(33) တတိယည - အိမ်ရှင်
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (33)

တတိယည - အိမ်ရှင်



ဒုက္ခရောက်ပြီ။ ဒါက ဘယ်လိုဖြစ်သွားတာလဲ။ မြွေက သူ့ဗိုက်ထဲကို ဝင်သွားတာ ဖြစ်နိုင်ပါ့မ လား။


ဝူရှဲ့ ချက်ချင်းပဲ ဖက်တီးရဲ့ ဗိုက်တစ်ခုလုံးပေါ်လာအောင် လှန်လိုက်ကာ ဒူးကို သူ့ဗိုက်နေရာသို့ ကန်သွင်းလိုက်သည်။ သူ့ကို ပြင်းပြင်းထန်ထန် ကြိတ်လိုက်သည်နှင့် ဖက်တီးသည် ရေစိမ်း အမြောက်အမြားနှင့် ရောနေသော ချည်ဖြူရောင် အလုံးကြီးအား အကိုင်းအခက်တွေပေါ် အန်ထုတ်ပစ်လေသည်။ 


ဝူရှဲ့ အကြိမ် အနည်းငယ် ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။ သူ အော့အန်သွားတဲ့အခါမှ သူ့ဗိုက်ထဲက အရာတွေက သူ့အသက်ရှုခြင်းကို အရမ်း ဖိသိပ်နေပုံပေါ်ကြောင်း သဘောပေါက်လိုက်၏။ 


အန်နေတဲ့ အရာတွေကို ကြည့်လိုက်ရင် ရေပုံးထဲကနေ လောင်းထည့်လိုက်သလိုပဲ ပမာဏက ကြီးမားလွန်းနေသည်။ ကံကောင်း ထောက်မစွာဖြင့် ဖက်တီးတွင် ဗိုက်ကြီး​​ကြီးတစ်လုံး ရှိနေခဲ့လေသည်။ မဟုတ်ဘဲ သာမာန်လူ တစ်ယောက်သာ သူ့ဗိုက်ထဲမှာ ဒီပစ္စည်းတွေ အများကြီးထည့်ထားရင် ပေါက်ကွဲသွားနိုင်သည်။


ဝူရှဲ့ ဖက်တီးဆီ ငုံ့ပြီး သူ့ပါးစပ်ကို ဖွင့်ကြည့်လိုက်တော့ ရေစိမ်းထဲက ကြက်ဥအကာလို ချဉ်စုတ်စုတ် အနံ့တွေ ထွက်လာတာကို တွေ့လိုက်ရ​​လေသည်။ ဝူရှဲ့ အကိုင်းအခက် တစ်ခုကို ခေါက်ပြီး ဆော့ကစား ကြည့်လိုက်သော် ထိုအကာလို အရည်တွေထဲမှာ ဥနဲ့တူတဲ့ အရာတစ်ခု ရှိနေတာကို တွေ့လိုက်ရ၏။ 


ဝူရှဲ့ ခဏလောက်တော့ ရင်ဘတ်ထဲက ပျို့အန်ချင်လာသလို အန်ထွက်လုမတတ် ဖြစ်လာသည်။ အရည်တွေနဲ့ ရောနေတဲ့ အကြေးခွံတွေကို ကြည့်ပြီး မြွေဥတွေ ဖြစ်နိုင်သလားလို့ ကိုယ့်ဘာသာကိုယ် တွေးမိသည်။ ဟောလီးဝုဒ်ရုပ်ရှင်ထဲက ဘီလူးတစ်ကောင်လို ဒီမြွေမျိုးဟာ တကယ်ကို ရွံရှာစရာကောင်းပါသည်။


ဒီတော့ အောက်က အလောင်း​ကောင်တွေရဲ့ ဗိုက်ထဲမှာ မြွေဥတွေနဲ့ ပြည့်နေလောက်သည်။ ဒီမြွေဥတွေ အကောင် ပေါက်လာတဲ့အခါ ဘယ်လိုပုံစံ ဖြစ်လာမလဲဆိုတာ တွေးကြည့်လို့တောင် မရချေ။ 


ဝူရှဲ့တစ်ယောက် ပျို့အန်ချင်စိတ်ကို ထိန်းထားဖို့ ကြိုးစားရင်း အောက်နားက ကြက်ဥအကာလို အရည်တွေကို ကြည့်လိုက်သည်။ တစ်ဖန် ရေပေါ်မှာ လွင့်မျောနေတဲ့ မြွေဥတွေကို ကြည့်ကာ ကျောက်နံရံတွေကိုလည်း ကြည့်လိုက်ကာ ဒီမှာ ဘာဖြစ်နေတာလဲ ဆိုတာကို နားလည်သွားခဲ့လေသည်။


ဤကျောက်တုံး အခန်းသည် "မီးဖွားခန်း" ဖြစ်နိုင်လေသည်။ ဤမြွေများသည် အလောင်းများ ဆွေးမြေ့ခြင်းမှ ထုတ်ပေးသော အပူကို အားကိုးပြီး ဥများပေါက်စေရန် အတွက် အလောင်းများကို ဆက်လက် သယ်ဆောင်ကာ ရွံ့ထဲသို့ လောင်းထည့်ထားသည်။ အလောင်းက ပုပ်သွားကာ အပူထွက်လာပါက မြေဆီလွှာနှင့် ရောနှောသွားကြမည်။ 


ပုရွက်ဆိတ်များသည် အချဉ်ဖောက်ခြင်းနှင့် ဆွေးမြေ့ခြင်းမှတဆင့် အသိုက်အတွင်းရှိ အပူချိန်ကို ထိန်းချုပ်နိုင်သည်ဟု ကြားဖူးပါသည်။


သို့သော် ဤနေရာအနီးရှိ အပျက်အစီးများသည် နေရောင် ထွန်းလင်းနိုင်ပါ၏။ ဘာကြောင့် အခြားမြွေများကဲ့သို့ ၎င်းတို့၏ ဥများပေါက်ရန် နေရောင်ကို မသုံးကြတာလဲ။ ဤမြွေဥများ ပေါက်ဖွားရန် အတွက် အပူချိန်လိုအပ်ချက်များက အလွန်တိကျဖို့ လိုအပ်နေတာကြောင့်များလား။ 


အဲဒီ့ မိုးသည်းထန်စွာ ရွာသွန်းထားလို့သာ မဟုတ်ရင် ဒီကျောက်တိုင်​ကြားထဲမှာ ရေမရှိနိုင်ဘူးလို့ တွေးမိသည်။ အချိန်အတော်ကြာပြီးမှ ဖက်တီးသည် သူ့ခန္ဓာကိုယ်က အပူချိန်ကို ထိန်းထားနိုင်ခဲ့ရာ သူ မသေသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မြွေတွေက သူ့​​ကို မသတ်ဘဲ သားဖောက်ဖို့ အပူချိန်ကို သုံးချင်ခဲ့တာ ဖြစ်ပေမည်။ 


မြွေတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဥတွေ ပေါက်လုနီးပါး အပူချိန် တည်ငြိမ်ရင် အကောင်ပေါက်ဖို့ တစ်ရက် နှစ်ရက်ပဲ ​​လိုကြောင်း ဝူရှဲ့ ကြားဖူးသည်။ ကံကောင်းထောက်မစွာဖြင့် မိုးက သည်းထန်စွာ ရွာချခဲ့သည်။ မဟုတ်ပါက သူသည် ယခုပင် မြွေစုပုံထဲသို့ ကျသွားပေလိမ့်မည်။


အကြောက်ရဆုံးက ဒီမှာ မြွေဥတွေ ရှိနေတယ်ဆိုတော့ မြွေမတစ်ကောင် ရှိနေတယ်လို့ ဆိုလိုတာလား ဆိုတာပါပဲ။ ဒီလိုနဲ့ ရုပ်ကြွအကြောင်းကို ပြေးတွေးမိလိုက်ချိန် ရင်ထဲမှာ ချမ်းတုန်လာတော့သည်။ အဲဒါကို ပြန်တွေးကြည့်တော့ အဲဒီလိုမျိုး မြွေကြီးတစ်ကောင်ဟာ သဘာဝ ဇီဝဗေဒရဲ့ နိယာမတွေကို ချိုးဖောက်နေပြီ ဆိုတာ သေချာနေပါပြီ။ 


ဖက်တီးရဲ့ ဝမ်းဗိုက်က နည်းနည်း ဖောင်းနေသေးပြီး အဲဒီအထဲမှာ ဒီအရာတွေ ရှိနေဦးမလား မသိချေ။ လူ လုံခြုံသွားအောင် အန်ထုတ်လိုက်တာက ပိုကောင်းမယ် ထင်၏။ ဒါနဲ့ ဝူရှဲ့ ဖက်တီးကို မြှောက်လိုက်ပြီး သူ့လည်ချောင်းကို ဆုပ်ကိုင်လျက် ဆက်အန်နေအောင် လုပ်ပေးသည်။ သို့သော် သူနောက်ထပ် အန်တာကတော့ ရေစိမ်းတွေသာ ဖြစ်လေသည်။ 


အထဲကဟာတွေ ပျောက်သွားပြီ ထင်ပါရဲ့။ တကယ်လို့ နောက်ကျန်ခဲ့မယ် ဆိုရင်လည်း ဗိုက်ထဲ ရောက်သွားလောက်ပြီ။ ဒါကြောင့် သူ့ကို ဆွဲထုတ်ခွင့် ပေးလိုက်ရုံသာ ရှိတော့၏။ 


မြူတွေက ကွယ်ပျောက်လုနီးပါး ဖြစ်နေပြီမလို့ ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းက တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာပါပြီ။ ဝူရှဲ့ သူ့အလုပ်ကို ဆက်လုပ်သည်။ ဖက်တီးကိုယ်ပေါ်ရှိ နွယ်ကြိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ဖြည်းဖြည်းချင်း ဆွဲတင်ဖို့ ပြင်ဆင်ရသည်။ 


လူသာ သစ်ပင်အ​မြစ် ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသွားလျှင် တိုက်ရိုက် သတိလစ်သွားနိုင်သည်။ ယခုအချိန်တွင် ဖက်တီးက သူ့ကိုယ်သူ ကာကွယ်ရန် သူ၏ ကြွက်သားများနှင့် လှုပ်ရှားမှုများကို အသုံးမပြုနိုင်သောကြောင့် ဒီပြုတ်ကျခြင်းက သူ့ကို သေသွားစေနိုင်သည်။ ထို့ကြောင့် နွယ်ပင်များ၏ အရှည်ကို ထိန်းထားရမည်။


ဝူရှဲ့ အကုန်ပြင်ဆင်ပြီးနောက် သစ်ပင်အောက်မှာ ထွန်းတောက်ဖို့ မိုင်းတွင်းမီးအိမ်ကို သုံးလိုက်သည်။ ဒီသစ်ပင်ကြီးတစ်ပင်က ဖက်တီးကို ဆွဲတင်ဖို့ ကောင်းကောင်း မလုပ်နိုင်ရင် ဒီရေထဲကို ပြန်ကျသွားနိုင်၏။ ဒါဆို သူ့ယခင်က ကြိုးစားအားထုတ်မှု အားလုံးကို အလဟဿဖြစ်စေမည်။ ဒါကြောင့် နေရာကောင်းတစ်ခု ရှာဖို့လိုသည်။ 


နှစ်ယောက်သား လေးကိုင်းသဏ္ဌာန် သစ်ကိုင်းကို အားကိုး၍ ဖြည်းဖြည်းချင်း တွယ်တက်သွားခဲ့ရသည်။ 


သစ်ပင်အောက်မှာ မိုင်းတွင်းမီးအိမ် ထွန်းတောက်လိုက်တာနဲ့ သစ်ပင်အောက်မှာ မြူတွေ အုံ့ဆိုင်းနေပြီး မြေပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရတာကို တွေ့ရသည်။ ဓာတ်မီးကို အပေါ်သို့ တောက်ကြည့်လိုက်တော့ အနက်ရောင် အရိပ်တွေဖြင့် အလုံးအရင်းဖြင့် ရစ်ဝဲနေလေသည်။ 


သရဲ ရှိနေတာလား။ သူ စောစောတုန်းက မိုင်းတွင်းမီးအိမ်ကို သုံးပြီး စူးစမ်းကြည့်တော့ မြေပြင်ပေါ်မှာ မှုန်ဝါးနေတဲ့ အရိပ်တွေကို မြင်နိုင်သေးသည်။ ယခု ဓာတ်မီးကို သုံးလိုက်တာနဲ့ မြူတွေက ထူထပ်လာသလို ဖြစ်လာရတာလဲ။ ဒါပေမဲ့ ဘာကြောင့် မြေပြင်နဲ့ နီးနေသလို ဖြစ်နေရတာလဲ။ 


ပတ်ဝန်းကျင်ကို ဂရုတစိုက် ဖော်ထုတ်ပြီးနောက် ဘယ်လို ဖြစ်သွားတယ် မသိသော်လည်း ရေထုအတွင်းမှ အနက်ရောင်လေသည် အငွေ့ပျံသွားသည်။ ၎င်းက ရေမျက်နှာပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အလောင်းတွေက အနက်ရောင် လေထဲတွင် ရွေ့လျားနေသည့်အတိုင်းပင်။