အပိုင်း 228
Viewers 24k

Chapter 228
_ ခင်ဗျားရှုံးပြီ



လက်ရှိအခိုက်အတန့်တွင် မျက်နှာဖုံးအောက်ရှိ မူရုံခယ်၏နှုတ်ခမ်းစွန်းများက ကော့ချိုးလျက်ရှိသည်။သူသည် ဝမ်ဟုန်၏အနောက်သို့ စိုက်ကြည့်နေလေ၏။
တိုက်ပွဲများပြင်းထန်သော ဂျင်လူမျိုးအပေါင်း၏ကြားထဲတွင် ကြောင်သူတော်များစွာရှိကြောင်း သူသိနေသည်။

ဆိုလိုသည်မှာ ဝမ်တပ်သားများကြားထဲ၌ အခြားမျိုးနွယ်စုကြီးများမှစေလွှတ်ထားသောသူလျှိုများရှိသည်ဟူ၍ပင်။သူလျှိုများကသာ သူပြောထားခဲ့သည်ကိုထုတ်ဖော်လိုက်ပါက ဝမ်ဟုန်ထံ၌ မည်သည့်အရည်အချင်းမျိုးပင်ရှိနေပါစေ ဆိုးရွားသည့်အချိန်များအား ကြုံဆုံလာရလိမ့်မည်။

ဟူတပ်စုမှူးများက မူရုံခယ်၏အနောက်၌ စည်းစနစ်တကျရပ်နေကြပြီး တောအုပ်ထဲတွင်မူ ဟူစစ်သည်အပေါင်းက အုပ်စုလိုက်စုစည်းနေသည်။သူတို့သည်မြေပြင်ပေါ်၌ မဆုတ်မနစ်ဟန်ဖြင့် တည့်တည့်မတ်မတ်ရပ်နေကြပြီး ယခင်ကကဲ့သို့ မီးလောင်တိုက်သွင်းခံတိရစ္ဆာန်များ မဟုတ်တော့ချေ။

ထိုအချိန်တွင် ဝမ်ဟုန်က မူရုံခယ့်အား လှောင်ပြုံးဖြင့် တစ်ချက်ကြည့်လာခဲ့သည်။
" မူရုံခယ်က ဘယ်လိုလူမျိုးလဲ ... အထိနာသွားတဲ့အရှုံးသမားတော့ မဟုတ်ဘူးမလား ... "

မူရုံခယ်မှာ ၎င်းစကားလုံးများအား သည်းညဉ်းမခံနိုင်ပေ။ဝမ်ဟုန် စကားဆုံးသည်နှင့် သူ၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။

" ထိုက်ယွမ်မင်းသား ... အထင်တွေမှားနေပါပြီ ... အနောက်မှာပါလာတဲ့လူတွေက ကျုပ်တို့မျိုးနွယ်စုဝင်တွေပဲ ... မဟုတ်ရင် မိန်းကလေးတစ်ယောက်ကို ကယ်ဖို့အတွက်နဲ့ ကျုပ်က ဒီလူတွေကို မိုင်ထောင်ချီဝေးတဲ့နေရာအထိ ခေါ်လာဝံ့ပါ့မလား ... "

ဝမ်ဟုန်က တစ်ဖက်လူအား အလေးအနက်ထား၍ ရှင်းပြနေ၏။မူရုံခယ်၏အမူအရာမှာတော့ ပိုပို၍သာ ဆိုးရွားလာခဲ့သည်။

ယင်းနောက်တွင် ဝမ်ဟုန်မှာ စိတ်အားတက်ကြွနေပုံဖြင့် မူရုံခယ်အား ပြုံးပြလိုက်သည်။
"ထိုက်ယွမ်မင်းသား ... လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက ခင်ဗျား ကျုပ်နဲ့ သုံးရက်ကြာ ကစားဖို့ လောယန်ကို ရုပ်ဖျက်ပြီးလာခဲ့တယ် ... ရလဒ်တွေကတော့ စစ်တုရင်မှာလည်းရှုံး ၊ စစ်ပွဲမှာလည်းရှုံး ၊ တပ်သားတွေလွှတ်ပြီး ဝိုင်းရံတဲ့အချိန်မှာလည်း မနိုင်ပြန်ဘူး ... ခင်ဗျား ဘဝမှာ ကျုပ်ကို ဘယ်တော့မှအနိုင်ယူမှာမဟုတ်ဘူးဆိုတာကို ခင်ဗျားရဲ့ဆရာတောင် သတိပြုမိခဲ့တယ် ... "

အတိတ်အကြောင်းရုတ်တရက်ဆိုလာခဲ့ခြင်းက မူရုံခယ်အား ဝူးဝူးဝါးဝါးဖြစ်လာစေသည်။
ဝမ်ဟုန်မှာထိုအချိန်က အသက်နှစ်ဆယ်အရွယ်လူငယ်လေးသာဖြစ်ခဲ့သော်လည်း မူရုံခယ်ကတော့ မျိုးနွယ်စုများကြား၌ ကျော်ကြားသည့် ထောင်လွှားမောက်မာသောအရည်အချင်းရှိသူတစ်ဦးဖြစ်ခဲ့သည်။သို့သော်လည်းအလယ်ပိုင်းလွင်ပြင်၌ ဝမ်ဟုန်နှင့် ရင်ဆိုင်ပြီးနောက်တွင်မူ
မူရုံခယ်မှာ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့သည်။

မူရုံခယ်သည် ငယ်စဉ်ကတည်းက စစ်ရေးစစ်ရာစာပေများကိုလေ့လာပြီး ကိုယ်ခံပညာလိုက်စားကာ သူ့ကိုယ်သူ ပါရမီရှင်တစ်ဦးဟု ထင်မှတ်ခဲ့သည်။တစ်ချိန်လုံးပြုံးနေတတ်ပြီး မည်သည်ကိုမှ မမူဟန်ပြုတတ်လေ့ရှိသောဤလူငယ်က မည်သည့်အခွင့်အရေးဖြင့် သူ့အား နိုင်စားနေခြင်းဖြစ်မည်နည်း။

အိမ်ပြန်ရောက်ပြီးနောက်တွင် ထိုအကြောင်းများအားတွေးလေလေ ပို၍စိတ်ပျက် စိတ်ရှုပ်လေလေဖြစ်ခဲ့ရသည်။သူ၏မသိစိတ်က ဝမ်ဟုန့်အား မဟာရန်သူတော်အဖြစ် မြင်လာပြီး ထိုသူအသက်ရှင်နေသရွေ့ မည်သည့်အခါမှ ရတက်အေးနိုင်မည်မဟုတ်ချေ။သို့သော်လည်း သူ၏မျိုးနွယ်စုမှာ ဂျင်လူမျိုးများအား မသုတ်သင်နိုင်သကဲ့သို့ ဂျင်လူမျိုးများ၏ပိုင်နက်များကိုလည်း သိမ်းပိုက်နိုင်မည်မဟုတ်ပါ။

ထို့ကြောင့် မူရုံခယ်မှာ ဝမ်ဟုန်၏အပြုအမူအပြောအဆိုများအား လျို့ဝှက်ထောက်လှမ်းရန်အတွက် လူယုံများစေလွှတ်ခဲ့သည်။မည်သို့ပင်ဆိုစေကာမူ စစ်ရေးစွမ်းရည်များအား အမြဲသိုဝှက်ထားခဲ့သောဝမ်ဟုန့်ကို ပြင်ပလူများက အတွင်းကျကျမသိနိုင်ခဲ့ကြပေ။

နောက်ဆုံးတွင် မောယန်၌ အခွင့်အရေးရလာခဲ့သည်။
သူသည် ဤအလားအလာရှိသော ရန်သူကို တစ်ရှိန်ထိုးသတ်ပစ်ရန် မြို့ကို ဝိုင်းရံထားခဲ့သည်။သို့သော်လည်း ဝမ်ဟုန်က နောက်ဆုံးမိနစ်တွင်ကပ်၍ လွတ်မြောက်မည်ဟု မူရုံခယ် မျှော်လင့်မထားခဲ့ချေ။

" အဲဒီတုန်းက ကျုပ်က ကလေးသာသာပဲ ... ကျုပ်တို့က ရိုးရိုးရှင်းရှင်း ကစားနေကြတယ်လို့ပဲထင်ခဲ့တာ ... ဘာလို့
အခုထိ မကျေမချမ်းဖြစ်နေရသေးတာလဲ ... "

ဝမ်ဟုန်ကခေတ္တစကားရပ်ပြီး အထင်အမြင်သေးဟန်ဖြင့်သက်ပြင်းတစ်ချက်ချလိုက်လျက် ဆက်လက်ပြောကြားသည်။

" ရိုးရိုးသားသား ပြောရရင်လေ ... ခင်‌ဗျားလောက်က အသေးအမွှားပါပဲ ... "

စကားနာထိုးနေချိန်ဖြစ်သော်ငြားလည်း ဝမ်ဟုန်မှာ စဉ်ဆက်မပြတ်ပြုံးနေဆဲဖြစ်ပြီး ဆွဲဆောင်မှုအပြည့်ရှိသည်။ တောကန္တာရတွင်းရှိစစ်သည်များကြားတွင် သူသည် နှင်းဖြူဝတ်ရုံဖြင့် သပ်သပ်ရပ်ရပ်ကျက်သရေရှိပြီး တောက်ပနေခဲ့သည်။
လူတကာကြားထဲ၌ ဝမ်ဟုန်က ထင်းထွက်နေပြီး ထိုက်ယွမ်မင်းသားသည်ပင်လျှင် အညတရတိုင်းသူပြည်သားတစ်ဦးသဖွယ်ဖြစ်သွားခဲ့သည်။

တည်ငြိမ်အကြောတင်းလွန်းသောဝမ်ဟုန့်အား မူရုံခယ်က စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။
ဝမ်ဟုန့်ထံမှ ရယ်မောသံက ဆက်လက်ထွက်ပေါ်လာလေ၏။

" အောင်မလေးဗျာ ... ထိုက်ယွမ်မင်းသားကို ထိတ်လန့်သွားစေမိတာလား ... ကျုပ်တောင်းပန်ပါတယ် ... ကျုပ်ရဲ့တပ်စုမှူးနှစ်ယောက်က သူတို့ရဲ့ နာမည်တွေကိုပဲ သုံးချင်တယ်ဆိုလို့လေ ... "

ထိုသို့ပြောနေစဉ်တွင် အနောက်မှတပ်သားများက ' ရှီ ' နှင့် ' ရွှမ် ' ဟူသော စာလုံးများပါဝင်သည့် အလံများကိုဝှေ့ယမ်းကာ ကျယ်လောင်စွာရယ်မောလာခဲ့ကြသည်။

ဤတစ်ကြိမ်တွင် ဟူတပ်သားများက ဒေါကန်သွားကြလေသည်။

" အရှင် ... သူတို့ကိုညှာနေလို့မရတော့ဘူး ... "
တစ်စုံတစ်ယောက်က အော်ပြောလာခဲ့လေ၏။

" လှည့်စားတာက လှည့်စားတာပဲ ... ဒါပေမဲ့ဘာကိစ္စ ကျွန်တော်မျိုးတို့ကိုပါ ရွှတ်နောက်နောက်လုပ်ရဲရတာပါလဲ ... ဒီလိုစော်ကားမှုကိုသည်းမခံနိုင်ပါဘူး "

"အရှင် ... ကျွန်တော်တို့ကို ချီတက်ခွင့်ပေးပါတော့ ... "

"အရှင် ... သူတို့ကို ပေါ့ပေါ့တန်တန် လွှတ်ထားလို့ မရပါဘူး ... "

တစ်ယောက်တစ်ပေါက်အယူခံဝင်နေကြချိန်တွင် ဝမ်ဟုန်မှာ မူရုံခယ်အား ပြုံးပြနေသေးသည်။

လက်ရှိအချိန်၌ မူရုံခယ်၏နှုတ်ခမ်းများက မျဉ်းကြောင်းတစ်ခုသဖွယ်ဖြောင့်တန်းနေသည်။ဝမ်ဟုန့်ဘက်မှ သူ၏အကြံအစည်များအား သိုဝှက်ခြင်းမရှိလေလေ ၊ မူရုံခယ်မှာ ဝမ်ဟုန့်အား အထင်ကြီးယုံကြည်ခြင်းလျော့ပါးလေဖြစ်သည်။

"ငါတို့ ကင်းထောက်တွေက ဘာပြောလဲ ... "
မူရုံခယ်က အော်မေးသည်။

" ကင်းထောက်တွေ ပြန်မလာသေးပါဘူး အရှင် ... "

" စိတ်မပူပါနဲ့အရှင် ... ဂျင်လူမျိုးတွေရဲ့အနောက်မှာ လုံးဝဗလာကြီးပဲ ... ခြုံခိုတိုက်ခိုက်တာမျိုး ရှိလာမှာမဟုတ်ပါဘူး "

"ပါးစပ်ပိတ်ထား .... "

မူရုံခယ်က ပြောပြောဆိုဆိုဖြင့် တစ်ဖက်တပ်သားအား ‌အေးစက်စွာလှည့်ကြည့်လိုက်သည်။

" ဝမ်ဟုန်က ဉာဏ်နီဉာဏ်နက်များတယ် ... အနောက်ကနေ ရန်မင်းကိုခေါ်လာမှာပဲ ... ငါတို့ ကင်းထောက်တွေပြန်လာပြီး အစီရင်ခံတဲ့အထိစောင့်မယ် ... "

သူ၏တပ်သားနှစ်ထောင်က ဝမ်ဟုန့်အား အနိုင်မယူနိုင်သည်မှာ ပြောစရာပင်လိုမနေချေ။

" မှန်လှပါ ... "

မူရုံခယ်မှာ အရှေ့သို့ခေါင်းပြန်လှည့်လိုက်ပြီး ဝမ်ဟုန့်ကို စူးစိုက်ကြည့်နေသည်။ချန်ရုံ့အားလှမ်းကြည့်လိုက်သောအခါတွင်မူ သူမက ခေါင်းငုံ့ကာအကြည့်လွှဲသွားခဲ့သည်။ထိုအမူအရာမှာ ယခင်က သူ့ရှေ့တွင် မကြောက်မရွံ့ ပြောင်ပြောင်တင်းတင်းဖြစ်ခဲ့သောပုံစံနှင့် လုံးဝ ကွဲပြားသည်။
မူရုံခယ်မှာ မလှုပ်မယှက်အနေအထားဖြင့် မျက်တောင်ခတ်နေခဲ့ပြီး သူ၏မျက်ဝန်းများက တဖြည်းဖြည်းမဲမှောင်လာတော့သည်။

ထိုမျက်ဝန်းများအား ချန်ရုံခံစားသိရှိနိုင်လေ၏။
မူရုံခယ်က သူမအပေါ်အာရုံစိုက်နေသည်ကို ချန်ရုံမလိုလားပေ။တကယ်တမ်းတွင် သူမသည် ဟူလူမျိုးများထံမှ ဝေးရာသို့ထွက်သွားရန် ဆန္ဒစောနေခဲ့သည်။

သူမသည် မူရုံခယ်နှင့် အချိန်အတော်ကြာရှိနေခဲ့ရပြီး အဝတ်အစားများပင်စုတ်ပြဲနေပြီဖြစ်လေသည်။ သူမ၏ဂုဏ်သိက္ခာမှာ ညစ်ညမ်းသောနေနိုင်သော်လည်း အပြစ်ကင်းစင်မှုအား မေးခွန်းမထုတ်လိုပါပေ။

ဝမ်ဟုန်က သူမအပေါ်သံသယဝင်သောအဖြစ်မျိုးကိုလည်း မလိုလားချေ။
အနည်းငယ်အမူအရာပျက်နေသောချန်ရုံ့အား ဝမ်ဟုန်ကလည်း သတိထားမိသည်။

“အဆင်ပြေပါတယ်”
ဝမ်ဟုန်က ညင်သာစွာ ပြောလာခဲ့သောအခါ ချန်ရုံ မော့ကြည့်လိုက်သည်။

ဝမ်ဟုန်မှာ တစ်ဖက်လူ၏စိုးရိမ်ထိတ်လန့်နေသောမျက်ဝန်းများထဲသို့ စူးစိုက်ကြည့်ပြီး နူးညံ့စွာပြုံးပြလိုက်လေ၏။
"အတိတ်က အတိတ်ပဲ ... ဘယ်သူ့ကိုမှ မင်းကို ဝေဖန်ခွင့် မပေးဘူး ... "

ဘယ်သူ့ကိုမှ မင်းကို ဝေဖန်ခွင့် မပေးဘူး ...
ဘယ်သူ့ကိုမှ မင်းကို ဝေဖန်ခွင့် မပေးဘူး ....

ချန်ရုံ၏နှုတ်ခမ်းများ တွန့်ကွေးသွားကာ မျက်လုံးအစုံက နီရဲလာတော့သည်။
“မဟုတ်ဘူး ... ကျွန်မသိက္ခာကို ထိန်းထားဖို့အတွက် သူ့ကိုဖြားယောင်းခဲ့တာ .... "

ချန်ရုံ့ခမျာ ပြောပြောဆိုဆိုဖြင့် ဆို့နင့်လာ၏။ခါးသီးခြင်းထက်ပို၍ ပီတိဖြစ်မှုကို ခံစားရလေသည်။သူမ အကြည့်လွှဲလိုက်ပြီး အဆက်မပြတ် တဖွဖွပြောနေခဲ့သည်။
“ ကျွန်မတကယ် ... ကျွန်မတကယ် မလုပ်ခဲ့ဘူး”

အချိန်အတော်ကြာသည်အထိ ချန်ရုံမှာ ဝမ်ဟုန့်အား လေးလေးနက်နက်နှင့် စိတ်နှလုံးအကြွင်းမဲ့စွာ ရှင်းပြနေခဲ့သည်။ဝမ်ဟုန်သည် သူမ၏နှလုံးသားထဲမှ တစ်ဦးတည်းသောသူဖြစ်ပြီး သူ၏ယုံကြည်မှု ၊ မယုံကြည်မှုတို့က သူမကံကြမ္မာအား အ‌ဆုံးအဖြတ်ပေးမည့်သဖွယ်ဖြစ်သည်။

ဝမ်ဟုန့်ခမျာ အေးခဲသွားလေ၏။သူက ချန်ရုံ့အား ပိုမိုနီးကပ်စွာဖက်တွယ်ထားလိုက်ပြီး တုန်ယင်နေသောလေသံဖြင့်ပြောလိုက်သည်။

"မင်းမဟုတ်မှန်း ကိုယ်သိတယ်"

ဝမ်ဟုန်က ပြောပြောဆိုဆိုဖြင့် ကောင်းကင်ယံသို့မော့ကြည့်ရင်း တိုးညင်းစွာ ရေရွတ်လိုက်၏။
“မင်းကို ကယ်တင်ဖို့ လာခဲ့တာ ... ကျန်တာတွေ ကိုယ်ဂရုမစိုက်ဘူး”

ထိုစကားကြောင့် ချန်ရုံမော့ကြည့်လိုက်သောအခါ လှပသောမေးဖျားတစ်စုံကိုသာမြင်ရသည်။

" ဘယ်လောက်တောင်ချိုနေကြလိုက်လဲ ဟမ် ... "

၎င်းအချိန်၌ မူရုံခယ်၏ လှောင်ပြောင်သောလေသံထွက်ပေါ်လာသည်။အကြောင်းအရင်းတစ်ချို့ကြောင့် သူ၏နှုတ်ခမ်းများက လှုပ်ခတ်သွားခဲ့သော်လည်း မူရုံခယ်မှာ ကျန်စကားလုံးများအား ပြန်လည်မျိုချထားလိုက်သည်။

ထိုအခါဝမ်ဟုန်က မူရုံခယ့်ကို ရုတ်ချည်းစူးစိုက်ကြည့်လာခဲ့သည်။ယင်းအခိုက်အတန့်၌ မူရုံခယ်၏တပ်စုမှူးတစ်ယောက်က အရှေ့ထွက်လာပြီး ချန်ရုံ့အား လက်ညိုးငေါက်ငေါက်ထိုးလာခဲ့လေ၏။

" ဟုတ်နေတာပဲ ... ဝမ်ချီလန်က ဒီမိန်းကလေးကို ဂရုထားတယ် ... ဒီမိန်းကလေးက တော်တော်ဆိုးရွားတာပဲ ... သူက ... "

ထိုတစ်ဦး စကားမဆုံးသေးခင်မှာပင် ဝမ်ဟုန်ကထောင်လွှားပြီးမထီမဲ့မြင်ဆန်သောအမူအရာဖြင့် စကားဖြတ်ပြောလိုက်သည်။

“ ခင်‌ဗျား ရှုံးသွားပြီ”
ဝမ်ဟုန်က မူရုံခယ်ရှိရာဘက်သို့ပြန်လှည့်လျက် ဆိုလိုက်လေ၏။

" မူရုံခယ် ...ခင်ဗျားထပ်ရှုံးပြန်ပြီ"

ထိုစကားများပြောပြီးနောက် ဝမ်ဟုန်မှာ မီးတောက်မျက်ဝန်းများရှိနေသောမူရုံခယ့်ကို ကြည့်ပြီး ရယ်မောလျက် သူ၏လူများအား တပ်ပြန်ဆုတ်ခိုင်းလိုက်တော့သည်။
ဝမ်ဟုန်၏တပ်သားများက ဖြည်းညင်းစွာ ဆုတ်ခွာသွားကြသည်။

လွင့်ပျံနေသောဖုန်မှုန့်များကြားတွင် ဟူစစ်သည်များက မြင်းစီးသူရဲတစ်ထောင်ကျော် အဝေးသို့ဆုတ်ခွာသွားသည်ကို လှမ်းကြည့်နေကြသည်။တကယ်တမ်းတွင် ဝမ်ဟုန်က တပ်ပုန်းမချလျှင်ပင် အမှန်အကန်ကြိုးပမ်းအားထုတ်ကြသည့်ဟူစစ်သည်များမှာ ဝမ်စစ်တပ်ကို အောင်မြင်စွာ ဟန့်တားနိုင်မည်မဟုတ်ပေ။

ဟူတပ်များ ဒေါသအဟုန်မှနိုးထလာသောအခါတွင် ဝမ်တပ်သားတစ်ထောင်ကျော်မှာ မြင်လွှာတစ်ခွင် ပျောက်ကွယ်သွားကြပြီဖြစ်သည်။တဖြည်းဖြည်းနှင့် သူတို့၏အရိပ်အယောင်များက ဖျော့တော့သွားပြီး တောအုပ်ထဲသို့ ဝင်လျှိုးပျောက်ကွယ်သွားခဲ့ကြ၏။

မူရုံခယ်က လက်သီးဆုပ်ပြီး အနောက်သို့ အားဖြင့်ဆောင့်ထိုးလိုက်သည်။ထိုအခြင်းအရာက သစ်ကိုင်းအချို့အား ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေပေ၏။

" ခွေးမသား ... "

သူ့အားလှောင်ပြောင်ရန်သပ်သပ်နှင့် တမင်တကာရောက်လာသေးသည်။မည်မျှရှက်ဖို့ကောင်းလိုက်သနည်း။
၎င်းကျိန်ဆဲသံကိုကြားသော ဟူတပ်စုမှူးတစ်ဦးက တစ်ကိုယ်တည်းရေရွတ်လိုက်လေ၏။

" ဒီလောက် ဒေါသထွက်နေမယ်ဆိုလည်း ဘာလို့ဟိုမိန်းကလေးကိုအသုံးချပြီး စကားနာမထိုးလဲ ... "

ယင်းအသံက သိပ်မကျယ်သကဲ့သို့ မူရုံခယ်လည်း မကြားလိုက်ပေ။


ဖြစ်ပျက်နေသည်များအား ချန်ရုံမယုံနိုင်ရှာပေ။ ရိုးရှင်းသော ကြေငြာချက်တစ်ခုကြောင့်ဝမ်ဟုန်က ဆုတ်ခွာခြင်း
ပြုပါသလော။
ထိုအချိန်တွင် အစောင့်တပ်သားတစ်ဦးက ဝမ်ဟုန့် ထံသို့ ချဉ်းကပ်‌မေးမြန်းလာခဲ့သည်။

" အရှင် ... ကျွန်တော်တို့ ဘာကြောင့် တပ်ဆုတ်ရတာပါလဲ ... အစီအစဉ်အတိုင်းမလုပ်ရသေးဘူးလေ "

ဝမ်ဟုန်က ငုံ့ကြည့်လိုက်၏။သူ၏လက်မောင်းများထဲ၌
မောပန်းနွမ်းနယ်နေသောချန်ရုံမှာ မျက်လုံးပင် ကောင်းကောင်းမဖွင့်ရှာနိုင်ချေ။
" ဘာဖြစ်လို့လဲ‌ဆိုတော့ .... "

ဝမ်ဟုန်က တိုးညင်းစွာပြောရင်း ချန်ရုံ၏ဆံနွယ်များအား ပွတ်သပ်ပေးနေသည်။ထင်ရာစိုင်းလွန်းသောဆုံးဖြတ်ချက်မျိုးဖြစ်သော်လည်း တပ်သားအပေါင်းမှာ ဤသို့သောအဖြေမျိုးအား နေသားတကျဖြစ်နေကြလေပြီ။သူတို့က အချင်းချင်းအကြည့်ချင်းဆုံလိုက်ကြပြီး ချန်ရုံ့ကို တစ်ချက်လှမ်းကြည့်ကြကာ မည်သည်ကိုမှ မပြောတော့ပေ။
ဝမ်ဟုန်က ဆုတ်ခွာရန်အမိန့်ပေးလာခဲ့သောအချိန်တွင် ချန်ရုံမှာ ပုခုံးထက်မှကျောက်တုံးကြီးအား ဖယ်ရှားလိုက်သည့်သဖွယ် စိတ်အေးသက်သာဖြစ်ခဲ့ရသည်။
သူမ၏သက်သာရာရမှုက ပင်ပန်းနွမ်းနယ်မှုနှင့် အိပ်ငိုက်ခြင်းဆီသို့ တံခါးဖွင့်ပေးခဲ့လေ၏။သို့သော်လည်း သူမ မအိပ်စက်ချင်ပေ။

ချန်ရုံမှာ သူမ၏အရှေ့မှ ဖြူစင်သန့်ရှင်းသော၀တ်ရုံကို စိုက်ကြည့်နေခဲ့ပြီး “ဘာဖြစ်လို့လဲဆိုတော့ ... " ဟူသည့် ဝမ်ဟုန်၏စကားကို နားစွင့်နေခဲ့သည်။
သေချာမသိလိုက်ခင်မှာပင် သူမ၏မျက်လုံးများက နီရဲလာပြန်သည်။
ဝမ်ဟုန်မှာအမြော်အမြင်ကြီးလွန်းပေ၏။သူသည် အခြားသူများက သူမအား ထိခိုက်စေမည်ကိုမလိုလားသကဲ့သို့ မေးခွန်းထုတ်ခြင်းများကိုပါ ရှောင်ဖယ်ခဲ့လေသည်။

ချန်ရုံက ဝမ်ဟုန်၏ဝတ်ရုံစအား တင်းတင်းကြပ်ကြပ်ဆွဲကိုင်ထားလိုက်သည်။ထိုအချိန်တွင် သွယ်လျသောလက်တစ်စုံ ပေါ်ထွက်လာလေ၏။
ထိုလက်က သူမ၏လက်ချောင်းများအား အသာအယာပွတ်သပ်ကာ နောက်ဆုံး၌ လက်ဖဝါးပြင်ဖြင့်ဝင်လျိုးဆုပ်ကိုင်လာခဲ့သည်။