ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (37)
ဒိုင်ယာရီ
လှိုဏ်ဂူကြီးက ပြိုကျခါနီးနေပြီ။ ကျောက်တုံးလေးတွေက သေးငယ်ပေမယ့် သူ့ခေါင်းပေါ်ကို ဆက်တိုက်ဆိုသလို ပစ်ချခံရနေရပြီမို့ ဒီနေရာမှာ တစ်စက္ကန့်လောက်သာ ဆက်နေမယ်ဆိုရင် ကျောက်တုံးကြီး အောက်မှာ နစ်မြုပ်သွားရဖို့ သေချာသလို အန္တရာယ်ရှိလာလိမ့်မယ်။ ဒီအခြေအနေမှာ သူ့ရှေ့မှာ လမ်းတစ်ခုရှိလို့ တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ ဝူရှဲ့ လက်တစ်ဖက်က လောင်းယန်ကို လှမ်းဆွဲရင်း။
"ဘာလို့ ဝင်လို့မရတာလဲ? ဒါဆို အပြင်မှာ သေဖို့ ထိုင်စောင့်နေရမှာလား?"
လောင်းယန်က "အထဲက အခြေအနေကို မသိရသေးဘူး....မပြောခင် အရင်စစ်ကြည့်သင့်တယ်!"
"ငါအဲ့လောက် မထိန်းနိုင်တော့ဘူး... ဒီက အခြေအနေကို ကြည့်လိုက်ဦး... အခု နဂါးရေကန်နဲ့ ကျားတွင်းဆိုရင်တောင် ငါတို့ဖောက်ဝင်ရတော့မှာပဲ"
ပြောပြီး သူ့ကို ဆွဲထုတ်ပြီး ဂူထဲကို လျှောက်သွားလိုက်၏။ လောင်းယန်က သူ့ကိုမ၀င်သွားအောင် တားဆီးဖို့ သူ့လက်ကို ခက်ခက်ခဲခဲ ကိုင်ထားပြီး
"ငါ့စကားကို တစ်ကြိမ်လောက် နားထောင်ပေးပါကွာ... မင်း အဲဒီတွင်းထဲကို တကယ် ဝင်သွားလို့ မဖြစ်ဘူး!"
လောင်းယန် သူ့ကိုဆွဲထုတ်ခါနီးမှာ ဝူရှဲ့ ဒေါသတွေ ထွက်လာပြီး သေချင်လားလို့ မေးလိုက်ချင်ပေမယ့် ရုတ်တရက် ကျောက်တုံးကြီးက ပြုတ်ကျလာခဲ့သည်။ ဝူရှဲ့ လောင်းယန်ကို အမြန်လွှတ်လိုက်ပြီး နှစ်ယောက်လုံး နောက်ပြန်လဲကျသွားတော့သည်။ ကျောက်တုံးကြီးက သူတို့ကြားတွင် တဟုန်ထိုး အသံနှင့်အတူ ပြိုကျလာပြီး ဂူဝင်ပေါက်ကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ပစ်တော့သည်။
ဝူရှဲ့လည်း အရမ်းထိတ်လန့်သွားလို့ မြန်မြန်အော်ပြီး လောင်းယန်အား အဆင်ပြေလားလို့ မေးလိုက်သည်။ အချိန်အတော်ကြာတော့ သူ့ဆီကညည်းသံကို ကြားလိုက်ရပြီး
"ဘာမှမဖြစ်ဘူး... သူ့အမေကြီးတဲ့မှပဲ.... ခေါင်းကို ထိသွားပြီ မင်းရော ဘယ်လိုနေလဲ?"
ဝူရှဲ့ သူအဆင်ပြေတယ်လို့ ပြောပြီး မလှုပ်ရှားတော့တဲ့ ကျောက်တုံးကို တွန်းထုတ်လိုက်သည်။ သို့သော် ကျောက်တုံးကြီးက လှုပ်ပင်မလှုပ်ပေ။ ဝူရှဲ့လည်း ဝင်လာတဲ့လမ်းက ပိတ်သွားပြီဆိုတာ သိလိုက်ရတော့ နောက်ပြန် လှည့်ကြည့်လိုက်သည်။ အစကတော့ ဒါက ကျောက်နံရံပေါ်က တခြားဂူတစ်ခုလို့ ထင်ခဲ့တာမို့ ထွက်ပေါက်တစ်ခုတော့ ရှိရမယ်ပေါ့။ ဒါပေမဲ့ အခုမြင်လိုက်ရတာက ဒါက တခြားလှိုဏ်ဂူ တစ်ခုဖြစ်နေပေမယ့် အလုံပိတ်ထားတဲ့ နေရာတစ်ခုလို ဖြစ်နေပြီး အလွန်ကျဉ်းမြောင်းတဲ့ သဘာဝတောင်တန်းနဲ့ ကွာဟချက်ရှိနေသလို မြင်ကွင်းက အရမ်းရင်းနှီးနေသလို ခံစားလာရသည်။
ကျောက်စရစ်ခဲပေါ် ခြေလှမ်းအနည်းငယ် လှမ်းတက်ပြီးနောက် ဤဂူသည် ပြိုကျနေသော ဂူဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။ သို့သော် ပြိုကျနေခဲ့တာတော့ နှစ်အတော် ကြာသွားခဲ့ပြီ။ ပြိုကျသင့်သော အရာအားလုံးက ပြိုကျသွားပြီမို့ မြေကြီးပေါ်မှာ ကျောက်စရစ်များဖြင့်သာ ပြည့်နေသည်။
အဲဒီမြွေကြီး ဘာကြောင့် ဒီလောက်ထိ အစွမ်းထက်နေရသလဲလို့ အခုနတုန်းက တွေးတောမိနေတာ။ ဘာကြောင့် ကျောက်တုံးကြီးကို ရိုက်ခတ်ပြီးတဲ့နောက်မှာ ဒီပုံသဏ္ဌာန် ဖြစ်သွားရလဲပေါ့။ အခု စဉ်းစားကြည့်တော့မှ ဒီနေရာက ပြိုကျထားခဲ့တာပဲ။ အနီးနားက ကျောက်တုံးများကို ကြီးကြီးမားမား ထိခိုက်ပျက်စီးစေခဲ့တဲ့အထိ မတော်တဆ တစ်ခုခု ဖြစ်ထားရမယ်။ အထဲမှာ အစိုင်အခဲ ဖြစ်နေပုံရတဲ့ ကျောက်တုံးကြီးက အမှန်တကယ်တော့ အက်ကွဲနေပြီ ဖြစ်သည်။ ထိုအရာက ဧရာမမြွေကြီးရဲ့ ရိုက်ခတ်မှုကြောင့် နောက်ဆုံးတွင် အက်ကြောင်းများဆက်ကာ ပြိုကျသွားခဲ့ရသည်။
ပြိုကျနေတဲ့ ကျောက်တုံးကြီး နှစ်ခုကြားကနေ ခေါင်းကိုမော့ကာ ကြည့်လိုက်တော့ ကျောက်တုံးကြီး၂တုံးက အံကိုက်ကို ကျွံဝင်နေပြီး အတော်လေး ခိုင်ခံ့နေပြီ။ အပြင်ဘက်မှာ ပြိုကျနေပေမယ့် ဖုန်မှုန့်တွေပဲ ရှိတော့သည်။
မြွေကြီးမှာ သူ့ခွန်အားတွေ ကုန်ခမ်းသွားပုံရ၏။ ၎င်းက ကျောက်နံရံတွေကို ပေါ့ပါး ပွတ်တိုက်သွားကာ နောက်ဆုံးတော့ ငြိမ်သက်သွားသည်။
ဝူရှဲ့ ပြန်တွေးကြည့်ရင်း တုန်လှုပ်သွားမိသည်။ ရုတ်တရက် လောင်းယန်က သူ့ကို ပြန်ဆွဲထုတ်သွားတာကို သတိရလိုက်မိ၏။ သူသာ အချိန်မီ မလွှတ်လိုက်ဘူးဆိုရင် သူ့တစ်ကိုယ်လုံး အမဲသားမုန့် ဖြစ်သွားလိမ့်မယ်။ ရုတ်တရက် ဒေါသထွက်လွန်းလို့ ကျောက်တုံးကြီးနောက်ကနေ ဒေါသတကြီးနဲ့ အော်ပြောလိုက်သည်။
"မင်းအခုနက သောက်ကျိုးနည်း ဆေးမှားသောက်မိထားလို့လား? သေတော့မလို့ကွ!"
လောင်းယန်ဘက်ကလည်း ကျောက်ခဲတွေနဲ့ ပိတ်ဆို့နေပြီး ဝင်ချင်ရင်တောင် မဝင်နိုင်တော့တာမို့ သူကလည်း ပြန်အော်ပြောလေ၏။
"ဘာလို့ ငါက ဆေးမှားသောက်ရမှာလဲ? အဆင်မပြေဘူးလို့ ငါ မပြောဘူးလား? အခုတော့ကောင်းရော ဘယ်လိုလုပ်ကြမလဲ?"
ဝူရှဲဲ့ ကျောက်ခဲအနည်းငယ်ကို ကောက်ကိုင်ကြည့်လိုက်ရာ ကျောက်တုံးများကြားတွင် တောက်ပနေသော လောင်းယန်ရဲ့ ဓာတ်မီးကို လှမ်းတွေ့လိုက်ရသည်။ သို့သော် အကြီးဆုံးကျောက်တုံးသည် အနည်းဆုံး မသေနိုင်သော ရတနာရှစ်ပါး စားပွဲတစ်ခုကဲ့သို့ ကြီးမားလေသည်။ ထိုကြားထဲက အကန့်အသတ် ရှိသည်။ ဝူရှဲ့ သူ့လက်ကို လှမ်းနိုင်ပေမယ့် လူကိုယ်တိုင်တော့ အပြင်ထွက်ဖို့ မဖြစ်နိုင်ပေ။
ဝူရှဲ့ ကျောက်ခဲတွေကို အကြိမ်ပေါင်းများစွာ ရိုက်လိုက်တော့ အဖြူရောင် အမှုန်တချို့ ထွက်ကျလာသည်။ လောင်းယန်က သူတို့ဦးခေါင်းပေါ်ရှိ ပြိုကျလာနေသော ကျောက်တုံးကြီးက တဖန်ပြန်လည် ပြေလျော့သွားတာကို မြင်လိုက်ရတဲ့အခါ ဝူရှဲ့ကို အမြန် ရပ်တန့်ခိုင်းလိုက်သည်။ သူက
"စိတ်ချ...မင်း နောက်တစ်ကြိမ် ထပ်တိုက်နေရင် ထပ်ပြိုကျလာလိမ့်မယ်"
ဝူရှဲ့ကလည်း "မင်းရဲ့ခေါင်းကို ဓားနဲ့ဆွဲခြစ်လိုက်တာနဲ့ အတူတူလောက်ပဲ.... ဘာပဲဖြစ်ဖြစ် မင်းသေတဲ့အထိ အရိုက်ခံရရင်ခံရ ဒါမှမဟုတ် ငတ်သေသွားရမှာပဲ အဲ့တော့ သိပ်စိတ်မပူနဲ့"
လောင်းယန် - "မင်းမလုပ်တာက ပိုကောင်းမယ်နော်... ငါတို့ ကြိုးရဲ့ အဆုံးကို မရောက်ခင်မှာ တစ်ခုခု ထူးခြားတာ ရှိမရှိ သိရဖို့ အရင်ဆုံး ဘေးပတ်လည်ကို လှည့်ကြည့်သင့်တယ်... တစ်ခုခု တွေ့ရင် ငါ့ကိုချက်ချင်း ခေါ်လိုက်"
ဝူရှဲ့ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ အားလုံးက မှောင်မည်းနေသည်။ သူ မြင်နိုင်သမျှ ကျောက်စရစ်ခဲတွေ ဆိုတော့ အထဲမှာ ဘာမှမရှိဘူးလို့ ပြန်ပြောလိုက်၏။ လောင်းယန်က ခဏလောက် နှုတ်ဆိတ်နေပြီး
"တကယ် ဘာမှမရှိဘူးလား? အနီးကပ် ကြည့်စမ်းပါဦး"
"မင်းကိုလိမ်လို့ ဘာရမှာလဲ? ဒီမှာက သောက်ကျိုးနည်း ပိုကြီးတဲ့ နေရာပဲရှိတယ် ဘာပဲဖြစ်ဖြစ် အကုန်မြင်ရတယ်"
လောင်းယန်- "ကောင်းပြီ မင်းလည်း သေချာကြည့်ကြည့်... ငါလည်းဒီမှာ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတဲ့ နေရာရှိလားဆိုတာ ကြည့်ဖို့ ရှေ့ကို သွားကြည့်လိုက်မယ်... ပြောလို့မရဘူး ငါ တွားသွားဝင်လာနိုင်တဲ့ ကွာဟချက် ရှိနိုင်သေးတယ်"
ဝူရှဲ့လည်း သူပြောသလို သူ့လက်နှိပ်ဓာတ်မီးကို ရွှေ့လိုက်သည်။ သူကျောက်တုံးကို ခဏမှီပြီး အနားယူလိုက်ကာ ကျောက်တုံးကြားက ကွက်လပ်ထဲကို တွားသွားလိုက်သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ထွက်ပေါက် မရှိတော့ဘူး ဆိုတာ သိလိုက်သည်။ ဒီနေရာမှာသာ ပိတ်မိနေရင် တစ်နှစ်ခွဲလောက်အထိ ဒီကနေ မထွက်ခွာနိုင်တော့မှာကို ကြောက်ရ၏။
အထဲမှာ လမ်းလျှောက်ပြီးနောက် ထပ်သွားစရာလမ်း မရှိတော့လို့ နောက်ပြန်လှည့်ခါနီးမှာ ကျောက်နံရံမှာ ရေးထားတဲ့ တစ်ခုခုကို ရုတ်တရက် တွေ့လိုက်တာကြောင့် အမြန်ကြည့်ဖို့ ပြေးသွားလိုက်သည်။
ထိုအရာကို ပထမဆုံး မြင်တုန်းကတော့ ကြေးနီသစ်ပင်ကို သွန်းလုပ်ခဲ့တဲ့ ဘိုးဘေးဘီဘင်တွေ ထားခဲ့တဲ့ ဂရပ်ဖစ်တီပုံတွေနဲ့ တူတဲ့ ဂူပန်းချီကားတွေလို့ ထင်လိုက်သည်။ အနီးကပ် ကြည့်လိုက်တော်မှ ထိုဂရပ်ဖီတီပေါ်က ပုံသဏ္ဌာန်သည် လေယာဉ်ပျံနှင့် ခေတ်မီလူသားတို့၏ လက်ရာဖြစ်သည့် အင်္ဂလိပ်စာလုံးများစွာ ဖြစ်ကြောင်း ထင်ရှားလာခဲ့သည်။
ဒီလိုနေရာမျိုးမှာ ဘယ်သူက ဒီအရာတွေကို လုပ်မှာလဲ? ဝူရှဲ့တွေးရင်း အရမ်းစိတ်ရှုပ်သွားသည်။
ဂရပ်ဖီတီတစ်ဝက်ဟာ သူ့ခြေရင်းက အပျက်အစီးပုံတွေထဲ မြုပ်သွားခဲ့သည်။ အဲဒီပေါ်မှာ ရေးထားတဲ့ ပန်းချီကားတွေကို ကြည့်ဖို့ ဝူရှဲ့လည်း ကျောက်တုံးတွေကို အဝေးသို့ ရွှေ့လိုက်သည်။ ကျောက်တုံးကြီးကို ဖယ်ရှားလိုက်တဲ့အခါ အဝတ်အစား အပိုင်းအစဟု ထင်ရသည့် အနက်ရောင် အဝတ်အစားတစ်ခု ပေါ်လာလေသည်။
ဝူရှဲ့ အ၀တ်စုတ်ကို ဆွဲထုတ်လိုက်တော့ အရိုးတွေကို ထုတ်ပြလာတဲ့အထိ ပုပ်ပွနေတဲ့ လူ့လက်တစ်ဖက်က ပေါ်ထွက်လာ၏။ ထိုသူ၏ လက်များသည် အပျက်အစီးများထဲမှ တွားသွားလာကာ ကုတ်ခြစ်နေခဲ့ဟန်ရှိကာ နောက်ဆုံးတွင် မောပန်းနွမ်းနယ်ကာ သေဆုံးသွားခဲ့သည်။
ဝူရှဲ့ လန့်ပြီး ထအော်မိသွားသည်။ ဒီမှာ လူတစ်ယောက်က ဘယ်လိုလုပ် မြှုပ်သွားရတာလဲ။ လှိုဏ်ဂူပြိုကျတဲ့ အချိန်တုန်းက ဒီနေရာမှာ အရှင်လတ်လတ် မြှုပ်နှံခံခဲ့ရတာ ဖြစ်နိုင်မလား။ ဒါဆို ဒီလူက ဘယ်သူလဲ။
ကျောက်တုံးတွေကို ဆက်ရွှေ့ပြီးနောက် မကြာခင်မှာပဲ ခန္ဓာကိုယ်တစ်ခုက ပေါ်လာသည်။ အလောင်းက လုံးဝပြိုကွဲပျက်စီး သွားခဲ့ပြီးပြီဖြစ်ပြီး ဤနေရာတွင် နှစ်ပေါင်းများစွာ မြှုပ်နှံခံထားခဲ့ပုံရပင်။ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များက စုတ်ပြတ်သတ်သွားကာ အသွင်အပြင်ကို ကြည့်လျှင်ပင် အင်္ကျီရဲ့ မူလအရောင်က ဘယ်အရောင် ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရတော့ပေ။ သူ့လည်ပင်းတစ်ဝိုက်က အဆောင်လက်ဖွဲ့ကို ကြည့်ရသလောက်ဆို ဒီလူကလည်း သူတို့လိုမျိုး ဂူလာဖောက်တဲ့လူ ဖြစ်နိုင်တယ်။
ဝူရှဲ့ ရေတံခွန်အောက်ခြေမှာ မြင်ခဲ့ရတဲ့ အလောင်းကို တွေးကြည့်မိတော့ သူ့လိုမျိုး ပုပ်ပွလုနီးနီး ဖြစ်နေပြီမလို့ ဒီလူနှစ်ယောက်က တစ်ဖွဲ့တည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တွေးလိုက်သည်။ လူတွေက ငွေအတွက်သေပြီး ငှက်တွေ အစာအတွက် သေသွားရတယ် ဆိုတာတော့ အမှန်ပဲ။
၎င်းရဲ့တစ်ကိုယ်လုံးကို တူးပြီး ကြည့်လိုက်တော့ ကျောပိုးအိတ် တစ်လုံးကို ထပ်တွေ့လိုက်ရသည်။ အထဲမှာ တော်တော် ပုပ်နေပြီမို့ အနက်ရောင် အကြွင်းအကျန်တွေပဲ ရှိတော့သည်။ အဲဒါတွေက ဘာနဲ့ လုပ်ထားလဲတော့ မသိပေမယ့် နောက်တစ်ဖက်ကို ပြန်ကြည့်လိုက်တော့ မှတ်စုစာအုပ်တစ်အုပ် ပြုတ်ကျလာခဲ့သည်။
မှတ်စုစာအုပ်က ပျက်စီးလုနီးပါး ဖြစ်နေပေမယ့် ကံကောင်းထောက်မစွာပဲ စာရွက်က အသားကောင်းပြီး အပြာရောင်ဘောပင်နဲ့ ရေးထားတဲ့အတွက် စကားလုံးတွေက ရှင်းနေပါသေး၏။ ဝူရှဲ့ ကောက်ကိုင် ကြည့်လိုက်တော့ ရှေ့စာမျက်နှာမှာ ပထဝီဝင်တည်နေရာနဲ့ ဖုန်းနံပါတ်တချို့ပါ၀င်သည်။ နောက်ကို ထပ်လှန်ကြည့်လိုက်တော့ ရုတ်တရက် အံ့အားသင့်သွားရ၏။ ဒီထဲမှာ ဒိုင်ယာရီတချို့ကို ရေးသားထားကာ ပထမစာကြောင်းကို ဖတ်ပြီးချိန်မှာတော့ လွန်ခဲ့တဲ့ ၃နှစ်ကအရာကို စပြီး မှတ်တမ်းတင်ထားပုံရကြောင်း တွေ့လိုက်ရသည်။
ဒီလူရဲ့လက်ရေးဟာ အတော်လေး ကလေးဆန်ပြီး သူကစာကို ကောင်းကောင်း မရေးတတ်တာ ဖြစ်နိုင်တယ်။ ဒိုင်ယာရီတစ်ခုစီမှာ စာလုံးရေ ရာဂဏန်းလောက်ပဲ ပါလေသည်။ စာမျက်နှာ အနည်းငယ်ကို မြန်မြန်လှန်ပြီး ဖတ်ကြည့်လိုက်တော့ ကျောရိုးထဲက ချမ်းစိမ့်စိမ့် ခံစားချက်ကြီးကို ခံစားလိုက်ရတော့သည်။
ဒိုင်ယာရီထဲက မှတ်တမ်းတွေကို ကြည့်ပြီး ဒီလူက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဒီကိုရောက်နေတာ ဖြစ်မယ်လို့ ခန့်မှန်းမိသည်။ ဒိုင်ယာရီထဲမှာ သူရောက်လာခဲ့တဲ့ ဖြစ်စဉ်ကို မှတ်တမ်းတင်မထားသော်လည်း သူ ဤဂူထဲတွင် ပိတ်မိနေချိန်မှ စတင်၍ မှတ်တမ်းတင်ထားခဲ့သည်။ သို့သော်လည်း အောက်ဖက်က အကြောင်းအရာထဲမှာတော့ သူသည် ဒီထဲမဝင်မီက သူ့အတွေ့အကြုံများကို ရံဖန်ရံခါ ပြောပြခဲ့ပါသေးသည်။
သူတို့အုပ်စုတွင် စုစုပေါင်း ဆယ့်ရှစ်ယောက် ရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖော်ပြထားသော ဒိုင်ယာရီထဲမှ တစ်ခုဖြစ်သည့် 'ငါက လူ၁၈ယောက်ထဲမှာ တစ်ဦးတည်း ကျန်ခဲ့တဲ့လူ' ဟူသည့် စာကြောင်းကြောင့်ပင်။ သူတို့က လက်ရှိဝူရှဲတို့ ဝင်လာတဲ့ လမ်းကနေ ဝင်လာခဲ့တာ မဟုတ်ပေ။ သူတို့ဟာ တောင်ထိပ်က ညောင်တောထဲက လေမြစ်တွေ ရစ်ပတ်နေတဲ့ သစ်ပင်ကြီးထဲက အပေါက်ကနေ ဝင်လာခဲ့တာလို့ ပြောထားသည်။
အဲဒါက လောင်းယန် ပြောခဲ့တဲ့ ညောင်တော ဖြစ်နိုင်တယ်။ သူတို့ကတော့ ဝင်ဖို့ အခွင့်မသာခဲ့ဘူး။ ဒီထဲမှာ ဒီလိုငါးကြီးတစ်ကောင် ရှိနေမယ်လို့ မမျှော်လင့်ထားဘူးလေ။ ဒုက္ခတွေလည်း အများကြီး ကြုံခဲ့ရသေးသည်။
ဒါပေမဲ့ ဆက်ဖတ်ကြည့်တော့ အဲဒီလမ်းကို မဝင်သွားလိုက်မိလို့ ဝမ်းသာမဆုံး ဖြစ်လာခဲ့သည်။ စာထဲမှာတော့ သူတို့ဆင်းလာခဲ့တဲ့ လမ်းက အရမ်းအန္တရာယ် များတယ်လို့ ရေးထား၏။ ဆယ့်ရှစ်ယောက် ဝင်သွားပေမယ့် ခြောက်ယောက်ပဲ ကျန်ခဲ့သည်။ တခြားသူများ အားလုံးက လမ်းပေါ်မှာပဲ သေဆုံးသွားခဲ့ကြသည်။
သူတို့ဝင်သွားခဲ့တဲ့ သစ်ပင်အပေါက်က လောင်းယန်ပြောတဲ့ သစ်တောအလယ်က အပင်ကြီးလို့ ခန့်မှန်းရပြီး ဘိုးဘွားစဉ်ဆက် ပြောခဲ့သော ညောင်ပင်များထဲမှ လူတစ်ဒါဇင်ကျော်မျှ ဝိုင်းဖက်နိုင်သော ညောင်ပင်တစ်ပင် ဖြစ်မည်။ အဲဒါက သစ်ပင်အနည်းငယ်လား တစ်ပင်တည်းလား ဆိုတာ အခုတော့ ရှင်းရှင်းလင်းလင်း မပြောနိုင်သေးပေ။ ဒီလူတွေ ဆင်းသွားတာက သူတို့နဲ့ ဆန့်ကျင်ဘက် နေရာက ဖြစ်နိုင်၏။ သူတို့က ကြေးပင်အောက်ခြေမှ တိုက်ရိုက် တက်လာခဲ့ကြသော်လည်း တစ်ဖက်လူတွေကတော့ ကြေးပင်ထိပ်ကနေ တိုက်ရိုက် ပြုတ်ကျလာခဲ့တာ ဖြစ်မည်။
ယဇ်ပလ္လင်ပေါ်မှာ ဘာမှမတွေ့ရဘူးလို့ ရေးထားသဖြင့် ဝူရှဲ့ အံ့ဩသွားရသည်။ သူတို့ ပျဉ်ခင်းလမ်းအတိုင်း လျှောက်သွားခဲ့ကြသည်။ ပျဥ်ခင်းလမ်းရဲ့ ဘေးပတ်ပတ်လည်မှာ ရေတွေချည်း ရှိနေကာ ရေတွေကစိမ်းပြီး အောက်ခြေကို လုံးဝမမြင်ရချေ။
သူတို့ရေကန်ထဲကို ခုန်ဆင်းကြည့်လိုက်တဲ့အခါ ရေအနက်က အလွန်နက်တယ် ဆိုတာ တွေ့လိုက်ရသည်။ စက်ကိရိယာ မပါဘဲ ရေငုပ်လို့ မရနိုင်ပေ။ သူတို့ ယူလာတဲ့ ရေငုပ်ကိရိယာက သေးလွန်းတယ်လေ။ ခဏလောက် စမ်းကြည့်ပြီးနောက် လက်လျှော့လိုက်ရသည်။ လူခြောက်ယောက် ရေထဲကနေ ပြန်ပေါ်လာတဲ့ အခါမှာတော့ အားလုံး ထိတ်လန့် ဆွံ့အသွားခဲ့သည်။
သူတို့ရေငုပ်နေစဉ်တွင် ရေသည် အလွန်အမင်း ကျဆင်းသွားခဲ့ကြောင်း တွေ့ရှိရသလို ရေထဲက ပြန်ထွက်လာသောအခါတွင် သူတို့ရဲ့ ပစ္စည်းများကို သိမ်းဆည်းထားသော ပျဉ်ခင်းလမ်းမှာ ၎င်းတို့နှင့် ခြောက်မီတာ သို့မဟုတ် ခုနစ်မီတာ ကွာဝေးသွားပြီ။ ကြိုးတွေအကုန်လုံးက အိတ်ထဲမှာဖြစ်ပြီး ဒါကြီးက ဘယ်သူမှ မမျှော်လင့်ထားတာကြောင့် အားလုံး ထိတ်လန့်သွားကြသည်။
တချို့မှာ ကြေးဝါပင်ပေါ်သို့ တက်ကြပြီး တချို့မှာလည်း ကျောက်နံရံပေါ်ရှိ အပေါက်ထဲသို့ ပြေးဝင်သွားကြသည်။ ဤဒိုင်ယာရီပိုင်ရှင်သည် ထိုအချိန်က လက်သူ သူရှိနေရာ လှိုဏ်ဂူထဲသို့ ဝင်သွားသော်လည်း ကံမကောင်းစွာဖြင့် ဂူထဲသို့ဝင်ပြီး မကြာမီတွင် နဂါးနက်ကဲ့သို့ ဧရာမစပါးအုံးမြွေကြီးက ရုတ်တရက် ရေထဲမှ ထွက်လာပြီး ကြေးနီပင်ပေါ်သို့ လိုက်သွားခဲ့သည်။ သူ့အဖော်တွေရဲ့ အော်ဟစ်သံတွေနဲ့ သေနတ်သံတွေကိုသာ ကြားလိုက်ရကာ သူ့ခမျာ ထိတ်လန့်လွန်းလို့ ဂူထဲမှာပဲ ပုန်းပြီး အပြင်မထွက်ရဲတော့ပေ။
ဒီဘေးအန္တရာယ်ကို သတိမထားမိလိုက်တဲ့ သူ့အဖော်တွေ အားလုံးလည်း စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသည်။ သူတို့ထဲက တစ်ယောက်က စပါးအုံးမြွေကြီးကို တိုက်ခိုက်ခဲ့ပြီး မသေခင် ဖောက်ခွဲရေး ပစ္စည်းတွေကို အသက်သွင်းသွားခဲ့သည်။ ထိုအရာဟာ သင်္ချိုင်းကို ဖောက်ခွဲပစ်ဖို့နဲ့ တောင်ကိုဖွင့်ဖို့ ပြင်ဆင်ထားခဲ့တာကြောင့် ဖောက်ခွဲရေးပစ္စည်းတွေက ပြင်းထန်လှသည်။ ထို့ကြောင့် သူအပါအဝင် ကမ္ဘာမြေကြီးတစ်ခုဘုံး ချက်ချင်း ပေါက်ကွဲသွားခဲ့လေ၏။
ဒိုင်ယာရီပိုင်ရှင်ဟာလည်း ပေါက်ကွဲမှုကြောင့် ခေတ္တသတိလစ်သွားခဲ့သည်။ သူနိုးလာသောအခါတွင် ဤနေရာ၌ ပိတ်မိနေကြောင်း တွေ့လိုက်ရသည်။ အဲဒီလို ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် အပြင်မှာ ဘယ်သူမှ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ကြောင်း သူမျှော်လင့်ထားခဲ့ပါသည်။ သူ့ကိုကယ်ဆယ်ဖို့ ဆိုတာ မဖြစ်နိုင်တော့လို့ ခဏတာ စိတ်ဓာတ်ကျသွား၏။
နောက်ဆက်တွဲ ရေးထားတာတွေက နည်းနည်းတော့ ပျင်းစရာကောင်းလာသည်။
သူသည် ဤနေရာ၌ ခုနစ်ရက်ကြာ ပိတ်မိနေခဲ့သည်။ သူနဲ့အတူ အစာများများစားစား မယူလာခဲ့မိရာ စားလိုက်တာနဲ့ ခဏလေးအတွင်း ကုန်သွားတော့သည်။ ရေကလည်း သောက်လေငတ်လေ၊ ဓာတ်မီးကလည်း ဘက်ထရီကုန်သွား၏။ သူ့ရဲ့နောက်ဆုံးအချိန် ရောက်တော့မယ် ဆိုတာ သိလိုက်ချန် သူ့အမေကို တွေးမိသွားပြီး ပြုစုစောင့်ရှောက်မယ့်သူ မရှိရင် စိတ်ဆင်းရဲနေရတော့မှာပဲဟု တွေးလိုက်မိသည်။
နောက်ရက် အနည်းငယ်ကြာတော့ ဆာလောင်မှုကြောင့် တစ်ရက်မှာ သူလန့်နိုးလာခဲ့ပြီး ဘယ်အချိန် ရှိပြီနေလဲပင် မသိတော့ပေ။ သူ့ရဲ့အစာရေငတ်မှုက ကန့်သတ်ချက် ပြည့်သွားသလို ခံစားလာရသည်။ ရေဘူးက ခမ်းခြောက်နေပြီ။ သို့သော် သူ တစ်ကျိုက်လောက် သောက်လိုက်တဲ့အခါ အံ့သြစရာတစ်ခုက ပေါ်ထွက်လာပြီး ရေဘူးထဲက ချိုမြိန်တဲ့ အရည်တွေ ရုတ်တရက် ထွက်လာခဲ့၏။ ဘာဖြစ်နေမှန်းကို မသိတော့ဘဲ ဆယ်မိနစ်ကျော်လောက် လောဘတကြီး သောက်ခဲ့ပေမယ့် ရေဘူးထဲက ပြတ်တောက်သွားမှုမျိုး လုံးဝ မရှိလာခဲ့ချေ။
သူအိပ်မက်မက်နေတာပဲလို့ ထင်လိုက်သည်။ သူ သေရတော့မှာမလို့ ဂယောင်ချောက်ချားနဲ့ အိပ်မက်မက်နေတာ ဖြစ်မည်။ ဒီအတိုင်း သေသွားရတော့မှာပဲ။ သူလည်း အိပ်မက်မက်နေပြီ ဆိုကတည်းက အိတ်ထဲမှာ စားစရာတွေလည်း ရှိနေဦးမယ်လို့ ထင်ခဲ့တာကြောင့် အိတ်ကို ဖွင့်ကြည့်လိုက်ရာ အိတ်ထဲများ တကယ်ကြီး စားစရာတွေနဲ့ ပြည့်နေ၏။ သို့နှင့် ဝမ်းသာအားရဖြင့် အစွမ်းကုန် စားသောက်ပစ်လိုက်ကာ ရလဒ်မှာ သေလုမျောပါး ဖြစ်သွားခဲ့ရသည်။
ဒါတွေအားလုံးက အိပ်မက် မဟုတ်ကြောင်းကို သူတဖြည်းဖြည်းချင်း သိရှိလာခဲ့သည်။ အစပိုင်းတွင် နတ်ဘုရားတစ်ပါး ပေါ်ထွန်းလာပြီး သူ့ကို ကယ်တင်ဖို့ ကြွလာတယ်လို့ ထင်မြင်ခဲ့သေးသည်။ နောက်ပိုင်းမှာတော့ ပို၍ပို၍ မှားယွင်းနေပြီလို့ ခံစားလာရသည်။ နောက်ဆုံးတွင် ဤအရာအားလုံးက သူ့အတွေးတွေနဲ့ ဆက်စပ်မှုရှိနေကြောင်း တွေ့လာရ၏။ အတွေးတွေ များပေမယ့် အရာရာတိုင်းကတော့ အလုပ်ဖြစ်ပုံချင်း မတူပေ။ ဥပမာ သူတစ်ခုခု စားလာချင်တဲ့အခါ အဲဒီအရာက ပေါ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့အိတ်ထဲက အစားအစာကို ထိလိုက်တဲ့အခါကျရင်တော့ သူစားချင်တဲ့အရာကို မကြာခဏ တွေ့လိမ့်မယ်။ အိတ်ထဲမှာ ဘာမှ မရှိပေမယ့်လည်းပေါ့။
သူသည် သတိရှိရှိ ခွဲခြမ်းစိတ်ဖြာပြီး အတွေးအခေါ် စမ်းသပ်မှုများကို စတင်လုပ်ဆောင်ခဲ့ရာ သူဟာ အရာဝတ္တုများကို တဖြည်းဖြည်း အကောင်ထည် ဖော်နိုင်စွမ်း ရှိတာကို တွေ့လိုက်ရသည်။ ထိုကဏ္ဍနဲ့ပတ်သက်၍ ဒိုင်ယာရီပိုင်ရှင်ဟာ များစွာရေးသားခဲ့ပြီး သူ့ရဲ့ စမ်းသပ်မှု လုပ်ငန်းစဉ်ကလည်း အလွန်ရှုပ်ထွေးခဲ့သည်။ နောက်ဆုံးတွင် သူက ရုပ်လုံးပုံပေါ်လာခြင်းရဲ့ နိဂုံးချုပ်ချက်ကို ရေးသားထား၏။ သူ့ကိုယ်သူ နတ်ဘုရားဟုပင် ထင်နေပုံရသည်။
ကျောက်ပြားတွေပေါ်မှာ ရေးခြစ်ထားတဲ့ ဂရပ်ဖစ်တီကို သူအလွန် ပျင်းလာသောအခါတွင် အပျော်သဘော ရေးဆွဲထားတာတွေ ဖြစ်နေမှာတောင် ကြောက်ရသည်။
ဒိုင်ယာရီရဲ့ အဆုံးမှာတော့ သူဒီကထွက်ဖို့ ကြိုးစားဖို့ ဒီစွမ်းရည်ကို သုံးမယ်လို့ ရေးထားခဲ့သည်။ သူအောင်မြင်ရင် အပြင်ထွက်ပြီးတာနဲ့ စူပါမန်းတစ်ယောက်လို ဖြစ်လာနိုင်တယ်။ သူမအောင်မြင်ရင် ဒီမှာသေလိမ့်မယ်။ အဲဒီတုန်းက ဘယ်လိုဖြစ်သွားလဲ မပြောတတ်ပေမယ့် အခုသူ့ပုံစံကို ကြည့်ရတာတော့ အဆုံးမှာ ကျရှုံးသွားပုံရပါသည်။
သို့သော် ဒီလိုအရည်အချင်း ရှိတဲ့လူသာ လက်တွေ့ကမ္ဘာကို ရောက်ရှိလာခဲ့ရင် ကောင်းတာလား ဆိုးတာလား မသိတော့ချေ။
ဝူရှဲ့ ဒီအလောင်းကိုမြင်ပြီး ကိုယ့်အခြေအနေကိုယ် ပြန်တွေးကြည့်တော့ ရင်ထဲအေးခဲသွားကာ မနေနိုင်တော့ပေ။ အခုသူ့ကိုယ်ပေါ်မှာ အစာမရှိလို့ ခုနစ်ရက်တောင် အသက်မရှင်နိုင်လောက်ဘူး။ စားစရာရှိရင် ပိုကောင်းတာပေါ့။ ဒီမှာ ပျော်ပျော်ကြီး သေရမှာပဲ။
ဝူရှဲ့ ဒိုင်ယာရီကို ချလိုက်ပြီး အလောင်းကိုယ်ပေါ်ရှိ အိတ်ကပ်တွေထဲ နှံ့နှံ့စပ်စပ် ဖောက်ထွင်းကြည့်လိုက်တော့ ဘက်ထရီကုန်နေပြီ ဖြစ်တဲ့ လက်ကိုင်ဖုန်း တစ်လုံးကို တွေ့လိုက်ရသည်။ ဖုန်းကို လွှင်ပစ်ပြီး ဟိုဘက်ဒီဘက် ထပ်စမ်းလိုက်တော့ ပိုက်ဆံအိတ်တစ်လုံး ထပ်တွေ့သည်။ အထဲမှာ ပိုက်ဆံနည်းနည်း ရှိကာ စိတ်ထဲကနေ အကုန်လုံး ပုပ်သွားတာတောင် ဘာလို့ ယွမ်က မပျက်စီးသွားတာလဲလို့ တွေးနေမိ၏။
ပိုက်ဆံအိတ်ထဲမှာ ဒီလူရဲ့ ID ကတ် ရှိနေသည်။ ဝူရှဲ့လည်း ဒီကံဆိုးသူရဲ့ နာမည်က ဘာလဲဆိုတာ ကြည့်ဖို့ ဆွဲထုတ်လိုက်သည်။ ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့ အဲဒီလူရဲ့ ဓာတ်ပုံက မှုန်ဝါးနေတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ နာမည်ကတော့ ရှင်းနေသေးတယ်။
"ရှဲ့ကျစ်ယန်"
ဒီမျိုးရိုးအမည်က တကယ့်ကို ရှားပါတယ်။ ပင်လယ်ရေအောက် သင်္ချိုင်းမှာ သေဆုံးသွားတဲ့ ရှဲ့လျန်းဟွမ်လည်း ဒီမျိုးရိုးနာမည် ပါတယ်။ သူ့မွေးနေ့ကို ကြည့်လိုက်တော့ သူက တော်တော်ငယ်သေးတာကို တွေ့လိုက်ရတယ်။ သနားစရာပဲ။
ရုတ်တရတ် အနောက်ကနေ ဓာတ်မီးအလင်းရောင် တစ်ခု တောက်လောင်လာကာ လောင်းယန်က တွားသွားပြီး ကျောက်တုံးအနောက်ကနေ လှမ်းမေးလာ၏။
"လောင်ဝူ... မင်းဘာကြည့်နေတာလဲ?"