ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)
Chapter (30)
အရိပ်လမ်း
ရွှင့်ကျစ်နဲ့ ဖန့်ကျစ်တို့သည်လည်း အံသြသွားကာ သူတို့ကိုယ်သူတို့ ပြန်ပြောလိုက်သည်။
"သောက်ကျိုးနည်း!! ဘာဖြစ်နေတာလဲ? တံခါးမှားသွားတာလား?"
"မဟုတ်ဘူး!"
ဖက်တီးနဲ့ ဝူရှဲ့တို့ နှစ်ယောက်စလုံး အတွေ့အကြုံ ရှိခဲ့ဖူးတာကြောင့် ဘာတွေဖြစ်နေတာလဲ ချက်ချင်း သိလိုက်သည်။
"ဒီနေရာက သင်္ချိုင်းလမ်းကြောင်းကို ရွှေ့လိုက်ပြီ... ငါတို့ သင်္ချိုင်းခန်းထဲမှာ ရှိနေတုန်း သင်္ချိုင်းတံခါးဟောင်းက တခြားတစ်နေရာကို ရွှေ့သွားလို့ သင်္ချိုင်းလမ်းကြောင်းက အသစ်တစ်ခု ဖြစ်သွားတာ...အဲဒါကြောင့် တံခါးအသစ်က ဒီကိုရောက်လာတာ"
"ဒီလိုလည်း ရတယ်လား?"
ဖန့်ကျစ်မှာ သူ့ပါးစပ်ကို ကျယ်ကျယ် ဖွင့်ဟရင်း အံ့သြသွားလေသည်။
"ရတယ်"
ဖက်တီးနဲ့ ဝူရှဲ့တို့ နှစ်ယောက်စလုံးက အဲဒါထက် ပိုတယ်လို့ ထင်တာကြောင့် အားတက်သရော ခေါင်းညိတ်လိုက်ကြသည်။ ဝမ်းချောင်ဟိုင်က ယန္တရားတွေကို ဒီဇိုင်းထုတ်တဲ့နေရာမှာ ဆရာတစ်ပါး ဖြစ်တာကြောင့် ဖြစ်ပျက်ခဲ့တာတွေက အံ့သြစရာတော့ မဟုတ်ပေ။
ဝူရှဲ့ နည်းနည်း ကြောက်သွားပေမယ့်လည်း နည်းနည်းတော့ စိတ်သက်သာရာ ရသွားခဲ့သည်။ ဘာကြောင့်လဲဆိုတော့ သင်္ချိုင်းလမ်းကြောင်း ပြောင်းသွားတာနဲ့ ရွှင့်ကျစ်အဖေနဲ့ တခြားအလောင်း ပိုင်ရှင်တွေ ရွှေပုံတွေဘာလို့ အသက်ရှင်လျက် ပိတ်မိနေခဲ့တယ် ဆိုတာကို ရုတ်တရက် သဘောပေါက်သွားလို့ပါပဲ။
ဝမ်းချောင်ဟိုင်ရဲ့ နည်းဗျူဟာကြောင့် မဟုတ်ရင် ဒီနေရာလို ထူးဆန်းတဲ့ သင်္ချိုင်းတွင်းက အပြောင်းအလဲတွေက လူတွေကို ရူးသွပ်သွားစေအောင် လုံလောက်ပေသည်။ ပင်လယ်ရေအောက် ဂူသင်္ချိုင်းထဲမှာ သူတို့ရဲ့ စိတ်တွေကို အရူးလုပ်လုနီးပါး ဖြစ်ခဲ့ပေမယ့် ဒီနေရာက သင်္ချိုင်းဂူရဲ့ နိယာမကို ရုတ်တရက် နားလည်လိုက်တာနဲ့ လုံးဝ ကြောက်စရာတော့ မရှိတော့ပါဘူး။
ဒီသင်္ချိုင်းလမ်းကြောင်း ပြောင်းသွားတဲ့အခါ လမ်းဆုံက မရှိတော့တာကြောင့် ပြန်သွားလို့ မရနိုင်တော့ဘူး။ ဒီသင်္ချိုင်းခန်း အသစ်ရဲ့ အဆုံးမှာ ဘာရှိလဲဆိုတာ မသိပေမယ့် ဒီမှာပဲ ဆက်နေမယ်ဆိုရင် အဆုံးသတ်က အဲဒီအလောင်းတွေလိုပဲ သေချာပေါက် သေဆုံးသွားလိမ့်မယ်။
အဲဒီအချိန်တုန်းက ဝူရှဲ့ တွေးနေတာက သင်္ချိုင်းရဲ့အဆုံးမှာ ဘာတစ်ခုမှ မရှိသလို အသေအပျောက်လည်း ကြီးကြီးမားမားတော့ မရှိနိုင်ပါဘူးဟု။ အခုတော့ ဒီအကြောင်းကြောင့် အလောင်းတွေက ဒီမှာပိတ်မိနေခဲ့တာပဲ ဆိုတာကို သိလိုက်ရပြီ။ သူတို့ လာတဲ့လမ်းက ရုတ်တရက် ပျောက်ကွယ်သွားတော့ ထုံးစံအတိုင်း ပြန်လမ်းကို မသိနိုင်တော့ဘူး မဟုတ်လား။
ဒါကို ပြန်တွေးကြည့်တော့ ဝူရှဲ့ သူလွန်ခဲ့တဲ့ ၁၀နှစ်လောက်ကဆို အရမ်းငယ်သေးတာပဲလို့ တွေးလိုက်မိ၏။ အလောင်းရဲ့ မျက်နှာပေါ်က စိတ်ပျက်အားငယ်နေတဲ့ အမူအရာရဲ့ အတိမ်အနက်က သူထင်ထားတာထက် အများကြီး ပိုထူးဆန်းတာတွေကို ကြုံခဲ့ရပြီး သူတွေးခဲ့တာတွေကလည်း ရိုးရှင်းလွန်းနေသည်။
ဝူရှဲ့ သူ့ရဲ့ အတွေးအမြင်တွေကို တခြားသူတွေကို ပြောပြပြီး ဖန့်ကျစ်နဲ့ ရွှင့်ကျစ်တို့ကိုလည်း သင်္ချိုင်းတွင်းက အပြောင်းအလဲတွေရဲ့ နိယာမကို ရှင်းပြခဲ့သည်။ သူတို့က ခေါင်းညိတ်ကြပေမယ့် နားလည်တာထက် မပိုတဲ့ အမူအရာမျိုး ပြသလာခဲ့၏။ ဖန့်ကျစ်က အနည်းငယ် ထပ်စဥ်းစားကာ။
"အဲ့သီအိုရီအရဆို ဒီမြေအောက်နန်းတော်ရဲ့ တည်ဆောက်ပုံက အကန့်အသတ်မရှိ ရှုပ်ထွေးနေလိမ့်မယ်... ငါတို့ ဝင်သွားရင်တောင်မှ အပြင်မထွက်နိုင်တဲ့ ဝင်္ကပါထဲမှာ ပိတ်မိနေသလို ဖြစ်မသွားဘူးလား?"
ဝူရှဲ့ သူ့စကားအတွက် ပြန်ဖြေပေးလိုက်သည်။
"အဲ့လိုလည်း မဖြစ်နိုင်ပါဘူး ရိုးရိုးသားသား ပြောရရင် ဝမ်းချောင်ဟိုင်ရဲ့ လှည့်ကွက်က သင်္ချိုင်းဓားပြတွေကို စိတ်ပိုင်းဆိုင်ရာ ဖိအားပေးရုံသက်သက်ပဲ... လူတွေကို သေအောင်ထောင်ချောက် ဆင်ဖို့ဆိုတာ မလွယ်ဘူးလို့ ကျွန်တော် ထင်တယ်...ဒီလူတွေက စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက် ခံလိုက်ရလို့ သေသွားရတာလို့ ကျွန်တော် ခန့်မှန်းမိတယ်"
တိုတိုပြောရရင် ဒီသင်္ချိုင်း လမ်းအသစ်ကို လှည့်ပတ်ပြီး နည်းလမ်းတစ်ခု စဉ်းစားရမယ်။ တကယ်လို့ အပြင်ကို မထွက်နိုင်ဘူးဆိုရင် ဖက်တီးပြောတဲ့အတိုင်း သူတို့ လမ်းကြောင်းတစ်ခုကို အရင်ဆုံးဖြတ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ဖောက်ခွဲသွားရမယ်။ ဖောက်ခွဲရေး ပစ္စည်းတွေက ဒီနေရာမှာ ပိုအသုံးဝင်နိုင်သည်။
ဝူရှဲ့ သူပြောတဲ့ စကားအတိုင်း သူက ဦးဆောင်ပြီး သင်္ချိုင်းဂူလမ်းထဲကို ဝင်သွားခဲ့သည်။ ဖက်တီးနဲ့ တခြားသူတွေက သူ့အနောက်က အနီးကပ် လိုက်လာကြ၏။ သွားနေရင်း တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရသည်။ ဒီအနီးနားတစ်ဝိုက်က ပန်းချီကားတွေကို ကြည့်ရင်း အေးစက်သွားသည်။
ပန်းချီကားတွေရဲ့ ဘေးပတ်ပတ်လည်မှာ အရိပ်အယောင်တွေ ကြီးကြီးမားမား ရှိနေသလို သို့မဟုတ် လူတွေကို လွန်စွာ စိတ်မသက်မသာ ဖြစ်စေတဲ့ အရိပ်အယောင်တွေ အများကြီး ရှိနေသလို ခံစားရစေ၏။ ဒီအချိန်မှာ ဝူရှဲ့ စဥ်းစားမိတာက ဒီလမ်းထဲမှာ တစ်ခုခုရှိနေတာလား။ ဥပမာ ဓာတ်မီးအလင်းကြောင့် အရိပ်က နံရံကို ထိသွားတဲ့အချိန် သူတို့ အဲဒါကို သေချာပေါက် မမြင်နိုင်တော့တာမျိုးပေါ့။
ဒါပေမဲ့ ဝင်လာပြီးပြီမို့ ပြန်လှည့်သွားရမှာက ရှက်စရာ ကောင်းလွန်းလှသည်။ သို့နှင့် ဝူရှဲ့ အံကြိတ်ပြီး ရှေ့ကို လျှောက်သွားကာ ဒီအရာတွေကို မတွေးတောမိအောင် ချုပ်တည်းထားလိုက်သည်။ မကြာခင်မှာပဲ သူတို့နောက်က ရွှေပုံကြီးရှိခဲ့တဲ့ သင်္ချိုင်းတံခါးကို မမြင်နိုင်တော့အောင် တဖြည်းဖြည်း ဝေးလာခဲ့သည်။
သူ့နောက်က ဖန့်ကျစ်က လမ်းလျှောက်ရင်း သူ့အဖေနဲ့ လေ့လာရေး အဖွဲ့အကြောင်း ရွှင့်ကျစ်ကို မေးမြန်းကြည့်နေသည်။ ရွှင့်ကျစ်က သူ့ကို တချို့အရာတွေကို ပြောပြပါ၏။
ဖန့်ကျစ်က။
"ငါတို့ အခုနလာတုန်းက တံဆိပ်တုံးကျောက်တုံးတွေ ဂူပေါက်ဝကနေ လွင့်ထွက်လာတဲ့ ပုံစံမျိုးနဲ့ ကျထားတယ်... လွင့်ကျနေတဲ့ ပုံစံကို ကြည့်ရတာတော့ နောက်ဆုံးပေါ် နည်းပညာဖြစ်မယ်... ဆိုလိုတာက ငါတို့ဝင်လာတဲ့ လမ်းကြောင်းအတိုင်း သူတို့မဝင်ခဲ့ဘူးလို့ ညွှန်ပြနေတာပဲ... ဒီကနေ ထွက်ရမယ့် ထွက်လမ်းက တစ်ခုထက်မက ရှိမယ်ထင်တယ်"
"ဖြစ်နိုင်တယ်... အားနင်နဲ့ တခြားသူတွေရဲ့ အရမ်းမြန်တဲ့ လမ်းလျှောက်နှုန်းကို ကြည့်လိုက်ရင် မူလလမ်းကြောင်းအတိုင်း သူတို့ ကျွန်တော်တို့ရှေ့ရောက်နေပြီလို့ ပြောနိုင်တယ်... အချက်အလက် မရှိတော့ ကျွန်တော်တို့ ရှုံးနေတုန်းပဲ"
ဒါပေမဲ့ အားနင်နဲ့ တခြားသူတွေ ဘယ်ရောက်နေမှန်း မသိရသေးချေ။ သူတို့ ဒီရတနာအခန်းထဲကိုရော ရောက်ဖူးကြလား။ သူတို့လည်း သင်္ချိုင်းဂူရဲ့ ရွေ့လျားမှုကို ကြုံဖူးကြလား။ ဦးလေးသုံးလည်း ဒီလိုပဲ ဖြစ်နေပြီလား။
ပြောရရင် သူတို့သည် ဦးလေးသုံးရဲ့ ကုဒ်နံပါတ်လို့ ထင်ရတဲ့ အမှတ်အသားတွေနောက်က လိုက်ရင်း ဒီမြေအောက်နန်းတော်ထဲ ရောက်သွားခဲ့တာ ဖြစ်သည်။ အခုတော့ နောက်ဆက်တွဲကုဒ်က မရှိတော့ပေ။ ဦးလေးသုံး မြေအောက်နန်းတော်ထဲ ဝင်ပြီးနောက် အခုလို မျက်စိလည်သွားတာကြောင့် မချရေးခဲ့နိုင်တာ ဖြစ်မည်။
စကားပြောရင်း မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်လာခဲ့ရာ ရှေ့က ဓာတ်မီးက ရောင်ပြန်ဟပ်ပြီး သင်္ချိုင်းလမ်းရဲ့ အဆုံးကို ရောက်နေပြီဆိုတာ သက်သေပြလိုက်လေသည်။ အားလုံးလည်း တုန်လှုပ်သွားပြီး ချက်ချင်း ငြိမ်သက်သွားကာ အရှိန်လျှော့၍ လမ်းလျှောက်လာခဲ့ရာ မကြာခင်မှာပဲ အုတ်ဂူရဲ့အဆုံးမှာ နောက်ထပ် ကျောက်စိမ်းတံခါး တစ်ချပ် ပေါ်လာခဲ့သည်။
ကျောက်စိမ်းတံခါးကြီး ပေါ်လာချိန်မှာတော့ ဒီကျောက်စိမ်းတံခါးက ခုနက တံခါးနဲ့ အတူတူပဲ ဆိုတာကို တွေ့လိုက်ရတာကြောင့် ရုတ်တရတ် အားလုံး တုန်လှုပ်သွားတော့သည်။ အဲဒီအခါကျမှ ရှေးဟောင်း ဂူသင်္ချိုင်းထဲက တံခါးအများစုကို လက်သမားဆရာ တစ်ဖွဲ့တည်းက လုပ်ခဲ့တာဆိုတော့ ဆင်တူနေမှာ သေချာပါသည်။
တံခါး၏ကျောက် အရည်အသွေးမှာ အလွန်ကောင်းမွန်နေသေးပြီး တံခါးအောက်တွင်လည်း တစ်စုံတစ်ဦးမှ လွင့်ထွက်သွားစေခဲ့သော အပေါက် တစ်ခုလည်း ရှိနေသည်။ တစ်စုံတစ်ယောက် လာခဲ့တယ်လို့ ထင်ရလေ၏။ ကောင်းတယ်၊ ဘယ်သူလာလာ အဲဒါက သူတို့အတွက် ကောင်းတာပဲ။ အနည်းဆုံးတော့ ထောင်ချောက် မရှိဘူးဆိုတာ သက်သေပြနေတယ်လေ။
သူတို့မှာ မီးရှူးမီးပန်းတွေ အများကြီး မကျန်တော့တဲ့အတွက် ဖက်တီးသည် မီးရှူးမီးပန်းတွေကို မထုတ်တော့ဘဲ မီးတုတ်ကိုသာ ထွန်းညှိလိုက်သည်။ သူတို့ လှည့်ပတ်ကြည့်ရင်း အံ့ဩသွားကြသည်။
သင်္ချိုင်းတံခါးရဲ့ နောက်ကွယ်မှာ အခုနတုန်းက ရတနာအခန်းနဲ့ ထပ်တူကျတဲ့ အခန်းတစ်ခန်း ရှိနေသည်။ သင်္ချိုင်းအတွင်းမှာ ရွှေငွေ ရတနာတွေကိုလည်း တောင်ကုန်းတစ်ခုလို စုပုံထားပြီး သင်္ချိုင်းရဲ့ လေးထောင့်မှာ တိုင်ကြီးလေးခုရှိကာ အစောတုန်းက အခန်းနဲ့ အတူတူနီးပါးပါပဲ။
ဒီမြေအောက်နန်းတော်မှာ ဒီလိုအခန်းတွေ တစ်ခန်းထက်မက ရှိနေတာလားလို့ ဝူရှဲ့ တွေးလိုက်မိသည်။ ရတနာတွေ ဘယ်လောက်များများ စုဆောင်းထားခဲ့တာလဲ။ အရှေ့ရှ မင်းဆက်ဟာ အလွန်အားနည်းပေမယ့် ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ဂူဗိမာန်နန်းတော်ကို ဆောက်နိုင်သေးတာ အံ့သြစရာတော့ မရှိတော့ပါဘူး။
ရတနာတွေ အများကြီး သိမ်းဆည်းထားပြီး ဒီနေရာမှာ တစ်ယောက်တည်း အစိုးရ လုပ်နေတာပဲ။ ချန်ကျီစစ်ဟန်ရဲ့ အလောင်းကို မွန်ဂိုလီးယား မြက်ခင်းပြင်အောက်မှာ ဝှက်ထားကာ ဟစ်တလာရဲ့ နာဇီရွှေတွေကိုလည်း တိဗက်မှာ မြှုပ်နှံထားတယ်လို့ ပြောကြသည်။ အခု နွီကျန်းတွေရဲ့ ရွှေတွေကိုလည်း ဒီနေရာမှာ မြှုပ်နှံထားတာများလား။
ရုတ်တရက် သူ့ဘေးနားက ဖက်တီးထံမှ အော်ငေါက်လိုက်သံက ကျယ်လောင်လွန်းတာကြောင့် ဝူရှဲ့ အထိတ်တလန့် ဖြစ်သွားရလေသည်။
တစ်ခုခုဖြစ်သွားပြီလို့ထင်ပြီး သူ့ကို လှမ်းကြည့်တော့ ဖက်တီးက ပါးစပ်ကို ကျယ်ကျယ်ဟလျက် ရွှေတောင်ပေါ်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူက စကားဆက်ပြောဖို့ ကြိုးစားနေပေမယ့် ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်သွား၏။ ဝူရှဲ့ ပြေးကြည့်လိုက်တော့ ဒီရတနာတွေကြားထဲမှာ လူသေအလောင်းတချို့ စုပြုံနေတာကို တွေ့လိုက်ရတာကြောင့် ကူကယ်ရာမဲ့ အံ့သြသွားရလေသည်။
ဝူရှဲ့လည်း ထူးဆန်းသွားတာမို့ ရွှင့်ကျစ်ကို လှည့်မေးလိုက်မိသည်။
"ရွှင့်ကျစ်... မင်းမှာ ဖခင်ဘယ်နှစ်ယောက်ရှိ... အာ မဟုတ်ဘူး မင်းအဖေရဲ့အဖွဲ့ထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ? "
မေးပြီး ရွှင့်ကျစ် မဖြေသေးခင်မှာပဲ ဝူရှဲ့ခမျာ သူ့ဆံပင်တွေကို မိုးပေါ်ထောင်တက်သွားစေတဲ့ ဖြစ်စဉ်တစ်ခုကို ရုတ်တရက် တွေ့လိုက်လေ၏။ အလောင်းပုံဘေးနားက ရွှေထည်ပစ္စည်းတွေဟာ သပ်သပ်ရပ်ရပ် စီစဥ်ထားသည်။ ဝူရှဲ့ ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့ အဲဒါတွေက သူတို့ဝင်ဖူးတဲ့ ရတနာအခန်းထဲမှာ သူတို့ ခွဲထုတ်ထားခဲ့တဲ့ ပစ္စည်းတွေနဲ့ အတိအကျ တူညီနေတာကို တွေ့လိုက်ရ၏။ အားလုံး အတူတူနီးပါးပါပဲ။
ဖက်တီးမှာ သည်းမခံနိုင်တော့ဘဲ မီးရှူးမီးပန်းကို မီးညှိပြီး သင်္ချိုင်းတစ်ခုလုံးကို ချက်ချင်း လင်းထိန်သွားအောင် ပြုလုပ်လိုက်သည်။ ပြီးနောက် အောက်ကိုဆင်းပြီး အနီးကပ် ကြည့်လိုက်သော် ဒီအရာတွေက သူတို့ခုနကထုတ်ထားတဲ့ အရာတွေဆိုတာ ရှင်းသွားလေသည်။
ဖက်တီးက "ဘာဖြစ်နေတာလဲ ဒါက... တစ်ယောက်ယောက်က ငါတို့အပြုအမူကို အတုခိုးနေတာလား...?"
ဝူရှဲ့ မျက်မှောင်ကြုတ်ကာ မတ်တပ်ထရပ်လိုက်သည်။ ပတ်ပတ်လည်ကို ကြည့်ရင်း ရင်းနှီးသော ခံစားချက်တစ်ခုကို ရုတ်ချည်း ခံစားလိုက်ရလေသည်။
"မဟုတ်ဘူး... ငါတို့က ကိုယ့်ဘာသာကိုယ် ပြန်ရောက်လာခဲ့ကြတာ... ဒီနေရာက ငါတို့အစောတုန်းက ဝင်ခဲ့တဲ့ အခန်းပဲ!"