရာတစ်ခု ဖြစ်သော်လည်း ဆောက်လုပ်ရေးအဖွဲ့ ရောက်လာသည်နှင့် တပြိုင်နက် မိုးသည်းစွာ ရွာသွန်းနေတတ်သည်။ ဒါက အချိန်တိုင်းလိုလို ဖြစ်တတ်သလို ရွာနဲ့ကလည်း အလှမ်းဝေးလွန်းတဲ့အတွက် စွန့်လွှတ်ဖို့ကလွဲပြီး ခေါင်းဆောင်တွေက ရွေးချယ်စရာ မရှိတော့ချေ။
လျှိုမြောင်ရဲ့ အနက်ပိုင်းသို့ ဆက်သွားလာရာ တဖြည်းဖြည်း ထုံကျဉ်လာသည်။ ဤတောင်ထိပ် အပေါက်က ဘယ်လောက် မြင့်မလဲတော့ မသိချေ။ အတွင်းဘက်ကို ပိုဝေးလေ အလင်းရောင်က ပို၍ မှောင်လာကာ အပူချိန်လည်း ကျဆင်းသွားသည်။ တုန်လှုပ် ချောက်ချားစရာကောင်းတဲ့ ခံစားချက်ကလည်း နားမလည်နိုင်လောက်အောင် ဖြစ်နေသည်။ သူတို့နောက်က မျောက်တွေက ဘယ်အချိန်က ရပ်သွားလဲတော့ မသိပေ။ ရုတ်တရက် တောင်ထိပ် အကြောကြီး တစ်ခုလုံး တိတ်ဆိတ်သွားပြီး လေချွန်သံနဲ့ တခြားပြောလို့မရနိုင်တဲ့ ထူးဆန်းတဲ့အသံတွေပဲ ကျန်ခဲ့တော့သည်။ ဒီခံစားချက်က သူတို့နှစ်ယောက်လုံးကို စိတ်မသက်မသာ ဖြစ်စေသည်။
ဝူရှဲ နဲ့ လောင်းယန်လည်း အာရုံပြောင်းဖို့ တစ်ယောက် တစ်လှည့် ဦးနှောက်အမြည်းများ အကြောင်း ပြောနေကြရသည်။ စကားတွေက တောင်ကမ်းယံကြားက ထူးဆန်းတဲ့လေထုကို မထိခိုက်စေဘဲ သူတို့ စိတ်ထဲမှာ မတည်မငြိမ် ဖြစ်နေတုန်းပင်။ ဒီစိတ်မသက်မသာဖြစ်မှုက ပိုသိသာလာလေ သူတို့ခေါင်းပေါ်က ကောင်းကင်က အလင်းရောင်က အချိန်မရွေး ပျောက်ကွယ်သွားပြီး မည်းနက်တဲ့ တောင်တန်းကြီးထဲမှာ ထာဝရ ပိတ်မိနေတော့မှာလား ဆိုတဲ့ အတွေးက ဝင်လာလေပင်။
ဝူရှဲ ရိုင်းစိုင်းစွာ တွေးတောရင်း လမ်းလျှောက်လာခဲ့တာ ဘယ်လောက်တောင် ကြာသွားလဲမသိ။ ရုတ်တရက် ရှေ့ကလျှောက်နေတဲ့ လောင်းယန်က ရပ်တန့်သွားသည်။ သူလည်း အချိန်မီ မတုံ့ပြန်နိုင်ဘဲ လောင်းယန် နောက်ကျောကို ဝင်တိုက်မိသွား၏။ အရှိန်ကအရမ်း ပြင်းထန်တော့ ဝူရှဲ နည်းနည်း လန့်သွားပေမယ့် ဒေါသထွက်ပြီး
"ဘာဖြစ်နေတာလဲ? စကားတစ်ခွန်းမှ မပြောဘဲ ရပ်နေရတယ်လို့"
သူက ခေါင်းကို လှည့်လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့ပါးစပ်က အချိန်အတော်ကြာအောင် တုန်နေပြီး စကားကလည်း ထစ်ကာ
"လောင် လောင်ဝူ... ရှေ့မှာ လူတစ်ယောက် ရှိနေတယ်"
“လူ?”။ ဝူရှဲလည်း သူဘာတွေ ပြောနေတာလဲလို့ တွေးရင်း အံ့ဩသွားသည်။ ဒီနေရာက အနီးဆုံးရွာနဲ့ ကီလိုမီတာ လေးဆယ်လောက် ဝေးတယ်လေ။ ဒီမှာ တစ်ယောက်ယောက် ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။ သို့သော်လည်း တစ်ချက်ကြည့်ဖို့ ကမန်းကတန်း ခေါင်းညိတ်ပြလိုက်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝူရှဲတစ်ယောက် ဦးရေပြားတွေ ထုံကျင်သွားကာ ခေါင်းက တဆတ်ဆတ်တုန်ရီလျက် လျှာကိုပင် ကိုက်လုနီးပါး ဖြစ်သွားပြီး ခြေဖနောင့်ခေါက်၍ မြေကြီးပေါ် ထိုင်ချမိသွားသည်။
သူတို့ရှေ့က တောင်အလျှိုအတက်ရဲ့ အနက်ရောင် အရိပ်ထဲမှာ ဖုံးကွယ်ထားတဲ့ မျက်နှာနဲ့ ထိုအရာဟာ “လူသား” ပုံသဏ္ဌာန်လို ဟန်ပန်ဖြင့် ရပ်နေသည်။ မျက်နှာက အရိပ်ထဲမှာ ကွယ်ထားတာ သူတို့ဘက်ကို ဗြောင်ကျကျနဲ့ ကြည့်နေ၏။