ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ပထမပိုင်း)
Chapter (54)
ကွာဟနေတဲ့အက်ကြောင်း (ဒုတိယပိုင်း)
မျက်နှာသေ သူရှေ့ကနေ သူပျောက်ကွယ်သွားတဲ့ အချိန်နဲ့ မျက်နှာသေရဲ့ စကားပြောသံကို ကြားလိုက်တဲ့ အချိန်ကြားမှာ ငါးစက္ကန့်ထက်တောင် မကြာလိုက်ပါပေ။ လူတစ်ယောက် မပြောနဲ့ ကြွက်တစ်ကောင်တောင်မှ ဒီပတ်ဝန်းကျင်မှာ သူ့မျက်စိရှေ့က ခပ်မြန်မြန် ပျောက်ကွယ်သွားလို့ မရဘူး။
ဝူရှဲ့ ချက်ချင်းဆိုသလို ဆိုးရွားတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး မသိစိတ်က နောက်ကို ခြေတစ်လှမ်း ဆုတ်ရင်း သေချာ ကြည့်ချင်မိလာသည်။ သို့သော် ခဏကြာတော့ မျက်နှာသေက သူ့ရှေ့မှာ ပြန်ပေါ်လာပြန်၏။
ဝူရှဲ့ အနောက်ကို လှမ်းဆုတ်လိုက်တာကြောင့် ဖက်တီးက လန့်သွားပြီး မေးလာခဲ့သည်။
“ဘာဖြစ်တာလဲ?”
ဝူရှဲ့မှာ ခဏလောက် စိတ်ရှုပ်သွားပြီး ချီတုံချတုံနဲ့ ပြန်ဖြေလိုက်၏။
"ဘာ....ဘာမှမဖြစ်ဘူး"
မျက်နှာသေဟာ အစောတုန်းက သူ့မှာ တစ်ခုခုမှားသွားခဲ့မှန်း သိပုံမပေါ်ဘူး။ သူ ခဏရပ်ပြီး ဝူရှဲ့တို့အား လက်ပြ၍ အရှိန်နဲ့ ရှေ့ကို ဆက်တိုးသွားသည်။
ဒီဖြစ်စဉ်က ချက်ချင်းဆိုသလို ပေါ်လာတာ။ တကယ်ကို ခံစားရပေမယ့် ဝူရှဲ့ခမျာ သူ့ရှေ့မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရုတ်ချည်း ယုံကြည်မှုတွေ ပျောက်ဆုံးသွားခဲ့သည်။ သူ အရမ်းစိတ်ရှုပ်သွားပြီး လေထုက သူ့ကိုအာရုံတွေ ဝေဝါးသွားစေတာလားလို့ပင် တွေးမိလာသည်။
ဒီအခြေအနေက ဝူရှဲ့ကို သိပ်စဉ်းစားခွင့် မပေးပေ။ ဖက်တီးတစ်ယောက်က ဝူရှဲ့ကို တိုက်တွန်းဖို့ အနောက်ကနေ ခြေထောက်ကို လှမ်းဆွဲထုတ်လိုက်၏။ ဝူရှဲ့လည်း အံ့သြစွာနဲ့ပဲ နည်းနည်း ထပ်တက်သွားကြည့်လိုက်သည်။ သူ မျက်နှာသေ ပျောက်သွားတဲ့ အခန်းကို ကျော်တက်နေတုန်း အထူးဂရုစိုက်၍ လှည့်ပတ် ကြည့်ရှုလိုက်သော်လည်း ထိုနေရာ၌ ဘာထူးခြားမှုမှ မရှိပေ။
ထိုနေရာကို ဖြတ်၍ ဆယ်မိနစ်ခန့် ချီတက်ပြီးနောက် မျက်နှာသေက ရုပ်ပုံက ရုတ်တရက် ပြေလျော့သွား၏။ သူက မတ်တတ်ထရပ်ကာ ထွက်သွားတာကြောင့် ရှေ့မျက်နှာစာက ပိုကျယ်လာတာကို မြင်လိုက်ရပြီး ထွက်ပေါက်ကို ရောက်လာပြီမှန်း သိလိုက်ရသည်။
အက်ကြောင်းရဲ့အဆုံးမှာ ကျောက်တုံးတွေ အများကြီးပဲ။ ဆင်းပြီးတဲ့ အခါမှာတော့ မျက်နှာသေက အလင်းချောင်း အချောင်းပေါင်းများစွာကို ဘေးပတ်ပတ်လည်ကို ပတ်ပစ်လိုက်သည်။ ပူနွေးတဲ့ အဝါရောင် အလင်းတန်းကြီးက နေရာတစ်ခုလုံးကို လင်းထိန်သွားအောင် ကူညီပေးနေ၏။ ဝူရှဲ့ လှည့်ကြည့်လိုက်တော့ ဤနေရာက တောင်ကြီးတစ်ခုလုံးရဲ့ အက်ကွဲကြောင်းထဲက နေရာကျယ်လေး ဖြစ်နိုင်သည်။ အက်ကွဲရာ၏ အတော်လေး ကျယ်ဝန်းသော ဧရိယာသည် ကားလေးငါးစီး ရပ်ထားနိုင်လောက်တဲ့အထိ ကျယ်ပြီး ဘတ်စကက်ဘောကွင်း တစ်ကွင်းခန့် အရှည် ရှိသည်။ အောက်ခြေတွင် ကျောက်စရစ်ခဲ သေးသေးကြီးကြီးများနှင့် ပြည့်နေသည်။ ကြည့်ရတာ ဒီအက်ကွဲမှုကြီး ဖြစ်ပေါ်လာသောအခါ ၎င်းတို့အားလုံး ကွဲသွားကြတာဖြစ်မည်။
ဖက်တီးက ဓာတ်မီး၏ အလင်းဝင်ပေါက်ကို ချဲ့ထွင်ကာ ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း
"ထူးဆန်းတယ်... ဒီမှာလည်း ပန်းချီကားတွေ ရှိနေတယ်ကွ! ငါတို့ကဒီကို ပထမဆုံး လာဖူးတဲ့ လူတွေတော့ မဟုတ်လောက်ဘူး"
အက်ကွဲနေသော တောင်နံရံပေါ်တွင် ရောင်စုံပန်းချီကားကြီးများ အမှန်တကယ် ရှိနေတာကို လှမ်းတွေ့လိုက်ရသည်။ သို့သော် ပန်းချီကားများ၏ ထိန်းသိမ်းနိုင်စွမ်းမှာ အလွန်ညံ့ဖျင်းပြီး အရောင်က မှိန်နေပြီ။ ၎င်းတို့ပေါ်ရှိ ပုံစံများသည် ကောင်းကင်ဘုံသို့ ပျံသန်းနေသော နတ်သမီးများ၏ မြင်ကွင်းနှင့် ဆင်တူသည်ဟု ခွဲခြားသိမြင်နိုင်၏။
ဤနေရာ၌ ဝင်ပေါက်ကို တံဆိပ်ခတ်ထားသယောင် ကျောက်တုံးကြီး တစ်ခုဖြင့် ပိတ်ဆို့ထားပြီး အတွင်း၌ နံရံဆေးရေး ပန်းချီများ ရှိနေသည်။ ဒီနေရာက အတိအကျ ဘယ်နေရာများလဲလို့ ဝူရှဲ့ နောက်တစ်ခါ ထပ်တွေးမိပြန်သည်။
အပြန်ပြန် အလှန်လှန် လမ်းလျှောက်ပြီးနောက် ကျောက်စရစ်များကြားတွင် ရေပူစမ်းငယ်များစွာကို တွေ့ခဲ့ရသည်။ ဒါပေမဲ့ တခြားသူတွေရဲ့ လှုပ်ရှားမှုတွေကိုတော့ သဲလွန်စ ရှာမတွေ့သေးချေ။
အတွင်းဘက်က ကွာဟနေသည့် အက်ကြောင်းသည် လူနှစ်ယောက် ဝင်နိုင်လောက်တဲ့အထိ ကျယ်ကာ တချို့ သေးငယ်သော နေရာများလည်း ရှိသည်။ ကျောက်ဆောင်ထဲကို နက်နက်နဲနဲ ဝင်သွားတော့ လေပူတွေက ထိုအက်ကြောင်းတွေထဲကနေ ရံဖန်ရံခါ မှုတ်ထုတ်နေ၏။ ဘေးနားမှနေ၍ အထဲကို လှမ်းကြည့်လိုက်တော့ အောက်ခြေက အလွတ်ကြီးဖြစ်ကာ ဘယ်နေရာကို ရောက်သွားမယ်မှန်းတော့ ပြောမရပေ။
အမြင်ချင်းဖလှယ်ပြီး ထပ်ဝင်စရာ မလိုတော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။ ဒီနေရာက နှင်းမုန်တိုင်းက လွတ်မြောက်ဖို့ နေရာကောင်းတစ်ခု ဖြစ်နေပါပြီ။ လေထုကို စမ်းသပ်ကြည့်တော့ ပြဿနာကြီးကြီးမားမား မရှိတာကို တွေ့ရ၏။ ရေရှည်အလင်းရောင် အတွက်တော့ လေကာမီးအိမ်ကို ဖွင့်ထားလို့ ရသည်။ ထို့နောက် မျက်နှာသေက တခြားသူများကို သတိပေးဖို့ ကျဉ်းမြောင်းသော အက်ကွဲကြောင်းအတိုင်း ပြန်လှည့်သွား၏။
ခဏကြာတော့ ဘုန်းကြီးဟွာနဲ့ ယဲ့ချန်တို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာပြီး ရွှင့်ကျစ်ကိုတော့ ဖက်တီးက ဆွဲခေါ်လာခဲ့သည်။ ဝူရှဲ့ သူ့အခြေအနေကို ချက်ချင်း စစ်ဆေးကြည့်တော့ အပူချိန်ကြောင့် သူ့မျက်နှာက နှင်းဆီရောင် ပြောင်းလာနေတာကို တွေ့လိုက်ရပေမယ့် သူ့လက်တွေ ခြေထောက်တွေက အေးစက်နေတုန်းပဲ။ သူဒါကို ကျော်ဖြတ် နိုင်ပါ့မလားပင် မသိတော့ချေ။
သူသေရင် သူတို့ဒီခရီးကို ဆက်မလျှောက်နိုင်ဘူးလို့ မဆိုလိုပေမယ့် ပိုခက်နေဦးမှာပဲ။ နောက်ပြီး ဒီလူကို သူအရမ်း သဘောကျတယ်လေ။ သူတို့ကြောင့်နဲ့တော့ အပြစ်ကင်းစင်တဲ့ သူ့ကို မသေစေချင်ပေ။
ဘုန်းကြီးဟွာက သူ့နှလုံးခုန်သံနဲ့ သွေးခုန်နှုန်းကို စစ်ဆေးပြီး ဝူရှဲ့ကို ဘေးဖယ်ခိုင်းလိုက်သည်။ သူက စမ်းရေပူနဲ့ မျက်နှာသုတ်ပဝါကို စိမ်ပြီး အနည်းငယ် အေးသွားအောင် ကျောက်တုံးပေါ် တင်ကာ ရွှင့်ကျစ်ရဲ့ ခန္ဓာကိုယ်ကို သုတ်ပေးလိုက်သည်။ သူ့တစ်ကိုယ်လုံး သွေးရောင် ဖုံးလွှမ်းလာတဲ့အထိ စောင့်နေပြီးမှ ရေပူပူကို လောင်းထည့်ပေးလိုက်သည်။ ရေပူကို သောက်ပြီးတာနဲ့ ရွှင့်ကျစ်မှာ ပြင်းပြင်းထန်ထန် ချောင်းဆိုးလာပြီး မျက်ခမ်းတွေလည်း လှုပ်လာသည်။
ထိုအခါမှ ဝူရှဲ့တို့လည်း သက်ပြင်းချရတော့သည်။ ဘုန်းကြီးဟွာက ပြောလေ၏။
“အိုကေပြီ မသေနိုင်တော့ဘူး”
လေထု ငြိမ်သက်သွားကာ ဖက်တီးနှင့် ယဲ့ချန်တို့ နှစ်ယောက်လုံးက စီးကရက် တစ်လိပ်စီ ထုတ်ကာ မီးညှိပြီး ဆေးလိပ်စသောက်ကြသည်။ ထိုအချိန်တွင် ချန်ဖီအားစစ်လည်း ဖန့်ကျစ်ရဲ့ အကူအညီဖြင့် ဝင်လာခဲ့သည်။
ဒီအဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်ပြီးနောက်မှာ သူတို့အားလုံး မောပန်းနွမ်းနယ် နေကြပြီမို့ စကားပြောဖို့ ခွန်အားပင် မရှိတာပေ။ ထို့ကြောင့် ကိုယ်စီကိုယ်စီ သက်တောင့်သက်သာ အိပ်ဖို့ နေရာတွေ ရှာကြလေသည်။
အပူချိန် ပြောင်းလဲမှုကြောင့် သူတို့ခန္ဓာကိုယ်ပေါ်ရှိ နှင်းများသည် အရည်ပျော်ကျကာ အဝတ်အစားများနှင့် ဖိနပ်များက စိုစွတ်စပြုလာသည်။ ထို့ကြောင့် အဝတ်များကို ချွတ်ကာ အခြောက်ခံရန် ကျောက်တုံးများပေါ်တွင် တင်ထားကြသည်။ ယဲ့ချန်က အစာသွပ်ဗူးကို ထုတ်ပြီး အပူပေးဖို့အတွက် ရေနွေးပူပူထဲကို ပစ်ချလိုက်ပြီး လူတိုင်းကို ပေးလိုက်သည်။
ဝူရှဲ့ စားသောက်နေတုန်း ဘုန်းကြီးဟွာနဲ့အတူ တွေ့ထားတဲ့ နံရံဆေးရေး ပန်းချီတွေကို ကြည့်နေ၏။ ဒီနေရာက သဘာဝကျကျနဲ့ ဖွဲ့စည်းထားတာ သိသာထင်ရှားပြီး နေရာကျဉ်းကျဉ်းလေးထဲမှာ ဘာလို့ နံရံဆေးရေး ပန်းချီတွေ ရှိနေတာလဲ ဆိုတာတော့ စဥ်းစားစရာ ဖြစ်လို့နေသည်။ မျက်နှာသေ အစောနက ရုတ်ချည်း ပျောက်ကွယ်သွားတဲ့ ကိစ္စနဲ့ ဂူအဝင်ဝမှာ တံဆိပ်ခတ်ထားတဲ့ ကျောက်တုံးကြီးကို ဝူရှဲ့ သိပ်သဘာဝမကျဘူးလို့ ခံစားရလေသည်။
ရှေးဟောင်းပစ္စည်းနှင့် ပတ်သက်နေသော လူများသည် အချက်အလက်များစွာကို ပေးပို့သည့် နံရံဆေးရေး ပန်းချီများနှင့် ရုပ်ကြွများကဲ့သို့ အရာများကို အလွန်စိတ်ဝင်စားကြသည်။ တခြားသူများကလည်း သူတို့ကို ကြည့်ကာ တဖြည်းဖြည်း သူတို့အနား ရောက်ရှိလာကြတာကို တွေ့ရသည်။
သို့သော် ပန်းချီကားနှင့် ပတ်သက်သည့် အချက်အလက်များစွာ မရရှိခဲ့ပေ။ နတ်သမီး၏ ပန်းချီကား အများစုသည် လှပသော ဘုံဗိမာန်များ သို့မဟုတ် ထုံးတမ်းစဉ်လာ တန်ဆာပလာများပေါ်တွင် တည်ရှိနေတတ်သည်။ ၎င်းတို့သည် လှပသော ကခုန်ခြင်း မြင်ကွင်းများကိုသာ ပြသတတ်ကြပြီး လက်တွေ့တွင်တော့ အရေးပါမှု မရှိပေ။ ဒီမှာရှိတဲ့ ပန်းချီကား အပိုင်းအစ အများစုဟာလည်း ဒီလိုပါပဲ။ သူတို့ အားလုံးဟာ ရှေးခေတ်သင်္ချိုင်းဂူထဲက တွားသွားဝင်သူတွေ များတာကြောင့် မြင်မြင်ချင်း စိတ်မဝင်စားတော့ချေ။
ဝူရှဲ့ ခြေချောင်းတွေကို ပွတ်သပ်ပြီး ပြန်လှည့်ထွက်ဖို့ ပြင်လိုက်သည်။ ဒီကိုလာခဲ့တဲ့ လမ်းတစ်လျှောက်မှာ ချွေးတွေ အရမ်းထွက်ပြီး ခြေချောင်းတွေလည်း ထုံနေတာကြောင့် အနည်းငယ် နာကျင်နေသည်။ ထိုအချိန်တွင် ဖက်တီးဆီကနေ "ကျစ်"ဆိုတဲ့ အသံကို ကြားရ၏။ သူမ လက်မကို ဆန့်ကာ ပန်းချီကားကို လက်ဖြင့် ခွာထုတ်လိုက်ပေသည်။
ဒီအရာဟာ တန်ဖိုးမရှိပေမယ့် အတိတ်ရဲ့ အမွေအနှစ် တစ်ခုဖြစ်လို့ ဝူရှဲ့ အနေနဲ့ သူ့ကိုဖျက်စီးခွင့် မပြုနိုင်ပါဘူး။ ဒါကြောင့် 'ဘာလုပ်တာလဲ' လို့ မေးလိုက်သည်။
ဖက်တီးက "မင်းဘာတွေ ပြောနေတာလဲ? ငါ့လက်သည်းတွေကရော တန်ဖိုး မရှိလို့လား? ငါက သာမန်အရာတွေဆို မခွာပါဘူး။ မင်းကိုယ်တိုင် လာကြည့်လိုက်... ဒီပန်းချီကားမှာ အလွှာနှစ်လွှာ ရှိတယ်"
"နှစ်ထပ်လား?"
ဝူရှဲ့ မျက်မှောင်ကြုတ်ပြီး ဖက်တီး ဘာကိုဆိုလိုလဲဟု တွေးလိုက်မိသည်။
တခြားလူတွေကလည်း သူ့ပတ်ဝန်းကျင်မှာ ဝိုင်းလာပြီး ဖက်တီး ဘာပြောနေတာလဲ ဆိုတာကို သိရဖို့ ထွက်လာကြသည်။ သူ့လက်ချောင်းတွေကို ကြည့်လိုက်တော့ အနီရောင် သစ်ကြံပိုးခေါက်ပစ္စည်းတွေ ခြစ်ထုတ်ထားတာ တွေ့လိုက်ရ၏။ ပြီးတော့ သူ့ရှေ့က မြေကွက်တွေကို ကြည့်လိုက်တော့လည်း ကွာကျထားတဲ့ အပိုင်းအစတွေကို တွေ့ရသည်။ သေချာပါတယ်။ ပန်းချီကားရဲ့ ထောင့်မှာ တစ်ဖက်နဲ့ သိသိသာသာ ကွဲပြားစွာ စီစဥ်ထားတဲ့ ပန်းချီကားတစ်ချပ် ရှိပြီး အဲဒီပန်းချီကားကလည်း ထူးခြားလေသည်။ ဒီနေရာက သိပ်ကို မထင်ရှားတဲ့ အတွက်ကြောင့် လူတွေသာ ထက်မြက်တဲ့ မျက်လုံးများဖြင့် မကြည့်ခဲ့လျှင် ဘယ်သောအခါမှ မမြင်နိုင်လောက်ပေ။
မူရင်း နံရံဆေးရေးပန်းချီကို ဖုံးကွယ်ရန် ပန်းချီကားပေါ်တွင် အလွှာအသစ်တစ်ခုကို တစ်စုံတစ်ယောက်က ရေးဆွဲခြင်းကြောင့် ဖြစ်ပေါ်လာတာ ထင်ရှားလေသည်။
လေထုရဲ့ ထိတွေ့မှုကြောင့် အပေါ်ယဲ အလွှာသည် တဖြည်းဖြည်း ကွာကျလာ၏။ နောက်ကွယ်ရှိ ပန်းချီများသည်လည်း နံရံဆေးပန်းချီများဖြစ်ဖို့ များသည်။
ဖက်တီးက သူ့လက်ချောင်းများဖြင့် ဆက်လက်ကုတ်ခြစ်နေရာ ခြစ်ထားရာ နေရာတွင် တောက်ပသော အရောင်တချို့ ပေါ်လာတော့သည်။
ဝူရှဲ့ နံရံဆေးရေး ပန်းချီကို လက်ညိုးနဲ့ ခြစ်လိုက်တော့မှ ဒီမျက်နှာပြင် အလွှာဟာ ပန်းချီကား လုပ်ငန်းစဉ်အားလုံးကို ပြီးမြောက်ထားပုံ မပေါ်သေးကြောင်း သဘောပေါက်လိုက်သည်။ ဒါကြောင့် ဖက်တီးက အရောင်ကို ခြစ်ရာနဲ့တင် ရိုးရိုးရှင်းရှင်း သုတ်ပစ်လိုက်နိုင်တာပဲ။ ဒါမှမဟုတ်ရင် ပြီးပြည့်စုံတဲ့ အဆင့်တွေကို ရောက်ခဲ့မယ်ဆိုရင် အပြင်ဘက်အလွှာရှိ ထန်မင်းဆက်က နံရံဆေးရေး ပန်းချီများက ထင်ရှားလာမှာပဲ ဖြစ်သည်။ နံရံဆေးရေးပန်းချီကို အရောင်တင်ဆီကဲ့သို့ ရှင်းလင်းသော အထူးအလွှာကို အသုံးပြုထားမှာ ဖြစ်လို့ အရောင်မှိန်ဖျော့ပြီး အခွံခွာနိုင်ခြေ နည်းပါးစေသည်။
ချန်ဖီအားစစ်က တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်ထားသည်။ မကြာမီတွင် ကြီးမားသော နံရံဆေးရေး ပန်းချီကားကြီးက တစ်ချပ်လုံး ကြွေကျသွားသည်။ ပန်းချီကား၏ နောက်ကွယ်တွင် ရောင်စုံဆေး ခြယ်ထားသော ရထားလုံးရဲ့ ပုံတစ်ဝက် ပေါ်လာသည်။ ရထားလုံးသည် တိမ်များပေါ်တွင် လွင့်မျောနေ၏။ မွန်ဂိုလီးယား ၀တ်စုံဖြင့် အမျိုးသမီးများက ရထားလုံးရဲ့ တစ်ဖက်တစ်ချက်မှာ စောင့်နေကာ ရထားလုံးပိုင်ရှင်က ခပ်ဝဝ လူတစ်ယောက်ပင်။ ဝူရှဲ့ အဲဒီလူရဲ့ အဝတ်အစားကိုတော် တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဒါက ဇာတ်ကြောင်းပြတဲ့ ပန်းချီကားဖြစ်တာကြောင့် ဝူရှဲ့ ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။
တစ်စုံတစ်ယောက်သည် ဇာတ်ကြောင်းပြထားသော နံရံဆေးရေးပန်းချီကို ဦးစွာရေးဆွဲခဲ့ပုံရသော်လည်း အကြောင်းတစ်ခုခုကြောင့် ၎င်းကို အလျင်အမြန် အခြားတစ်ခုနှင့် အစားထိုးခဲ့သည်။ ထို့ပြင် ထိုအချိန်ကာလတွင် အချိန်ဟာလည်း အလွန်တင်းကျပ် နေနိုင်သောကြောင့် အပြင်ဘက်က နံရံဆေးရေးပန်းချီသည်လည်း နောက်ဆုံးအဆင့်တွင်ပင် မပြီးခဲ့ပေ။
ချန်ဖီအားစစ်က နံရံဆေးရေးပန်းချီ တစ်ခုလုံးကို ကြည့်လိုက်ပြီးနောက် အနီးပတ်ဝန်းကျင်ကို လှည့်ကြည့်ကာ ဝူရှဲ့တို့အား ပြောလာ၏။
"ဒါက.... ကောင်းကင်နန်းတော်နဲ့ ပတ်သက်တယ်... နံရံတစ်ခုလုံးက အလွှာတွေကို ခွာချလိုက်... ဘာဆွဲထားလဲ ရှင်းရှင်းလင်းလင်း သိသွားအောင် ကြည့်ကြတာပေါ့"
ဝူရှဲ့လည်း ထိုနံရံကြီးကို အရေးယူချင်နေတာ ကြာပါပြီ။ ဒါကြောင့် တခြားသူတွေနဲ့ အတူ လက်သည်းတွေနဲ့ ဆွဲထုတ်ပြီး ကျောက်နံရံပေါ်က ပန်းချီကားအလွှာတွေကို အခွံခွာဖို့ ဂရုတစိုက်နဲ့ စတင်လုပ်ဆောင်တော့သည်။
အပြင်ဘက် ပန်းချီကား၏ ကြီးမားသော ဧရိယာများ ပျောက်ကွယ်သွားကာ ခဏအကြာတွင် အရောင်စုံဖြင့် ခမ်းနားထည်ဝါသော ရုပ်ပုံလွှာများက သူတို့ရှေ့တွင် တဖြည်းဖြည်း ထွက်ပေါ်လာခဲ့လေသည်။