ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (60)
ထွက်ခွာခြင်း
မျက်နှာသေသည် ထိုနေရာတွင်ပင် အိပ်နေကာ ဖက်တီးသူ့ကို စိတ်ငြိမ်ဆေး ထိုးပေးပြီးမှ တဖြည်းဖြည်း အိပ်ပျော်သွားသည်။ သူ့အသွင်အပြင်ကို ကြည့်ရင်း ဝူရှဲ့ခမျာ ရင်ဘတ်ထဲမှာ ပိတ်ဆို့ပြီး အရမ်း စိတ်မသက်မသာ ဖြစ်လာသလို ခံစားရလေသည်။
သူတို့အိပ်နေတုန်း အဲဒီအပေါက်ထဲကနေ မျက်နှာသေ ပြေးထွက်လာခဲ့တာ ဖြစ်ရမယ်။ ဒါပေမဲ့ သူအထဲမှာ ဘယဖြစ်သွားတာလဲ။ ဥက္ကာခဲကို ကြည့်လိုက်တော့ အနက်ရောင်လိုလို အပြာရောင်လိုလို မျက်နှာပြင်ဟာ အရင်ကအတိုင်း ရုပ်ဆိုးပြီး မရေမတွက်နိုင်တဲ့ အပေါက်တွေကလည်း မျက်လုံးတွေနဲ့ တူနေတာကြောင့် ဝူရှဲ့ခမျာ အေးစက်စက် လေတွေကို ရှူရှိုက်မိသွားသည်။
မျက်နှာသေ ဘာဖြစ်နေတာလဲ။ ဝူရှဲ့မှာ စိတ်ဓာတ်ကျလွန်းလို့ ဒါက သူကိုလှည့်စားနေတာပဲလို့ ထင်နေလေသည်။ အချိန်မရှိဘူး ဆိုတာက ဘာကိုဆိုလိုတာလဲ။ ဧကန္တ အထဲမှာ တစ်ခုခုဖြစ်ခဲ့လို့လား။ ဒါမှမဟုတ် တစ်ခုခု ဖြစ်တော့မှာမလို့လား။ ဒီနေရာမှာ တစ်ခုခု ဖြစ်သွားနိုင်လို့လား။
ပတ်ဝန်းကျင်သည် စကြဝဠာထဲ ရောက်နေကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေပြီး ထွန်းလင်းနိုင်သေးသည် မိုင်းတွင်းမီးအိမ်သာ မရှိခဲ့ပါက ဤနေရာ၌ ဖြစ်ပျက်နေသည့် အပြောင်းအလဲများ ရှိလျှင်ပင် သိနိုင်မည် မဟုတ်ပေ။
သူသည် အလွန်နှိုးဆွ ခံရခြင်း ဖြစ်ပေမည်။ ထိုစဥ် ဖက်တီးက သက်ပြင်းချကာ ပြောလာသည်။
"ပြင်ပမှာ ဘာတုံ့ပြန်မှုမှ မရှိဘူး... သူ မကြားနိုင်၊ မမြင်နိုင်တော့ဘူး...ငါ့သူငယ်ချင်း တစ်ယောက်လိုပဲ သူ့အာရုံတွေ အားလုံး ပိတ်သွားပြီ... ဆရာဝန်က ပြောဖူးတယ် ဒီလိုအခြေအနေဆိုရင် သူတွေ့ကြုံခဲ့ရတဲ့ နောက်ဆုံးအခိုက်အတန့်က သူ့စိတ်ထဲ ပိတ်မိနေသလို ဖြစ်နေလို့ပဲတဲ့”
ဝူရှဲ့မှာ မျက်နှာသေက ဘယ်လိုလူလဲဆိုတာ မသိပေမယ့် ဒီလိုလူရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ဟာ အတိုင်းအတာ တစ်ခုအထိ ရောက်နေပြီလို့ သူ အာမခံပါသာ်။ အလွန်လှုံ့ဆော်ခံရဖို့ မဖြစ်နိုင်ပေ။ ဒီလိုသာဆို ဒီဥက္ကာခဲအတွင်းက ဖြစ်ပျက်ခဲ့တာဟာ သူတို့ နားမလည်နိုင်လောက်အောင် ကြောက်စရာ ကောင်းနေတယ်လို့ ဆိုလိုတာပင်။
သို့သော် သူလို အေးဆေးတည်ငြိမ်သော လူသည် တစ်စုံတစ်ခုကြောင့် စိတ်ပိုင်းဆိုင်ရာ အပိုင်းပိုင်းထိကာ ထိတ်လန့်သွားလိမ့်မည့် ကိစ္စကို ဝူရှဲ့ တကယ်ပင် စိတ်ကူးမယဉ်နိုင်ပေ။ အထဲမှာ ကြောက်စရာကောင်းတဲ့ ဘီလူးတစ်ကောင် ရှိနေရင်တောင်မှ ဒီလူ မကြောက်နိုင်ဘူး ဆိုတာ သေချာပါသည်။ သူမြင်လိုက်ရတာက အလွန်ထူးဆန်းတဲ့ အခြေအနေပဲ ဖြစ်ရမည်။ ဒီအချိန်မှာ ဝမ်းကျင်ကို ပြန်တွေးကြည့်တော့ သူမက အခုဘယ်မှာလဲ။ သူမလည်း ရူးသွပ်ပြီး အပြင်မထွက်နိုင်ဘူးလား။
ဒီလိုဖြစ်ရင် သူဝင်ရမှာပဲ။ အကြိမ်တစ်ထောင် ပြုတ်ကျရင်တောင် သူမကို ဥက္ကာခဲထဲမှာ မထားခဲ့သင့်ဘူး။
အဲဒါကို တွေးရင်း ရင်တွေ တဆတ်ဆတ်နဲ့ တုန်နေသည့်ကြားမှ မတ်တတ် ထရပ်ပြီး ဂူအဝင်ဝကို လမ်းလျှောက်လာခဲ့သည်။ ဓာတ်မီးဖွင့်ပြီး မော့ကြည့်လိုက်တော့ ဒါက အကြိမ်ပေါင်း ဘယ်နှစ်ခါ လုပ်မိမှန်းတောင် မသိတော့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် အပေါက်ထဲနားတွင် ပြူတစ်ပြူတစ် လုပ်ပြီး ပြန်ထွက်လာခဲ့ရသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီး ခုန်လိုက်တဲ့အခါ လူက ဒီတစ်ခါတော့ အပေါက်ဝကို မျှော်ကြည့်မိသွားပြီး ရုတ်တရက် လန့်ဖျပ်သွားလေသည်။ မှောင်နေတော့တာ မှန်ပေမယ့် အမှောင်ထဲမှာ တစ်စုံတစ်ခုကို သူတွေ့လိုက်ရသည်။ ဝူရှဲ့ ဦးရေပြားတွေ ထုံကျင်သွားကာ နောက်တစ်ကြိမ် ထပ်ခုန်ကြည့်လိုက်စဥ် ဂူရဲ့နက်နဲတဲ့ နေရာမှာ အရာတစ်ခု ရှိနေတာကို တွေ့လိုက်ရ၏။
ဝူရှဲ့ စိတ်ထဲကနေ အော်ဟစ်ပြီး ဖက်တီးကို ချက်ချင်း ခေါ်လိုက်သည်။ ကိုယ့်ဘာသာကိုယ်လည်း မီးကို ဖွင့်ပြီး ကြည့်လိုက်တဲ့အခါ မီတာနှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်လောက်နက်တဲ့ အပေါက်ထဲမှာ ခပ်ဖျော့ဖျော့ မျက်နှာကို တွေ့လိုက်ရလေ၏။
ဝူရှဲ့ အရမ်းပျော်သွားပြီး ဝမ်ကျင်းပဲလို့ ထင်ခဲ့ပေမဲ့ နောက်တစ်ကြိမ် ပြန်ကြည့်လိုက်တော့ တစ်ကိုယ်လုံး အေးစက်သွားခဲ့သည်။ ဖြူဖတ်နေသော ထိုမျက်နှာသည် လူသားဆန်သော အရိပ်အယောင် မရှိ၊ မျက်လုံးများက နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေကာ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေပြီး ဝူရှဲ့ဆံပင်တွေကို အဆုံးအထိ ထောင်တက်သွားစေသည့် အရာမှာ သူ မမြင်ဖူးသော မျက်နှာတစ်ခု ဖြစ်နေသည်။
ဒီလူက ဘယ်သူလဲ။ ဝူရှဲ့တစ်ယောက် ချွေးအေးတွေကြောင့် ချက်ချင်း ကျောတစ်ပြင်လုံး စိုစွတ်သွားသည်။ ဖက်တီးက ဝူရှဲ့မျက်နှာကို ကြည့်ရင်း တစ်ခုခုမှားနေတာကို တွေ့တော့ သူလည်း အေးခဲသွားပြီး သေနတ်ကို ချက်ချင်း ဆွဲကိုင်လိုက်သည်။ ဝူရှဲ့မျက်နှာပေါ် မီးတွေ တဖျပ်ဖျပ် ခတ်သွားစဥ် အမှောင်ထဲက အရာက မရှိတော့ပေ။
အတန်ကြာအောင် မိုးရွာချထားသလို ချွေးတွေစို့နေတဲ့ ဖက်တီးနဲ့ ဝူရှဲ့ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ဆွံ့အနေကြလေသည်။ ဝူရှဲ့ မေးလိုက်၏။
“အခုနတုန်းက မင်းလည်း တွေ့လိုက်တယ်မလား?”
သူက ခေါင်းညိတ်ပြလာသည်။ သူ ထိတ်လန့်နေသလို သူ့မျက်နှာကလည်း အစိမ်းရောင်ကြီး ပြောင်းလာတာကို ဝူရှဲ့ သတိထားမိလိုက်သည်။ ဒီဥက္ကာခဲထဲမှာ သူစိမ်းတစ်ယောက် ရှိနေတယ် ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှီးဝမ်းမယ်တော်ရဲ့ မျိုးဆက်တွေက အဲဒီထဲမှာ အသက်ရှင်နေသေးတာလား။
ဒါနဲ့ ဒေါသအရမ်းကြီးလွန်းတဲ့ ဝမ်းကျင် အကြောင်းကို ပြန်တွေးမိပြီး ဝမ်းကျင်တစ်ယောက် အလောင်းကောင်အဖြစ် ပြောင်းသွားတာ ဖြစ်ပါ့မလားလို့ တွေးမိပြန်၏။ ဖက်တီးကို ကြည့်လိုက်ပြီး ဝမ်းကျင်နဲ့ ဆင်တူလားလို့ မေးချင်ပေမယ့် ဖက်တီးရဲ့ မျက်နှာက ပြာနေသေးပြီး အပေါက်ထဲကို စိုက်ကြည့်နေပြီး စိတ်မသက်သာသေးတာကို တွေ့လိုက်ရသည်။
ဖက်တီးက ငတုံးတော့ မဟုတ်ချေ။ ဝူရှဲ့လည်း ဘာမှားနေလဲလို့ မေးကြည့်လိုက်သည်။ ထိုအခါ ဖက်တီးက သူ့ဘက်ကို ပြန်လှည့်လာပြီး ဆိုလေသည်။
"မင်းသူ့ကို မမှတ်မိဘူးလား?"
ဝူရှဲ့ :"ဒီလူကို မင်း သိလို့လား"
ဖက်တီးက သူတို့နောက်ကို လှည့်ကြည့်လိုက်ရာ ဝူရှဲ့လည်း ဦးလှည့်ကြည့်တော့ ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီး အလောင်းကို တွေ့လိုက်ရလေသည်။ ဖက်တီးသည် အမျိုးသမီး အလောင်း၏ မျက်နှာပေါ်တွင် မီးခွက်ကို ထွန်းတောက်ပြီး အရိပ် သက်ရောက်မှုကြောင့် အမျိုးသမီး အလောင်း၏ မျက်နှာက ရုတ်တရက် ပြင်းထန်လာသည့် အတိုင်း ခံစားလာရသည်။
ဒါကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် ဝူရှဲ့လည်း ချက်ချင်း သဘောပေါက်သွားသလို ရင်ထဲမှာလည်း အေးစက်သွားသလို ခံစားလိုက်ရသည်။ အခုမြင်လိုက်ရတဲ့ မျက်နှာဟာ ဒီအမျိုးသမီး အလောင်းရဲ့ အပြင်ဘက်မှာ ထွင်းထုထားတဲ့ပုံနဲ့ ခပ်ဆင်ဆင် တူပါ၏။ ဒါဆို သူတို့မြင်လိုက်ရတဲ့ မျက်နှာပိုင်ရှင်က ရှီးဝမ်းမယ်တော်ပဲလား။
ဒီအလောင်းက တကယ်အလောင်း အစစ်လား။ ရှီးဝမ်းမယ်တော် အစစ်အမှန်က ဒီကျောက်တုံးကြီးရဲ့ အလယ်မှာ အသက်ရှင်နေသေးတာလား။ မဖြစ်နိုင်ဘူး။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နှစ်ပေါင်းထောင်ချီပြီး အသက်ရှင်နေသေးသူတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ အသက်ကြီးလို့ မသေခဲ့ရင်တောင် ဒီမှာ ငတ်သေမှာပဲလေ။
ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာလား။ ရုတ်တရက် အာရုံတွေထဲ သံသယဝင်လာမိပြီး စိတ်ကလည်း ပင်ပန်းနွမ်းနယ်နေသည်လေ။ အထဲကလူဟာ ဝမ်းကျင် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီဥက္ကာခဲကြောင့် သို့မဟုတ် အလင်းရောင်ဘပြဿနာကြောင့် ဒီအမျိုးသမီး အလောင်းကို မြင်ယောင်လာမိတာလည်း ဖြစ်နိုင်သည်။
ဖက်တီးက ခေတ္တရပ်လိုက်ပြီး "ဒါဆို သူဘာလို့ ထွက်မလာတာလဲ"
ဝူရှဲ့ စကားမပြောတော့လို့ ဖက်တီးကပဲ ဆက်ပြောလာသည်။
"လူနှစ်ယောက် တစ်ချိန်တည်းမှာ မှားမြင်တယ် ဆိုတာက ရှားတယ်"
အခု သူတို့နှစ်ယောက် ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ချေ။
"ဝူလေး.... ဒီနေရာက ပိုဆိုးလာပြီ မင်း ဘယ်တော့ ထွက်သွားဖို့ စဥ်းစားထားလဲ "
"ဘာဖြစ်လို့လဲ... ဝမ်းကျင်က မထွက်သေးဘူးလေ...မင်းအရမ်းကြောက်နေပုံပဲ"
"ဒါက တစ်ခုပဲ အရေးကြီးဆုံးက စားစရာ မရှိတော့ဘူး... အစက ဒီနေ့ပဲ မင်းကို ပြောချင်တာ... မနက်ဖြန် မင်းမထွက်သွားရင် မင်းသတိလစ်သွားအောင် လုပ်ရရင်တောင် ငါမင်းကို ခေါ်သွားရတော့မှာပဲ....ငါတို့မှာ စားဖို့ အများကြီး မကျန်တော့ဘူး!"
ဝူရှဲ့: "ငါတို့ နောက်ထပ် ရက်နည်းနည်းလောက် ဆက်မထိန်းနိုင်လောက် တော့ဘူးလား"
ချွေတာရင် နှစ်ရက်လောက် စားနိုင်မယ်လို့ တွက်ထားပြီးသား။ သို့သော်လည်း ချောချောမွေ့မွေ့နဲ့ ထွက်လမ်းရှာဖို့ မလုံလောက်သေးပေ။ အခု သူတို့မှာ ညီလေးတစ်ယောက် တိုးလာပြီမလို့ စားစရာက မလောက်တော့ချေ။ မြေပြင်ကို ဘေးကင်းအောင် သွားနိုင်ရင်တောင် မိုးသစ်တောထဲမှာ ရေတွေက ကျလာလောက်ပြီ ဖြစ်တာကြောင့် ငတ်နေရဦးမည်။ နောက်နေ့တွေဆို ဆက်သွားဖို့က ခွန်အား မရှိတော့ပြီမို့ ငါတို့ ဒီမှာပဲ သေရလိမ့်မည်။
ဝူရှဲ့ အပေါက်ကို ကြည့်လိုက်ရင်း ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး ငါတို့ သူမကို တစ်ယောက်တည်း ထားခဲ့လို့ မရဘူး"
ဖက်တီးက ဝူရှဲ့ပုခုံးကို ရိုက်ကာ။
"မင်းက စိတ်ပျော့တဲ့လူမှန်း ငါသိပါတယ်... ငါစဉ်းစားပြီးပြီ စားနိုင်သမျှ စားပြီးရင် ငါတို့ အစာငတ်ပြီး အပြင်ထွက်ရမယ် စခန်းကို ပြန်နိုင်ရင်တော့ အကောင်းဆုံးပဲ... ရိုးရိုးသားသား ပြောရရင် ငါ အနားယူတဲ့ နေရာတိုင်းမှာ ဘီစကွတ်တစ်ထုပ်ကို မြုပ်ထားခဲ့တယ်... လမ်းမှန်အတိုင်း လျှောက်နေသရွေ့တော့ အပြင်ထွက်နိုင်မှာ သေချာတယ်... သူထွက်လာရင် ငါတို့ ငတ်သေသွားတာကို တွေ့ရင် အရမ်းစိတ်မကောင်း ဖြစ်မှာပဲ... ပြီးတော့ ဒီဥက္ကာခဲမှာ ဆိုးဝါးတဲ့ နည်းလမ်းတွေ အများကြီးရှိမယ် ထင်တယ်... ငါ့အထင်တော့...."
ဖက်တီး ဘာပြောချင်မှန်း ဝူရှဲ့လည်း သိပါသည်။ ဒါကြောင့် သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ဖက်တီးက ဒါကို ဖြေးဖြေးချင်း ဖြည်းညှင်းစွာ ပြောပေမယ့် သူ့စကားက ပြတ်သားပြီး ချေပစရာ ဘာမှ မရှိတာကို တွေ့လိုက်ရတာကြောင့် ဝူရှဲ့ နှုတ်ဆိတ်နေခဲ့ရသည်။
"ဒါ့အပြင် မင်းသေချင်နေရင်တောင် အစ်ကိုလေးက သေချင်မှာ မဟုတ်ဘူး... မင်း အနည်းဆုံး တစ်ယောက်ယောက်ကို ကယ်တင်ရမယ်လေ"
ဝူရှဲ့ မျက်နှာသေကို ချက်ချင်း ပြန်လှည့်ကြည့်လိုက်မိသည်။ မှန်ပေ၏။ နောက်ဆုံးမှာ သူ မျက်နှာသေကို ဒီအတိုင်းပစ်ထားပြီး သတ်ပစ်ဖို့ မလိုဘူးလေ။ ဖက်တီးရဲ့ နည်းလမ်းက အဓိပ္ပာယ်ရှိပါသည်။ ဝူရှဲ့ နှလုံးသားကလည်း ဒါဟာ သူတို့အားလုံး ရှင်သန်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်နိုင်တယ်လို့ ပြောနေ၏။ အပေါက်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ အခု ဘယ်လိုပြန်သွားရမှာလဲ"
"ငါတို့လာတဲ့လမ်းကိုပဲ ပြန်သွားရအောင် မြစ်တံတိုင်းနောက်ကို လိုက်ကြရအောင်... နောက်ထပ် ရေထွက်ပေါက်ကို ငါတို့ တွေ့နိုင်လောက်တယ် ဒီလိုဆို ရေသိုလှောင်မှု စီမံကိန်းကို ပြန်သွားလို့ရပြီ ပြီးရင်တော့ ထွက်ပေါက်ကို သေချာပေါက် ရှာရလိမ့်မယ်"
"တကယ်လို့ မရှိရင်ရော?"
"အခုတော့ အဲ့လောက်ထိ မတွေးနိုင်တော့ဘူး"
ဖက်တီးမှာ ဝူရှဲ့က ထွက်ခွာဖို့ သဘောတူတာကို တွေ့တော့ သူချက်ချင်း ရှင်းပြလာသည်။
"ကံကြမ္မာပေါ်မှာပဲ ပုံအပ်ရတော့မှာပေါ့... မထွက်သွားနိုင်ရင်တောင် အကန်းက အဲဒီမှာပဲဘရှိရမယ်... မဟုတ်လည်း အပြင်ရောက်တာ ကြာလောက်ပြီ"
ဖက်တီးဟာ တစ်နာရီအတွင်းမှာပဲ မြန်မြန်ဆန်ဆန် ရွေ့လျားနေပြီး ပစ္စည်းတွေ ထုပ်ပိုးလိုက်သည်။ သူက အစာခြောက်တွေ ချန်ထားခဲ့ကာ မှတ်စုတစ်ခု ရေးပြီး လာရာလမ်းအတိုင်း ပြန်စဖို့ စီစဥ်လေ၏။ ဝူရှဲ့ခမျာ လက်မလွှတ်နိုင်သေးတာကြောင့် တွင်းပေါက်ထဲကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီးမှ လှည့်ထွက်သွားခဲ့သည်။
မျက်နှာသေက ကြောင်သွားပြီမလို့ သူ့ကိုကျောပိုးရင်း အိုးခြမ်းကွဲတွေ ပြည့်နေတဲ့ နေရာကို အမြန်ပြန်လာခဲ့သည်။ ဒီအချိန်မှာ ဟေးရန်ကျင်းနဲ့ တခြားသူတွေရော ဘယ်ကို ဦးတည်သွားနေလဲ ဆိုတာ တွေးနေမိသည်။ ရုတ်တရက် ဖက်တီးက ရပ်ပြီး မီးခွက်ကို ရေထဲ ထွန်းလိုက်တော့ မြေအိုးတွေ ပြည့်လာတဲ့ တွင်းနက်တစ်ခုကို တွေ့လိုက်ရတယ်။
အရင်က တွေ့ခဲ့ရတဲ့ တွင်းနက်နဲ့ အတူတူပါပဲ။ ဒါပေမဲ့ ဒီတွင်းအနားကို ရောက်တဲ့အခါ သူတို့ကို သေချာသွားစေတာက သူတို့ လာတုန်းက ဒီတွင်း မရှိခဲ့ပေ။ ကြည့်ရတာ တစ်စုံတစ်ခုကြောင့် ပွင့်ထွက်လာခဲ့ပုံ ရ၏။ တစ်ခုခု မှားနေတယ်လို့ ခံစားမိတာကြောင့် ဖက်တီးကို မြန်မြန်ထွက်သွားဖို့ တိုက်တွန်းချင်ခဲ့ပေမယ့် သူ ဒီအချိန်မှာကျ ထွက်သွားဖို့ ငြင်းဆန်နေသည်။
ဝူရှဲ့: "ဘာလို့လဲ?"
ဖက်တီး: "အခုနတုန်းက တွင်းနံရံမှာ တစ်ခုခု လင်းနေသလို ဖြစ်သွားတာ မင်း မတွေ့လိုက်ဘူးလား"