ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)
Chapter (25)
မျောက်ခေါင်းမီးတောက်
ဖန့်ကျစ်သည် ဝူရှဲ့မျက်နှာအရောင် မကောင်းတာကိုမြင်တော့ အနားယူခိုင်းလိုက်သည်။ ဝူရှဲ့လည်း သည်းမခံနိုင်တော့တာကြောင့် ထိုင်ချလိုက်၏။ တခြားသူတွေက သူတို့ရဲ့ အသုံးအဆောင် ပစ္စည်းတွေကို ပြန်ထုပ်ပိုးနေကြသည်။ ရွှင့်ကျစ်သည် မီးရှူးမီးပန်း တစ်ခုကို ကောက်ကိုင်၍ ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
"ချောင်ပိုင်တောင်မှာ မြှုပ်နှံထားတဲ့ နေရာတစ်ခု ရှိတယ်ဆိုတာ ကျွန်တော်တကယ် မသိထားခဲ့ဘူး... ဒီတစ်ခါတော့ တကယ်မျက်စိ ပွင့်သွားပြီ"
ထိုအခါ ဖန့်ကျစ်က။
"မင်းဆက်သွားရင် မင်းမမြင်ဖူးတဲ့ အရာတွေ ထပ်ရှိလိမ့်မယ်... တကျင်းတိုင်းပြည်က တောင်ပိုင်းနဲ့ မြောက်ပိုင်း စုန့်မင်းဆက်တွေဆီက လုယူခဲ့တဲ့ ရတနာတွေ ရှိမယ်လို့ ငါခန့်မှန်းမိတယ်... အဲဒါတွေက ချန်ကျီစစ်ဟန်ရဲ့ လက်ထဲကို ရောက်သွားလောက်ပြီ မဟုတ်ရင် ဒီနေရာမှာပဲ ရှိနေဦးမှာ"
"လှလှပပတွေ သိပ်တွေးမနေနဲ့"
ဖက်တီးက ဖြတ်ပြောလေသည်။
"အဲဒီခေတ်တုန်းက တောင်ပိုင်း စုန့်မင်းဆက်ရဲ့ ဂုဏ်ကျေးဇူး အများစုက ပိုးထည်နဲ့ ဖဲစတွေပဲ... ဒီလိုမျိုးပစ္စည်းတွေ ရောင်းရင်တောင် လက်ရာကောင်း မထွက်လာကြဘူး... ငါတို့ ရရင်တောင် ပုပ်လုနီးပါး ဖြစ်နေလောက်ပြီ... မြေအောက်နန်းတော်မှာ ရှိတဲ့ အရာတွေကို ယူပြီးမှ အကျိုးအမြတ်ကို တွေးမယ့်အစား မျက်စိရှေ့မှာ ရှိတဲ့ဟာကို တွေးတောကြည့်တာ ပိုကောင်းပါတယ်"
ဖက်တီးသည် အတွေးနှင့်အတူ ဝိုင်အိုးများကို လေ့လာရန် ထွက်သွားခဲ့သည်။ သူက အိုးအောက်ခြေမှာ ရေးထားတာတွေကို မြင်နိုင်ရန် တစ်လုံးကိုရွှေ့ဖို့ ကြိုးစားလိုက်သည်။
ဝူရှဲ့က "ဒီအိုးတွေက အရမ်းကြမ်းတယ်... မင်းစိတ်ကို အနှောင့်အယှက် မပေးစမ်းပါနဲ့... အချဉ်ဖတ်တွေ တည်ရောင်းဖို့ သူများကို ပေးရင်တောင် လိုချင်မှာ မဟုတ်ဘူး"
ဖက်တီးက "ဒီအိုးကို ဘယ်သူက ဂရုစိုက်နေလို့လဲ? ဖက်တီးငါက လျှို့ဝှက်ထားတာတွေ ဘာတွေ ရှိမလား ကြည့်မလို့"
ပြောပြီးနောက် ဝိုင်အိုးကို ဖွင့်ဖို့ ဓားမြှောင်ကို သုံးလိုက်သည်။ သူအဖုံးကို ကော်ဖွင့်လိုက်သည်နှင့် ထူးဆန်းတဲ့ အနံ့အသက်က ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာလေ၏။ အနံ့က
လုံးဝ မဆိုးသော်လည်း အလွန်အကျွံ အနံ့ခံပြီးနောက်မှာတော့ အလွန် စိတ်ဝင်စားစရာ ကောင်းပြီး ဘာဝိုင်အမျိုးအစားလဲတော့ မသိဘူးဟု ဆိုသည်။
ဝူရှဲ့ ရှေးခေတ် သင်္ချိုင်းတွေမှာ သိမ်းဆည်းထားတဲ့ ဝိုင်အကြောင်း စာအုပ်တော်တော်များများမှာ ဖတ်ဖူးပေမယ့် ဒါက ကိုယ့်မျက်စိနဲ့ ပထမဆုံးအကြိမ် မြင်ဖူးတာပါပဲ။
ဝိုင်အရည်သည် အနက်ရောင်ဖြစ်ပြီး အလွန်သန့်စင်သည်။ ၎င်းတွင်ပါဝင်သော ရေပမာဏသည် အခြေခံအားဖြင့် တစ်ဝက်သာ ကျန်ရှိတော့ပြီး တချို့မှာ ခမ်းခြောက်သွားပါပြီ။ ဝိုင်ကို အကျွမ်းတဝင် ရှိသူတိုင်းသည် ဤဝိုင်ရည်၏ ဝိသေသလက္ခဏာကို သိလိမ့်မည်။
ဤအိုး၏ တစ်ဝက်သည် ဝိုင်၏ အနှစ်သာရ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီအရာဟာ အကြာကြီး သိမ်းဆည်းထားခဲ့ပြီးပြီ။ အဲဒီတုန်းကတည်းကဆို သက်တမ်းက ဘယ်လောက် ရှိမလဲပင်မသိ။
တရုတ်နိုင်ငံရှိ ရှေးအကျဆုံး ဝိုင်ကို 1980 ခုနှစ်တွင် ဟဲနန်ရှိ ရှန့်မင်းဆက် နှောင်းပိုင်းရှိ ရှေးဟောင်းသင်္ချိုင်းတစ်ခုမှ တူးဖော်တွေ့ရှိခဲ့ကြောင်း မှတ်မိသေးသည်။ ယခုအခါ နန်းတော်ပြတိုက်ထဲတွင် တည်ရှိပြီး နှစ်ပေါင်း 3,000 ကျော် သမိုင်းကြောင်းရှိနေပြီ။ အဲဒီတုန်းက ဝိုင်းအိုးကို ဖွင့်လိုက်တော့ ဝိုင်ရဲ့ အမွှေးအကြိုင် ရနံ့ကို လူတိုင်း ရလိုက်ကြောင်း ပြောထားကြသေးသည်။ အဲဒီလူတွေ သောက်ခဲ့သေးလားတော့ မသိ။ မဟုတ်ရင် သူတို့ဆီက သင်ယူလို့ရသည်။
ဖက်တီးသည် သူ့ဓားကို ကိုက်ပြီး အနည်းငယ် မြည်းကြည့်ချင်လာသည်။ သို့သော် ဝူရှဲ့က သူ့ကိုဖမ်းဆုပ်လိုက်ပြီး။
"မင်းအသက်ကို မလိုချင်တော့ဘူးလား ဒါကြီးက သက်တမ်းကုန်တဲ့ အစားအစာနော် အစာအဆိပ်သင့်ဦးမယ် သတိထား!!"
ဖက်တီးက "မင်း နားမလည်ပါဘူး နှစ်ထောင်ပေါင်းများစွာ သိုလှောင်ထားတဲ့ မြေအောက်သေရည်က မဆိုးဘူးကွ... အနှစ်တစ်ထောင်ရှိတဲ့ စပျစ်ဝိုင်ကို သောက်ရင် ထာဝရအသက် ရှင်နိုင်တယ်လို့ ကြားဖူးတယ်
... ဘိုးဘေးတွေတောင် အပြန်ပြန် အလှန်လှန် တိုက်ခိုက်ပြီး တချို့က ဝိုင်သောက်ဖို့တောင် အချိန်မရဘူး ထွက်သွားကြရတာ...စမ်းကြည့်မယ် ဆိုရင်တောင် အနည်းဆုံး ဝမ်းပျက်ရုံပေါ့ကွာ”
ဖက်တီး စကားမဆုံးခင်မှာပဲ ဖန့်ကျစ်က ရောက်ချလာပြီး သေရည်အိုးကို ကန်ကျောက်ပစ်လိုက်လေသည်။ အနက်ရောင် သေရည်အိုး အပိုင်းအစနှင့် အရည်များက အောက်ရှိ ကြမ်းပြင်ပေါ်ကို ပြန့်ကျဲသွားသည်။ ပြင်းထန်ပြီး ထူးဆန်းတဲ့ ရနံ့တစ်ခုက နှာခေါင်းထဲကို ရုတ်တရက် ဝင်ရောင်လာ၏။
ဖန့်ကျစ်က။
"စိတ်မဆိုးသေးနဲ့ဦး အဲဒီအရည်ထဲမှာ ဘာတွေပါလဲ ကြည့်လိုက်!"
ဖက်တီးနဲ့ ဝူရှဲ့တို့ လှည့်ကြည့်လိုက်တော့ ဝိုင်အိုးအတွင်းတွင် ရွှံ့တွေလို အနက်ရောင် အပိုင်းအစများကို တွေ့လိုက်ရသည်။ အဲဒါအပြင် အနီရောင် အကွက်များလည်း အများအပြား ရှိနေ၏။ ၎င်းက ရေကျနေသော ခေါင်းတလားများထဲတွင် မကြာခဏ တွေ့နေရသော အရာများပင်။
ဖက်တီးခမျာ ဓားမြှောင်နဲ့ ကိုက်ထားလျက်မှ အောက်ပြုတ်ကျသွားကာ သူ့အမူအရာကလည်း ပြောင်းလဲသွားလေသည်။ ဝူရှဲ့လည်း သေချာ ကြည့်ဖို့ ငုံ့လိုက်တော့ ဦးရေပြားတွေ ချက်ချင်း ထုံကျင်သွားလေ၏။
အနီကွက်များသည် လုံးဝ စိမ်မရသေးသော ကလေးငယ်၏ အလောင်းဖြစ်သည်။ အသားသည် သေရည်ထဲသို့ လုံးလုံး အရည်ပျော်သွားသော်လည်း အရိုးများနှင့် အရေခွံများ ရှိနေသေးသောကြောင့် ကျိုးပဲ့နေသော ဂွမ်းစကဲ့သို့ ဖြစ်သွားသည်။
ဖန့်ကျစ်လည်း အံ့အားသင့်သွားကာ ထိုင်ချလိုက်သည်။
"ဒီဝိုင်မျိုးကို 'မျောက်ခေါင်းမီးတောက်' လို့ ခေါ်တယ်... ဒါက လူမဟုတ်ဘူး လမစေ့သေးတဲ့ မျောက်တစ်ကောင်ပဲ ကွမ်ရှီးရဲ့ ဝိုင်လိုမျိုးလည်း ဖြစ်နိုင်တယ်... နွီကျန်းလူမျိုးတွေက သူတို့အကျဥ်းကျနေတုန်း တောင်ပိုင်း စုန့်မင်းဆက်ကို ဒီလိုသေရည်တွေ လက်ဆောင်အဖြစ် ဆက်သကြတယ်တဲ့”
ပြောပြီး ဖက်တီးအား လက်ဖြင့်ပုတ်ကာ ဓားမြှောင်ကို ကောက်ယူ၍ သောက်ပါဟူသည့် အမူအရာမျိုး ပြလိုက်သည်။
"ဒါက မအိုမသေ ဖြစ်စေလားတော့ မသိပေမယ့် ရောဂါပျောက်စေတဲ့ အာနိသင်ရှိတယ်လို့တော့ ငါကြားဖူးတယ်... မင်း အားမနာပါနဲ့"
ဖက်တီးသည် စက်ဆုပ်လွန်းသဖြင့် ဓားဖြင့်ထိုးသတ်ချင်စိတ်ကို ချုပ်ထိန်းကာ ဖန့်ကျစ်ကို တွန်းထုတ်ပစ်လိုက်လေသည်။
“ဒီလောက် ရှင်းရှင်းလင်းလင်း ဘယ်လိုလုပ်များ သိနေတာလဲ? မင်း သောက်ဖူးလို့လားကွ!”
"ရှန်းရှီးက တောင်ပိုင်းနန်းတော်မှာ ဒီလိုမြေအိုးမျိုးကို တွေ့ဖူးတယ်လေ... အဲဒီတုန်းက တခွေနဲ့ တခြားလူတွေက အိုးတစ်လုံးကို ကောက်ယူပြီး သောက်ကြည့်ဖို့ လုပ်ကြတယ်... ငါကတော့ မသင့်တော်ဘူးလို့ တွေးပြီး မကိုင်ခဲ့ဘူး ဒါပေမဲ့ သူတို့က ဂရုမစိုက်ဘူးလေ အောက်ဆုံးထိသောက်တဲ့အထိ သတိမထားမိလိုက်ဘူး... ပြီးမှ အောက်ကဟာကြီးကို တွေ့ခဲ့တာ... တခွေလည်း အဲဒီကိစ္စကြောင့် ဆေးရုံမှာ နှစ်လလောက်နေခဲ့ရတယ်"
တခွေ အကြောင်းပြောရင် ဖန့်ကျစ်မှာ နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားလေသည်။
"ငါမင်းကို အရမ်းသနားလို့ သတိပေးလိုက်တာ... ငါ မင်းကို အန္တရာယ်ပြုဖို့ ရည်ရွယ်ချက်ရှိရင် မင်းသောက်ပြီးတဲ့အထိ ထိုင်စောင့်နေမှာပေါ့... အိုးတွေကို လှန်ကြည့်လိုက်ပါဦး...ကြည့်လို့ကောင်းတာ ထပ်တွေ့လိမ့်မယ်"
ဖက်တီး၏ မျက်နှာသည် တုန်ယင်နေပြီး တိုက်ခိုက်ချင်သော်လည်း အကြောင်းပြချက်က မရှိပေ။ သူပုံစံက အလွန်အမင်း ရယ်စရာကောင်းနေသည်။
ထိုအချိန်တွင် မီးရှူးမီးပန်းများက တစ်ခုပြီးတစ်ခု ငြိမ်းသွားရာ အမှောင်ထုက တဖြည်းဖြည်း ကျလာ၍ ဓာတ်မီးကို ပြန်ဖွင့်လိုက်ရသည်။ အခုအချိန်မှာတော့ ပတ်ဝန်းကျင် လေထုသည် ရုတ်တရက် စိတ်ပျက်ဖွယ်အတိ ဖြစ်လာသည်။
ခဏလောက် အနားယူပြီးနောက် ဖက်တီးသည် လမ်းပြန်ဖွင့်၍ ၎င်း၏ အဖိုးတန် ရိုင်ဖယ်သေနတ်တစ်လက်ကို ရွှင့်ကျစ်ဆီမှ ပြန်တောင်းကာ သေနတ်ကို ထပ်မံ၍ ကြိမ်းမောင်းခဲ့ပြန်သည်။ ၎င်းသည် အမှန်တကယ်ပင် သေနတ်ကိုင်ဆောင်ထားသူများ အတွက် အကျင့်တစ်ခု ဖြစ်သည်။ နှစ်ဘက်စလုံးရှိ သင်္ချိုင်းဂူကို ကြည့်လိုက်ပြီး သူက ဝူရှဲ့တို့ကို တိုးတိုးလေး ပြန်လှည့်မေးလေ၏။
“ဘယ်လမ်းကို သွားရမှာလဲ?”
ဝူရှဲ့တို့အားလုံးလည်း စိတ်ထဲတွင် ဆုံးဖြတ်ချက် ချထားပြီးလေပြီ။ ထိုအခိုက် ရွှင့်ကျစ်က ဘယ်ဘက်သို့ လက်ညှိုးထိုးပြပြီး ဆိုလာသည်။
"ဒီလမ်းက ပိုလုံခြုံတယ်"
သာမာန်အားဖြင့် ဖန့်ကျစ်နဲ့ ဝူရှဲ့ကပဲ ဒီလိုအခြေအနေမျိုးကို ဖြေတတ်ပေမယ့် အခုရွှင့်ကျစ်ဆီက စကားတစ်ခွန်း ထွက်လာတာကြောင့် ဖက်တီးလည်း ကြောင်သွားလေသည်။
"ဘာလို့လဲ?"
ရွှင့်ကျစ်သည် ဘယ်ဘက်ရှိ စင်္ကြံအဝင်ဝက မြေပြင်ပေါ်သို့ ဓာတ်မီးဖြင့် တောက်ကြည့်လိုက်ရာ စင်္ကြံ၏ တစ်ဖက်ခြမ်းက အလွန်လျှို့ဝှက်သော နေရာတွင် ထွင်းထားသော နောက်ထပ် နိုင်ငံခြားဘာသာ သင်္ကေတတစ်ခု ထပ်ရှိနေတာကို တွေ့လိုက်ရလေသည်။
"ကျွန်တော်တို့ မြင်ဖူးခဲ့တဲ့ဟာ... တစ်ယောက်ယောက်က ခင်ဗျားတို့ကို လမ်းပြနေတယ် ထင်တယ်"