(2) ချိုသဲ့ခေါင်
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)



Chapter (2)

ချိုသဲ့ခေါင် 



(ဦးလေးသုံး ပြောပြတဲ့ ဇာတ်ကြောင်းက အရမ်းရှုပ်ထွေးပြီး ရှီးရှားက အကြောင်းအရာ အများကြီး ပါဝင်ပေမယ့် အဲဒါတွေက ကျွန်တော့်အတွက်တော့ အရမ်းစိတ်ဝင်စားစရာ ကောင်းနေတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ငယ်ငယ်ကတည်းက ဟောင်းနွမ်းနေတဲ့ ပုံပြင်တွေကို နှစ်သက်ခဲ့တယ်လေ။ အဲဒါတွေက ကျွန်တော့်အတွက်က ပိုစိတ်ဝင်စားစရာ ကောင်းတယ်... သမိုင်းရဲ့ အလေးချိန်က နားထောင်ရကျိုးနပ်စေတယ်)


ထိုအချိန်က ဦးလေးသုံး ပြောပြတဲ့ အဲဒီလူရဲ့ အမည်မှာ ကာ့ဟန်နရီ ဖြစ်ပြီး ၎င်း၏ တရုတ်အမည်မှာ ချိုသဲ့ခေါင် ဖြစ်သည်။ သူသည် ကူမင်တန်ခေတ်မှာ ချောင်ရှားမြို့ရှိ သာသနာပြုကျောင်းတွင် အလုပ်လုပ်ခဲ့သည်။ ဒါပေမဲ့ ဒီလူက ငယ်ငယ်လေးကတည်းက ညစ်ပတ်နေတာ။ ထိုနိုင်ငံခြားသားက ဘုန်းကြီးဝတ်ဖို့ စိတ်မဝင်စားပေမယ့် တရုတ်ယဉ်ကျေးမှုကို အရမ်းစိတ်ဝင်စားလေသည်။ 


အမေရိကန် စီးပွားရေး အယူအဆအရ ယဉ်ကျေးမှု အမွေအနှစ်တွေဟာ လူသုံးကုန်ပစ္စည်းတွေထဲက တစ်ခု ဖြစ်နိုင်သည်ဟု ဆို၏။ လွတ်လပ်စွာ ဝယ်ရောင်းပြီး သဘာဝအတိုင်း တင်ပို့ရောင်းချနိုင်သည်။ ထို့ကြောင့် သူသည် တရုတ်နိုင်ငံတွင် ၃နှစ် နေပြီးနောက် ယဉ်ကျေးမှု အမွေအနှစ်များ လျှို့ဝှက်မှောင်ခို ကူးသန်းရောင်းဝယ်ရေးတွင် ရံဖန်ရံခါ ပါဝင်လာခဲ့သည်။


ချိုသဲ့ခေါင်၏ မှောင်ခိုလုပ်ငန်းသည် အမြဲဂရုတစိုက် လုပ်ဆောင်ခဲ့သည်။ လုပ်ငန်းကတော့ ကြီးကြီးမားမား မဟုတ်ပေ။ အဲဒီတုန်းက မှောင်ခိုသမား နှစ်မျိုးရှိ​​လေသဘ်။ တစ်မျိုးက ကုန်ပစ္စည်းတွေ အများကြီး ရောင်းရပေမယ့် အရမ်းနိမ့်တဲ့ဈေးနဲ့ လည်ပတ်နေတဲ့ လုပ်ငန်းတစ်ခုပါပဲ။ 


အန္တရာယ်များလွန်းတဲ့ အတွက် တစ်ခုတည်းသော အရောင်းအ၀ယ်ကိုသာ လုပ်ကြသည်။ ချိုသဲ့ခေါင်သည် "ပန်းပဲလုပ်ငန်း" တစ်ခုကို လုပ်ကိုင်၏။ ဆိုလိုသည်မှာ စျေးနှုန်းမြင့်မားပြီး လိုအပ်သော အရာများက သေးငယ်သော်လည်း ၎င်းသည် အလွန်လုံခြုံပြီး ငွေပေးချေရ လွယ်ကူသည်။ သူ့စီးပွားရေး လုပ်ပုံလုပ်နည်းက အဖိုးနဲ့ အရမ်းလိုက်ဖက်တာမို့ အဲဒီတုန်းက အဖိုးနဲ့သူက ဆက်ဆံရေးကောင်းခဲ့သည်။


ဒါပေမဲ့ ချိုသဲ့ခေါင်ဟာ ပေါင်းသင့်ပေါင်းထိုက်တဲ့ သူငယ်ချင်းမဟုတ်သလို အဖိုးကို သူငယ်ချင်းအဖြစ်တောင် မမှတ်ယူခဲ့ပါဘူး။ ဒါ့အပြင် အဘိုးကို သူနဲ့တန်းတူရှိတဲ့ လူလို့လည်း သဘောမထားခဲ့ပေ။ နောက်ပိုင်းမှာ အဘိုးသည် ထိုလူကသူ့အား ကြမ်းပိုးလို့ သီးသန့်ခေါ်ခဲ့မှန်း သိလိုက်ရ၏။


ချောင်ရှားသည် 1949 ခုနှစ်တွင် လွတ်မြောက်ခဲ့ပြီး ကူမင်တန်များ လုံးလုံးလျားလျား ရှုံးနိမ့်သွားခဲ့သည်။ ထို့နောက် 1952 တွင် ဘုရားကျောင်းများသည် တရုတ်ပြည်မှ စတင်ဆုတ်ခွာခဲ့ကာ တရုတ်ပြည်တွင် သောင်တင်နေသော အမေရိကန်နိုင်ငံသား အများအပြားလည်း သူတို့အိမ်သို့ ပြန်သွားကြတော့သည်။ 


တရုတ်နိုင်ငံတွင် သူ၏လုပ်ငန်းသည် ဆုံးခန်းတိုင်တော့မည်ကို သဘောပေါက်သောကြောင့် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ပြီး သူ့ပိုင်ဆိုင်မှုကို လွှဲပြောင်းပေးခဲ့သည်။ သူက မထွက်ခင်မှာ မိုက်မဲတဲ့ အကြံအစည် တစ်ခုကို ကြံစည်ခဲ့သေးသည်။ သူနဲ့ သူ့အပေါင်းအပါတွေဟာ ရှေးဟောင်း ပစ္စည်းတွေကို အကြီးစား ၀ယ်ယူခဲ့ကြသည်။ 


ရှေးခေတ် ဆက်ဆံရေးကို ယုံကြည်တဲ့ တရုတ်တို့ရဲ့ စိတ်ဓာတ်ကို အသုံးပြုပြီး အဖိုးတန် စျေးပေါတဲ့ သိုက်တွေ အပါအဝင် ယဉ်ကျေးမှု အမွေအနှစ် အမြောက်အမြားကို သိမ်းယူသွားကြ၏။ 


အဲဒီတုန်းက အဘိုးဟာလည်း သူ့ဘိုးဘေးတွေရဲ့ အသက်ကို စတေးခဲ့တဲ့ ဒီပစ္စည်းကို မရောင်းချင်ဘူး။ သို့သော် ချိုသဲ့ခေါင်သည် ငွေကို ပရဟိတလုပ်ငန်းဖွင့်ဖို့ သုံးမယ်လို့ လိမ်ပြောခဲ့တာကြောင့် အဲဒါကို ရောင်းလိုက်လေသည်။ 


(ဟုတ်ပါတယ်... ဒါက ကျွန်​တော့်အဖိုးကိုယ်တိုင် ပြောခဲ့တာပါ... မှန်လား မှားလား ဆိုတာတော့ မသိဘူး...အဘိုးလိုလူက ကြင်နာတတ်တဲ့ နှလုံးသားမျိုး ရှိဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်)


ကုန်ပစ္စည်းတွေ အားလုံးကို သင်္ဘောပေါ်တင်ပြီးတဲ့ အခါမှာတော့ ဒီလူတချို့နဲ့ သွားရှုပ်ဖို့ မလွယ်ဘူး ဆိုတာကို ချိုသဲ့ခေါင် သိလိုက်ပါ၏။ ဒုက္ခ မဖြစ်လာအောင် သင်္ဘောပေါ်က လုံခြုံရေးရုံးကို ကြေးနန်းစာတစ်စောင် ပေးပို့လိုက်သည်။ ထိုအခါ အဘိုး၏ မြေတူးသူဟူသော အမည်သည် ချောင်ရှားရှိ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ ယာယီစောင့်တပ်အထိ ပေါက်ကြားသွားခဲ့သည်။


၎င်းသည် ထိုအချိန်က အလွန်နာမည်ကြီးသော "စစ်မတ်ကာလပိုးစာအုပ် ဖြစ်ရပ်မှန်" ဖြစ်သည်။ လွတ်လပ်ရေး မတိုင်မီက ချိုသဲ့ခေါင်နှင့် ကူမင်တန် စစ်ဗိုလ်ချုပ်များကြားက ဆက်ဆံရေးသည် သူလျှိုလုပ်မှု၊ နိုင်ငံတော်ပုန်ကန်မှုနှင့် ထိုခေတ်က အခြားသော နားမလည်နိုင်သော အကြောင်းရင်းများစွာ ပါဝင်လေသည်။ 


ယဉ်ကျေးမှု အမွေအနှစ် မှောင်ခိုမှု ကိစ္စတစ်ခုတည်းကြောင့် ပြဿနာ​ဖြစ်ခဲ့သည်တော့ မဟုတ်ပေ။ ဒါကြောင့် ဗဟိုအစိုးရပင် ထိတ်လန့်တကြား ဖြစ်သွားခဲ့ရသည်။ ထိုနေ့တွင် ချိုသဲ့ခေါင် သည် ကြီးစွာသော အောင်မြင်မှုများဖြင့် အိမ်သို့ ပြန်သွားခဲ့ပြီး သူ့ကြောင့် ချမ်းသာ ကြွယ်ဝလာသော ဒေသခံ သခင်များကတော့ သေနတ်ဖြင့် ပစ်သတ်ခံရ၊ ထောင်ချခံရဖြင့် ကံဆိုးသွားကြသည်။ 


သူတို့နဲ့ထိုက်တန်ပေမယ့် ဒီလိုသေဆုံးမှုက တကယ့်ကို ကြေကွဲစရာ ကောင်းလေ၏။ နောက်ပိုင်းတွင် အရှိန်အဟုန် ပြင်းပြင်းနှင့် ဖြစ်ပေါ်လာသော ယဉ်ကျေးမှု တော်လှန်ရေးကြောင့် တရုတ်နိုင်ငံ အတွင်း ယဉ်ကျေးမှု အမွေအနှစ်များ မှောင်ခိုကူးမှုသည် ပျောက်ကွယ်လုနီးပါးဖြစ်ပြီး ထိုအချိန်က လူတစ်စုသေဆုံးမှုနှင့်လည်း ဆက်စပ်နေခဲ့သည်။


အဲဒီတုန်းက အဘိုးက ဉာဏ်ကောင်းလွန်းသွားခဲ့သည်။ အခြေအနေ မူမမှန်​တော့မှန်း သိလို့ တောင်ပေါ်ကို တစ်ညလုံး ထွက်ပြေးပြီး ရှေးဟောင်း ဂူသင်္ချိုင်းတစ်ခုမှာ ပုန်းအောင်းရင်း နှစ်ပတ်ကြာလောက် အလောင်းတွေနဲ့ အိပ်လိုက်ရသည်။ နောက်တော့ ဟန်ကျိုးကို ထွက်ပြေးသွားခဲ့၏။ 


အဲဒီအဖြစ်အပျက်က အဖိုးကို ပြင်းပြင်းထန်ထန် ထိပါးစေခဲ့ရာ စစ်မတ်ကာလရဲ့ ပိုးစာအုပ်တွေဟာ နောက်ပိုင်းမှာ သူ့အတွက် တားမြစ်ချက်တစ်ခု ဖြစ်လာခဲ့ပါသည်။ သူအသက်ရှင်နေချိန်က ဒီကိစ္စနဲ့ပတ်သက်ပြီး မိုက်မဲတဲ့စကား​တွေ မပြောဖို့ အမြဲပြောခဲ့တာကြောင့် သူတို့မိသားစုကလည်း ဒါကို အမြဲလျှို့ဝှက်ထားခဲ့​လေသည်။


ချိုသဲ့ခေါင် အမေရိကန်သို့ ပြန်လာပြီးနောက် တရုတ် ယဉ်ကျေးမှု အမွေအနှစ်များကို လေလံတင်ရောင်းချခဲ့ပြီး ချမ်းသာကြွယ်ဝသွားခဲ့သည်။ စစ်မတ်ကာလ ပိုးထည်များကို New York မြို့တော်က Metropolitan ပြတိုက်သို့ စျေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချခဲ့ပြီး ထိုအချိန်က လေလံတင်ရောင်းချခဲ့သည့် တန်ဖိုးအကြီးဆုံး ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်လာခဲ့သည်။ 


ချိုသဲ့ခေါင်သည် သန်းကြွယ်သူဌေး တစ်ဦးနှင့် အထက်တန်းစား အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံမှာလည်း သူ့ဇာတ်လမ်းကို အတ္ထုပ္ပတ္တိအဖြစ် ရေးသားခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခဲ့သည်။


ချမ်းသာလာပြီးနောက် ချိုသဲ့ခေါင်သည် လူမှုဘ၀ကို တဖြည်းဖြည်း စိတ်ဝင်စားလာခဲ့သည်။ ၁၉၅၇ ခုနှစ်ဝန်းကျင်တွင် နယူးယောက်မြို့ရှိ Metropolitan အနုပညာပြတိုက်၏ အရှေ့ဖျားအနုပညာဌာန၏ အတိုင်ပင်ခံအဖြစ် တာဝန်ထမ်းရန် ဖိတ်ကြားခံရကာ ပိုးထည်စာအုပ်များနှင့် ပတ်သက်သော သုတေသနဆိုင်ရာ အကြံပေး ဖြစ်လာခဲ့သည်။


ထိုအချိန်က ပြတိုက်၏ ဒါရိုက်တာသည် နာမည်ဆိုးဖြင့် ကျော်ကြားသော အယ်လန် ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် တရုတ်စာ​ပေ ပညာရှင်များ ဖြစ်သည်။ နှစ်ဦးစလုံးသည် တရုတ်နိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ်များကို ခိုးယူရန် ဓားပြများကို ငှားရမ်းရင်း မကြာမီမှာပဲ သူငယ်ချင်း ဖြစ်သွားခဲ့ကြသည်။ ချိုသဲ့ခေါင်သည် တရုတ်ယဉ်ကျေးမှု အမွေအနှစ်များ ဆည်းပူးရန် ရန်ပုံငွေအဖြစ် ပြတိုက်သို့ ငွေကြေးများစွာ ထောက်ပံ့ပေးခဲ့သည်။


ချမ်းသာကြွယ်ဝသည့် ဘဝနှင့် တရုတ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးခြင်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် ချိုသဲ့ခေါင်သည် တရုတ်ယဉ်ကျေးမှုများအား လေ့လာခြင်းကို စွဲလမ်းလာခဲ့သည်။ 


သူသည် Metropolitan အနုပညာ ပြတိုက်တွင် အကြီးစား ပရောဂျက်များစွာကို သုတေသနပြုရာ၌ ဦးဆောင်ခဲ့ပြီး ရလဒ်များမှာ မှတ်သားဖွယ်ကောင်းလှသည်။ ထို့အပြင် သူသည် ၁၉၇၄ ခုနှစ်တွင် သမိုင်းတွင် အမှန်တကယ် ကျော်ကြားစေခဲ့သော စစ်မတ်ကာလ ပိုးစာအုပ်များ၏ လျှို့ဝှက် စာရွက်စာတမ်းများကို ဖော်ထုတ်ခဲ့သည်။


ထိုအချိန်တုန်းက သူသည် စစ်မတ်ကာလ ပိုးထည်စာအုပ်များကို အနှစ်နှစ်ဆယ်ကျော် သုတေသနပြုခဲ့၏။ အစပိုင်းတွင် ပိုးထည်စာအုပ်များ စျေးတက်စေရန် ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ဝင်စားမှု လုံးဝ မရှိခဲ့​တော့ပေ။


အစပိုင်းမှာတော့ သူ့လို အမေရိကန်တစ်ယောက်ဟာ တရုတ်ရဲ့ ရှေး​ခေတ် ကုဒ်စာလုံးတွေကို ပုံဖော်နိုင်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ချိုသဲ့ခေါင်ဟာ အံ့သြစရာကောင်းတဲ့ ဇွဲလုံ့လနဲ့ ပြုလုပ်နိုင်ခဲ့ပါသည်။


ရှေးတရုတ် "ပန်းထိုးလက်စွဲ" မှ စိတ်ကူးဉာဏ်ကို ချေးယူကာ "စစ်မတ်ကာလ၏ လက်ရေးလှရေးဟန်နှင့် ရုပ်ပုံများ" ၏ ကုဒ်ဖော်နည်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းမှာ တိုက်ဆိုင်မှု တစ်ခုဖြစ်သည်။ ဤကုဒ်ဆွဲနည်းသည် "ပန်းထိုးလက်စွဲစာအုပ်" တွင် ပန်းထိုးခြင်း လုပ်ငန်းစဉ်များကို မှတ်တမ်းတင်ရန် စာသားကို အသုံးပြုသည့် နည်းလမ်းနှင့် အမှန်တကယ် ဆင်တူ​နေသည်။ 


သင်္ချာပညာထဲက အစက်တွေနဲ့ ပုံဖော်တဲ့ ဂရပ်ပုံတွေလိုပါပဲ။ ရှုပ်ထွေးလား ဆိုတော့လည်း လုံးဝ မရှုပ်ထွေးပါဘူး။ လိမ္မာပါးနပ်တဲ့ လှည့်ကွက်​တွေ သိတဲ့ ဉာဏ်ပေါ်မှာပဲ မူတည်ပါသည်။ စဉ်းစားနိုင်ရင် ဖြေရှင်းနိုင်မယ်။ မတွေးနိုင်ဘူး မစဥ်းစားနိုင်ဘူး ဆိုရင်တော့ ရှေး​​ဟောင်း တရုတ် စာ​တွေကို ကျွမ်းကျင်သော်လည်း အသုံးမဝင်ပေ။ 


ကုဒ်ဆွဲနည်းကို ရှာဖွေ တွေ့ရှိပြီးနောက် ချိုသဲ့ခေါင်သည် အလွန်ဝမ်းမြောက်သွားခဲ့သည်။ သူက အဘိုး၏ စစ်မတ်ကာလ ပိုးထည်စာအုပ်ကို အကြီးစား ဘာသာပြန်ဆိုရန် ဝန်ထမ်းများကို ချက်ချင်း ခေါ်ယူခဲ့သည်။ နောက်တစ်လ အကြာတွင် စာဝှက်စာသားများ အားလုံးကို ပုံဖော်လိုက်၏။ 


သို့သော်လည်း ချိုသဲ့ခေါင် အံ့အားသင့်သွားတဲ့ အရာမှာ ကုဒ်ပြောင်း စာရွက်ပေါ်တွင် ပေါ်လာသည့်အရာသည် သူမူလက မျှော်လင့်ထားသည့်အတိုင်း စစ်မတ်ကာလ၏ ဗေဒင်ဟော ပြက္ခဒိန်ကို မှတ်တမ်းတင်ထားသည့် ရှေးဟောင်းစာသား မဟုတ်ဘဲ ထူးဆန်းပြီး လုံးဝ အဓိပ္ပာယ်မဲ့သော ပုံစံ ဖြစ်​နေသည်။


အဲဒီပုံစံက ဘယ်လောက် ထူးဆန်းနေတယ် ဆိုတာ ဖော်ပြဖို့လည်း ခက်လေသည်။ နောက်ပိုင်းမှာ ဝူရှဲ့သည် သူ့အတွက် ဦးလေးသုံးဆွဲထားတဲ့ ပုံကြမ်းကို ကြည့်လိုက်တော့ ဘာမှတောင် ရှင်းမပြနိုင်တော့ပေ။ ၎င်းကိုဖော်ပြရန်မှာ ပုံစံသည် အလွန်ရိုးရှင်းသည်ဟုသာ ပြောနိုင်သည်။ မျဉ်းကွေးခြောက်ကြောင်းနှင့် ပုံမမှန်သော စက်ဝိုင်းတစ်ခုသာ ပါဝင်သည်။ 


မျဉ်းကြောင်းများသည် တစ်ခုနှင့်တစ်ခု ချဲ့ထွင်ထားသလို၊ မြေပုံတစ်ခုပေါ်ရှိ မြစ်တစ်စင်း၏ သွေးကြောများ သို့မဟုတ် အချို့သော ပြန့်ကျဲနေသော ပင်စည်အ​မြစ်များ၊ စပျစ်နွယ်ပင်များ စသဖြင့် အမျိုးမျိုး တွေးကြည့်နိုင်သည်။ သို့သော် ထိုအရာကို စက်ဝိုင်းလို ပတ်ထားဖို့တော့ အဆင်မပြေပေ။ အဝေးက ကြည့်ရင်တော့ စာသားလို့ ထင်ရပြီး အနီးကပ် ကြည့်လိုက်ရင်တော့ အဲဒါက ဘာလဲဆိုတာ မသိနိုင်တော့ပါ။


ဒါ့ပြင် အချက်အလက် လုံးဝမရှိပါဘူး။ ဒါဟာ တရုတ်ရှေးဟောင်း စာအုပ်တစ်အုပ်ရဲ့ အပိုင်းအစလို့သာ မပြောရင် ဘောပင်ကိုင်တတ်ဖို့ သင်ယူခဲ့တဲ့ ကလေးတစ်ယောက်က စာရွက်ပေါ်ဆွဲထားတဲ့ စာကြောင်းလို့သာ လူတိုင်းက ထင်ကြလိမ့်မည်။ 


အလုပ် ကြိုးစားပြီးနောက် ဘာသာပြန်ဆိုခြင်းမှာ နားမလည်နိုင်သော ပုံစံတစ်ခုသာ ဖြစ်လာခဲ့ရာ ချိုသဲ့ခေါင်လည်း အလွန်အံ့သြသွားခဲ့သည်။ သူ့ဘာသာပြန်တဲ့ နည်းလမ်းက မှားတယ်လို့ တစ်ချိန်က ထင်ခဲ့ပေမယ့် ထပ်ခါတလဲလဲ စိစစ်ပြီးနောက်မှာ မဖြစ်နိုင်ဘူး ဆိုတာကို တွေ့လာရသည်။ 


မှားနေတယ်ဆိုရင် စာသားကို ဒီဂရပ်အဖြစ် ချောမွေ့စွာ ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ ထင်ရှားသည်မှာ စာသားတွင် မှတ်တမ်းတင်ထားသည်မှာ ဤစာကြောင်း ခုနစ်ကြောင်း ဖြစ်​လေသည်။


ဒါဆို ဒီစာကြောင်း ခုနစ်ကြောင်းက ဘာကို ကိုယ်စားပြုတာလဲ။ ဒီပိုးထည်စာအုပ် ပိုင်ရှင်က စာသားထဲမှာ ဘာကို ဝှက်ထားခဲ့တာလဲ။


ချိုသဲ့ခေါင်သည် တရုတ်နိုင်ငံတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိထားသဖြင့် အလွန်စျေးကြီးသော ပိုးထည်ပေါ်တွင် စာဝှက်စာသားဖြင့် ရေးသားနိုင်သည့် သာမန်ပုံစံ မဟုတ်ကြောင်း သူ့ဘာသာလည်း အလိုလို သိနေပါသည်။ ဤစာကြောင်းသည် အထူးအဓိပ္ပာယ် ရှိရမည်။ ၎င်းသည် အလွန်အရေးကြီးသော အရာလည်း ဖြစ်နိုင်သည်။


သူအရမ်း စိတ်ဝင်စားလာပြီး အချက်အလက်တွေကို ချက်ချင်း ရှာကြည့်၏။ မရေမတွက်နိုင်သော စာကြည့်တိုက်များကို အချိန်အတော်ကြာ ရှာဖွေနေခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုပုံစံကို တက္ကသိုလ်ရှိ တရုတ်ဆေးပညာရှင်တို့ထံ ပေးပို့ကာ အကြံဉာဏ် ရယူခဲ့သည်။  


သို့သော်လည်း အမေရိကန်ပြည်ထောင်စုရှိ လူများ၏ အဆင့်သည် အကန့်အသတ်ရှိပြီး ၎င်းတို့သည် ရလဒ်မထွက်လာဘဲ နှစ်ဝက်ကျော်ကြာတဲ့အထိ ရုန်းကန်နေခဲ့ရသည်။ တစ်ယောက်ယောက်က ထင်ကြေးပေးသည့်တိုင် ၎င်းတို့သည် အဓိပ္ပာယ်မရှိ၊ အခြေအမြစ် မရှိလာခဲ့ချေ။ 


သူ့စိတ်ပါဝင်စားမှု လျော့ပါးလာပြီး မျှော်လင့်ချက်မဲ့သွားတဲ့ အချိန်မှာပဲ ကောလိပ်က သူငယ်ချင်းတစ်ယောက်က သူ့အတွက် ပြတ်သားတဲ့ လမ်းကြောင်းကို ပြသလာခဲ့သည်။ ဒီလို ထူးဆန်းတဲ့ တရုတ်ကုဒ်တွေ အတွက် တရုတ်တန်းက လူအိုတွေကို မေးသင့်တယ်လို့ ပြောလာ၏။ 


စစ်အေးခေတ်တုန်းက တရုတ်တန်းမှာ ထိုင်ဝမ်က ပညာရှင်ဟောင်းတွေလည်း ရှိခဲ့ပါသည်။ အဲဒီ ပုန်းနေတဲ့ နဂါးတွေနဲ့ ဝပ်နေတဲ့ ကျားတွေ ပေါတာကြောင့် သဲလွန်စတွေ ရှိကောင်းရှိနိုင်သည်လေ။ ဒါကိုကြားတော့ ချိုသဲ့ခေါင်ဟာ သူ့ရဲ့နောက်ဆုံး မျှော်လင့်ချက်နဲ့ အကြံဉာဏ်ရယူဖို့ တရုတ်တန်းကို သွားခဲ့သည်။


တရုတ်တန်းတွင် လူအိုများစုဝေးရာ စာကြည့်တိုက်မျိုး ရှိသည်။ ချိုသဲ့ခေါင်သည် ဂရပ်မျဥ်းကို ဖတ်ရန် ထိုနေရာကို အထူးသွားရောက်ခဲ့သည်။ မထင်မှတ်ပဲ သူသည် ကျွမ်းကျင်သူတစ်ဦးနှင့် တွေ့ဆုံရလောက်အောင် ကံကောင်းခဲ့သည်။


ထိုပညာရှင်သည် ပိန်လှီသော အဘိုးအို တစ်ဦးဖြစ်ပြီး ထိုနေ့တွင် သူက လက်ဖက်ရည်ဆိုင်ရှိ စာအုပ်တစ်အုပ်ကို ဖတ်နေခဲ့သည်။ ထိုစဥ် ချိုသဲ့ခေါင် ရောက်ရှိလာကာ ကုဒ်တွေကို တစ်ချက်ကြည့်ရန် တောင်းဆိုခဲ့သည်။ သူက ထိုဟာကိုမြင်ပြီးနောက် အံ့သြသွားပြီး ချိုသဲ့ခေါင်အား ဘယ်ကရလာတာလဲလို့ မေးလိုက်သည်။ 


မျှော်လင့်ချက်ကို မြင်ရပြီမို့ ချိုသဲ့ခေါင်မှာ မပျော်ဘဲကို မနေနိုင်တော့ပေ။ သူ့စရိုက်အတိုင်း သူ့မှာဆင်ခြေကောင်းကောင်း ရှိနေသည်။ သူသည် အဘိုးအိုအား ဇာတ်လမ်း တစ်ခုလုံးကို ပြောပြပြီးနောကိ တစ်စုံတစ်ခု သိထား​တာ ရှိမရှိ အမြန်မေးလိုက်သည်။


အဘိုးအိုက ခေါင်းယမ်းပြီး မပြောဘဲ ဒီဂရပ်ရဲ့ မူလဇစ်မြစ်ကို မသိပေမယ့် တစ်နေရာမှာ မြင်ဖူးကြောင်း ပြောပြလိုက်ရာ ချိုသဲ့ခေါင်လည်း ထိုစကားကိုကြားတော့ နှလုံးခုန် ရပ်တော့မလို ဖြစ်သွားကာ နေရာဒေသအား မေးမြန်းလိုက်သည်။ 


အဘိုးအိုသည် သူ ပြည်မကြီးမှာ ရှိစဉ်တုန်းက ရှန်းတုံရှိ ချီမန်တောင်ရှိ တာအိုဘုရားကျောင်း တစ်ခုထဲမှာ တွေ့ခဲ့တာလို့ ပြောပြ၏။ အဲဒီမှာ အဂ္ဂိရတ်မီးဖို တစ်ခုကို တွေ့ခဲ့ကာ ဒီဂရပ်မျဥ်းကို အဲဒီအဂ္ဂိရတ်အိုးပေါ်မှာ ရေးထွင်းထားတာဟု ဆိုလေသည်။