ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ပထမပိုင်း)
Chapter (45)
ကနဦးပဟေဠိ
ယခုအချိန်တွင် မြေအောက်နန်းတော် တစ်ခုလုံး အလွန်မှောင်နေပါ၏။ အပေါ်ထပ်သို့ ကြည့်လိုက်ရာ ဓာတ်မီးအလင်းရောင် အစက်အပြောက်များ လင်းထိန်သွားသည်။ ထိုအခိုက် အောက်ကို ငုံ့ကြည့်နေသော ရဟန္တာများနှင့် ပြည့်နှက်နေပြီး ရာနှင့်ချီသော မျက်လုံးအစုံတို့က ချန်ဖီအားစစ်ကို စိုက်ကြည့်နေကြသည်။ အလင်းရောင် အပြောင်းအလဲကြောင့် ရဟန္တာတို့ရဲ့ သူအိမ်ငယ်များပင် ချက်ချင်း ပြင်းထန်သော အမူအရာကို ပြလာရာ လေထုဟာ ရုတ်တရက် အလွန်ထူးဆန်းသွားလေသည်။
ချန်ဖီအားစစ်လည်း ဒီဘုန်းကြီးတွေ ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်မယ်လို့ စိတ်ထဲကထင်ပြီး ထိုထိပ်ပြောင်တဲ့ မြည်းလေးတချို့ကို ကျိန်ဆဲလိုက်ပါ၏။ ဒီအချိန်မှာတော့ သူ သိပ်ဂရုမစိုက်နိုင်တော့ဘဲ အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့ပေမယ့် ဘယ်နေရာက ရုပ်တုပျောက်နေလဲ ဆိုတာကို ရှာမတွေ့သေးပါဘူး။
စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ပြဿနာကို ဖြည်းညှင်းစွာ နားလည်လာစဥ် အစောတုန်းက ကောင်းကင်သို့ မျှော်ကြည့်နေခဲ့သော မျက်နှာဖြူ ရဟန္တာရုပ်တု၏ မျက်လုံးများ ကွဲသွားသည့် နေရာကို အကြည့်များကို ရွှေ့လိုက်သည်။
ထိုရဟန္တာရုပ်တုသာလျှင် တခြားရုပ်တုများနှင့် သိသိသာသာ ကွဲပြားနေပြီး ပြဿနာက ထိုနေရာမှာ ရှိနေနိုင်သည်။
ဒါ တစ်စုံတစ်ယောက်က အထက်က ရဟန္တာရုပ်တုတစ်ခုကို တွန်းချ၍ မျက်နှာဖြူ ရဟန္တာကို ကောင်းကင်သို့ မော့ကြည့်စေခဲ့တာ ဖြစ်နိုင်သည်။ ဒါကြောင့်မို့ ထိုရုပ်တုက တခြားရဟန္တာရုပ်တုများနှင့် လွန်စွာ ကွာခြားနေခြင်းပင်။
ဒီလိုလုပ်ရလောက်တဲ့အထိ ဘယ်သူက ပျင်းနေတာလဲ? အဲဒါက သူဆင်းလာခဲ့တဲ့ နေရာကို အတိအကျသိပြီး ရုပ်တုရဲ့ဦးခေါင်းကို သူဆင်းသက်တဲ့ နေရာတည့်တည့်ကို ချိန်ညှိဖို့ဆိုတာ ပညာရှင်တစ်ယောက် အတွက်တောင် မဖြစ်နိုင်ဘူး မဟုတ်လား။
သူဒီတစ်ကြိမ် နန်းတော်ထဲကို ဝင်လာတဲ့ ဒုတိယမြောက် လူများလား။ တစ်စုံတစ်ယောက်က ဒီကိုအရင် ရောက်နေပြီး သူ့ကို ကဲ့ရဲ့ဖို့ ဒီလိုမျိုး ထားခဲ့တာလား။
ချန်ဖီအားစစ်၏ လက်နှိပ်ဓာတ်မီးသည် အဆီဖုံးကာ ဖြူဖွေးနေသော မျက်နှာဖြူ ရဟန္တာရုပ်တုရဲ့ ခန္ဓာကိုယ်ပေါ် ထိုးကြည့်နေသည်။ ထို့နောက် ကောင်းကင်သို့ မျှော်ကြည့်ကာ လက်ထဲရှိ ရတနာရှစ်ပါးသေတ္တာကို ပြန်ကြည့်လိုက်သည်။ အကယ်၍ သူက နန်းတော်ထဲသို့ ဒုတိယမြောက်လူအဖြစ် ဝင်လာပါက အဲဒီလူက ဘာလို့ဒါကို ယူမသွားတာလဲ။ မဖြစ်နိုင်ဘူး။ လူတွေက နေရာလွတ် မထားခဲ့ဘဲ ထွက်သွားရတဲ့အထိ အတွေးလွန်ကြလိမ့်မည် မဟုတ်ချေ။ ဒါဟာ သူတို့လို လူတွေကို လမ်းလွဲသွားတယ်လို့ ထင်စေဖို့အတွက် စီစဥ်ထားတဲ့ အဲဒီထိပ်ပြောင် မြည်းကတုံးတွေရဲ့ ထောင်ချောက်တစ်ခုပဲ ဖြစ်နိုင်သည်။
ချန်ဖီအားစစ် ငြိမ်သက်သွားပြန်၏။ သူအရမ်းအသက်ကြီးနေပြီ ဖြစ်ပြီး အခက်အခဲပေါင်း များစွာကို ဖြတ်သန်းပြီးပြီဖြစ်ရာ သူ့စိတ်က သူ့ကန့်သတ်ချက်ကို ရောက်သွားခဲ့ပြီ။ အကြိမ်အနည်းငယ် ချောင်းဆိုးပြီး ဓာတ်မီးကို ရဟန္တာထံမှ ရွှေ့သွားကာ ဘယ်လို ပြန်သွားရမလဲ သိရန် လှည့်ပတ်ကြည့်ချင်ခဲ့သည်။
သို့သော် ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့သည်။
ဓာတ်မီးအလင်းရောင်သည် ရဟန္တာရုပ်တုထံမှ ရွေ့သွားသည့်အခိုက် ချန်ဖီအားစစ်သည် ဖျော့တော့နေသော အဲဒီမျက်နှာက ရုတ်တရက် လှည့်လာတာကို ဖျတ်ခနဲ မြင်လိုက်ရလေ၏။
ဓာတ်မီးက မြန်လွန်းသဖြင့် မြင်ကွင်းက တခဏချင်း ပျောက်ကွယ်သွားသော်လည်း ချန်ဖီအားစစ် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသေးသည်။ သူက သူအမြင်မှားတယ်လို့ သံသယဖြစ်မယ့် လူမျိုးတော့ မဟုတ်ဘူး။ သူ့ကိုယ်သူ ရဲရဲတင်းတင်း ဟောက်ပြီး တစ်ချိန်တည်းမှာပဲ သူ့လက်ကို လှည့်ကာ စက်သေနတ်ကဲ့သို့ သံကျည်ဆန်များကို ပစ်လွှတ်လိုက်လေသည်။
သူ့မှတ်ဉာဏ်ကို အခြေခံ၍ ထိုမျက်နှာကို မြင်ခဲ့ရသော နေရာအား ကျည်ဆန်တစ်ဒါဇင်ကျော်ခန့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။ သံကျည်ဆံ တစ်ဒါဇင်ကျော်သည် သူ့ခေါင်းထက်တွင် ခုန်ပေါက်နေကာ မျက်နှာဖြူ ရဟန္တာတစ်ကောင် ခုန်ထွက်လာလိမ့်မယ်လို့ သူ ထင်ခဲ့သည်။ ထိတ်လန့်စွာဖြင့် ပေါက်တတ်ကရ ပစ်ခတ်ရင်း စောစောက ယူမရခဲ့သော သေတ္တာများကို ထုတ်ယူလိုက်သည်။
သူတကယ် ထိတ်လန့်လာပြီ။ လွတ်မြောက်ပြီး နှစ်တွေအတွင်းမှာ သူဒီသေနတ်ကို တစ်ခါမှ မသုံးခဲ့သလို လွယ်လွယ်နဲ့လည်း မထုတ်ဝံ့တော့ပေ။ အခု ထုတ်ယူပြီး သူ့ရဲ့သတ္တိကို ခိုင်ခံ့သွားအောင် အသုံးပြုလိုက်ရသည်။ တကယ်ကို ထိတ်လန့်နေတာကြောင့် တောင်လား မြောက်လားပင် မသိတော့ချေ။
သဲကိုဆယ်စုနှစ်တွေ ကြာအောင် တူးပြီးရင်တောင် (ဂူဖောက်တာ နှစ်တွေကြာရင်တောင်) ဖုတ်ကောင်မျိုးစုံကို ကြုံရနိုင်ခြေက အလွန်နည်းတယ်လို့ ပြောခဲ့ဖူးတဲ့ စကားကို ဝူရှဲ့ ကြားဖူးသည်။ သူ့အဖိုးတောင်မှ ဒီလိုမြင်ကွင်းမျိုးနဲ့ ကြုံနိုင်မှာ မဟုတ်ဘူး။ ချန်ဖီအားစစ်သည် စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်သော်လည်း သူ၏အဓိက အတွေ့အကြုံမှာ လူတို့၏ဘဝနှင့် သေဆုံးမှု အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျွမ်းကျင်ခြင်းပဲ ဖြစ်သည်။ သို့သော်လည်း နားမလည်နိုင်သော အရာတစ်ခုကို ကြုံတွေ့ရသောအခါ ထိတ်လန့်နေရဆဲ ဖြစ်သည်။
ထိတ်လန့်တကြားနဲ့ ပစ်ခတ်နေတုန်း တဖက်က မထင်ရှားတဲ့ ကျောက်တံခါးတိုလေးကို လှမ်းတွေ့လိုက်ရသည်။ သူပြန်သွားဖို့ အစောတုန်းက လာခဲ့တဲ့ လမ်းကြောင်းအတိုင်း ယ ပြန်တက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ထို့ကြောင့် သူသည် ထိုနိမ့်နေသော တံခါးပေါက်ထဲသို့ ပြေးဝင်သွား၏။ အတွင်းတွင် ကျောက်တုံးကြီးတစ်ခု ရှိနေသည်။ တောင်တန်းနှင့်တူသော အဝါရောင် မြေပျားအသိုက်က နံရံမှ ပေါက်ဖွားနေကာ အလွန်တရာ ကြီးမားလှသည်။ ကျောက်ခန်းထဲတွင် မူလက ဘာပစ္စည်းတွေကို ထားရှိခဲ့လဲတော့ မသိရပေ။ သူ ခြေလှမ်း အနည်းငယ် ပြေးပြီးနောက် ခြေထောက်များသည် မြေပျားအသိုက်ထဲတွင် နင်းမိသွားရာ ၎င်းက အပိုင်းပိုင်း အက်ကွဲသွားသလို သူလည်း ပြုတ်ကျသွားခဲ့သည်။ ဓာတ်မီးသည် အဝေးကို လွင့်သွား၏။ သူ့ခမျာ ဓာတ်မီးကို ကောက်ကိုင်ရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ ရတနာသေတ္တာကိုသာ ကောက်ကိုင်ကာ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။
ကျောက်ခန်းကို ဖြတ်သွားပြီးနောက် မြေအောက်နန်းတော်၏ တရားဝင် ဝင်ပေါက်ထွက်ပေါက် ဖြစ်သည့် ရှည်လျားသော လမ်းတစ်ခုဆီကို ရောက်သွားခဲ့သည်။ အထဲမှာ မည်းမှောင်နေတာကြောင့် ဘာကိုမှ မမြင်ရပေ။ ချန်ဖီအားစစ်လည်း အံကြိတ်ကာ တစ်စုံတစ်ရာကိုနင်းမိသွားကာ နောက်ဆုံးတွင် မြေပြင်က မြင့်တက်လာခဲ့သည်။ နောက်ထပ် ခြေလှမ်း တစ်ဒါဇင်လောက် ပြေးပြီးနောက် အမှောင်ထဲမှာ တစ်ခုခုကို ဝင်တိုက်မိသွားရာ ဝုန်းကနဲ ပြုတ်ကျတဲ့အသံကို ကြားလိုက်ပြီး လူတစ်ကိုယ်လုံး မြေကြီးပေါ် လှိမ့်သွားလေ၏။
အပြင်က တောက်လောင်နေတဲ့ မီးတောက်တစ်ခုကို မြင်လိုက်ရတာကြောင့် မတ်တပ်ထရပ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ သူ ကျိုးနေတဲ့ တံတိုင်းတစ်ခုပေါ်ကနေ ပြုတ်ကျသွားခဲ့တာကို သိလိုက်ရသည်။ ကွယ်ဝှက်ထားတဲ့ ဘုရားကျောင်းမျှော်စင် မြေအောက်နန်းတော်ရဲ့ ဝင်ပေါက်ဟာ တကယ်တော့ နံရံတစ်ခုထဲမှာ ရှိနေပုံပါပဲ။ သူ အံ့အားသင့်နေချိန်တွင် မြောင်လူမျိုးတစ်ယောက်ရဲ့ ဓားက သူ့လည်ပင်းပေါ် ရောက်လာပြီး တစ်ချိန်တည်းမှာပင် သူ့လက်ထဲတွင် ရှိသော အရာများကိုလည်း သိမ်းပိုက်သွားခဲ့သည်။
ချန်ဖီအားစစ်ရဲ့ ကာယကြံ့ခိုင်မှုမှာ ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်တာကြောင့် ခုခံနိုင်စွမ်း မရှိခဲ့ပေ။ လှည့်ကြည့်လိုက်တော့ သူလှည့်စားခဲ့တဲ့ မြောင်လူငယ်တွေက သူ့ကို မီးတုတ်တွေနဲ့ ဝန်းရံထားကြတာကို တွေ့ရ၏။ ခေါင်းဆောင်က သူ့ကို အနည်းငယ် စိတ်ဆိုးနေပြီး လှည့်ပတ်ရှာဖွေခဲ့ပေမယ့် ဘာမှမတွေ့ရတာကြောင့် လှည့်ဖြားခံလိုက်ရကြောင်း သိလိုက်ကြပုံပင်။
ချန်ဖီအားစစ် အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ သူ ဟန်ဆောင်နေတာ မဟုတ်ပေမယ့် တစ်ကိုယ်လုံး ထုံကျင်နေတာကြောင့် စွမ်းဆောင်ရည်တွေက ပိုဆိုးလာပြီး ချောင်းဆိုးနေတော့သည်။ မြောင်လူမျိုးတွေ သူ့ကို မေးခွန်းတွေမေးလာတဲ့ အခါမှာတော့ သူက အသက်ရှုမဝသလို ဟန်ဆောင်ပြီး လက်တွေကိုသာ ဝှေ့ယမ်းပြခဲ့ပါသည်။
သူဘယ်လောက် ပင်ပန်းနေလဲ မြင်ရတော့ မြောင်လူမျိုးတွေလည်း ဘာလုပ်ရမှန်းမသိဘဲ တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေကြသည်။ တခြားမြောင်လူမျိုး တော်တော်များများက သူဘယ်က ထွက်လာတယ် ဆိုတာကို သိချင်တဲ့အတွက် မီးညှိပြီး ခေါင်းညိတ်ပြလိုက်သည်။
ချန်ဖီအားစစ် မိနစ်အနည်းငယ် ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း မျက်နှာဖြူဖြူ ဘီလူးသရဲနှင့်တူသော ရဟန္တာရုပ်တုက သူ့နောက်ကို လိုက်လာနေတာကို မတွေ့လိုက်ရတာကြောင့် စိတ်ထဲမှာ သံသယစိတ်များပင် နိုးထလာခဲ့၏။ ထိုအချိန်တွင် သူ၏ကာယကြံ့ခိုင်မှုမှာ အတိုင်းအတာ တစ်ခုအထိ ပြန်လည်ကောင်းမွန်လာရာ အကြောင်းအရင်းကို မသိရမီတွင် ရုတ်တရက် သံကျည်ဆန်တစ်ဆုပ်ကို ဆွဲထုတ်ကာ ခုန်ထလိုက်ပြီး မီးရှူးတိုင်အားလုံးကိုလည်း မြေကြီးပေါ်သို့ ချက်ချင်း ခေါက်ပစ်လိုက်သည်။
မြောင်လူမျိုးများလည်း ရုတ်တရက်မို့ ထိတ်လန့်သွားကြသည်။ ချန်ဖီအားစစ်က လှောင်ပြောင်ရင်း လူသတ်ရန် ကြံရွယ်ထားပုံဖြင့် သေတ္တာကို တခြားလက်တစ်ဖက်ဖြင့် ကိုင်လျက် သေနတ်ကို ထုတ်ကာ တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်ခဲ့သည်။ ဒီအချိန်မှာ အနီးနားက လေတိုးသံကို ကြားလိုက်ရပြီး သူ့လက်က အေးစက်သွားသလို ခံစားလိုက်ရသည်။ သေနတ်ကို ထိတွေ့လိုက်တဲ့ အခါမှာတော့ ခလုတ်ဆွဲတဲ့ လက်ချောင်းက ပြတ်သွားတာကို တွေ့လိုက်ရ၏။
ချန်ဖီအားစစ်လည်း တစ်ခါမှ ဒီလိုဆုံးရှုံးမှုမျိုးကို မကြုံဖူးပေမယ့် ထိတ်လန့်သွားလို့ မတုံ့ပြန်နိုင်ခင်မှာ အေးစက်တဲ့ လေတစ်ခုက ထပ်ရောက်လာပြန်သည်။ သူနောက်ဆုံး မြင်လိုက်ရတာက မြောင်လူမျိုးခေါင်းဆောင်ရဲ့ ငြိမ်သက်တဲ့မျက်လုံးနဲ့ သူ့ခန္ဓာကိုယ်မှာ ကခုန်နေတဲ့ ချီလင် တက်တူးပါပဲ။ အဲဒါက သူနောက်ဆုံး မြင်လိုက်ရတဲ့ မြင်ကွင်းဖြစ်ပြီး နောက်တစ်စက္ကန့်တွင် သူ့မျက်လုံးနှစ်ဖက်က ဓားသွားကြောင့် ကန်းသွားသည်။ မြောင်လူမျိုး ခေါင်းဆောင်၏ မြေသားဓားမှာ သူ၏ဘယ်ဘက် မျက်လုံးအလယ်မှ လှီးဖြတ်ကာ သူ၏နှာခေါင်း တံတားကိုဖြတ်၍ ထွက်သွားခဲ့သည်။ တစ်ဆက်တည်း သူ့ရဲ့ ညာဘက်မျက်လုံးကိုပါ ချက်ချင်း ကွဲထွက်သွားစေတာကြောင့် မျက်လုံး နှစ်ဖက်စလုံး ကန်သွားချေ၏။
ပြီးသွားပြီ။ သူ ကျွမ်းကျင်ပညာရှင် တစ်ယောက်နဲ့ ထိပ်တိုက် တွေ့သွားခဲ့တာပဲ။ ချန်ဖီအားစစ်ရဲ့ သက်ပြင်းချလိုက်ပြီး မြေပေါ်လဲကျသွားကာ နာကျင်မှုကြောင့် မူးလဲသွားတော့သည်။
လောင်ဟိုင်က “မြောင်လူမျိုးတွေက ချန်ဖီအားစစ်ကို ဒေသခံပူးတွဲ ကာကွယ်ရေးအဖွဲ့ကို လွှဲပြောင်းပေးခဲ့တယ်... အဲဒီနှစ်တွေတုန်း သူ့ရဲ့ ရဲဘော်တွေထဲက တစ်ယောက်က အဲဒီနေရာက ပူးတွဲကာကွယ်ရေးကို တာဝန်ယူခဲ့တော့ အပစ်မခံရဘဲ ကယ်တင်ခံခဲ့ရတယ်... နောက်တော့ အဲဒီရတနာကို ပြတိုက်ကို ပို့လိုက်တယ်.... အဲဒီအကြောင်းကို လူတွေလည်း ကြားရော လာကြည့်ဖို့ တစ်ယောက်ယောက်ကို ပို့လိုက်တယ် ဘာရလာဒ် ရှိလဲတော့ မသိဘူး ဒါပေမဲ့ ရတနာသေတ္တာကို ဖွင့်ကြည့်လိုက်တော့ နောက်ဆုံးအလွှာက ဘာရုပ်ကြွင်းမှ မဟုတ်တဲ့ ဒီကြေးနီငါးရုပ် ဖြစ်နေတာကို တွေ့လိုက်ရတာပဲ"
သူက သတင်းစာကို ခေါက်ပြီး
“မထူးဆန်းပါဘူး အဲဒီအချိန်က တုန်လှုပ်ခြောက်ခြားစရာ ကောင်းတဲ့ အရာပဲ.... မစ္စတာချန်ခည်း အဲဒီအကြောင်းကို သိရော ကျယ်ကျယ်လောင်လောင်ကို ကျိန်ဆဲတော့တာပဲ... သူ တခြားသူတွေရဲ့ လှည့်စားခြင်းကို ခံခဲ့ရတယ်တဲ့... အဲဒီရတနာသေတ္တာကို ဟိုးလွန်ခဲ့တဲ့ မျိုးဆက်ပေါင်းများစွာကတည်းက တခြားသူတွေဖွင့်ခဲ့ပြီးတာ ဖြစ်နိုင်တယ်။ အထဲက အကြောင်းအရာတွေက မရှိတော့ဘူးလေ"
ဒီအချိန်မှာ လောင်ဟိုင်ဆီက ပုံပြင်တစ်ပုဒ် ပြောနေတာကို နားထောင်ရင်း ဝူရှဲ့ သတိမထားမိဘဲ ဝိုင်တစ်ခွက်သောက်ရင်း မူးနောက်နောက်နဲ့ မေးလိုက်သည်။
“သူ့မှာ ဘာအခြေခံမျိုးရှိလဲ?”
လောင်ဟိုင်က "ငါလည်း မသိဘူး... ချန်ဖီအားစစ်က နောက်ပိုင်းမှာ ဘုန်းကြီးဝတ်သွားတယ်...ငါ အဆက်အသွယ် ဟောင်းတွေဆီကနေ တစ်ဆင့် ဒီအကြောင်းတွေကို သိခဲ့ရတာ အစ်ကိုလေး ဒီအချက်အလက်တွေက စျေးမနည်းဘူးနော်.... အနာဂတ်မှာ အခွင့်ကောင်းတွေ ရှိလာရင် မင်းငါ့ကို အခွင့်ကောင်းယူဖို့ မကြိုးစားရဘူး"
ဝူရှဲ့ တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး ဒီတစ်ခါ ဟန်ကျိုးက လေလံပွဲမှာ ဘယ်လိုဖြစ်တာလဲလို့ မေးလိုက်သည်။ လောင်ဟိုင်က နောက်ဆုံးတစ်ခွက်ကို သူ့ပါးစပ်ထဲ ဖြေရှင်းလိုက်ပြီး ဆိုလာသည်။
"အဲဒီတုန်းက ကိစ္စတွေကလည်း ရှုပ်နေတာပဲ... အဲဒီငါးက ဘယ်ကိုရောက်သွားမှန်း မသိဘူး။ တစ်စုံတစ်ယောက်က အဲဒါကို ဒီနေ့မှာ လေလံတင်ခဲ့တာကွ! လေလံပွဲမှာ ပါဝင်ရတာက သာမာန်ကိစ္စတစ်ခုပဲ ငါက ဒီလုပ်ငန်းမှာ နည်းနည်း နာမည်ကြီးတော့ လက်စွဲစာအုပ်နဲ့ ဖိတ်စာတစ်စောင် ပို့လိုက်တယ်လေ... မင်း ကြည့်ကြည့်လိုက် ဒီငါးက လေလံတင်တဲ့ ပစ္စည်းစာရင်းမှာ ပါနေတာကို တွေ့လိုက်ရတာပဲ... တစ်လတ်စတည်း မင်းအတွက်ပါ ဖိတ်စာတစ်ခု ရထားတယ်... အသုံးဝင်သည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ ဒီငါးကို ဝယ်ချင်တဲ့သူတွေတိုင်း သွားကြည့်ဖို့ ကောင်းပါတယ်”
ဝူရှဲ့ လေလံဈေးကို မြင်တော့ တစ်ခါတည်း တဟားဟား ရယ်ချပစ်လိုက်သည်။ အရူးတစ်ယောက်ပဲ 10 သိန်းနဲ့ ဝယ်လိမ့်မယ်။ အခုသူ့လက်ထဲမှာ နှစ်ခုရှိနေသေးတယ်။ တစ်ယောက်ယောက်က လာဝယ်ရင် သူ့ဆီမှာ သိန်း 20 ရှိနေမှာ မဟုတ်ဘူးလား။ ယနေ့ခေတ် လေလံအိမ်များသည် အရှိန်အဟုန် ပြင်းစွာဖြင့် လည်ပတ်နေရာ တခြားသူများဆီက ယုံကြည်မှုကို ရရှိမှသာ အဆင်ပြေလိမ့်မည်။
လောင်ဟိုင်နဲ့ ပတ်သက်တဲ့ သတင်းက ကောင်းပေမယ့် သိချင်တာတော့ မဟုတ်တဲ့အတွက် ခဏတာလောက် စကားမပြောဖြစ်ခဲ့ချေ။ စားပွဲထိုးက သူတို့ ထမသွားတာကို တွေ့တော့ ပန်းကန်တွေပဲ လာသိမ်းသွားသည်။ ဝူရှဲ့တို့လည်း စီးကရက်တစ်လိပ်စီ မီးညှိပြီး ကိုယ့်အကြောင်းကိုယ်ပဲ တွေးနေမိသည်။ သူ့လုပ်ငန်းက အခုရော ဘယ်လိုသွားနေလဲလို့ မေးလိုက်ရာ လောင်ဟိုင်က ထိုလူက သူနဲ့ ခဏလောက် အတွေ့အကြုံ ယူချင်တယ်လို့ ပြောခဲ့ပေမယ့် ထိုလူရဲ့စကားက ရိုးရိုးသားသား ဟုတ်မဟုတ် မပြောနိုင်ချေ။ ဒီကိစ္စကိုတော့ ကျော်သွားလိုက်တာ ပိုကောင်းပါတယ်လို့သာ ပြောလိုက်သည်။ သူ မြေကြီးအောက်ကို သွားဖို့ မစီစဉ်တော့ဘူး။ ဒါ့အပြင် တစ်ဖက်လူက အဘိုးကြီး ဖြစ်နေပြီမလို့ ကိုယ့်ကိုယ် ဆွဲချပြီး သူနဲ့ လာမပတ်သက်ပါနဲ့လို့လည်း တားလိုက်သည်။
ဝူရှဲ့လည်း သူ အရက်သောက်ထားတာ သိပ်မနည်းတာကြောင့် ဖိတ်စာယူပြီး တစ်ဖက်လူကိုလည်း အနားယူခိုင်းလိုက်သည်။ ညနေခင်းမှာတော့ ချင်ဟိုင်ထင်က အပြင်ထွက်ပြီး ဆော့ကစားဖို့ အော်ဟစ်ပြောဆိုလာခဲ့ရာ ဝူရှဲ့မှာလည်း သူက အိမ်ရှင်ဖြစ်ပြီး ငြင်းလို့မရတဲ့အတွက် သူတို့ကို ခေါ်ထုတ်လာခဲ့သည်။ လည်ရင်းပတ်ရင်း အဆာပြေမုန့်တွေ စားကြသည်။ ဒါပေမဲ့ ရာသီဥတုက အရမ်းအေးတဲ့အတွက် စောစောပြန်ပြီး အိပ်စက်ကြရ၏။
အိမ်ကို ကားမောင်းပြန်လာခဲ့ပေမယ့် အပေါ်ထပ်ကို မတက်ရသေးခင်မှာပဲ ရုတ်တရက် အိမ်နံရံလေးခုက အရမ်း လူဆိတ်ညံနေတာကို ခံစားလိုက်ရသည်။ သူ ဒီလိုမျိုးကို တစ်ခါမှ မခံစားဖူးဘူး။ အရမ်းထူးဆန်းနေတယ်။ အဲဒီတုန်းက အတွေ့အကြုံလေးတွေက သူ့ကို စိတ်ဆင်းရဲအောင် လုပ်ခဲ့တာ ဖြစ်နိုင်မလား။ ဝူရှဲ့လည်း ရယ်စရာပဲလို့ ထင်နေတာနဲ့ ဒုတိယဦးလေးပိုင်တဲ့ လက်ဖက်ရည်ဆိုင်ဘက်ကို တန်းတန်းမတ်မတ်မောင်းပြီး ညနေပိုင်း လက်ဖက်ရည် သောက်ဖို့ စဥ်းစားလိုက်၏။
လက်ဖက်ရည်သောက်ရင်း အဘိုးရဲ့ မှတ်စုတွေကို ဖတ်ပြီး ဖြစ်ပျက်ခဲ့တာတွေကို တွေးနေပေမယ့် စိတ်ရှုပ်နေတုန်းပဲ။ အဓိကပြဿနာမှာ ဤငါးသုံးကောင်သည် တူညီသော မင်းဆက်များက ဆင်းသက်လာတာ မဟုတ်တဲ့အတွက် ၎င်းတို့၏ ပထဝီဝင်တည်နေရာက ဝေးကွာနေကြတာ ဖြစ်နိုင်သည်။ ဤငါးသုံးကောင်၏ ရည်ရွယ်ချက်က မည်သို့ပင် ရှိစေကာမူ တူးဖော်တွေ့ရှိသည့် နေရာတွေကတော့ လူတို့ခန့်မှန်းနိုင်တဲ့ သဲလွန်စများ မကျန်ရစ်ခဲ့ပေ။
ရှေးသူတော်ကောင်းတွေ ဒီလိုလုပ်ခဲ့တာက ရည်ရွယ်ချက် ရှိရမည်။ မဟုတ်ရင် ဒီတိုက်ပွဲက ဒီလောက် ကြီးမားတာ။ သာမန်လူတွေ တတ်နိုင်တဲ့ အရာမဟုတ်ပေ။ ဒါကို တွေးပြီးနောက် အဓိကက သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိသေးဘူးလို့ ခံစားရပြန်သည်။ သူ့ရဲ့ ရည်ရွယ်ချက်ကို သိပြီဆိုလျှင် လမ်းစရှာလို့ရပြီ။
အဖိုး အသက်ရှင်နေသေးရင် ကောင်းမယ်လို့ တွေးရင်း သက်ပြင်းချလိုက်သည်။ ဒါမှမဟုတ် ဦးလေးသုံး ဒီမှာရှိရင် အနည်းဆုံးတော့ ဆွေးနွေးမယ့်သူ ရှိကောင်းရှိလိမ့်မယ်လို့ တွေးမိပြန်၏။ အခု သူတစ်ယောက်တည်း ဖြစ်နေတော့ ဒီကိစ္စတွေကို ထိုင်တွေးရတာ ပင်ပန်းလာသည်။
ရုတ်တရတ် မီးလောင်တဲ့အနံ့ကို ရှူရှိုက်မိလိုက်သည်။ ခေါင်းငုံ့ကြည့်လိုက်တော့ ငှားထားတဲ့ မဂ္ဂဇင်းထဲမှာ တရုတ်ခရီးသွား မြေပုံတစ်ခုကို တွေ့လိုက်ရသည်။ သူသည် စီးကရက်တစ်လိပ်နဲ့ တစ်ဖက်က ဒီအကြောင်း စဉ်းစားရင်းနဲ့ တစ်ဖက်ကလည်း အဲဒီနေရာ သုံးနေရာကို မသိစိတ်က ထောက်နေရာ အပေါက်တွေဖြစ်တဲ့အထိ မီးရှို့မိသွားတာကို တွေရလေ၏။ ဝူရှဲ့ တုံ့ပြန်လိုက်ပေမယ့် နောက်ကျသွားပြီ။ ဝူရှဲ့လည်း စီးကရက်ဘူးကို အမြန်ထုတ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ စားပွဲထိုးက သူဖျက်စီးမိတာကို သတိမထားမိတာကြောင့် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
သူ့ရဲ့ ဒုတိယဦးလေးဟာ သူ့ရဲ့ဆွေမျိုးတစ်ဦးဖြစ်ပေမဲ့ သူကသိပ်ကို ခေါင်းကျောမာတဲ့လူ။ သူ့ပစ္စည်းတွေ ပျက်သွားရင် အထူးသဖြင့် ဒီမှာရှိတဲ့ မဂ္ဂဇင်းတွေကို ဖျက်စီးမိရင် သေချာပေါက် ဒေါသဖြစ်လိမ့်မယ်။ ဒါက တန်ဖိုးရှိပြီး သူနှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တာကြောင့် နှစ်အတော်ကြာတဲ့အထိ ဒေါသထွက်နေလိမ့်မည်။
ဝူရှဲ့ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး မဂ္ဂဇင်းကို ပြန်ပေးခဲ့လိုက်သည်။ သူချလိုက်ပြီးတာနဲ့ အဘိုးကြီး တစ်ယောက်က ဟိုဘက်ဒီဘက် လှည့်ပြီး မဂ္ဂဇင်းကို ကောက်ကိုင်ကာ အဲဒီနေရာကို လှန်လိုက်လေ၏။ ဝူရှဲ့လည်း သူ ပျက်စီးသွားခဲ့တယ် ဆိုတာ ထိုလူသိမှာကို စိုးရိမ်နေတာကြောင့် အဝေးကြီးကို မထွက်ရဲတော့ပေ။ ထို့နောက် နံဘေးက ဆိုဖာပေါ်ထိုင်ပြီး အဖိုးအိုက မီးလောင်ထားတဲ့ စာမျက်နှာဘက်ကို လှည့်သွားတာကို မြင်လိုက်ရ၏။
ဝူရှဲ့ စိတ်ထဲမှ 'သွားပြီ သူတွေ့သွားပြီ' ဟု အော်လိုက်မိသည်။ ထွက်သွားလိုက်ဖို့ အဆင်သင့် ပြင်နေတဲ့ အချိန်မှာပဲ သူ့ရယ်မောသံကို ကြားလိုက်ရလေ၏။
"ဒီမှာ ဖုန်းရွှေမီးအမှတ်ကို ဘယ်သူ ဖန်တီးသွားတာလဲ? ဆိုးလိုက်တာ"