ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ပထမပိုင်း)
Chapter (51)
အကြပ်အတည်း
ဝူရှဲ့မြင်းကို ရှေ့အထိစီးလာပြီး ဖက်တီးညွှန်ပြတဲ့ လမ်းကြောင်းကို လှမ်းကြည့်လိုက်သည်။ ခပ်ကျဲကျဲ သစ်ပင်တွေကြားက ရေကန်အောက်မှာ လူသုံးဆယ်နဲ့ မြင်းငါးဆယ်ကျော်လောက် စည်ကားနေတာကို တွေ့လိုက်ရ၏။ ဒါက အရမ်းကြီးတဲ့ မြင်းစီးတပ်အဖွဲ့အလာ။
အဲဒီလူတွေက ရေကန်ဘေးမှာ ရွက်ဖျင်တဲတွေ ဆောက်ပြီး ရေကန်ဘေးမှာ တစ်ညတာ အိပ်ချင်နေပုံပေါ်သည်။ အဲဒီအထဲမှာ အမျိုးသမီးတစ်ဦးဟာ ရေဒါနဲ့တူတဲ့ အမှားရှာစက်ကို ဖွင့်နေတာကြောင့် မှန်ပြောင်းကို လှည့်ကြည့်လိုက်တော့ ထိုအမျိုးသမီးက ဟိုင်နန်မှာတုန်းက တွေ့ခဲ့တဲ့ အားနင်မှလွဲ၍ တခြားလူ မဟုတ်ချေ။
ဝူရှဲ့ ကျိန်ဆဲပြီး ဒီမိန်းမကလည်း ဒီကိုလာခဲ့တာလားလို့ တွေးလိုက်မိသည်။ ဆိုလိုတာက သူတို့ကောက်ချက်ချထားတာက မှန်တယ်၊ ဆိုလိုတာက ဦးလေးသုံး နှောင့်နှေးစေချင်တဲ့ လူတွေက ဒီအဖွဲ့ ပဲ ဖြစ်နိုင်တယ်။
ဘုန်းကြီးဟွာ (ခေါ်) ဟွာဟဲရှောင့်လည်း အောက်တပ်သားတွေကို မြင်တော့ သူ့အမူအရာ ပြောင်းသွားပြီး ချန်ဖီအားစစ်ကို ဘာလုပ်ရမလဲ တိုးတိုးလေး မေးလိုက်တာကို တွေးလိုက်သည်။
ချန်ဖီအားစစ်က သူတို့ကို ကြည့်ရင်း မထီမဲ့မြင် ပြုံးလျက်။
"လာတော့ ကောင်းတာပေါ့... ငါတို့လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ အဓိပ္ပာယ် ရသွားပြီ... ဆက်သွား သူတို့ကို လျစ်လျူရှုထားလိုက်"
အဝေးကြည့်မှန်ပြောင်း ယူ၍ တစ်ကြိမ်ပြီးတစ်ကြိမ် ကြည့်သော်လည်း ဦးလေးသုံးကို မတွေ့ခဲ့ရပေ။ သို့သော် ဦးလေးသုံးသည် သူတို့လက်ထဲသို့ ကျရောက်သွားနိုင်သောကြောင့် သူ့တွင် လွတ်လပ်မှုများစွာ ရနိုင်ဖွယ် မရှိပေ။ ဒါကြောင့် တဲတစ်လုံးထဲမှာပဲ ရှိနေလောက်သည်။
ဝူရှဲ့အား စိတ်မသက်မသာ ဖြစ်စေသည့် အရာမှာ အောက်ဖက်ကလူ ထက်ဝက်နီးပါးသည် Type 56 ရိုင်ဖယ်များကို ကိုင်ဆောင်ထားကြခြင်းပင်။ ဂြိုလ်တုဖုန်းများနှင့် အဆင့်မြင့် ကိရိယာများစွာကိုလည်း မြင်တွေ့ရသေးသည်။ ဖက်တီးသည် ထိုသေနတ်ကို လောဘကြီးသော မျက်လုံးများဖြင့် ကြည့်ကာ ချန်ဖီအားစစ်အား
"ဟမ့်... သေနတ်လည်း မဝယ် ခဲယမ်းမီးကျောက်တွေလည်း မဝယ်... အခုလက်နက် ကိုင်လာတဲ့ လူတွေကို မြင်နေရပြီမလား ထိပ်တိုက်တွေ့တဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဟမ့် လက်သုတ်ပုဝါတွေနဲ့ ကောက်ရိုက်ရမှာလား?"
ချန်ဖီအားစစ်က ဖက်တီးကို တစ်ချက် ကြည့်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်း၍ ပြုံးပြုံးရွှင်ရွှင်နဲ့ပြောလေ၏။
"ငါတို့ လုပ်ငန်းမှာ လူအရေအတွက်ကို ဘယ်တော့မှ အားမကိုးဘူး... နှင်းမျဉ်းကို ဖြတ်ကျော်ပြီးတာနဲ့ မင်းငါ့နောက်ကို လိုက်နေရတဲ့ အကြောင်းကို သိလာလိမ့်မယ်"
သူတို့၏စကားဝိုင်းသည် ဒေသိယ ဘာသာစကားဖြင့်သာ ဖြစ်သည်။ တရုတ်စကား ကောင်းကောင်း မပြောတတ်သည့် ရွှင့်ကျစ်က ၎င်းကိုကောင်းစွာ နားမလည်နိုင်ပေ။ သို့သော် သူသည်နှစ်ပေါင်းများစွာ လမ်းပြလုပ်ခဲ့ပြီး ဧည့်သည်များ ပြောနေတာကို နားမထောင်သင့်ကြောင်းကိုလည်း သူသိသည်။ အရမ်းနားထောင်ရင် နှုတ်ဆိတ်သွားရတတ်တယ်လေ။
“အမိမြေသည် မြင့်မြတ်ပြီး ချိုးဖောက်၍မရ” ဟူသော ဆောင်ပုဒ်ဖြင့် သူတို့၏ရှေ့တွင် ပျက်စီးနေသော သစ်သားအိမ်များနှင့် ကြေးနန်းတံခါးအချို့ကို မတွေ့မချင်း လမ်းလျှောက်လာခဲ့ကြသည်။
ရွှင့်ကျစ်က ဤနေရာသည် နှင်းတောင်တန်း စစ်ပွဲအတွက် ထောက်ပံ့ရေးစခန်း ဖြစ်ခဲ့ကြောင်း သူတို့အား ပြောပြခဲ့သည်။ ဘက်စုံဆွေးနွေးပွဲများ အပြီးတွင် ဤနေရာက ကင်းစခန်းများကို နေရာအမျိုးမျိုးသို့ ရွှေ့ပြောင်းခဲ့ပြီး ဤနေရာသည်လည်း လူသူကင်းမဲ့သွားခဲ့သည်။ တကယ်လို့ ဆက်တက်မယ်ဆိုရင် အချိန်ကျရင် စမ်းကြည့်ဖို့ အခွင့်အရေး ရလာလိမ့်မယ်လို့ ရွှင့်ကျစ်က ဆို၏။
အဲဒီညမှာ သူတို့ ဘာမှပြောစရာ မရှိတာကြောင့် ဒီမှာပဲ တစ်ညအိပ်ပြီး ခရီးဆက်ဖို့ နောက်တစ်နေ့ မနက်စောစော၌ အိပ်ရာထခဲ့သည်။ ခရီးသည်အနည်းငယ်သာ အလုပ်ကြိုးစားတဲ့အတွက် ရွှင့်ကျစ်မှာ ထူးဆန်းတယ်လို့ တွေးခဲ့ပေမယ့် တခြားသူတွေဆီက ပိုက်ဆံကို လွတ်လွတ်လပ်လပ် လက်ခံနိုင်ခဲ့တာကြောင့် လျစ်လျူရှုလိုက်သည်။
အိပ်ရာထချိန်မှာ ဆီးနှင်းတွေက စတင်ကျဆင်းလာပြီမို့ အပူချိန်ကလည်း သိသိသာသာ ကျဆင်းလာသည်။ တောင်ဘက်မှာ နေထိုင်တဲ့ လူအနည်းငယ်ကတော့ ဒီလိုရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ကြပါ၏။ ဖက်တီးနဲ့ ယဲ့ချန်ကလွဲရင် ကျန်တဲ့လူတွေ အားလုံးက အေးခဲပြီး တောင့်တင်းနေကြသည်။
နှင်းမျဉ်းကို ဖြတ်ကျော်ပြီးတဲ့အခါ နောက်ဆုံးမှာတော့ ဆီးနှင်းတွေ ကျဲကျဲသွားပေမယ့် သစ်ပင်တွေက နည်းလာပြီး ကျောက်တုံးတွေလည်း ပိုများလာရာ ချန်ဖီအားစစ်က ဒီနေရာဟာ ဆောက်လုပ်ရေး ဒီပရောဂျက်ရဲ့ ဆောက်လုပ်မှုကြောင့် ချန်ခဲ့တဲ့ ခြေရာလက်ရာတွေလို့ ပြောပြလေသည်။
မွန်းတည့်အချိန်၌ သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ဖြူဖွေးနေပြီး မြေပြင်ပေါ်တွင် နှင်းများ ထူထပ်နေသဖြင့် သွားစရာလမ်း မရှိတော့ပေ။ လမ်းရှင်းရန် ရှေ့ကမြင်းကို ဦးဆောင်နေတဲ့ ရွှင့်ကျစ်အပေါ်မှာ မူတည်ကာ သွားနေကြသည်။ ထိုအချိန်၌ လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပြီး ရွှင့်ကျစ်က တိမ်တွေကို မော့ကြည့်လိုက်၏။ ထို့နောက် ဒီမှာခဏ နားကြမလားလို့ မေးလေသည်။ ဒီနေ့ လေပြင်းတွေ တိုက်နေတာကြောင့် နှင်းဖုံးနေတဲ့ တောင်တွေကို ခဏလောက် ကြည့်ရတာ ပျော်နိုင်ပေမယ့် အမြင့်ကိုတက်သွားရင် အန္တရာယ် ရှိလိမ့်မယ်ဟု ဆိုသည်။
ချန်ဖီအားစစ် ဒေါသထွက်သွားပေမယ့် လက်ကိုဝှေ့ယမ်းကာ ခေတ္တစောင့်ဆိုင်းရန် အချက်ပြလိုက်သည်။ ဝူရှဲ့တို့သည်လည်း အနားယူရန်ရပ်တန့်ကာ အစာအခဲများ စားရင်း ရှုခင်းကိုလှည့်ပတ်ကြည့်ရှုခဲ့ကြသည်။
ယခု သူတို့သည် နိမ့်ပါးသော တောင်ကုန်းတစ်ခုပေါ်တွင် ရောက်နေသဖြင့် လက်ရှိနေရာကနေ ဖြတ်သန်းသွားလာခဲ့သော ရှေးဦးတောအုပ်ကို လှမ်းမြင်နိုင်သည်။ ချန်ဖီအားစစ်သည် အဝေးကို လှမ်းကြည့်ပြီးနောက် ကြီးမားသော မုန်တိုင်းငယ်ကို လက်ညှိုးထိုးပြပြီး
“ရှေးခေတ်တုန်းက ဂူသင်္ချိုင်းတွေ၊ ဒေသထွက်ပစ္စည်းတွေကို များသောအားဖြင့် ဒီမှာ ဆောက်လုပ် အသုံးပြုကြတာ... အဲဒီသစ်တောကြီးကို ကြည့်လိုက်... ဒီသစ်တောကြီးရဲ့ ဘေးနားက သစ်တောဆို သိသိသာသာကို ရှင်းထွက်နေတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာကျော်က ခုတ်လှဲခံခဲ့ရတာ ဖြစ်မယ်...အဲဒါမျိုးက ခက်ခဲတဲ့ အတားအဆီးတွေ အနီးနားက ရှေးဟောင်း ပရောဂျက်ကြီးတွေ ရှိနိုင်မှသာ လုပ်ကြတာ... ဒီဒေသမှာရှိတဲ့ တောင်တွေကို ပြုပြင်ထားတယ် ဆိုရင်တော့ ငါတို့လမ်းကြောင်းက မှန်ကို ဆက်လျှောက်ပြီး တက်သွားရမယ်”
ယဲ့ချက "လောင်ရယ် (အဘိုးအို) ဒီတောင်တန်းမှာ တောင်ထွတ် တစ်ဒါဇင်ကျော်လောက် ရှိတယ်.... ကျွန်တော်တို့ ဒီကနေ တက်သွားတော့ရော အဲဒါနေရာကို ဘယ်လိုရှာမှာလဲ?"
ချန်ဖီအားစစ်က "လမ်းလျှောက်ရင်း ကြည့်သွားကြမယ်... နဂါးဦးခေါင်းရှိတဲ့ နေရာမှာ ထူးဆန်းတာ တစ်ခုတော့ ရှိရမှာပေါ့ မြေကြီးရဲ့ သွေးကြောတွေ ရပ်တန့်နေတဲ့ နေရာကတော့ နဂါးဂူပဲ...နဂါးအကြော တောင်တွေ အများကြီး ရှိတယ်ဆိုပေမယ့် ကမ္ဘာမြေကြီးကတော့ တစ်ခုပဲ ရှိတယ်လေ ငါတို့အခု ကမ္ဘာမြေကြီးရဲ့ သွေးကြောတွေအတိုင်း လျှောက်လှမ်းနေတာ... ဒါကြောင့် အဲဒီကို မရောက်နိုင်တော့မှာကို မကြောက်ပါနဲ့ အများဆုံး အချိန်နည်းနည်း ကုန်သွားတာပဲ ရှိမှာ"
ဝူရှဲ့ သူ့အကြည့်နောက်ကို လိုက်ကြည့်လိုက်တော့ သစ်ပင်အကွက်တွေချည်းပဲ မြင်လိုက်ရသည်။ ဘာထူးခြားမှုမှ မတွေ့ရတာကြောင့် မတတ်နိုင်ဘဲ တစ်ယောက်တည်း ရှက်သွားရ၏။
မျက်နှာသေကို လှည့်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက သူ့ရှေ့က နှင်းဖုံးနေတဲ့ တောင်တန်းတွေကိုပဲ ကြည့်နေတာ တွေ့လိုက်ရသည်။ သူ့မျက်ခုံးတွေက တစ်ခုခုကို စိတ်ပူနေသလိုမျိုး နည်းနည်းတော့ ရှုံ့တွနေသည်။ သူနဲ့ စကားပြောနေလည်း အလကားပဲမို့ ဖက်တီးနဲ့ စကားပြောဖို့ လှည့်ကြည့်လိုက်သည်။
ရွှင့်ကျစ်က သူတို့ ဆက်တက်ရမယ်လို့ ပြောရင်း သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်သည်။ သူတို့ မြင်းကို ထပ်မစီးနိုင်တော့ဘူးလို့ ပြောတယ်။ ဒါကြောင့် နှင်းထွန်ကို သုံးရမည်။ ချောင်ပိုင်တောင်ရဲ့ ဆောင်းရာသီက အမှန်ဆုံး သွားလာရေး အဆင်ပြေတဲ့ နေရာမို့ နှင်းမုန်တိုင်း လာတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေဆို မြင်းတွေကို အများအားဖြင့် အသုံးပြုကြသည်။ နှင်းထွန်သွားထားတဲ့ နေရာတိုင်းကို မြင်းက တက်နိုင်ပေမယ့် လေတိုက်လာတဲ့အခါ အားလုံးက ရွှင့်ကျစ်စကားကို နာခံကြရမှာ ဖြစ်ပြီး ပြန်လှည့်မယ်လို့ ပြန်လှည့်ရမယ် ကန့်ကွက်တာမျိုး မလုပ်ရပေ။
အားလုံးသဘောတူ ခေါင်းညိတ်ပြပြီး ခရီးဆောင်အိတ်တွေကို မြင်းပေါ်ကနေချကာ နှင်းလှည်းပေါ်တင်ကာ အဆင်သင့် ပြင်လိုက်ကြသည်။ ရွှင့်ကျစ်က လမ်းပြဖို့ နှင်တံမြှောက်ကာ အော်ဟစ်ပြီး သူတို့မြင်းတွေက အလိုအလျောက် နောက်က လိုက်သွားကြလေသည်။
နှင်းထွန်တုံးပေါ်မှာ စထိုင်တုန်းကတော့ ခွေးစလစ်ဆွဲသလိုမျိုး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ခံစားမိသေးသည်။ သို့သော် သိပ်မကြာခင်မှာပဲ လေပြင်းကြောင့်လား ဒါမှမဟုတ် ထွန်ယက်ရတာ ခက်လားလို့လာတော့ မသိ။ ခန္ဓာကိုယ်က အရမ်းအေးနေတော့ ဘာမှမခံစားမိတော့သလိုတောင် ဖြစ်လာသည်။
တောင်တန်းလမ်း ဖြစ်သောကြောင့် မြင်းမှာ တရွေ့ရွေ့သာ ပြေးနိုင်၏။ ဖက်တီးမှာ လေးလံလွန်းသဖြင့် ချော်လဲကာ ဆီးနှင်းထဲသို့ အကြိမ်များစွာ လဲကျသဖြင့် ခဏရပ်တန့်ကာ သူ့အား အကြိမ်ပေါင်းများစွာ စောင့်နေခဲ့ရသည်။
ကောင်းကင်က မီးခိုးရောင် သမ်းလာကာ လေက ပိုပြင်းလာတာမို့ မြင်းတွေလည်း တဖြေးဖြေးနဲ့သာ လျှောက်လာခဲ့နိုင်သည်။ လေပြင်းနေတော့ ရှေ့ကိုကြည့်ဖို့ မျက်မှန်တပ်ထားရသည်။ နေရာတိုင်းမှာ အဖြူရောင် နှင်းပွင့်လေးတွေသာ ရှိနေသည်။ ကောင်းကင်ကနေ ကျလာတာတွေလား နှင်းတွေဖုံးနေတဲ့ တောင်တွေပေါ်ကနေ လေမှုတ်ထုတ်လိုက်လို့ ကျဆင်းတာလားတော့ မသိပေမယ့် နားထဲမှာတော့ လေသံတွေနဲ့သာ ပြည့်နေသည်။ တစ်ခုခုပြောချင်လို့ ပါးစပ်ကို ဖွင့်လိုက်တော့ အေးတဲ့လေက တည့်တည့် တိုးဝင်လာ၏။ ဖက်တီးရဲ့ ကျိန်ဆဲနေကျ စကားကို ပြောချင်ပေမယ့် သူ့လည်ချောင်းထဲမှာ အေးခဲသွားသည်။
သူတို့ပြေးနေတုန်း ရွှင့်ကျစ်ရဲ့မြင်းက သူတို့ရှေ့မှာ ရပ်သွားခဲ့သည်။ တစ်ခုခု မှားနေပြီလို့ ယောင်ဝါးဝါး ခံစားလိုက်ရ၏။ အခုက နေ့လည်နှစ်နာရီပဲ ရှိသေးတာ။ ကောင်းကင်က ဘာလို့ မှုန်မှိုင်းနေပါလိမ့်။ သူတို့အားလုံး လေကိုတွန်းတိုက်ရင်း ရွှင့်ကျစ်ဆီကို ပြေးသွားကြသည်။ တစ်ဖက်ကလည်း ပတ်ဝန်းကျင်ကို စူးစမ်းနေ၏။ ရွှင့်ကျစ်ကို လှည့်ကြည့်လိုက်တော့ မျက်ခုံးတွေက သူ့နှာခေါင်းတွေထဲ ဝင်လုမတတ် တွန့်ချိုးနေလေသည်။
သူတို့လည်း သူ့ကို ဝိုင်းပြီး ဘာဖြစ်နေတာလဲလို့ မေးတော့ သူက သူ့လျှာကိုကိုက်ရင်း။
"လေက အရမ်းပြင်းတယ်... ဒီမှာ နှင်းမုန်တိုင်း ကျသွားပုံရတယ် မြေပုံသဏ္ဌာန်က မတူဘူး... ကျွန်တော်လည်း ဒီအနေအထားကို သိပ်မသိဘူး။ ရှေ့ကို ကြည့်လိုက်... တောင်ပေါ်က နှင်းတွေက အရမ်းနက်ပြီး လျော့ရဲလွန်းတယ်... တစ်ချက် ဆင်းလိုက်တာနဲ့ မြင်းရဲ့ ဝမ်းနားအထိတောင် ရောက်သွားနိုင်တယ်... ဒါကြောင့် မြင်းကတော့ ကျော်မသွားနိုင်တော့ဘူး။ မဟုတ်ရင် မြေပြိုတာတွေ အလွယ်တကူ ဖြစ်ပေါ်နိုင်ပြီး အရမ်းအန္တရာယ်များတယ် လမ်းလျှောက်သွားရင်လည်း အုပ်စုလိုက် သွားတာမျိုး လုပ်လို့မရဘူး"
"ဒါဆို ငါတို့ဘာလုပ်သင့်လဲ?"
ဖန့်ကျစ်က ကောင်းကင်ကို မော့ကြည့်ကာ
"ရာသီဥတုကို ကြည့်ရတာတော့ အဆင်မပြေတော့ဘူး... ပြန်သွားကြမလား?"
ရွှင့်ကျစ်က ကောင်းကင်ကို မော့ကြည့်ပြီးတော့ သူတို့ဘက်ကို စိုက်ကြည့်လာသည်။
"ကျွန်တော် သေချာ မပြောနိုင်ဘူး... ဒါပေမဲ့ လေတိုက်ရင် နှစ်ရက်နှစ်ညလောက်နဲ့ ရပ်မသွားဘူး... အဲ့ကျရင် ဒီနေရာမှာပဲ အဆုံးသတ်သွားလိမ့်မယ်... စွန့်ပစ်ထားတဲ့ အဆောက်အဦက ကျွန်တော်တို့နေရာနဲ့ ဝေးသေးတယ် နယ်ခြားစောင့်တပ်ကတော့ သိပ်မဝေးဘူး။ အဲဒီကိုရောက်တဲ့အခါ လေနဲ့ နှင်းတွေကို ခိုလို့ရတယ်... ပြန်ဖို့က အရမ်းနောက်ကျသွားပြီ ကျွန်တော်တို့ အဲဒီကို ခြေလျင်ခရီး သွားရတော့မယ်”
ဖက်တီးက သူ့ဦးထုပ်ကို ကိုင်ချလိုက်ပြီး တွေဝေစွာ ခြေလှမ်းတလှမ်း လှမ်းလိုက်သည်။ သို့သော် သူ့စကားသံသည် နှင်းထဲတွင် ဖုံးလွှမ်းသွားပြီး ပေါင်အထိ နစ်သွားရာ ရှေ့သို့ ခြေတစ်လှမ်းတိုးရာပင် အတော်လေး ခက်ခဲနေလေပြီ။
“အဖွားရေ..."
ဝူရှဲ့တို့ နှင်းဖိနပ်တွေစီးပြီး လေကို တွန်းလှန်ရင်းနဲ့ ဖက်တီးကို နှင်းတွေထဲက ခက်ခက်ခဲခဲ ဆွဲတင်လိုက်ကြသည်။ ဒီနေရာက လေဝင်လေထွက် အပေါက် နှစ်ဖက်စလုံးရဲ့ တောင်ကြောတွေ အလယ်မှာ ဖြစ်နေတာကြောင့် လေပြင်းတွေ အရမ်းထန်နေတာတော့ အံ့သြစရာ မဟုတ်ပေ။ နှင်းမှုန်တွေကလည်း အဆက်မပြတ် ကျဆင်းနေသည်။ လေတိုက်ရာကို လျှောက်သွားရင်း ချောမွေ့စွာနဲ့ ကင်းထောက်စခန်းကို တစ်နာရီအတွင်း ရောက်နိုင်တယ်ဆိုပေမယ့် သူတို့ လမ်းလျှောက်တာကပဲ နှေးနေတာလား ဒါမှမဟုတ် ရွှင့်ကျစ်ကပဲ သူတို့ကို မှားပြောမိတာလား မသိ။ ညနေ ခြောက်နာရီ ဝန်းကျင်လောက်အထိ ကင်းထောက်တိုင်ရဲ့ အရိပ်ကို မမြင်ရသေးပေ။
ရွှင့်ကျစ်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရင်း နားမလည်နိုင်သလို ပြန်တွေးနေပုံဖြင့် ငြိမ်သက်နေသည်။ ခဏကြာတော့ သူက ရုတ်တရက်။
"သွားပြီ... ကင်းတပ်စခန်း ဘယ်မှာလဲ ကျွန်တော်သိလိုက်ပြီ!"
သူတို့အားလုံး သူ့ပတ်ဝန်းကျင်မှာ စုဝေးနေကြပေမယ့် သူ့မျက်နှာက အလွန်ရုပ်ဆိုးနေတာကိုပဲ တွေ့လိုက်ရသည်။
"ဒါက နှင်းမုန်တိုင်းငယ်လို့ မထင်ဘူး... ကင်းထောက်တိုင်က နှင်းထဲမှာ မြုပ်နေလိမ့်မယ်.. အခု ကျွန်တော်တို့ ခြေထောက်အောက်မှာပဲ ရှိနေတာပဲ ကျွန်တော်တို့ ရှာမတွေ့တာ အံ့သြစရာတော့ မဟုတ်တော့ဘူး!"
ဖန့်ကျစ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့ပါးစပ်ပုံသဏ္ဌာန်ကို ကြည့်လိုက်ရင် ကျိန်ဆဲနေတယ်ဆိုတာ သိသာပေ၏။ ဖက်တီးက ထအော်ပြီး ရွှင့်ကျစ်အား မေးလိုက်သည်။
"ငါတို့ အခု ဘာလုပ်ရမလဲ? မြင်းတွေလည်း သွားပြီ ငါတို့ ဒီမှာ သေရတော့မှာလား?"
ရွှင့်ကျစ်က ရှေ့ကို လက်ညှိုးထိုးပြပြီး
"နောက်ဆုံးမျှော်လင့်ချက် တစ်ခုရှိတယ်
... အနီးအနားမှာ ရေပူစမ်းတစ်ခု ရှိတယ်ဆိုတာ ကျွန်တော် မှတ်မိတယ်။ အဲဒါက တောင်အိတ်ထဲမှာ ရှိပြီး အပူချိန်က အရမ်းမြင့်တယ်... အဲဒီကိုရောက်ပြီးရင် ကျွန်တော်တို့ရဲ့ ရိက္ခာတွေနဲ့ဆို ရက်အတော်ကြာအောင် နေနိုင်တယ် ရေပူစမ်းတွေက ဒီနေဏာထက် မြင့်တော့ နှင်းထဲမှာ မမြှုပ်သွားလောက်ဘူး။ တကယ် ရှာမတွေ့ရင်တော့ ခြေတစ်လှမ်းချင်း ပြန်လျှောက်ရမှာပဲ"
"သေချာလား?"
ဖက်တီး ရွှင့်ကျစ်ကို သိပ်မယုံကြည်တော့ပေ။
ရွှင့်ကျစ်က ခေါင်းညိတ်ပြီး "ဒီတစ်ခါတော့ မမှားနိုင်ဘူး ကျွန်တော်ရှာမတွေ့ခဲ့ရင် ခင်ဗျား ကျွန်တော့်ရဲ့ လုပ်ခလစာကို ဖြတ်နိုင်တယ်"
ဝူရှဲ့ စိတ်ထဲမှာ ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ မင်းလုပ်ခကို တကယ် ဖြတ်စေချင်နေတာ နောက်ဘဝအထိ ဒီအခွင့်အရေးကို မရမှာများ ကြောက်နေလို့လား။
အားလုံးက ဝမ်းနည်းနေကြသော်လည်း ရွှင့်ကျစ် နောက်ကနေ ဆက်လျှောက်လာခဲ့ကြသည်။ သူတို့ဆက်တဲ့အခါ ပိုပိုမှောင်လာတဲ့အတွက် ရွှင့်ကျစ်က ကြိုးကိုဆွဲယူပြီး တစ်ယောက်ကို တစ်ယောက် ကြိုးနဲ့ချည်လိုက်သည်။ ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းက အရမ်းနည်းလာတဲ့အတွက် ဘယ်သူ့ကိုမှ မမြင်ရတော့သလို ဘယ်သူ့ အော်ငေါက်သံကိုမှလည်း မကြားရတော့ချေ။
ဝူရှဲ့မှာ လမ်းလျှောက်လာရင်း သူ့မျက်လုံးတွေ ဝေဝါးလာပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ ရှေ့ကလူတွေက အဝေးကြီးကို လျှောက်သွားနေကြသလို နောက်ကလူတွေကလည်း နောက်မှာ ကျန်ခဲ့ရင်း တကောက်ကောက် လိုက်နေကြသလိုပင်။ တစ်ဖက်တစ်ချက်စီမှာ တစ်ယောက် နှစ်ယောက်ကိုတောင် မတွေ့ရတော့ပေ။ စိတ်ထဲမှာ နည်းနည်းတော့ သည်းမခံနိုင်တော့ဘဲ တောင်ပေါ်တက်ရင်း အမှားလုပ်မိလို့ ဒီမှာပဲ သေရတော့မှာလားလို့ တွေးမိလာသည်။
မဟုတ်ဘူး။ ရွှင့်ကျစ်က ခပ်မှန်မှန်လေး လမ်းလျှောက်နေတယ်။ ဝူရှဲ့ သူ့ကို မမြင်ရပေမယ့် ကြိုးရဲ့ ဦးတည်ရာက အရမ်းခိုင်မာတယ်လို့ ခံစားနေရတယ်။ သူကတော့ လေနဲ့ နှင်းတွေကို လိုက်ဖက်ညီစွာ တိုးဝင်ရင်း ထိုသူ့နောက်ကို လိုက်သွားတာ အဆင်ပြေလိမ့်မယ် ထင်ပါ၏။
ကိုယ့်ကိုယ်ကို နှစ်သိမ့်ရင်းနဲ့ ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။ ရုတ်တရက် နှင်းတွေနဲ့ မြူခိုးတွေကြားက သူရှေ့မှာ အရိပ်မည်းကြီးတစ်ခု ပေါ်လာတာကို တွေ့လိုက်ရသည်။ ဝူရှဲ့ စိတ်ရှုပ်ပြီး ဘယ်သူလဲဆိုတာ မမြင်နိုင်တော့ပေ။ ခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့ နောက်မှာတော့ ထိုအရိပ်မည်းကြီးက ရုတ်တရက် စောင်းသွားပြီး နှင်းထဲမှာ ပြုတ်ကျသွားတော့သည်။
ဝူရှဲ့ အမြန်ပြေးကြည့်လိုက်တော့ နှင်းထဲမှာ လဲကျနေတဲ့ ရွှင့်ကျစ်ကို တွေ့လိုက်ရသည်။ မျက်နှာသေက သူ့နောက်က လိုက်လာပြီး ရွှင့်ကျစ်ကို တွေ့တော့ အမြန်ဆွဲထူလိုက်သည်။ သူတို့နှစ်ယောက် သူ့ကို ကျောပေါ်တင်ပြီး တခြားသူတွေကို အရင်စုလာရအောင် ကြိုးကို တင်းကျပ်လိုက်သည်။
ဖက်တီးက ရွှင့်ကျစ်ကို မြင်သောအခါ အလွန်ထူးဆန်းသော အမူအရာဖြင့် ပြောဆိုဘေတော့၏။
"ဒီလမ်းပြက ဘယ်လိုကြီးလဲဟ? လမ်းကလည်း မသိဘူး။ အခုကျတော့လည်း ငါတို့ကမလဲရသေးဘူး သူကအရင် မူးလဲနေပြီ.. အခု ဘယ်လိုလုပ်တော့မလဲ"
ဖက်တီး ကျိန်ဆဲလိုက်တော့သည်။ နောက်တဖန် လေသည် သူ့စကားအလုံးစုံတို့ကို မှုတ်ထုတ်လိုက်သဖြင့် သူ့ခမျာ စကားဆက်မပြောနိုင်တော့ချေ။
လှည့်ကြည့်လိုက်တော့ ဘုရားရေ။ သူတို့ပတ်ဝန်းကျင်က အခြေအနေတွေက လုံးဝကို ထိန်းမရတော့ဘူး။ လေပြင်းတွေ သယ်ဆောင်လာတဲ့ နှင်းပွင့်တွေက ကျောက်ဆောင်တွေကို ရိုက်ခတ်နေပြီး ပတ်ပတ်လည်ကို လှည့်ပတ်နေသည်။ တစ်မီတာထက် ကျော်လွန်ပြီးရင် ဘာမှကို မမြင်ရတော့ဘူး။ သူတို့ဖြတ်လာခဲ့တဲ့ ခြေရာတွေကလည်း ရုတ်တရတ် လေတိုက်လို့ လွင့်ပါးလုနီးနီး ဖြစ်နေပြီ။ အရှေ့၊အနောက်နဲ့ တောင်၊ မြောက်က ဘယ်ဘက်အခြမ်းလဲ မပြောနိုင်တော့တဲ့အထိ လေပြင်းက ဖြတ်တိုက်နေရာ အားလုံး ခေါင်းတောင် မထောင်နိုင်တော့ပေ။ မတ်တပ်ရပ်လိုက်ရင်တောင် လူပါ လွင့်ပါသွားတော့မလိုပင်။
လူတိုင်း၏ မျက်နှာမှာ ဖြူဖျော့နေပြီး ချန်ဖီအားစစ်၏ မျက်လုံးများသည် မှုန်ဝါးနေပြီ။ အဘိုးအိုသည် အလွန်ဆိုးရွားသော ပတ်ဝန်းကျင်ထဲတွင် အသိစိတ် တစ်ပိုင်းရောက်ရှိသွားပုံ ရသည်။ ရွှင့်ကျစ် လဲကျသွားတာကိုပင် ဒေါသမထွက်နိုင်တော့ချေ။
ဖန့်ကျစ်က ပြောလာသည်။
"ငါတို့ဒီအတိုင်း ရပ်ပြီး သေခြင်းတရားကို စောင့်မျှော်နေလို့ မရဘူး... ရေပူစမ်းက အနီးအနားမှာ ရှိနေနိုင်ပါတယ်.. ကြိုးကို ဆန့်ပြီး ရှာဖို့ ဖြန့်ထားရအောင် အဲဒါကို တွေ့တဲ့အခါ အချက်ပြတဲ့အနေနဲ့ ကြိုးကို ဆွဲလှုပ်ကြမယ်"
သူတို့အားလုံး စတင် လှုပ်ရှားကြသည်။ ဝူရှဲ့မှာ သူဘယ်အရပ်ကို ရွေးချယ်ခဲ့မိလဲပင် မသိ။ လမ်းလျှောက်ရင်း လမ်းလျှောက်ရင်း ခြေလက်တွေကနေ တစ်ကိုယ်လုံး ထုံကျင်လာသလိုသာ ခံစားလိုက်ရသည်။
နှင်းတွေထူထပ်တဲ့ တောင်တွေပေါ်မှာဆို လူတွေက ပိုပိုပြီး အိပ်ငိုက်လာလိမ့်မယ်လို့ ပြောကြတဲ့ ရုပ်ရှင် တော်တော်များများကို ဝူရှဲ့ ကြည့်ဖူးပါ၏။ အိပ်ပျော်သွားရင် ဘယ်တော့မှ နိုးမှာ မဟုတ်ပါဘူး။ အတွေး ပုံရိပ်ယောင်ထဲမှာ အိပ်ယာနွေးနွေးနဲ့ စားစရာတွေတောင် ရှိနေသေးသည်။
ဝူရှဲ့မှာ ကိုယ့်ကိုယ်ကို သတိပေးဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် လုံးဝ မထိန်းနိုင်ဘဲ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မျက်ခွံတွေက ခဲတစ်လုံးလို ကျဆင်းလာခဲ့သည်။
ဝူရှဲ့တစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ ဖက်တီးရဲ့ ဆူဆူညံညံ အော်သံကို ရုတ်တရက် ကြားလိုက်ရလေ၏။ လေပြင်းပြင်းနဲ့မို့ သူဘာပြောနေလဲ မကြားရပေ။ ပြန်ကြည့်လိုက်တော့ သူ့အရိပ်ဟာ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားတာကိုပဲ တွေ့လိုက်ရသည်။ မျက်နှာသေလည်း ချက်ချင်း လှည့်ကြည့်လိုက်ရင်း ကြိုးကို ရုတ်တရက် ဆွဲလိုက်ပြီးနောက် မျက်နှာအရောင်က ပြောင်းသွားကာ အော်လိုက်သည်။
"မကောင်းတော့ဘူး ကြိုးကိုဖြုတ်လိုက်... တစ်ယောက်ယောက် နှင်းတွင်းထဲကျသွားပြီ!!"
သူစကားမဆုံးခင်မှာ သူ့ခြေဖဝါးအောက်က နှင်းတွေ ရုတ်တရက် ပြိုကျသွားပြီး တစ်ကိုယ်လုံးကို ကြိုးနဲ့ဆွဲချလိုက်သလို ပါသွားလေသည်။ သူ့အနီးဆုံးက ဝူရှဲ့လည်း နောက်က လိုက်ပါသွားလေ၏။
သူတို့သည် စပျစ်သီးစည်းကြီးလို ဖက်တီးဆိုတဲ့ လူဆီကနေ ဆွဲခေါ်သွားတာ ခံလိုက်ရပြီ။ နှင်းထဲသို့ ဆွဲချခံလိုက်ရကာ ဘယ်လောက်ကြာအောင် လှည့်ပတ်သွားမှန်းတောင် မသိတော့ချေ။
မျက်လုံးတွေက နှင်းတွေသာ ပြည့်နေပြီး လုံးဝ မဖွင့်နိုင်ဘဲ ဖန့်ကျစ်က မလှုပ်ဖို့ပြောနေတာကိုတောင် ကြားလိုက်ရုံပဲ ကြားလိုက်သည်။ သူက ကြိုးအမြီးပိုင်းက တစ်ယောက် ဖြစ်တာကြောင့် သူအရင်ဆုံး ဆင်းပြီးမှ ဆက်ပြောမယ်လို့ ဆို၏။
အဲဒီအချိန်မှာပဲ ယဲ့ချန်က
"ခဏနေဦး ခဏနေဦး...အရူးကောင် အဲဒီ့ကို မသွားနဲ့.... နှင်းထဲမှာ ဘာကြီးလဲ?"