(52)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ပထမပိုင်း)


Chapter (52)

ကင်းခြေများနဂါး



ဝူရှဲ့ သူ့မျက်လုံးထဲက နှင်းစက်တွေကို သုတ်လိုက်သည်။ ခဏလောက်အထိ သူ့မှာ​ဘယ်ရောက်နေမှန်း မသိပေ။ သူ့ကျောပေါ်က ချွန်ထက်တဲ့ ကျောက်တုံး အရသာကို ခံစားလိုက်ရပြီး ယဲ့ချန်ကတော့ သူ့အောက်ကနေ အော်ဟစ်နေသည်။ 


ဝူရှဲ့လည်း ငြိမ်သက်သွားပြီး ယဲ့ချန် ကြောက်​နေတဲ့အရာကို မြင်အောင် မသိစိတ်ကနေ လှမ်းကြည့်လိုက်သည်။ သေသေချာချာ ငုံ့ကြည့်လိုက်တော့ သူတို့နေတဲ့ မတ်စောက်တဲ့ ကျောက်ဆောင်ကုန်းစောင်း တစ်ခုပေါ်မှာ ရောက်နေကြ၏။ ကုန်းစောင်းရဲ့ အောက်ခြေနဲ့က ငါးမီတာ ခြောက်မီတာအကွာမှာ ရှိနေသေးကာ ခါးမှာရှိတဲ့ ကြိုးက ကျောက်ဆောင်ထောင့်မှာ ချိတ်ဆွဲထားတာ တွေ့လိုက်ရသည်။ တိုက်ရိုက် မလိမ့်ဆင်းသွားဘဲ လျှောစောက်အောက်ခြေမှာ နှင်းတွေနဲ့ ပြည့်နှက်နေပြီး လျှောကျနေတဲ့ ကျောက်တုံးတွေလည်း ရှိနေသည်။ အနက်ရောင်နဲ့ သွယ်လျတဲ့ ခြေသည်းပေါင်းများစွာကို နှင်းထုထဲမှာ ဖုံးအုပ်ထားလေသည်။ 


ဝူရှဲ့ အသက်ရှူကျပ်သွားသလို မသိစိတ်ကလည်း သူ့နောက်ကျောကို ကျောက်တုံးနဲ့ ဖိမိသွားသည်။ ဝူရှဲ့ လက်တွေနဲ့ ယှက်ထုတ်ကြည့်လိုက်တော့ နှင်းထဲမှာ တစ်ခုခုပေါ်လာပြီး ​ရေပုံး​လောက်ထူတဲ့ အနက်ရောင်ကို ချိတ်ပုံသဏ္ဌာန် ကိုယ်ထည်ကို ဖုံးအုပ်ထားတဲ့ အရာတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းက အကြေးခွံတချို့ကို နှင်းထဲတွင် ဝှက်ထားပြီး တချို့မှာ နှင်းအပြင်ဘက်တွင် ပေါက်ထွက်နေသည်။ ပထမတစ်ချက်တွင် ၎င်းတို့သည် ဆောင်းခိုနေသော မြွေများဟု ထင်မြင်မိသော်လည်း အနီးကပ်စစ်ဆေးကြည့်သောအခါတွင် ၎င်းတို့သည် ကင်းခြေများကဲ့သို့ ဖြစ်နေသည်။


ဤအရာသည် ကျောက်တုံးနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး မလှုပ်မယှက် ဖြစ်နေသည်။ သေသလား ရှင်သလားမသိ ခေါင်းနဲ့အမြီးကိုလည်း မမြင်ရသလို ဘယ်လောက်ရှည်သလဲလည်း မသိရချေ။ ဝူရှဲ့စိတ်ထဲ ထူးဆန်းသွားသည်။ ဒီနေရာမှာ နှင်းမျဉ်းရဲ့ အထက်မှာ ရှိနေပြီလို့ တွေးမိတာကြောင့် သက်ရှိ သတ္တဝါလည်း အနည်းငယ်သာ ရှိနိုင်တော့တယ်​လေ။ ဒါက ဘယ်လို သတ္တဝါမျိုးလဲ။


ဖန့်ကျစ်က အောက်သို့ဆင်းရန် တွန်းအားပေးသော်လည်း ယဲ့ချန် ဆက်လက် အော်ငေါက်နေခဲ့သည်။ ဖက်တီးလည်း အောက်ခြေတွင် ရှိနေတဲ့ အရာကို မြင်လိုက်ရ​လေသည်။ သူက သူ့ဘေးနားက နှင်းခဲတစ်ဆုပ်ကို ပြုလုပ်ပြီး ယဲ့ချန်ရဲ့ ခေါင်းအနောက်ဘက်ကို တည့်တည့်မတ်မတ် ပစ်ထည့်လိုက်ပြီး တိုးတိုးလေး ကျိန်ဆဲလိုက်သည်။  


"မင်းအသံကို တိုးစမ်းပါဟ!! သူ့ကို နိုး​သွားစေချင်​နေတာလား?!"


ဝူရှဲ့ ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်တော့ သူတို့လက်ရှိရောက်နေတဲ့ နေရာက နှင်းပြိုကျမှုတွေကြောင့် နှင်းတွေ ပြည့်နှက်နေတဲ့ ချိုင့်ငယ်တစ်ခု ဖြစ်နိုင်သည်။ ဒါပေမဲ့ ဒီမှာ ကျောက်တုံးတွေက အရမ်းရှုပ်ပွနေကာ လေပူဖောင်းတွေ အငွေ့အသက်တွေလည်း အများကြီး ထွက်လာနေသည်။ ဖက်တီး အဲဒီနားကို လျှောက်သွားပြီး ပြိုကျပျက်စီးလွယ်တဲ့ နှင်းအလွှာကို ကျိုးသွားအောင် သံကြိုးနဲ့ ခွဲချလိုက်သည်။ တုံ့ပြန်မှုကတော့ နှင်းအလွှာကြီး ရုတ်တရက် ပြိုကျသွားတာကြောင့် သူတို့အားလုံး ဖက်တီးနောက်ကို ပါသွားကြတော့သည်။


အပေါ်က ဆီးနှင်းတွေက ပြိုကျနေဆဲပင်။ ဒီလိုပြိုကျပြီး အကြိမ်များစွာမှာ ပတ်ဝန်းကျင်က ဆီးနှင်းတွေဟာ သဲသဲတွေလို စုစည်းပြီး ပြိုကျနေတဲ့ နေရာကို ပြန်လည် မြှုပ်နှံသွားမှာပဲ။ ဒီဖြစ်စဉ်က အလွန်မြန်ဆန်ပါ၏။ ဒါကြောင့် တောင်မြင့်လေ့လာရေး အဖွဲ့အများအပြားသည် ထိုသို့သော အခြေအနေမျိုးတွင် အညစ်အကြေးဒဏ်ကို ခံရပြီး အဖွဲ့တစ်ခုလုံးသည် စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားကြသည်။


ကံကောင်း ထောက်မစွာနဲ့ ယခုတစ်ကြိမ်တွင် အစွန်းရှိနှင်းများသည် အတော်အတန်သာ ပြင်းထန်နေသေးသည်။ သူတို့သည် ကြိုးများဖြင့် ချည်နှောင်ထားပြီး တစ်​ယောက်ပြီး တစ်ယောက် ဆွဲချလိုက်ခြင်းကြောင့် ဖြစ်နိုင်သည်။ ပတ်ဝန်းကျင်ရှိ ဆီးနှင်းများ ပြန့်ကျဲသွားကာ တစ်စိတ်တစ်ပိုင်းလုံး ပြိုကျမသွားခဲ့ပေ။


ဒီဘက်ခြမ်းက လေက အပေါ်ကထက် သိသိသာသာ ပေါ့ပါးပြီး အရင်ကလောက် မအေးတော့ပေ။ ဒါကြောင့် အသက်အနည်းငယ် ရှူနိုင်၏။ ဝူရှဲ့ ဂရုတစိုက် ထထိုင်ပြီး ခြေလှမ်းအနည်းငယ် ရွှေ့ကြည့်လိုက်သည်။ ဒီနေရာက အလွန်မတ်စောက်ပေမဲ့ တောင်စောင်းရဲ့ မျက်နှာပြင်ဟာ ကျောက်စရစ်တွေနဲ့ ဖုံးလွှမ်းနေ၏။ တချို့ကဆို ထရပ်ကားတစ်စီးရဲ့ အရှေ့ပိုင်း နေရာလောက်ကို ကြီးကာ အချို့မှာလည်း စားပွဲတင် တင်းနစ်ဘောလုံးလောက်သာ ကြီးမား၍ တောင်တက်ခြင်းက အလွန်အဆင်ပြေပြီး အတက်အဆင်း သိပ်မခက်ခဲချေ။ 


ဖန့်ကျစ်နဲ့ မျက်နှာသေတို့က ကြိုးကို ဖြည်ပြီးသား ဖြစ်သည်။ သူတို့သည် အောက်ခြေနှင့် မနီးမဝေးတွင် နှင်းများနှင့်အတူ ခုန်ဆင်းကာ တောင်စောင်း၏ အောက်ခြေသို့ လှိမ့်ချသွားကြသည်။


လူနှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် တက်လာပြီး အနက်ရောင် အရာကို တစ်ယောက်ပြီး တစ်ယောက် ထိကိုင်လိုက်စဥ် တခြားလူတွေမှာ ရုတ်​တရက်​ နှလုံးသား​တွေ လည်​မျိုထဲအထိ ခုန်​တက်​သွားတော့မလို ခံစားလိုက်ရသည်။ 


ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မျက်နှာသေနဲ့ ဖန့်ကျစ်တိ့ နှစ်ယောက်လုံး မတ်မတ်ရပ်ကာ သိသိသာသာပင် ငြိမ်သက်သွားကြသည်။ ဖန့်ကျစ်က မျက်နှာသေကို ကြည့်ပြီး ပခုံးတွန့်ပြလိုက်ကာ ဝူရှဲ့တို့ဘက်ကို ဆင်းလာခဲ့ဖို့ လက်ဟန်ပြလိုက်သည်။ 


ဖက်တီး ကြိုးကို ဖြည်ပြီး လှိမ့်ချလိုက်တာကတော့ အံ့သြစရာ ကောင်းပေသည်။ သူတို့ ရောက်လာတော့ မျက်နှာသေဟာ ကျောက်ထွင်းလက်ရာပေါ်က ဆီးနှင်းများကို လွင့်စင်သွား​အောင် ဖယ်လိုက်ပြီ​ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုကျောက်တုံးပေါ်၌ လဲလျောင်းနေသော ကျောက်နဂါးကြီးသည် အနက်ရောင် ကျောက်တုံးဖြင့် ထွင်းထုထား​ပေသည်။ နှင်းထဲမှာ ဝှက်ထားရင် တကယ်ကို မမြင်နိုင်လောက်အောင် ကွက်ကွက်ကွင်းကွင်း ဖြစ်နေလေ၏။ 


ဝူရှဲ့တို့ တစ်ယောက်ပြီး တစ်ယောက် ဆင်းသွားကြသည်။ ကျောက်ထွင်းလက်ရာကို မြင်တော့ ချန်ဖီအားစစ်ရဲ့ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ သူက မငြိမ်မသက် ဖြစ်လာပြီး ဘုန်းကြီးဟွာကိုပင် ကူညီပေးဖို့ တောင်းဆိုရ၏။ သူက ကျောက်ထွင်းထားတဲ့ နေရာကို တည့်တည့်သွား၍ လှမ်းထိကြည့်လိုက်သည်။ 


ဤနဂါးသည် တခြားနဂါးများနှင့် မတူပေ။ ၎င်း၏ကိုယ်ခန္ဓာအောက်တွင် မရေမတွက်နိုင်သော ကင်းခြေများကဲ့သို့ ခြေဖဝါးများကို ထွင်းထုထားသည်။ ၎င်းသည် အလယ်ပိုင်း လွင်ပြင်ဒေသမှ ထွင်းထုခြင်း မဟုတ်ဘဲ အနီးနားရှိ တိုင်းရင်းသား မျိုးနွယ်စုများမှ ထွင်းထုထားသော နဂါးဖြစ်နိုင်သည်။


ဖက်တီးက "ဒီနဂါးက ဘာလို့ ဒီလောက်​တောင် ရုပ်ဆိုး​​နေရတာလဲ? ပိုးကောင်​ကြီးကို ကြည့်နေရသလိုပဲ တားမြစ်ထားတဲ့မြို့က နဂါးထက်တောင် ပိုရုပ်ဆိုးနေသေးတယ်... ပျက်စီးသွားလို့များလား?"


ဘုန်းကြီးဟွာက "မင်းနားမလည်ရင် ပေါက်ကရ စကားတွေ မပြောနဲ့ ဒါက နဂါးမဟုတ်ဘဲ ခြေတစ်ရာရှိတဲ့ ကင်းခြေများနဂါးပဲ... အရှေ့ ရှအင်ပါယာရဲ့ အစောပိုင်း နဂါးရုပ်ထုတွေ အားလုံးက ဒီလိုပဲ... တရုတ်နိုင်ငံရဲ့ အစောပိုင်းကာလတွေမှာ ရှေးခေတ်တရုတ် နဂါးတွေရဲ့ ပုံသဏ္ဌာန်က အမျိုးမျိုးရှိတယ်"


တရုတ်နဂါးတွေရဲ့ ဆင့်ကဲဖြစ်စဉ်ဟာ အလွန်ရှည်လျားပါ၏။ အစပိုင်းမှာတော့ နဂါးတွေဟာ တွားသွားကြသည်။ သားရဲဦးခေါင်းကို ရှာပြီး နဂါးဖြစ်လာဖို့အတွက် မြွေ​ခေါင်းပေါ်မှာ တင်ထားကြတယ် ဆိုတဲ့ ဒဏ္ဍာရီ ရှိလေသည်။ အဲဒီအချိန်တုန်းက မျိုးနွယ်စုတစ်ခုစီမှာ ကိုယ်ပိုင်နဂါးရုပ်များ ရှိကြပြီး မျိုးနွယ်စုတစ်ခုစီ၊ သီးခြားစီ ဆင့်ကဲပြောင်းလဲလာရာ နောက်ဆုံးတွင် နဂါးရုပ်​တွေလည်း ကွဲပြားလာသည်။ နောက်ပိုင်းတွင် ဟန်ယဉ်ကျေးမှု ပြန့်ပွားလာပြီး ရိ နှင့် ရှ ယဉ်ကျေးမှုများ ပေါင်းစည်းမှုနှင့်အတူ ဟန်နဂါးပုံသဏ္ဌာန်သည် တိုင်းရင်းသား လူနည်းစုအသီးသီး၏ နဂါးများနှင့် ရောနှောလာခဲ့သည်။ နောက်ဆုံးတွင် နဂါးများသည် ယခုအခါ စက်ဝန်းနဂါးပုံ အဖြစ် တဖြည်းဖြည်း ပေါင်းစည်းလာကြသည်။ 


ကင်းခြေများနဂါးသည် နဂါးနှင့် ကင်းခြေများ ရောနှောလျက် ရှိသည်။ သို့သော် ဘာကြောင့်ရယ် မသိ။ ၎င်း၏ ခန္ဓာကိုယ်အောက်တွင် အဆစ်အမြစ် ခြေထောက်များစွာရှိသော သာမန်နဂါးတစ်ကောင်ကို ကြည့်လိုက်လျှင် လူကို ကြီးကျယ်ခမ်းနားသော ခံစားချက်ကို မပေးရုံမက အရမ်းသက်တောင့်သက်သာ မခံစားရသလိုနှင့် နည်းနည်း ထူးဆန်းသလို ခံစားချက်မျိုးလည်း ပေးစွမ်းလေသည်။ 


ဖက်တီးသည် ဘုန်းကြီးဟွာရဲ့ နိဒါန်းကို နားထောင်ပြီးနောက် ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်၏။ 


"အစ်ကိုဓားအမာရွတ်.. မင်းက စာပေသမားလို့ မထင်ရဘူးနော်.. ဒါနဲ့ ဒီကျောက်တုံးက အရှေ့ရှအင်ပါယာက ဖြစ်နိုင်မယ်လို့ထင်လား?"


ဘုန်းကြီးဟွာက ကျောက်ထွင်း ကျောက်စာတွေကို ကြည့်ပြီး တောင်စောင်းကို မျှော်ကြည့်ရင်း ​ဖြေလာသည်။


"မှန်တယ် ဒါပေမဲ့ ဒီနဂါးထွင်းကျောက်ကတော့ ဘယ်ကလာပါလိမ့်?"


ဒီအချိန်မှာ မှောင်စပြုလာပါပြီ။ ဓာတ်မီးတွေဖွင့်ပြီး နှင်းတွေအားလုံးကို ကျောက်တုံးပေါ်ကနေ သုတ်သင်လိုက်ကြသည်။ ကျောက်တုံးကြီးဟာ အမြင့်ငါးမီတာနဲ့ အနံသုံးမီတာနီးပါးရှိတဲ့ ကျောက်တုံးကြီး တစ်ခြမ်းကို စောင်းပြီး တစ်ဖက်တစ်ချက်စီမှာ မှီနေတာကို တွေ့ရလေသည်။ ဤကျောက်တုံးသည် အလွန်ချောမွေ့ပြီး အနက်ရောင် ရှိကာ ဤနေရာတွင်ရှိ အခြားကျောက်များနှင့် သိသိသာသာ ကွဲပြားသည်။


ကျောက်တုံးရဲ့ ကျိုးကျတဲ့ သဲလွန်စတွေကို ကြည့်လိုက်ရင်း ဝူရှဲ့က။


"ဒါက အပေါ်ကနေ ပြိုကျသွားတာ ဖြစ်နိုင်တယ်...အဘိုးချန်ပြောတာ မှန်တယ်။ ငါတို့ သွားမယ့်နေရာက အပေါ်မှာ ရှိလောက်သေးတယ်လေ မင်းမြင်တယ်မလား? ဒီနဂါးရဲ့ ပုံသဏ္ဌာန်က အချိုးမညီဘူး နဂါးနှစ်ကောင် တီးမှုတ်နေသလိုပဲ... ကျောက်ထွင်းကျောက်တုံးက တစ်ဖက်စီမှာ ရှိ​​နေသင့်တယ် များသောအားဖြင့် ကျောက်တံခါးပေါ်မှာ ထွင်းထုထားသလို ဘေးတစ်ဖက်စီမှာလည်း တစ်ခုစီ ရှိနေလောက်တယ်"


ချန်ဖီအားစစ်က ချောင်းဆိုးလိုက်ပြီး 


"ဖွီး! အသိပညာ တစ်ဝက်လောက်နဲ့ လေကြီးနေပြန်ပြီ.... ဒီကျောက်တံခါးက သင်္ချိုင်းလမ်းကြားထဲက တံဆိပ်ခတ်ထားတဲ့ ကျောက်တုံးပဲ"


သူပြောသည့်အတိုင်း နဂါး၏ပါးစပ်ကို ညွှန်ပြရာ ဘုန်းကြီးဟွာသည် ချက်ချင်းပင် ကျော်သွားကာ နဂါး၏ပါးစပ်ထဲသို့ သူ့လက်ကို ထိုးထည့်ကာ လက်ကောက်ဝတ်​လောက်ထူတဲ့ အနက်ရောင် သံကြိုးကို ဆွဲထုတ်လိုက်​လေသည်။ ဖက်တီးက ထိုအရာကိုတွေ့တော့ ပြော၏။ 


"ပြီးသွားပြီ နဂါးရဲ့ အူတွေကို မင်း ဆွဲထုတ်လိုက်မိပြီ!"


ချန်ဖီအားစစ်က "ဒါက အုတ်ဂူကို တံဆိပ်ခတ်တဲ့အခါ တံဆိပ်တုံးကို ဆွဲထုတ်ဖို့ အသုံးပြုတဲ့ မြင်းကွင်းပဲ... ဒီဘက်ကတော့ အတွင်းဘက်"


သူပြောတာကိုကြည့်ပြီး ဝူရှဲ့ ရှက်သွားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ရင်း။ 


"အာ... ငါတကယ် အကြည့်မှားသွားတာပဲ ဒါပေမဲ့ ကျောက်တံဆိပ်က ဘာလို့ ဒီမှာပေါ်လာရတာလဲ?"


ဘုန်းကြီးဟွာက သံကြိုးကို ခက်ခက်ခဲခဲ ဆွဲယူလိုက်ပေမယ့် ကျောက်တုံးက လုံးဝ မလှုပ်ရှားပေ။ ထို့ကြောင့် ချန်ဖီအားစစ်ရဲ့ မျက်နှာပေါ်မှာလည်း သံသယ အရိပ်အယောင်တွေ ပေါ်လာသည်။ သူက ခေါင်းယမ်းပြီး အပေါ်ကို မော့ကြည့်လိုက်၏။ ဝူရှဲ့လည်း စိတ်ထဲကနေ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ချန်ဖီအားစစ် ဘာကို စိတ်ပူနေသလဲ သူသိပါသည်။ ဒီတံဆိပ်တုံးကျောက်တုံးက အပေါ်ကနေ ပြိုကျရင် အပေါ်က သင်္ချိုင်းလမ်းကြောင်းဟာ ပြင်းပြင်းထန်ထန် ပျက်စီးသွားနိုင်တယ်။


သူတို့ခေါင်းထက်မှာ လေနဲ့ နှင်းတွေက တဟုန်းဟုန်း ရိုက်ခတ်နေပြီး ကောင်းကင်ကလည်း မှောင်လုနီးပါးဖြစ်နေပြီ။ နာရီကို ကြည့်လိုက်တော့ နှင်းမုန်တိုင်းက ဘယ်တော့တိုက်မလဲလို့ပင် တွေးမိလာသည်။ 


ဒီကျောက်ဆစ်ရုပ်ကို ရှာဖွေတွေ့ရှိခြင်းက ကောင်းကင်နန်းတော်ကို ရှာဖွေရာမှာ ယုံကြည်မှုတိုးလာစေပေမယ့် ပျော်ရမလား စိတ်ဓာတ်ကျနေမလား မသိတော့ပေ။ ဘုန်းကြီးဟွာက ကျောက်ပန်းပုရုပ်တုတွေကို ဓာတ်ပုံရိုက်​နေပြီး ချန်ဖီအားစစ်လည်း စွမ်းအင်တွေ ပြန်ရလာနေပြီ။ သူက ဝူရှဲတို့ကို ပစ္စည်းတွေ အရင်ဂရုစိုက်ပြီး အနားယူခိုင်းသည်။ ဒီနေရာက လေသိပ်မတိုက်တဲ့ အမိုးအကာ နေရာတစ်ခုပဲ။ လေရပ်သွားမှ ဆက်ပြောကြမယ်ဟု ဆို၏။ 


သူတို့လည်း ပစ္စည်းတွေ ခွဲထုတ်ပြီး ဘုန်းကြီးဟွာက ရွှင့်ကျစ်ကို ပြုစုဖို့ သွားလေသည်။ ဝူရှဲ့ ပစ္စည်းတွေကို ပြင်ဆင်နေတုန်းက သူက ​ပြန်ပြေးလာပြီး ပြဿနာတက်ပြီဟု ဆိုလေသည်။ သူခေါ်တာကို ရွှင့်ကျစ်က တုံ့ပြန်မလာပေ။ 


ဝူရှဲ့တို့လည်း ရွှင့်ကျစ်ကို ဆွဲထူကာ နှိုးကြည့်တော့ သူက ခေါင်းကိုငုံ့ထားပြီး "အင်း" လို့သာ ဖြေလာပေမယ့် သူ့အသိစိတ်က မှုန်ဝါးနေပြီ။ တစ်ချက် ကြည့်လိုက်တော့ သူက အပူလွန်ကဲတဲ့ရောဂါကို ခံစားနေရတယ် ဆိုတာ သဘောပေါက်လိုက်သည်။ 


"ငါတို့ မီးညှိရမယ် မဟုတ်ရင် သူ အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး" ဖန့်ကျစ် ရောက်လာပြီး 


"မင်း အိပ်ပျော်နေရင် နိုးလာ​တော့မှာ မဟုတ်ဘူးနော်!!" 


ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ထင်းလုံးဝမရှိပေ။ မီးမွှေးဖို့က လိုနေပြီ။ ဒါပေမဲ့ နှင်းဖုံးနေတဲ့ တောင်တွေကို တက်ဖို့ စက်ကိရိယာတွေ အများကြီး လိုအပ်ပြီး စတက်စရာလမ်း မရှိရင် အောက်ကလမ်းအတိုင်း လျှောက်သွားလို့လည်း မရပေ။ 


ဘုန်းကြီးဟွာက ချန်ဖီအားစစ်ကို လှမ်းကြည့်လိုက်သည်။ သူ့ဘာသာ ဆုံးဖြတ်ချက် မချဝံ့တာ သိသာထင်ရှားပေ၏။ ချန်ဖီအားစစ်ရဲ့ မျက်နှာကလည်း အရမ်းမှိုင်းညို့နေပြီး အေးနေတာလား တစ်ခုခုကြောင့်လားမသိ။ သူက မျက်မှောင်ကြုတ်ပြီး ပြောလာသည်။ 


"သူ့ကို အခုလောလောတယ် မသေစေနဲ့ဦး... ငါ သူ့ကို မေးစရာတွေ ရှိသေးတယ်"


ဘုန်းကြီးဟွာက လှေကားထစ်ပေါ်က အရာတွေကို ချွတ်ပြီး ထင်းအဖြစ်သုံးဖို့ သစ်သားပြားတွေကို ဆွဲထုတ်ဖို့ ပြင်ဆင်လိုက်သည်။ ဒါပေမဲ့ လှေခါးထစ်ဟာ နှင်းတွေကြောင့် စိုစွတ်နေခဲ့၏။ စိတ်ပူနေ​ကြတဲ့ အချိန်မှာပဲ ဝူရှဲ့တစ်ယောက် ဆာလ်ဖာရနံ့ကို ရုတ်တရက် ရလိုက်မိသည်။


အနံ့က ဘယ်ကထွက်လာမှန်း မသိ။ ဦးနှောက်ထဲက အလင်းတစ်ချက်နဲ့အတူ ဝူရှဲ့ မတ်တပ်ရပ်ပြီး ဂရုတစိုက် အနံ့ခံရင်း ဘုန်းကြီးဟွာကိုလည်း ငြိမ်နေဖို့ တောင်းဆိုလိုက်သည်။ တခြားသူတွေကလည်း အနံ့ခံပြီး သူတို့လုပ်နေတာတွေကို ရပ်လိုက်ကြသည်။ 


ထိုစဥ် ဖက်တီးက ပြောလာ၏။


"ရဲဘော်တို့ ဒါ ရေပူစမ်းရဲ့ အနံ့အသက်ထင်တယ်"


ချန်ဖီအားစစ်က ယဲ့ချန်နဲ့ လန်ဖုန်းတို့ကို မျက်စိ မှိတ်ပြပြီး သူတို့ကို လိုက်ရှာဖို့ အချက်​ပြလိုက်သည်။ ဖက်တွးက သူ့ကျောပိုးအိတ်ကို ကောက်ကိုင်လိုက်ပြီး သူသွားမယ်လို့ ပြောလိုက်တဲ့ အခိုက်မှာပဲ ဖန့်ကျစ်က သူတို့သုံးယောက်လုံးကို တားလိုက်သည်။ 


ဖက်တီးက "ဘာလုပ်တာလဲ?"


ဖန့်ကျစ်က သူ့မေးစေ့ကို မျက်နှာသေထံ ညွှန်ပြရင်း


"ဘာလို့ ထိတ်လန့်နေတာလဲ? ငါတို့မှာ ကျွမ်းကျင်သူတစ်​ယောက် ​ရှိတယ်ဆိုတာ မမေ့နဲ့ဦး"


ထိုအချိန်တွင် မျက်နှာသေဟာ သူ့လက်နှစ်ချောင်းရှည်ဖြင့် ကျောက်တုံးများကို တစ်ချက်ချင်း ငုံ့ပြီး ထိနေပြီဖြစ်သည်။ သူရုတ်တရက် မျက်မှောင်ကြုတ်ကာ "အမ်?" ဟုပြောရင်း ခြေတစ်ရာ ကင်းခြေများနဂါး ရှိတဲ့ တံဆိပ်တုံး ကျောက်တုံးဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။


ထို့နောက် စက်ဝိုင်းနဂါးပုံ ကျောက်စာဆီ ရောက်သွား၏။ အခုနတုန်းက ဒီမှာ ဘာအနံ့မှ မရှိခဲ့ဘူး။ ဆာလဖာအနံ့က အခုတော့ တော်တော်လေး ထင်ရှားလာပြီ။ မျက်နှာသေသည် နဂါးခေါင်းကို ထိလိုက်ရင်း ကျောက်တုံးရဲ့ အနောက်ကိုလည်း ကြည့်လိုက်သည်။ ပြီးနောက် နဂါးခေါင်းပေါ်တွင် သူ့လက်ကိုတင်ကာ ဖိလိုက်ပြီး 


"ထူးဆန်းတယ်...နဂါးခေါင်း နောက်ကျောက အခွံကြီး.."