(29) လွန်ခဲ့တဲ့၁၀နှစ်က လေ့လာရေးခရီး
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)


Chapter (29)

လွန်ခဲ့တဲ့၁၀နှစ်က လေ့လာရေးခရီး



ရွှင့်ကျစ် နောက်ဆုံးတော့ မငိုခဲ့ပါဘူး။ သူက ခဏလောက်သာ စိတ်လှုပ်ရှားပြီးနောက်တွင် ဖခင်ဖြစ်သူ၏ ဆံပင်ကို လေးလေးစားစား ဖြေလျှော့ကာ အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ၀တ်ဆင်​ပေးလိုက်သည်။ သို့သော် ခန္ဓာကိုယ်က ရေဓာတ် ခမ်းခြောက်ထားတာကြောင့် ထိတွေ့မိတာနဲ့ ဆံပင်များက ကျွတ်ကျသွားသည်။ 


ဝူရှဲ့ ဒီကောင်လေး စိတ်မသက်မသာ ဖြစ်နေမယ်ဆိုတာ သိပါသည်။ ဒါမှမဟုတ် သူ့အဖေ အသက်ရှင်နေဦးမှာပဲ ဆိုပြီး ဆယ်နှစ်လောက်တောင် မျှော်လင့်ထားခဲ့တာ ဖြစ်နိုင်သည်။ အခုတော့ မျှော်လင့်ချက်တွေက ပျောက်ကွယ်သွားပြီမလို့ စိတ်အေးလက်အေး ဖြစ်သွားနိုင်သလို စိတ်ဓာတ်ကျနေတယ်လို့ ပြောလို့ရပါ၏။


ဖန့်ကျစ်နဲ့ ဖက်တီးမှာ ဘာဖြစ်သွားမှန်းကို မသိပါဘူး။ သူတို့က နားမလည်နိုင်စွာနဲ့ ချွေး​အေးတွေ ထွက်ကျနေကြတာကြောင့် ဝူရှဲ့လည်း သူ မှန်းဆထားတဲ့ အကြောင်းအရာကို ရိုးရိုးရှင်းရှင်းပဲ ပြောပြလိုက်တယ်။


ဒီစကားကြားတော့ ဖက်တီးက ဆိုလေ၏။


"ငါတို့အိမ်က အဘိုးကြီးလည်း အစောကြီး ထွက်သွားပြီ... သူက တိုင်းပြည်အတွက် တော်လှန်သူအဖြစ်နဲ့ တစ်သက်လုံး အလုပ်လုပ်ခဲ့တာ နောက်ဆုံးမှာတော့ တန်ပြန်တော်လှန်သူလို့ တံဆိပ်ကပ်ခံရတယ်လေ... ရွှင့်ကျစ် လူတွေက အမြဲတမ်း အကောင်းဆုံး လုပ်ရမယ်... တစ်ဖက်ကလည်း ဆယ်နှစ်လောက် ခွဲခွာခဲ့ရတဲ့ မင်းတို့ သားအဖ ပြန်ဆုံနိုင်တယ် ဆိုတော့ ဘုရားသခင်က မင်းကို ဂရုစိုက်တယ်လို့ ပြောရမှာပေါ့ကွာ"


ဖက်တီး ငိုချလိုက်တဲ့အခါ ဖန့်ကျစ်ရဲ့ မျက်လုံးတွေက စိုစွတ်လာပြီး။


“ကောင်းပြီလေ မင်းမှာ အဖေရှိသေးတယ်... ငါကတော့ ငါ့အဖေရဲ့ မျက်နှာကို တစ်ခါမှတောင် မမြင်ဖူးဘူး... သခင်သုံးကပဲ ငါ့အဖေလို အမြဲတမ်း ဖြစ်နေခဲ့တာ... ​​အခုသူ့ဘဝက သေလားရှင်လားတောင် မသိရသေးဘူး"


"မင်းတို့ ရူးနေကြတာလား? ရွှင့်ကျစ်တောင် မငိုဘူး... မင်းတို့နှစ်ယောက် ဘာလို့ အငိုပွဲတွေ ဝင်နေကြတာလဲ သူတို့ဘာလို့ ဒီမှာ သေသွားရတာလဲ ဆိုတာကိုသာ ရှာကြည့်စမ်းပါ"


သူတို့ ဒီနေရာအထိ လျှောက်လှမ်းနိုင်ခဲ့လို့ အပြင်ထွက်လို့ ​ပြန်မရနိုင်လို့ သေသွားရတယ် ဆိုတဲ့ အကြောင်းပြချက်ကတော့ မဖြစ်နိုင်ပါဘူး။ သူတို့ ဒီမှာသေသွားတာက မတော်တဆမှု တစ်ခုခုတော့ ဖြစ်သွားလိမ့်မယ်။ အခုသူတို့လည်း ဒီသင်္ချိုင်းခန်းမှာ ရှိနေပြီ။ သူတို့ရဲ့ခြေရာအတိုင်း မလိုက်စေချင်ဘူး ဆိုရင်တော့ အကြောင်းအရင်းကို ရှာဖွေရမည်။ 


တစ်ချိန်တည်းမှာပဲ အလောင်းတော်တော်များများရဲ့ ပုံပန်းသဏ္ဌာန်နဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း တစ်ခုခု ရှိနေတယ်လို့ ဝူရှဲ့ ခံစားရလေသည်။ ရွှင့်ကျစ်၏အဆိုအရ သူတို့သည် တောင်ပေါ်သို့သွားရန် မသင့်တော်သော အချိန်တွင် တောင်ပေါ်သို့တက်ရန် အခိုင်အမာ ပြောဆိုခဲ့သည်။


ဒီလိုဆို ဒီလူတွေဟာ သာမန်ခရီးသွားတစ်ဦး မဖြစ်နိုင်ပေ။ သူတို့ ဒီကိုရောက်လာတာ တိုက်ဆိုင်မှုရှိလို့လား တခြားအကြောင်း ရှိလား ဆိုတာ သူ သိကိုသိရမယ်။


အဲဒီလူတွေရဲ့ ကျောပိုးအိတ်တွေကို ရှာကြည့်တော့ ကျောပိုးအိတ်ထဲမှာ ရှိသမျှအရာ အားလုံးက ပုပ်ပွနေပြီ။ ဝတ္ထုစာအုပ်တွေ၊ မှတ်စုစာအုပ်တွေ၊ ခဲတံတွေ၊ အရွတ်ကြိုးတွေ၊ ရွက်ဖျင်တဲတွေ၊ ခေတ်ဟောင်း ဓာတ်မီးတွေ၊ စစ်တပ်သုံး ဓားမြောင်တွေ၊ ၁၉၈၆က ထုတ်ဝေခဲ့သော ကိုးရီးယား-တရုတ် အဘိဓာန်၊ ပီကေပူဖောင်း၊ ခေတ်မီမီးခြစ်များ၊ ဝိုင်ပုလင်းများ၊ နှုတ်ခမ်းနီများ၊ သန့်ရှင်းရေး ခါးပတ်များ၊ ဆေးသေတ္တာများ (ပိတ်ကျဲစ၊ အရက်၊ ချည်နှင့် ဆေးဖက်ဝင်အရက်များ အပါအဝင်)၊ သံလိုက်အိမ်မြှောင် စသည်တို့ အစုံအလင် ပါရှိလေသည်။ 


ဝတ္ထုက “သံမဏိကို ဘယ်လို သန့်စင်မလဲ” ဆိုတဲ့ စာအုပ်ဟောင်းလေးမို့ မဖတ်ဝံ့တော့ပေ။ သူ ဖွင့်လိုက်တာနဲ့ ကြေမွသွားတော့မှာ သေချာပါ၏။ မှတ်စုစာအုပ်တွေက အလုပ်နဲ့ ပတ်သက်တဲ့ မှတ်စုဟောင်းတွေပါပဲ။ ဝူရှဲ့ မူလတန်းကျောင်းတက်တုန်းက အဖေသုံးတာ တွေ့ဖူးသည်။ ဒီမှာ​တော့ စုစုပေါင်း မှတ်စုစာအုပ် သုံးအုပ်ရှိ၏။ 


အဲဒါတွေကို ဖွင့်ကြည့်လိုက်တော့ သူတို့အားလုံး အကောင့်နဲ့ ဖုန်းနံပါတ်တချို့ကို မှတ်တမ်းတင်ထားတာ တွေ့လိုက်ရသည်။ ဒါတွေက မှတ်စုစာအုပ်တွေရဲ့ ပုံမှန် လုပ်ဆောင်ချက်တွေပါပဲ။ ဒီအချိန်မှာတော့ ဒီလောက်နဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြရန် မလုံ​လောက်​ခဲ့ပေ။


ပစ္စည်းတွေ အားလုံးကို အပြည့်အစုံနီးပါး တပ်ဆင်ထားကြသည်။ အဲဒီပစ္စည်းတွေက သူတို့ပါလာတဲ့ အရာတွေလောက် အဆင့်မြင့်တာ မဟုတ်ပေမယ့် အပြင်ထွက်ဖို့က ပြဿနာ မဖြစ်ရှိလောက်ပေ။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ အန္တရာယ်များနေပါစေ ဒီပစ္စည်းတွေက ကိုင်တွယ်နိုင်လိမ့်မည်။ 


ဒီလူတွေက ထွက်သွားဖို့ ပစ္စည်း အစုံအလင် ရှိရဲ့သားနဲ့ ဒီမှာ သေသွားခဲ့ကြသည်။ ဒီလူတွေသာ သေမယ်ဆိုရင် လမ်းမှာ သေသွားခဲ့သင့်တယ်လို့ ဝူရှဲ့ ကိုယ့်ဘာသာ တွေးနေမိ၏။ ဧကန္တ ဒီစည်းစိမ်ဥစ္စာကို မခွဲခွာနိုင်လို့လား။ ဒါက ပိုလို့တောင် မဖြစ်နိုင်ဘူးလေ။ 


ဒီလိုဆိုရင် ဒီမှာ သေသွားခဲ့ရတဲ့ တခြား အကြောင်းအရင်းတစ်ခု ရှိနေတာလား။ ဘာမှန်း မသိတဲ့ခံစားချက် တစ်ခုက ရုတ်တရက် သူ့ရင်ထဲကို တိုးဝင်လာခဲ့သည်။ ဒီသင်္ချိုင်းမှာ သူတို့ကို တစ်စုံတစ်ခုက စောင့်ကြည့်နေသလိုမျိုး တုန်လှုပ် ခြောက်ခြားသွားသလို ခံစားလိုက်ရသည်။ 


ထိုအခိုက် တစ်ဖက်မှာရှိတဲ့ ဖက်တီးသည် ဝူရှဲ့တို့ ယူထုတ်လိုက်တဲ့ အရာတွေကို ကြည့်ပြီး သူ့လျှာကို ကိုက်လျက် ဆိုလာခဲ့သည်။ 


"ရဲဘော်တို့ ဒါတွေမှာ တစ်ခုခု မှားနေတာကို သတိထားမိလား?"


သူတို့အားလုံးက ဒါကို တွေးနေကြရယ ဖက်တီးရဲ့အမေးကို ကြားပြီးတာနဲ့ အဲဒီအရာတွေကို သေသေချာချာ ပြန်ကြည့်လိုက်သည်။ ထိုစဥ် ဝူရှဲ့ သူ့စိတ်ထဲမှာ မရှိမဖြစ် လိုအပ်တဲ့အရာတွေက ရှိနေတယ်လို့သာ ခံစားနေရသည်။ 


"ပျောက်နေတယ်? တစ်ခုခု ပျောက်နေတယ်?"


ဖက်တီးက "အစားအစာ... သူတို့မှာ စားစရာ​တွေ မရှိ​တော့ဘူး လူတိုင်းရဲ့ အိတ်ထဲမှာ စားစရာ​တွေ မရှိဘူး" 


သူပြောပြီးတာနဲ့ ဝူရှဲ့ ချက်ချင်း စိတ်လှုပ်ရှားသွားကာ နောက်တစ်ခေါက် သေချာ ပြန်စစ်ဆေးကြည့်လိုက်သည်။ 


“တကယ်ကြီး စားစရာ​တွေ မရှိတော့ဘူး ဆိုလိုတာက ဒီလူတွေဟာ မတော်တဆမှုကြောင့် သေသွားတာ မဟုတ်ဘူးပေါ့... မတော်တဆမှုကြောင့် သေသွားရင် ဒီလိုတိုက်ဆိုင်မှုမျိုးတော့ ရှိမှာ မဟုတ်ဘူး... ဒီလူတွေတိုင်းမှာ စားစရာမရှိတော့ဘူး အဲ့တော့ အားလုံး အစာရေစာငတ်ပြီး သေကုန်ကြတာလား?"


ဒါက အဓိပ္ပာယ်မရှိပါဘူး။ လူတွေက အစာမရှိရင် ငတ်ပြီးသေတဲ့အထိ ဒီမှာ နေခဲ့ကြတာလား။ ရေရှိသရွေ့ ပုံမှန်ခန္ဓာကိုယ် ပုံသဏ္ဌာန်ရှိတဲ့ လူတွေက တစ်လလောက်အထိတော့ နေနိုင်သည်။ မထွက်ချင်သရွေ့ ဒီမှာ ငတ်​ပြီးသေမှာ မဟုတ်ဘူး။


ဒါကိုတွေးမိသွားတော့ ပင်လယ်အောက်မှာ အကြောင်းမရှိ ပျောက်ပျောက်သွားတတ်တဲ့ သင်္ချိုင်းတံခါးကို ဝူရှဲ့ သတိရသွား၏။ ဝူရှဲ့ ကမန်းကတမ်း ရွှေပုံပေါ်က ခုန်ဆင်းသွားပြီး သူတို့ ဝင်လာခဲ့တဲ့ အုတ်ဂူတံခါးကို လှမ်းကြည့်လိုက်သည်။ ပျောက်ကွယ် မသွားသေးတာကြောင့် စိတ်သက်သာရာ ရသွားပေမယ့် ကြောက်လည်းကြောက်လာမိသည်။ တံခါးသာ ရုတ်တရက် ပျောက်သွားရင် ပြန်လမ်း ပျောက်လိမ့်မည်။


ဖက်တီးသည် ဝူရှဲ့ စိတ်ပူ​​နေတာကို ရိပ်မိတာကြောင့်။


“တကယ်လို့ ဒီလိုအခြေအနေမျိုးသာ ကြုံလာရင် ဒီတစ်ခါ ငါတို့မှာ ဖောက်ခွဲတဲ့ ပစ္စည်းတွေ ပါလာတယ်ဆိုတော့ ကြောက်နေစရာ မလိုဘူး”


သူ့စကားက ဝူရှဲ့ကို ပိုသက်တောင့်သက်သာ ဖြစ်သွားသလို ခံစားရစေ၏။ 


"ဒီလိုဖြစ်နိုင်မလား?" 


ဝူရှဲ့မှယ အများကြီးတွေးပြီး နားမလည်သလို ဖြစ်နေတဲ့ အချိန်မှာ ဖန့်ကျစ်က ရွှင့်ကျစ်အား မေးလိုက်လေသည်။ 


"မင်းအဖေဦးဆောင်တဲ့ စူးစမ်းလေ့လာရေး အဖွဲ့မှာ လူဘယ်နှစ်ယောက် ရှိတယ်ဆိုတာ မင်းသိလား?"


"လူခုနစ်ယောက်ပဲ ရှိပုံရတယ်... အမေ ပြော​ပြဖူးပေမယ့် သူမလည်း သူမမြင်သလောက်ကိုပဲ ပြောပြတာ... တစ်ကယ်တော့ လူဘယ်နှစ်ယောက် ရှိတယ်ဆိုတာ အမေလည်း အတိအကျ မသိခဲ့ဘူး ဘာပဲဖြစ်ဖြစ် အဖေကတော့ မသွားခင်မှာ လူခုနစ်ယောက်နဲ့ ခရီးထွက်ခဲ့တယ်လို့ ပြောတယ်"


“၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆.... စုစုပေါင်း အလောင်းက ၆ လောင်း ရှိတယ်... အနည်းဆုံး လူ ၂ယောက်က ပျောက်ဆုံးနေတယ်... ဒီလူတွေ ဒီမှာပဲ သေသွားတယ် ဆိုတော့ အဲဒီနှစ်ယောက်က ဒီစည်းစိမ်ဥစ္စာ​တွေကို မြင်တော့ ဒီလူတွေကို သတ်ပြီး နှစ်ယောက်သား ထွက်ပြေးသွားတာလား?"


ဖန့်ကျစ်က သူ့အတွေးကို ပြောပြလာသည်။ ဝူရှဲ့က ငြင်းချက်ထုတ်ရန် အတွက် ခေါင်းခါယမ်းလိုက်မိသည်။ ထိုလူများသည် တိုက်ပွဲဝင်ထားသည့် အရိပ်အယောင်မျိုး လုံးဝမပြသလို သေခါနီးအချိန်၌ သူတို့၏ လှုပ်ရှားမှုများနှင့် အမူအရာများကို ကြည့်လိုက်လျှင် တညီတညွတ်တည်း ပွေ့ပိုက်ထားကြသည်။ 


ထိုလူများသည် အဆိပ်ခတ်ခံရတာ ဒါမှမဟုတ် ပြင်ပအင်အားကြောင့် သေဆုံးသွားခဲ့ရပုံ မပေါ်ချေ။ သူ့အား တစ်ခုခု မှားနေတယ်လို့ ခံစားမိစေခဲ့တာက သူတို့သေဆုံးရတဲ့ အကြောင်းရင်းကို အဖြေရှာရမှာက အလောင်းတွေရဲ့ အမူအရာတွေက အရမ်းစည်းလုံးနေပြီး မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေမှာ ပိတ်မိနေသလိုမျိုး နက်နဲတဲ့ စိတ်ပျက်အားငယ်မှုကို ထုတ်ဖော်ပြသလိုက်တာပင်။


ဒီလို အလောင်း​တွေကို ဝူရှဲ့ အနေနဲ့ ပထမဆုံး မြင်ဖူးတာကြောင့် လျစ်လျူမရှူနိုင်ပေ။ ဟိုတုန်းက ဖြစ်ပျက်ခဲ့တာတွေက သူတို့ထင်သလောက် မရိုးရှင်းဘူး ဆိုတာ သေချာပေါက် သိသာလေသည်။ ဤရွှေအစုအဝေးထဲတွင် တစ်စုံတစ်ခုက သူတို့ကို ကြည့်နေတယ်ဆိုတဲ့ ကြောက်စရာကောင်းတဲ့ ခံစားချက်က ပို၍ပို၍ ထင်ရှားလာသည်။


ဝူရှဲ့ အချိန်အတော်ကြာ တွေးတော​​​နေပေမယ့် မနေနိုင်တော့တဲ့ ဖက်တီးတို့ဟာ ရွှေထည်ပစ္စည်းများကို တဖန်ပြန်စ၍ ကောက်ချင်​​​နေကြသည်။ ဒီတစ်ခါတော့ ဝူရှဲ့ သူတို့အား အေးအေးဆေးဆေး အမူအရာဖြင့် တားလိုက်သည်။ ဒီလူတွေက ဒီရွှေတွေစုပုံနေတဲ့ နေရာမှာ သေသွားခဲ့တာကို သူ့အနေနဲ့ စိတ်ထဲက မထုတ်ပစ်နိုင်ပေ။ ဒါကြောင့် မလှုပ်နဲ၊ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကိုလည်း မမေ့ပါနဲ့ လို့ သတိပေးလိုက်သည်။ 


ဝူရှဲ့ သူတို့ကိုပြောပြီးတာနဲ့ သူတို့လည်း အိပ်မက်က နိုးလာခဲ့သလို တိတ်ဆိတ်သွားခဲ့သည်။ ရုတ်တရက် ဖက်တီးက တစ်ခုခုကိုစဉ်းစားမိသွားပြီး။  


"ငါတကယ် မူးသွားတာပဲ... ငါတို့ဒီကို ဘာလာလုပ်တာလဲ ဆိုတာ မေ့သွားပြီ .... အမှတ်အသားက ငါတို့ကို ဒီကိုခေါ်လာခဲ့တာ တံခါးကလည်း အသင့်ပွင့်နေတဲ့ အပေါက်... ရတနာအခန်း တစ်ခုပဲရှိတယ် ခေါင်းတလားလည်း မရှိဘူး.... မြင်သာတဲ့ လက်နက်ရှိတယ်လို့ ဆိုလိုရင်း အမှတ်အသားပဲ ဖြစ်မယ် အဲဒီအမှတ်အသားကို အားနင်နဲ့ သူ့လူတွေ ချန်ထားခဲ့ရမှာ ဖြစ်ရမယ်... အဲ့လိုဆို သူတို့ရဲ့ ဒုတိယမြောက်အဖွဲ့က ရတနာကို သယ်ယူနိုင်မှာလေ"


"ဒီအလောင်းတွေက တံခါးကို ဖောက်ထွင်းခံရတာ ဖြစ်နိုင်တယ်... ဒါပေမယ့် ဒါက သင်္ချိုင်းပစ္စည်းတွေ အတွက် သင်္ချိုင်းခန်ယ တစ်ခုပဲလေ။ အခေါင်းက ဒီနေရာ မဟုတ်ဘူးဆိုတာ သေချာတယ် ငါတို့က ဆန့်ကျင်ဘက်ဖက်ကို သွားရမယ်"


ယုတ္တိမရှိပေမယ့် ဒီသင်္ချိုင်းလမ်းဟာ တစ်ဖက်မှာ သင်္ချိုင်းတံခါးနဲ့ တစ်ဖက်မှာ မြေအောက်နန်းတော်ရဲ့ ပင်မအုတ်ဂူ ရှိမယ်လို့ အမြဲထင်ခဲ့တာ။ အခုကြည့်ရတာတော့ မဟုတ်ပေ။ ဒါပ ပင်မသင်္ချိုင်းရဲ့ လမ်းကြောင်း မဟုတ်သေးဘူး။ ဒါဆို ဒီမြေအောက်နန်းတော်က ဘယ်လောက်​တောင် ကြီးတာလဲ။ ဝင်္ကပါလိုတော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမည်။ အဲဒီအမှတ်အသားတွေကို တွေးကြည့်မိတော့ မြေအောက်နန်းတော်က ရှုပ်ထွေးလွန်းတာကြောင့် ဒီအမှတ်အသားတွေကို ချန်ထားခဲ့တာများ ဖြစ်မလားဟု ထည့်တွေးမိလာသည်။ 


“ဒါတွေကို ဘယ်လိုလုပ်မလဲ?” 


ဖက်တီးသည် သူတို့နဲ့ခွဲရမှာကို နည်းနည်း ဝန်လေးသွားပုံဖြင့် ဆိုလေသည်။ 


ဖက်တီးက "မင်းလိုချင်သမျှကို ယူလိုက်... မင်းဘဝတ၀က်လောက် ပေါ့ပေါ့တန်တန် နေနိုင်ရင် လုံလောက်ပြီမလား? မင်း အရမ်းလောဘကြီး နေစရာ မလိုဘူး အနာဂတ်မှာ ပြန်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"


ဖက်တီးသည် လူသေအလောင်းကို မြင်ပြီးနောက်တွင် သူသည် သိသိသာသာ ညည်းညူနေသော်လည်း ဘာမှမသယ်သွားရရင် မ​နေနိုင်သောကြောင့် ရွှေထည်ပစ္စည်း အနည်းငယ်ကို ကောက်ယူကာ အိတ်ကပ်ထဲ ထည့်ထားလိုက်သည်။ 


ရွှင့်ကျစ်ကတော့ သူ့အဖေအလောင်းကို ပြန်ယူဆောင်သွားရန်သာ ဂရုစိုက်သည်။ သူက အလောင်းကို ကျောပိုးအိတ်ထဲ ခေါက်ထည့်လိုက်သည်။ အလောင်း၏ ခန္ဓာကိုယ်ပေါ်တွင် ရေဓာတ် ခမ်းခြောက်နေပြီမလို့ အလေးချိန် အနည်းငယ်သာရှိရာ သယ်ရမခက်ပေ။


သူတို့သည် ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရွှေရောင်ကျောက်ပုံကြီးကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးနောက် စိတ်ပိုင်းဖြတ်ကာ သင်္ချိုင်းတံခါးအောက်မှ အဖွင့်အပိတ် နေရာကို ဆွဲထုတ်လိုက်သည်။


သင်္ချိုင်းခန်းရဲ့ တံခါးထဲက ထွက်လာတာနဲ့ ဖက်တီးဆီက "အမ်?"ကနဲ ပြောသံကို ကြားလိုက်ရတော့ ဝူရှဲ့သူ့ရင်ထဲမှာ ကြိုတင် သတိပေးချက်တစ်ခု ရလိုက်သလိုမျိုး ဓာတ်မီးကို အမြန်ကောက်ကိုင်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ မတတ်နိုင်ဘဲ ဆံပင်တွေ ဖြူလာသလို ထောင်တက်သွားသလို တစ်ကိုယ်လုံးက ချွေးတွေပါ ထွက်လာသလို ခံစားလိုက်ရတော့သည်။ 


သင်္ချိုင်းတံခါး အပြင်ဘက်ရှိ သင်္ချိုင်းနံရံက ပန်းချီကားများသည် သူဝင်လာသောအခါ တွေ့ခဲ့တာနဲ့ အမှန်တကယ် ကွဲပြားနေလေပြီ။ အနီရောင် ပန်းချီကား အားလုံး အနက်ရောင် ဖြစ်သွားသည်။ ပုံမှန်မဟုတ်ဘဲ ကြီးမားသော ဦးခေါင်းနှင့် လူတစ်ယောက်၏ အရိပ်ကလည်း ရှိနေသည်။