ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (29)
ချဥ်းကပ်ခြင်း
ဆရာလျောင်က ဝူရှဲ့မျက်နှာကို ကြည့်ကာ အထင်အမြင်သေးဟန်ဖြင့် မေးစေ့ကို မော့လျက် ညွှန်ပြလိုက်သည်။ ဝူရှဲ့ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ဒီလူက သစ္စာဖောက်သွားတာပဲ။ သူ့ကို ဒီတစ်လမ်းလုံး ဂရုစိုက်ပေးခဲ့ပေမယ့် သူတို့ကို ဒီလို ပြန်ဆက်ဆံလိမ့်မယ်လို့ ဝူရှဲ့မှာ ဘယ်တုန်းကမှ မမျှော်လင့်ထားချေ။ သူသာ ကြိုသိခဲ့မယ်ဆိုရင် ဒီလူကိုအရင်သတ်ပစ်မယ် နောင်လာမယ့်ဒုက္ခတွေကို ရှောင်ပစ်ခဲ့ပါသည်။
သူဌေးဝမ်က သူ့ရဲ့ ကျောပိုးအိတ်ထဲက လောင်စာဆီထည့်ကာ သုံးရသည့် ရေနံမီးခွက်ကို ထုတ်ယူပြီး ထွန်းညှိကာ မြေကြီးပေါ် ချထားလိုက်သည်။ ဒီအရာဟာ မြင့်မားတဲ့ နှင်းဖုံးနေတဲ့ တောင်တွေကို တက်တဲ့အခါ အသုံးပြုတဲ့ ကိရိယာ အပိုင်းအစ ဖြစ်လေသည်။ အလင်းရောင်ရော အပူပေးတဲ့နေရာမှာပါ အသုံးပြုနိုင်၏။ ထိုမီးခွက်ကြောင့် ရုတ်တရက် ဂူကြီးတစ်ခုလုံး လင်းထိန်သွားသည်။ သူက ဘီစကွတ် အနည်းအကျဉ်းကို ထုတ်ပြီး ဝူရှဲ့ရှေ့ကို လာချပေးသည်။ အဲဒီလိုလုပ်ရင်းနဲ့ သူ့လက်ထဲက ရိုင်ဖယ်သေနတ် အတိုလေးဟာ ဝူရှဲ့ခေါင်းကို အမြဲတမ်း ညွှန်ပြနေ၏။
သူပစ်ချလိုက်တဲ့ ဘီစကစ်ကို ယူလိုက်ပြီး ဝူရှဲ့ အံ့သြသွားသလို ခံစားလိုက်ရသည်။ ချက်ချင်းပဲ သူက ဘီစကစ်ကို ပြန်ချလိုက်ပြီး
"အစ်ကိုတို့...ကျုပ်ခင်ဗျားတို့ လက်ထဲ ရောက်နေပြီ....ကျုပ်ကိုသတ်ချင်ရင် သတ်ပစ်လိုက်... ဘာလို့ ဒီလောက် စကားတွေ များနေတာလဲ"
ဆရာလျောင်က ပြုံးကာ သူဌေးဝမ်ဘက်သို့ လှည့်ကာ
"ကျုပ်ပြောသားပဲ... ခေါင်းစိမ်းက ခေါင်းစိမ်းပဲလို့ အခြေအနေကို သူ နားမလည်သေးဘူး"
သူဌေးဝမ်က ခေါင်းယမ်းပြီး ဘီစကစ်ကို ထပ်လောင်းချလိုက်သည်။
"လူငယ်လေး မင်း သိုင်းလောကအနှံ့ (ဂူဖောက်လောက) ခရီးထွက်တဲ့အခါ မင်းဦးနှောက်ကတော့ တောက်ပနေရမယ်... ငါမင်းကို စားစရာတစ်ခု ပေးတယ်ဆိုတာ ငါမင်းတို့ကို သတ်ပစ်ဖို့ မရည်ရွယ်ထားဘူးလို့ ဆိုလိုတာပဲ... မင်းငါ့လိုဒေါသကြီးတဲ့ လူနဲ့တွေ့နေတာတောင် ဒီစကားကို ပြောရဲတယ်ဆိုတော့ သေဖို့တောင်းဆိုနေတာလား?"
ဒီလူက ဦးလေးထိုက်နဲ့ ယှဉ်ရင် လုံးဝကို ကွဲပြားတဲ့ စိတ်ထားရှိလေသည်။ ပထမတစ်ချက်မှာတင် ဦးလေးထိုက်ဟာ လူတစ်ယောက်ကို မျက်တောင်မခတ်ဘဲ သတ်ပစ်တဲ့ လူမိုက် အမျိုးအစားနဲ့ တူ၏။ ဒီခပ်ဝဝသူဌေးက တော်တော်ဖော်ရွေပြီး ပေါ့ပေါ့ပါးပါး စကားပြောလို့ ရနေပုံရသည်။ သို့သော် သူ့ရဲ့အစောက ကန်ချက်က အရမ်းအားကြီးလေ၏။ ရှေးဟောင်းသူဌေး ကန်နိုင်တဲ့ပုံစံမျိုးတော့ မဟုတ်ရာ သူ့အထောက်အထားက ဘယ်လိုလဲ၊ ဘယ်သူလဲဆိုတာ စဥ်းစားလို့မရချေ။
သူဌေးဝမ်က ဝူရှဲ့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးမွှေးတွေကြားက သံသယတွေကို ဖတ်ပြနေဟန်ဖြင့် စီးကရက်တစ်လိပ်ကို ဆွဲထုတ်ယူလိုက်သည်။
“ငါက လောင်ထိုက်တို့ တခြားသူတွေနဲ့ မတူပါဘူ... ငါက စီးပွားရေးသမားပဲ စီးပွားရေးမှာ အမြဲတမ်း သူငယ်ချင်းဆိုတာ မရှိပါဘူး ပြီးတော့ ထာဝရရန်သူလည်း မရှိဘူး”
ဆရာလျောင်က "သူဌေးဝမ်... ဘာလို့ သူတို့ကို တိုက်ရိုက် မပြောတာလဲ? ဒီကောင်လေး နှစ်ယောက်က စကားပြောရတာ ခက်တယ်နော် ဝူမျိုးရိုးလို့ ခေါ်တဲ့ ကောင်လေးက စကားပြောရတာ ပိုလွယ်တယ်... ဒါပေမဲ့ အိပ်နေတဲ့ကောင်လေး နိုးလာရင်တော့ တော်တော်လေး ဒုက္ခရောက်သွားမှာ ကြောက်ရတယ်"
သူဌေးဝမ်က ရယ်ပြီးပြောလေ၏။
"အိုကေ ငါက တကယ့်လူတွေရှေ့မှာ မုသားပြောမှာ မဟုတ်ဘူး.. ဒါကြောင့် ငါပိုရှင်းရှင်းလင်းလင်းပဲ ပြောမယ်။ ငါက စီးပွားရေးသမား ဆိုတော့ ဓားတွေ သေနတ်တွေ သုံးရတာ မကြိုက်ဘူး အခုဒီလို အခြေအနေမျိုးကို မင်းကိုယ်တိုင်လည်း မြင်ပြီးပြီ.. မင်းငါ့လက်ထဲ မရောက်လာခဲ့ရင်တောင် ထွက်သွားဖို့ ခက်လိမ့်မယ်.... လောင်ထိုက်လည်း သေနေပြီ.. မင်းတို့အပေါ်ကို တခြားသဘော မရှိပါဘူး မင်း ငါနဲ့ ပူးပေါင်းချင်လား စဉ်းစားရမယ်... ငါ မင်းကို စောင့်ရှောက်မယ် အဲဒါဆို မင်း အရှုံးမပေါ်တဲ့အပြင် အမြတ်တောင် ရဦးမယ်"
ဒါကိုကြားတော့ ဟိုတုန်းက သူ ဆရာလျောင်ကို ပြောခဲ့တဲ့စကားတွေ မဟုတ်ဘူးလားလို့ တွေးလိုက်မိသည်။ ဒီလူက သူ့နေရာကို နာရီအနည်းငယ် ကြာသွားတာနဲ့ ရောက်သွားလေပြီ။
ဝူရှဲ့မှာ ဘာအမူအယာမှ မရှိတာကိုမြင်တော့ သူက နောက်ထပ် စီးကရက်တစ်လိပ်ကို လွှဲပေးရင်း
"မင်းသဘောမတူရင်တောင် ကိစ္စမရှိပါဘူး... ငါမင်းကို ပစ္စည်းတွေပေးပြီးတော့ မင်းတစ်ယောက်တည်း ဆင်းခွင့်ပေးမယ် ဒါပေမဲ့ မင်းတစ်ယောက်တည်း ဒီလူနာကို သယ်နေရမှာ မင်းဘယ်လိုသွားမှာလဲ ဆိုတာ မင်းကိုယ်တိုင်စဉ်းစားပြီးပြီလား? "
သူပြောခဲ့တာက အမှန်ပဲ။ သူပြောခဲ့တဲ့စကားကြောင့် ဝူရှဲ့ နည်းနည်းတော့ စိတ်လှုပ်ရှားသွားသည်။ ဒါပေမဲ့ သူ့မှာ ကိရိယာနဲ့ လက်နက်တွေရှိရဲ့သားနဲ့ ဘာကြောင့် မိမိနဲ့ ပူးပေါင်းချင်ရတာလဲလို့ တွေးမိလာသည်။ လုပ်ငန်းတစ်ခု ထူထောင်ပြီး တခြားသူများကို ငွေရှာခွင့်ပေးနေတာပဲ မတူနေဘူးလား။ ဒီကိစ္စမှာ လုပ်ကြံမှုတစ်ခုတော့ ရှိရမှာပေါ့။ သူတို့က ဒီဂူဖောက်လောကမှာ ကျင်လည်နေတဲ့ နှစ်တွေများနေပြီ။ ဒါ့အပြင် ဆရာလျောင်က ချော့မော့တဲ့ မျက်နှာနဲ့ ဒီလမ်းတစ်လျှောက် သူတို့နောက်က လိုက်လာခဲ့သည်။ အခွင့်အရေး ရလာတာနဲ့ ဧည့်သည်ကို ချက်ချင်း လှည့်ခေါ်လိုက်ရာ သူနဲ့လောင်းယန်လည်း လုံးဝမပြင်ဆင်ထားမိပေ။ သူတို့နဲ့ယှဥ်ရင် လောင်းယန်နဲ့သူ့ အတွေ့အကြုံက အရမ်းကို သေးငယ်သေးသည်။ သူတို့က မိမိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုတဲ့ အကြောင်းမှာ ရည်ရွယ်ချက်တစ်ခု ရှိရမယ်။
ဝူရှဲ့စိတ်ထဲမှာ အတွေးတွေ တဖျပ်ဖျပ် တောက်နေပြီး စိတ်ထဲမှာ အစီအစဥ်တစ်ခု ရှိနေပြီ။ ဘာပဲဖြစ်ဖြစ် သူတို့ကို အဖြေတစ်ခုကတော့ ပြန်ပေးရမှာပဲ။ အရင်က ဆရာလျောင် သူတို့နောက်ကိုလိုက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ရသလိုမျိုးပေါ့။ နောက်မှ လွတ်မြောက်ဖို့ နည်းလမ်းရှာဖို့ သူတို့ အခြေအနေကို အရင် သဘောတူရမယ်။ လောင်းယန်ကို ဘေးကင်းစွာ သယ်သွားချင်ရင် အနည်းဆုံး လူတစ်ဦးရဲ့ အကူအညီ လိုတယ်လေ။ အဲဒီလူနှစ်ယောက်က သူ့ကို မထီမဲ့မြင်ပြုခဲ့တာ ထင်ရှားပါတယ်။ အဲဒီတုန်းက သူလုပ်ခဲ့တဲ့ အမှားက ဒီဧည့်သည်တွေကို ဆန့်ကျင်ဖို့ အခွင့်အရေးတစ်ခု ရှာတွေ့သွားစေခဲ့သည်။ သူလည်း အခွင့်အရေး ရရင် အနည်းဆုံး သေနတ်တစ်လက်လည်း ရနိုင်တယ်ဆိုတာ သေချာပါ၏။
ဒါကိုတွေးပြီး ဝူရှဲ့ မျက်နှာက ပျော့ပျောင်းသွားကာ ချီတုံချတုံဟန်ဆောင်ရင်း
“ကောင်းပြီ ခင်ဗျားပြောတာက အဓိပ္ပာယ်ရှိတယ်ဆိုတော့ ကျွန်တော် ခင်ဗျားနဲ့ ပူးပေါင်းပေးနိုင်တယ်... ဒါပေမဲ့ ခင်ဗျားတို့ ကျွန်တော်ကိုဘာလို့ လိုအပ်နေတာလဲ ဆိုတာ အတိအကျသိရဖို့ လိုတယ်... ကျွန်တော့်ကို အရင်ပြောပြရမယ် အဆင်ပြေတယ်မလား?"
သူဌေးဝမ်က သက်ပြင်းတစ်ချက် ချကာ ဆရာလျောင်ကို မျက်တောင်ခတ်ပြလိုက်သည်။ ထိုအခါ ဆရာလျောင်က ဝူရှဲ့ပုခုံးကိုပုတ်ပြီး ပြောလေ၏။
"လက်ရှိအရေးအခင်းကို သိတဲ့သူက သူရဲကောင်းတစ်ယောက်ပဲ အစ်ကိုလေးဝူ မင်းခေါင်းညိတ်ပြီဆိုမှတော့ ငါတို့ကလည်း ကိုယ့်လူကို အနိုင်မကျင့်ပါဘူး... ဒါကြောင့် မင်းဆီက ဘာမှ ဖုံးကွယ်မထားဘူး ဘာကို ဆိုလိုချင်တာလဲ ဆိုတော့... ငါသိတာကို သဘာဝကျကျ ပြောပြမယ် ဒါပေမဲ့ ဇာတ်လမ်းက အရှည်ကြီးပဲ... ငါတို့စားနေရင်းနဲ့ ပြောကြမယ် ဘယ်လိုလဲ?"
ဝူရှဲ့မှာ သူ့အနား ရောက်လာတာကို မြင်တော့ လည်ပင်းညှစ်သတ် ပစ်လိုက်ချင်ပေမယ့် မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်တော့ သူဌေးဝမ် လက်ထဲက သေနတ်ပြောင်းဝရဲ့ ဦးတည်ရာက သူ့ဘက်ကို ညွှန်ပြနေတာ မြင်လိုက်ရ၏။ သို့နှင့် အတွင်းမီးကို မျိုချလိုက်ရင်း အတင်းပြုံးလိုက်ကာ
"ကျေးဇူးပြုပြီး ရှင်းပြပါ..."
ဆရာလျောင်က အပြင်ဘက်က ကြေးနီပင်ကို လှမ်းကြည့်ပြီး
"ဒီအကြောင်းပြောရင် အံ့သြစရာ ကောင်းတယ်ကွ...'မြစ်ချောင်းတောင်တန်းမှတ်တမ်း'ထဲက မှတ်တမ်းတွေအရ ဒီကြေးနီပင်ကို မြောက်ပိုင်းဝေမင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ် ရှောင့်ဝမ် နန်းစိုးစံတဲ့ ဆယ့်သုံးနှစ်ကာလမှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာပဲ!"
လီဖီးဖာ ကွယ်လွန်သွားပြီးနောက် အချိန်တိုလေးအတွင်း ဆရာလျောင်သည် "မြစ်ချောင်းတောင်တန်းမှတ်တမ်း" ထဲက သင်္ချိုင်းအခန်းများ အကြောင်းကို သေသေချာချာ လေ့လာခဲ့သည်။ "မြစ်ချောင်းတောင်တန်းမှတ်တမ်း" သည် ပေါ့ပေါ့ပါးပါးဖြင့် အသေးစိတ် ရေးသားထားသော မှတ်စုတစ်မျိုး ဖြစ်သည်။ တစ်ခါတရံ တရုတ်ဘာသာဖြင့် ရေးသားထားသော်လည်း တစ်ခါတလေ ဆွံ့အဘာသာစကားဖြင့် ရေးသားကာ အသေးစိတ်ကိုတော့ ဘယ်သူမှ မသိနိုင်သော ဘာသာစကားဖြင့် ရေးသားထားသည်။ ဤစာပိုဒ်ကို အများစုမှာ ဆွံ့အဘာသာစကားဖြင့် ရေးသားထားကြသည်။ ယခု တရုတ်ပြည်မကြီးတွင် ဆွံ့အဘာသာစကားကို ဖတ်နိုင်သူ နားလည်နိုင်သူက အယောက်နှစ်ဆယ်ကျော်သာ ရှိပြီး ဆရာလျောင်လည်း ပါဝင်ပါသည်။
ဆွံ့အဘာသာစကား စာသားဖြင့် မှတ်တမ်းတင်ထားသော အရာသုံးမျိုးရှိသည်။
မြောက်ပိုင်း ဝေမင်းဆက်၏ ဘိုးဘေးဖြစ်သော ဧကရာဇ်ရှောင့်ဝမ် ထီးနန်းစိုးစံသည့် ဆယ့်သုံးနှစ်တွင် ပထမဆုံး ဖြစ်ပျက်ခဲ့သည်။ ယင်းကို ထိုက်ပိုင်တောင်တန်းဒေသရှိ အစိုးရသတ္တုတွင်းတစ်ခု၏ ကြီးကြပ်ရေးမှူး သို့မဟုတ် မိုင်းတွင်းအရာရှိက အကြမ်းဖျင်း အစီရင်ခံခဲ့သည်။ ရှာဖွေရေးမှူး တစ်ဦးသည် ရှေးဟောင်းကြေးနီတိုင်ကို တွေ့ရှိခဲ့သည်။ ၎င်းမှာ အမြစ်များပုံပေါက်ပြီး တောင်အောက်ခြေအထိ တူးပြီးတာတောင် တိုင်ရဲ့ အောက်ခြေကို မမြင်ရခဲ့ချေ။ မြေကြီးထဲ ဘယ်လောက်ထိ နက်နေတယ်ဆိုတဲ့ အရိပ်အယောင်တွေကိုလည်း မသိရ။
ဒီဖြစ်ရပ်ကြောင့် ဒေသခံတွေအတွက် အတော်လေး တုန်လှုပ်ချောက်ချားစရာ ဖြစ်စေခဲ့သည်။ ဒီတိုင်က ဝိညာဉ်ရှိသလို တူးလေ ပိုပိုရှည်လေဖြစ်ပြီး အောက်ခြေကို လုံးဝ မရောက်ခဲ့ပေ။ တချို့တွေက ဖန်ကူ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့စဥ်က အသုံးပြုခဲ့သော ပုဆိန်လက်ကိုင်လို့ ဆိုကြသလို ထပ်တူးရင် ပုဆိပ်ကို တွေ့နိုင်လောက်ကြောင်း ပြောကြ၏။ တချို့သော ဖုန်းရွှေ သခင်များက ချင်လင်တောင်များပေါ်က နဂါးသွေးပြန်ကြောများကို ကုပ်ထားရန် ကျောက်စိမ်းဧကရာဇ်မှ တွန်းအားပေးခဲ့သော လက်သည်းများ ဖြစ်ကြောင်း ပြောလေသည်။ မဟုတ်ပါက မြေနဂါးသည် ကောင်းကင်သို့ ပျံတက်သွားလိမ့်မည်ဟူ၍ပင်။ ဒီကြေးနီတိုင်ဟာ မြေပြင်မှာ မိုင်ရှစ်ရာကျော်အထိ တူးလို့ မရတော့သလို တူးပြီးတာနဲ့ တရုတ်ပြည်တစ်ခုလုံး ဒုက္ခရောက်သွားလိမ့်မယ်။
များမကြာမီပင် အသံတိတ် ဆွံ့အတပ်သားတစ်စုသည် လျှို့ဝှက်အမိန့်ကို လက်ခံရရှိကာ ဒဏ္ဍာရီရဲ့ စစ်မှန်မှုကို အတည်ပြုရန် ထိုက်ပိုင်တောင်သို့ သွားခဲ့သည်။ သို့သော် ဤဆွံ့အတပ်သားအုပ်စုသည် ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့သည်။ (သူတို့အားလုံးသည် သင်္ချိုင်းစောင့် တပ်သားများဆီက သတ်ဖြတ်ခြင်း ခံခဲ့ရတာ ဖြစ်နိုင်၏)။ လေးလအကြာတွင် အသံတိတ်တပ်၏ နောက်ထပ် တပ်ဖွဲ့တစ်ဖွဲ့က လျှို့ဝှက်အမိန့်တစ်ခု ထပ်မံရရှိခဲ့သည်။ ယခုတစ်ကြိမ်တွင် ကြေးသစ်ပင်ကို တွေ့ရှိသွားခဲ့ပြီး ကြိုးပေးထားသော အကျဉ်းသား သုံးထောင်ကို ဦးဆောင်ကာ ထိုက်ပိုင်တောင်ကို သိမ်းပိုက်ကာ တောင်ကိုချိတ်ပိတ်၍ စခန်းချလိုက်ပြီး ဆက်လက်တူးဖော်ရန် ဆောင်ရွက်ခဲ့သည်။
ဒုတိယအချက်မှာ မြောက်ဝေမင်းဆက်၏ ဘိုးဘေးဖြစ်သော ဧကရာဇ်ရှောင့်ဝမ် နန်းစံသည့် ၁၈ နှစ်မြောကိ နွေဦးစတွင် ဖြစ်ပျက်ခဲ့ပြီး တူးဖော်မှုမှာ လေးနှစ်နှင့် သုံးလကြာခဲ့သည်ဟု ဆိုသည်။ ကြိုးပေး အကျဉ်းသားသုံးထောင်သည် ယခုသူတို့ရှိနေရာ ဂူပေါက်များကို တူးဖော်ခဲ့ကြသည်။ တောင်အောက်ခြေရှိ ဂူကိုသာ တူးနိုင်ကာ ကြေးနီပင်ရဲ့ အမြစ်များကိုတော့ မတူးနိုင်ဘဲ အခေါင်း အတွင်းပိုင်းမှာ နဂါးပုံစံ ကျောက်သေတ္တာကိုသာ တူးခဲ့ကြသည်။ အထဲမှာ တစ်ခုခု ဝှက်ထားပုံရသော်လည်း ခွဲထုတ်နိုင်တဲ့ ကွာဟချက် မရှိသဖြင့် ဘယ်လောက်ဖွင့်ဖွင့် မဖွင့်နိုင်ပေ။ ဒါကြောင့် သူတို့ကမူးရူးထိုး မလုပ်ရဲတော့ဘဲ နန်းတော်သို့သာ ပို့ဆောင်လိုက်ကြတော့သည်။
တတိယအချက်က အလွန်တိုတောင်းပါသည်။ မြောက်ဝေမင်းဆက် ဧကရာဇ်ရှောင့်ဝမ် နန်းစံသည့် ဆယ့်ရှစ်နှစ် အဆုံးတွင် ဧကရာဇ်မင်းသည် 'မြစ်ချောင်းတောင်တန်းမှတ်တမ်း'ကို ရေးသား၍ ဆုငွေနှင့် ဒုတိယတန်းစားဘွဲ့ကို ပေးခဲ့ကြောင်း၊ မှတ်တမ်းများအရ လူတစ်ဦးစီအားလည်း ရွှေချောင်း၁၀၀ဆီ ဆုချီးမြှင့်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ စခန်းတစ်ခုလုံးကလည်း ဝိုင်သောက်ပြီး စားပွဲတွေ ချီးမြှင့်ခဲ့ကြလေ၏။ “မြစ်ချောင်းတောင်တန်းမှတ်တမ်း” ပိုင်ရှင်နဲ့ ရင်းနှီးတဲ့ စစ်သည်တချို့လည်း မူးပြီး သတိလစ်လုမတတ် ဖြစ်နေကာ ရှေးဟောင်း ကြေးနီပင်ကို တက်ဖို့ လောင်းကြေးထပ်ကြတော့သည်။
ထိုမှတ်တမ်းတွင် ဖော်ပြထားသော စကားလုံးများထဲ၌ မသိနားမလည်သေးသော စကားလုံးများလည်း ပါလေ၏။ အဲဒီထဲမှာ အထူးရည်ရွယ်ချက်တွေ ရှိမရှိ မသိနိုင်သလို ဆရာလျောင်ကလည်း အဲဒါတွေကို နားမလည်တဲ့အတွက် နှမြောစရာတော့ ကောင်းပေသည်။
ဆရာလျောင်က သူဌေးလီဖီးဖာက ဒါတွေကို နားလည်နိုင်ကြောင်း ပြောလေသည်။ ဒါပေမဲ့ အောက်မှာ ရေးထားတဲ့ စာကဘာလဲလို့ မေးတဲ့အခါ သူမပြောဖို့ ဆုံးဖြတ်ထားချက်က သေတဲ့အထိပင်။ ဒါကြောင့် အဲဒါက သိပ်ကို လျှို့ဝှက်ဆန်းကြယ်သလို ခံစားလာရစေသည်။
"မြစ်ချောင်းတောင်တန်းမှတ်တမ်း" ၏အဆုံးတွင် တောင်တက်ခြင်း လုပ်ငန်းစဉ်ကို မှတ်တမ်းတင်ထားသော တရုတ်အက္ခရာ တစ်ခုရှိသည်။ ဝူရှဲ့တို့ရှိနေတဲ့ နေရာမှနေ၍ ကျောက်နံရံပတ်ပတ်လည်တွင် ပျဉ်ခင်းလမ်း တစ်ခုရှိမည် ဖြစ်သည်။ ဧကရာဇ်မင်းမြတ် လာရောက်ကြည့်ရှုရန် နောက်ဆုံး အကြိမ်အဖြစ် ပြင်ဆင်ကြခြင်းပင်။ ကံမကောင်းစွာပဲ ဆောက်လုပ်ပြီး သိမ်မကြာသေးခင်မှာပဲ တောင်တန်းရဲ့ အပေါ်ဆုံးလမ်းကို ဆောက်ဖို့ မဖြစ်နိုင်သလို ပျဉ်ခင်းလမ်းကို ဆောက်နေတဲ့အခါမှာလည်း လူတွေဟာ အကြောင်းပြချက်မရှိဘဲ ချောက်ကမ်းပါးပေါ်ကနေ မကြာခဏ ပြုတ်ကျပြီး သေဆုံးသွားခဲ့ကြသည်။
သူတို့ ဂူတိုလေးထဲက ထွက်လာခဲ့ကြသည်။ သူဌေးဝမ်က ဝူရှဲ့ကို အဝေးကြည့် တယ်လီစကုပ်တစ်ခု ပေးလာပြီး သူကိုယ်တိုက်ကတော့ ဝူရှဲ့ရဲ့မြင်အောင် အလင်းပြဖို့အတွက် ခိုင်ခံ့တဲ့ ဓာတ်မီးကို အသုံးပြုလိုက်သည်။ အဝေးကြည့်မှန်ပြောင်းရဲ့ အာရုံကို ချိန်ညှိပြီးတာနဲ့ အပေါ်က မနီးမဝေး တစ်နေရာမှာ သစ်သားပျဉ်ခင်း လမ်းအပိုင်းတွေ တော်တော်များများ ချောက်ကမ်းပါးမှာ ကပ်နေပုံရတာကို တွေ့လိုက်သည်။ ၎င်းတို့က အပေါ်ဘက်တွင် အနည်းငယ် လှည့်ပတ်နေသည်။ သူတို့ရဲ့ ဓာတ်မီးပါဝါသည် အားနည်းနေပြီး အဲဒီလောက်ဝေးတဲ့ အကွာအဝေးကို အလင်းမထိုးနိုင်သောကြောင့် အဲဒီအချိန်တုန်းက သတိမထားမိခဲ့ချေ။
သူဌေးဝမ်ရဲ့ စကား အဓိပ္ပာယ်ကတော့ ပျဉ်ခင်းလမ်းကို ရောက်နိုင်ရင် တောင်တက်နေရတာထက် အားထုတ်မှု အများကြီး သက်သာနိုင်သည်။ ဒါပေမဲ့ ပျဉ်ခင်းလမ်းပေါ်မှာ ထူးဆန်းတဲ့ အရာတစ်ခုတော့ ရှိရမည်။ ဆရာလျောင်က ပညာရှင်မို့လို့ ဒီပစ္စည်းတွေကို လေ့လာကြည့်ခိုင်းရင်း ဂူဖောက်လို့ရမရ မေးရမည်။ ဒါကြောင့် သူတို့နှစ်ယောက် ဒီလမ်းကို လျှောက်ရဦးမှာပဲ။
ဝူရှဲ့ကတော့ သူ့လောက် အကောင်းမြင်စိတ် မရှိသူပင်။ မှန်ပြောင်းနဲ့ကြည့်တာ ကြာပေမယ့် ဒီပျဉ်ခင်းလမ်းတွေက ဘယ်လိုပုံစံလဲဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ ဒီမှာ မီးအလင်းရောင်က မှိန်လွန်းပြီး ပျဉ်ခင်းလမ်းတွေရဲ့ အစွန်းက အပင်အမြစ်တွေလို အရာတစ်ခုခုက ရစ်ပတ်ထားပုံပေါက်တာကို တွေ့ရသည်။ ၎င်းသည် သူတို့တက်ခဲ့သည့် သံမဏိလမ်းနှင့် အလွန်ကွာခြားပါ၏။ 'မြစ်ချောင်းတောင်တန်းမှတ်တမ်း' သည် မြောက်ပိုင်းနှင့် တောင်ပိုင်း မင်းဆက်များတွင် ရေးသားထားခဲ့ပြီး ယနေ့အထိ ကူးဆက်ခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီရှိပြီ ဖြစ်သည်။ အဆိုပါ ပျဉ်ခင်းလမ်းများ ဆောက်ပြီးရဲ့လား ဆိုတာ မပြောနဲ့ ခိုင်ခံ့မှုရှိမရှိကိုလည်း ရှင်းရှင်းလင်းလင်း မသိနိုင်သေးပေ။
သူဌေးဝမ်က ဒီအရာကို တည်ဆောက်တာက ဧကရာဇ်မင်းဆီ လည်ပတ်ဖို့အတွက် ယာယီပျဉ်ခင်းလမ်းပဲ မဟုတ်ဘဲ သတ္တုတူးဖော်ဖို့အတွက် အသုံးပြုတာဖြစ်လို့ ပစ္စည်းတွေနဲ့ လက်ရာတွေက အထူးပဲ ခိုင်ခံ့ဖို့ လိုအပ်တယ်လို့ ဆိုလေ၏။ ဟန်မင်းဆက်က ရှေးဟောင်း အဆောက်အဦ အတော်များများက အရမ်းခိုင်မာတဲ့အတွက် ပြဿနာက ကြီးကြီးမားမားတော့ မရှိနိုင်ဘူးလို့ သူက ထင်သည်။ နောက်ပြီး သူတို့မှာလည်း ကြိုးတွေအများကြီး ရှိတယ်လေ။
သူဌေးဝမ်က ပြတ်ပြတ်သားသား ဆုံးဖြတ်ထား၏။ သူက ဝူရှဲ့နဲ့ ဆွေးနွေးစကားတောင် မပြောပေ။ ဝူရှဲ့ တိတ်တိတ်လေး ကျိန်ဆဲပြီး ကိုယ့်ထင်မြင်ချက်ကို ထုတ်မပြောဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ သူနဲ့ ဆရာလျောင်တို့က ခဏလောက် ဆွေးနွေးပြီး နောက်ထပ် ဆယ့်ငါးမိနစ်လောက် အနားယူဖို့ ဆုံးဖြတ်လိုက်သည်။ ပြီးတော့ သူဌေးဝမ်က သူဌေးဝမ်က သူ့ကိုခေါ်ကာ ဆရာလျောင်ကိုတော့ လောင်းယန်နဲ့ နေခဲ့ဖို့ဆိုလေ၏။
ဝူရှဲ့ ကောင်းကောင်း အိပ်စက်ခဲ့ရသည်။ ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေ အများကြီး ပြန်ကောင်းလာပြီး တစ်ခုခုကို ထပ်စားနေစဥ် သူဌေးဝမ်လည်း ထိုင်ပြီး ကွမ်တုံးဘာသာစကားဖြင့် ဆရာလျောင်နှင့် စကားစမြည် ပြောသည်။ ဝူရှဲ့ ကောင်းကောင်း နားမလည်သော်လည်း သူတို့ပြောနေကြတာကို ကြားရသလောက်ဆို ခပ်ဝဝသူဌေး ပြောနေခဲ့သော ချီလင်သွေးနဲ့ တစ်ခုခုတော့ သက်ဆိုင်နေသည်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး ဝူရှဲ့ သူ့စိတ်ထဲမှာ အမြဲလိုလို ထုံးဖွဲ့မှုတွေရှိနေခဲ့ပြီး သူတို့နဲ့ ဆက်ဆံရေးက အခုမှ ပြေလျော့သွားပုံရတယ်လို့ ထင်မိတဲ့အတွက် ဒီအကြောင်းကို ထပ်မေးဖို့ အခွင့်အရေးယူလိုက်ရင်း ဆရာလျောင်အား ချီလင်သွေးရဲ့ နောက်ခံက အတိအကျ ဘာလဲလို့ မေးလိုက်သည်။ အန္တရာယ်ရော ကင်းရဲ့လား။
ထိုအခါ ဆရာလျောင်က
"ဒီကဏ္ဍအတွက် လုံးဝ စိတ်ပူနေစရာ မလိုပါဘူး... ငါ မင်းကို အခုနတုန်းက မပြောထားဘူး ဆိုတာက မင်းတို့ ထွက်ပြေးသွားပြီး ငါ့ကို ချန်ထားခဲ့မှာ ကြောက်လို့ ငါ့အတွက်ငါ လမ်းတစ်လမ်းကို လက်တစ်ကမ်း ချန်ထားချင်ခဲ့တာ... အခုတော့ မဟာမိတ်အဖွဲ့ တရားဝင်အဖွဲ့ ဖွဲ့လိုက်ပြီဆိုတော့ မင်းစိတ်မသက်မသာ မဖြစ်ရအောင် ငါပြောပြမယ်...”
ချီလင်သွေးသည် ချီလင်၏သွေးဖြင့် ဖွဲ့စည်းထားသော သွေးခဲဖြစ်သည်။ ၎င်းသည် အလွန်အဖိုးတန်သော တရုတ်တိုင်းရင်းဆေး တစ်လတ်လည်း ဖြစ်သည်။ ချီလင်၏ စစ်မှန်သော သွေးမဟုတ်သော်လည်း သွေးမြွေစပျစ်နွယ် ဟုလည်း လူသိများသော ချီလင်သွေးစပျစ်နွယ် ဟုခေါ်သည့် အပင်၏အရည်မှ ဖော်စပ်ထားတာ ဖြစ်ပေသည်။ ထိုအပင်များကို တောင်ပိုင်းရဲ့ အဝေးဆုံးနေရာများတွင် တွေ့ရတတ်သည်။
ချီလင်သွေးသည် သက်တမ်းရင့်လေ အာနိသင် ပိုကောင်းလေ ဖြစ်သည်။ အစောပိုင်းကာလများတွင် ထိုချီလင်သွေးသည် သာမန်လုပ်ဆောင်မှု တချို့သာရှိပြီး ယေဘုယျအားဖြင့် သာမန် ဆေးဝါးအဖြစ်သာ အသုံးပြုခဲ့သည်။ သို့သော် တရုတ်တိုင်းရင်းဆေးတွင် လူသေအလောင်းများကို ထိန်းသိမ်းရာတွင် သုံးသော ရှားရှားပါးပါး အသုံးပြုမှုလည်း ရှိပါသေးသည်။ ရှေးခေတ်က လူနည်းစု တိုင်းရင်းသားတချို့နှင့် တောင်ပေါ်ဒေသက ရွာအချို့တွင် အလောင်းရဲ့ ချက်ပေါ်တွင် ချီလင်သွေးကို ဖိထည့်ကာ အလောင်းနဲ့ အတူတကွ သင်္ဂြိုလ်ကြသည့် ရိုးရာဓလေ့တစ်ခု ရှိသည်။ ၎င်းသည် လူသေအလောင်းရဲ့ ယင်စွမ်းအင်ကို ဖယ်ရှားပေးနိုင်တာကြောင့် အလောင်းက ပုပ်သွားသော်လည်း လောက်ကောင်တွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ပေ။
အချိန်ကြာလာသည်နှင့်အမျှ ချီလင်သွေးသည် အနီရောင်မှ အနက်ရောင်သို့ တဖြည်းဖြည်း ပြောင်းလဲလာပြီး အချိန်ကြာလေ ပိုမှောင်လာလေပင်။ တစ်ချိန်ကျရင် သဘာဝတရားက ပြောင်းလဲလာပြီး ပါးစပ်ထဲမှာ အရည်ပျော်သွားသလို ပျော်ဝင်သွားလိမ့်မည်။ လူတွေသာ အဲဒါကို စားပြီးရင် အဆိပ်ရှိတဲ့ အင်းဆက်ပိုးမွှားတွေ အနားကို မရောက်နိုင်သလို နွေရာသီမှာ ခြင်တွေတောင် ကိုယ့်ဆီကို မလာဝံ့ကြတော့ချေ။
ဒါပေါ့။ ဒါက ဒဏ္ဍာရီတစ်ခုပဲ။ ဆရာလျောင်က တခြားသူတွေဆီကနေ ကြားရုံပဲရှိကာ ဒီအခြေအနေကို ဒီနေ့ ပထမဆုံးအကြိမ် မြင်လိုက်ရတော့မှ ဒီလိုအရာရှိတယ်လို့ ယုံကြည်လာခဲ့သည်။ ဘေးထွက်ဆိုးကျိုးများ ရှိမရှိနဲ့ ပတ်သက်၍ သက်ဆိုင်ရာ မှတ်တမ်းများ မရှိပေ။ သို့သော် သက်ဆိုင်ရာ မှတ်တမ်းတွေအရ တရုတ်တိုင်းရင်းဆေးများတွင် အဆိပ်အတောက်က ယေဘုယျအားဖြင့် အလွန်နည်းသောကြောင့် ဝူရှဲ့ကို စိတ်မပူရန် ပြောလိုက်သည်။
"ဒါတွေကို တွေးနေမယ့်အစား အခုဒုက္ခအပေးနိုင်ဆုံးက ချီးကူကောင်တွေလို ငါထင်တယ်... 'မြစ်ချောင်းတောင်တန်းမှတ်တမ်း' ဒီလို မျက်နှာဖုံးတွေနဲ့ အကောင်တွေ မပါပါဘူး...ဒါကြီးက ရှေးခေတ်က ဖန်တီးထားတဲ့ မသင်္ကာစရာ အခင်းအကျင်းလား ဒါမှမဟုတ် အပြင်ကလာတဲ့ လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ လက်ဆွဲ လူသတ်သမားတွေလား ငါလည်းသေချာ မသိသေးဘူး... အဲ့တော့ မင်းတို့ အပေါ်တက်တဲ့အခါ သတိထားပါ သတိလက်လွတ်မနေနဲ့..."
ဝူရှဲ့ ခဏလောက် အနားယူလိုက်ပေမယ့် လောင်းယန်ကတော့ မနိုးလာသေးချေ။ သူဌေးဝမ်က ပစ္စည်းတွေကို ချွတ်ပြီး ဝူရှဲ့ဆီ ပစ်ပေးလိုက်သည်။ ဝူရှဲ့ မီးကို ခေါင်းမှာတပ်ပြီး ကြိုးကို နောက်ကျောဘက်မှာ ချည်ကာ အပေါ်က ပျဉ်ခင်းလမ်းရဲ့ အစွန်းဘက်ကို ဆက်သွားလိုက်၏။
ဘုံသဘောအရ ပျဉ်ခင်းလမ်းကို ရောက်ဖို့က မဝေးပေမယ့် လက်တွေ့မှာ အမြဲလိုလို ကူကယ်ရာမဲ့သွားတဲ့ အာရုံခံစားမှုတွေက ရှိနေလေသညိ။ အမြင်အာရုံရဲ့ အကွာအဝေးဟာ တကယ့်အကွာအဝေးထက် အမြဲပိုနီးနေတတ်တယ် မဟုတ်လား။ တစ်နာရီအတွင်း တောင်ထိပ်ကို ရောက်ဖို့ မျှော်လင့်ထားပေမယ့် ပျဉ်ခင်းလမ်းရဲ့ အောက်ခြေကို တက်ဖို့ပင် နာရီဝက်လောက် အချိန်ယူလိုက်ရသည်။
ထိုအခါမှ သူဌေးဝမ် မှန်ကြောင်းကို ဝူရှဲ့ သဘောပေါက်သွားပါ၏။ ပျဥ်ခင်းလမ်းက ကောင်းကောင်းမွန်မွန် ထိန်းသိမ်းခံထားရသည်။ ဧကရာဇ်မင်း လျှောက်လှမ်းလိုလျှင် လျှောက်နိူင်ဖို့သာ ပျဉ်ခင်းလမ်းကို ပိုမိုခိုင်ခံ့အောင် တည်ဆောက်ထားခြင်းမျိုး ဟုတ်ဘဲ ပျဉ်ခင်းလမ်းကို ပြုပြင်နေခြင်းသာ ဖြစ်သည်။ အပြင်ဘက်တွင် ဝါးတိုင်အလွှာတစ်ခုကို ထောက်တိုင်သဖွယ် ထောက်ထားသေးသည်။ ၎င်းတို့က အလွန်စိုးထိုင်းနေသော်ငြား နှစ်ရာနှင့်ချီ သံချေးတက်ပြီးနောက်မှာတောင် အလွန်ခိုင်မာဆဲ ဖြစ်သည်။ လမ်းလျှောက်တဲ့အခါ ကြမ်းတမ်းတဲ့ အသံကိုလည်း ကြားရလေ၏။
ဤနေရာသည် မြေမျက်နှာပြင်နှင့် အလွန်နီးကပ်နေလောက်သည်။ သစ်ပင်များစွာ၏ အမြစ်များသည် ဘေးနားရှိ ချောက်ကမ်းပါးများမှ တွဲလျောင်းကျနေကာ လက်ရမ်းတန်းများကို ရစ်ပတ်ထားသည်။ တချို့သော အမြစ်များသည် ရေဘဝဲ၏ လက်တံများကဲ့သို့ ပျဉ်ခင်းလမ်းကို ပိတ်ဆို့ထားကာ အမြစ်များ ထူထပ်လာလေ သွားလာရတာ ပိုခက်ခဲလေ ဖြစ်လာသည်။ အမြစ်များဖြင့် လုံး၀ ထုပ်ပိုးထားသော အချို့အပိုင်းများလည်း ရှိပြီး မတ်တတ်ရပ်ရန် နေရာရှာလို့ပင် မရနိုင်သလောက် ဖြစ်နေသောကြောင့် လမ်းရှင်းရန် ဓားခုတ်ဓားကို အသုံးပြုရမည်။ သို့မဟုတ်ပါက တွားသွားရုံသာ ရှိတော့သည်။
သစ်ပင်၏ အမြစ်များ ဝင်ရောက်မှုကြောင့် လက်ရှိနေရာရှိ ကျောက်ဆောင်များသည် အက်ကွဲပြီး ကျောက်ခဲများ ရံဖန်ရံခါ ပြိုလဲကျလာသည်။ သူတို့နှစ်ယောက်မှာ သူတို့ရဲ့ ခြေလှမ်းများကို ဂရုပြုရင်း ခေါင်းကိုကိုင်ထားကြရသည်။ ဒီနေရာမှာ လမ်းလျှောက်နေရခြင်းက တောင်တက်ရခြင်းထက် အမှန်တကယ် ပိုပင်ပန်းလာတယ်လို့ပင် ခံစားလာရသည်။
လမ်းလျှောက်လာရင်း ဘယ်နှစ်ခါ ကွေ့ခဲ့ရမှန်းမသိတော့ပေ။ ပျဉ်ခင်းလမ်းရဲ့ အရှေ့ဘက်ခြမ်းက ကျောက်တုံးတွေ ကွဲပြီး ပြိုကျနေတဲ့ ကွက်လပ်ကြီး တစ်ခုကို တွေ့လိုက်ရသည်။ အလယ်မှာ ဆယ်မီတာနီးပါး ကွာဝေး၏။ ဝူရှဲ့ အဝေးကို လှမ်းကြည့်လိုက်ပြီး သူဌေးဝမ်ကို လှည့်ပြောလိုက်သည်။
"ဘယ်လိုမှ မတတ်နိုင်တော့ဘူး... မခုန်နိုင်ဘူးဆိုရင် ကြိုးပေါ်ကနေ တက်သွားရမှာပဲ"
သူတို့ ထွက်လာတာ တစ်နာရီလောက်ရှိပြီ။ ဒါပေမဲ့ အပေါ်ကနေ အောက်ကို ကြည့်လိုက်တော့ ခပ်ဝေးဝေးကို မတက်ရသေးဘူးလို့ပဲ ထင်ရလေသည်။ ဒါကြောင့် တစ်နာရီအတွင်း သစ်ပင်ထိပ်ကို ရောက်ဖို့က မဖြစ်နိုင်ဘူးလို့ ထင်ပါ၏။ အစတော့ သူတို့ အရမ်းမြန်ပြီး ခွန်အားတွေ အရမ်းကောင်းနေခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေလည်း အရမ်းကုန်လာသည်။ ဒါကြောင့် တစ်ခဏတော့ အနားယူရတော့သည်။ ဒီဒေါင်လိုက်လှိုဏ်ဂူက အရမ်းအေးပြီး စိုစွတ်နေကာ ဒီအပေါ်ပိုင်းကို လမ်းလျှောက်ပြီးတဲ့အခါ ဝူရှဲ့ သူ့ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေ အားလုံးနီးပါး ချွေးတွေနဲ့ ဖုံးလွှမ်းသွား၏။ အဝတ်က ခန္ဓာကိုယ်ကို ကပ်နေတာကြောင့် နေရတာ သိပ်အဆင်မပြေပေ။ ခဏကြာအတွင်း ခြောက်သွားအောင် လုပ်ထားရမည်။ မဟုတ်လျှင် လွယ်လွယ်လေး ဖျားသွားနိုင်လို့ နည်းလမ်းရှာပြီး နွေးနွေးထွေးထွေး နေဖို့လိုပေသည်။
သစ်ပင်အမြစ်များနှင့် ပျဉ်ခင်းလမ်းတို့ ရစ်ပတ်ထားသည့် သစ်ပင်အမြစ်ထဲက အပေါက်ကို သူတို့နှစ်ဦး တွေ့လိုက်သည်။ သူဌေးဝမ်သည် ခိုင်ခံ့သော လေကာမီးအိမ်ကို ထုတ်ကာ ဓားမြှောင်ကို သစ်ပင်အမြစ်ပေါ်တွင် ထိုးစိုက်လျက် မီးအိမ်ကို ချိတ်ဆွဲထားလိုက်သည်။ ဝူရှဲ့ အဝတ်အစားတွေကို ချွတ်ပြီး အတွင်းခံဘောင်းဘီကို အရင်လှန်ရင်း ပေါ့ပေါ့ပါးပါး တစ်ခုခု စားလိုက်သည်။ သူဌေးဝမ်က အရမ်းလေးနက်နေပုံရ၏။ သူက ဝူရှဲ့ကို စကားပြောနေတုန်း ကြေးနီပင်ကို လေ့လာဖို့ အားပြင်းတဲ့ နည်းဗျူဟာသုံး ဓာတ်မီးကို အသုံးပြုနေသည်။ ခဏကြာတော့ သူက ဆိုလာ၏။
"လာကြည့်...ဒီကနေ အပေါ်ထပ်ကို လှမ်းမြင်နေရပြီ... အပေါ်မှာ ဘာရှိမယ်လို့ ထင်လဲ?"
ဝူရှဲ့ အဝေးကြည့် မှန်ပြောင်းကို ကောက်ကိုင်ပြီး မော့ကြည့်လိုက်တော့ ကြေးနီပင်ရဲ့ ထိပ်က ဆယ်မီတာလောက်သာ ရှိတော့သည်။ သစ်ပင်ထိပ်ကနေ အမြစ်တွေက တွဲလောင်းကျပြီး ဧရိယာတစ်ခုလုံးကို ပိတ်ဆို့ထားသည်။ သူတို့ရဲ့ အမြစ်စနစ်ထဲတွင် ကြေးနီပင်၏ အမြစ်များစွာက အစုလိုက် အပြုံလိုက် လှည့်ပတ်နေလို့ အတွင်းမှာ ရှိနေတဲ့အရာကို ရှင်းရှင်းလင်းလင်း မြင်ရန်မှာ အမှန်တကယ် ခက်ခဲပါ၏။
ဂူနံရံ ပတ်ပတ်လည်သို့ တက်သွားသော ပျဉ်ခင်းလမ်းက ကြေးနီပင်ရဲ့ထိပ်ထက် များစွာမြင့်မားနေသယောင်ပင်။ ၎င်းသည် "မြစ်ချောင်းတောင်တန်းမှတ်တမ်း" ထဲတွင် မှတ်တမ်းတင်ထားသည့် အရာနှင့် ကွာခြားနေသည်။ နှစ်ပေါင်းများစွာ တူးဖော်ပြီးနောက် လေးလံသော ကြေးနီပင်ကြီးက ကျောက်လွှာများထဲသို့ ထပ်မံနစ်မြုပ်သွားသည့် သဘောတရားက ဖြစ်နိုင်ဆချ ရှိသည်။ လွန်ခဲ့သည့် နှစ်ရာဂဏန်းအတွင်း အမြင့်ကို တက်နေသော ပျဉ်ခင်းလမ်းကလည်း အောက်သို့ ကျဆင်းသွားခဲ့သည်။
ဂူခေါင်မိုးပေါ်ကနေ တွဲလောင်းကျနေတဲ့ ဒီအမြစ်တွေဟာ သူတို့လာတုန်းက ကျင်းယွီတောင်ထိပ်ကနေ သူတို့မြင်ခဲ့ရတဲ့ ညောင်ပင်ကြီးတွေ ဖြစ်နိုင်၏။ အခု သူတို့ရဲ့ အမြစ်စနစ်တွေက သူတို့ရဲ့ အကိုင်းအခက်တွေနဲ့ အရွက်တွေထက် ပိုလို့တောင် အံ့မခန်း ဖြစ်နေပုံရသည်။ ဤကြေးနီတိုင်ကြီးကို ငရဲတွင်းမှ ဆွဲထုတ်ရန် ကြိုးစားနေသည့် ဧရာမ တစ္ဆေလက်ကြီးများကဲ့သို့ ကောက်ကွေးစွာ ရစ်ပတ်ထားသည်။ စပါးအုံး မြွေကြီး၏ ကြီးမားသော ကိုယ်ထည်ကြီးလို လူများကို တစ်ကိုယ်လုံး ကြက်သီးတဖျင်းဖျင်း ထသွားစေပါသည်။
သူဌေးဝမ်က ဝူရှဲ့အား
"သစ်ပင်အမြစ်တွေ သိပ်သည်းနေတာ တွေ့လား? ကြည့်ရတာ အပေါ်ယံက ကျောက်သားအခွံရဲ့ အထက်မှာ မြေဆီလွှာ ရှိရမယ်... ဆိုလိုတာက သဘာဝလိုဏ်ဂူတစ်ခု ရှိနိုင်တယ်.... ရှေးခေတ်က လူကြီးတွေက ယဇ်ပူဇော်ဖို့ တောင်ပေါ် ရောက်လာတဲ့အခါ တောင်အတွင်းထဲအထိ မဝင်နိုင်ကြဘူးလေ... အဲ့တော့ အပြင်ဘက်ကို ဦးတည်နိုင်တဲ့ ဂူတစ်ခု ရှိရမယ်... အဲ့လိုသာဆိုရင် ငါတို့လာခဲ့တဲ့ လမ်းအတိုင်း ပြန်သွားစရာ မလိုတော့ဘူး"
သူ့စကားကို ကြားလိုက်ရတော့ ဝူရှဲ့လည်း ဝမ်းသာသွားသည်။ ဒီအတိုင်း ပြန်သွားစရာ မလိုဘူးဆိုရင် သာယာလှပတဲ့ ခံစားချက်လေး ဖြစ်လာမှာ မဟုတ်လား။ ဒါပေမဲ့ ဒီသဘာဝလှိုဏ်ဂူဟာ အေးချမ်းသာယာတဲ့ နေရာ မဟုတ်တာတော့ သေချာပါ၏။ ဒါကိုလည်း တစ်ဖက်ကနေ ထည့်သွင်းစဉ်းစားရဦးမည်။ ထိုအခိုက် သူဌေးဝမ်က ဝူရှဲ့ကို တွန်းလိုက်ပြီး
"အဓိကက ကြေးနီပင်ရဲ့ ထိပ်က အခြေအနေပဲ... ဒါပေမဲ့ အမြစ်တွေကို ကြည့်လိုက်... ကြေးရုပ်တုတစ်ခု ရှိနေသလိုပဲ ဒီနေရာကနေ အရမ်းဝေးတော့ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ သွားကြည့်ရအောင်...ငါတို့ အဲနေရာကိုသွားပြီး သေချာ ကြည့်ကြည့်ရအောင်"
သူ့လက်ညှိုး သွားရာကို လှမ်းကြည့်လိုက်တော့ ကြေးတိုင်ထိပ်ရဲ့ အောက်မှာ ကြေးဝါလက်မောင်းဖက်ကို အမြစ်တွေကြားမှာ ချိတ်ဆွဲထားတာကို တွေ့လိုက်ရသည်။ အဲဒါက သူတို့ ကျာကျစ်လျှိုမြောင် အဲဒီတုန်းကမှာ တွေ့ခဲ့ရတဲ့ ညုတုတုရုပ်တုရဲ့ အကြွင်းအကျန်နဲ့ အလွန်ဆင်တူလေသည်။ ဂူဖောက်သူတွေကြောင့် သူ့ရဲ့ မျက်နှာဟာ ကွဲအက်သွားတယ်လို့ ထင်ခဲ့ပေမယ့် အဲဒီတုန်းက သူ့မှာ အရမ်းထူးဆန်းတဲ့ ဆဋ္ဌမအာရုံတစ်ခု ရှိနေခဲ့၏။ အဲဒါက ရုပ်တုရဲ့မျက်နှာမှာ တစ်ခုခု လွဲမှားနေတယ်လို့ အမြဲခံစားခဲ့ရသည်။ အခု ဒီကောင်က ဘယ်လိုပုံစံလဲ ဆိုတာကို ကောင်းကောင်း ကြည့်ရမည်။