Chapter 224
ဖရိုဖရဲ
တပ်ခွဲခေါင်းဆောင်များက အမိန့်လက်ခံကာ ထွက်သွားကြသည်။ သူတို့က ချန်ရုံဘေးမှဖြတ်သောအခါ သူမကိုလှည့်ကြည့်သွားကြသည်။
“ဝင်ခဲ့”
ထို့နောက် သူမကို တဲထဲမှမူရုံခယ်ခေါ်နေသည်ကို ကြားလိုက်သည်။
ချန်ရုံက ခေါင်းငုံ့ကာ အထဲဝင်သွားသည်။
မူရုံခယ်က သူမကိုကြည့်ကာ ပြောလာသည်။
“ငါတို့တွေ ထွက်ခွာတော့မယ် အသင့်ပြင်ထား”
သူမက အသင့်ပြင်စရာဘာမှမရှိဟု တွေးမိသော်လည်း သဘောတူသည့်အသံပြုလိုက်သည်။
သူမလှည့်ထွက်သွားမည့်အချိန်တွင် သူကထပ်ပြောလာသည်။
“အနီရောင်ဝတ်စုံကို ဝတ်လာခဲ့၊ ယောက်ျားလေးဝတ်စုံ မဝတ်နဲ့တော့”
သူ၏အမိန့် သူမဘေးတွင်ရပ်နေသော အစေခံမိန်းကလေးနှစ်ယောက်၏ အကျိုးအတွက်ဖြစ်သည်။ သူတို့က ကြောင့်ကြစွာပြန်ဖြေလိုက်ပြီး ချန်ရုံကို သူမတဲဆီသို့ ပြန်သွားရာတွင် ကူညီပေးလာသည်။
သူမထိုင်လိုက်သည်နှင့် သွက်လက်သောလက်နှစ်ချောင်းက သူမဆံပင်ကိုဖြီးသင်ပေးကာ သူမမျက်နှာကိုပွတ်သပ်လာကြသည်။ မကြာမီတွင် ကြေးမုံထဲ၌ မိန်းမလှတစ်ယောက်ထွက်ပေါ်လာသည်။
သူမကနှုတ်ခမ်းကိုက်ထားကာ သူမအသွင်အပြင်က သုန်မှုန်နေသည်။
ချန်ရုံက သူမ၏ပုံရိပ်ကိုစိုက်ကြည့်ကာ မူရုံခယ်က သူ့အစီအစဉ်များကိုစတင်လိုက်ပြီဖြစ်ကြောင်း အလိုလိုသိလိုက်သည်။ သူမကိုဒီလိုမျိုးဝတ်ဆင်စေသည်မှာ သူမကိုကြည့်မိသောသူတိုင်း သတိထားမိအောင်ဖြစ်သည်။ ကိစ္စရပ်များက ကောင်းသည်ထက်စာလျှင် အဆိုးဘက်သို့သွားနေပေသည်။
ချန်ရုံက ဝတ်စုံလဲပြီးသောအခါ သူမအတွေးများကိုရပ်လိုက်သည်။ သူမကစိတ်ထိန်းရန် အသက်ပြင်းပြင်းရှူပြီး မူရုံခယ်၏အမိမိန့်ကိုစောင့်လိုက်သည်။
အချိန်များက ရပ်တံ့နေသလိုပင်။
နောက်ထပ်နာရီဝက်အကြာထိ ဘာမှမဖြစ်လာသောအခါ သူမက ဗျပ်စောင်းကိုတောင်းပြီး သူမတီးနေကျသံစဉ်ကို တီးခတ်နေလိုက်သည်။
ဤကာလတွင် ဗျပ်စောင်းတီးခြင်းသည် ပညာရှိစာသင်သားတို့၏ အထူးအခွင့်အရေးသာဖြစ်သည်။ အခက်အခဲကိုရင်ဆိုင်ရသော ယောက်ျားများသည် အချိန်များကုန်သွားရန် သူမအတိုင်းတီးခတ်ကြပေလိမ့်မည်။ မူရုံခယ်နှင့် စစ်သားများကို သူမဗျပ်စောင်းတီးသည်ကို နေသားကျနေပြီဖြစ်သည်။
သူမတီးခတ်သောသံစဉ်များက လေတိုက်နေသောချောင်းစွယ်လေးလို ဖြေးဖြေးချင်းစီးဆင်းလာကာ ချန်ရုံ၏စိတ်ကိုတည်ငြိမ်သွားစေသည်။
အမှုမဲ့အမှတ်မဲ့ဖြင့် သူမအိပ်ချင်လာသောအခါ သံစဉ်ကရပ်သွားသည်။
“သူမကိုနှိုးလိုက်၊ ငါတို့သွားရမယ်”
တစ်စုံတစ်ယောက်က အော်ပြောလာသည်။
“ဟုတ်၊ ဟုတ်ကဲ့ပါ”
အစေခံများက အလျင်အမြန်ပင် သူမကိုလှုပ်နိုးလာကြပြီး တီးတိုးပြောလာသည်။
“သခင်မလေး ကျွန်မတို့ထွက်ခွာရပါမယ်”
“ထွက်သွားရမှာလား”
ချန်ရုံကထထိုင်လိုက်သောအခါ အစေခံများက ထိုအခွင့်အရေးကိုယူပြီး သူမဆံပင်ကိုပြင်ပေးလာကြသည်။
မြင်းဟီသံနှင့် အော်ဟစ်သံများက လေထုထဲတွင် အဆက်မပြတ်ပြန့်လွင့်လာသည်။
“မင်းက ဘာလို့အချိန်ဖြုန်းနေတာလဲ”
သူမက နောက်ထပ်အော်သံတစ်ခုကို ကြားလိုက်သည်။
“ဟုတ်၊ ဟုတ် ကျွန်မတို့အခုရောက်လာပြီ”
သူတို့က သူမကိုတဲထဲမှတွန်းထုတ်လာကြသည်။
အပြင်ရောက်သောအခါ ချန်ရုံကကောင်းကင်ကိုမော့ကြည့်လိုက်သည်။ အရှေ့ဘက်တွင် အလင်းရောင်တစွန်းတစရှိနေပြီးသူမမျက်နှာကို လေအေးများဖြတ်တိုက်နေသည်။သူမက မနက်ခင်းလေ၏ အေးစိမ့်မှုကိုရှူရှိုက်လိုက်ကာ ယိမ်းနေသောမြက်များပေါ်တွင် နှင်းစက်များရှိနေသည်ကို မြင်လိုက်သည်။
အာရုံတက်နေပြီဖြစ်သည်။
ချန်ရုံက အစေခံမိန်းကလေး၏ထိန်းခေါ်သွားမှုဖြင့် မူရုံခယ်၏တဲဆီသို့ ဖြေးဖြေးချင်းလျှောက်သွားသည်။
မြင်းအနည်းငယ်က သူ့တဲရှေ့တွင်စောင့်နေကာ သူ၏ကိုယ်ရံတော်များက မြင်းပေါ်တွင်ရှိနေကြသည်။ ဝံပုလွေကဲ့သို့မျက်လုံးများက သူမပေါ်တွင်ခိုင်မြဲနေကာ ထိုမျက်လုံးပိုင်ရှင်များ၏ တံတွေးမြိုချသည့်အသံများကို ရှင်းလင်းစွာကြားနေရသည်။
ထိုကြောက်ရွံ့ဖွယ်မျက်လုံးများက သူမ၏ဝတ်ရုံလွှာများကို လောင်ကျွမ်းနေသလိုပင်။ သူမက အလျင်အမြန်ပင် တစ်ဖက်လှည့်ကာ တဲထဲသို့ဝင်သွားသည်။
မူရုံခယ်က ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ ဓားကိုလက်ထဲတွင်ကိုင်ထားသည်။ အပြင်ဘက်ရှိမီးတုတ်မှ မီးရောင်များက အေးစက်နေသောဓားသွားကို ဓားပေါ်မှသွေးမှစီးကျလာတော့မည့်အတိုင်း ပြုလုပ်နေသည်။
သူက ဓားကိုသုတ်ရာတွင် အလွန်အာရုံစိုက်ထားသည်။ လက်ချောင်းသွယ်သွယ်များက ဓားသွားပေါ်တွင် ဖြေးညှင်းစွာပွတ်တိုက်နေသည်။ ၎င်းကပေးလာသောအေးစက်မှုမှာ သူ၏မျက်နှာဖုံးပေါ်မှ အေးစက်မှုနှင့်အတူ သူမအားကြောက်ရွံ့စေသည်။
အပြင်ဘက်ရှိဆူညံသံများက ပိုပိုပြီးပြင်းထန်လာသည်။
မူရုံခယ်က မလှုပ်လာသလို ချန်ရုံလည်းအတူတူပင်ဖြစ်သည်။ သူမကခေါင်းငုံ့ကာ အချိန်ကုန်သည်ကို စောင့်နေလိုက်သည်။
အဆုံးတွင် မူရုံခယ်က ဓားကိုချကာ သူမအားတစ်ချက်လှမ်းကြည့်လာသည်။
“ခေါင်းမော့”
သူမက မော့ကြည့်လိုက်သည်။
သူ့မျက်လုံးများက မီးရောင်အောက်တွင် မီးဝံပုလွေ ကဲ့သို့ပင် သူမအားစိုက်ကြည့်နေသည်။
“ဒီကိုလာခဲ့”
ချန်ရုံက နာခံစွာပင် သူ့ဆီလျှောက်သွားသည်။
သူမက လက်တစ်ဖက်စာလောက်သာ ဝေးတော့သောအချိန်တွင် သူက သူမကိုလှမ်းဆွဲကာ သူ့ရင်ဘတ်ထဲဆွဲသွင်းလာသည်။
“ဒုတ်-”
ချန်ရုံ၏နှာခေါင်းက သူ၏ချပ်ဝတ်နှင့်ရိုက်မိသွားသော်လည်း သူမကရော မူရုံခယ်ကပါ ၎င်းကိုအာရုံမစိုက်နိုင်ပေ။
လက်တစ်ဖက်က သူမမေးစေ့ကိုမလာပြီး မော့ကြည့်စေလာသည်။
သူတို့က အချင်းချင်း အကြည့်ဆုံသွားကြသည်။
ရဲရဲတောက်နေသောမီးရောင်များအောက်တွင် သူတို့မျက်လုံးများက တောက်ပနေသည်။ အချင်းချင်းအဆုံးမရှိစွာ အကြည့်ဖြင့်ထိုးဖောက်နေကြသည်။
သူတို့က စကားလုံးကင်းမဲ့စွာ အချင်းချင်းစိုက်ကြည့်နေကြသည်။
ရုတ်တရက်ဆိုသလိုပင် မူရုံခယ်က သူမဝတ်စုံထဲသို့ သူ့လက်ကို ရိုင်းပျစွာ ထိုးထည့်လာသည်။
သူမ၏ဝတ်ရုံက တင်းကြပ်စွာချည်နှောင်ထားရာ သူမအသားရေအပေါ် သူမထိနိုင်အောင် ကာကွယ်ပေးနေသည်။ သူက စိတ်မရှည်စွာပင် လက်နှစ်ဖက်လုံးကိုသုံးကာ ဝတ်ရုံကိုဆွဲဖြဲလိုက်သည်။
“ဗြိ.... ”
ဝတ်ရုံလွှာများက ဆုတ်ပြဲသွားကာ လေအေးများက သူမ၏ဗလာဖြစ်နေသောရင်သားသို့ ဖြတ်တိုက်သွားသည်။ ချန်ရုံက မူရုံခယ်ကို မယုံနိုင်စွာစိုက်ကြည့်လိုက်ပြီးနောက် သူမ၏ဖရိုဖရဲဖြစ်နေသောအခြေအနေကို ငုံ့ကြည့်လိုက်သည်။
သူ့မျက်နှာပေါ်တွင် ဘာရမ္မက်မှရှိမနေပေ။ သူ့စစ်တပ်က ထွက်ခွာတော့မယ့်အချိန်မှာ သူမဝတ်စုံကို ဆွဲဖြဲပြီး ဘာလုပ်ချင်နေတာလဲ။
ချန်ရုံက သူမဦးနှောက်ကို အလုပ်ပေးနေချိန်တွင် မူရုံခယ်က သူမဆံပင်စည်းသောအစွပ်ကို ကြမ်းတမ်းစွာဆွဲလာသည်မှာ သူမဦးရေပြားကိုစူးရှသောနာကျင်မှုပေးလာပြီး မျက်လုံးတွင်မျက်ရည်များဝဲလာစေသည်။
သူက သူမကိုစစ်ဆေးရန် ခေါင်းငုံ့လာသည်။
အချိန်တစ်ချို့ကြာပြီးနောက် သူကထပ်ပြီးလက်ဆန့်ကာ ချန်ရုံ၏ဝတ်ရုံများကို ထပ်ဆွဲဖြဲလာသည်။
“ဗြိ.... ”
မူရုံခယ်က စိတ်ကျေနပ်သွားသောအခါမှ ရပ်လိုက်သည်။ သူမခန္ဓာကိုယ်၏တစ်ဝက်လောက်က ထွက်ပေါ်လာသည်။ သူမရင်သားက ဗလာဖြစ်နေပြီး အပြင်ဝတ်ရုံနီက သူမ၏ရင်ဘတ်အောက်တွင် တွဲလောင်းကျနေသည်။ အတွင်းအင်္ကျီဖြူက လုံးဝကိုစုတ်ပြဲသွားကာ သူမ၏ ပန်းရောင်အတွင်းခံကလည်း ဆွဲချခံထားရပြီး သူမရင်သား၏ တစ်ဝက်လောက်ကို ဖော်ပြနေသည်။
မူရုံခယ်က နောက်ဆုတ်ကာ ချန်ရုံကိုအကဲဖြတ်လာသည်။
“မဆိုးပါဘူး”
သူက ခေါင်းငြိမ့်ကာ အသိအမှတ်ပြုလာသည်။
ဤသို့ပြောပြီးနောက် သူကအမိန့်ပေးလာသည်။
“သွားဖို့ မြင်းတွေကိုအဆင်သင့်ပြင်ထားလိုက်”
သူက နှစ်လှမ်းလောက်လျှောက်ပြီးနောက် ပြန်လှည့်ကာ ချန်ရုံအားပြောလာသည်။
“အနောက်က ကပ်ပြီးလိုက်ခဲ့”
သေချာပေါက်ပင် သူမက သူ့နောက်မှ နီးကပ်စွာလိုက်သွားလိုက်သည်။ သူမ၏ပုံစံက ယောက်ျားတစ်ယောက်၏ ကိုယ်ထိလက်ရောက်ကျူးလွန်ကာ အတင်းအဓမ္မကျင့်ခံရသည့် ပုံစံဖြစ်နေကြောင်း မှန်ကြည့်စရာမလိုဘဲ ပြောနိုင်ပေသည်။ အကယ်၍ သူမသာ သူနှင့်ကပ်ပြီးမလိုက်သွားပါက ဟူစစ်သည်များက သူမကိုအလွန်ကောင်းမွန်စွာ သယ်ဆောင်သွားကြလိမ့်မည်။
သူမက နှုတ်ခမ်းကိုဖိကိုက်ပြီးမာနကြီးစွာ သူမဝတ်စုံစကိုဖျစ်ညှစ်ပြီး မူရုံခယ်နောက်ကို အလျင်အမြန်လိုက်သွားသည်။ သူမက မူရုံခယ်ကို စကားမတည်သည့်အတွက် အလွန်အပြစ်တင်ချင်နေသည်၊ သူမကိုအပေါ်ခြုံတစ်ခုခုလောက်ပေးရန် သူ့ကိုတစ်ခုခုပြောချင်နေမိသည်။ သို့သော်အချိန်မရှိသောကြောင့် သူကရှင်းလင်းစွာ ဆန့်ကျင်လာသည်။
မကောင်းဆိုးဝါးနှင့် ရင်ဆိုင်ရခြင်းသည် အန္တရာယ်များသောအရာဖြစ်သည်။ သူမဘာသာအခွင့်ကောင်းရှာမှ ဖြစ်မည်။
သူတို့အပြင်ကိုထွက်သွားသည်နှင့် ဒါဇင်နှင့်ချီသောမျက်လုံးများက ပိုပြီးပူလောင်လာသည်။ မူရုံခယ်က သူ့မြင်းပေါ်တက်လိုက်သည့်အချိန်တွင် ချန်ရုံအတွက်လည်း မြင်းတစ်ကောင်ယူပေးလာသည်။
သူမက မြင်းပေါ်တက်မည်ဆိုလျှင် သူမဝတ်ရုံစလို လွှတ်လိုက်ရမည်ဖြစ်သည်။ ဝတ်စုံပေါ်မှ သူမလက်ကျသွားသောအခါ တံတွေးမြိုချသံနှင့် အသက်ပြင်းပြင်းရှူသံများက လေထုထဲတွင်ရိုးတိုးရွတဖြစ်လာသည်။
ချန်ရုံက မျက်တောင်မခတ်ဘဲ မြင်းဇက်ကြိုးကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ကျန်တစ်ဖက်ဖြင့် သူမဝတ်စုံကိုစုလိုက်သည်။
ဤအချိန်တွင် မူရုံခယ်က ထွက်သွားနေပြီဖြစ်ကာ သူမအားနောက်တွင်ချန်ထားခဲ့သည်။
သူမက နောက်တွင်ကျန်ခဲ့ပြီး မူရုံခယ်အာရုံမစိုက်နေချိန်တွင် ထွက်ပြေးမည့်အခွင့်အရေးတစ်ခုရှာမည်ဟု တွေးထားခဲ့သည်။ အခုတွင် သူမကထိုသို့မတွေးရဲတော့ချေ။ ဒီမီးလိုပူလောင်နေတဲ့မျက်လုံးတွေနဲ့ အကြည့်ခံနေရတဲ့ကြားမှာ သူမက ဘယ်လိုထွက်ပြေးနိုင်မှာလဲ။
မူရုံခယ်က သူမကိုစောင့်ကြည့်ရန် လူမထားချင်လို့များ ဒီလိုလုပ်ခဲ့တာလား မနေနိုင်ဘဲတွေးကြည့်လိုက်မိသည်။
မူရုံခယ်ထွက်သွားသောအခါ သူ၏စစ်သားနှစ်ထောင်က နောက်မှလိုက်လာသည်။ မြင်းခွာသံနှင့် သံချပ်ကာသံများကြားတွင် အသက်ရှူသံများသာရှိနေသည်။
မျက်စိတစ်မှိတ်အတွင်းတွင် သူတို့က အဓိကလမ်းမကြီးပေါ်သို့ရောက်လာသည်။
ဤအချိန်တွင် မိုးသောက်ကြယ်က အရှေ့ဘက်ကောင်းကင်ပေါ်တွင် ထွက်ပေါ်နေပြီဖြစ်သည်။
ချန်ရုံက မူရုံခယ်နား ပိုပိုကပ်သွားသည်။...အခုချိန်တွင် သူမသည် ညအမှောင်ထဲမှ အချက်ပြမီးလိုပင်ဖြစ်သည်။ သူမကိုကြည့်ရန် အရှေ့ဘက်ရှိစစ်သားများက အချိန်နှင့်အမျှ နောက်လှည့်လာကြကာ တစ်ချို့ဆိုလျှင် မြင်းပေါ်မှပြုတ်ကျတာမျိုး၊ အချင်းချင်းတိုက်မိသွားသည့် အသံမျိုးကို ကြားရပေသည်ာ
“အရှင်”
အကြံပေးတစ်ယောက်က လျှောက်တင်လာသည်။
“ဒီလိုမျိုးနဲ့ ဒီမိန်းမက စိတ်ဓာတ်ကိုထိခိုက်စေပါလိမ့်မယ်”
နောက်ထပ်အကြံပေးကလည်း လျှောက်လာသည်။
“ဟုတ်ပါတယ် အရှင် သူမကိုနောက်ထပ်ဝတ်ရုံလွှာတစ်ခု ဝတ်ဆင်ခိုင်းလိုက်ပါ”
မူရုံခယ်က ချန်ရုံ၏ဖရိုဖရဲဖြစ်နေသော ပုံရိပ်၏လွှမ်းမိုးမှုသည် ဒီလောက်ကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူကမျက်နှာပုပ်သိုးလာပြီး အဆုံးတွင် မိန့်လိုက်သည်။
“အဲ့ဒါက မလိုပါဘူး”
“ငါ့အမိန့်ကို ကြေညာလိုက်၊ အဲ့ဒီမိန်းမကို ကြည့်တဲ့ဘယ်သူမဆို ခေါင်းဖြတ်ခံရမယ်”
သူ့အမိန့်ကို ပြောလိုက်သည်နှင့် အစောင့်တစ်ယောက်က မြင်းကိုနှင်သွားကာ ကြေညာလိုက်သည်။
“မင်းသားရဲ့ အမိန့်အရ အဲ့ဒီမိန်းမကိုကြည့်တဲ့ ဘယ်သူမဆို ခေါင်းဖြတ်ခံရမယ်”
သူကစစ်တန်းတစ်လျှောက် မြင်းစီးသွားကာ သူ့အသံက ပြန့်နှံ့သွားသည်။
မူရုံခယ်၏ စစ်အမိန့်က နာမည်ဆိုးဖြင့်ကျော်ကြားကာ စည်းကမ်းတင်းကျပ်ပေသည်။ သေချာပေါက်တွင် အားလုံးက အကြည့်လွှဲသွားကြသည်။ ခေါင်းဆောင်အနည်းငယ်ကလွဲလျှင် စစ်သားများက ပြန်လှည့်မကြည့်ရဲတော့ပေ။
အကြည့်များ လျော့ကျသွားသည်ကို ခံစားမိသောအခါ ချန်ရုံက စိတ်သက်သာရာရစွာ သက်ပြင်းချပြီး နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။
ဤအခိုက်အတန့်တွင် မူရုံခယ်၏ အသံနိမ့်နိမ့်က ထွက်လာသည်။
“ချန်အိမ်တော်က အားရုံ၊ မင်းရဲ့ယောက်ျားက အရှေ့မှာ မင်းကိုစောင့်နေမလား”
သူ့အသံက နူးညံ့ပြီး ပြတ်သားကာ သာမာန်စကားဝိုင်းတစ်ခုကို ပြောနေသကဲ့သို့ပင်။
ချန်ရုံ၏ရင်ထဲတွင် တင်းကြပ်သွားသည်။
သူမက စုတ်ပြဲနေသောသူမအဝတ်များကို ငုံ့ကြည့်ပြီး ခနဲ့တဲ့တဲ့ပြုံးလိုက်မိသည်။
“ကျွန်မက ဘယ်လိုသိမှာလဲ”
မူရုံခယ်က အဝေးမှ သူမကြာပွတ်ကိုရမ်းကာ အပြုံးတစ်ဝက်နှင့်ပြောလာသည်။
“သူက အဲ့ဒီတောင်ကုန်းပေါ်က ကြည့်ချင်ကြည့်နေမှာ”
ချန်ရုံက တောင်ကုန်းပေါ်သို့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“သူအဲ့ဒီမှာ မရှိနိုင်ဘူး”
“ဒါဆိုရင် သူကဘယ်မှာလဲ”
“အဝတ်အစားဖရိုဖရဲဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်အတွက် ဘာကပိုပြီးဆိုးရွားနိုင်မှာလဲ၊ မိုးကောင်းကင်က ကျွန်မအပေါ် မရက်စက်လောက်ပါဘူး၊ အဲ့ဒါကြောင့် ချီလန်က ဒီတစ်ကြိမ်မှာ ဒါကိုမျက်မြင်တွေ့မှာမဟုတ်ဘူး”
သူမက ဤကဲ့သို့အဖြေကိုပေးလာ၏။
မူရုံခယ်က ရယ်ချင်လာသည်။ သူမ၏ဝမ်းနည်းပြီး အင်အားမဲ့နေသောမျက်နှာကိုကြည့်ကာ သူပေးထားသောကတိကိုတွေးမိသွားပြီး စိတ်ပျော့သွားသည်။ သို့သော်သူက ဆတ်ခနဲတစ်ဖက်လှည့်သွားကာ သူမနှင့်ဆက်မပြောတော့ပေ။
နှစ်ထောင်ထက်ပိုသောလူများက လမ်းတစ်လျှောက်ချီတက်လာကြသည်။
ဤအချိန်တွင် အရှေ့ဘက်ရှိလူများက ရပ်သွားကြသည်။ မြင်းစစ်သည်တစ်ယောက်က နောက်သို့ ပြန်သတင်းပို့လာသည်။
“အရှင် အရှေ့မှာ ကွေးနေတဲ့ ချိုင့်ဝှမ်းတစ်ခုရှိနေပါတယ်”
မူရုံခယ်က ခေါင်းညိတ်ပြကာ ရှေ့သို့ သွားလိုက်သည်။
အစောင့်များနောက်တွင် ချန်ရုံကလည်းတောက်လျှောက်လိုက်ပါလာသည်။
လေထန်နေသော တောင်ပေါ်လမ်းတစ်ခုက သူတို့မြင်ကွင်းထဲပေါ်လာသည်။ ဝါးပင်နှင့်ချုံပုတ်များ လူနှစ်ရပ်စာလောက်ထိရှည်ကာ နက်ရှိုင်း၊မဲမှောင်နေပြီး ဘေးနှစ်ဖက်ကို ဝန်းရံထားသည်။
“လမ်းကြောင်းကို ထောက်လှမ်းကြည့်လိုက်”
မူရုံခယ်က အမိန့်ပေးလာသည်။
“ဟုတ်ကဲ့ပါ”
မကြာခင်တွင် ထောက်လှမ်းရေးသမားများက ပြန်ရောက်လာကာ သတင်းပို့လာသည်။
“ပုံမှန်မဟုတ်တာ မရှိပါဘူး”
မူရုံခယ်က ထိုစစ်သားကို မျက်နှာဖုံးအောက်မှ စိုက်ကြည့်လိုက်သည်။
“ပုံမှန်မဟုတ်တာ ဘာမှမရှိဘူးလား”
စစ်သား၏နဖူးမှ ချွေးစေးများထွက်လာသည်။
“ဟုတ်ပါတယ် အရှင်”
အတော်ကြာပြီးနောက် သူကပြန်ဖြေလိုက်သည်။
မူရုံခယ်က အဝေးမှကြည့်ကာ တွေးတောလိုက်သည်။ သူကရုတ်တရက် ချန်ရုံလက်ေမာင်းကိုလှမ်းဆွဲလာသည်။ သူမမတုံ့ပြန်နိုင်ခင်မှာဘဲ သူက သူမကိုသူ့မြင်းပေါ်တွင် နေရာချပေးလာသည်။
သူက သူ့လက်နက်ကို ညာဘက်လက်တွင်ကိုင်ထားပြီး ဘယ်ဘက်လက်က ဝတ်စုံဆုတ်ပြဲနေသည့် ချန်ရုံ၏ရင်သားပေါ်တွင် တင်ထားသည်။ သူ့လက်က သူမ၏ပျော့ပြောင်းသော အသားအရေကိုထိမိသွားသောအခါ သူက သတိထားမိလောက်အောင် တောင့်တင်းသွားသည်။ သို့သော် ချက်ချင်းနီးပါးပင် သူကအမိန့်ပေးလာသည်။
“သွားကြရအောင်”