ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (40)
တတိယည - ကယ်တင်ခံရပြီ
ခေါင်းငုံ့မကြည့်ဝံ့ပေမယ့် မကြာခင်မှာပဲ ရေထဲမှာ ပွက်ပွက်ဆူနေတဲ့ ရေပူဖောင်းတွေ ထလာရာ ဝူရှဲ့ သူ့မျက်လုံးတွေကို ငုံ့ကြည့်လိုက်တဲ့အခိုက် ရေအောက်မှာ အဖြူရောင် လူပုံသဏ္ဌာန် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။
အရိပ်က သူ့ခြေရင်းမှာ ရှိနေပြီး အဲဒါက လူလား တစ္ဆေလား မပြောနိုင်ပေ။ ဒါပေမဲ့ အရိပ်ဖြူရဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်ရင် ဒါက လူတစ်ယောက် ဆိုတာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ခံစားရ၏။
ဘယ်သူလဲ?
ဘေးနားက ဖက်တီး နိုးလာတာ မဖြစ်နိုင်သလို ဖန့်ကျစ်ကလည်း ဘုရားကျောင်း မျှော်စင်ထဲမှာ ရှိနေတုန်းပင်။ သူတို့ နှစ်ယောက် ဆိုရင်တောင် ဒီလောက် ဖြူနေမှာ မဟုတ်။ ဒီအချိန်မှာ သူဘာမှ မလုပ်နိုင်တော့တာမို့ မြွေကို စိုက်ကြည့်ရင်း သူ့ရဲ့ ပြောင်းလဲမှုတွေကို စောင့်ကြည့်နေခဲ့သည်။
ဝူရှဲ့ ပတ်ဝန်းကျင်မှာ ရေတွေက တပွက်ပွက်တွေ ပေါ်လာပြီး အဲဒီလူက ရေအောက်မှ သစ်ပင်တွေရဲ့ အမြစ်တွေကို ဆုပ်ကိုင် ဖယ်ရှားနေပုံရကာ ရေထဲမှာ လှိုင်းတွေ လှုပ်ခတ်နေတာကို ခံစားခဲ့ရလေသည်။
မြွေသည်လည်း ဝူရှဲ့ကို စိုက်ကြည့်နေခဲ့ရာမှ ချက်ချင်း သတိပြန်ဝင်လာကာ လှည့်ကြည့်လိုက်စဥ် ပတ်ဝန်းကျင် ရေပြင်က တုန်လှုပ်သွားတာကို ကြည့်ရင်း နားမလည်နိုင်ဘဲ ချက်ချင်းပင် ခေါင်းကို မော့ကာ ကြက်ဖတစ်ကောင် တွန်လိုက်သလို စူးစူးဝါးဝါး အော်လိုက်တော့သည်။
တခဏ အတွင်းမှာတော့ မြွေဟာ နီရဲလာပြီး မြွေတစ်ကိုယ်လုံး ဖောင်းကြွလာပုံမှာ သွေးတွေထွက်လုနီးနီးပင်။ ဒါက သတိပေးချက်လား ဒါမှမဟုတ် အဖော်ခေါ်နေတာလား မပြောတတ်ချေ။
တစ်ချိန်တည်းမှာပဲ ခြေကျင်းဝတ်ကို ကိုက်နေတဲ့ ခံစားချက်ကိုလည်း ခံစားလိုက်ရသည်။ ခြေချင်းဝတ်နေရာကို တစ်စုံတစ်ယောက် ကုတ်ခြစ်နေသလို နာကျင်နေပေမယ့် သွားတွေကို အံကြိတ်ပြီး သေသေချာချာ ခံစားလိုက်တော့မှ အဲဒီလူက တစ်ခုခု ရေးနေတာမှန်း သိလိုက်သည်။
ဝူရှဲ့သည် သူ ငယ်ငယ်တုန်းက ကစားလေ့ရှိတဲ့ ကစားနည်းကို သတိရသွားသည်။ တစ်ဖက်လူ ရေးနေတာက "ပြင်ဆင်ထား" ဆိုတဲ့ စကားလုံးလို့ အတိအကျ မဆိုဝံ့ပေမယ့် "ပြင်ဆင်ထား" ဆိုတဲ့ စကားလုံး ဆိုတာတော့ အရမ်းကို ထင်ရှားနေပြီ။ အောက်မှာ လူတစ်ယောက် ရှိရမယ် ဆိုတာကို ဝူရှဲ့နားလည် သဘောပေါက်ဖို့ ချက်ချင်း ခြေထောက်ကို လှုပ်လိုက်ပြီး တစ်ဖန် အေးအေးဆေးဆေး နေလိုက်သည်။
မြွေက ရေအောက်မှာ ဘာတွေရှိမှန်း မသိပေ။ ၎င်းင အကြိမ်အနည်းငယ် ဟောင်ပြီးနောက် ပတ်ဝန်းကျင်က ဘာတုံ့ပြန်မှုမှ မတွေ့ရတော့ရာ ရေအောက်သို့ အနည်းငယ် လျှောချလာတာကို တွေ့လိုက်ရ၏။ ဘာဖြစ်နေတာလဲ။ ထိုစဥ် ရုတ်တရက် ဝူရှဲ့ရှေ့က ရေတွေ ပေါက်ကွဲထွက်လာပြီး နှင်းဖြူရောင် လူတစ်ယောက် ရေထဲက ခုန်ဆင်းထွက်လာကာ လျှပ်စီးလက်သလို မြွေခေါင်းကို အရှိန်နဲ့ ဖမ်းကိုင်လိုက်လေ၏။
အဲဒီလူ မြွေလည်ပင်းကို ညှစ်လိုက်တာနဲ့ ဝူရှဲ့လည်း ချော်လဲပြီး ရေထဲ လဲကျသွားတော့သည်။ ဖြစ်ပျက်နေတဲ့ အခြေအနေကို မသိရသေးခင် သူ့ခမျာ ကန်ထုတ်ခံလိုက်ရတာကြောင့် ရေကန် အလယ်ဗဟိုအထိ ကူးသွားလိုက်သည်။ သုံးလေးစက္ကန့်ကြာအောင် တည့်တည့် ကူးခတ်ပြီးတဲ့အထိ နောက်သို့ လှည့်မကြည့်ဝံ့သေးပေ။
အနောက်မှာ ရေတွေ ပက်ဖြန်းနေတာ တွေ့ရတော့ မြွေကထိန်းရတာ မလွယ်မှန်း သဘောပေါက်လိုက်သည်။ ခဏလောက်တော့ ကိုယ့်ဘာသာကိုယ် ပြေးရမလား၊ စောင့်ကြည့်ရလား မသိတော့ပေါ။ သူ တုံ့ဆိုင်းနေတုန်းမှာပဲ ရေမှုန်ရေမွှားထဲက မီးနီဟာ ရုတ်တရက် ပေါက်ကွဲသွားပြီး သစ်ကိုင်းတွေထဲ လှိမ့်ဝင်သွားတော့သည်။ သစ်ကိုင်းတွေ ဝိုင်းနေတဲ့ တစ်ချိန်တည်းမှာပဲ အလွန်ဝမ်းနည်းစရာကောင်းတဲ့ အသံတွေ ထွက်ပေါ်လာလေ၏။
လူဖြူက "မြန်မြန်သွား... သူ အကူအညီ တောင်းနေတာ အခုမသွားရင် မမှီတော့ဘူး!"
သူက ပြောပြီးတာနဲ့ အမြန်ပဲ ကူးခတ်သွားသည်။ စကားမဆုံးခင်မှာ အနီးနား ပတ်ဝန်းကျင်က အော်ဟစ်မြည်သံတွေ ထွက်ပေါ်လာခဲ့ကာ မရေမတွက်နိုင်တဲ့ မြွေတွေ ရှိနေပုံရလေ၏။
ဝူရှဲ့ ထိတ်လန့်ပြီး ရေထဲမှာ အကြိမ်အနည်းငယ် ပျာယာပျာယာဖြင့် ရေကူးပြီးနောက် ဖက်တီးကို သတိရသွားသည်။ သူ ဖက်တီးကိုတော့ မထားခဲ့နိုင်ဘူးလို့ တွေးပြီး ပြန်လှည့် ကြည့်လိုက်တဲ့ အခိုက်မှာတော့ ဖက်တီးက ပျောက်နေပြီ။
အမှောင်ထဲမှာကလည်း တိုးတိုးတိတ်တိတ် အော်ဟစ်သံတွေ အများကြီး ကြားနေရသည်။ ခေါင်းကို နှစ်ကြိမ် လှည့်ကြည့်လိုက်တော့ အသံတွေက သူရှေ့မှာ ထပ်အော်နေပြန်၏။ စက္ကန့်အနည်းငယ်လောက် တွေးကြည့်ပြီးနောက် အံကြိတ်ကာ ဖက်တီးအတွက်း ဝမ်းနည်းကြောင့် တွေးကာ ခေါင်းကို အုပ်ရင်း တစ်ဖက်လူနောက်သို့ လိုက်သွားခဲ့သည်။
အဲဒီလူက ရေကူးတာ အရမ်းမြန်ပြီး မကြာခင်မှာဘဲ ရှေ့က ကုန်းပေါ်တက်ပြီး မြူခိုးတွေထဲ ပျောက်ကွယ်သွားတော့သည်။ ဒီလူက ဘယ်သူလဲ၊ သူကို ကယ်တင်ဖို့ လာတာလား ဒါမှမဟုတ် သူ့ကိုစနောက်ဖို့ လာတာလား။ ဟိုဘက်ကမ်းကို ရောက်သွားတဲ့ အချိန်မှာတော့ သူ့ခမျာ ဦးတည်ရာကို လုံးဝ မသိတော့ရာ တစ်ကိုယ်လုံးက အမွေးအမှင်တွေ ချက်ချင်း ထောင်တက်ချင်လာတော့၏။
ကုန်းကပေါ် တွယ်တက်လိုက်တဲ့အခါ တံတောင်ဆစ်နောင် မရောက်နိုင်ဘူး ဆိုတာ သိလိုက်ရလေသည်။ ဝူရှဲ့ ကြိမ်ဖန်များစွာ အော်ဟစ်ပြီး အကြိမ်အနည်းငယ် ခုန်တက်ပေမယ့် လဲကျနေတုန်းပါပဲ။ မြွေရဲ့ အသံတွေက ဝိုင်းလာနေပြီ။ သစ်ပင်အမြစ်တွေကို အကြိမ်အနည်းငယ် ဆွဲလိုက်စဥ် ရုတ်တရက် သူလက်ကို တစ်စုံတစ်ယောက်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကာ အတင်း ဆွဲတင်လိုက်ပေသည်။
ဆွဲတင်ခံလိုက်ရသည်နှင့် သူကို ဆွဲထုတ်သည့်လူမှာ ဂတ်စ်မျက်နှာဖုံး ဝတ်ထားပြီး သူ့ဘေးမှာလည်း အမျိုးသား ၁၆ ယောက် သို့မဟုတ် ၁၇ ယောက်ရှိကာ အနီးပတ်ဝန်းကျင်ကို အလင်းရောင်ပြင်းပြင်း ဓာတ်မီးများဖြင့် လင်းထိန်သွားတာကို ချက်ချင်း တွေ့လိုက်ရသည်။ အဲဒီလူက ရင်းနှီးပြီးသား မျက်နှာဟောင်းကို ထုတ်ပြဖို့အတွက် မျက်နှာဖုံးကို ချွတ်လိုက်တဲ့အခါ ဝူရှဲ့လည်း ဘယ်သူလဲလို့ မေးဖို့ ပြင်လိုက်၏။
သူ “ဦးလေးသုံး” ဟု အော်လိုက်ချင်သော်လည်း အော်သံမဆုံးမီတွင် ဦးလေးသုံးက သူ့မျက်နှာကို ရိုက်ချလိုက်ပြီး တစ်စုံတစ်ယောက်က သူ့ကို ဂက်စ်မျက်နှာဖုံး စွပ်ပေးလာလေ၏။
ဝူရှဲ့ မော့ကြည့်လိုက်တော့ ဦးလေးသုံးဟာလည်း ဂတ်စ်မျက်နှာဖုံးကို ဝတ်ထားတာ တွေ့ရသည်။ ထိုစဥ် လူတစ်ယောက်က အဝါရောင် မီးခိုးဗုံးတစ်လုံးကို ချက်ချင်း ဖွင့်ချလိုက်သည်။ တခြားသူတွေကတော့ ဝူရှဲ့ကို ဆွဲကိုင်ပြီး အမြန် ထွက်ခွာသွားကြတော့သည်။