ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (32)
တတိယည - နောက်တစ်ယောက်
ဖက်တီးက လုံးဝ မတုံ့ပြန်ပေ။ သူ လှုပ်ရှားနေတာကိုလည်း ဝူရှဲ့ မမြင်ရရာ တစ်ကိုယ်လုံးက ချွေးတွေကအစ အေးခဲသွားပြီး ဖက်တီး သေများသွားတာလားဟုပင် တွေးလိုက်မိ၏။
မြွေတွေဟာ အလောင်းကို ဘယ်လို သယ်ရမယ်ဆိုတာ မှန်းဆဖို့ နည်းလမ်းပေါင်းများစွာကို စိတ်ကူးယဉ်ခဲ့ပေမယ့် အရွယ်အစား အားလုံး ဆံထုံးလိုထုံးဖွဲ့ပြီး အလောင်းကို အလယ်မှာ ရစ်ပတ်ထားမယ်လို့ မထင်ထားခဲ့ပါဘူး။ ထို့နောက် အလောင်းကို ရွှေ့လိုက်ပြန်၏။ ဖက်တီး ဆိုတဲ့လူက အလွန်လေးလံသော်လည်း ဤမြွေများသည် သူ့ကို ဤနေရာတွင် လျင်မြန်စွာ ရွှေ့နိုင်ဆဲဖြစ်နေတာ ထင်ရှားပါသည်။
ဖက်တီး ရေကန်ထဲသို့ ပြုတ်ကျပြီးနောက် မြွေအုပ်စုကြီးသည် ပါးလွှာလာပြီး ကမ်းပေါ်သို့ ပြန်တက်သွားကြသည်။ ခဏကြာတော့မှ ဝူရှဲ့လည်း ကျောက်နံရံပေါ်၌ ငြိမ်သက်စွာ လဲလျောင်းနေသော ဖက်တီးကို ကြည့်ရင်း အနည်းငယ် လန့်သွားတော့သည်။ းသူသေသလား၊ အသက်ရှင်နေသလားတော့ မသိပါဘူး၊ သူသေရင် သူ့လိုပဲ ခေါင်းမာတဲ့လူတွေ သေသွားပြီလို့ ခံစားရပြီး သူ အသက်ရှင်နေတယ်ဆိုရင် သူ့ကို ကယ်တင်ရမယ်။
ဒါကို တွေးပြီးရင် ဘာပဲဖြစ်ဖြစ် သွားကြည့်ရမယ်လို့ ဆုံးဖြတ်လိုက်သည်။ ဖက်တီးနဲ့ သူက သေရေးရှင်ရေး အန္တရာယ်တွေကို အတူတူ ဖြတ်ကျော်ခဲ့ကြတဲ့ လူတွေ ဖြစ်တာကြောင့် သူ သေသွားရင်တောင် တစ်သက်လုံး ဒီမှာပဲ ထားခဲ့လို့မရဘူး။
ဝူရှဲ့ သတိထားပြီး လှည့်ကြည့်လိုက်တဲ့အခါ မြွေက သူကိုယ်ပေါ်ရှိ ရွှံ့တွေကြောင့် မမြင်တော့ဘဲ ထွက်သွားပုံပေါ်ပါ၏။ သို့နှင့် သူလည်း နွယ်ပင်တွေပေါ်က ပြန်ဆင်းပြီး ကျောက်နံရံမှာ လှဲနေတဲ့ ဖက်တီးအနားကို လျှောက်သွားလိုက်သည်။
ဖက်တီးက လုံးဝ မလှုပ်ရှားလာပေ။ သူ့ခေါင်းအများစုဟာ ရေထဲမှာ နစ်မြုပ်နေသေးတာကြောင့် ရင်ထဲမှာ အေးစက် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
ဂရုတစိုက် နားထောင်ပြီးတဲ့ နောက်မှာ ဘာသံမှ မကြားရတော့ခါမှ အနားကပ်သွားလိုက်သည်။ ဖက်တီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက ရေထဲမှာ နစ်မြုပ်သွားလေပြီ။ လည်ပင်းမှာ သွေးစွန်းနေတဲ့ အပေါက်ကို တွေ့တော့ သူလည်း မြွေကိုက်ခံရပြီမှန်း သဘောပေါက်လိုက်၏။
ဒီမြွေတွေက အဆိပ်ပြင်းလွန်းလှသည်။ လည်ပင်းမှာ အကိုက်ခံရတဲ့လူက မြွေအဆိပ်ကို ခံနိုင်ရည်မရှိရင် အခြေခံအားဖြင့်တော့ သေဖို့ကိုပဲ စောင့်ရလိမ့်မယ်။ အခုနတုန်းက သူတို့ ဘာဖြစ်သွားတာလဲ မသိပါဘူး။ ဒါမှမဟုတ် သူတို့ ခန္ဓာကိုယ်ပေါ်က ရွှံ့တွေ ဘာကြောင့် မရှိတော့တာလဲလို့ တွေးရမလား။
မျက်နှာသေက သူ့လက်ကို မြန်မြန်ရွေ့ပြီး အဆိပ်ဖြေဆေး နည်းနည်း ထိုးလိုက်တဲ့အတွက် ခံနိုင်ရည် ရှိခဲ့သည်။ သို့သော် ဖက်တီးက ဘာ့ကြောင့် အခုထိ အသက်ရှင်နေသေးလဲတော့ မသိချေ။ ဒါပေမဲ့ သူမသေဘူး ဆိုရင်တောင် သေလုနီးပါး ဖြစ်နေပြီဟု ဆိုနိုင်သည်။ ဝူရှဲ့ ဟိုဟိုဒီဒီကြည့်ရင်း ဖက်တီးကို ဒီရေကန်ထဲကနေ အရင်ဆွဲထုတ်၏။ အတိုင်းအတာ တစ်ခုအထိ လုပ်သင့်တာကို ချက်ချင်း လုပ်မှရမည်။ မဟုတ်ရင် အဲဒီမြွေတွေက ပြုပြင်ဖို့ ပြန်လာလိမ့်မယ်လို့ ခန့်မှန်းရပါသည်။
အတွေးက လွယ်ပေမယ့် လုပ်ရတာ ခက်လှသည်။ ကံကောင်းထောက်မစွာပင် နွယ်ပင်များသည် ရေထဲအထိ ကျနေသဖြင့် ဖက်တီးကို ရေထဲတွန်းချကာ ရေစီးကြောင်းအတိုင်း ထိန်းထားချင်ခဲ့သည်။ မထင်မှတ်ပဲ သူ့ခမျာ တွန်းမရပြုမရ ဖြစ်နေကာ ရေထဲသို့ အလျင်စလို မြုပ်ပါမသွားရန် ခြေထောက်တွေနဲ့ တွန်းထားရ၏။ ပတ်ပတ်လည်ကို အပြင်းအထန် လှည့်ပတ်ကြည့်ရင်း သူ့လက်ကို နွယ်ပင်တွေဆီ ဖြတ်ကျော် ဖမ်းဆုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်လိုက်သည်။
ရေထဲမှာ မတ်တပ်ရပ်ဖို့ ခွန်အားရှိသမျှ သုံးကာ ဖက်တီးကိုလည်း နွယ်ပင်ပေါ် ဆွဲတင်ပြီး ဖက်တီးခါးပတ်ကိုလည်း နွယ်ကြိုးနဲ့ ချည်ကာ အပေါ်ကို တက်ရင်း ဆွဲလိုက်သည်။ ဒါပေမဲ့ နှစ်ကြိမ်ဆွဲပြီးနောက် နွယ်ပင်တွေက ခိုင်ခံ့ပေမယ့် သူက ပိန်လွန်းတော့ ခွန်အားနည်းနည်းလေးနဲ့ မအောင်မြင်ဘူး ဖြစ်နေသည်။ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ သူရပ်နေတဲ့ နေရာအပေါ်က သစ်ကိုင်းပေါ်မှာ Y ပုံသဏ္ဍာန်ရှိတဲ့ သစ်ကိုင်းကြီးကို တွေ့လိုက်ရ၏။
တစ်ချက်လှုပ်ရုံနဲ့ အပေါ်ပိုင်း အကိုင်းအခက်တွေက လေးပုံသဏ္ဌာန်ကြီး ဖြစ်သွားသည်။ ခက်ခက်ခဲခဲ ဆောင့်ဆွဲလိုက်သောအခါ သစ်ပင်တစ်ပင်လုံးဟာ ထူးဆန်းတဲ့ အသံတွေ ထွက်ပေါ်လာ၏။ ဖက်တီးက လေးလံလွန်းတယ်လို့ ဖြစ်လိမ့်မည်။ ဝူရှဲ့ကတော့ မိမိခန္ဓာကိုယ်နဲ့ ခွန်အားအရဆို အပေါ်တက်ဖို့ သိပ်မခက်ဘူးလို့ ထင်ပါသည်။ ဒါပေမဲ့ သူအရင်ကလည်း ဖက်တီးကို ကျောပေါ်တင်ပြီး ပြေးဖူးရာ ဒီလောက် မလေးတာ သိသာထင်ရှားလှသည်။
ဒီအချိန်မှာတော့ ဖက်တီးသာ အသက်ရှင်နိုင်ရင် သူ့ကို ကိုယ်အလေးချိန် လျှော့ချခိုင်းရမှာပဲလို့ တစ်ယောက်တည်း တွေးနေလိုက်သည်။ သူ့ခမျာ ဖက်တီးတစ်ယောက်တည်းကို အားအင်တွေ ဖြည်းဖြည်းချင်း အသုံးချရင်း ရေထဲက ဖြည်းဖြည်းချင်း ဆွဲထုတ်ဖို့ နာရီဝက်လောက် အချိန်ယူခဲ့ရသည်။ သစ်ကိုင်းကို ဆွဲဖို့ အားယူလိုက်တဲ့အခါ သူ့ခမျာ လက်မြှောက်ဖို့တောင် ခွန်အားမရှိတော့ချေ။ ထိုအချိန်တွင် သူဆွဲနေသော သစ်ကိုင်းသည် ဖက်တီးနဲ့ သူ့ရဲ့ အလေးချိန်အောက်တွင် အလွန်အမင်း ကွေးနေချေပြီ။
ဝူရှဲ့မှာတော့ သစ်ပင် ကွေးတာတွေ မကွေးတာတွေကို စဉ်းစားဖို့ အချိန်မရှိတော့ပါဘူး။ ဖက်တီး အဆိပ်ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာသာ ခဏလောက် ငြိမ်သက်စွာ တွေးနေမိတော့သည်။ ဒီအခြေအနေမှာ အဆိပ်တွေကို စုပ်ထုတ်ဖို့က နောက်ကျသွားပြီ။ စခန်းကို ပြန်ပြီးတော့ ဖြေဆေးထိုးမှသာ ရလိမ့်မည်။
ယခု သူ့ကို တောထဲဆွဲခေါ်သွားရမှာ ဖြစ်သည်။ တစ်ယောက်တည်း တက်သွားရတာ စိတ်အနှောက်အယှက်ဖြစ်စရာ မလိုပေမယ့် သူ့လက်ထဲမှာ တကယ် သေသွားရင် ဘယ်လိုလုပ်ရမလဲ။ မဟုတ်ဘဲ သူ့ကိုဆွဲရင်း အပေါ်ကိုရော ဘယ်လိုတက်တော့မလဲ။
ခဏလောက် အနားယူပြီးတာနဲ့ ချက်ချင်းပြန်ဆင်းပြီး ရွှံ့လက်တစ်ဆုပ်စာ ထပ်ကောက်ကာ ဖက်တီးရဲ့ ခန္ဓာကိုယ်ပေါ် လိမ်းကျံလိုက်သည်။ ထို့နောက် တစ်ဖက်က နွယ်ပင်တွေကို ဆွဲထုတ်ကာ ဖက်တီးကို အလျင်အမြန် ချည်နှောင်ရင်း မိမိကျောမှာ ထမ်းဖို့ လုပ်လိုက်သည်။
ဖက်တီးကို နွယ်ကြိုးနဲ့ ချည်နေတုန်း သူက အရမ်းဝပြီး ချည်ရတာ အရမ်းခက်တာကို တွေ့ရလေသည်။ နွယ်ပင်တွေကို နေရာတော်တော်များများမှာ တင်းတင်းကြပ်ကြပ် ချည်ထားနိုင်အောင် လုပ်ရသည်။ ဝူရှဲ့ မတ်တတ်ထရပ်ပြီး ခြေဖဝါးနဲ့ ဖက်တီးကိုကန်ရင်း ကြိုးကို တင်းတင်းကျပ်ကျပ် ဖြစ်သွားအောင် ချည်လိုက်စဥ် ရုတ်တရက် ဖက်တီး ပါးစပ်ပွင့်လာပြီး ပါးစပ်မှ ရေစိမ်းတစ်လုတ် ထွေးထုတ်လာသည်။
ရေစိမ်းသည် အလွန်အနံ့ဆိုး ထွက်သဖြင့် ဝူရှဲ့ သူ့ပါးစပ်နဲ့ နှာခေါင်းကို ချက်ချင်း ဖုံးအုပ်ထားလိုက်သည်။ စိတ်ထဲကနေလည်း ဖက်တီးတစ်ယောက် ဘာတွေ စားထားတာလဲလို့ တွေးလိုက်မိ၏။ ထိုအခိုက် ရေစိမ်းထဲတွင် အနီရောင် အကြေးခွံများစွာ ရောနှောနေတာကို တွေ့လိုက်ရလေသည်။
ဖက်တီး ခန္ဓာကိုယ်ကို ပြန်ထိကြည့်လိုက်ခါမှ တစ်ခုခုတော့ မှားနေမှန်း ရိပ်မိသွား၏။ ဒါကြောင့် သူ့အဝတ်အစားတွေကို ဆွဲဖွင့်လိုက်တဲ့အခါ ဖက်တီးရဲ့ ဝမ်းဗိုက်က ကြီးမားနေတာကို တွေ့လိုက်ရတော့သည်။