(38)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ချင်လင်နတ်သစ်ပင်


Chapter (38)

တကယ်တူတယ် 



လောင်းယန် ရုတ်တရက် မေးခွန်းတစ်ခုကို မေးလာသောအခါ ဝူရှဲ့မှာ အလောင်း၏ IDကဒ်ကို ကြည့်ရင်း လန့်ဖျပ်သွား​တော့သည်။ သူ ဝိုးတဝါး တုံ့ပြန်လိုက်ပြီး သူ့လက်ထဲကဟာကို ဆက်ကြည့်နေလိုက်သည်။ 


ဒီဒိုင်ယာရီအကျဉ်းကနေ သုံးသပ်ကြည့်တော့ ဒီလူက လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဒီကို​ရောက်လာခဲ့တာပဲ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က လောင်းယန်နဲ့ တခြားသူတွေလည်း ဒီကို ပထမဆုံးအကြိမ် ဝင်လာခဲ့တာပဲ မဟုတ်လား။ သူ့ဒိုင်ယာရီမှာ သူရေးခဲ့တဲ့ အကြောင်းအရာနဲ့ လောင်းယန် ပြောတဲ့စကားကြားမှာ တူတာတချို့ရှိပေမယ့် အများစုကတော့ ကွဲပြားလေသည်။ သူတို့က အုပ်စုနှစ်စုဖြစ်နိုင်၏။ 


ဘာကြောင့်မှန်းမသိပေမယ့် "ရှဲ့ကျစ်ယန်" ဆိုတဲ့ နာမည်က အရမ်းရင်းနှီး​​နေတယ်လို့ အမြဲခံစားရသည်။ မျိုးရိုးအမည် ရှဲ့ က အတော်လေးရှားပြီးတော့ နာမည်တူတဲ့သူတွေလည်း နည်းနည်းပဲ ရှိတယ်။ သူ ဘယ်မှာ ကြားဖူးတာပါလိမ့်။


သေသေချာချာ ပြန်သတိရချင်ပေမယ့် မကြာသေးမီက ထူးဆန်းတဲ့အရာတွေ အများကြီး ဖြစ်ပျက်ခဲ့တော့ သူ့ဦးနှောက်က အလုပ်မလုပ်တော့ဘဲ ဒါကို တွေးတာတောင် ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ပေ။ 


ထို​သူရဲ့ ပစ္စည်းတွေကို ဆက်ရှာ ကြည့်လိုက်ပေမယ့် ဘာမှ မတွေ့တော့ပေ။ ဒါကြောင့် ဒိုင်ယာရီစာအုပ်ကိုပဲ ပြန်သိမ်း၍ နောက်တစ်ကြိမ်ထပ်မံ သေချာကြည့်လိုက်သည်။ 


လောင်းယန်ကလည်း သူ စကားမပြောဘဲ ထိုင်နေတာကို တွေ့တော့ တစ်ခုခုဖြစ်သွားပြီထင်ပြီး လှမ်းခေါ်လေသည်။ ဝူရှဲ့ ပြန်လှည့်ကြည့်လိုက်တော့ သူ့မျက်နှာတစ်ဝက်လောက် အက်ကွဲကြောင်းကြားကနေ ပြူးထွက်လျက် သူ့မျက်လုံးတွေက ဝူရှဲ့လက်ထဲကို တည့်တည့် စိုက်ကြည့်နေပေမယ့် ကျောက်တုံးနဲ့ သူ့အနေအထားမှာ ကွယ်နေတာကြောင့် သူ့ဘက်က မမြင်နိုင်ပေမယ့် ဝူရှဲ့ကသာသူ့ကို လှမ်းမြင်နိုင်သည်။ သူက ဝင်ချင်ပေမယ့် ဝင်လို့မရသည့်နှယ် ပုံစံက ထူးဆန်းနေ၏။ 


ဝူရှဲ့ သူ့ဘာသာ တိတ်တိတ်လေး ကျိန်ဆဲရင်း အခုနတုန်းက မဝင်လာရတာ နောင်တရနေပြီလား?ဟု တွေးလိုက်ရင်း သူ့ကို လှမ်းပြောလိုက်၏။ 


"ဘာမှ ဆူညံမနေနဲ့... ငါစိတ်ဝင်စားစရာ တစ်ခုခုတွေ့ထားလို့ ဖတ်နေတယ်"


လောင်းယန်က မျက်မှောင်ကြုတ်ပြီး “မင်း ဘာတွေ့တာလဲ” လို့ မေးလေ၏။ 


အလောင်းကို ဘယ်လိုရှာတွေ့ခဲ့တယ် ဆိုတာကို ပြောပြပြီး ဝူရှဲ့ သက်ပြင်းချလိုက်သည်။ 


"ဒီကောင်က ငါတို့နဲ့ ကံကြမ္မာတူနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်ကွ... ငါတို့သာထွက်ဖို့ နည်းလမ်းရှာမတွေ့နိုင်ရင် သူ့ထက် မြန်မြန်သေသွားနိုင်တယ်... ဒါပေမဲ့ ဒီကောင်ရဲ့ နာမည်က ငါရင်းနှီး​နေတယ်လို့ ခံစား​နေရတယ်။ ငါတို့ ငယ်ငယ်တုန်းက ဒီနာမည်နဲ့ အတန်းဖော်တွေ ရှိလား မင်းမှတ်မိလား"


ဝူရှဲ့ ပြောရင်း ကျောက်တုံးကြီးဆီကို ပြန်လှည့်လာပြီး သူ့ကိုID ကတ်ပြဖို့ သွားချင်ခဲ့သည်။ သို့သော်လည်း ဝူရှဲ့ မော့ကြည့်လိုက်တော့ လောင်းယန်ရဲ့ မျက်နှာမှာ သွေးတွေ လုံးဝမတွေ့ရ​တော့ဘဲ ဖြူဖျော့ဖျော့ မျက်နှာနဲ့ သူ့အား တိုက်ရိုက်စိုက်ကြည့်နေလေသည်။ 


ဝူရှဲ့ခမျာ သူ့ရင်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ဘာဖြစ်နေတာလဲ။ သူဘာလို့ ရုတ်တရက်ကြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ။ ငယ်ငယ်တုန်းက အတန်းဖော် ရှဲ့ကျစ်ယန်က တကယ်ရှိ​နေခဲ့တာလား။


မျက်စိမှိတ်ပြီး ပြန်စဉ်းစားမိပေမယ့် တကယ်ကို မမှတ်မိတော့ပေ။ အခုခေတ်မှာ လူတွေက ဘာမှမထူးခြားတော့ဘူးလေ။ တက္ကသိုလ် တက်နေတဲ့ အတန်းဖော်တချို့ကို မမှတ်မိတော့သလို ငယ်ငယ်တုန်းက အကြောင်းတွေကိုလည်း မမှတ်မိတော့ဘူး။ လောင်းယန် ဘာမှပြန်မပြောတာကိုမြင်တော့ လက်ထဲက ID နံပါတ်ကို ငုံ့ကြည့်ပြီး ဝူရှဲက ပြောလိုက်သည်။ 


"ငါတကယ် မမှတ်မိဘူး... ဒါပေမယ့် ဒီလူက ငါတို့နဲ့သိပ်မကွာ...."


ဒါကိုပြောပြီးတာနဲ့ ဦးနှောက်ထဲကို လျှပ်တစ်ပြက် လျှပ်စီးလက်သွားပြီး ရုတ်တရက် အလင်းတစ်ချက် ဖြတ်ပြေးသွားကာ အံ့ဩသွားရ၏။


ရှဲ့ကျစ်ယန်၊ ရှဲ့ကျစ်ယန် ရှဲ့ကျစ်ယန် ရှဲ့ကျစ်ယန်!


ဒီအမည်က ဘာသူစိမ်းတစ်ယောက်ရဲ့ နာမည်မှ မဟုတ်ဘူး။ လောင်းယန်ရဲ့ နာမည်အရင်းကြီးလေ!


သူ့ဦးရေပြား ရုတ်တရက် ပေါက်ကွဲပြီး တုန်လှုပ်လုနီးပါး ဖြစ်သွားတော့သည်။ ID ကတ်ပေါ်က မွေးနေ့ကို သေသေချာချာ အမြန်ကြည့်လိုက်တော့ မနေနိုင်ဘဲ မူးဝေသွားရ၏။ ဘုရားရေ၊ ဒါက တကယ်ကြီး လောင်းယန်ရဲ့ မွေးနေ့ပဲ။ ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူး… ဒီ ID ကတ်က တကယ်ဟောင်းပြီး ဖျက်စီးနေပြီ။


ဒါဆို ဒီအရိုးတွေ ပုပ်ပွနေတဲ့ ဒီအလောင်းက လောင်းယန်ရဲ့ အလောင်းလား။ လွန်​ခဲ့​တဲ့ ၃ နှစ်​က လောင်းယန်ဒီနေရာမှာ ​သေသွားခဲ့တာဆိုရင် ​ကျောက်​တုံးအပြင်ကနေ သူ့ကို အဘယ်သူကြည့်​နေတာလဲ။ 


ဝူရှဲ့ လည်ပင်းတွေ တောင့်တင်းလာပြီး ခေါင်းကို စက်ရုပ်လို လှည့်ကြည့်လိုက်တော့ ကျောက်တုံးအက်ကြောင်းတွေကနေ ပေါ်လာတဲ့ မျက်နှာတစ်ဝက်ကို မြင်လိုက်ရသည်။ ရုတ်တရက် နားမလည်နိုင်လောက်အောင် ကြောက်လန့်သွားလေ၏။ ဓာတ်မီးအလင်းရောင် အောက်တွင် လောင်းယန်၏ မျက်နှာသည် သရဲတစ္ဆေ တစ်ကောင်လို သို့မဟုတ် အပြင်ဘက်တွင် မြင်ခဲ့ရသည့် မြွေနက်ကြီးနှင့် အနည်းငယ် ဆင်တူ​နေသည်။


ဝူရှဲ့မှာ ကျောက်တုံးကြီးနှင့် နီးကပ်စွာ မနေရဲ​တော့ဘဲ ဂူအတွင်းဘက်သို့ မသိစိတ်အတိုင်း ဆုတ်ခွာသွားခဲ့သည်။ လောင်းယန် မလှုပ်မယှက်ဖြင့် ဝူရှဲ့ကို တည့်တည့်ကြည့်​နေကာ ကျောက်ထွင်း ရုပ်တုတစ်ခုလိုပင် စကားမပြောဘဲ ကြည့်နေခဲ့သည်။


သူ့ရဲ့ ဒေါသနဲ့ဆို သူ့(ဝူရှဲ့)ရဲ့ဒီလိုပုံစံကို မြင်လိုက်တာနဲ့ မြေးတစ်ယောက်လို ဆူပူကြိမ်းမောင်းနေမှာ သေချာပေသည်။ သူ့ရဲ့ဝိသေသ လက္ခဏာကို ဖော်ထုတ်ပြီးနောက်မှာတော့ ဝူရှဲ့ ဘယ်လိုတုံ့ပြန်ရမှန်း မသိတော့ပေ။ 


ဒီအချိန်မှာတော့ ဝူရှဲ့ရဲ့ သံသယတွေ ပိုတိုးလာခဲ့သည်။ အပြင်ကလူက လောင်းယန်နဲ့ စရိုက်တူပေမယ့် လောင်းယန် မဟုတ်ဘူး။ ဝူရှဲ့ သူဟန်ကျိုးကနေ ဒီကိုရောက်လာတဲ့ ဖြစ်စဉ်တစ်ခုလုံးကို ရုပ်ရှင်တစ်ကားလို စိတ်ထဲမှာ ပြန်တွေးလိုက်မိသည်။ ကြေးနီပင်ထိပ်မှာ လိမ်ညာ ရှောင်တိမ်းနေတဲ့ ပုဂ္ဂိုလ်က သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ပေါ်လာပြီး သံသယတွေ တဖြည်းဖြည်း စုပုံလာတဲ့ ဒီအချိန်မှာတော့ တဖြည်းဖြည်း ရှင်းလာခဲ့၏။ 


လောင်းယန်က ဒီလောက်နက်နဲတဲ့ မြို့မှာနေတာ မဖြစ်နိုင်ဘူးလို့ အမြဲတွေးခဲ့ဖူးသည်။ ပထမအချက်က လောင်းယန်နဲ့သူ့ကြားက ဆက်ဆံရေးကြောင့် သူလိမ်ပြောနေစရာ မလိုပေ။ ဒုတိယအနေနဲ့ သူဒီလိုလိမ်ညာ ပြောတဲ့အခါမှာလည်း အားလုံးက သိပ်မှန်နေသလိုပင်။ မဟုတ်ရင် သူလို့ သတိအရမ်းကြီးနေတဲ့လူတောင် လုံးဝသတိမထားမိ​လောက်ဘူး။ ဒါပေမဲ့ တခြားရှုထောင့်တွေက ကြည့်ရင် ဒီအမျိုးသားဟာ လောင်းယန်နဲ့ အလွန်ဆင်တူတာကြောင့် အပြစ်အနာအဆာတွေ မတွေ့မိခဲ့ဘူး။ သူ့စိတ်ထဲမှာ သံသယမျိုးစုံရှိပေမယ့် လောင်းယန်တစ်ယောက် သူ့ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲသွားတယ်လို့ပဲ ထင်မြင်မိခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူက လောင်းယန် မဟုတ်ဘူး။


ယခုအချိန်တွင် 'လောင်းယန်'က နောက်ဆုံးတော့ အနောက်ပြန်ဆုတ်သွားသည်။ သူ့မျက်နှာက တင်းမာသွားပြီး


"လောင်ဝူ ငါ မင်းကို အခုနတုန်းက ဝင်ခွင့်မပြုခဲ့ဘူး... ဒါပေမဲ့ မင်းနားမထောင်ဘူး ငါလည်း မင်းကိုပဲ အပြစ်တင်ရတော့မှာပဲ မင်းက ခေါင်းမာတယ်။ တချို့အရာတွေက သိလိုက်တိုင်း ကောင်းတဲ့အရာ မဟုတ်ဘူးလို့ သူများတွေပြောတာကို ကြားဖူးတယ်မဟုတ်လား?"


ဝူရှဲ့နှလုံးသားတွေ တဆတ်ဆတ် တုန်လာသည်။ တကယ်ပြဿနာ ရှိနေတာပဲ။ ဝူရှဲ့ သူ့​အသံကို မတုန်မလှုပ်အောင် ကြိုးကြိုးစားစား လုပ်ရင်းနဲ့ ပြောလိုက်သည်။ 


“မင်းက လောင်းယန် မဟုတ်ဘူး… မင်း ဘယ်သူလဲ?” 


လောင်းယန် ထူးဆန်းစွာ ရယ်မောရင်း


"ငါက ဘယ်သူလဲ? ငါက လောင်းယန် ရှဲ့ကျစ်ယန်...မင်းနဲ့အတူ ကြီးပြင်းလာပြီး ထောင်သုံးနှစ်ကျသွားတဲ့သူ မင်းမယုံရင် ငါ့ရဲ့ မှုခင်းမှတ်တမ်းကို စစ်ဆေးကြည့်လို့ရတယ်"


ဝူရှဲ့ လှောင်ရယ်လိုက်သည်။ 


"လောင်းယန်ရဲ့ အလောင်းက ငါ့ဘေးမှာရှိနေပြီ သူသေသွားတာလည်း သုံးနှစ်ရှိပြီ။ ထောင်ထဲ လုံးဝ မဝင်ခဲ့ဘူး မင်းဘယ်သူလဲ?"


“လောင်းယန်” ၏ မျက်နှာတစ်ဝက်သည် ကျောက်ဆောင်ကြားရှိ ကွက်လပ်ထဲကနေ တိတ်တိတ်ဆိတ်ဆိတ် ပေါ်လာပြီး သူသည် လေးနက်စွာ ပြုံးကာ 


“ဟုတ်တယ် သူသေသွားတာ သုံးနှစ်ရှိပြီ ဒါပေမဲ့ ငါ အသက်ရှင်နေသေးတယ်... ဘာကွာခြားသွားလို့လဲ?"


သူ့အမူအရာကို ကြည့်ပြီး ရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ခုကို သဘောပေါက်သွားပေမယ့် စကားက အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားတော့သည်။ 


"မင်း မင်းက လူမဟုတ်ဘူး! မင်း...မင်းကသူရုပ်လုံးပေါ်အောင် ဖန်တီးလိုက်တဲ့ လူမလား?--"


“လောင်းယန်” ဟု အေးစက်စွာ ရယ်လိုက်သည်။ သူက ဘာလို့ သေသွားတဲ့လူကမှ သူပုံတူကူးထားတာလို့ မပြောတာလဲ? ဘယ်သူသိနိုင်မလဲ? သူတို့နှစ်ယောက်က တစ်ပုံစံတည်းလေ။ ဘယ်သူက အရင်လာတယ် ဘယ်သူ နောက်မှလာဆယ် ဆိုတာ ဘယ်သူသိမှာလဲ?


ဝူရှဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်လာကာ ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်ပြီး သူ့ကို ပစ်ပေါက်လိုက်သည်။ သူ့မျက်နှာက အနောက်ကို ပြန်ဆုတ်သွားပြီး ပြောလေ၏။ 


"လောင်ဝူ တကယ်ဆို သူနဲ့ငါက တစ်​ယောက်တည်းပါပဲ မင်းစိတ်ဆိုးဖို့ မလိုပါဘူး" 


"သေချာပေါက် ကွာတာပေါ့.... ဒီလိုတန်ခိုးမျိုးနဲ့ အကောင်ထည် ပေါ်လာတာ ငရဲကလာတဲ့ လူလား ဘယ်သူသိမလဲ!"


ထို "လောင်းယန်"က ရုတ်တရက် တိတ်ဆိတ်သွားပြီး သူ့မျက်နှာက ပိုရုပ်ဆိုးလာသည်။ သူက ဝူရှဲ့ကို ခဏလောက် စိုက်ကြည့်ပြီး  


"Fuckပဲ!!... ငါက လောင်းယန် ... သူနဲ့ မင်းက အတူတူပဲ ဒါကြောင့် မင်းငါ့ကို အပြစ်မတင်ပါနဲ့"


ရုတ်တရက် တစ်ခုခုတော့ မကောင်း​တော့ဘူးလို့ ခံစားလိုက်ရချိန် ရုတ်တရက် သေနတ်တစ်လန်က ကျောက်တုံးကြားကနေ ထွက်လာတော့သည်။ ဝူရှဲ့လည်း သူ မ​မြင်ရလောက်တဲ့ ထောင့်တစ်နေရာကို ပြေးကပ်ထားလိုက်သည်။ 'လောင်းယန်' ကျောက်တုံးကြီးကို ပစ်ချလိုက်တာကြောင့် အပိုင်းအစကြီးတစ်ခု ကွဲထွက်သွားလေ၏။ နောက်ထပ်သေနတ်ကျည်က ဝူရှဲ့ရှိရာ ထောင့်ကို ပစ်ခတ်လာခဲ့ပြီး ကျည်ဆန်က သူ့လည်ပင်းကို ထိသွားလုနီးပါး ဖြစ်သွားသည်။


နေရာက သေးလွန်းလို့ လောင်းယန် မမြင်ရတဲ့ ထောင့်မှာနေရင်တောင်မှ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အကာအကွယ် မပေးနိုင်ဘူး။ တစ်ခုခုမှားနေတာ တွေ့တော့ သူ မမြင်နိုင်​တော့အောင် ဓာတ်မီးကို အမြန်ပိတ်ထားလိုက်တယ်။ တစ်ဖက်လူက ထိတ်လန့်တကြားနဲ့ သေနတ်ကို အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပေမယ့် ဘယ်သူ့ကိုမှ မထိမှန်သွားခဲ့ပေ။ ဝူရှဲ့ လှည့်ပြန်ပြီး ကျောက်တုံးအနားကို ပြေးသွားခဲ့တယ်။ အဲဒီနောက် ကျောက်တုံးတစ်တုံး ကောက်ကိုင်ပြီး သေနတ်ရှေ့ကို ပစ်ချလိုက်တော့ သေနတ်သံတွေ ဆက်တိုက် ထွက်ပေါ်လာတော့၏။ အတန်ကြာတော့ လှည့်ထွက်သွားပြီး ဝူရှဲ့ရဲ့ ၉၀ ဒီဂရီထောင့်ကို ပြောင်းသွားသည်။ 


ထို"လောင်းယန်"က ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။ သို့နှင့် ဝူရှဲ့လည်း ဟစ်အော်လိုက်သည်။ 


"ဘာကို တစ်ပုံစံတည်းလဲ? လောင်းယန်က ငါ့ကိုသေနတ်နဲ့ ပစ်မယ်လို့ မထင်ဘူး... မင်းက ညံ့ဖျင်းတဲ့ အတုအယောင်ကောင်ပဲ!" 


လောင်းယန် ဟိုးအရင်ကတည်းက ပြော​ပြခဲ့တယ်။ သူဟာ သက်ရှိလူသားတွေကို အကောင်ထည် ဖော်နိုင်ကြောင်း ပြောပြီးတဲ့အခါတုန်းက ဝူရှဲ့တစ်​ယောက် သူ့ရင်ထဲမှာ ​ကြိုးထုံးတစ်ခု အမြဲရှိနေခဲ့တယ်။ ဒီရှေးဟောင်းကြေးနီသစ်ပင်က ဒီမှာရှိနေခဲ့ပေမယ့် ဘာရည်ရွယ်ချက်မှ မရှိဘူးဆိုတဲ့ ခံစားချက်တစ်ခု အမြဲရှိနေတယ်။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြောက်စရာကောင်းတဲ့ စွမ်းရည်ကြောင့် ဖြစ်ပေါ်လာတဲ့ သတ္တဝါတွေဟာ အစစ်လား? တကယ် သာမန်လူလား? သူတို့က မကောင်းဆိုးဝါး တစ်မျိုးများ ဖြစ်နိုင်လား?


အခု ဒီ "လူ" က သူတို့နဲ့ အတူတူလား ဆိုတာ မသိပေမယ့် သူ့ရုပ်လုံးပေါ်လာတာကို သေသေချာချာ သိနေပုံရတယ်။ ဘာကြောင့်လဲတော့ မသိပေမယ့် တစ်ခုခုတော့ မှားနေတယ်လို့ အမြဲလိုလို ခံစား​နေရတယ်။


ထို“လောင်းယန်”က ခဏလောက် ဆူပူကြိမ်းမောင်းရင်း ရုတ်တရက် သူ တစ်ခုခုကို တွေးမိသွားပုံဖြင့် အသံတိတ်သွားသည်။ နောက်တော့ သူ့ဓာတ်မီးကို ပိတ်လိုက်ရာ ရုတ်တရက် နေရာတစ်ခုလုံး မှောင်သွားပြီး အဆုံးမဲ့ အမှောင်ထုကြီး ဝင်ရောက်မိသွားသလို ဖြစ်သွား၏။ ဤအချိန်တွင် အလင်းရင်းမြစ်က အလွန်အရေးပါသော အရာတစ်ခု ဖြစ်သည်။


သူ့မှာရှိနိုင်တဲ့ လှည့်ကွက်မှန်သမျှကို ဝူရှဲ့မှာ သတိထားပြီး မမြင်ရတဲ့ထောင့်မှာ ပုန်းအောင်းနေခဲ့သည်။ 


"လောင်ဝူ... မင်း ငယ်ငယ်တုန်းက အမှောင်ကို အကြောက်ဆုံးလို့ ငါမှတ်မိပါ​​သေးတယ်... မင်းကြောက်နေ​ပြီလား? အရမ်းကြီး မစဉ်းစားပါနဲ့ ငါအခုပြောနေတာတွေကို သတိရလိုက် မင်းဒီနေရာမှာ ရိုင်းရိုင်းစိုင်းစိုင်း တွေးပြီး မီးကိုဖွင့်လိုက်မယ်ဆို​ရင် မင်းရှေ့မှာ သေနေတဲ့ မျက်နှာလေးပေါ်လာဦးမယ်နော် သတိထားဦး ”


ဝူရှဲ့ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ဒီကောင်က သူအမှောင်ကို ကြောက်တာသိရက်သားနဲ့ နတ်ဆိုးတစ်မျိုးမျိုး ထွက်လာအောင် လုပ်ချင်နေတာပဲ။


သူ့ကို ဘယ်တော့မှ အောင်မြင်ခွင့်​ပေးမှာ မဟုတ်ဘူးလို့ စိတ်ထဲမှာ ပြောမိပေမယ့် ရင်ထဲမှာတော့ ကြောက်လန့်နေမိသည်။ သူပြောတဲ့အတိုင်း ဓာတ်မီးကို ဖွင့်လိုက်တာနဲ့ မျက်စိရှေ့မှာ သေနေတဲ့ မျက်နှာတစ်ခု ပေါ်လာရာ ရုတ်တရက် သူ့အာရုံတွေအားလုံး တုန်လှုပ်သွားခဲ့သည်။ အဲဒါကြီးက သူ့ရှေ့ စင်တီမီတာ အနည်းငယ်သာ ကွာဝေးပြီး ဝူရှဲ့လည်း တစ်ခုခု ပေါ်လာတာကို ခံစားလိုက်ရတာနဲ့ အသက်ရှူသံပြင်းပြင်း ထုတ်လွှတ်လို​က်ရာ တစ်ဖက်လူဆီက ငါးညှီနံ့သင်းနေတဲ့ အငွေ့အသက်တွေက သူ့မျက်နှာဆီကို ပြေးဝင်ရိုက်ခတ်လာလေ၏။


ဒါက သိပ်တော့ မပါးနပ်ဘူးလို့ ထင်ရတယ်။ အခုနက "လောင်းယန်" ရဲ့ စွမ်းဆောင်မှုကို ကြည့်ပြီးပြောရရင် ပုံဖော်နိုင်စွမ်းက ထိန်းချုပ်ရ အရမ်းခက်တယ်။ မဟုတ်ရင် အခုနတုန်းက တေီ့ခဲ့တဲ့ မျက်လုံးနက် မြွေကြီးအတွက် ရှက်စရာဖြစ်သွားမှာ မဟုတ်လား။ ပြောရရင်တော့ ဒီလိုပုံတူက လွယ်လွယ်နဲ့ လုပ်လို့ မရဘူး။


ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ထားတာတွေကြောင့် သူ့ဆီက လှည့်စားမခံရ​စေနဲ့လို့ ကိုယ့်ကိုယ်ကို ပြောနေမိသည်။ ဒီလိုပိတ်ထားတဲ့ အနက်ရောင်ဂူထဲမှာ ကြောက်စိတ်ဆိုတာ သေချာပေါက် ရှိမှာပဲ။


အသက်ပြင်းပြင်း ရှူလိုက်စဥ် ရုတ်တရက် အအေးတစ်ခုခု ဖြတ်သွားသလိုမျိုး သူ့မျက်နှာက စိုစွတ်လာသည်။ ဝူရှဲ့မှာ ရုတ်တရက် ချွေးတွေအေးပြီး ဘောင်းဘီတွေပင် စိုစွတ်လုနီးပါး ဖြစ်သွားသည်။ ရင်ဘတ်ကို ဂရုတစိုက်နဲ့ ထိလိုက်တော့ နှလုံးခုန်သံတွေ မြန်လာသလို ခံစားရကာ ခန္ဓာကိုယ်ကလည်း အားနည်းလာသလို ခံစားရလေ၏။ အခု အမှောင်ထဲမှာ တကယ်ပဲ တစ်ခုခုရှိနေတယ်။


ဝူရှဲ့ ဓာတ်မီးကို မဖွင့်ဝံ့တော့ဘဲ ကျောက်နံရံကို တွယ်ကပ်ဖို့ ကြိုးစားရင်း နောက်သို့ ဖြည်းညင်းစွာ မှီကြည့်လိုက်သည်။ သို့သော် ကျောကို မှီလိုက်သည်နှင့် ကျောက်တုံး မဟုတ်သော်လည်း အကြေးခွံပုံ ပေါက်နေတာကို ခံစားမိလိုက်သည်။ အကြေးခွံအောက်က ကြွက်သားတွေကတောင် လှုပ်နေတယ်လို့ ခံစားရလေ၏။ 


ဘုရားရေ ငါဘာတွေ တွေးနေတာလဲ ငါ့နောက်ကျောမှာ ဘာအကြေးခွံတွေ ရှိနေတာလဲ? မျက်လုံးကို အမြန်မှိတ်လိုက်ပြီး ဓာတ်မီးကို တင်းတင်းဆုပ်ကိုင်ကာ သူ့ရှေ့ကို မြှောက်လိုက်သည်။ သူ ဓာတ်မီးကို ဖွင့်ခါနီးတွင် အဲဒီ"လောင်းယန်" က ဟန်ဆောင်သည့်ပုံစံဖြင့် ရုတ်တရက် ဆိုလာသည်။ 


"လောင်ဝူ ဘာဖြစ်လို့ ဓာတ်မီး မဖွင့်တော့တာလဲ? ငါမင်းကို ကူဖွင့်ပေးမယ်လေ"


နောက်တော့ သူ့လက်နှိပ်ဓာတ်မီးက လင်းလာပြီး တစ်ဆက်တည်း သူ့နှာသီးဖျားဘေးမှာ စပါးအုံးမြွေကြီး ဦးခေါင်းကို ရုတ်တရက် မြင်လိုက်ရတော့သည်။ သူ့ခန္ဓာကိုယ်က လူဆံထုံးလို သူ့ခေါင်းထိပ်နဲ့ နောက်ကျောက ကျောက်တုံးတွေကို အမှုန့်ဖြစ်သွားတဲ့ အတိုင်းအတာအထိ ရစ်ပတ်နေသည်။ နံရံက ကျောက်မျက်ရတနာကဲ့သို့ အနက်ရောင် ဖြစ်နေပြီ။ လောင်းယန်ရဲ့ ဓာတ်မီးက သူ့ကို ဝင်နှောင့်ယှက်လိုက်သော အခါတွင် သူ့ပတ်ဝန်းကျင်ရှိ အကြေးခွံများက လှုပ်ယမ်းကာ သူ့ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ပွတ်တိုက်ရင်း လူကို ထိတ်လန့်စေတဲ့ အသံတစ်မျိုးကို ထုတ်လွှတ်လာခဲ့လေ၏။