Chapter (59)
အိပ်မက်လိုလို
"လုရွှီ--!"
အပြင်မှာက လုံးဝ မှောင်နေပြီ။ ဟုန်ကျွင့် လုရွှီနာမည်ကို မကြာခဏ အော်ခေါ်သော်လည်း တစ်ဖက်က တုံ့ပြန်မှု လုံးဝ မရရှိခဲ့ပေ။
"လုရွှီ!"
“ဘယ်လိုလုပ်ကြမလဲ” ငါးကြင်းနတ်ဆိုးက “အရမ်းအေးနေပြီ.... ပြန်ကြမလား”
"ဘယ်လိုလုပ် ဖြစ်မှာလဲ!" ဟုန်ကျွင့်က စိုးရိမ်တကြီးနဲ့။
"သူ အေးခဲသွားလိမ့်မယ်... မင်းတောင် အရမ်းအေးနေတာ... သူက အဝတ်နည်းနည်းပဲ ဝတ်သွားတာ မင်းလို အကြေးခွံနဲ့ အမွေးလည်း မရှိဘူး!"
ငါးကြင်းနတ်ဆိုးက "ဒါဆို မင်း ငါ့ခြေထောက်တွေကို အရင်ခြုံထားပေးရမယ်!"
"ထုပ်ထားပြီးသား မဟုတ်ဘူးလား?"
"ဟိုဘက် တစ်ဖက်က ထွက်နေပြီ!"
ဟုန်ကျွင့်သည် ငါးကြင်းနတ်ဆိုးကို သူ့လက်ထဲတွင် ကိုင်ထားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ မြင်းဇက်ကြိုးကို လှုပ်ရင်း ဆန့်ကျင်ဘက် တောင်တန်းများဆီသို့ ပြေးဆင်းသွားခဲ့သည်။
သူဘယ်သွားတာလဲ။ ဤရေခဲနှင့် နှင်းထဲတွင် လုရွှီ ခြေထောက်နဲ့ ပတ်ပြေးနေပါက တစ်ညအတွင်း နှင်းထဲတွင် အေးခဲသွားလိမ့်မည်။ ဟုန်ကျွင့် အနောက်မြောက်ဘက်သို့ အချိန်အတန်ကြာ ပြေးသွားပြီးနောက် မကြာမီတွင် ခြေရာများကို တွေ့သွားသည်။
သူပဲ!
ဟုန်ကျွင့် ခြေရာများအတိုင်း ချက်ချင်း လိုက်သွားသည်။ ယုတ္တိနည်းအရ ပြောရလျှင် လုရွှီက ခြေလျင်လျှောက်သူမို့ မြင်းစီးသူက တစ်နာရီ လေးပုံနှစ်ပုံခန့်အတွင်း ခြေရာများကို လိုက်နိုင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် လုရွှီသည် နာရီဝက်လောက်သာ အမြန်ပြေးနိုင်လိမ့်မည်။ ဟုန်ကျွင့် သူ့ရှေ့က နှင်းများကို အရောင်ငါးရောင်ဖြင့် လင်းထိန်သွားစေတဲ့အခါ ခြေရာများက တစ်နေရာတည်းတွင် ပျောက်ကွယ်သွားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
ထို့ထက် ခြေရာများကို အစားထိုး၍ အဝေးသို့ ထွက်သွားသော မြင်းခွာများကို ထပ်တွေ့ရ၏။
ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါဘာကိုဆိုလိုတာလဲ?
လျိုဖေးကလည်း တစ်ချိန်တည်းမှာပင် ထွက်ခွာသွားခဲ့ကြောင်း ဟုန်ကျွင့် ရုတ်တရက် တွေးလိုက်မိသည်။ ဒါဆို ဒါက လျိုဖေး ဖြစ်နေမလား။
ရာသီဥတုက အေးတာကြောင့် မြေပြင်ကလည်း အေးနေသည်။ လေနဲ့ နှင်းတွေက လယ်ကွင်းတွေကို ဖုံးနေ၏။ လျိုဖေးသည် သူ့မြင်းကို လွင်ပြင်ကိုဖြတ်၍ မောင်းနှင်နေကာ အနောက်မှာတော့ လုရွှီကို သယ်ဆောင်ထားသည်။
"မင်း သွမ့်ဟွမ်ကို ဘာသွားလုပ်မှာလဲ?"
လုရွှီက ဇွတ်တိတ်ဆိတ်နေပြီး လျိုဖေးကပဲ ဆက်ပြောလိုက်ရသည်။
"ပြန်သွားလိုက်ပါ... မင်းရဲ့ ဝံပုလွေနတ်ဘုရား မင်းကို စိတ်ပူသွားမှာကို မကြောက်ဘူးလား?"
တောင်ကုန်းပေါ်တွင် အမျိုးသမီးတစ်ဦးက နှင်းများကို စိုက်ကြည့်နေသည်။ အနက်ရောင်ဝတ် လူငယ်တစ်ဦးကလည်း သူမဘေးတွင် ငြိမ်သက်စွာ ရပ်နေ၏။
"လျိုဖေးက နည်းနည်း ကြာကြာလောက် ထပ်အိပ်နိုင်သေးလား"
အနက်ရောင်နဲ့ အမျိုးသမီးက ပြောတော့ အနက်ရောင်ဝတ် လူငယ်ကလည်း တိုးတိုးလေး ပြန်ပြောလာသည်။
"မရဘူး... သူနိုးနေပြီ ငါသူ့အနား မကပ်နိုင်တော့ဘူး ဒါကြောင့် သူပြန်အိပ်ပျော်သွားတဲ့အထိ စောင့်ရတော့မှာပဲ... ရွှမ်နွီ အဲဒီလူက ဘယ်သူလဲ?"
ရွှမ်နွီဟု လူသိများသော အနက်ရောင်ဝတ် အမျိုးသမီးက။
"သူ့ကို ငါမမြင်ဖူးဘူး... ဒါပေမဲ့ ပလိပ်ရောဂါနတ်ဘုရားက ပြောခဲ့တဲ့ ကလေးပဲ ဖြစ်မယ်... ငါ အခုချက်ချင်း လှုပ်ရှားလိုက်မယ်"
ထို့နောက် ရွှမ်နွီသည် သူမလက်များကို မြှောက်ကာ လေထဲ၌ မြှားတစ်စင်း ဆွဲယူလိုက်သည်။ နှင်းမုန်တိုင်းသည် ရုတ်တရက် နှင်းများကျလာသလို လျိုဖေးကလည်း တစ်ချက် ဟောက်ကာ နှင်းများပေါ်မှ တက်ကာ သူ့လေဓားကို ဆွဲထုတ်လိုက်သည်။
ရွှမ်နွီကလည်း လှပစွာ လှည့်ကြည့်ကာ အင်္ကျီလက်များကို ဝေ့ယမ်း၍ လျိုဖေးဆီသို့ ပျံသန်းသွားခဲ့သည်။
လျိုဖေး: "မင်းကိုး!"
အနက်ရောင်ဝတ် လူငယ်လေးသည် မှင်နှင့်တူသော လှံတစ်စင်းအဖြစ် ပြောင်းလဲကာ နှင်းထုထဲက ပြေးချလာသည်။ ၎င်းရဲ့ ဝင်တိုက်အားကြောင့် လုရွှီ ချက်ချင်းပင် မေ့လဲသွားခဲ့သည်။
သမင်တစ်ကောင်က ခေါင်းကို ငုံ့ထားပြီး အနက်ရောင် အငွေ့တွေက သမင်ချိုတွေပေါ်မှာ တဝဲလည်လည်ဖြင့်။ အနက်ရောင် အငွေ့များက လုရွှီ ဝိုင်းရံပြီး သူ့ကို နှင်းထဲကနေ ဆွဲထုတ်လိုက်ပေ၏။ ထို့နောက် အစောက သမင်ဟာ လူသားအသွင်ဖြင့် ပြန်ပေါ်လာပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော လုရွှမ်ကို စိုက်ကြည့်နေခဲ့သည်။
နှစ်ယောက်သားကို ကြည့်လိုက်လျှင် အမွှာတွေလို တစ်ထပ်တည်း ကျနေတာ တွေ့ရပေမည်။
တစ်ဖက်မှာတော့ လီကျင်လုံနဲ့ မော့ရစ်ကန်းတို့သည် မြို့တံခါးမှ ထွက်လာပြီး မီးတုတ်တွေ ကိုယ်စီကိုင်ကာ ဟုန်ကျွင့်ရဲ့ မြင်းခွာသံများနောက် ပြေးလွှားနေကြသည်။
လီကျင်လုံ: "ဟုန်ကျွင့်! လူရော?"
ငါးကြင်းနတ်ဆိုးသည် ဟုန်ကျွင့် ရင်ခွင်ထဲတွင် အိပ်ပျော်သွားသည်မှာ တစ်ညနီးပါးရှိနေပြီ ဖြစ်သည်။ တောင်များနှင့် လွင်ပြင်များရဲ့ နေရာတိုင်းတွင် နှင်းများဖုံးလွှမ်းလျက် ရှိကာ နဂါးငွေ့တန်းလမ်းသည် ညချမ်းနှင့် ကမ္ဘာကို ဆက်သွယ်ပေးလို့ ကမ္ဘာကြီးသည်လည်း အလွန်တိတ်ဆိတ်နေသည်။ နှင်းကျတာမရှိ၊ လေတိုက်တာ မရှိဘဲ ဟုန်ကျွင့်သည် အဆုံးမရှိ အိပ်မက်ထဲမှာ ပြေးလွှားနေရသလို ခံစားလာရလေ၏။
ဟုန်ကျွင့် မြူခိုးများထဲသို့ ပြေးဝင်ပြီး ထွက်လာပြီးနောက်တွင် ချိုးယုံစစ် ရေးဆွဲထားသော မှင်ပန်းချီကား တစ်ချပ်ကဲ့သို့ နေရာတိုင်းတွင် အဖြူရောင် မြူမှုန်ကြီးများ ရှိနေတာ တွေ့လိုက်ရသည်။ အကွာအဝေးကို မှင်နည်းနည်းဖြင့် လမ်းဖွင့်ထားပုံရပြီး တစ်ညလုံးနီးပါး ပြေးလာရတာမို့ လူက ဖြူဖပ်ဖြူရော် ဖြစ်နေပြီ။
မြူခိုးတွေကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာတော့ နှင်းတွေပေါ်က မြင်းခွာရာတွေကလည်း ပျောက်ကွယ်သွားခဲ့သည်။
မြူခိုးများ၏ နောက်ကွယ်တွင် တိတ်ဆိတ်ငြိမ်သက်နေသော သင်္ချိုင်းကုန်းတစ်ခု ရှိပေသည်။ ကြယ်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သုသာန်ဘေးတွင် မီးရောင်များဖွင့်ထားသည့် သင်္ချိုင်းစောင့်၏ အခန်းတစ်ခန်း ရှိသည်။ သစ်သားတံခါးက အနည်းငယ် ပွင့်နေတာကြောင့် ဟုန်ကျွင့် မြင်းကိုဆွဲကာ ခေါ်သွားစဥ် လျိုဖေးရဲ့ အသံကို ကြားလိုက်ရသည်။
"နောက်ကျီးက အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်... ဘုရင်ကြီး ကျေးဇူးပြုပြီး လူသတ်တာကို ရပ်လိုက်ပါတော်တဲ့..."
ဟုန်ကျွင့် သစ်သားတံခါးကို တွန်းဖွင့်လိုက်ရာ အခန်းအတွင်း၌ လျိုဖေးက မြေပြင်ပေါ်တွင် ထိုင်နေပြီး လုရွှီက ကုတင်ပေါ်တွင် လဲလျောင်းနေကာ အခန်းထဲတွင်တော့ နွေးထွေးနေသည်။
နောက်ဆုံးတော့ ဘုရားသခင်ကို ကျေးဇူးတင်ရတော့မည်။ လုရွှီဟာ အနက်ရောင် အဝတ်အစားကို ဝတ်ထားပြီး သူလာတာတွေ့တော့ ထထိုင်လေ၏။
"ဟုန်ကျွင့်!"
လျိုဖေး: "မင်းဘာလို့ဒီကို ရောက်နေတာလဲ"
ဟုန်ကျွင့်မှာ လျိုဖေးကို စကားပြန်ပြောဖို့ ဂရုမစိုက်ဘဲ ကုတင်ပေါ်ထိုင်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"မင်းဘာလို့ ဒီလိုမျိုး ထွက်သွားရတာလဲ..."
လုရွှီက ပြန်မဖြေချင်ပုံ ပေါ်တာကြောင့် လျိုဖေးကပဲ ပြန်ပြောလိုက်လေသည်။
"သူ တစ်ခုခုရှာနေသလို အနောက်မြောက်ဘက်ကို လျှောက်လာတာကို မြင်တော့ ခေါ်လာပေးလိုက်တာ မင်းသူ့ကို ပြန်ခေါ်သွားချင်တာလား"
ဟုန်ကျွင့် လျိုဖေးကို ကျေးဇူးတင်စကား ဆိုပြီး လုရွှီဘက် လှည့်မေးလိုက်၏။
"ဘယ်သွားမလို့လဲ"
လုရွှီအမူအရာမှာ ဝမ်းနည်းနေပုံပေါ်ကာ အနောက်မြောက်ဘက်သို့ ညွှန်ပြလိုက်သည်။ ဟုန်ကျွင့်လည်း သူအိမ်ပြန်ချင်တာ သိပေမယ့် လုရွှီရဲ့အိမ်က မရှိတော့ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဟုန်ကျွင့် အချိန်အတော်ကြာအောင် အဖြေမထုတ်နိုင်ဘဲ ရပ်တန့်နေမိသည်။ လုရွှီဟာ တစ်စုံတစ်ရာ ဖုံးကွယ်ထားကြောင်း ခံစားလိုက်ရကာ သူ့အတွေးများကို မှန်းဆ၍ မရပေ။ မော့ရစ်ကန်းနဲ့ လီကျင်လုံတို့ ရောက်ရှိလာမှသာ ဆက်လုပ်ရတော့မည်။
ဟုန်ကျွင့်: "မနက်ဖြန် ငါမင်းနဲ့အတူ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပေးမယ်... ခေါင်းဆောင်နဲ့ မော့ရစ်ကန်းတို့လည်း လမ်းမှာ လာနေလောက်ပြီ"
လျိုဖေး: "မင်းတို့ တစ်ညလောက် နားလိုက်ကြဦး... ငါ တစ်ညလုံး စောင့်ကြည့်နေပေးမယ်"
လျိုဖေးက တံခါးကိုတွန်းဖွင့်ပြီး ထွက်သွား၏။ ဟုန်ကျွင့်မှာလည်း လုရွှီကို တစ်ညလုံး လိုက်ဖမ်းရင်း မောပန်းနေပြီ ဖြစ်သောကြောင့် ငါးကြင်းနတ်ဆိုးကို မီးဖိုပေါ် တင်ကာ သူလည်း အနားယူလိုက်သည်။ ဟုန်ကျွင့် သူ့လက်ကို မြှောက်ကာ လုရွှီရဲ့ နဖူးကို ကိုင်လိုက်ပြီး။
"စိတ်မကောင်း မဖြစ်ပါနဲ့... မင်းဘာလို့ ဝမ်းနည်းနေလဲ ငါမသိပေမယ့် တိုတိုပြောရရင် အရာအားလုံးက ပိုကောင်းလာပါလိမ့်မယ်"
လုရွှီက တွေးတောနေဆဲဖြစ်ပြီး သမ်းနေသော ဟုန်ကျွင့်ကို စိုက်ကြည့်နေသည်။
ဟုန်ကျွင့် အိပ်ငိုက်နေပါပြီ။ အပြင်ဘက်တွင်တော့ နှင်းများက ထပ်မံကျလာသကဲ့သို့ အေးစက်နေပုံရပြီး လေချွန်သံတွေကလည်း သစ်သားခေါင်မိုးကို မှုတ်ထုတ်နေသည်။
တစ်ခဏအတွင်းတွင် အဖြူရောင် အလင်းတန်းများ လင်းလက်လာပြီး ပေါင်းပင်များ ဝန်းရံထားသော နတ်ဆိုးနှင် ဌာနသို့ ပြန်ရောက်သွားသလို ဟုန်ကျွင့် ခံစားလိုက်ရသည်။ လီကျင်လုံက မြေပြင်ပေါ်တွင် စက်ဝိုင်းဆွဲရန် ဉာဏ်ပညာဓားကို သုံးနေလေသည်။
"မိန်းမနေနဲ့ မြန်မြန်ဆွဲ!"
ဟုန်ကျွင့် ပတ်ပတ်လည်ကို သေသေချာချာ ကြည့်လိုက်တော့ လီကျင်လုံက သွေးနီရောင် သုတ်ဆေးကို မြေပြင်ပေါ်သို့ ညင်သာစွာ လောင်းချလိုက်တာကို တွေ့လိုက်ရသည်။
.........
"ဘယ်သွားမလို့လဲ" လီကျင်လုံက မေး၏။
မော့ရစ်ကန်း: "အိုး...နှင်းကျနေပြီ!"
နှင်းများ ထူထပ်စွာ ကျဆင်းလာသည်။ ကောင်းကင်ယံကနေ သည်းကြီးမည်းကြီး ကျလာသော နှင်းမှုန်များ အောက်တွင် သူတို့နှစ်ဦးနောက်လိုက်နေသည့် တစ်ခုတည်းသော ခြေရာများ ပျောက်ကွယ်သွားခဲ့သည်။
လီကျင်လုံမှာ အလွန်စိုးရိမ်လာသဖြင့် မြင်းခေါင်းကို လှည့်ကာ တောင်လမ်းကြောင်းများကို အနှံ့ ကြည့်လိုက်သည်။ မော့ရစ်ကန်းက နောက်ပြန်လှည့်ကာ တောင်ကုန်းပေါ်မှ ခုန်ဆင်းလာခဲ့၏။ ၎င်းက နှင်းတွေထဲ ဦးညွှတ်လှုပ်ယမ်းကာ ဝံပုလွေပုံစံပေါ်လာကာ လေကို ရှူရှိုက်လိုက်သည်။
"မင်း သူ့အနံ့ကို ခံစားမိလား"
ဝံပုလွေကြီး: "သူ ကျောက်ကျစ်လုံကို သူနဲ့အတူ ခေါ်သွားတာပဲကွ.... ဒီဘက်ပဲ သွားရအောင်!"
မီးဖိုထဲက မီးတောက်များက တဂျစ်ဂျစ်ဖြင့် တောက်လောင်နေပြီး ဟုန်ကျွင့်သည် မျက်စိမှိတ်ထားလျက် ကုတင်ပေါ်တွင် လဲလျောင်းနေ၏။
"ရှင်းအာ...." ရင်းနှီးသော လူတစ်ယောက်၏ အသံက ရုတ်တရက် သူ့အနီးနားမှ ထွက်လာသည်။
"နိုးလာပြီ"
ဟုန်ကျွင့်:"?"
ဟုန်ကျွင့် သူဘယ်လောက် ကြာအောင် အိပ်ပျော်သွားလဲမသိ။ တစ်ကိုယ်လုံးက မသက်မသာ ဖြစ်နေသလို ခံစားရပြီး ပါးစပ်က ခြောက်သွေ့ကာ တစ်ကိုယ်လုံးကလည်း ပူထူနေသည်။ သူ နိုးလာသောအခါတွင် မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ အလွန်ချောမောသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ၎င်းက ကုတင်ဘေးမှာထိုင်ပြီး သူ့နဖူးကို လက်နဲ့ လာစမ်းနေ၏။
ဟုန်ကျွင့်သည် နှင်းကျနေသောည နှင့် လုရွှီတို့ကို ချက်ချင်း မေ့သွားခဲ့သည်။ သူ့စိတ်ထဲမှာ မရေမတွက်နိုင်သော အမှတ်ရစရာများစွာ လွှမ်းခြုံသွားကာ ခုနစ်နှစ်သားအရွယ်ကို ပြန်ရောက်သွားခဲ့သည်။ သူထဖို့ ရုန်းကန်ပေမယ့် ခေါင်းက ကွဲသွားတော့မတတ် ကိုက်ခဲနေလေသည်။
"ခုန်ရွှမ်း?" အပြင်မှာ အမျိုးသမီးတစ်ယောက်ရဲ့ အသံကလည်း ထွက်ပေါ်လာ၏။
"ရှင်းအာ နိုးလာပြီ"
"ဆေးသောက်လိုက်ဦး"
ခုန်ရွှမ်းက ဟုန်ကျွင့်ဘက်ကို ပြောလာသည်။
ဟုန်ကျွင့်: "ဖေဖေ... ခေါင်းကိုက်တယ်"
ခုန်ရွှမ်း သူ့လက်များကို ဆန့်ထုတ်လိုက်၏။ ဟုန်ကျွင့်သည် ဖျားနာမှုကြောင့် လက်ကိုပင် မမြှောက်နိုင်အောင် ဖြစ်နေသည်။
"ဆေးသောက်လိုက်နော်"
ဟုန်ကျွင့်လည်း အလွန် စိတ်မသက်မသာ ခံစားနေရသည်။ သူ့အသိစိတ်သည် မှိုတက်နေသော ဘောလုံးကဲ့သို့ ဖြစ်နေသဖြင့် ခေါင်းကိုက်တာကလည်း သူ့ခေါင်းမှ သံတူဖြင့် အဆက်မပြတ် ခေါက်နေသကဲ့သို့ပင်။
"သား ဆေးမသောက်ဘူး..."
ခုန်ရွှမ်း: "သား ဆေးသောက်ပြီးမှ ရောဂါက သက်သာသွားမှာ..."
ခုန်ရွှမ်းကဆိုရင်း ထိုခါးသက်သော ဆေးဟင်းရည် ပန်းကန်တစ်ဝက်ကို ယူလိုက်သည်။ ဟုန်ကျွင့်မှာ မသက်မသာဖြစ်မှုကို ခံနိုင်ရည် ရှိသွားအောင် သောက်ချလိုက်သော်လည်း သူသောက်ပြီး မကြာခင်မှာပဲ ပျို့အန်ချင်လာ၏။
"ခုန်ရွှမ်း!" အမျိုးသမီးက ဒေါသတကြီးနဲ့ ဝင်လာပြီး။
"ရှင် သူ့ကို ဘယ်လိုဆေးမျိုး ထပ်သောက်ခိုင်းပြန်တာလဲ?"
ခုန်ရွှမ်း: "အဖျားပျောက်ဆေးပါ!... မင်းဒီလိုဆက်ဖျားနေရင် မနက်ဖြန် ဘယ်လိုလုပ် လမ်းပေါ် သွားနိုင်တော့မှာလဲ"
ထိုအမျိုးသမီးသည် လှပသော အသွင်အပြင် ရှိသော်လည်း အလွန်ပင်ပန်း နွမ်းနယ်နေပုံပေါ်၏။ သူမမျက်နှာပေါ်က အပြုံး ဖျော့ဖျော့လေးဖြင့် ဟုန်ကျွင့်လေးရဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားကာ သူမ ရင်ဘတ်အနား ဆွဲကပ်ထားရင်း မျက်ရည်များ တလိမ့်လိမ့်ကျလာသည်။
ဟုန်ကျွင့်လေးလည်း သူမရင်ဘတ်ကို မှီကာ သူမ၏ ခန္ဓာကိုယ် အပူချိန်နှင့် နူးညံ့သော မွှေးရနံ့ကို ခံစားလိုက်သည်။
"မေမေ--!"
ကျာယွိကျစ်က သူမသားကို ပွေ့ဖက်ကာ ရှိုက်ကြီးတငင် ငိုနေသည်။ ခုန်ရွှမ်းသည် ငိုနေသော အမေနှင့်သားကြောင့် အလွန်စိတ်တိုသွားပြီး မတ်တပ်ထရပ်ကာ ဆိုလိုက်သည်။
"ကိုယ်က အသုံးမဝင်ဘူး.. အသုံးမကျတဲ့ ကိုယ့်အပြစ်ပါ!"
ဟုန်ကျွင့်လေးသည် ဆေးဖက်ဝင် ဟင်းချိုများစွာကို အန်လိုက်သော်လည်း နောက်ဆုံးတွင် ကျန်နေသော ဆေးစွမ်းပကားကို ကုန်ဆုံးသွားကာ ခေါင်းကိုက်တာက သက်သာသွား၏။
"ကျင်လုံ ဘယ်မှာလဲ" ဟုန်ကျွင့်က မေးသည်။
ကျာယွိကျစ်: "ကျင်လုံက သား နေမကောင်းဖြစ်နေတယ် ဆိုလို့တဲ့ စာအုပ်တစ်အုပ် ပို့လိုက်တယ်... မေမေ မင်းဆီလာပို့ပေးရမလား.."
“သူ့ကို မပေးနဲ့!!”
ခုန်ရွှမ်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ကျာယွိကျစ်ကတော့ သူ့ကို မကြည့်ဘဲ ခုန်ရွှမ်းအနားကနေ ဖြတ်သွားပြီး စာအုပ်တစ်အုပ်ကို ယူလာခဲ့သည်။ ထို့နောက် ဟုန်ကျွင့်ရဲ့ ကုတင်ဘေးမှာ ထားလိုက်ပါ၏။ စာအုပ်၏ စာမျက်နှာများ စုတ်ပြဲမသွားမီ အနည်းငယ်သာ လိုတော့သည်။ ကျာယွိကျစ်က သူ့ဘေးနားတွင် ထိုင်ကာ ဆိုလာသည်။
"မေမေ သားပစ္စည်းတွေကို ထုပ်ပိုးရဦးမှာ... သား အိပ်ငိုက်ရင် အိပ်ရာဝင်လိုက်တော့နော် လိမ္မာတယ်..."
ဟုန်ကျွင့် ပါးစပ်ကိုဖွင့်ပြီး "ဖေဖေ... သား သင်္ချိုင်းတွေ အများကြီးကို အိပ်မက်မက်တယ်"
"အိပ်မက်မက်နေတာလား" ခုန်ရွှမ်းက မျက်မှောင်ကြုတ်ပြီး။
"မကြောက်ပါနဲ့ အဖေ အလုပ်များနေလို့နော်..."
လင်မယား နှစ်ယောက်သားက တံခါးပိတ်ပြီး နောက်ပြန်ဆုတ်သွားကြသည်။
ဟုန်ကျွင့်လည်း သူ့လက်ထဲက စာအုပ်စာမျက်နှာတွေကို အကြိမ်အနည်းငယ် လှန်ကြည့်တော့ သူ့မျက်နှာက ရှုပ်ထွေးမှုတွေနဲ့ သံသယတွေ အပြည့်နဲ့ ဖြစ်သွားသည်။ နောက်ဆုံး စာမျက်နှာမှာ မှင်နဲ့ဆွဲထားတဲ့ အနက်ရောင် အရိပ်တစ်ခုနဲ့ ဘေးဘက်မှာ "ကောင်းကင်နတ်ဆိုး" ဆိုတဲ့ စာတန်းကို တွေ့လိုက်ရလေ၏။
ထိုစကား တံခါးက ရုတ်တရက် တွန်းဖွင့်ခံလိုက်ရပြီး ခုန်ရွှမ်း ဝင်လာပြန်သည်။ ဟုန်ကျွင့်လေးက မော့ကြည့်လိုက်တော့ ကုတင်ဘေးမှာ ထိုင်နေတဲ့ ခုန်ရွှမ်းကို တွေ့ရသည်။
"စကားလုံးတွေကို သား နားလည်လား?"
ဟုန်ကျွင့်လေး "အင်း" လို့ ဖြေလိုက်စဥ် ခုန်ရွှမ်းက။
"ဒီစာအုပ်ကို မဖတ်နဲ့တော့... အဲဒါက စာအုပ်ကောင်းလည်း မဟုတ်ဘူး"
ပြောပြီး သူက ကျောက်သကြားလုံး တစ်ထုပ်ကို ပေးကာ ဆိုလာသည်။
"စားကြည့်!"
ဟုန်ကျွင့်သည် သကြားလုံးများကို မြင်သောအခါ ရယ်ပြရင်း သူ့ပါးစပ်ထဲသို့ သကြားလုံးများ ပစ်ထည့်လိုက်သည်။ ခုန်ရွှမ်းသည် သူ့ခေါင်းလေးကိုထိကာ နဖူးကို ငုံ့နမ်းလာ၏။
မမျှော်လင့်ဘဲ ခုန်ရွှမ်က သူ့ကို ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လာကာ ရှိုက်ကြီးတငင်ငင် ငိုယိုလေတော့သည်။ သူ့ခေါင်းနှင့် မျက်နှာကို တင်းတင်းကိုင်ထားလျက် မျက်ခုံးမွှေးများကို တင်းတင်းလေး နမ်းကာ တိုးတိုးလေးလည်း ပြောလာသည်။
"ကြယ်လေး (ရှင်းအာ....) ဖေဖေ တောင်းပန်ပါတယ်...။"
ဟုန်ကျွင့်: "ဖေဖေ... ဘာဖြစ်နေတာလဲ?"
ခုန်ရွှမ်းက သက်ပြင်းတစ်ချက် ချကာ ခေါင်းယမ်းပြ၏။ ထို့နောက် မျက်လုံးမှိတ်ကာ မတ်တပ်ရပ်ပြီး ပြန်ထွက်သွားသည်။ အခန်းတွင်းရော အပြင်မှာပါ အရမ်းပူနေတာကြောင့် နွေညတစ်ည ဆိုတာ သိသာလှသည်။ ခဏကြာတော့ ချည်ပေါ်တင်လိုက်သကဲ့သို့ မူးဝေကာ ကုတင်ပေါ်မှ လဲကျသွားလေသည်။
သူ တံခါးကိုဖွင့်ပြီး အပြင်ထွက်လာတော့ ညဘက်တွင် ကျယ်လောင်သော အသံတစ်သံက ထွက်လာသည်။ ချန်အန်းရဲ့ညတာ။ သူနှင့် အရင်းနှီးဆုံး "ခေါက်၊ ခေါက်" ဟူသော အသံဖြစ်သည်။
မလှမ်းမကမ်းတွင်တော့ ကျာယွိကျစ်ရဲ့ ဒေါသသံကို ကြားနေရသည်။ သူ့မိဘများက ရန်ဖြစ်နေပုံပေါ်သောကြောင့် ဟုန်ကျွင့်လေးက ခြေဗလာဖြင့် သတိထားပြီး လျှောက်လာခဲ့သည်။
ခုန်ရွှမ်း: "သူတို့ကို ဘယ်သူက သတင်းပေးနေတာလဲ ကိုယ် မသိဘူး!... ဆူညံနေတာ ရပ်လိုက်တော့ ကြယ်လေး ကြားသွားလိမ့်မယ်!"
"ဒါဆို ပြောပါဦး... အခု ဘယ်သွားရမလဲ!"
ကျာယွိကျစ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ ပင်မခန်းမသည် သူ့မိဘများ ရွှေ့ပြောင်းထားသလို သစ်သားသေတ္တာများ၊ ခရီးဆောင်အိတ်များနှင့် အခြားအပျက်အစီးများဖြင့် ပြည့်နေပါသည်။
ခုန်ရွှမ်းသည် သေတ္တာပေါ်တွင် ထိုင်ကာ သက်ပြင်းချလိုက်ပြီး။
"သူ့ကို ယောင်ကျင်းနန်းတော်ဆီ ပြန်ခေါ်သွားမယ်.... ချုံမင်ကတော့ လျစ်လျူမရှုပါဘူး"
"ရှင့်ရဲ့ အဲ့ညီအကိုနှစ်ယောက်က ရှင့်ရဲ့အသက်ကိုပဲ ဂရုစိုက်တာ... ခုန်ရွှမ်း သူတို့က ကျွန်မတို့သားအမိကို ဘယ်လိုလုပ် စာနာနိုင်မှာလဲ... ကျွန်မသာ ကြယ်လေးကို ချုပ်နှောင်ထားဖို့ ကျွန်မအသက်ကို မစွန့်စားထားဘူး ဆိုရင်။ သူမွေးလာတဲ့အချိန်မှာ အသက်ရှင်နေဦးမှာလား"
"ဒဏ်ရာဟောင်းတွေကို တူးဖော်နေတာ ရပ်လိုက်ပါတော့! ကိုယ် ယောင်ကျင်း နန်းတော်ဆီ စာတစ်စောင် ပို့လိုက်တယ်... အစ်ကိုကြီးက ကြယ်လေး သေဆုံးသွားမှာကို ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး!"
"သူ့ခန္ဓာကိုယ်ထဲမှာ ဘာရှိနေတာလဲ?!"
ကျာယွိကျစ် တုန်လှုပ်သွားပြီး ရှေ့တိုးလာသည်။
"ကျွန်မကို ပြောစမ်း ခုန်ရွှမ်း! သူတို့ပြောတာကို ကျွန်မ ကြားလိုက်တယ်.... ရှင့်ရဲ့ကိုယ်ပေါ်က နတ်ဆိုးမျိုးစေ့ကို ရှင့်သားကို လက်ဆင့်ကမ်းပေးခဲ့တယ် ဟုတ်တယ်မလား... ရှင့်ရဲ့အသက်ကို ကယ်တင်ဖို့ ကလေးကို စတေးဖို့ နှလုံးသားရှိခဲ့တယ် ဟုတ်တယ်မလား"
ခုန်ရွှမ်းက ကျာယွိကျစ်ကို ကြည့်ပြီး။
"ယွိကျစ်...ကိုယ် ဒီလိုအတွေးမျိုး နဲနဲလေးတောင် တွေးထားမိရင် ငရဲထဲ ကျသွားပြီး ဘယ်တော့မှ ပြန်မထလာပါစေနဲ့ ! မီးမည်းထဲမှာ နှစ်သန်းပေါင်း ဆယ်ချီ ခံစားနေရပါစေ !"
ကျာယွိကျစ်သည် သူမမျက်နှာကို လက်နှစ်ဖက်ဖြင့် ဖိထားပြီး သူမ လဲကျလုနီးပါး တုန်တုန်ယင်ယင် အော်ဟစ်နေသော်လည်း ခုန်ရွှမ်းက ရှေ့ကို လှမ်းကာ ပွေ့ဖက်ထားလိုက်သည်။
"အစ်ကိုအကြီးဆုံးနဲ့ ဒုတိယအစ်ကိုက ငါတို့ကို လာခေါ်လိမ့်မယ်" ခုန်ရွှမ်းက ပြန်ဖြေသည်။
"မဟုတ်ဘူး... သူတို့ လာမှာ မဟုတ်ဘူး" ကျာယွိကျစ်က ဝမ်းနည်းစွာနဲ့ ဆို၏။
"ဒါမှမဟုတ်ရင် သူတို့က ရှင်ထိခိုက်မှာကို ထိုင်ကြည့်နေမှာ မဟုတ်သလို ကြယ်လေးကိုလည်း ထပ်ခါထပ်ခါ ပြန်ထိုင်ကြည့်နေမှာ မဟုတ်ဘူး... ကျွန်မက နတ်ဆိုးမဟုတ်ဘူး မဟုတ်ရင် ကျွန််မ အပိုင်းပိုင်း ကွဲသွားရင်တောင် ကြယ်လေးကို ဒီအတိုင်း အသက်ရှင်ခွင့် မပေးနိုင်ဘူး..."
"ယွိကျစ်... အဲ့စကားတွေ ရပ်လိုက်ပါတော့ကွ... မင်းတို့သားအမိကို ကိုယ်က ဘာလို့ သေခွင့်ပေးရမှာလဲ?"
"အဲ့တော့ရော ဘာအသုံးဝင်လဲ? ကျွန်မကသားကို တခြားကလေးတွေလို ပျော်ရွှင်စွာ နေထိုင်စေချင်တာ... ကြယ်လေးက ဘာဖြစ်နေတာလဲ သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးမျိုးစေ့က ဘာလဲ?"
"မမေးနဲ့တော့... မင်းအစ်ကိုကို ရှာဖို့ ကွာကျိုးကို မနက်ဖြန် မနက်စောစော ထွက်သွားရအောင်"
"နှစ်တွေကြာလာပြီ... ကျွန်မတို့ဘယ်ကို ထွက်ပြေးနေပါစေ သူတို့က ကျွန်မတို့နောက်ကို လိုက်လာနေတုန်းပဲ ကြယ်လေးကို သတ်ပစ်ဖို့ ကြိုးစားနေတဲ့ အစွယ်တွေ၊ ခြေသည်းတွေရှိတဲ့ မိစ္ဆာကောင်တွေက နေရာတိုင်းမှာ ရှိနေတာ...."
ခန်းမ အပြင်ဘက်တွင်တော့ ဟုန်ကျွင့်လေးသည် ကြောက်ရွံ့မှု အပြည့်ဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ နောက်ခြေတစ်လှမ်း ထပ်ဆုတ်လိုက်သည်။ သူတစ်ချက် လှည့်ကြည့်မိတာနဲ့ တစ်စုံတစ်ခုကို တိုက်မိသွား၏။ သို့သော် စင်္ကြံအတိုင်း ဖြတ်ပြေးသွားကာ ခြံဝင်းထဲတွင် တောင့်တောင့်ကြီး ရပ်နေမိကာ သူ့အင်္ကျီတစ်ထည်လုံးလည်း ချွေးများဖြင့် စိုရွှဲနေသည်။
ရုတ်တရက် ဥယျာဉ်ခြံမြေ တစ်ခုထဲကနေ အရိပ်တစ်ခုက အနောက်ကနေ ပြေးထွက်လာပြီး သူ့ခေါင်းကို ညင်သာစွာ ရိုက်လိုက်သည်။ ဟုန်ကျွင့် ရုတ်တရက် နောက်ပြန် လှည့်ကြည့်လိုက်တော့ သားသားနားနား အင်္ကျီကို ဝတ်ထားတဲ့ အရွယ်ရောက်ပြီးသား ယောက်ျားလေး တစ်ယောက် လရောင်အောက်မှာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေတာကို တွေ့လိုက်ရ၏။
"ကြယ်လေး... ရောဂါက သက်သာသွားပြီလား"
အရွယ်ရောက်ပြီးသား ယောက်ျားလေးသည် နံရံပေါ်၌ ထိုင်လျက် မြေပြင်ပေါ်တွင် ရပ်နေသော ဟုန်ကျွင့်အား တိုးတိုးလေး မေးလာခဲ့သည်။
"မင်းမျက်နှာက ဘာလို့ ဒီလောက်တောင် ရုပ်ဆိုးနေရတာလဲ"
ဟုန်ကျွင့်သည် သူ့မိဘများ၏ ထိုစကားကို ကြားတော့ ရုတ်တရတ် တုန်လှုပ်သွားသလို ဝမ်းနည်းသွားတဲ့ လှိုင်းလုံးကြီးတွေက ရိုက်ခတ်လာခဲ့တာကြောင့် မျက်ရည်တွေ စီးကျလာခဲ့ခြင်းပဲ ဖြစ်သည်။
အရွယ်ရောက်ပြီးသား ကောင်လေးက ဟုန်ကျွင့် ငိုနေတာကို မြင်တော့ ပျာပျာသလဲ ဖြစ်သွားသည်။
"ဟေး မငိုနဲ့လေ.. ဘာကိစ္စရှိလို့လဲ မင်းငိုရင် မင်းအဖေက ထပ်ရိုက်လိမ့်မယ်နော်"
ထိုသူသည် နံရံပေါ်မှ အမြန်ဆင်းကာ ခြေဗလာဖြင့် ဟုန်ကျွင့်ဆီသို့ ပြေးလာကာ ဒူးတစ်ဖက် ထောက်ကာ လေးလေးနက်နက် ကြည့်လိုက်သည်။
အရွယ်ရောက်ပြီးသား ထိုကောင်လေးသည် ကိုးနှစ်သားအရွယ် သန့်ပြန့်သော အ၀တ်အစားများကို ၀တ်ဆင်ထားသော်လည်း သူ့မျက်နှာသည်တော့ သွေးများဖြင့် စွန်းထင်းနေ၏။ သူက ဟုန်ကျွင့်၏ မျက်ရည်များကို သုတ်ပေးရင်း ဟုန်ကျွင့်ရဲ့ မျက်လုံးများ မှိန်ဖျော့သွားတာကို စိုက်ကြည့်နေသည်။ သူ့မျက်ခုံး၊ နှာတံ၊ နှုတ်ခမ်းတွေကို ဟုန်ကျွင့်ကလည်း သေသေချာချာ စိုက်ကြည့်နေ၏။
"ကျင်လုံ" ဟုန်ကျွင့် လှမ်းခေါ်ကြည့်လိုက်သည်။
"ငါ့ကို အစ်ကိုလို့ ခေါ်!" ကိုးနှစ်အရွယ် လီကျင်လုံက တိုးတိုးလေးပြောပြီး သူ့လက်ကို လှမ်းဆွဲလာသည်။
"သွားမယ်!"
လီကျင်လုံသည် ဟုန်ကျွင့်တို့အိမ်နှင့် ခြံစည်းရိုးသာ ခြားထားသော သူတို့ခြံဝန်းထဲသို့ ခေါ်သွားသည်။ ထို့နောက် သလဲပင်များ စိုက်ထားသည့် စင်္ကြံနှင့် အိမ်နောက်ဖေးသို့ ခေါ်သွား၏။
လီကျင်လုံတို့အိမ်က အတော်လေး ကြီးသည်။ ခြံဝသို့ ရောက်သောအခါတွင် ခြံရှေ့တွင် စစ်တုရင် ကစားကွက်တစ်ခု ရှိနေတာကို တွေ့ရသည်။ စစ်တုရင်ခုံ ဘေးတွင်တော့ စိမ်းပြာရောင် သလဲသီးတစ်လုံးကို ချထားသည်။ လီကျင်လုံက သူ့အင်္ကျီကို ပြေးယူကာ ဟုန်ကျွင့်ကို ဝတ်ခိုင်းထားလိုက်သည်။
ထို့နောက် အခန်းထဲကို တည့်တည့်မတ်မတ် ခေါ်သွားပြီး စားဖို့ ကိတ်မုန့်တစ်ဖဲ့ကို ယူလာပေးလေသည်။ သူက ဟုန်ကျွင့်နဖူးကို တို့ထိကာ ပျားရည်အနည်းငယ် ရောစပ်ထားသော ဆေးကို သောက်ရန်လည်း အချက်ပြနေတာကြောင့် ဟုန်ကျွင့် ပြန်ဖြေလိုက်သည်။
"အဖျား မရှိတော့ပါဘူး"
လီကျင်လုံတို့အိမ်က အလွန်ဇိမ်ကျကျ အလှဆင်ထားသည်။ သူနှင့် ဟုန်ကျွင့်သည် ဤနေရာတွင် စစ်တုရင်ကစားရင်း ခင်မင်လာကြကာ နောက်တော့ ဟုန်ကျွင့်က နာမကျန်းဖြစ်ခဲ့သည်။ ကျာယွိကျစ်က ပြောင်းရွှေ့လာတိုင်း ဟုန်ကျွင့်အား သူ့ပတ်ဝန်းကျင်က ကလေးတွေနဲ့ ကစားခွင့်မပေးချေ။ လီကျင်လုံကို တစ်ကြိမ်တွေ့ပြီးနောက် ဟုန်ကျွင့် အကျဉ်းချခံထားရလေသည်။
ဟုန်ကျွင့်ဟာ ခုနစ်နှစ် ရှစ်နှစ်သားအရွယ်အထိ အိမ်တွင် တစ်ယောက်တည်း နေရသည်။ သနားစရာ ကောင်းတာကြောင့် လီကျင်လုံက နံရံပေါ်မှ မကြာခဏ ကျော်တက်ကာ ရောက်လာတတ်လေ၏။