(48)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ပထမပိုင်း)


Chapter (48)

ဂိုဏ်းအသစ် 



ဖန့်ကျစ်က မျက်မှောင်ကြုတ်ပြီး 


"ငါကဘာလို့ မသိရတာလဲ? သခင်သုံး ပြန်ရောက်ပြီလား? သူအမိန့်ကို ဘယ်တုန်းက ပေးခဲ့တာလဲ?"


အဲဒီလူက သူတို့နှစ်ယောက်ကို ကြည့်လာသည်။ ဖန့်ကျစ်တစ်ယောက်တော့ သူ့ကို ပြက်ရယ်ပြုနေတယ်လို့ ထင်ခဲ့ကာ သူက ပခုံးတွန့်ပြီး 


"ငါ့ကို ငတုံးလို ဟန်ဆောင်​ပြနေတာ ရပ်လိုက်တော့.. ဒါက မင်းအတွက်ပဲ မဟုတ်ဘူးလား?"


ဖန့်ကျစ့က ဒေါသထွက်ပြီး "ကျုပ်က ခင်ဗျားကို ဘာအတွက် လိမ်ရမှာလဲ? သခင်သုံးက ဘာပြောခဲ့လဲ? ဘယ်တုန်းက ပြောခဲ့တာလဲ" 


အဲဒီလူက သူတို့နှစ်ယောက်ကို တစ်ဖန် ​ပြန်ကြည့်လိုက်ရင်း သူတို့တကယ် မသိတာကို သဘောပေါက်သွား၏။ သူ့ဘာသာလည်း ထူးဆန်း​နေသလို ခံစား​နေရပုံရကာ။


"အသေးစိတ်တော့ မသိဘူး... ဘဏ်က သူဌေးချူဆီကနေ ကြားခဲ့တာ... သူက မင်းနောက်မှာရှိတယ် မင်းတို့သူ့ကို သွားမေးလို့ရတယ်"


ဖန့်ကျစ်လည်း ညည်းတွားပြီး အဲ​ဒီကျဉ်းမြောင်းတဲ့ လမ်းကို ဖြတ်သွားခဲ့သည်။ အဆုံးမှာတော့ သော့ဖွင့်ထားတဲ့ သံတံခါးတစ်ချပ် ရှိလေသည်။ ဝူရှဲ့ တွန်းဖွင့်ကြည့်လိုက်တော့ အထဲမှာ ရိုးရိုးရှင်းရှင်း ရုံးခန်းလေး တစ်ခုရှိ၏။ တစ်ဖက်က ဧည့်ဆိုဖာပေါ်မှာတော့ ခေါင်းပြောင်ပြီး ချောမွတ်တဲ့ မျက်နှာနဲ့ ဆေးလိပ်ထိုင်သောက်နေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့ဝင်လာတာကို မြင်တော့ စီးကရက်ကို မြေကြီးပေါ် ပစ်ချပြီး နင်းချေကာ မတ်တပ်တရပ်လိုက်ပေသည်။ 


ဖန့်ကျစ်က "အစ်ကိုချူ" ဟု နှုတ်ဆက်လိုက်၏။ သူ့သဘောထားက ရုတ်တရက် လေးစားလာရာ ဤလူသည် ဦးလေးသုံးဆီကနေ သူ့အတွက်စာကို ယူဆောင်လာသူဖြစ်ကြောင်း ဝူရှဲ့ ချက်ချင်း သဘောပေါက်လိုက်သည်။


သူက ဖန့်ကျစ်ကို ကြည့်ပြီးတော့ ဝူရှဲ့ဘက်ကို ကြည့်ကာ ပြောလာ၏။ 


"ဘာလို့ အခုမှ ရောက်လာတာလဲ? ငါ မင်းကို စောင့်နေတာ နှစ်ရက်ရှိပြီ" 


ဖန့်ကျစ်က လမ်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြပြီး သူ့တုံ့ပြန်မှုကို မစောင့်ဘဲ တစ်ဆက်တည်း မေးလေ၏။ 


"အစ်ကိုချူ ဘာတွေဖြစ်နေတာလဲ? ကျွန်တော်တို့ ဘယ်အိမ်ကလူတွေကို သွားနှိုးဆော်မိသွားတာလဲ"


အစ်ကိုချူက “မလန့်ပါနဲ့... ဘာမှမဖြစ်ပါဘူး ဒါက မင်းသခင်သုံးရဲ့ အဓိပ္ပာယ်ပဲလေ... ပြီးခဲ့တဲ့ နှစ်အနည်းငယ်က သူလုပ်ခဲ့တဲ့ အရောင်းအ၀ယ် တချို့အကြောင်း သတင်းကို ထုတ်ပြန်ပေးဖို့ ငါ့ကို တောင်းဆိုခဲ့တယ်... အခု ခန်းမမှာ စုံစမ်းစစ်ဆေးဖို့ အထူးတပ်ဖွဲ့တစ်ခု ဖွဲ့ထားပြီ... သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါမသိပေမယ့် သူ နောက်ထပ် လူတစ်စုအတွက် တားဆီးဖို့အတွက် ဖန်တီးချင်နေတာ ဖြစ်မယ်"


"နောက်ထပ်လူတစ်စုလား?"


"ဟုတ်တယ် ဒီလှုပ်ရှားမှုကြောင့် ရှေးဟောင်းဈေးကွက် တစ်ခုလုံး ရှုပ်ထွေးနေတာ... မင်းရဲ့ဦးလေးသုံးနဲ့ စီးပွားဆက်ဆံရေး ရှိတဲ့သူတိုင်းကို စောင့်ကြည့်နေတယ်... ရလဒ်အနေနဲ့ အခုလုပ်ဆောင်ဖို့ ကြိုမပြင်ဆင်ထားတဲ့ လူတွေအတွက် ခက်ခဲသွားလိမ့်မယ်.... အခု မင်းရဲ့ဦးလေးသုံးက မင်းရဲ့အချိန်တွေကို ဝယ်နေတာ ဆိုပါတော့"


ဝူရှဲ့ ဖန့်ကျစ်ကို ကြည့်လိုက်သည်။ သူ ထိပ်ပြောင်တဲ့လူရဲ့ စကားတွေကို သိပ်နားမလည်ပါဘူး။ 


"ဘယ်အချိန်လဲ"


ထိပ်ပြောင်နဲ့လူသည် ပခုံးတွန့်ကာ သူလည်းမသိကြောင်း ညွှန်ပြ​လေသည်။ 


"မင်းရဲ့ဦးလေးသုံး ဂူဖောက်လောကရဲ့ စစ်ပြန်တစ်ယောက်လေ သူ့လှည့်ကွက်တွေကို ငါလည်း နားမလည်နိုင်ဘူး"


ဖန့်ကျစ်က "ဒါနဲ့ အပြင်မှာ ပစ္စည်းတွေ အဆင်သင့် ဖြစ်နေပြီလို့ ကျိုစစ်ဆီက ကြားလိုက်တယ်... အဲဒါအစ်ကို စီစဉ်ပေးထားတယ်လို့ ပြောတာလား ဘယ်လို​ဖြစ်နေတာလဲ"


အစ်ကိုချူက “ဒါက မင်းရဲ့ဦးလေးသုံး မင်းတို့​ကို မက်ဆေ့ချ်ပေးထားတဲ့ ကိစ္စပဲ... တကယ်တော့ မင်းဦးလေးသုံး ပြင်ဆင်ခိုင်းထားတဲ့ ပစ္စည်းတွေထဲက တစ်နေရာက သူ့အတွက် သီးသန့်..."


သူက ခေတ္တရပ်လိုက်ပြီး 


“ဒါပေမဲ့ အဲဒီအချိန်မှာ သူငါ့ဖုန်းကိုခေါ်တော့ သူက သူတစ်ယောက်တည်း လုပ်နေတာ မဟုတ်ဘူး... သူနဲ့ပြိုင်တဲ့ သူတွေလည်း ရှိသေးတယ်လို့ ပြောတယ်... တစ်ဖက်လူက ဆီဆားသက်သာတဲ့ မီးခွက်မလို့ သူ ပြန်မလာနိုင်ရင် ဒီပစ္စည်းတွေက ဘာပဲဖြစ်ဖြစ် မင်းအတွက်ပဲ... မင်း သူ့အလုပ်တွေကို ဆက်လုပ်​ပေးရမယ် တခြားလူတစ်စုကို အရင်သွားခွင့် မပြုရဘူးတဲ့... "


အခြားလူအုပ်စု? ဝူရှဲ့မှာ အားနင် ပိုင်တဲ့ ကုမ္ပဏီအကြောင်း ရုတ်တရက် တွေးလိုက်မိသည်။ ဒါက ဦးလေးသုံး သူတို့ကို ဟိုင်ထိုမှာ ပေါင်းစည်းခိုင်းထားရတဲ့ အကြောင်းရင်းများ ဖြစ်​နေမလား။


ဖန့်ကျစ်က "သခင်သုံးက တခြားလူအုပ်စုက ဘယ်သူလဲဆိုတာ ပြောခဲ့​သေးလား?"


ထိပ်ပြောင်သော ခေါင်းက ခေါင်းယမ်းလိုက်ပြီး 


"မပြောဘူး.. ဒါပေမဲ့ သခင်သုံး အခုသူတို့လက်ထဲ ကျသွားပြီထင်တယ် မဟုတ်ရင် သူပေါ်လာတာ ကြာပြီပေါ့... ငါတို့အခု ဘာမှမသိရ​သေးတာ နှမြောစရာတော့ ကောင်းတယ်... မဟုတ်ရင် မဖမ်းမိထားဘူးလို့ပဲ ငါထင်မှာ တစ်ဖက်လူတွေရဲ့ နောက်ခံအင်အား ဘယ်လောက်ပဲရှိရှိ ငါတို့နဲ့ ပြဿနာဖြစ်မှာ မဟုတ်ဘူးလေ”


ဝူရှဲ့လည်း စိတ်ထဲမှ ညည်းတွားလိုက်သည်။ ထိုအခိုက် ထိပ်ပြောင်က ဆက်ပြောလေ၏။ 


"မင်းတို့သွားမယ့် နေရာက ကျီလင်က ချောင်ပိုင်တောင်တွေမှာ ရှိတဲ့ ဟဲရှန်းတောင်တွေဆီကိုပဲ.... အတိအကျနေရာက သြဒိနိတ်တွေနဲ့ပဲ အမှတ်အသား ပြုလို့ရတယ် ဒါပေမဲ့ သွားလည်ဖို့ ဒေသဆိုင်ရာ လမ်းညွှန်ချက်တွေကို ငါပြင်ဆင်ထားတယ်... မင်းတို့ကိုအဲဒီကို ခေါ်သွားပေးလိမ့်မယ်"


ချောင်ပိုင်တောင်။ ချောင်ပိုင်တောင်နဲ့ ပတ်သတ်ပြီး ပြောရရင်တော့ အမှတ်ရစရာတွေ အားလုံးက ဝမ်းချောင်ဟိုင်ရဲ့ တိမ်ထိပ်ကောင်းကင်နန်းတော်ပဲ ဖြစ်သည်။ ဟဲရှန်းတောင်တန်းများထဲက တစ်နေရာဟာ တိမ်ထိပ်ကောင်းကင်နန်းတော်ရဲ့ တည်နေရာ ဖြစ်နိုင်ကြောင်း သံသယမရှိပေ။ 


ဒါပေမဲ့ သူကဘာလို့ အဲဒီနေရာကို သွားရမှာလဲ? ဒီလို နားမလည်နိုင်တဲ့ နေရာကို သွားရဖို့အတွက် အကြောင်းပြချက် မရှိဘူးလေ။ ပြီးတော့ အခုက ဆောင်းရာသီပဲ ရှိသေးတာကိုး။


ထိပ်ပြောင်သည် ဝူရှဲ့မျက်နှာ စိမ်းဖန့်သွားတာကို မြင်လိုက်ရသဖြင့် ရုတ်တရက် သက်ပြင်းချလိုက်ပြီး 


"အမှန်အတိုင်း ပြောရရင် ငါလည်း အရမ်းစိတ်ရှုပ်နေတာ... ​​ဒါပေမဲ့ ငါ ဒါကို သေသေချာချာ စဉ်းစားပြီးပြီ မင်းတို့ အခုလုပ်နိုင်တာက မင်းဦးလေးသုံးရဲ့ ပြင်ဆင်မှုအတိုင်းပဲ အစီအစဥ်ကောင်းတစ်ခုကို လိုက်နာမှ သဲလွန်စတွေကို ရှာတွေ့နိုင်မှာ မဟုတ်ရင် မင်းဦးလေးသုံးက ဒီစာမေးပွဲကို မအောင်နိုင်​တော့မှာကို ကြောက်ရတယ်" 


ဖန့်ကျစ်က ဝူရှဲ့လက်မောင်းကို တစ်ချက်ရိုက်ပြီး လှည့်မေးလိုက်သည်။ 


"ဒါဆို သခင်သုံးရဲ့ အစီအစဉ်မှာ ကျွန်​တော်တို့က ဘာဆက်လုပ်ရမလဲ?"


ထိပ်ပြောင်က "မင်းတို့မှာ စုစုပေါင်း လူငါးယောက်ရှိတယ်... အရင်ဆုံး ရထားပေါ်တက်ပြီး ကျီလင်ကို သွားမရယ်။ မင်းတို့ရဲ့ ခရီးဆောင်အိတ်တွေကို ဟိုနည်းနဲ့ ငါပို့လိုက်မယ်... ပြီးတော့ မင်းတို့ကို နောက်တစ်မှတ်ကို ခေါ်သွားဖို့ ကားတစ်စင်းလည်း ရှိလိမ့်မယ်... သခင်သုံး ငါ့ကို ဆက်သွယ်ထားပြီးပြီ... အခြေခံပစ္စည်းတွေ အားလုံး အဲဒီမှာ ရှိတယ်"


ဖန့်ကျစ်နဲ့ ဝူရှဲ့တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ကျီလင်။ သူတို့ နှင်းဖုံးနေတဲ့ တောင်တွေကို တကယ်​ကြီး တက်ရတော့မှာလား။ 


ထိပ်ပြောင်သည် သူတို့ခရီးရဲ့ အသေးစိတ် အချက်အလက်များ အားလုံးကို တာဝန်ယူပေးမည်ဟု ဆိုသည်။ ထို့ကြောင့် သူတို့သည် စိတ်ပူစရာမလိုဘဲ လမ်းတွင် ရဲများနှင့် မတွေ့မိစေရန်သာ သတိထားရမည်။ အစီအစဥ်ကတော့ အတော်လေး လော၏။ ချောင်ရှားမှာ တစ်ညတာ အနားယူပြီး မနက်ဖြန် ရထားဆီ တိုက်ရိုက် ပို့ပေးမှာပင်။ လက်မှတ်တွေနဲ့ ရေချိုးခန်းသုံးပစ္စည်းတွေ အားလုံး ထုပ်ပိုးပြီး အဆင်သင့် ဖြစ်နေပြီ။ ကျန်တဲ့ သုံးယောက်က အသေးစိတ်ကို သိထားပြီးသား ဖြစ်ကာ မေးစရာတွေရှိရင် မနက်ဖြန်မှ သူတို့ကို မေးကြည့်လိုက်ဟု ဆို၏။ 


ထိပ်ပြောင်ရဲ့ အုပ်ချုပ်မှု စွမ်းရည်က ဒီလောက်ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ ဦးလေးသုံးက သူ့ဆီကို မက်ဆေ့ချ်ပေးဖို့ ဒီထိပ်ပြောင်ဆီမှာ တောင်းဆိုတယ်။ ဒီအစီအစဉ်က အချိန်အတော်ကြာအောင် စီစဉ်ထားခဲ့တာ ဖြစ်နိုင်တယ်။ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာတော့ ဝူရှဲ့လည်း မပြောတတ်တော့ချေ။ 


နောက်ထပ်မေးခွန်း တချို့ကို မေးသော်လည်း ထိပ်ပြောင်သည် တစ်ခုသာ သိပြီး နှစ်ခုဆို မသိတော့ချေ။ ဒါပေမဲ့ သူ့လေသံကို ကြည့်ပြီး ဦးလေးသုံးရဲ့ စီစဉ်မှုက တကယ်ကို အပြစ်ကင်းစင်နေသလိုပင်။ 


သို့နှင့် သူတို့လည်း ဒီအတိုင်းပဲ ထွက်လာရတော့သည်။ ဆိုင်အပြင်ဘက်မှာ တစ်ပတ်ရစ်ကွန်ပြူတာ မော်နီတာ အများအပြား တင်ပို့နေတာကို တွေ့ခဲ့ရ၏။ ပစ္စည်းတွေကို အထဲမှာ ဝှက်ထပြီး သယ်ယူသွားမှာ​ဖြစ်ကြောင်း ဖန့်ကျစ်က ပြောပြသည်။ ထိုသို့သော ထုပ်ပိုးမှုကို ယေဘူယျအားဖြင့် စစ်ဆေးရေးဂိတ်များမှတဆင့် မတွေ့နိုင်ပေ။ ထိပ်ပြောင်းက သူတို့ရဲ့စက်ပစ္စည်းများကို ကျီလင်သို့ ဤနည်းဖြင့် ပို့ဆောင်မှာဖြစ်ကြောင်း ပြောခဲ့သည်။


ဖန့်ကျစ်က ဤနေရာတွင် ကျော်ကြားသူဖြစ်၏။ ညနေပိုင်းတွင် နှစ်ယောက်သား ချောင်ရှားက ဖက်ထုပ်စားရန် ထွက်လာခဲ့သည်။ ဝူရှဲ့လည်း ချောင်ရှားကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက် ပိုရောက်ဖူးတာကြောင့် သူ့အတွက် အသစ်အဆန်းတော့ မဟုတ်ချေ။ သူတို့စားပြီးနောက် ထိပ်ပြောင် သူတို့ကို ဒီနေ့ပေးခဲ့တဲ့ သတင်းအကြောင်း ဆွေးနွေးခဲ့ကြသည်။ ဖန့်ကျစ် အချိန်အတော်ကြာ တွေးပြီး ပြောလာ၏။


“တတိယသခင်လေး... ကျွန်တော်ဒါကို တွေးပြီးရင် တစ်ခုခုကို ခံစားမိလာတယ်... သခင်လေး ရှီးရှားကိုသွားတုန်းက သခင်​လေးအတွက် ပြင်ဆင်​ပေးတဲ့ ကုမ္ပဏီက သံသယဖြစ်စရာ ကောင်းတယ်လို့ ပြောသင့်လား? သခင်လေး ပြောကြည့်... သူတို့တွေက သခင်သုံးပြောတဲ့ လူအုပ်စုများလား?"


"ဒီကိစ္စကို ကျွန်တော် တွေးနေတာကြာပြီ... ဒါပေမဲ့ ပြဿနာက ကုမ္ပဏီနဲ့ မဟုတ်ဘူး ကုမ္ပဏီနောက်ကွယ်က လူတွေနဲ့ ဖြစ်နေတာလို့ ကျွန်တော် ထင်တယ်... အဲဒါကို မစဉ်းစားနေတော့နဲ့ ဘာပဲပြောပြော ကျွန်တော်တို့ အဲဒီကို ရောက်တဲ့အခါ အဆင်မပြေရင် သူတို့ကို သွားမရှာဘူး... သူတို့ဘာသာ ကျွန်တော်တို့ဆီ လာလိမ့်မယ် အဓိကက အဲဒီအစ်ကိုချူက စိတ်ချရလား ဆိုတာပဲ!"


ဖန့်ကျစ်က "တတိယသခင်လေး ကျွန်တော်က စစ်သားတစ်ယောက် ဖြစ်တယ်ဆိုတဲ့ အချက်ကိုပဲ မကြည့်နဲ့... ကျွန်တော်လူတွေကို အကဲဖြတ်တာ အရမ်းကောင်းတယ် ဒီလူအတွက်တော့ သခင်လေး သေချာပေါက် စိတ်ချနိုင်တယ်... ကျွန်တော် စိတ်ပူတာက အဲဒီလူက ပြောတဲ့ လူငါးယောက်ပဲ... ကျန်တဲ့ သုံးယောက်က ဘယ်သူတွေပါလိမ့်?”


"ဦးလေးသုံးရဲ့ အစီအစဉ်က ဘယ်တော့မှ မမှားတတ်ဘူး" 


ဝူရှဲ့ ပြောလိုက်ပေမယ့် ဖန့်ကျစ်က ခေါင်းယမ်းပြီး ပြောလာသည်။


"ပြောရခက်တယ်... သခင်သုံး လူတွေကို တစ်နှစ်မှာ 365 ရက် ကြည့်ရတယ်လို့ မကြာခဏပြောလေ့ရှိတယ်...လူ့စိတ်ကို တစ်ရက်တည်းနဲ့ မကြည့်ရဘူးတဲ့... လူတွေက ပြောင်းလဲလွယ်တယ်... မတွေ့ရတာ တစ်ပတ်လောက် ရှိတဲ့လူက ပြန်တွေးရင် မင်းကို ဒုက္ခပေးမယ်လို့ တွေးထားပြီးသား... အထူးသဖြင့် ကျွန်​တော်တို့အလုပ်က ပညာမတတ်တဲ့သူတွေကို ပြောရမယ်ဆိုရင် သူတို့လက်ထဲမှာ အသက်အကြွေး နည်းနည်းမှ မရှိဘူး ရက်စက်ကြမ်းကြုတ်တဲ့ နှလုံးသားကို မြေကြီးထဲမှာ မြှုပ်နှံထားပြီးသား... သူတို့ဆီ သခင်သုံး ပြန်မလာတာ ကြာပြီ အဲဒီလူတွေရဲ့ နှလုံးသားတွေ ပြောင်းလဲသွားမှာ သေချာတယ်”


'ခင်ဗျားရဲ့ တောင်းဆိုချက်တွေက အရမ်းများနေရင်လည်း အဆင်ပြေတယ်.. ကျွန်တော်တို့ အဲဒါကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားကြည့်တာပေါ့'


ဝူရှဲ့ အသာလေး ဆိုလိုက်သည်။ 


ညဘက် လမ်းပေါ်မှာ ပိုအေးလာတာကြောင့် စားပြီးတာနဲ့ စကားမပြောဘဲ ဖန့်ကျစ်နေထိုင်တဲ့ အိမ်ဆီ ပြန်သွားလိုက်ကြသည်။ နောက်တစ်နေ့ မနက်စာ စားပြီးတာနဲ့ ထိပ်ပြောင်ရဲ့ကားက သူတို့ကို လာကြိုသည်။ အဝေးကနေ ခရီးဆောင်အိတ်ကို သယ်လာရင်း ကားထဲကို လှမ်းကြည့်လိုက်တော့ ထိုင်ခုံမှာ တစ်ယောက်ယောက်က ထိုင်နှင့်နေပြီဆိုတာ တွေ့လိုက်ရ​တော့၏​။


အနီးကပ် လေ့လာကြည့်တော့ သူက အဘိုးကြီးတစ်ယောက် ဆိုတာ တွေ့လိုက်ရသည်။ ဝူရှဲ့မှာ သူ့အတွက် ထိုလူက တစ်နေရာရာမှာ မြင်ဖူး​နေသလိုမျိုး အရမ်းရင်းနှီးနေပုံရပြီး သိပ်မကြာသေးခင်ကမှ တွေ့ထားသလိုမျိုးလည်း ခံစားနေရသည်။ 


ဝူရှဲ့လည်း သိပ်ဂရုမစိုက်​တော့ချေ။ ဖန့်ကျစ်နဲ့ နောက်ပြောင်ရင်း လမ်းလျှောက်ခဲ့ရာ နီးကပ်လာတဲ့အခါ ရုတ်တရက် စိတ်ရှုပ်သွားပေသည်။ တစ်ဖက်လူက ဟန်ကျိုးမြို့ရှိ ဒုတိယဦးလေး၏ လက်ဖက်ရည်ဆိုင်တွင် တွေ့ခဲ့သည့် ချန်ဖီအားစစ်ပဲ ဖြစ်နေသည်။ သူ့ရဲ့ အသွင်အပြင်နှင့် ထူးထူးဆန်းဆန်း ၀တ်စားဆင်ယင်မှုဖြင့် အကဲဖြတ်ရလျှင် ထိုအဘိုးအိုဆိုတာ သေချာသည်။ 


ဝူရှဲ့မှာ ပါးစပ်ဟောင်းလောင်းနှင့် လည်ပင်းတွေလည်း တောင့်တင်းလုနီးပါး ဖြစ်နေပါပြီလို့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိသည်။ သူက ကားထဲမှာ ထိုင်နေပြီး ဘာလုပ်​နေတာလဲ။ ဒီအဘိုးကြီးက ငါးယောက်ထဲက တစ်ယောက် ဖြစ်နိုင်ပါ့မလား။ ဒီလောက်ထိ မဖြစ်နိုင်ဘူးလားလို့လေ။


ဖန့်ကျစ်လည်း ဒါကိုမြင်တော့ တီးတိုး ရေရွတ်ပြီး အံ့သြသွားခဲ့သည်။ 


ထိပ်ပြောင်က သူတို့ကို အမြန်တက်ခိုင်းနေရာ နှစ်ယောက်သား စိတ်ရှုပ်စွာနဲ့ ကားပေါ်တက်သွားရ၏။ ဖန့်ကျစ်က ချန်ဖီအားစစ်ကို သိပြီး နှုတ်ဆက်လိုက်သည်။ အဘိုးအိုက မျက်လုံးမှိတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ဖန့်ကျစ် ချက်ချင်းပင် ကားမောင်းနေသော ထိပ်ပြောင်ကြီးဆီသို့ လှည့်ကြည့်လိုက်ကာ အံကိုကြိတ်ရင်း 'ဘယ်လိုဖြစ်ရတာလဲ' လို့ မေးလိုက်သည်။


ထိပ်ပြောင်သည် ကူကယ်ရာမဲ့စွာ ပြုံး​ပြပြီး သခင်သုံးက သူ့ဘာသာ ဘယ်လို စီစဉ်ထားတယ် ဆိုတာကို မသိကြောင်း သူ့ပါးစပ်ပုံစံဖြင့် ပြန်ဖြေ​လေသည်။


ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီလူကြီးက မျက်ကန်း မဟုတ်ဘူးလား။ ထိုလူက သူနဲ့ဖန့်ကျစ်ထက်လည်း အသက်ကြီးနေတာကို သူတို့နဲ့ လာပေါင်းနေတယ်။ ဦးလေးသုံး တကယ်ပဲ ဘယ်လို​တွေ ကစား​​နေတာလဲ။


စိုးရိမ်တကြီးနဲ့ ရထားဘူတာကို ရောက်အထိ စိတ်ထဲမှာ တွေးနေမိတုန်းပင်။ ဦးလေးသုံး စီစဉ်ပေးတဲ့သူက အသက် ၁၀၀ နီးပါးရှိတဲ့ အဘိုးကြီးပဲ။ ဒုတိယလူက ဘယ်လို​ဖြစ်မလဲ ဆိုတာ ခန့်မှန်းရခက်တယ်။ အာမခံချက်ကလည်း မရှိဘူး။ ဗိုက်ကြီး​နေတဲ့ ကိုယ်ဝန်ဆောင်လား ဒါမှမဟုတ် ဘီးတပ်ကုလားထိုင်နဲ့ မသန်မစွမ်း ဖြစ်နေသူ တစ်ယောက်လား။ 


ဦးလေးသုံးကတော့ သူတို့အချစ်ကို စမ်းသပ်ချင်သလားပင် မသိတော့ချေ။


ချန်ဖီအားစစ်က အရမ်းသန်မာပြီး သူ့နောက်ကျောကို လက်နဲ့ထိန်းကိုင်ပြီး ကားထဲက ထွက်လာခဲ့သည်။ ထိပ်ပြောင်က သူ့ကို အလွန်လေးစားပြီး ခရီးဆောင်အိတ်ကိုပင် ကူသယ်ပေး​လေသည်။ သူတို့အတွက် ပိုမိုလွယ်ကူစေရန်အတွက် အတော်လေး ညံ့ဖျင်းသော အိပ်ကုတင်ပါတဲ့ အခန်းကို ရွေးချယ်ခဲ့သည်။ အခန်းတစ်ခန်းမှာ လူခြောက်ယောက် အိပ်နိုင်ပြီး ကုတင်ပေါ်တွင် ခရီးဆောင်အိတ် ထားရန်အတွက် နေရာအလုံအလောက် ရှိသည်။


သူတို့အခန်းထဲ ရောက်ပြီး အထဲကို ကြည့်လိုက်တော့ ခေါက်ဆွဲခြောက်စားနေတဲ့ ဖက်တီးတစ်ယောက်ကို အရင်ဆုံး တွေ့လို​က်ရလေ၏။ သူက မျက်ခုံးပင့်ပြီး အံ့သြတကြီးနဲ့ ဆိုလာသည်။ 


“ဟေး မင်းပဲလား?”


ဝူရှဲ့ ရုတ်တရက် ခေါင်းကိုက်သွားပြီး နှလုံးခုန်သံလည်း ခုန်တက်သွားသည်။ ဦးလေးသုံးက ဘာကြောင့် သူ့ကို ရှာတွေ့ခဲ့တာလဲလို့ တွေးတောရင်းနဲ့ ဆွံ့အသွားသည်။ ဧကန္တ အရင်ကတည်းက အဖွဲ့ထဲမှာ ရှိနေခဲ့တာ ဖြစ်နိုင်မလား။ ဝူရှဲ့ ချက်ချင်းပဲ အပေါ်ထပ်ကို လှည့်ကြည့်လိုက်တော့ ဘာမှမထူးခြားတဲ့ ပုံစံနဲ့ မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေလေ၏။ 


သို့မှသာ ဝူရှဲ့ သက်ပြင်းချလိုက်မိသည်။ မျက်နှာသေကတော့ ဝူရှဲ့ကို တစ်ချက်ကြည့်ပြီးနောက် သူ့မျက်လုံးတွေကို မှိတ်ထားလျက် နောက်လှည့်ပြီး ​ပြန်အိပ်ပျော်သွားတော့သည်။