(44)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော်


Chapter (44)

အပိုတစ်ခု



ချန်ဖီအားစစ် ထိုအကြောင်းကို ပိုတွေးလေ ပိုထိတ်လန့်လာလေ ဖြစ်လာသည်။ ဒါပေမဲ့ ဒီလူက အဲဒီအချိန်တုန်းက အသက်ငါးဆယ်နဲ့ ခြောက်ဆယ်ကျော်နေပြီ။ သူ့ရဲ့ အတွေ့အကြုံနဲ့ ရဲစွမ်းသတ္တိက သဘာဝကျကျနဲ့ ယှဉ်ရင် ပိုကြောက်စရာကောင်းတယ်။ ထိုသူဟာ စိတ်ထဲကနေ သူ့ကို​ဘာလာကြည့်နေတာလဲလို့ တွေးလိုက်သည်။ 


ချန်ဖီအားစစ်သည် သံစကျင်ကျောက် အနည်းငယ်ကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး ခြေနှစ်ချောင်းကို သုံး၍ ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထားလိုက်သည်။ ထို့နောက် ဖြူဖတ်နေတဲ့ မျက်နှာနဲ့ ကောင်းကင်ကို မျက်နှာမူထားတဲ့ ရဟန္တာရုပ်တုကို နှစ်ချက်ဆက်တိုက် ပစ်ခတ်လိုက်ရာ ထိမှန်သွားလေ၏။ 


အပေါ်မှာ ပြောခဲ့အတိုင်းပဲ ချန်ဖီအားစစ်ရဲ့ ခံယူချက်မှာ ဦးစွာအသာစီးရရန် ဖြစ်သည်။ ဝူရှဲ့ရဲ့ အဘိုးလည်း ဝူရှဲ့ကို ဒီသဘောတရား အကြောင်း တစ်ကြိမ်ထက်ပိုပြီး ပြော​ပြဖူးသည်။ ဂူဖောက်လောကမှာ သွားလာနေတဲ့ လူတွေအတွက် ဒီနည်းလမ်းက ရိုးရှင်းတယ် ဆိုပေမယ့် လက်တွေအကျဆုံး နည်းလမ်း ဖြစ်ပေ၏။ သံကျည်ဆံနှစ်လုံးသည် အင်အား သိပ်မရှိသဖြင့် ရှုပ်ယှက်ခတ်နေသည့် အသံနှစ်ခုကို ကြားလိုက်ရပြီး မျက်နှာဖြူ ရဟန္တာရုပ်ပွားတော် လော်ဟန်ရဲ့ မျက်လုံးများကို တိုက်ရိုက် ထိမှန်သွားကာ မျက်လုံးနှစ်လုံးက လုံးလုံးကွဲထွက်သွားရာ သံကျည်ဆန်များနဲ့အတူ လွင့်ပျံသွားခဲ့သည်။ အသံနက်ကြီးတစ်သံ ထွက်လာပြီး ၎င်းဟာ ကြေးမုံနန်းတော် အောက်ခြေသို့ ပြုတ်ကျသွား​တော့သည်။


လူသာဖြစ်လျှင် မျက်စိ ကန်းသွားနိုင်တာကြောင့် ဒီလူ ဘယ်လောက် ရက်စက်ကြောင်း ပြသနေလေသည်။ ရဟန္တာရုပ်ထုသည် ရွှံ့ရုပ်ထုဖြစ်သော်လည်း ထိုကဲ့သို့သော သက်ရောက်မှုကို မခံနိုင်ပေ။ ဤအခိုက်၌ မြတ်စွာဘုရား၏ မျက်မှောက်ပြုရာ အရပ်သည် အလွန်ဗလာဖြစ်သွားပြီး ထူးဆန်းသော တွင်းနက်ကြီး နှစ်ပေါက်အဖြစ်သို့ ပြောင်းလဲသွားသော်လည်း ယခင်ကထက် များစွာ သာလွန်နေပေတော့သည်။


ချန်ဖီအားစစ် သက်ပြင်းတစ်ချက် ချလိုက်ကာ စိတ်ထဲမှလည်း လှောင်ရယ်နေ၏။ ဤနံစော်နေသော ဘုန်းကြီးများက ဘာမှမလုပ်နိုင်တော့ဘဲ အဘယ်ကြောင့် ဒီလိုနေရာမှာ လူကို ကြောက်ရွံ့စေတဲ့ လှည့်ကွက်တွေကို လုပ်နေရတာလဲ မသိ။ တွေးရင်း ရင်ဘတ်ထဲက တောက်တဲ့ခြေသည်းကို လက်နှစ်ဖက်ကနေ နှုတ်ယူပြီး တစ်ဖက်ကို အပေါ်က နန်းတော်ရဲ့ သစ်သားအမိုးဆီကို ကွေး၍ နေရာချလိုက်သည်။ တစ်ဖက်ကိုတော့ ခြေကျင်းဝတ်မှာ ကြိုးတစ်ချောင်းတည်းနဲ့ ချည်ထားလိုက်သည်။ ထို့နောက် သူကသူ့ခန္ဓာကိုယ်ကို ချည်နှောင်ထားတဲ့ ကြိုးမျှင်နဲ့ ချိတ်ထားတဲ့ သားရေကြိုးကို အောက်ဘက်သို့ ပစ်ချလိုက်လေ၏။ 


တောရိုင်းသားရေကြိုးကို အသုံးပြုခြင်းအား ချန်ဖီအားစစ်သည် သူ၏ နှစ်ပေါင်းများစွာ ဂူဖောက်လာခြင်း အတွေ့အကြုံဖြင့် အကျဉ်းချုံးရလျှင် ဤအရာ၏ အစွမ်းသတ္တိသည် သံမဏိကြိုးထက် မသာလွန်သော်လည်း ဆွဲဆန့်နိုင်သည်။ ထို့ပြင် ချန်ဖီအားစစ်က ပိန်ပြီး အရပ်ပု၏။ သားရေကြိုးကို သူ့ခါးမှာ သေသေချာချာ ရစ်ပတ်လိုက်သည်။ ကြိုးက ဆယ်မီတာခန့်အနက်ကို ကိုင်တွယ် ဖြေရှင်းရာတွင်လည်း အသုံးပြုနိုင်သည်။


သို့သော် "ကြေးမုံနန်းတော်" သည် ဆယ်မီတာကျော် နက်နေသေးသည်။ ချန်ဖီအားစစ်လည်း ကြိုးကို ကန့်သတ်ချက်နားအထိ ရောက်အောင် လျှော့ချလိုက်သော်လည်း နန်းတော်အောက်ခြေကို ရောက်ဖို့ ဝေးကွာနေသေးသည်။


ဒါပေမဲ့ ဒီကနေ ကြည့်လိုက်ရင် အောက်ဘက်မှာ ရှိနေတဲ့ အရာတွေကို မြင်နိုင်နေပါပြီ။ နန်းတော်အောက်ခြေကို စကျင်ကျောက်ဖြူများဖြင့် ပြုလုပ်ထားပုံရသည်။ ဤနှစ်များအတွင်း ငလျင်လှုပ်ပြီး သဘာဝအတိုင်း ပြိုကျမှုကြောင့် အမည်မသိ အပိုင်းအစများစွာ ရှိ​နေသည်။ နန်းတော်၏ အလယ်ဗဟိုတွင် ကျောက်စိမ်း သို့မဟုတ် ဆင်စွယ်ဖြင့် ပြုလုပ်ထားသော သေးငယ်သော အဖြူရောင် ဘုရားတစ်ဆူရှိကာ ၎င်းကို ပြောင်မြောက်သော ပိတ်ကျဲစဖြင့် ဖုံးအုပ်ထားသောကြောင့် ၎င်းသည် အဖြူရောင်ဖြစ်ကြောင်းတော့ သေချာ မြင်ရ၏။ 


ချန်ဖီအားစစ်သည် သူ့ဘဝတစ်လျှောက်လုံး ဘုရားစေတီများနှင့် ရုပ်ပွား​တော်များ အကြောင်း အနည်းငယ်မျှပင် မသိခဲ့ချေ။ ချောင်ရှား ဒေသခံများအကြားက ရှေးရိုးစကားတစ်ခုကိုတော့ သူကြားဖူးသည်။ 'မင်းသားတစ်သောင်းကို တိုက်တာထက် ဘုရားကို တိုက်တာက ပိုကောင်းတယ်'။ ဆိုလိုသည်မှာ မြေအောက်နန်းတော်ရှိ အရာများသည် ဘုရင်မင်းသား ဂူဗိမာန်ထဲရှိ အရာများထက် ပို၍ တန်ဖို့ရှိလေ့ရှိသည်။ ဒါကို ချန်ဖီအားစစ် ကြားဖူးပေမယ့် လေးလေးနက်နက် နားမလည်ခဲ့ပါဘူး။


ဝူရှဲ့ကတော့ 'ငါသာဆိုရင် အောက်ဖက်က ဘာတွေလဲ ဆိုတာကို သေသေချာချာ ပြောပြနိုင်မှာပဲ' ဟု တွေးလိုက်လေ၏။ 


ဘုရားကျောင်း မျှော်စင်အောက်ဘက်တွင် ရှိနေသော ပစ္စည်များမှာ ဗုဒ္ဓ၏ အရိုးဓာတ်တော်များ ပါ၀င်သော ရတနာရှစ်ပါးသေတ္တာ ရှစ်ခု​ဖြစ်နိုင်ကာ အတွင်း၌ တစ်လုံးချင်း ရှိတဲ့ သေတ္တာရှစ်လုံး ပါရှိနိုင်သည်။ ဤအရာသည် ဗုဒ္ဓဘာသာဝင်တို့ အထူးအသုံးပြုထားသော ရတနာသေတ္တာ ဖြစ်ကာ အထဲမှာ ဓာတ်တော်များနှင့်အတူ ကမ္ဘာသုံးထောင်နှင့် လူဝင်စားခြင်း လမ်းကြောင်း ခြောက်သွယ်ကို ထည့်ထားတာ ဖြစ်နိုင်သည်။ အောက်ခံ အရိုးများသည် ဗုဒ္ဓအရိုးအစစ်များ သို့မဟုတ် ကျောက်စိမ်းအရိပ်အရိုးများပင်ဖြစ်စေ ရတနာရှစ်ပါးသေတ္တာ ဆိုရင်တော့ တကယ်ကို တန်ဖိုးတွက်ချက်၍ မရနိုင်သော အရာဖြစ်သည်။


ဒီစကားသံကို ကြားလိုက်ရတဲ့အခါ ဝူရှဲ့ နည်းနည်းတော့ စိတ်ရှုပ်သွားသည်။ အကယ်၍ ချန်ဖီအားစစ်သည် မြေအောက်နန်းတော်မှ ရတနာရှစ်ပါးသေတ္တာကို အမှန်တကယ် ခိုးယူခဲ့ပါက ထိုအရာများသည် သတင်းစာထဲမှာ ဘယ်လိုလုပ် မပေါ်လာဘဲ နေပါ့မလဲ။ သူသည် ရတနာနှင့် အလွန်နီးစပ်သော်လည်း အကြောင်းတစ်ခုခုကြောင့် စွန့်လွှတ်လိုက်တာ ဖြစ်နိုင်မလား။ သူ့​လိုလူတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေနဲ့တော့ မဖြစ်နိုင်ပါဘူး။


လောင်ဟိုင်ဟာ သူ့လို အာရုံမပျံ့လွင့်သွားဘဲ တိုးတိုးတိတ်တိတ် ပြောနေတုန်းဘဲ။ ဒါပေမဲ့ ဒီလူရဲ့ ဇာတ်ကြောင်းက အရမ်းစကားများပြီး သူ့မှာ စကားစမြည် ဝင်ပြောလို့ မရတဲ့အတွက် ထိုလူရဲ့အရူးတစ်ယောက်လို တရစပ် ပြောနေတဲ့ စကားတွေကို ဆက်ပြီး နားထောင်လိုက်ရ၏။ 


ချန်ဖီအားစစ်သည် ဘုရားကျောင်း မျှော်စင်ကို မြင်ပြီးနောက်တွင် အောက်ဘက်ရှိ အရာများအကြောင်းကို မသိသော်လည်း အလွန်ဆိုးရွားမှာ မဟုတ်ကြောင်းတော့ သတိထားမိသည်။ အခု အောက်ခြေကို ဆင်းနိုင်သရွေ့ ဝန်အပြည့်နဲ့ သဘာဝအတိုင်း ပြန်လာနိုင်​ပြီ။ ဒါပေမဲ့ ဘယ်လိုဆင်းရမလဲ။


သူ့ခမျာ ကြိုးအလုံအလောက် မယူခဲ့မိတာ နှမြောစရာတော့ ကောင်းလှသည်။ ဒါကိုသာသိခဲ့ရင် အခုနတုန်းက ပြန်သွားပြီး အဆင်သင့် ဖြစ်တဲ့အချိန်မှာ ပြန်လာခဲ့လိုက်ရမှာ။ 


မြေအောက်နန်းတော် အပေါ်ဘက်သို့ လှည့်၍ ရဟန္တာရုပ်ပွားတော်များရဲ့ ဘေးက နေရာအတိုင်း ဆင်းသက်နိုင်မလား သိရရန် ဓာတ်မီးကို ဘေးဘက်သို့ ရွှေ့လိုက်သည်။ အပိုင်းတစ်ခုစီကို ကြည့်ရန် သူ့ဓာတ်မီးကို အသုံးပြုပြီး အောက်ခြေအထိ အမြင့်ကို ခန့်မှန်း​ကြည့်သည်။ ထိုအခိုက် မျှော်စင်တစ်ဝိုက်မှာ မြေအောက်နန်းတော်ရဲ့ အောက်ခြေမှာ ပြန့်ကျဲနေတဲ့ အဖြူရောင်စကျင်ကျောက် ပုံသဏ္ဍာန်လို ထူးဆန်းတဲ့အရာတွေကို ရုတ်တရက် တွေ့လိုက်ရလေ၏။ အဲဒါက နန်းတော်ကြီး မတော်တဆ ပြိုကျသွားတုန်းက ဖြစ်လာတာလား ဒါမှမဟုတ် သူ အပေါ်ထပ်ကို ဖွင့်ဖို့ ကြိုးကိုသုံးလိုက်တုန်းက ကွာကျလာတာတွေလားတော့ မသိပေ။ 


သို့သော် အနီးကပ် ကြည့်လိုက်တော့ သူ့နှလုံးခုန်သံတွေ ခုန်ထွက်သွားပြီး စိတ်ထဲကနေ မထိန်းနိုင်ဘဲ သွားပြီ ဟုပင် အော်ဟစ်လိုက်မိသည်။


နန်းတော်အောက်ခြေက ပစ္စည်းတွေဟာ ပျော့ပျောင်း​နေတာ အကြောင်းမဲ့တော့ မဟုတ်ပေ။ ၎င်းက ကြီးမားတဲ့ ဖုန်အိတ်ကြီး တစ်အိတ်လို ဖြစ်နေပြီး တစ်ချက်ကြည့်လိုက်ရင် ဒါဟာ မြေပျားတွေရဲ့ ပျားအိတ်​တွေလို့ ပြောလို့ရလေ၏။ 


မြေအောက်ဂူရဲ့ လမ်းညွှန်ချက်အတိုင်းဆို မြေအောက်နန်းတော် အစွန်းတွင် လူတစ်ဝက်ခန့် မြင့်သော ကျောက်တံခါးကို တွေ့မြင်ရလိမ့်မည်။ ပြီးလျှင် ၎င်းကို အလွန်သတိထား ဖွင့်ရမည်။ 


ကြည့်ရတာ "ကြေးမုံနန်းတော်" အနီးတစ်ဝိုက်တွင် တွဲဆက်ထားသော မြေအောက်အဆောက်အအုံများ ရှိနေပုံရပြီး ၎င်းတို့ကို အလုံပိတ် မထားခဲ့ပုံပင်။ ထို့ကြောင့် အဆိုပါပိုးကောင်များသည် ဒီနေရာကို ဆောင်းရာသီတွင် ပူနွေးပြီး နွေရာသီတွင် အေးမြသော အပန်းဖြေစခန်းအဖြစ် အသုံးပြုခဲ့ကြသည်။ ဤနေရာမှ ပျားအိတ်၏ အတိုင်းအတာသည် ကြီးမားနေတာတော့ မဟုတ်သော်လည်း တံခါးတိုအနားက အစိတ်အပိုင်းက အလွန်ကြောက်စရာ ကောင်းနေတာကို မြင်ရ၏။ ပျားအုံကြီးသည် ဒီ​လောက်ကြီးမားအောင် တည်ဆောက်ထားနိုင်တာ အံ့ဩစရာ မဟုတ်ပေ။ ၎င်းသည် မြေအောက် အဆောက်အအုံထဲတွင် ရှိပြီး ၎င်းတို့အား လေနှင့်မိုးဒဏ်မှ ကာကွယ်​ပေးထားသည်။ သူတို့အတွက် အမှန်တကယ် "ကောင်းမွန်သော တည်နေရာ" ဖြစ်ချေ၏။ ဤပိုးကောင်အိုများသည် ဖုန်းရွှေကို သိနေသည့် အတိုင်းပင်။


အစောက သူထုခွဲလိုက်တဲ့ သစ်သားအမိုး အပိုင်းအစဟာ အောက်ထပ်က ရဟန္တာရုပ်ပွားတော်တွေ ကြားထဲမှာ ညှပ်နေတာကြောင့် အင်းဆက်အသိုက်ကို မထိမှန်သွားခဲ့ဘူး။ မဟုတ်ရင်တော့ သူဒီမှာ ဝက်အူချောင်းလို တွဲလောင်းကျနေရမှာ။ အခုက ​ပြေးလို့လည်း မြန်မြန် မလွတ်မြောက်နိုင်တော့ပေ။ သူ ပျားတွေကြောင့် ဒီမှာသေသွားပြီး သူ့နောက်က လိုက်လာတဲ့ လူတွေကို ရယ်စရာဖြစ်သွားစေမှာကို ကြောက်မိသည်။


ဒါပေမဲ့ အခုတော့ ပြဿနာက တက်နေပြီ။ သူဒီမှာ မီးခိုးတွေလို ကိုယ်ဖော့ပြီး လမ်းလျှောက်နေရင်တောင် ခြေထောက်နဲ့ မြေပြင်ကို ထိလိုက်တာနဲ့ ဒီသေးငယ်တဲ့ မျှော်စင်ကြီးထဲမှာ ဒီလို ပျားတွေ အနှောက်အယှက် မဖြစ်​စေဘဲ ရွှေ့သွားဖို့ မဖြစ်နိုင်ပါဘူး။


ချန်ဖီအားစစ်လည်း ဒီအကြောင်းကို တွေးပြီး ဆက်ဆင်းဖို့ မဖြစ်နိုင်​တော့ဘူး ဆိုတာ သိလိုက်သည်။


ဒီနေရာမှာ ချန်ဖီအားစစ်ရဲ့ မူလဇစ်မြစ် အကြောင်းကို ပြောပြလိုပါ၏။ ဤလူသည် ကျစ်ကျန်း ကမ်းရိုးတန်း တစ်လျှောက် တံငါရွာတွင် ကြီးပြင်းလာခဲ့သည်။ သူသည် ဂျပန်တို့၏ တိုက်ခိုက်ခြင်းကို ခံရပြီးမှသာ ချောင်ရှားသို့ ထွက်ပြေးလာခဲ့သောကြောင့် သူ၏ချောင်ရှား ဒေသိယစကားသည် အစစ်အမှန်တော့ မဟုတ်ပေ။ သို့သော် ဒီလူက အရမ်းထက်မြက်သည်။ ရှေးခေတ်ကတည်းက ဇာတိသခင်တွေဟာ တခြားပြည်နယ်က လူတွေကို သူတို့ရဲ့အရည်အချင်းတွေကို အခြေခံအားဖြင့် မသင်ပေးတတ်ကြဘူး။ သူကတော့ ကံကောင်းသူဟု ဆိုရမည်။


ချန်ဖီအားစစ်သည် ကမ်းရိုးတန်းတွင် ရှိစဉ်က ထူးခြားတဲ့ ကျွမ်းကျင်အလုပ် ရှိခဲ့သည်။ ထိုအရာကတော့ ဒီရေတက်နေသော နေရာများတွင် ကဏန်းဖမ်းခြင်း အလုပ်ပဲ ဖြစ်သည်။ သေချာတာပေါ့။ သူက ကဏန်းကို လက်နဲ့ မဖမ်းပါဘူး။ ကဏန်းဖမ်းဖို့ ချန်ဖီအားစစ် သုံးတဲ့အရာကို "ကိုးချောင်းချိတ်" လို့ခေါ်၏။ 


ထိုအရာသည် ကိုယ်ခံပညာ ရုပ်ရှင်များတွင် ပျံသန်းနေသော ကျားခြေသည်းများ သို့မဟုတ် အထူးတပ်ဖွဲ့များ အသုံးပြုသည့် သုံးချိတ်ခြေသည်းများနှင့် ဆင်တူသည်။ ထိုခြေသည်းမျိုးတွင် ချိတ်ကိုးခုပါရှိပြီး စက်ဝိုင်းပုံသဏ္ဌာန်ဖြင့် အလွန်သိပ်သည်းစွာ ​ပြုလုပ်ထားသည်။ ကဏန်းကို ဖမ်းတဲ့အခါ ချိတ်ရဲ့အမြီးမှာ ကြိုးတစ်ချောင်းနဲ့ ချည်ထားရ၏။ ဒီရေ အတက်အကျကို ဖြစ်နေတာကို တွေ့တဲ့အခါ ချိတ်ကို လွှင့်ပစ်လိုက်ပြီး ပြန်ဆွဲလိုက်ရင် ကဏန်းတစ်ကောင်က ချိတ်မှာ ပါလာလိမ့်မည်။ ပြီးတော့ ဆွဲထုတ်လိုက်တဲ့အခါ ကဏန်းက နောက်ပြန် ပျံသွားပြီး တောင်းထဲကို ကွတ်တိ ပြုတ်ကျသွားလိမ့်မည်။ 


ဝူရှဲ့မှာ သူ့အဘိုးရဲ့ မှတ်စုတွေအရ ဒီကျွမ်းကျင်မှုဟာ ဘယ်လောက်ထိ တိကျနိုင်သလဲ ဆိုတာ တွေးကြည့်လိုက်သည်။ မီတာ 20 အကွာက ကြက်ဥစိမ်းကို လက်နဲ့ထိရုံနဲ့ ချိတ်ထားနိုင်ပြီး မြေနဲ့ထိတဲ့အခါတောင် ကွဲထွက်မှာ မဟုတ်ပေ။ ၎င်းက မှော်ဆန်တဲ့ ကိရိယာဖြစ်ကာ တိကျတဲဲ့ အကွာအဝေးမှာရှိတဲ့ ပစ္စည်းတွေကို လုံးဝ ဖမ်းယူနိုင်သည်။ 


ချန်ဖီအားစစ်သည် သူ့သွားများကို အံကြိတ်လျက် အိမ်တွင်းကျွမ်းကျင်မှုကို အသုံးပြုရန် မှတပါး ရွေးချယ်စရာ မရှိ​တော့ပေ။ သူက ရှေးဦးစွာ နံဘေးသို့ လှည့်၍ ရဟန္တာရုပ်ပွားတော်များ တစ်လျှောက် အလွှာလိုက် အထပ်လိုက် တက်သွားလိုက်သည်။ အကွာအဝေး နီးကပ်လာသော အခါတွင် သူသည် ခြေသည်းကိုးချောင်းချိတ်ကို ထုတ်၍ အသက်ရှုသွင်းကာ အလွန်သေးငယ်သော ထောင့်ချိုးတစ်ခုက ရတနာပေါ်တွင် ခြေသည်းများကို ချိတ်ထားသည်။ ကံကောင်းထောက်မစွာ ဤအရာသည် သာမာန် bluestone ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပဲ အလွန်ပင် ပေါ့ပါးလှသည်။ ချန်ဖီအားစစ်ဟာ ရတနာဘူးကို ထုတ်ယူပြီးနောက် သူ့လက်ကို ရဟန္တာ၏ ဦးခေါင်းပေါ်၌ တင်ထားလေသည်။ 


နောက်တစ်ဆင့်မှာ ကျောက်စိမ်း သို့မဟုတ် သွားမျှော်စင်ကို ယူရန် ဖြစ်သော်လည်း ဘယ်ပစ္စည်းမျှ ကိုးချောင်းချိတ်ဖြင့် မြှောက်ယူ၍ မရနိုင်ဘဲ ဖြစ်နေသည်။ ချန်ဖီအားစစ် ကိုးချောင်းချိတ်ကို ဖယ်လိုက်ပြီး သေးငယ်သော ပစ္စည်းပေါ်တွင် ချိတ်ကာ အကြိမ်အနည်းငယ် ဆွဲယူသော်လည်း လုံးဝမလှုပ်လာပေ။


တန်ဝက်မဟုတ်တဲ့ ကီလိုငါးရာပဲ ရှိတာတောင် ဆွဲယူလို့ မရတာကြောင့် ချန်ဖီအားစစ် အတွင်းကျကျ ကျိန်ဆဲလိုက်တော့သည်။ 


သူသည် မျှော်စင်ကိုယ်ထည်ကို ဓာတ်မီးဖြင့် ထိုး​ကြည့်တဲ့အခါ အောက်ခြေတွင် တိုင်ငယ်လေးခုကို တွေ့လိုက်ရသည်။ ဒီမျှော်စင်ကို အပေါ်က ပြိုကျ​နေတဲ့ မျှော်စင် အချိုးအစားအတိုင်း တည်ဆောက်ထားရမှာ ဖြစ်ပြီး သူ့ရဲ့တည်ဆောက်ပုံကလည်း အလားတူပဲ ဖြစ်သင့်သည်။ ဤတိုင်လေးခုသည် မျှော်စင်၏ အလေးချိန် အားလုံးကို ထောက်ဆပေးထားပြီး ရတနာစာက တိုင်၏အလယ်တွင် ရှိ​နေသင့်သော်လည်း ထောင့်ကမှားနေ၏။ မဟုတ်ပါက သေချာစွာချိတ်လျှင် ချိတ်နိုင်မည်ဖြစ်သည်။


ထိုအချိန်တွင် ချန်ဖီအားစစ် အနည်းငယ် စိတ်မရှည်တော့ပေ။ သူ ဆင်းလာတာ လေးနာရီခန့်ပင်ရှိပြီဟု ခန့်မှန်းရသည်။ ထိုအခိုက် လေချွန်သံတချို့ကို ယောင်ဝါးဝါး ကြားလိုက်ရသည်။ မြောင်လူမျိုးတွေ အနီးနားတွင် ရောက်နေပြီ ဖြစ်တာကြောင့် တွန့်ဆုတ်နေရန် အချိန်မရှိပေ။ အဖြေတစ်ခု စဉ်းစားရတော့မည်။ 


သူ့နှလုံးသားက စိတ်ဓာတ်ကျ​နေသလို စိတ်တွေလည်းပူလာပြီး စိတ်ထဲ မကောင်းဆိုးဝါးတွေ အတွေးတွေ ဝင်လာကာ သူ့လက်ကို ပွတ်ဆွဲလိုက်ပြီး နောက်ထပ် သံစကျင်ကျောက်နှစ်လုံးကို ပစ်လွှတ်လိုက်တော့သည်။ စကျင်ကျောက်များသည် မျှော်စင်ခြေရင်းရှိ တိုင်ငယ်ကို ထိမှန်ပြီး တိုင်သည် အသံနှင့်အတူ ကွဲအက်သွား၏။ သူသည် တစ်ဖက်သို့ ခုန်တက်ကာ မျှော်စင်ကိုယ်ထည်ပေါ်သို့ တက်လှမ်းကာ အရှိန်လျှော့ရင်း မျှော်စင်ကို သူ့အလေးချိန်ဖြင့် တစ်ဖက်သို့ စောင်းခိုင်းလိုက်သည်။ ထိုအခိုက် တ​ခြားနှစ်ဘက်ရှိ တိုင်များမှာ ဟန်ချက်မညီတော့ဘဲ ရုတ်တရက် ကျိုးကျသွား​လေသည်။


ချန်ဖီအားစစ်သည် မျှော်စင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ခွန်အားကို ထိန်းလိုက်တဲ့အခါ မျှော်စင်၏ အလေးချိန်သည် နှေးကွေးစွာ စောင်းသွားလေသည်။ မျှော်စင်အောက်ရှိ ရတနာရဲ့ ထောင့်တစ်ထောင့်ကို လှမ်းမြင်သောအခါ သူသည် ကိုးချောင်းချိတ်ကို လှုပ်ယမ်း၍ မျှော်စင်အောက်ခြေမှ အရာဝတ္ထုကို လှမ်းချိတ်ဆွဲကာ ချိတ်ကို ပြန်ဆွဲယူလိုက်သည်။ တစ်ဖက်ကတော့ ရဟန္တာရုပ်ပွားတော်ကို ကြိုးဆွဲထားသလိုမျိုး ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ထားနေရ၏။ 


ဤလုပ်ဆောင်ချက်များသည် ၃ စက္ကန့်မျှနဲ့သာ ပြီးဆုံးသွားသော်လည်း ရဟန္တာရုပ်ထုသည် မျှော်စင် ကိုယ်ထည်နှင့် သူ့အလေးချိန်ကို လုံးဝ မထိန်းထားနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ရဟန္တာရုပ်ပွားတော်သည် မတည်မငြိမ် ဖြစ်လာကာ နံရံမှ ပြုတ်ကျသွား​တော့သည်။


အောက်ဘက်က အဝိုင်းသည် ပျားအုံ​တစ်ခုနီးပါး ​ကြီးမားရာ ပြုတ်ကျသွားပါက ပျားအိတ်ထဲသို့ တိုက်ရိုက် ကျသွားမှာ ဖြစ်တာကြောင့် မသေရန် မဖြစ်နိုင်​တော့ပေ။


မျက်စိတစ်မှိတ် အတွင်းမှာပဲ ချန်ဖီအားစစ်သည် ရဟန္တာရုပ်ထုကို သူ့ဆီဆွဲထုတ်ဖို့ ခွန်အားရှိသမျှ သုံးလိုက်ပြီး ရတနာဘူးကို လက်တစ်ဖက်တည်းနဲ့ လေထဲကို ပစ်တင်လိုက်ပါ၏။ ထိုကဲ့သို့ လျှပ်စီးလက်သွားသလို လက်ပြောင်း လှုပ်ရှာမှုနှင့်အတူ ရဟန္တာရုပ်ပွားတော်ကို မြဲမြံစွာ ကိုင်ဆောင်ထားသော်လည်း မလွှဲမရှောင်သာဘဲ ရုပ်ပွားတော်သည် မြေအောက်နန်းတော်နံရံကို အပြင်းအထန် ထိမှန်သွားလေသည်။ ထိုအခါ တိမ်းစောင်းနေသော မျှော်စင်ကြောင့် နောက်ထပ် ရဟန္တာရုပ်ပွားတော်များ ပြိုကျ ပျက်စီးသွားခဲ့သည်။


ဒီတစ်ကြိမ်မှာတော့ ချန်ဖီအားစစ်လည်း ဘာမှ မလုပ်နိုင်တော့ဘဲ မြေကြီးပေါ် ပြိုကျသွားသော ရဟန္တာရုပ်ပွားတော် အတန်းလိုက်ကိုသာ ကြည့်နေရတော့သည်။ ဖုန်မှုန့်တွေက နေရာအနှံ့ကို ရုတ်ချည်းဆိုသလို ပျံတက်သွားပြီး နကျယ်ကောင်လို ပိုးကောင်ရဲ့ အသိုက်ဟာ ဖိအားအောက်မှာ လုံးဝနီးပါး ပြားအက်သွားပေ၏။ 


ဒီပရမ်းပတာ အခြေအနေမှာ ချန်ဖီအားစစ် ရဟန္တာရုပ်တုကို သူ့လက်ထဲမှ ပစ်ချလိုက်ပြီး ရတနာကို ပြန်ဖမ်းလိုက်သည်။ ပျားအုံကို ထပ်ကြည့်ဖို့ သူ့လက်နှိပ်ဓာတ်မီးကို သုံးဖို့ကလွဲလို့ ရွေးစရာမရှိတော့ချေ။ ဘိုးဘေးတွေ ပြောခဲ့တဲ့အတိုင်း စစ်မြေပြင်မှာ မသေဘဲ မြေအောက်နန်းတော်မှာ သေဆုံးသွားခဲ့ရင်တော့ ဂွကျပြီ။


ဓာတ်မီးကို ထိုး​ကြည့်လိုက်သောအခါတွင် သူစိတ်ကူးထားသည့်အတိုင်း အက်ကွဲကြောင်းများထဲမှ မြေပျား အမြောက်အများ မထွက်လာဘဲ ယင်းအစား ပျားအုံအတွင်းရှိ အက်ကွဲကြောင်းများသည် ခြောက်သွေ့နေပြီး အစိုဓာတ် လုံးဝမရှိတော့တာကို သူမြင်လိုက်ရ၏။ ဒါက စွန့်ပစ်ထားတဲ့ ပျားအုံပဲ။ 


သို့သော် သူ့တစ်ကိုယ်လုံးကို အေးခဲသွား​စေသည့် အရာမှာ အက်ကွဲရာ တစ်ခုအတွင်း၌ အနက်ရောင် အရာတစ်ခု ရှိနေခြင်းပင်။ မြေပျားတွေ အသိုက်ဆောက်နေချိန်မှာ ၎င်းကို ရစ်ပတ်ထားပုံရသည်။ လူသေကောင်လား သို့မဟုတ် တိရစ္ဆာန်တစ်ကောင်လား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ 


သူ ခုန်ဆင်း၍ ဖွင့်ကြည့်လိုက်ရာ ထိုနေရာတွင် ရစ်ပတ်ထားဟန် ရှိသော ရဟန္တာရုပ်ပွားတော် တစ်ဆူကို မြင်လိုက်ရ၏။ ၎င်းက အစိတ်စိတ် အမြွှာမြွှာ ကွဲသွားနေကာ ပျားအုံကြီး မပေါ်ပေါက်မီတွင် ပြုတ်ကျလာခဲ့ပုံရပြီး ရလဒ်အနေဖြင့် ယခုလို အပိုင်းပိုင်း ကွဲသွားကာ ပျားအုံထဲ ဝင်သွားခဲ့ခြင်း ဖြစ်နိုင်သည်။


ချန်ဖီအားစစ် အပေါ်ကို မော့ကြည့်လိုက်သည်။ အခုနတုန်းက သူဆင်းလာချိန်မှာ ဂရုမစိုက်မိခဲ့ပေမယ့် ဘယ်နေရာက ရဟန္တာရုပ်တုမှ နေရာလွတ်မနေခဲ့ဘူး ဆိုတာတော့ ခံစားရပါသည်။


ဒီရုပ်ပွားတော်က ဘယ်နေရာကများ ပြုတ်ကျလာခဲ့တာလဲ?