(53)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ပထမပိုင်း)


Chapter (53)

ကွာဟနေတဲ့အက်ကြောင်း (ပထမပိုင်း)



ချောင်ပိုင်တောင်သည် လှုပ်ရှားနိုင်ချေရှိသော မီးတောင်တစ်ခု ဖြစ်သည်။ သမိုင်းမှတ်တမ်းများအရ နောက်ဆုံးအသေးစား ပေါက်ကွဲမှုသည် လွန်ခဲ့သော နှစ်ပေါင်း 1,000ခန့်က ဖြစ်​ပေါ်ခဲ့သည်။ မီးတောင်သည် ယခုအချိန်မှာ တိတ်ဆိတ်သွားသော်လည်း အနီးနားရှိ ဘူမိအပူစွမ်းအင်သည် အလွန်ကြွယ်ဝပြီး ဘူမိဗေဒဆိုင်ရာ ကွာဟချက်များနှင့် ချော်ရည်ထွက်ပေါက် များစွာရှိ​သေးသည်။ 


မီးတောင်က အလွန်နဂို အတိုင်းတည်ရှိနေကာ အပူချိန်မြင့်မားမှုကြောင့် နဂါးတံဆိပ် ခတ်ထားသော ကျောက်တုံးအနောက်က မြေပြင်တွင် အငွေ့ပျံ​နေသော အက်ကွဲတစ်ခု ရှိနေနိုင်သည်။ ဒါကြောင့် ဆာလဖာနံ့များ ထွက်လာတာ ဖြစ်ပေ၏။ 


ဒါက သူတို့အတွက်တော့ သံသယဖြစ်ဖွယ်ကောင်းသော သတင်းကောင်းတစ်ခု ဖြစ်​လေသည်။ ယခုလို ပတ်ဝန်းကျင်တွင် တည်ငြိမ်သော အပူအရင်းအမြစ် ရှိခြင်းသည် မီးမွှေးရတာထက် ပို၍သက်တောင့်သက်သာ ရှိပြီး လက်တွေ့ကျသည်။ သို့သော်လည်း ကြီးမားသော နဂါးတံဆိပ် ခတ်ထားသော ကျောက်တုံးကြီးက အနည်းဆုံး တန်တစ်ဒါဇင်လောက် အလေးချိန်ရှိပြီး သူတို့မှာ တောင်တက်ကိရိယာ မရှိပါလာတာတဲ့အတွက် အဲဒါ​ကြီးကို လှန်ပစ်ဖို့က တကယ် ခက်ခဲလိမ့်မည်။ 


ဖက်တီးက သွက်လက်တဲ့လူပင်။ သူက လက်နှစ်ဖက်ကို မြှောက်ပြီး ဝူရှဲ့တို့အား ကျောက်တုံးကို ရွှေ့ဖို့ ကြိုးစားခိုင်းသည်။ လူတိုင်းလည်း ရှေ့တက်လာပြီး မရွှေ့ဖို့ ကြိုးစားပေမယ့် လူတစ်စုမှာ ချွေးတွေထွက်လာပြီး မျက်နှာတွေ နီရဲလာပေမယ့် ကျောက်တုံးက လုံးဝ မရွှေ့သွားချေ။ 


ထိုအခါ ဖက်တီးတို့ ကျိန်ဆဲတော့သည်။


"မဟုတ်​သေးပါဘူး အဘိုးကြီး... ကျုပ်တို့ပစ္စည်းတွေ မလုံလောက်ပါဘူးလို့ ကျုပ် ခင်ဗျားကို ပြောခဲ့တယ်နော်... အခုလက်ရှိ အခြေအနေကို ကြည့်ဦး... ဖောက်ခွဲရေးပစ္စည်းတွေ ရှိနေတာကမှ ပိုကောင်းလိမ့်ဦးမယ်"


ဘုန်းကြီးဟွာက "မင်း နားမလည်ရင် ရိုင်းစိုင်းတဲ့ စကား​တွေ မပြောနဲ့... ဒီလောကမှာ မင်းလမ်းလျှောက်ထားတာထက် အများကြီး လျှောက်ဖူးပြီးသား...ဖောက်ခွဲရေး ပစ္စည်းတွေ ယူလာရမှာ မှန်တယ် မင်းဦးခေါင်းပေါ်မှာ နှင်းတွေရှိနေတယ်လေ ​​မင်းကဒီမှာ ပေါက်ကွဲထားတဲ့ အပေါက်ကို ဒီအတိုင်း ထားခဲ့လို့ရတယ်လို့များ ထင်နေလား? အပေါ်က နှင်းတွေကို လှုပ်ခါမိသွားပြီးတော့ အကုန်လုံး ပြိုကျလာရင် ငါတို့အားလုံး မြှုပ်ပြီးသား ဖြစ်သွားလိမ့်မယ်"


ဖက်တီးခမျာ ဘာမှပြန်ပြောစရာ မရှိတော့ပေ။ အဲဒီအချိန်မှာ ဝူရှဲ့လည်း နဂါးကျောက်တုံးရဲ့ အောက်ဘက်အစွန်းမှာ အရွယ်အစား အမျိုးမျိုးရှိတဲ့ ကျောက်တုံးတွေကို တွေ့လိုက်တာကြောင့် အကြံတစ်ခု ရသွားပြီး 


“မင်း ဖောက်ခွဲရေးပစ္စည်းတွေ မလိုလောက်ဘူး ငါလုပ်ကြည့်မယ်"


ဝူရှဲ့ ပြောရင်း ခရီးဆောင်အိတ်ထဲက တူတူတစ်ချောင်းကို ထုတ်ပြီး နဂါးကျောက်တုံးကြီးနားကို ချဥ်းကပ်လာခဲ့သည်။ ထို့နောက် အောက်မှာရှိတဲ့ ကျောက်တုံးကြီးတွေကို သေသေချာချာ စစ်ဆေးကာ အဲဒီထဲက ပိုကြီးတဲ့ ကျောက်တုံးနေရာကို ချိန်ရွယ်ပြီး ပြင်းပြင်းထန်ထန် ဖိရိုက်လိုက်သည်။


ဤကျောက်တုံးတွေဟာ ဆယ်တန်ကျော် အလေးချိန်အောက်တွင် ရှိပေသည်။ ဘေးတိုက် ထုရိုက်လိုက်တဲ့ တူသံတစ်လျှောက် အက်ကွဲရာတစ်ခု ချက်ချင်းပွင့်လာပြီး ခရက်ခရက် ဆိုတဲ့ ကျောက်တုံးပွတ်တိုက်သံတွေပါ ဆက်တိုက် ထွက်လာ၏။ အပေါ်က စက်ဝိုင်းပုံနဂါးပုံဟာ အထောက်အပံ့ အင်အားရဲ့ ရုတ်တရက် ပြောင်းလဲမှုကြောင့် ကျောက်ကုန်းစောင်းတစ်လျှောက် လျှောကျလာတော့သည်။ 


သူတို့အားလုံး အမြန်နောက်ပြန် ဆုတ်သွားရသည်။ စက်ဝိုင်းပုံ နဂါးတံဆိပ်တုံး ကျောက်တုံးဟာ လက်မအနည်းငယ် လျှောကျပြီး တိမ်းစောင်းသွားခဲ့သည်။ သို့သော်လည်း ကျောက်တုံးက အရမ်းလေးလွန်းတဲ့ အတွက်ကြောင့် နည်းနည်းလျှောကျပြီး ရပ်သွား၏။ ဒါပေမဲ့ ချိတ်ပိတ်ထားတဲ့ ကျောက်တုံးရဲ့ နောက်ကျောကို မြင်နေရ​ပြီဖြစ်ကာ အက်ကြောင်းများလည်း ပေါ်လာသည်။


ကျောက်တုံးကြီးရဲ့ အက်ကွဲမှုက ဦးခေါင်းလောက် ကျယ်တဲ့ အပေါက်ကြီး ဖြစ်လာခဲ့ကာ အနေအထားက လူတစ်ယောက် ဖြတ်သွားရုံလောက်ပဲ။ ဂူဝင်ပေါက် အစွန်းကို ကြည့်လိုက်တော့ လူတူးဖော်ထားတဲ့ ခြေရာလက်ရာ မဟုတ်တဲ့ စုတ်ပြဲနေတဲ့ ကျောက်တုံးကြီးသာ ပြိုကျလာ၏။ အတွင်းထဲကနေတော့ ဆာလဖာနံ့တွေ ထွက်လာသည်။


ဖက်တီးက ဓာတ်မီးကို ဖွင့်၍ အထဲဝင်ကြည့်ကာ ပြောလာသည်။ 


“အထဲမှာ အရမ်းပူတယ် ဒါပေမဲ့ ရှုထောင့်က သိပ်အဆင်မပြေတော့ အတွင်းထဲကို သိပ်မမြင်ရဘူး... တစ်ခုခု ရေးထားသလိုပဲ"


“ဘာရေးထားတာလဲ?” ဝူရှဲ့ မေးလိုက်သည်။


ဖက်တီးက ဂရုတစိုက်ကြည့်ကာ ပြန်ဆို၏။ 


"နားမလည်ဘူးကွ... ဘာရေးထားမှန်းကို မသိဘူး" 


သူကပြောရင်း ညှစ်ဝင်ရန် ကြိုးစားသော်လည်း သူ့ဘော်ဒီမှာ အမှန်ပင် ဆူဝလွန်းနေသဖြင့် အပေါက်က သူ့အတွက် သိသိသာသာပင် မတော်တော့ပေ။ အကြိမ်ပေါင်းများစွာ ညှစ်ပြီးနောက်တွင် သူ မညှစ်ဝင်နိုင်တော့ပေ။ နောက်ဆုံးတွင်တော့ သူ့ရဲ့ အပြင်အင်္ကျီကို ချွတ်ကာ အထဲသို့ ဝင်သွားခဲ့သည်။


ချန်ဖီအားစစ်က ယဲ့ချန်၊ လန်ဖုန်းနဲ့ ဖန့်ကျစ်ကို ဘာမဆို ဂရုစိုက်ဖို့ပြောရင်း အပြင်မှာ နေခိုင်းခဲ့သည်။ ထို့နောက် သူတို့အဖွဲ့သည် ဖက်တီးနောက်ကို လိုက်ကာ ထိုအဝင်ပေါက် ကြားထဲမှ ဝင်ရောက်သွား​ကြသည်။


ဤနေရာ တစ်ခုလုံးသည် တောင်​တွေငလျင်ကြောင့် ရွေ့သွားသောအခါ ကွဲထွက်သွားသော ကျောက်အက်ကွဲရာကြီး တစ်ခုဖြစ်သည်။ ဝင်သွားပြီးနောက် အက်ကွဲကြောင်းသည် အောက်ဘက်သို့ မတ်စောက်သွားသော လမ်းကြောင်းတစ်ခု ဖြစ်နေတာ မြင်ရ၍ အတွင်းဘက်တွင်တော့ အလွန်မှောင်နေသည်။ ကြည့်ရတာ အလွန်နက်ပုံရပြီး တောင်အတွင်းဘက်သို့ ဦးတည်သွားပုံရသည်။


အက်ကြောင်းမှာ နေရာသိပ် မကျယ်တာကြောင့် လူနှစ်ယောက် ဘေးချင်းကပ် မရပ်တည်နိုင်တာမို့ အတွင်းမှာ သွားလာရခက်ခဲ​လေသည်။ အောက်ဖက်မှာ ချွန်ထက်တဲ့ အစွန်းတွေနဲ့ ထောင့်စွန်းတွေရှိတဲ့ ကျောက်တုံးကြီးတွေလည်း ရှိပါ​သေးသည်။ လှိုဏ်ဂူထဲမှာ ဆာလဖာအနံ့က အလွန်ပြင်းထန်ပြီး အပူချိန်မှာ အနည်းဆုံး 30 ဒီဂရီအထိ ရှိသည်။ ကျောက်တုံးတွေကို ထိကြည့်လိုက်တော့ ပူနေတာကို ခံစားရလေ၏။ 


သူတို့သည် လက်နှစ်ဖက်နဲ့ ဒူးထောက်ပြီး ရှေ့ကို ခြေတစ်လှမ်းချင်း လျှောက်သွားကြရသည်။ ဖက်တီးက လက်တစ်ဖက် ဓာတ်မီးကို ထိုးကြည့်ရင်း ပြောလာသည်။


"မင်းတို့ကြည့်လိုက်... အဲ့မှာ ဘာရေးထားတာလဲ?"


သူတို့ လှည့်ကြည့်လိုက်တော့ စာလုံးတွေက အက်ကြောင်းနံမှာ ထွင်းထားတာ မဟုတ်ဘဲ အောက်ခြေက ကျောက်တုံးပေါ်မှာ ကြုံသလို လျှောက်ရေးထားတာ တွေ့လိုက်ရသည်။ စကားလုံးတွေ အားလုံးဟာ တရုတ်စကားနဲ့ ခပ်ဆင်ဆင်တူပြီး ကိုရီးယားလိုလည်း ရေးထွင်းထားရာ အနည်းငယ် ရှုတ်ထွေးလေသည့။


ဘုန်းကြီးဟွာက ကြည့်ရှု့ပြီး “ဒါက အမျိုးသမီး နာမည်ပဲ” ဟု အတည်ပြုခဲ့သည်။


“ဘာတွေ ရေးထားတာလဲ?” ဖက်တီး မေးလိုက်သည်။ 


ဘုန်းကြီးဟွာက "ခဏစောင့်ဦး.... ငါလည်း သိပ်မ​တော်ဘူးကွ.... ဘာလဲ သိရအောင် ငါအရင်ဆုံး ချရေးလိုက်ဦးမယ်"


ဝူရှဲ့တို့လည်း ခဏလောက် စောင့်လိုက်ပြီး ဘုန်းကြီးဟွာက အဲဒီစကားလုံးတွေကို သူ့မှတ်စုစာအုပ်ထဲ ကူးထည့်လိုက်ူသည်။ ဖက်တီးက ဦးဆောင်ပြီး လူတိုင်းက တန်းစီလျက် ဂူထဲသို့ ဆက်လျှောက်သွားခဲ့သည်။ 


လမ်းလျှောက်တာကို ခေါ်ဆိုရပေမယ့် တကယ်တမ်းမှာတော့ ခြေဖဝါးတွေထက် လက်ကို ပိုအသုံးပြု​နေရသည်။ အက်ကြောင်း ကွာဟချက် တစ်ခုလုံးဟာ အောက်ဘက် (၃၀)ဒီဂရီနီးပါးရှိပြီး လှေကားထစ် မရှိတာကြောင့် အောက်ကို တွားသွား​ပြီး ဆင်းတက်နေရသည်။ အတွင်းဘက် အားလုံးနီးပါးက တစ်ခါတစ်ရံ ကျယ်သွားကာ တစ်ခါတစ်ရံကျတော့လည်း ကျဉ်းသွားသည်။ တချို့နေရာတွေက အနိမ့်အမြင့် မတူဘဲ တချို့နေရာတွေကျ လူတစ်ယောက် ငုတ်တုတ်ထိုင်ပြီး ဖြတ်သွားမှ အဆင်ပြေလေသည်။


သက်တောင့်သက်သာရှိတဲ့ တစ်ခုတည်းသော အရာကတော့ အတွင်းထဲမှာ ပိုနွေးနေတာပါပဲ။ သူတို့မှာ တွားသွားရင်းနဲ့ ချွေးတွေ ထွက်လာတာကြောင့် အဝတ်အစားတွေပေါ်က ကြယ်သီးတွေပါ ဖြုတ်ပစ်ရ၏။ ထိုအချိန်တွင် ဖက်တီးက မေးလိုက်သည်။


"အဘိုးကြီး တံဆိပ်ခတ်ထားတဲ့ ကျောက်တုံးကို ဒီအကွာအဝေးအထိ ပိတ်ဆို့ထားတာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးလို့ ထင်လား?" 


ချန်ဖီအားစစ်က "ဂူဗိမာန်ကို ဆောက်ပြီး ဒေသထွက်ပစ္စည်းတွေကို ဆောက်တယ်...အပြင်ဘက်မှာ ကျပန်းပြုတ်ကျနေတဲ့ ကျောက်တုံးတွေ အများကြီး ရှိ​နေတယ်... ဒါက ဂူဗိမာန်ဆောက်တဲ့ အချိန်တုန်းက ကျောက်မိုင်းနေရာမှာ သုံးတဲ့ နေရာ ဖြစ်နိုင်တယ်။ ရှေးတုန်းကလူတွေ ကျောက်မိုင်းလုပ်တဲ့ အချိန်မှာ ဒီကွာဟချက် အက်ကြောင်းကြီးကို တွေ့ခဲ့တာ ဖြစ်နိုင်တယ်... ဘာကြောင့်မှန်း​တော့ မသိပေမယ့် အဆုံးမှာတော့ တံဆိပ်ခတ်ထားတဲ့ ကျောက်တုံးကို သုံးခဲ့တယ်"


မီတာတစ်ရာအောက် ရောက်တော့ ဆာလဖာရနံ့က ပိုပြင်းထန်လာပြီး ကျောက်ဆောင်များသည်လည်း မည်းမှောင်လာသည်။ ၎င်းတို့အားလုံးသည် အပူချိန် မြင့်မားသော အရည်ပျော်သွားသည့် ရောင်စုံ အမှုန်အမွှားများကို စတင်ပြသကြသည်။ ဒါက ဒီမီးတောင်ရဲ့ ချော်ရည်ထွက်ပေါက် ဖြစ်နိုင်တယ်လို့ ဝူရှဲ့ တွေးထားပြီးသားပင်။ ချောင်ပိုင်တောင်ဟာ အသက်ဝင်နိုင်ချေရှိတဲ့ မီးတောင်တစ်ခုပဲ။ ရုတ်တရက် ပေါက်ကွဲပြီး ချော်ရည်တွေ ထွက်လာရင် သူတို့ သေရလိမ့်မယ်။


ရုတ်တရက်ဆိုသလိုပဲ အဖွဲ့ကို ဦးဆောင်နေသူနှစ်ယောက်က ရပ်တန့်သွား၏။ ဓာတ်မီးတွေနဲ့ ကြည့်လိုက်တော့ ရှေ့က အက်ကွဲကြောင်းက ရုတ်တရက် ကျုံ့သွားလေပြီ။ ကျောက်တုံးတွေ တစ်ခုနဲ့တစ်ခု ထပ်လျက် အောက်ဖက်ကို ဆင်းဖို့ ကွက်လပ်လေးတစ်ခုပဲ ကျန်တော့သည်။


ဝူရှဲ့ ထထိုင်ပြီး အတွင်းကို တောက်​ကြည့်ဖို့ လက်နှိပ်ဓာတ်မီးကို သုံးလိုက်သည်။ ကြည့်ရတာ အက်ကြောင်း ပြိုကျမှုကြောင့် ဖြစ်တာပဲ။ အတွင်းဘက် ကွာဟချက်က အလွန်သေးငယ်တဲ့အတွက် အထဲကိုဝင်ဖို့ဆို ဗိုက်ကနေ တွားသွားဝင်သွားရတော့မယ့်ပုံပဲ။ 


ချန်ဖီအားစစ် ဂူပေါက်ဝကို လှမ်းကြည့်လိုက်ရင်း သူ့မှာသွားဖို့ လုံလောက်တဲ့ အင်အား မရှိဘူးဆိုတာ သိလိုက်ရသည်။ ဆွေးနွေးပြီးတာနဲ့ ဘုန်းကြီးဟွာကို ချန်ဖီအားစစ်နဲ့အတူ စောင့်ခိုင်းလိုက်ကာ ဝူရှဲ့၊ ဖက်တီးနဲ့ မျက်နှာသေတို့က အထဲမှာ တခြားဘာရှိသေးလဲ ကြည့်ဖို့ ဆက်ဝင်သွားကြသည်။ 


အင်္ကျီတွေကို တတ်နိုင်သမျှ ချွတ်ရင်း အရွယ်အစားသေးအောင် လုပ်လိုက်သည်။ ဒီတစ်ခါတော့ မျက်နှာသေက ဦးဆောက်၍ သုံးယောက်သား အက်ကွဲရာထဲကို ဖြည်းဖြည်းချင်း ဝင်သွားကြသည်။ 


ဒီအပိုင်းပြိုကျထားတာက ယာယီပဲသာလို့ ဝူရှဲ့ ထင်သည်။ ဒါကြောင့် ခြေလှမ်းအနည်းငယ်သာ ရှေ့ကိုတိုးသွားမယ်ဆိုရင် ထွက်ပေါက်တစ်ခု​တော့ ရှိလာမှာပါပဲ။ တကယ်လို့ရှိရင်တောင် သူတို့ နောက်ပြန်လှည့်ပြီး အချိန်မီ ပြန်သွားနိုင်မယ်လို့တော့ မထင်ထားပါဘူး။ ဒီအပိုင်းက တော်တော် ရှည်နေပြီ။ အကြာကြီး ဖြတ်သွားနေရတာတောင် မမျှော်လင့်ဘဲ တော်တော် နက်လာပြီ။


အထဲမှာ ကျောက်ခဲတွေက အရမ်းချွန်ထွက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းတက်လိုက်တာနဲ့ အဝတ်အစားတွေရဲ့ နေရာ တော်တော်များများမှာ စုတ်ပြဲသွားသည်။ ကျောက်တုံးတွေက သူ့အဆုတ်တွေကို ဆွဲညှစ်ထားသလို ခံစားနေရပြီး အပူချိန်ကလည်း ပိုမြင့်လာတာကြောင့် အသက်ရှုရခက်လာသည်။


ဝူရှဲ့ သူ့နောက်က ဖက်တီးလည်း သူ့လိုပဲထပ်တူ ခံစား​နေရတယ်လို့ ထင်ရ၏။ သူက ဝူရှဲ့ခြေထောက်တွေကို လှမ်းကိုင်ပြီး 


"မဟုတ်​သေးဘူး ဒီမှာလေထု အရည်အသွေးနဲ့ ပတ်သက်ပြီး ပြဿနာရှိနိုင်တယ်.... မစစ်ဆေး​ကြည့်ဘဲနဲ့ ဆက်ဝင်သွားဖို့က အရမ်းမိုက်မဲရာ ကျလိမ့်မယ်"


ဝူရှဲ့မှာ နောက်ကြောင်း ပြန်ကြည့်ချင်ပေမယ့် နေရာက ကျဉ်းလွန်းတော့ ဘာမှလုပ်လို့ မရပေ။ ခုနတုန်းက တွားသွားခဲ့တဲ့ အကွာအဝေးကို စဥ်းစားကြည့်ရင်း ဗြုန်းကနဲ ပြန်သွားလို့က မရတော့ဘူး။ နောက်ပြန်တွားသွားခြင်းက သူတို့ဒီကိုလာတုန်းကထက် ပိုနာကျင်နိုင်၏။ ဒါကြောင့် ဝူရှဲ့ သူ့ကို လှည့်ပြောလိုက်သည်။


"ရှေ့ကို နည်းနည်းလှမ်းပြီးလို့မှ အောက်ကို မရောက်သေးဘူး ဆိုရင်တော့ ပြန်ဆုတ်လိုက်ရအောင်"


ဖက်တီးက အင်း ဟုအသံပေးလာ၏။ ဒီအချိန်မှာ ရုတ်တရတ် သူ့ရှေ့က မျက်နှာသေဆီကလည်း အသံထွက်လာခဲ့သည်။ 


"အင်း"


ဝူရှဲ့ ခေါင်းကို လှည့်ပြီး ရှေ့ကို မျှော်ကြည့်ပေမယ့် ရုတ်တရက် သူရှေ့မှာ ဘာတစ်ခုမှ မရှိပေ။ သူ့ရှေ့မှာ အစောတုန်းကလေးတင် ပိတ်ဆို့နေခဲ့တဲ့ မျက်နှာသေလည်း ပျောက်သွားချေပြီ။ မှောင်မဲနေတဲ့ ကျောက်တုံးကြီးတစ်ခုပဲ ကျန်တော့ပြီး ဘယ်ကို ဦးတည်​ရောက်သွားလဲပင် မသိ။