ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (16)
တောင်တက်ရပြီ
ဆရာလျောင် ချက်ချင်းပင် သူ့လက်ထဲရှိ အစားအစာများကို ချလိုက်ပြီး ထိုလူနှစ်ယောက်၏ နောက်ခံအကြောင်းကို အကျဉ်းချုံး ပြောပြလာသည်။
ကွမ်းတုံမှလာသော သူဌေးနှစ်ယောက်ထဲက သူဌေးဝမ်ရဲ့ အမည်မှာ ဝမ်ချီဖြစ်ကာ လီမျိုးရိုး သူဌေးလီကိုတော့ လီဖီးဖာဟု ခေါ်သည်။ ၎င်းတို့ နှစ်ဦးစလုံးသည် ဖော်ရှန်းမှဖြစ်၏။ ဒေသန္တရ ရှေးဟောင်း လုပ်ငန်းများတွင် အလွန်နာမည်ကြီးကြသည်။ အထူးသဖြင့် လီဖီးဖာက ပို၍ နာမည်ရှိလေသည်။ ရှေးဟောင်း ဂူသင်္ချိုင်းပေါင်းများစွာ၏ တည်နေရာများကို မှတ်တမ်းတင်ထားသည့် "တောင်တန်းမြစ်ချောင်းမှတ်တမ်းများ" ကြောင့် သူ၏ကံကြမ္မာကို ဖန်တီးနိုင်ခဲ့သူ ဖြစ်သည်။
ဝူရှဲလည်း "မြစ်ချောင်းတောင်တန်းများမှတ်တမ်း' အကြောင်း ကြားဖူးပါသည်။ ဒါကိုသိရတဲ့ အကြောင်းရင်းက သူနဲ့ လောင်းယန် တစ်ခါက သူတို့ပြောတာကို ခိုးနားထောင်ခဲ့လိုပင်။ သို့သော် သူပြောသမျှဟာ သူ့ရဲ့ တစ်ဖက်သတ် ပြောဆိုချက်ဖြစ်ပြီး တချို့က ချဲ့ကားထားတာဖြစ်လို့ သူတို့လည်း တိတိကျကျ မသိခဲ့ချေ။ အခု ဆရာလျောင် ပြောတာကို နားထောင်ရသလောက်တော့ သူ့အသံက ပိုခိုင်လုံပြီး ပိုယုံကြည်စိတ်ချရတာ တွေ့ရသည်။
ဝမ်ချီ၏ မိသားစု နောက်ခံသည် လီဖီးဖာလို ထင်ရှားနေတာ မဟုတ်သော်လည်း ၎င်းက ပို၍ မှန်ကန်သော နောက်ခံရှိလေ၏။ သူ၏ ဘိုးဘေးများ လုပ်ကိုင်သည့် လုပ်ငန်းကို ချောင်ဖုန့် ဟုခေါ်တွင်သည်။
[TN - ချောင်ဖုန့်က ရှေးဟောင်းပစ္စည်းတွေကို အတုပြန်လုပ်ပြီး ရောင်းချကြတဲ့ လုပ်ငန်းမျိုးပါ။ အသွေးအသံထွက်ပဲ ယူထားလိုက်ပါတယ်နော်]
ဘာလို့ ချောင်ဖုန့်လို့ ခေါ်တာလဲ? ချောင်ဖုန့်ဆိုတာက အပေါင်ဆိုင်များတွင် အလုပ်လုပ်သော ယောက်ျားများကို ရည်ညွှန်းလေသည်။ သူတို့သည် မြင့်မားသော ကောင်တာပေါ်တွင် ထိုင်ပြီး ပစ္စည်းတစ်ခု၏ တန်ဖိုးနှင့် စစ်မှန်မှုကို အချိန်တိုအတွင်း အဆုံးအဖြတ် ပေးကြသည်။ ၎င်းမှာ သူတို့၏အလုပ် ဖြစ်သည်။
သူတို့ထဲတွင် တန်ဖိုးကြီး ပစ္စည်းများနှင့် နေ့စဉ် စီမံခန့်ခွဲရေး ကိစ္စများကို အကဲဖြတ်ရန် တာဝန်ရှိသူကို ချောင်ဖုန့်ကြီး ဟုခေါ်သည်။ အပေါင်ဆိုင်ကြီးတစ်ခုရဲ့ ချောင်ဖုန့်ကြီးဆိုလျှင် ကမ္ဘာပေါ်က ရတနာတွေကို အများဆုံး မြင်ဖူးသူလို့ ပြောလို့ရသည်။ သူတို့က ထူးထူးဆန်းဆန်းတွေ အားလုံးကို မြင်ဖူးသူပင်။ ဝမ်ချီရဲ့ ဘိုးဘေးမှာ ဝမ်ရှန့်ချူးဟုခေါ်သော ကျော်ကြားသော ချောင်ဖုန့်ကြီး ဖြစ်သည်။ သူ၏ နောက်ပိုင်း နှစ်များတွင် {{ရှေးဟောင်းယွိကျိုင်းအံ့ဖွယ်ဒုက္ခ လက်ကျန်မှတ်တမ်းများ}} ဟုခေါ်သော မှတ်စုစာအုပ်ကို ရေးခဲ့သည်။ ထိုစာအုပ်က ထူးဆန်းပြီး ပိုင်ရှင်ရဲ့ ဖော်ပြချက်အရ သူအကဲဖြတ်ခဲ့တဲ့ ပစ္စည်းတွေရဲ့ အချက်အလက်ကို အသေးစိတ် မှတ်တမ်းတင်ထားပြီး ရှေးဟောင်း သုတေသန လုပ်ငန်းရဲ့ ကိုးကားမှုဖြစ်လို့ တန်ဖိုးက ကြီးမားလေသည်။
ဝမ်ချီကိုယ်တိုင်က ပညာမတတ်ပေမယ့် မှတ်ဉာဏ်ကတော့ အရမ်းကောင်းသည်။ "ရှေးဟောင်းယွိကျိုင်း အံ့ဖွယ်ဒုက္ခရဲ့ လက်ကျန်မှတ်တမ်းများ" ဆိုတဲ့ အကြောင်းအရာတွေကို အကြိမ်ပေါင်းများစွာ ဖတ်ဖူးပြီး အဲဒါတွေကို မသိလိုက်ပါဘဲ အလွတ်ကျက်ခဲ့သည်။ တစ်ချိန်က လမ်းချိန်းတွေ့ဆုံပွဲတစ်ခု၌ "ရှေးဟောင်းယွိကျိုင်း အံ့ဖွယ်ဒုက္ခရဲ့ လက်ကျန်မှတ်တမ်းများ" ထဲတွင် မှတ်တမ်းတင်ထားခဲ့သော ခေါင်းဝှက်သေတ္တာတစ်ခုနှင့် အလွန်ဆင်တူသည့် ကျောက်စိမ်းခြင်္သေ့ဖြူ တစ်ကောင်ကို သူတွေ့လိုက်ရသည်။ အဲ့တုန်းက သူလည်း လူတွေအများကြီးနဲ့ ရှိနေခဲ့သည်။ "ရှေးဟောင်းယွိကျိုင်း အံ့ဖွယ်ဒုက္ခ၏ လက်ကျန်မှတ်တမ်းများ"ထဲက မှတ်တမ်းအရ ကျောက်စိမ်းခြင်္သေ့ဖြူကို လက်ဖက်ရည်ခွက်ထဲသို့ ထည့်လိုက်ရာ မကြာမီတွင် ခြင်္သေ့သည် ပါးစပ်ကိုဖွင့်ကာ ရွှေသစ်ရွက်တစ်ရွက်ကို ထွေးထုတ်လိုက်၏။ ထိုအချိန်မှစ၍ ကျော်ကြားသော ဝမ်ချီ ဖြစ်လာခဲ့သည်။
လူနှစ်ယောက်က ဘယ်အချိန့က ပေါင်းစည်းလိုက်လဲတော့ ဆရာလျောင်လည်း ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။ သူဘယ်လိုလုပ် ဆရာလျောင် ဖြစ်လာတယ် ဆိုတာလည်း မေးရန် ခက်ခဲလှသည်။
ဒါကိုကြားပြီးနောက် ဝူရှဲ ဆရာလျောင်ကို သူတို့နှစ်ယောက် ဘာကြောင့် ဒီတစ်ကြိမ်မှာ ဒီနေရာကို လူကိုယ်တိုင်လာတာလဲလို့ မေးလိုက်သည်။ ဒီလူတွေက တွန့်တိုတတ်တဲ့ လူတွေလေ။ ဘယ်လိုလုပ် ဒီလိုနေရာမှာ နှိပ်စက်ခံရတာကို လက်ခံနိုင်မလဲ။
ထိုအခါ လောင်းယန်က
"ဒါက ဘာတွေ ရှည်ရှည်ဝေးဝေး စဥ်းစားနေစရာလိုလို့လဲ? ပိုက်ဆံကြောင့် ဦးနှောက်လောင်သွားတယ်လို့ ခေါ်တယ်ကွ! ပိုက်ဆံအများကြီး ရှိလို့ ဖြစ်လာတာပဲ ဒီချမ်းသာတဲ့သူတွေက သူတို့မှာ ပိုက်ဆံများလွန်းတဲ့အခါ သူတို့ကိုယ်သူတို့ ဘယ်သူတွေလဲ ဆိုတာ မသိကြတော့ဘူး.... သူတို့က အပြင်ထွက်လာပြီး ကိုယ်ပိုင်ဘဝမှာ တန်ဖိုးရှိတဲ့ အရာတွေကို ရှာချင်ကြတာ... ပိုက်ဆံအများကြီးရှိတဲ့ လူတချို့အတွက် ဒါတွေက မဆန်းပါဘူး”
ဆရာလျောင်က ရယ်မောပြီး ပြောလာခဲ့သည်။
"အစကတော့ ငါလည်း ဒီလိုပဲထင်ခဲ့တာ... ဒါပေမဲ့ နောက်တော့မှ ဒီလိုမဟုတ်မှန်း သိလိုက်ရတာ... ဒီတစ်ခါတော့ သူတို့ နှစ်ယောက် တော်တော် စိတ်ပိုင်းဖြတ်ထားပုံရတယ်။ ငါ့ရဲ့ ခန့်မှန်းချက်အရဆို သူတို့မှာ လျှို့ဝှက်ချက်တစ်ခု ရှိကောင်းရှိနိုင်တယ်... အဖြေက ဒီရှေးဟောင်းဂူသင်္ချိုင်းထဲမှာပဲ ရှိတယ်"
ထို့နောက် ဝူရှဲက
"ဟုတ်သားပဲ ဆရာလျောင် ခင်ဗျား "မြစ်ချောင်းတောင်တန်းမှတ်တမ်း" ကို ဖတ်ဖူးတယ်ဆိုတော့ ရေတံခွန်ထဲကို ဘယ်လိုသွားရမလဲ သိလား?"
ဆရာလျောင်က ဝူရှဲကို တစ်ချက်ကြည့်လိုက်ပြီး
"အဲဒီ {{မြစ်ချောင်းတောင်တန်းမှတ်တမ်း}}က လီဖီးဖာရဲ့ ရတနာပဲ...ငါလည်း လီဖီးဖာ သေသွားပြီးမှ သူ့မှတ်စုတွေကို နည်းနည်း ကြည့်နိုင်ခဲ့တာ...ငါ တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ တခြား အကြောင်းအရာတွေ အများကြီးကို မြင်ခဲ့ရပေမယ့် ဒီဂူသင်္ချိုင်း အကြောင်းကိုတော့ မတွေ့ခဲ့ရဘူး... အုတ်ဂူရဲ့ တစ်စိတ်တစ်ပိုင်းကိုတော့ တွေ့ခဲ့သလို ရှိပေမယ့် နောက်ပိုင်းမှာ ဝမ်မျိုးရိုး သူဌေးလက်ထဲကို ရောက်သွားခဲ့တော့ ငါလည့း ကြည့်ဖို့ အခွင့်အရေး မရှိတော့ဘူး... ဒါပေမယ့် မနေ့ညက တွေ့ခဲ့ရတဲ့ အခြေအနေကို ကြည့်ရရင် ရှေးဟောင်း ဂူသင်္ချိုင်းထဲကို ဝင်တဲ့ ဝင်ပေါက်က အလောင်းတွေ စုပြုံထားတဲ့ ဒီနေရာပဲ ဖြစ်လောက်တယ်"
ဆရာလျောင်က သူမသိဘူးလို့ ပြောတဲ့အတွက် ဝူရှဲတို့လည်း သူ့ကို ယုံရုံပဲ ရှိတော့သည်။ မနက်စာစားပြီး ကျောပိုးအိတ်တွေကို ကိုယ်စီလွယ်လိုက်သည်။ ဝူရှဲ ဆရာလျောင်ရဲ့ ခါးပတ်ကြိုးကို ဖြည်လိုက်ပြီးနောက် သူကိုယ်တိုင်လည်း အပေါ်ထည် အဝတ်အစားတွေကို ချွတ်ကာ ခါးမှာ ချည်နှောင်ကာ ဖိနပ်ကြိုးတွေကိုလည်း တင်းတင်းကြပ်ကြပ် ချည်ထားလိုက်သည်။ သုံးယောက်သား သေချာပြင်ဆင်ပြီးနောက် ကျောက်တန်းတွေဘက်ကို ထွက်လာကာ တောင်တက်ဖို့ ပထမခြေလှမ်းကို စတင်လိုက်သည်။
ရယ်စရာကောင်းတာက သူတို့သုံးယောက်ထဲမှာ ဝူရှဲက အသန်ဆုံး ဖြစ်နိုင်သည်။ ဒါကြောင့် မီးရှူးတိုင်ကို ဝူရှဲက ကိုင်ထားလိုက်သည်။ အဲဒီနေ့က ဘုရင်လုရှန်ရဲ့ နန်းတော်မှာ သူ့ရဲ့ ရာထူးအဆင့်က အပြည့်အဝ တိုးလာပုံရတယ်လို့ပင် တွေးမိလေ၏။ အခုအချိန်တုန်းမှာ သူဘာလို့ ဒီလောက်ကြီးလေးတဲ့ တာဝန်ကို ယူခဲ့တာလဲ သူကိုယ်တိုင်လည်း မသိပေ။
အခုလက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ပြောစရာမရှိပါဘူး။ သူတို့ တစ်လှမ်းပြီး တစ်လှမ်း သူတို့ခန္ဓာကိုယ်များကို ချောက်ကမ်းပါးအောက်သို့ ဖြည်းညှင်းစွာ နိမ့်ချကာ ဂူ၏အမှောင်ရှိရာ အောက်ခြေဆီသို့ ဆင်းသွားကြသည်။
ဒီတောင်ကို ဆင်းရတာ အရမ်းခက်ခဲပြီး ချောက်ကမ်းပါးပေါ်ကနေ အကြိမ်အနည်းငယ် ပြုတ်ကျလုနီးပါးပင် ဖြစ်သွားသည်။ ဒါပေမဲ့ ခြုံငုံကြည့်ရင် မတ်စောက်ပေမယ့် တောင်တက်ဖို့က မခက်ပေ။ ရဲရင့်ပြီး သတိထားရင် ကလေးမလေးတောင် ဆင်းနိုင်လောက်၏။ အချိန်နည်းနည်း ပိုကြာတာလေးပဲ ရှိသည်။
တောင်ကမ်းပါးယံ တစ်ဝက်လောက် ရောက်တော့ ဆရာလျောင်ရဲ့ ခြေဖဝါးတွေက ဆိုးရွားစွာ တုန်ခါလာတော့သည်။ သူက တောင်တက်ရတာကို ကျင့်သားမရသေးပုံရ၏။ စီးကရက်ဗူး တစ်ဝက်ကုန်တဲ့ အချိန်လောက်အထိ ကုန်သွားခဲ့သည်။ ဝူရှဲကတော့ အချိန်အတော် ကြာအောင် မတွေ့ခဲ့ရတဲ့ မြေကြီးကို ခြေဖဝါးနဲ့ ထိသွားပြီ။
ထိုအလောင်းများကို မြေပြင်မှကြည့်လျှင် အလွန်ပြင်းထန်သော ကြောက်လန့်မှုတစ်ခု ရှိလေသည်။ ဤအလောင်းများသည် မြှုပ်နှံထားခံရသော ကျွန်များ သို့မဟုတ် စစ်သုံ့ပန်းများ ဖြစ်နိုင်သည်။ အလောင်းများဟာ နေရောင်ခြည် မရောက်နိုင်သော နေရာ၊ အအေးဓာတ်နှင့် စိုစွတ်သော ဂူထဲတွင် နှစ်ပေါင်းများစွာ နေခဲ့ရတာကြောင့် အရိုးများက မှိုအနံ့ တစ်မျိုးထွက်၍ မည်းနက်ကာ လေထဲတွင် ပြင်းထန်သော အနံ့ဆိုးများကို ထုတ်လွှတ်လျက် ရှိသည်။ လူသေအလောင်းများစွာကို အပိုင်းပိုင်း ဖြတ်ထားသလို ကွဲအက်နေကာ ၎င်းတို့၏ အမူအရာမှာလည်း ပြင်းထန်လှ၏။ တချို့အလောင်းတွေဆို အစွယ်ရှည်တွေတောင် ထွက်နေသေးသည်။
ဝူရှဲ ဆရာလျောင်ကို ချောက်ကမ်းပါးပေါ်ကနေ ဆင်းလာနိုင်အောင် ကူညီပေးခဲ့သည်။ သူက ရောက်ရောက်ချင်း တုန်လှုပ်သွားပြီး ဦးခေါင်းခွံတစ်ခုကို နင်းမိသွားရာ ပုပ်ပွနေပြီဖြစ်တဲ့ ဦးခေါင်းခွံကို အပေါက်တစ်ခု ဖြစ်အောင် လုပ်လိုက်တော့သည်။ ကံကောင်းစွာနဲ့ပဲ သူ့ကို နစ်မြုပ်မသွားအောင် ထိန်းနိုင်ခဲ့သည်။ နောက်ဆုံးတော့ သူက မတ်တပ်ရပ်ပြီး ခေါင်းထဲက ချွေးတွေကို သုတ်လိုက်၏။
"မင်းတို့ကို ရယ်ရအောင် လုပ်မိသွားပြီ ... ငါက ငယ်ငယ်ကတည်းက အားနည်းပြီး ခဏခဏ ဖျားတတ်တယ်... လေတိုက်ရင်တောင် လဲကျသွားတာ ငါ့ခန္ဓာကိုယ်နဲ့ အရိုးတွေက ဒီစီးပွားရေးလောကမှာ နောက်တစ်ကြိမ် ဂူမဖောက်နိုင်တော့မှာတောင် ကြောက်ရတယ်”
ဝူရှဲ သူ့ကို စကားနည်းနည်းနဲ့ နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် ဒီလမ်းကို ဘယ်လိုသွားရမလဲ သိနိုင်ဖို့ ပတ်ဝန်းကျင်ကို အလင်းရောင် ရသွားအောင် မီးရှူးတိုင်ကို မြှောက်လိုက်သည်။
အလောင်းများသည် တောင်တစ်ခုသဖွယ် စုပုံနေပြီး အလောင်းများကြားမှ ရှေ့တည့်တည့်သို့ ဦးတည်သော လမ်းတစ်ခု ရှိသည်။ ဒါပေမဲ့ မီးရောင်အောက်ကနေ ၁၀ မီတာလောက်သာ တွေ့ရကာ အဲ့ထက်ဝေးသွားရင်တော့ မမြင်ရတော့ပေ။ ချောက်ကမ်းပါးကနေ လှမ်းကြည့်လိုက်တုန်းက ဒီလမ်းကို တွေ့ပြီးပြီ။ အဲဒါက မြေပြန့်ကို တိုက်ရိုက်ရောက်သွားတာပဲ။ ရှေ့ကို တက်ရုံနဲ့ အဲဒီနေရာကို ရောက်နိုင်မယ်လို့ ထင်ရ၏။
ဆရာလျောင်လည်း မောပန်းနွမ်းနယ်နေတော့ လမ်းမလျှောက်နိုင်တော့ရာ သူ့ကို ဒီမှာ အသက်ရှူခွင့်ပေးပြီး အလောင်းတွေရဲ့ အခြေအနေကို ကြည့်ခိုင်းလိုက်သည်။
ဝူရှဲတို့လည်း ပတ်ဝန်းကျင်ကို အကြိမ်အနည်းငယ် အကဲခတ် ကြည့်ကြသည်။ အချိန်အတော် ကြာအောင် ကြည့်ပြီးနောက် ဆရာလျောင်ရဲ့ အမူအရာမှာ ရှင်းရှင်းလင်းလင်း ပြောင်းလဲသွားတာကို သတိပြုမိပြီး ဝူရှဲ မေးကြည့်လိုက်သည်။
"ဘာမြင်လို့လဲ?"
"ဒီမှာ လူမဟုတ်တဲ့ အလောင်းတွေ ရှိပုံရတယ်.... အဲဒီ ဦးခေါင်းခွံတွေရဲ့ တည်ဆောက်ပုံက မှားနေတယ်"
အသွင်ပြောင်းပြီးတဲ့ ဖုတ်ကောင်အရိုးတွေများ ဖြစ်နိုင်လား။ ဒါကလူမဟုတ်ရင် ဘာဖြစ်နိုင်ဦးမလဲလို့ အမြန်မေးလိုက်သည်။ ထိုအခါ ဆရာလျောင်က
"အခုကြည့်ရသလောက်တော့ မင်းတို့ကို ပြောပြလို့ မရသေးဘူး.... သိချင်ရင် နောက်ထပ်နည်းနည်း ထပ်ကြည့်ရမယ်... လုံးလုံးမပြိုကွဲသေးတဲ့ အကောင်တွေကို ရှာတာ အကောင်းဆုံးပဲ... ဟုတ်မဟုတ်တော့ မသိဘူး ဒီအလောင်းတွေ စုပုံနေတဲ့ နေရာတွေမှာရှိသလား၊ ကြည့်ချင်လား"
လောင်းယန်က အေးစက်တဲ့လေကို မှုတ်ထုတ်လိုက်ပြီး
"မင်းက ပေါ့ပေါ့တန်တန် ပြောတတ်တယ်နော်.. ဒီအထဲမှာ အလောင်းတွေ ဒီလောက်များပြီး ဒီလောက်လေးလံတဲ့ ယင်ဓာတ်နဲ့ ဖုံးအုပ်ထားတာ အလောင်းအသွင်ပြောင်းတဲ့ အရိပ်အယောင်တွေ ရှိမှာပဲ... ဖုတ်ကောင်တစ်ကောင် ထွက်လာရင် ငါတို့မှာ မြည်းနက်ခွာလည်း ပါလာတာ မဟုတ်ဘူး.... ပြီးတော့ မင်းက ခုန်လို့မရ ပြေးလို့မရနဲ့ အဆင်မပြေရင် သုံးယောက်စလုံး ဒီမှာလျှောသွားမှာ ကြောက်ရတယ်"
လောင်းယန်နဲ့ ဝူရှဲလည်း အတွေးအမြင် တူနေသောကြောင့် ဝူရှဲ ဆရာလျောင်အား ပြောလိုက်သည်။
"မလိုပါဘူး... ကျွန်တော်တို့ သုတေသန မလုပ်ချင်ဘူး"
ဆရာလျောင်လည်း ဖုတ်ကောင်တွေ အကြောင်း တော်တော်များများကို ကြားဖူးပြီးသား ဖြစ်ပေသည်။ ထို့ကြောင့် သူက ခေါင်းညိတ်ပြီး ပြောလာသည်။
"ငါပြောချင်တာက မင်းတို့လုပ်ခိုင်းရင်လည်း ငါမလုပ်ပါဘူးလို့"
မီးရှူးတိုင်ကို အချိန်အတော်ကြာ အသုံးပြုပြီးနောက် လောင်ကျွမ်းနေတာက မြန်ဆန်တာကို မြင်လိုက်ရသည်။ မီးတောက်က ကြာရှည်မခံပေ။ ဒီလိုနေရာမျိုးမှာ မီးမရှိတော့ရင် အသက်ဆုံးသွားလိမ့်မယ်။ နောက်တစ်ခါ မီးထွန်းဖို့က အရမ်းခက်တယ်လေ။ အဆိုးဆုံးကတော့ အလောင်းတွေကို လက်ထဲမှာ ကိုင်ပြီး လမ်းလျှောက်ရမှာ ဖြစ်တာကြောင့် သူတို့ အများကြီး အနားမယူတော့ဘဲ ခဏလောက် ထိုင်ထပြီး လမ်းလျှောက်လာခဲ့၏။
နှစ်ဖက်စလုံးမှာ အလောင်းတွေက တန်းစီနေပြီး လျှောက်သွားခဲ့ကြတဲ့ လမ်းတစ်လျှောက်က အလောင်းတွေ အလယ်မှာ ကျောက်တုံးရုပ်တွေလည်း ရောနှောနေတာကို တွေ့ရတော့ စိတ်သက်သာရာ ရသွားကြသည်။ ဂူရဲ့ အောက်ခြေမှာ ရွှံ့တွေ ဖြစ်နေလို့ ဝူရှဲ အံသြသွားရသေးသည်။ လမ်းလျှောက်ရတာက လက်တွေ့မကျသလို ဒီအနက်ရောင် အရာတွေက ပုပ်ပွနေတဲ့ လူသေတွေလို့ ထင်နေတော့ ခြေဖဝါးတွေမှာ အေးစက်တဲ့ ခံစားချက်ကိုပါ ရောနှော ခံစားနေရတော့သည်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် မီးတောက်က သေးငယ်လာပြီး အလင်းတန်းများလည်း တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။ သူတို့ အရှိန်အဟုန်ဖြင့် အရှိန်မြှင့်ကာ ရှေ့သို့ တောက်လျှောက် လျှောက်လာခဲ့သည်။ သိပ်မကြာခင်မှာပင် ထူးဆန်းသလို ခံစားလာရတော့သည်။ ဒီနေရာရဲ့ အကွာအဝေးက မီတာ ၂၀၀ ကျော်ပဲရှိရာ သူတို့ရဲ့ခြေဖဝါး အင်အားနဲ့ဆို အဆိုးဆုံး ငါးမိနစ်အတွင်း ရောက်နိုင်ရမယ်။ တစ်နာရီ လေးပုံတစ်ပုံနီးပါး လမ်းလျှောက်ပြီးတာတောင် တွင်းရဲ့အရိပ်ကို ဘာလို့ မမြင်ရသေးတာလဲ။ သူတို့ မျက်စိကန်းပြီး တစ်နေရာရာမှာ လမ်းလွဲနေခဲ့တာများလား။
နောက်စီးကရက် တစ်လိပ်သောက်ချိန် ကုန်သွားတဲ့အထိ ရှေ့ကို ပြေးသွားပေမယ့် ဒီအတိုင်းပဲရှိနေတုန်းပင်။ ရှေ့နဲ့နောက်မှာ အရိုးစုတွေကိုသာ မြင်နေရသလို အမှောင်ထုက အဝေးမှာရှိနေသည်။ ဝူရှဲ မထိန်းနိုင်ဘဲ တိတ်တိတ်လေး ကျိန်ဆဲလိုက်မိ၏။ အောက်ဆင်းလာတာက ဒီလိုအခြေအနေ ဖြစ်သွားမယ်လို့ မမျှော်လင့်ထားပါဘူး။ ဒီမှာမြင်ကွင်းကို အမှောင်ထုက ကန့်သတ်ထားတာမလို့ ဘယ်နေရာမှာပဲကြည့်ကြည့် အတူတူပဲ ဖြစ်နေသည်။ အခု အရပ်မျက်နှာက ဘယ်ထောင့်ကို ရောက်သွားမှန်းတောင် မသိတော့ဘူး။
ထိုအချိန်တွင် ဆရာလျောင်လည်း အဆင်မပြေတော့ရာ သူက ဝူရှဲအား ဖမ်းဆုပ်၍ အသက်ရှုကြပ်စွာဖြင့် ပြောလာသည်။
"အစ်ကိုရှောင်ဝူ...မ မပြေးပါနဲ့တော့ .... အသုံးမဝင်တော့ဘူး ငါတို့ လှည့်စားခံလိုက်ရတာ ဖြစ်နိုင်တယ်"