(39) တတိယည - မြွေအသံ
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (39)

တတိယည - မြွေအသံ 



မြွေပြောနေတာကို ကြားလိုက်တော့ ခဏလောက်အထိ အံ့ဩသွားပြီး ဆွံ့အသွားခဲ့သည်။ ကိုယ့်နားကိုတောင် မယုံနိုင်လောက်အောင် ဖြစ်သွားရာ အဲဒီ​နေရာမှာပဲ တောင့်တောင့်ကြီး ရပ်နေမိလေသည်။ 


ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။


မြွေတွေရဲ့ ဆိုးညစ်တဲ့ သဘောသဘာဝအတွက် သူ ပြင်ဆင်ထားပြီးပြီ။ ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ ဉာဏ်ကောင်းနေပါစေ အဲဒီတုန်းက ပြောလိုက်တဲ့ စကားတွေက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မကြားနိုင်လောက်အောင်ပါပဲ။ အခုကတော့ လုံးဝ ပြက်ပြက်သားသား ကြားလိုက်ရပြီလေ။ 


အာရုံကြောတွေ တင်းမာလွန်းပြီး အံကို ကြိတ်ထားရသည်။ မြွေက ဆက်ငုံ့လာနေတယ်ဆိုတာ ထင်ရှားပါ၏။ စူးရှတဲ့ မျက်လုံးတွေက ဝူရှဲ့ကို ငုံ့ကြည့်ရင်း ရုတ်တရက် လည်ပင်းကို လိမ်ထားသလိုမျိုး လည်ပင်းကို ကွေးလျက် ဝူရှဲ့ရှေ့မှာ ချိတ်ဆွဲပြလိုက်သည်။ 


"ရှောင်စန်းရယ်..."


ဒီတစ်ခါတော့ အသံက ပိုရှင်းသွားသလိုပါပဲ။ လှုပ်ရှားမှုတွေကို ကြည့်လိုက်ရင် မြွေဟာ သူနဲ့ စကားပြောနေတဲ့ လူတစ်ယောက်လိုပင်။ ဝူရှဲ့ခမျာ အေးစက်စက် ချွေးတွေ ထွက်ကျလာကာ တစ်ကိုယ်လုံး မလှုပ်ရဲတော့ချေ။ မြွေက စကားပြောနေတာပဲဟ။ 


သူ့စိတ်တွေ ရူးသွပ်လုနီးပါး ရှုပ်ထွေးသွားသည်။ မရေမတွက်နိုင်တဲ့ အတွေးတွေက တစ်စက္ကန့်အတွင်း သူ့ဆီ ရောက်လာခဲ့၏။ ၎င်းက CET-6 အောင်မြင်ပြီး ဘွဲ့ရပြီးထားတဲ့ မြွေတစ်ကောင်လား။ ဒီမြွေက တကယ့်လူသားလား၊ ဒါမှမဟုတ် ရိုးရိုးတန်းတန်း စကားပြောတတ်တဲ့ မြွေလား စတဲ့ မေးခွန်းတွေက သူ့ခေါင်းထဲကို ရထားတွဲကြီးလို ဝင်လာတော့သည်။ 


ထိုအချိန်တွင် သူတို့သည် ယခုအခါ ရှီးဝမ်းမယ်တော်ရဲ့ သြဇာလွှမ်းမိုးမှု နယ်ပယ်ထဲ ရောက်နေတာ ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။ ဒီလို ဒဏ္ဍာရီ နယ်မြေထဲကိုတောင် ရောက်လာခဲ့ပြီးပြီမလို့ မြွေစကားပြောတတ်တာက မဆန်းတော့ပါ။


မြွေက သူ့​အမူအရာ အပြောင်းအလဲကို ကြည့်ပြီး စိတ်ဝင်တစား ဖြစ်သွားတာ ဖြစ်ကောင်းဖြစ်နိုင်စွာ ခေါင်းကို ပြန်လှည့်ကာ အမောက်ကို ခါလိုက်ကာ ဆိုပြန်သည်။  


"ရှောင်စန်းရယ်?"


ဒီတစ်ခါတော့ ဝူရှဲ့လည်း စိတ်ပိုင်းဆိုင်ရာ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ အရင်နှစ်သံထက် ပိုရှင်းလင်းစွာ ကြားလိုက်ရတာနဲ့ တစ်ခုခုမှားနေပြီ ဆိုတာ ရုတ်တရက် သိလိုက်ရသည်။ ဒီမြွေရဲ့ လေသံက ချောင်ရှားလေသံပင်။ 


ဒီမြွေဟာ ချောင်ရှားဘိုးဘွား အိမ်မှ ရှီးဝမ်းမယ်တော်ရဲ့ ဒေသတည်ဆောက်မှုကို ပံ့ပိုးရန်အတွက် ရှီးဝမ်းမယ်တော် ဘုရင်မကြီးထံ ရောက်ရှိလာသည့် မြွေတစ်ကောင် ဖြစ်နိုင်ပါ့မလား။


ထိုအချိန်တွင် စိတ်ထဲတွင် ဒေါသကြီး အတွေးတစ်ခု ပေါ်လာပြီး ရုတ်တရက် မေးလိုက်ချင်သည်က "မင်းက ဟူနန်စတိတ် TV က လွှတ်လိုက်တာလား" ဟူ၍ပင်။ အဲဒီလို တွေးလိုက်ချိန် ဘာဖြစ်နေလဲ ဆိုတာကို သဘောပေါက်သွား၏။


အကယ်၍ ဤမြွေသည် သာလွန်ထူးခြားသော ဝိညာဉ်အသိ ပါရှိလျှင် ၎င်းပြောသော ဘာသာစကားသည် ထိုအချိန်က ရှီးဝမ်းမယ်တော် နိုင်ငံတော်၏ ဘာသာစကား ဖြစ်သင့်သော်လည်း ယခုမြွေသည် မန်ဒရင်ချောင်ရှား လေယူလေသိမ်းဖြင့် ပြောနေတာ ထင်ရှားလွန်းလှသည်။ 


မန်ဒရင်ဘာသာစကားက ၁၉၅၀ ခုနှစ်များတွင် စတင် လူသိများလာပြီး ချောင်ရှား လေယူလေသိမ်းကတော့ ၁၉၇၀ ခုနှစ် မွေးဖွားသူများ အသုံးများကြသည်။ ဤမြွေသည် လွန်စွာ ဥာဏ်ရည်ဥာဏ်သွေး ရှိသော်လည်း ၎င်းသည် လုံးဝ ခေတ်မီသော လေယူလေသိမ်းကို ပြောနေတာ ဖြစ်သည်။


ဒါဆိုရင် ဖြစ်နိုင်ချေ တစ်ခုပဲ ရှိပါသည်။ ဒီမြွေက "စကားပြော"နေတာ မဟုတ်ရင် ကြက်တူရွေးလို စကားပြောတတ်ဖို့ 'သင်ယူ' နေတာ ဖြစ်နိုင်သည်။ 


ဝူရှဲ့ ချက်ခြင်း ငြိမ်သက်သွားသည်။ တစ်လမ်းလုံး ကြားလာရသော အသံများက "ရှောင်စန်းရယ်" ဟူသော စကားလုံးသာ ဖြစ်ပြီး ဒုတိယစာကြောင်း မရှိတော့ပေ။ အသံပင် တူညီနေတာ ထင်ရှားပါသည်။ ချောင်ရှား လေယူလေသိမ်းနှင့် မန်ဒရင်းစကားသည် ဖန့်ကျစ်ရဲ့ လေယူလေသိမ်း ဖြစ်ပြီး ဖန့်ကျစ်က သူ့အား 'ရှောင်စန်းရယ်' လို့ ခေါ်ရတာကို နှစ်သက်သည်။ 


ဖန့်ကျစ်ဟာ ဒီလမ်း တစ်လျှောက်လုံးလည်း သူ့အား ရှောင်စန်းရယ်ဟုသာ ခေါ်ကာ မြွေကလည်း ဤစကားလုံးသုံးလုံးကို ထပ်ခါတလဲလဲ ပြော​နေကြောင်း သူသိလိုက်ရသည်။ ဒီမြွေက သူတို့နောက်ကို တစ်လျှောက်လုံး လိုက်လာရင်း စကားသင်နေခဲ့တာပဲ။ 


သို့သော် ကြက်တူရွေးများသည် လူ့လေ့ကျင့်မှုဖြင့်သာ စကားပြောတတ်ရန် သင်ယူတတ်သည်။ သူတို့ထံမှ မြွေတစ်ကောင် စကားသင်ယူနေတာက သင်ယူနေတာဟာ အပျော်သဘောသက်သက် မဟုတ်တာ ထင်ရှားပါသည်။


ဒီမြွေကို ​လေသံကို တုပပြီး သားကောင်ကို ဆွဲဆောင်​နေတယ်လို့ တွေးမိလိုက်တဲ့အခါ ဝူရှဲ့ခမျာ တစ်ကိုယ်လုံးက ချွေးတွေ အေးစက်သွားတော့သည်။ အဲဒါကို တွေးကြည့်တော့ သူက ဆွဲဆောင်ခံလိုက်ရသူ မဟုတ်ပါလား။ ဒီတစ်ခါတော့ မြွေကြောင့် ပြုတ်ကျလာခဲ့ရာ အရမ်းရှက်စရာ ကောင်းသွားချေပြီ။ 


မြွေက သူ့ကိုကြည့်ရင်း သွေးနီရောင် တြိဂံမြွေခေါင်းက သူ့နှာခေါင်းနဲ့ အကွာအဝေး အနေဖြင့် နီးကပ်လာနေပြီ ဖြစ်သည်။ ဝူရှဲ့မှာ ၎င်းဆီမှ ငါးညှီနံ့ကို ရှူရှိုက်မိလုနီးပါး ဖြစ်သွားသည်။ အတွေးတွေက ယောက်ယက်ခတ်နေသော်လည်း ဘာပဲဖြစ်ဖြစ် သူ့ရှေ့က အကောင်ဟာ အဆိပ်ရှိတဲ့ မြွေတစ်ကောင် ​ဖြစ်နေတုန်းပဲ။


ဝူရှဲ့ ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်ကာ တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်ရန် ကြိုးစားလိုက်သည်။ ၎င်း၏ တိုက်ခိုက်မှုမှ လွတ်မြောက်ရန် အနည်းဆုံး လုံလောက်တဲ့ အကွာအဝေးကို ထားရင်း ရေထဲသို့ ငုပ်ဆင်းရန် နည်းလမ်း ရှာဖွေ​နေခဲ့သည်။


ဒါပေမဲ့ သူ နည်းနည်း လှုပ်လှုပ်ရှားရှား လုပ်လိုက်တာနဲ့ မြွေက သူ့ရည်ရွယ်ချက်တွေကို သိသွားသလိုမျိုး သူ့မျက်လုံးတွေကို စိုက်ကြည့်ရင်း လက်ဖဝါးလောက် အကွာအဝေးထားကာ ငုံ့ထားတဲ့ မြွေခေါင်းက လှုပ်ရှားလာရာ ဝူရှဲ့လည်း တောင့်တင်းသွားတော့သည်။ 


ဝူရှဲ့ အရမ်းထူးဆန်းတယ်လို့ ခံစားလာရ၏။ အဲဒီမြွေက သူ့ကို ထိန်းချုပ်ချင်​နေပုံရပေမယ့် ဒီအပြုအမူက အရမ်းထူးဆန်းနေသည်။ မြွေဟာ တွားသွားသတ္တဝါ ဖြစ်ပြီး အပြုအမူ အားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ အကြောင်းပြချက် မရှိပါဘူး။ သူ ဘာလုပ်ချင်တာလဲ။


ဝူရှဲ့တစ်ယောက် ပဟေဠိဆန်ပြီး ဉာဏ်အမြော်အမြင် ကြီး​နေတဲ့ အချိန်မှာ တစ်ခုခုက ရေအောက်ခြေကနေ ခုန်ဆင်းလာနေသလိုမျိုး ရုတ်တရက် သူ့​ခြေကျင်းဝတ်ကို လာထိတာကို ခံစားလိုက်ရလေသည်။