(28) စကားမပြောနိုင်တဲ့ အလောင်း
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)


Chapter (28)

စကားမပြောနိုင်တော့တဲ့ အလောင်း 



ဤသင်္ချိုင်းအခန်းသည် သေရည်အိုးတွေ တွေ့ခဲ့သော အခန်းထက် အမြင့်အနံ ဆယ်ဆနီးပါး ကွဲပြားသည်။ သင်္ချိုင်း၏ ထောင့်လေးထောင့်တွင် ရုပ်လုံးကြွရုပ်ကြီး လေးခုရှိသည်။ မီးရှူးမီးပန်းတွေ ထွန်းညှိနေစဉ်အတွင်း ၎င်းသည် ရွှေငွေများ၊ အဖိုးတန်ကျောက်မျက် ရတနာများ၊ ဖန်၊ ပုလဲများနှင့် ကျောက်စိမ်းများပါသည့် တောင်ငယ်တစ်ခု ဖြစ်ကြောင်း တွေ့ရှိရသည်။ ဝူရှဲ့တို့ ဓာတ်မီးကို တောက်လိုက်တော့ ကြည့်ပင် မကြည့်နိုင်တော့လောက်အောင် တောက်ပနေခဲ့​လေသည်။


"အဘိုးရေ--" 


ဖက်တီးရဲ့ မျက်လုံးတွေက နွားတစ်ကောင်ထက်ကို ပိုကြီးသွားပြီး သူ့မျက်နှာကလည်း အလွန်အမင်း တောက်ပနေလေသည်။ မခံမရပ်နိုင်အောင် တုန်လှုပ်သွားတဲ့ ဖန့်ကျစ်ကလည်း ဆိုလာခဲ့သည်။ 


"ငါ ဘာပြောခဲ့လဲ? တောင်ပိုင်း စုန့်မင်းဆက်ရဲ့ နှစ်စဉ်ဆက်ကြေးဖြစ်တဲ့ နွီကျန်းလူမျိုးတွေရဲ့ ဘဏ္ဍာတိုက်က ဒီမှာ ဖြစ်နိုင်ပါတယ်လို့ ငါ မပြောခဲ့ဘူးလား?"


ဝူရှဲ့လည်း ဒီရှေးဟောင်းပစ္စည့း လုပ်ငန်းမှာ ပါဝင်နေတာ ကြာပါပြီ။ သူမြင်ဖူးသမျှအရာ အားလုံးဟာ သတ္တုအမှုန် အမွှားတွေပါပဲ။ ဒီတစ်ခါမှာလည်း သတ္တုတွေကိုပဲ တွေ့ရမယ့် သူ့​​ရဲ့ကံကြမ္မာက လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ တွေးထင်ခဲ့ဖူးသည်။ ဝေးလံခေါင်သီပြီး အားနည်းတဲ့နိုင်ငံ သေးသေးလေးမှာ ဒီလောက်များတဲ့ ရတနာတွေ ရှိနေတာ မှန်ရဲ့လား။ 


ဖန့်ကျစ် ပြောသလိုပဲ။ တကျင်းပြည်ကြီး ပျက်ဆီးသွားပြီးနောက် ဘဏ္ဍာတွေအားလုံးကို ဒီနေရာအထိ ယူလာတယ် ဆိုရင်တော့ ချမ်းသာလာဖို့ ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါတွေက တစ်သက်လုံး စားနိုင်သည်လေ။


ဖက်တီးမှာ ရွှေငွေထည်များပေါ် လှိမ့်ပစ်ချင်စိတ်ကို ထိန်းမရတော့ပေ။ ဤနေရာတွင် လှိမ့်လှိမ့်ပစ်လိုစိတ် ရှိသော်လည်း သူ့စိတ်ထဲတွင်တော့ တွေးတောနေဆဲ ဖြစ်သည်။ ဝူရှဲ့ ဖက်တီးကို လှမ်းပြန်ဆုပ်ကိုင်လိုက်ပြီး မသွားဖို့ ပြောလိုက်သည်။ သင်္ချိုင်းတွင်းရှိ ရွှေတန်ဆာများကို အဆိပ်ဖြင့် ဖျန်းထားသောကြောင့် မိုက်မဲလွန်းပါက အဆိပ်မိသွားနိုင်သည်။


ဝူရှဲ့ ဖက်တီးကို ဖမ်းကိုင်လိုက်ပေမယ့် ဖန့်ကျစ်ကိုတော့ မဖမ်းထားမိပေ။ သူက ရွှေအိုးတစ်လုံးကို ပြေးဆွဲကာ ရွှေတွေကို လက်တစ်ဆုပ်စာ ကိုင်ပြီး တအံ့တသြနဲ့ စိုက်ကြည့်နေလေသည်။ ဝူရှဲ့ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ထို့နောက် လက်ကိုလွှတ်လိုက်ရာ လက်ချောင်းများမှ အရာဝတ္ထုများ ပြုတ်ကျကာ သတ္တုနှင့် ထိမိသံများ ထွက်ပေါ်လာသည်။


ဖန့်ကျစ် လက်တဆုပ်စာလောက် ကိုင်ပြီးနောက် လုံခြုံသွားတာကို မြင်လိုက်ရသည်။ ရွှေပစ္စည်းတွေက အဆိပ်မရှိမှန်းသိတော့ ဝူရှဲ့ သက်သာရာရသလို မထိန်းနိုင်ဘဲ လက်တစ်ဆုပ်စာလောက် ကောက်ယူကြည့်မိသည်။ ထိုလေးလံသော ခံစားမှုက သူ့အား ထိန်းမနိုင်သိမ်းမရ ရယ်မောစေခဲ့သည်။ 


ဘယ်သူက ပြောခဲ့လဲ မသိပေမယ့် လူသားတွေရဲ့ ရွှေကို ချစ်မြတ်နိုးကြတဲ့ မျိုးရိုးဗီဇဟာ မွေးကတည်းက ရေးသွင်းထားတာ ဖြစ်ပြီး ထိုမွေးရာပါ ဗီဇကြောင့် ရွှေတွေမြင်တဲ့အခါ ခံနိုင်ရည်က မရှိတော့ပေ။


ဒီလိုမျိုး ဖြစ်နေရင်တောင် မျက်နှာပြင်ပေါ်မှာတော့ ရွှေတွေကို မြင်နေရတာကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ ကိုယ့်ကိုကိုယ့် လိမ်ချင်ရင်တောင် လိမ်လို့မရဘူး။ ဒီအရာတွေကို လူတိုင်း သဘောကျတယ်လေ။ 


လူအနည်းငယ်ဟာ ရုတ်တရက် အရာအားလုံးကို မေ့သွားကြ​တော့သည်။ ဝူရှဲ့တို့သည် ဒီ​ရွှေပုံကြီးဆီ ပြေးသွားပြီး ပစ္စည်းတွေ အစုံလိုက် ကောက်လိုက် ပြန်ပြေးလိုက်နဲ့ အလုပ်တွေ ရှုပ်နေကာ ကျောက်မျက် ရတနာတွေနဲ့ ခေါင်းပတ်ကြိုးတွေပါ လုပ်လာကြသည်။ သေသေချာချာ ကြည့်လိုက်တော့ အရာအားလုံးက တကယ့်ကို ထိပ်တန်း ရတနာ​တွေပါပဲ။ 


ကျောက်မျက် တစ်လုံးပဲရှိရင်တောင် ပြတိုက်ထဲမှာ ထည့်ထားရင် ရတနာတစ်ခု ဖြစ်သွားလိမ့်မယ်။ အခုဒီမှာ အများကြီးရှိနေပြီ။ သူတို့ကို သယ်သွားရင် လုပ်ငန်းတွေမှာ အသနားခံစရာ မလိုဘဲ ပေါ့ပေါ့ဆဆ လျှောက်သွားနိုင်ပြီ။


တစ်ဖက်က ဖက်တီးသည် သူ့အိတ်ထဲကို ပစ္စည်းတွေ ထည့်စပြုနေပြီ။ သူ့ပစ္စည်းတွေကို အကုန်သွန်ပြီး ဘာမှထပ် မလိုချင်တော့သလို အိတ်ထဲကို အစွမ်းကုန် ထိုးထည့်လိုက်နေသည်။ ဒါနဲ့လည်း မကျေနပ်သေးဘဲ ပစ္စည်းတွေကို ပြန်သွန်ကာ တခြားပစ္စည်းတွေကို ပြန်ထည့်လိုက်ပြန်သည်။


ဒါပေမဲ့ မကြာခင်မှာပဲ ငါတို့ ဘယ်လိုပဲ ဟန်ဆောင်နေပါစေ ရတနာကို မယူသွားနိုင်ဘူး ဆိုတာကို အားလုံး သိလိုက်ရ၏။ ဟန်ဆောင်ပြီးတာနဲ့ အောက်ခြေမှာ ပိုကောင်းပြီး ပိုတန်ဖိုးကြီးတဲ့အရာ တစ်ခုကို ချက်ချင်း ထပ်တွေ့လာရသည်။ ပိုတန်ဖိုးကြီးကာ တခြားဘယ်တုန်းကမှ မတွေ့ဖူးတာကို တွေ့ဖူးလိမ့်မယ်။ 


သူတို့အကြာကြီး ရူးသွပ်နေခဲ့ရာ မောပန်းနွမ်းနယ်လာပြီး အားလုံးက တစ်ခုခု မှားနေတယ်လို့ ခံစားမိလာတဲ့အထိ စိတ်လှုပ်ရှားနေခဲ့သည်။ အဲဒီနောက် အားလုံး ငြိမ်သက်သွားခဲ့သည်။ 


ဒီထဲကို ဝင်လာပြီးနောက် ရွှင့်ကျစ်ရဲ့အသံကို ဘာလို့မကြားရတာလဲ။


ဝူရှဲ့ ခေါင်းထဲက ချွေးတွေကို သုတ်လိုက်ပြီး လက်ဝတ်ရတနာ အပုံကြီးပေါ်ကနေ မတ်တပ်ထရပ်ပြီး ဓာတ်မီးနဲ့ ပတ်ကြည့်လိုက်တော့ ရွှေထည်ပစ္စည်း ပုံကြီးပေါ်မှာ ရပ်နေတဲ့ ရွှင့်ကျစ်ကို တွေ့လိုက်ရတော့သည်။


ဝူရှဲ့ လှည့်ပြီး ဘာလုပ်နေတာလဲလို့ မေးလိုက်၏။ ဒီလောက်များတဲ့ ရွှေတွေကို တွေ့တာတောင် စိတ်မဝင်စားဘူးလား။ 


သို့သော် ရွှင့်ကျစ်က စကားမပြောဘဲ တစ်နေရာကိုသာ ငုံ့ကြည့်နေသည်။ သူ့ဓာတ်မီး သွားရာအတိုင်း လက်နှိပ်ဓာတ်မီးနဲ့ လိုက်ကြည့်လိုက်တော့ မရေမတွက်နိုင်တဲ့ ရတနာတွေ ဝန်းရံထားတဲ့ ရွှေအသုံးအဆောင်တွေ အလယ်မှာ လူပေါင်းများစွာ စုပြုံပြီး သေသွားသလိုမျိုး မလှုပ်မယှက် လဲနေကြတာကို တွေ့လိုက်ရလေသည်။ 


ဝူရှဲ့ ချက်ချင်း လန့်သွားပြီး ခံစားရတဲ့ စိတ်လှုပ်ရှားမှုတွေ ရုတ်တရက် ပျောက်ကွယ်သွားကာ တစ်ကိုယ်လုံး တုန်လှုပ်သွားမိသည်။ 


ဖန့်ကျစ်နဲ့ ဖက်တီးတို့ဟာ ရွှင့်ကျစ်နဲ့ ဝူရှဲ့ တောင့်တောင့်ကြီး ရပ်နေတာကို တွေ့တော့ တခြားရတနာတစ်ခု ရှာတွေ့တယ်ထင်ပြီး အပြေးအလွှား လာကြည့်ကြပေမယ့် အလောင်း အနည်းငယ်ကို တွေ့လိုက်ရတော့ အံ့သြမဆုံး ဖြစ်သွားခဲ့ရသည်။


ရွှေထည်ပစ္စည်းတွေ ကြားထဲကနေ ပြေးဆင်းသွားကာ လက်ထဲက ဓာတ်မီးဖြင့် အနီးကပ် ကြည့်လိုက်တော့ တကယ်ပဲ လူသေဖြစ်နေသည်။ ဒါတင်မကသေး။ သူတို့သေထားတာ အချိန်တစ်ခုတောင် ကြာ​​နေပြီဆိုတာ တွေ့လိုက်ရသည်။ အလောင်းသည် အေးခဲပြီး ရေဓာတ်ခန်းခြောက်ကာ လိမ္မော်ခွံပုံစံ ဖြစ်သွားပြီ။ 


ဒါပေမဲ့ ထူးဆန်းတာက ဒီလူတွေဟာ ခေတ်မီအဝတ်အစားတွေဖြစ်တဲ့ သိုးမွှေးကုတ် အင်္ကျီတွေကို ၀တ်ဆင်ထားပြီး ဟောင်းနွမ်းနေတဲ့ ကျောပိုးအိတ် တချို့လည်း ရှိနေတာပင်။ ထိုစဥ် ဖက်တီးက ထူးထူးခြားခြား မေးမြန်းလာခဲ့သည်။


"ဘာဖြစ်နေတာလဲ? ဒီလူတွေက ဘယ်သူတွေလဲ? ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလား?" (ဂူဖောက်သူတွေလား)


ဝူရှဲ့ ခေါင်းယမ်းကာ လက်အိတ်ဝတ်ကာ ထိုလူများ၏ ကျောပိုးအိတ်နှင့် အဝတ်အစားများကို ရှာကြည့်လိုက်မိသည်။ ဤအဝတ်အစားမျိုးသည် 1980 နှင့် 1990 ခုနှစ်များအတွင်း ပို၍ရေပန်းစားလာတဲ့ အဝတ်​တွေ ဖြစ်နိုင်သည်။ 


ယခုအချိန်တွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျေးလက်ဒေသရှိ တောရွာများက အသက် လေးဆယ်ကျော် ငါးဆယ်ကျော် အသက်အရွယ်ရှိတဲ့ လူတွေသာ ဝတ်ဆင်တော့သည်။ ပျက်စီးယိုယွင်းမှု အတိုင်းအတာကို ကြည့်ပြီး ဒီလူတွေဟာ ဒီမှာ သေနေခဲ့တာ နှစ်ပေါင်း ၂၀ လောက် ရှိလောက်ပြီ။


ဖန့်ကျစ်က "ချောင်ပိုင်တောင်က ဆေးပင်ဆေးရွက် စုဆောင်းတဲ့သူတွေ ဒါမှမဟုတ် မုဆိုးတွေက ဒီကို မတော်တဆ ဝင်လာမိပြီး အပြင်ကို မထွက်နိုင်​တော့ဘဲ သေဆုံးသွားတာများလား"


“မဖြစ်နိုင်ဘူး”


ဝူရှဲ့သည် အမျိုးသမီး အလောင်းဖြစ်သည့် အလောင်းတစ်​လောင်းရဲ့ ​အဝတ်ကို ဆုတ်ဖြဲကာ အမျိုးသမီးအလောင်း၏ နားရွက်ကို ကြည့်လိုက်သည်။ ၎င်းတွင် ခေတ်ဟောင်းနားကပ်များ ချိတ်ဆွဲထားကာ လက်တွင် သံချေးတက်နေသည့် နာရီတစ်လုံးလည်း ရှိနေသည်။ ဒါက ဟိုအရင်တုန်းက သုံးခဲ့တဲ့ နာရီပုံပင်။ 


"ကြည့်လို​က်... ဒါက ဇီးသီးပွင့်နာရီပဲ ​ဒါက ရှေးရိုးပုံစံ မြို့တော်ဝန်အဆင့်က လူတွေတောင် အဲဒီတုန်းက လက်လှမ်းမမီနိုင်သေးဘူး... ဒီအမျိုးသမီးက နောက်ခံကောင်းပြီး ကျေးလက်ကလူနဲ့ မတူဘူး"


“၁၉၈၀ ခုနှစ်တွေလောက်က ပျောက်ဆုံးသွားတဲ့ ခရီးသွားတွေများ ဖြစ်နိုင်လား ဒီမှာ တလမ်းလုံး ငါတို့လိုက်နေခဲ့တဲ့ အမှတ်အသားတွေက သူတို့ ထွင်းထားတာလား?"


ဖန့်ကျစ်က မေးလိုက်၏။ 


ပင်လယ်အောက်က ဂူသင်္ချိုင်းမှာလည်း အဲဒီအမှတ်အသားကို တွေ့ခဲ့ဖူးတဲ့ အမှတ်အသားကို ဒီလူတွေ ထွင်းထားခဲ့တာ မဖြစ်နိုင်ဘူး။ အားနင်နဲ့ တခြားသူတွေ ဒါမှမဟုတ် မျက်နှာသေ ထွင်းထားတာပဲ ဖြစ်မယ်။ ဤလူတွေကို ပျောက်ဆုံးသွားသော ခရီးသွားဟု ဆိုနိုင်သော်လည်း ဤကဲ့သို့သော နေရာမျိုးတွင် အမှန်တကယ် လမ်းပျောက်သွားနိုင်ပါ့မလား။ သာမာန်လူတွေက သတ္တိမရှိရင် မြေအောက်နန်းတော်ရဲ့ အုတ်ဂူကို ဆင်းရဲကြမှာ မဟုတ်ဘူးလေ။ 


သို့သော် အကယ်၍ ဤအမျိုးသမီးသည် ခေါင်းဆောင်တစ်ဦးဦး၏ သမီး သို့မဟုတ် ဒေသဆိုင်ရာ ဗျူရိုကရက်များနှင့် အဆက်အစပ် ရှိပါက သူမရဲ့ပျောက်ဆုံးမှုက ဒေသအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိနိုင်သည်။ ရွှင့်ကျစ် အသက်က မငယ်တော့ပေ။ သူ ထိုအကြောင်းကို ကြားဖူးပေလိမ့်မည်။ လွန်ခဲ့သည့် 5 နှစ်မှ 20 နှစ် အတွင်း ဤနေရာတွင် စိတ်လှုပ်ရှားဖွယ်ရာ ပျောက်ဆုံးမှုများ ရှိမရှိ သူ့ကို လှည့်မေးလိုက်သည်။


လှည့်ကြည့်လိုက်တော့ ရွှင့်ကျစ်က သူတို့နောက်မလိုက်ဘဲ ပြေးဆင်းလာတာကို တွေ့လိုက်ရ၏။ သူက ရွှေပုံကြီးပေါ်မှာပဲ တောင့်တောင့်ကြီး မတ်တတ်ရပ်နေသည်။


ဝူရှဲ့မှာ ရွှင့်ကျစ်တစ်ယောက် ဖက်တီးလို အလောင်းကောင်ရဲ့ လျှာကို ထိမိသွားလို့ အဆိပ်မိသွားတာ ဖြစ်နိုင်မလားလို့ စိတ်ထဲမှာ တွေးမိသွားသည်။ သို့သော် သူ့လည်ပင်းမှာ ဘာမှ မတွေ့ရတော့ပေ။ ရွှင့်ကျစ်မှာ ခဏကြာတဲ့အထိ အနည်းငယ် တုန်နေသေးတာကို မြင်လိုက်ရတော့ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။ 


ဖက်တီးက "ဘာလဲ သေရမှာ ကြောက်သွားတာလား? အခုနတုန်းက မင်းကြောက်နေတဲ့ပုံကို မတွေ့ရပါလား?"


ရွှင့်ကျစ်သည် ဖက်တီးကို လျစ်လျူရှုကာ လေးလံသော ခြေလှမ်းများဖြင့် ဆင်းလာခဲ့သည်။ သူသည် အလောင်းတစ်လောင်း ရှိရာသို့ ရောက်ရှိလာပြီး ငုတ်တုတ် ထိုင်ချလိုက်သည်။ ဝူရှဲ့လည်း ရွှင့်ကျစ် လဲကျလုမတတ် တုန်လှုပ်နေတာကို တွေ့နေရ၏။


ရုတ်​တရက်​ ဘာ​တွေဖြစ်​​ကုန်တာလဲလို့ သူတို့အားလုံး ​တွေးလိုက်​မိသည်။


ဖက်တီးမှာ ရွှင့်ကျစ် သတိပြန်ဝင်လာအောင် သူ့ကို လက်သီးထိုး ပိတ်ချင်ပေမယ့် ဝူရှဲ့ လက်ကိုဝှေ့ယမ်းပြကာ တားလိုက်သည်။


"သူဘာဖြစ်တာလဲ? အလောင်းကောင် အဆိပ်မိသွားတာလား?"


ဝူရှဲ့ ခေါင်းခါလိုက်သည်။ သူ့ခန့်မှန်းချက်သာ မှန်ရင် ဒီအလောင်းတွေက ရွှင့်ကျစ် သူ့ကို ပြော​ပြခဲ့တဲ့ လူတွေရဲ့ အလောင်းတွေ ဖြစ်နိုင်သည်။ သူ့အဖေက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ချောင်ပိုင်တောင်ကို လူတစ်စုအား ခေါ်သွားခဲ့ဖူးသည်ဟု ဆို၏။ ပြီးတော့ အခု ရွှင့်ကျစ် ကြည့်နေတဲ့ အလောင်းကတော့ သူပြောခဲ့တဲ့ သူ့အ​ဖေရဲ့ အလောင်းပဲ ဖြစ်လိမ့်မည်။ ဒါကြောင့် သူ အရမ်းစိတ်လှုပ်ရှားပြီး တုန်လှုပ်နေတာပဲ။


မထင်မှတ်ထားဘူး။ ရွှင့်ကျစ်က မိမိတို့နောက်ကို လိုက်လာပြီးရင် သူ့အဖေရဲ့အလောင်းကို တကယ် ရှာတွေ့နိုင်လိမ့်မယ်လို့ သူတကယ် မျှော်လင့်ထားခဲ့တာများလား။


ဒါပေမဲ့ ဒါက တိုက်ဆိုင်မှုလား ဒါမှမဟုတ် ဘာလဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်အကြာက အဖွဲ့ဟာ ဒီနေရာကို မှားဝင်ခဲ့တာလား။ ဒါမှမဟုတ် သူတို့မသိတဲ့ တခြားလျှို့ဝှက်ချက်တွေ ရှိ​နေတာလား။