ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (21)
ချင်လင်နတ်သစ်ပင်
ဘယ်သန် ပစ်ချက်ဖြစ်သောကြောင့် အိမ်လုပ်သေနတ်ရဲ့ နောက်ပြန်လှည့်လာမှုက အလွန်ကြောက်စရာ ကောင်းလှသည်။ ထိုပစ်ချက်အနည်းငယ် အပြီးတွင် ဝူရှဲ သူ့လက်တွေ ထုံကျင်လာသလို ခံစားခဲ့ရပြီး မကိုင်ထားနိုင်တော့ပေ။ ကံကောင်းစွာနဲ့ အသံက အံ့သြဖွယ်ကောင်းလှသည်။ လောင်းယန်ပင် ကြောက်လန့်တကြား ယိမ်းထိုးသွားသဖြင့် ကြွက်များသည်လည်း ချက်ချင်း နောက်ဆုတ်သွားကာ နောက်တစ်ကြိမ် ထပ်မတိုက်ခိုက်ရဲတော့ပေ။
ဒါကို အခွင့်အရေးတစ်ခုလို့ မြင်လိုက်တဲ့ ဝူရှဲက လောင်းယန်ကို မြန်မြန်သွားဖို့ တိုက်တွန်းလိုက်တော့သည်။ အိမ်လုပ်သေနတ်ရဲ့ အနီးကပ်အကွာအဝေးက အလွန်အားကောင်းပေမယ့် ကျည်ဆန်တွေက အကန့်အသတ်နဲ့ ဖြစ်နေသည်။ သူတို့ဆယ်ကောင်ကို တစ်ချက်တည်းနဲ့ ပစ်သတ်လိုက်ရင်တောင် လုံလောက်တဲ့ အကွာအဝေးဖြစ်နေပြီ။ နောက်တစ်ခါ ထပ်ချရင် effect က ကောင်းမလားပင် မသိ။
အဲဒါကို တွေးရင်း တွင်းရဲ့ အလယ်ဗဟိုကို ဆုတ်ခွာကြည့်လိုက်တော့ မြေကြီးထဲမှာ မှောင်မည်းနေတဲ့ အပေါက်ကြီးတစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။ ထို့အပြင် မြေမျက်နှာပြင်အောက်က အုတ်အလွှာတွေကိုပါ ယောင်ဝါးဝါး မြင်လိုက်ရ၏။ လောင်းယန်သည် ဆရာလျောင်ကို အပေါက်ထဲသို့ သွင်းရန် ရုန်းကန်နေရသည်။ သူ့ကျောရိုးကို ညာဘက်အောက်ခြေသို့ လျှောချကာ လက်ကို လွှတ်လိုက်သည်နှင့် ဆရာလျောင်တစ်ယောက် မြေကြီးပေါ် လဲကျသွားတော့သည်။ ထို့နောက် လောင်းယန်လည်း မြေကြီးကို လက်နှစ်ဖက်ဖြင့် ကုတ်ထားပြီး တွင်းထဲသို့ ခုန်ဆင်းလိုက်သည်။
ဝူရှဲက အနောက်မှာ ရပ်နေပြီး အထဲက လောင်းယန်ရဲ့ အော်သံကြားတော့ လောင်းယန်အတိုင်း အတုယူပြီး မြေကြီးပေါ် လက်တစ်ဖက်ထောက်လျက် တွင်းထဲကို ခုန်ဆင်းသွားသည်။
ခန္ဓာကိုယ်တစ်ဝက် မပြည့်ခင်မှာပဲ သူ့ခြေထောက်တွေက မြေပြင်ကို ထိသွား၏။ မီးခြစ်ကို ဖွင့်လိုက်တော့ လောင်းယန်က သူဆင်းလာဖို့ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေတာကို တွေ့လိုက်ရသည်။ ဆရာလျောင်မှာ အသက်ရှင်နေသေးလား သေသွားပြီလား မသိရဘဲ တစ်ဖက်မှာ လဲကျသွားနေ၏။
ဝူရှဲ မီးခြစ်ကို လောင်းယန်ဆီ ပေးလိုက်ပြီး အလင်းရောင်ရအောင် ထွန်းဖို့အတွက် တစ်ခုခု ရှာခိုင်းလိုက်သည်။ သူကတော့ မြေပြင်ပေါ်က လက်နက်အချို့ကို ကောက်ယူကာ ကြွက်များ အပြေးအလွှား ဝင်ရောက်ခြင်းမှ ကာကွယ်ရန် တွင်းပေါက်ကို ကြုံရာကျပန်း ပိတ်ဆို့ထားခဲ့သည်။
လောင်းယန်က ဂူသင်္ချိုင်းတဝိုက်ရှိ နံရံများပေါ်မှ မီးရှူးမီးတိုင်များကို ထွန်းညှိလိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ၎င်းသည် ရှင်းလင်းသော မြွေတိုင်းပြည်ပုံစံဖြင့် ကျောက်ခန်းတစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကျောက်ခန်း၏ နံရံများကို ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ရောင်စုံ ပန်းချီကားချပ်များ ပါရှိသည်။ အပေါ်ပိုင်းကို အပြာရောင်အုတ်စီထားတဲ့ ကျောက်တုံးတွေနဲ့ ပြုလုပ်ထားရာ စိုထိုင်းဆကြောင့် မျက်စိနဲ့ မြင်နိုင်သလောက် နေရာတိုင်းလိုလိုမှာ မှိုစွဲနေတဲ့ ခြေရာလက်ရာတွေ ရှိနေ၏။
ကျောက်ခန်းက အလွန်သေးငယ်သည်။ လက်နက်နှင့် ကိရိယာများအပြင် သင်္ဂြိုဟ်ထားသည့် ပစ္စည်းများလည်း မရှိချေ။ ကျောက်ခန်းအလယ်တွင် ခေါင်းတလား မရှိသော်လည်း ကြမ်းပြင်ပေါ်တွင် ခေါင်းတလား တင်ထားသည့် သဲလွန်စများတော့ ရှိနေသည်။
အပြင်ဘက်မှာ တခြားနေရာတွေကို သွားတဲ့ စင်္ကြံတွေကို မတွေ့မိပါဘူးလို့ တွေးကြည့်မိသေးသည်။ အခုတော့ မထူးဆန်းတော့ပါဘူး။ အပြင်မှာ သေလွန်သူတွေကို ကာကွယ်ချင်တဲ့ ရှေးဟောင်း ဂူသင်္ချိုင်းတွေက ဒီလို အခန်းကြီးတွေ ဘာမှ မပါဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ထိုခဏတွက် အပေါ်ကနေ လေပူတွေ ရိုက်ခတ်လာတာကြောင့် အောက်ဆီဂျင် လုံလုံလောက်လောက် မရှိတော့ဘူးလို့ ခံစားလာခဲ့ရသည်။ အပူချိန်ကြောင့် ပန်းချီကားတွေရဲ့ အရောင်တွေက ပိုပိုပြီး အရောင်စုံလာတာကြောင့် လူကို သူတို့ကို တိုက်ရိုက်ကြည့်ဖို့ ကြောက်ရွံ့လာစေတော့သည်။ ဒီနေရာမှာ ခေတ္တနေထိုင်ရင်း သူတို့အသက်ကို ကယ်တင်နိုင်သော်လည်း ရေရှည်ဖြေရှင်းချက် မဟုတ်ကြောင်း သူတို့စိတ်ထဲတွင်လည်း သိကြပါ၏။
ဝူရှဲ ရေနည်းနည်း သောက်ပြီး ဆရာလျောင် ဘယ်လိုနေလဲ ကြည့်ဖို့ သွားလိုက်သည်။ သူ့နဖူးကို ထိလိုက်တာနဲ့ သူ့တစ်ကိုယ်လုံး ပူနေပြီး အသက်ရှူမဝသလို မောဟိုက်နေတာကို တွေ့လိုက်ရသည်။ ဒါက ခန္ဓာကိုယ် အပူချိန်တက်လာတဲ့ လက္ခဏာတစ်ခုပဲ။ ဝူရှဲ ကျန်တဲ့ ရေပုလင်းတစ်ဝက်ကို သူ့ပါးစပ်ထဲ အမြန် လောင်းထည့်ပေးလိုက်သည်။ လောင်းယန်ကလည်း သူ့ရဲ့အဓိကနေရာကို ကြိမ်ဖန်များစွာ ညှစ်ပြီး နောက်ဆုံး သူ့ကို စိတ်တည်ငြိမ်အောင် ထိန်းနိုင်ခဲ့လေသည်။
အပြင်က ကြွက်တွေကတော့ ရူးနေပြီ။ သူတို့က အပေါက်ဝကို ဝင်ဖို့ အသည်းအသန် အော်ဟစ်နေကြသည်။ ဒါပေမဲ့ တွင်းဝင်ပေါက်က ချွန်ထက်တဲ့ ကြေးလက်နက် ကိရိယာတွေနဲ့ ပြည့်နေတော့ ခက်ခက်ခဲခဲ ဘယ်လိုမှ ဝင်လို့မရဘူး ဖြစ်နေသည်။
လောင်းယန် အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်တော့ ထွက်ပေါက် မရှိတာကို တွေ့တော့ သူက ဝူရှဲမား လျှို့ဝှက်လမ်းရှိသလားလို့ မေးလာသည်။ မဟုတ်ရင် ဒီတစ်ခါတော့ သူတို့ကိုယ်တိုင် လုပ်ရလိမ့်မည်။
ဝူရှဲ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ထောင်ချောက်တွေ တပ်ဆင်ထားတဲ့ နေရာက မရှိသလောက်ပါပဲ။ အခန်းက သေးငယ်လွန်းပြီး တစ်ချက်ကြည့်လိုက်ရင် အလွယ်တကူ မြင်နိုင်ပါ၏။ မဖြစ်နိုင်ဘူးလို့ ပြောတော့မယ့် အခိုက်မှာပဲ ရုတ်တရက် ကလစ်တစ်ချက် နှိပ်သံပေါ်လာပြီး လိုဏ်ဂူအဝင်ဝမှာ ကြွက်တစ်ကောင်က အုတ်ခဲတစ်တုံးကို ဝါးနေတာကို တွေ့လိုက်ရသည်။ ၎င်းက ကိုက်ခဲပေမယ့် ကံမကောင်းစွာပဲ သူ့ဦးခေါင်းက ကြီးလွန်းပြီး အုတ်နှစ်ချပ်ကြားထဲမှာ ပိတ်မိသွားခဲ့သည်။
ဒီကြွက်တွေက ကြေးနီကို မကိုက်နိုင်တော့ရာ စိမ်းစိုနေတဲ့ အုတ်ခဲတွေကိုပဲ ကိုက်ကြတော့သည်။ ဝူရှဲ စိတ်ထဲကနေ အော်လိုက်မိတယ်။ ဒီအစိမ်းရောင် အုတ်ခဲတွေက အရမ်းသန်မာပေမယ့် သတ္တုထက်တော့ မမာပေ။ ကြွက်တွေက အရမ်း ဝိုင်းကိုက်နေကြတဲ့အခါ အပေါက်တွေတောင် ဖြစ်လာပြီ။
ဝူရှဲ လှံတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ကြွက်တွေကို ပြန်တွန်းထုတ်ပြီး လောင်းယန်လည်း အကူအညီ လှည့်တောင်းလိုက်သည်။ လောင်းယန်က သူ့အင်္ကျီကို အမြန်ချွတ်လိုက်ပြီး ဂူအဝင်ဝမှာ လက်နက်ကြီးနဲ့ တွန်းထုတ်လိုက်လေသည်။
ဒါပေမဲ့ သူ့အဝတ်တွေက အသုံးမဝင်ချေ။ ကြွက်တွေက အပေါက်ကြီးတစ်ခု ဖြစ်သွားအောင် ကိုက်ပစ်ပြီး လှံတံပေါ်ကနေ ကြွက်တစ်ဒါဇင်ကျော် ခုန်တက်လာကြတော့သည်။ နှစ်ယောက်သား ပိတ်ဆို့ထားတာကို မြန်မြန် လွှတ်လိုက်တော့ အဲဒီကြွက်တွေက မြေပြင်ပေါ် ခုန်ဆင်းလာပြီး သူတို့ကို မတိုက်ခိုက်လာတော့ချေ။
လောင်းယန် တစ်ချက်ကြည့်လိုက်ရင်း ရုတ်တရက် သဘောပေါက်သွားပြီး
"လောင်ဝူ... သူတို့က လွတ်လမ်းရှာနေတာကွ! သူတို့နောက်ကို မြန်မြန်လိုက်!"
နံရံရဲ့ ခြေရင်းမှာ မထင်ရှားတဲ့ ကြွက်တွင်းတစ်ပေါက် ရှိနေတာကို အမြန်ပြေးကြည့်လိုက်မှ တွေ့လိုက်ရလေ၏။
လောင်းယန်သည် မြေပြင်ပေါ်ရှိ ကြေးနီတူကို ကောက်ကိုင်ကာ လှည့်၍ နံရံကို ရိုက်လိုက်သည်။ တစ်ချက် ရိုက်လိုက်ရုံဖြင့် ကျောက်တုံးကြီးက အက်ကွဲသွားကာ နံရံတွင် လူဦးခေါင်းလောက်ရှိတဲ့ အပေါက်ကြီးတစ်ခု ပေါ်ထွက်လာသည်။ သူတို့ ငုံ့ကြည့်လိုက်တော့ နောက်ကွယ်မှာ ကျောက်ခန်းတစ်ခန်း ရှိနေတာကို တွေ့လိုက်ရလေ၏။
"ဟ! ဒီနေရာကို လျှို့ဝှက်လမ်းကြောင်း ဖြစ်အောင် ဖြိုခွဲပစ်ရမယ်!"
လောင်းယန် အော်ပြောပြီး အပေါက်ကို ပိုကြီးလာအောင်လုပ်ဖို့ နောက်ထပ် တူနှစ်ချောင်းကို ယူ၍ ထပ်ရိုက်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က ဆရာလျောင်ကို ကောက်ချီပြီး အထဲကို တိုးဝင်သွားကြတော့သည်။
ဘေးရှိ ကျောက်ခန်းတွင်လည်း အလှဆင်ထားတဲ့ ပစ္စည်းတွေ မရှိသော်လည်း အလယ်ဗဟိုတွင် လေးထောင့်ဒေါင်လိုက်ပုံ ရေတွင်းတစ်ခု ရှိသည်။ အောက်ဘက်တွင် ရေမရှိသောကြောင့် ကြွက်များက မရပ်တန့်ဘဲ ဒေါင်လိုက်ရေတွင်းထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားကြသည်။
အနောက်ဘက်မှ အုတ်ဂူရဲ့ အမိုးကွဲအက်သံတွေ ကြားလိုက်ရသည်။ နောက်ကို ပြန်ကြည့်လိုက်တော့ အုတ်တွေကို အုတ်တံတိုင်းခတ်ရာမှာ သုံးတဲ့ခဲတွေ ပျော့သွားတာ တွေ့လိုက်ရ၏။ ဒီနေရာက အုတ်ဂူကလည်း မကြာခင် ပြိုကျတော့မယ်။ လောင်းယန်နဲ့ ဝူရှဲလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အရမ်းစိုးရိမ် သွားကြပေမယ့် သေရင်သေပါစေဟု ဆိုတာ ကြွက်တွေအတိုင်း ခုန်ချလိုက်တော့သည်။
ရေတွင်းကနေ အနည်းငယ် လျှောဆင်း၍ လျှောကျသွားကာ အောက်ဖက်ကို ပြင်းပြင်းထန်ထန် လဲကျသွားပြီးနောက် ထပ်မံ လှိမ့်ချပြီးမှ မြေပြန့်ပေါ်သို့ လဲကျသွားခဲ့သည်။ လောင်းယန်နဲ့ ဆရာလျောင်က သူ့အနောက်မှာ ရှိနေတယ် ထင်ပြီး ဝူရှဲဘေးကို ကမန်းကတန်း ရွှေ့လိုက်သည်။ သေချာပေါက်ကို သူရပ်နေခဲ့တဲ့ နေရာမှာ လောင်းယန် လဲကျသွားပြီး ဆရာလျောင်က သူ့ကိုယ်ပေါ် ထပ်ဖိမိသွားတာကြောင့် လောင်းယန် အော်ဟစ်ပြီး မတ်တပ် ထရပ်လိုက်သည်။
အထက်မှ ဝုန်းကနဲ ဟောက်သံကြီး ထွက်ပေါ်လာပြီး မြေကြီးတွေလည်း ပြင်းထန်စွာ တုန်လှုပ်သွားသည်။ နောက်ဆုံးတော့ အလောင်းအခင်းအကျင်း ဂူကြီးတစ်ခုလုံး မီးထဲပါသွားပြီ။ ပေါက်ကွဲသွားတဲ့ နေရာကနေ ပြုတ်ကျလာသော ကျောက်တုံးပူများက သူတို့ခေါင်းချင်းကို ရိုက်ခတ်လာရာ ခေါင်းတွေပါ ပူထူသွားစေ၏။
လောင်းယန်က သူ့ခေါင်းကို ကိုင်ပြီး
“ဒီနေရာက ဘာကြီးလဲ?”
ဝူရှဲသည် လောင်းယန် သင်္ချိုင်းတွင်းမှ ယူဆောင်လာသော မီးရှူးတိုင်ကို မြှောက်ကာ လှည့်ကြည့်လိုက်တော့ လက်ရှိနေရာဟာ လေးထောင့်ရေတွင်း တစ်ခု ဖြစ်နေတာကို တွေ့လိုက်ရသည်။ သူက ဘေးသို့ လှည့်၍
"ဒါရှေးဟောင်း ဂူသင်္ချိုင်းရဲ့ ရေနုတ်မြောင်းပဲ... ရေနုတ်မြောင်းစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းပေါ့"
လောင်းယန်သည် သူ့ပတ်ဝန်းကျင်ရှိ ရှုပ်ထွေးနေသော အရာများကို ကြည့်ကာ မေးလာသည်။
"ဒါဆို ငါတို့ ဘယ်ဆက်သွားကြမလဲ?"
သူ့ကိုကြည့်ရင်း ငါလည်း ဘယ်လိုလုပ် သိမလဲလို့ တွေးလိုက်မိသည်။ အဲဒီအချိန်မှာတော့ ကြွက်တွေ အများကြီးက အပေါ်ကနေ ချော်ကျလာသည်။ သူတို့က လောင်းယန်ရဲ့ ပုခုံးပေါ်ကနေ ခုန်ချပြီး ရှေ့က လမ်းကြောင်းထဲကို ပြေးဝင်သွားပါတော့သည်။
ဝူရှဲစိတ်တွေ လှုပ်ရှားသွားပြီး
“သူတို့နောက်ကို လိုက်!”
အလျင်အမြန် ပြောပြီး ရှေ့ကို အမြန် ပြေးထွက်သွားခဲ့သည်။
ထိုကြွက်များသည် အလွန်လျင်မြန်စွာ တွားသွားဝငိကြပြီး မကြာမီတွင် ၎င်းတို့သည် သူတို့အား အလှည့်အပြောင်း များစွာဖြင့် ခေါ်ဆောင်သွားရာ ၎င်းတို့ကို လိုက်မမီလိုက်ပေ။ ဆယ်မိနစ်ကျော်ကြာအောင် တောက်လျှောက် နောက်က လိုက်လာခဲ့ကြသည်။ အရှေ့ဘက်ကနေ လေပြင်းတွေ တိုက်ခတ်လာခဲ့ပြီး ကြွက်တွေလည်း ရုတ်ချည်းဆိုသလို ပျောက်သွားကြသည်။ ဖြစ်ပျက်နေတာကို နားမလည်ခင်မှာပဲ ဝူရှဲ ခြေဖျားတွေက ရေမြောင်းထဲက လှိမ့်ထွက်လုနီးပါး ဖြစ်သွား၏။
အပြင်မှာ ပတ်ဝန်းကျင်က ဘယ်လိုနေလဲ မသိတော့ချေ။ ကမန်းကတန်း လှည့်ပြီး မတ်တပ်ထ ထရပ်လိုက်သည်။ အဲဒီအချိန်မှာ လောင်းယန်တို့လည်း ပြုတ်ကျလာကုန်ကြ၏။ အနီးတစ်ဝိုက်က အရမ်းမှောင်နေတော့ ဝူရှဲလည်း မီးတိုင်ကို အမြန်တင်လိုက်ရသည်။
ထိုအခါမှ ပတ်ဝန်းကျင်သည် ရုတ်တရက် ကြည်လင်လာသည်။ ဒီနေရာက သင်္ချိုင်းတစ်ခု မဟုတ်ပေ။ အချင်း မီတာ ၆၀ခန့်ရှိသော ဒေါင်လိုက်စက်ဝိုင်းပုံစဲ ကြီးမားသော ရေတွင်းကြီး၏ အောက်ခြေပိုင်းက နက်ရှိုင်းသော တွင်းထဲသို့ နစ်မြုပ်သွားခဲ့ပုံရသည်။ ကျောက်တွင်းတစ်ဝိုက်တွင် မီးတုတ်များလည်း ပါရှိ၍ ဝူရှဲ အနီးပတ်ဝန်းကျင်ကို ပိုမိုတောက်ပ လာစေရန်အတွက် အနည်းငယ် ထွန်းညှိလိုက်သည်။
နံဘေးတည့်တည့်ရှိ တွင်းနံရံပေါ်တွင် တူးထားသည့် သဲလွန်စများက ထင်ထင်ရှားရှား ရှိနေသည်။ ဒါက စက်ဝိုင်းလို ရိုးတံကို အတုပြုလုပ်ထားတာ ထင်ရှားသော်လည်း ဘာကြောင့် ဒီလောက်နက်တဲ့အထိ တူးခဲ့ကြသလဲမသိ။ ဒါက အပေါ်က ကျောက်မိုင်းဂူရဲ့ တစ်စိတ်တစ်ပိုင်းပဲလား။
တွင်းအလယ်မှာ မတ်တပ်ရပ်နေတဲ့ ကြီးမားတဲ့ တစ်စုံတစ်ခုကို ဝူရှဲ ယောင်ဝါးဝါး မြင်နေရပေမယ့် ကံမကောင်းစွာဖြင့် ပြတ်ပြတ်သားသား မြင်နိုင်လောက်အောင် အလင်းရောင်က မရှိနေချေ။ ဒီနေရာမှာ အပူချိန် အလွန်မြင့်မားပြီး ပြင်းထန်သော အပူရှိန်လေက အပေါ်မှ အောက်သို့ တိုက်ခတ်လာသဖြင့် လူကိုမူးဝေစေပြီး ကောင်းကောင်း မတ်တပ်မရပ်နိုင်အောင် လုပ်နေတော့သည်။
ဝူရှဲ မီးတုတ်ကို မြှောက်ပြီး ဆရာလျောင်ကို တွင်းထဲက သယ်လာခဲ့ဖို့ လောင်းယန်ကို တောင်းဆိုလိုက်သည်။ မီးတုတ်ရဲ့ အလင်းရောင်အောက်မှာ တွင်းထဲက အခြေအနေလည်း တဖြည်းဖြည်း ရှင်းလာသည်။
တွင်းထဲရှိ ယိမ်းနွဲ့နေသည့် အရာများသည် အပြင်ဘက်မှာ မြင်ခဲ့ရသည့် လူဦးခေါင်းကျောက်ရုပ်များ ဖြစ်ပြီး ရာဂဏန်းနီးပါး ရှိလေသည်။ ၎င်းတို့ရဲ့ ခေါင်းများက ခြောက်သွေ့နေပြီး တွင်းအလယ်တွင် အချင်းဆယ်မီတာခန့် ရှိသော ကြေးတိုင်ကြီး တစ်ခုလည်း ရှိသည်။ ပထမတစ်ချက် ကြည့်လိုက်စဥ်က ကြေးနီတိုင်ကြီးလို့ ထင်နေခဲ့တာပင်။
ကြေးတိုင်၏ အောက်ခြေကို တွင်းအောက်ခြေရှိ ကျောက်တုံးထဲသို့ တည့်တည့် ထည့်ထားသဖြင့် ထိုနေရာမှ ပေါက်ထွကိနေသကဲ့သို့ ပတ်ဝန်းကျင်ရှိ ကျောက်ဆောင်များတွင်လည်း အက်ကွဲကြောင်းများစွာ ပေါက်နေသည်။
ကြေးတိုင်များပေါ်တွင် အထူအပါး အမျိုးမျိုးရှိသည့် ကြေးနီချောင်းငယ် များစွာရှိသည်။ ဒါကြီးက လောင်းယန်သူ့ကို ပြဖူးတဲ့ ကြေးချောင်းနဲ့ အတော်လေး ဆင်တူသည်။ ကြေးနီတိုင်တစ်ခုလုံး၏ ပုံသဏ္ဌာန်သည် ကျောက်တုံးကြီးမှ ပေါက်ထွက်လာသော သစ်ပင်ကြီး တစ်ပင်နှင့်တူပြီး စိမ်းလန်းစိုပြေသော အကိုင်းအခက်များသည် မြေပြင်ပေါ်သို့ တည့်တည့် ရောက်ရှိသွားသည့်နှယ်။
ဆရာလျောင်မှာ သူ့နှလုံးသားက အေးခဲသွားသလိုပင် ခံစားလိုက်ရသည်။ သူက လောင်းယန်ရဲ့ ကျောပေါ်က ဆင်းပြီး
"ဒီနေရာကို ဆောက်တဲ့လူတွေက ကြေးနီသစ်ပင်ကို တူးချင်နေတာ ဖြစ်မယ်.... ဒီနားတစ်ဝိုက်မှာ တူးထားတဲ့ ခြေရာလက်ရာတွေကို ကြည့်လိုက်... သူတို့ တူးနေကြတာ တောင်အောက်ခြေအထိတောင် ကြေးနီသစ်ပင်ရဲ့ အောက်ခြေကို ရှာမတွေ့သေးဘူး...ဒီကြေးနီတိုင်ကို မြေကြီးထဲ ဘယ်လောက်နက်အောင် ထည့်ထားလဲတောင် မသိဘူး”
ဝူရှဲလည်း ကြည့်လိုက်ရင်း စိတ်ထဲမှာ အေးစက်သွားသလို ခံစားလိုက်ရသည်။ အဲဒီလို ဧရာမ သတ္တုတူကြီးဟာ အဲဒီအချိန်ကာလရဲ့ ရောစပ်နိုင်တဲ့ အဆင့်ကို ကျော်လွန်သွားခဲ့ပြီ။ ရှစ်လူမျိုးတွေရဲ့ ဘိုးဘေးဘီဘင်တွေမှာ ဒီလိုနည်းပညာမျိုး ရှိဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဒါဆို ဒီကြေးနီပင်ကြီးကို ဒီမှာ ဘယ်သူက လာစိုက်ထားတာလဲ။ ငရဲကနေ ပေါက်လာတာလား။
ထိုအချိန်တွင် ဆရာလျောင်က ရုတ်တရက် သူ့ပုခုံးကို ပုတ်လာသည်။ ဝူရှဲ လှည့်ကြည့်လိုက်တော့ တစ်ချိန်လုံး တိတ်ဆိတ်နေသော လောင်းယန်သည် ကြေးနီပင်ကို စိုက်ကြည့်နေပြီး တည့်တည့်ကြီး လျှောက်သွားနေတာကို တွေ့လိုက်ရသည်။