ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (17)
အရင်က ရင်းနှီးဖူးသလို
ဖက်တီးသည် ဝူရှဲ့၏ ပြောဆိုချက်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု ထင်ခဲ့သော်လည်း သေချာ နားထောင်ကြည့်တော့လည်း ကျိုးကြောင်း ဆီလျော်သလို တစ်ခုတည်းသော ဖြစ်နိုင်ချေ ဖြစ်ကြောင်းလည်း ဝန်ခံခဲ့သည်။ ဖက်တီးသည် မူလက သိုးခြေထောက်တောင်သို့ တစ်ရက်ခရီးသွားရန် တက်ကြွသော အဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့် သွားမယ့်အကြောင်း ပြောတဲ့အခါ သူက သဘာဝအတိုင်း သဘောတူခဲ့သည်။
နောက်တစ်ခုကတော့ သီးခြားကိစ္စရပ် တချို့ကို ဆွေးနွေးကြသည်။ ဒီတစ်ခေါက်က ခရီးသွားတဲ့ ခရီးစဉ်ဆိုတော့ ဂူဖောက်ဖို့ ပစ္စည်းတွေ မယူလာခဲ့ချေ။ ဒါကြောင့် ခေါင်းတလားဖွင့်ပြီး သင်္ချိုင်းတူးရမယ် ဆိုရင်တော့ လုပ်ငန်းစဉ်က နည်းနည်းတော့ ရှုပ်ထွေးသွားလိမ့်မည်။
ဤနေရာသည် ဝေးလံခေါင်သီလို့ အဆင်သင့် လုပ်ထားသော ကိရိယာများကို ဝယ်ယူရန် မဖြစ်နိုင်ကြောင်း ဖက်တီးက ပြောသည်။ အချို့အရာများသည် အစားထိုး အသုံးပြုရန် အလွန်အဆင်ပြေမည် မဟုတ်သော်လည်း ဒီတစ်ခါတော့ ရေကန်နားမှာ ဖြစ်တာကြောင့် အရည်အသွေး လိုအပ်ချက်တွေက အရမ်းကြီးနေစရာ မလိုပါဘူး။
တောရိုင်းတိရစ္ဆာန်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုကို မြင်ပြီးနောက် ဝူရှဲ့သည် လောင်စာခဲတွေနဲ့ မီးခိုးမထွက်တဲ့ မီးဖိုတွေ ဆောင်ထားဖို့ မလိုဘဲ လက်နက်တချို့သာ ဆောင်ထားရန် လိုပေသည်။
ဝူရှဲ့သည် သူနှင့် ဆွေးနွေးရန် အားကွေ့ကို ခေါ်ကာ လက်နက်တချို့ တောင်းကြည့်လိုက်ရာ သေနတ် ၃ လက် ရှိလေသည်။ သေနတ်သုံးလက်သည် အရွယ်အစား အမျိုးမျိုးရှိ၍ အကြီးဆုံး သေနတ်တစ်လက်ကို အားကွေ့မှ ထုတ်ယူခဲ့ခြင်းဖြစ်ပြီး သေနတ်စည်၏ အရည်အသွေးမှာ မဆိုးသော်လည်း ယမ်းမှုန့်က ဘယ်မှာမှ ရှာမတွေ့ဘူး။ အခြားသေနတ်များက ကျည်ဆန် ၂ လုံးကို ပစ်ခတ်ရန် အတွက်သာ အသုံးပြု ကြပြီး ၎င်းတို့ကို စစ်ပွဲနှစ်များမှ အကြွင်းအကျန်များ ဖြစ်ကြောင်း တွေ့နိုင်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က သေနတ်များကို ပိတ်ပင်ထားသော်လည်း ဤနေရာရှိ လူများသည် အသက်မွေးဝမ်း ကျောင်းအတွက် အမဲလိုက်ခြင်းကို အားကိုးနေကြသည်မှာ မှန်ပါသည်။ ဒါကြောင့် အထက်လူကြီးတွေကလည်း မျက်ကွယ်ပြုထားကြသည်။ အခု ကျည်ရဖို့က ခက်နေပြီ။ ကျည်ဆံလိုချင်ပါက ခရိုင်သို့ သွား၍ ဝယ်ယူရကြောင်း အားကွေ့က ပြောပြသည်။
အားကွေ့မှာ သူ့ရဲ့ကိုယ်ပိုင် အမဲလိုက်ခြင်းသည် အချိန်ပိုင်း လုပ်ဆောင်မှု တစ်ခုဖြစ်နေပြီ ဖြစ်သောကြောင့် သူ့တွင် ခဲယမ်းများစွာ မရှိပေ။ ဖက်တီးက သေနတ်နှစ်လက်ကို စစ်ဆေးပြီး ပြောသည်။
"အားကွေ့ရဲ့ ဒီတစ်လတ်ကတော့ လုံးဝ အဆင်ပြေပါတယ် နောက်တစ်ခုက မသုံးတာကြာပြီ ထင်တယ်... ဒါပေမယ့် သေနတ်ကို ကောင်းကောင်း ထိန်းသိမ်းထားသေးတယ် ရပါတယ် အလုပ်ဖြစ်သေးလား သိရအောင် သေနတ်ကို ပစ်ကြည့်ကြတာပေါ့"
အားကွေ့သည် အနားက အိမ်နီးချင်းတွေဆီမှ ကျည်ငါးဆယ်အား ကျည်တစ်တောင့်ကို ယွမ်ငါးဆယ်နဲ့ ပေးဝယ်လာသည်။ ၎င်းက စျေးကြီးတဲ့ ကျည်ဆံတွေကို အလုပ်ရုံသေးသေးလေးမှာ လက်လုပ် လုပ်ထားတဲ့ ကြေးဝါကျည်တွေမှန်း ကြည့်ရုံနဲ့ ပြောပြလို့ရသည်။ သို့သော် ဖက်တီးက ဝူရှဲ့အား နားချရှာသည်။
"အသေးအမွှားလေးတွေကြောင့် စိတ်ရှုပ်မခံနဲ့ ယွမ်ငါးဆယ်က မင်းအသက်ကို ကယ်နိုင်ရင် အဲဒါက သေချာပေါက် တန်ဖိုးရှိတယ်"
အားကွေ့၏ မိသားစုတွင် တောင်တက်ရန် သုံးသည့် ဓားတစ်လက်ရှိပြီး တခြားအရာများ အတွက်မူ အစားထိုးနိုင်တဲ့ ပစ္စည်းတွေရှိမရှိ ရှာကြည့်ဖို့ ဝူရှဲ့မှ စာရွက်တစ်ရွက် ရေးပေးလိုက်သည်။ တောင်တက်ရန် ကြိုးမရှိလျှင် သူ့ကို ခရိုင်သို့ သွားခိုင်းရမည်။ ရေတွင်းမှ လျှော်ကြိုးကို အသုံးပြု၍ ကြိုးကြီးတစ်ချောင်း မရှိပါက သင့်တွင် အစွမ်းထက်သော ဓာတ်မီးတစ်လက် ရှိရမည်။ ဓားမြှောင်မရှိပါက တံစဉ်ကို အသုံးပြုရမည်။
အားကွေ့က အခု မိုးအရမ်းရွာနေတာကြောင့် ခြင်တွေက ရေကန်တွေနားက တောင်တွေမှာ ပေါများသလို အဆိပ်ရှိတဲ့ ပုရွက်ဆိတ်တွေကလည်း များလေသည်။ ဒါကြောင့် သူတို့အနေနဲ့ ခြင်ဆေးခွေနဲ့ ခြင်ထောင်တွေ ယူလာရမယ်လို့ ဆို၏။ မီးပုံထဲကို ခြင်ဆေးခွေကို ပစ်ချထားမှရမည်။ မဟုတ်ရင် ဝူရှဲ့တို့ မြို့သားတွေက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ ဆိုလေသည်။ ဝူရှဲ့ကတော့ စိတ်ထဲကနေသာ မျက်နှာသေ ရှိနေရင် စိတ်ပူစရာ မလိုဘူးလို့ ပြောလိုက်သည်။
အစီအစဥ်များ ပြုလုပ်ထားပြီးနောက် ထိုအရာများကို ပြင်ဆင်ရန် တစ်ရက် သို့မဟုတ် နှစ်ရက် ကြာမည်ဟု အားကွေ့ကပြောသည်။ ထို့အပြင် မုဆိုးတစ်ယောက်မျှ ပြန်မလာသောကြောင့် သူအဆင်သင့် ဖြစ်သောအခါမှ ထွက်ခွာရမည်။
ထိုအချိန်အတွင်းတွင် သံတုံးတွင် ပတ်ထားသည့် အရာများကို ကြည့်ရှုရန် ဖက်တီးက သူ ယူလာသော ဆာလ်ဖျူရစ် အက်ဆစ်ကို အသုံးပြုရင်း နည်းလမ်းရှာနိုင်ကြောင်း ပြော၏။
ဖန်းမာ ပြောတာတွေကို တွေးကြည့်မိရာ သံတုံးမှ ထွက်လာသော အနံ့တစ်ခု ခံစားရသည်။ အချိန်ကြာလာသည်နှင့်အမျှ အနံ့သည် အထဲမှာ မငြိမ်မသက် ဖြစ်စေသော အရာတစ်ခု ရှိနေကြောင်း ညွှန်ပြနေပါသည်။ အန္တရာယ်မရှိပါ။ အဲဒီကိုရောက်တာနဲ့ သဲလွန်စတွေရှာပြီး ဒီစွန့်စားရမယ် ဆိုရင် အခု စမ်းကြည့်ထားတာ ပိုစိတ်ချရမယ် ထင်ပါရဲ့။
ဖက်တီးရဲ့ စူးစမ်းချင်စိတ်က ပြင်းထန်လွန်းလို့ သူ သည်းမခံနိုင်ပေမယ့် ဝူရှဲ့ပြောခဲ့တာက လုံးဝကို ကျိုးကြောင်းဆီလျော်သည်။ မျက်နှာသေကလည်း ဝူရှဲ့ပြောတာကို သဘောတူ၏။ နောက်ဆုံးတော့ ဖက်တီးလည်း တခြားသူတွေကို ထိခိုက်မှာ စိုးတာကြောင့် စူးစမ်းချင်စိတ်ကို စွန့်လွှတ်လိုက်ရသည်။
နောက်အခိုက်အတန့်မှာတော့ ဖက်တီးဟာ ပထမအနေနဲ့ ရှေးဟောင်းသင်္ချိုင်း ရှိကြောင်း ပြောတာကို ယုံပြီး ဒုတိယအနေနဲ့ လိုက်မရှာရတာ ကြာပြီဖြစ်တဲ့အတွက် လက်တွေက ယားယံလာပါသည်။ ဝူရှဲ့လည်း အိပ်မပျော်ဘဲ စိတ်က ရေကန်မှာ အကြောင်းအရာတွေကိုသာ တွေးနေ၏။ မျက်နှာသေက စကားမပြောဘဲ သူ့ဘေးမှာထိုင်လျက် အားကွေ့အိမ်ဘေးက အဆောက်အဦးကို လှမ်းကြည့်ရင်း ပြတင်းပေါက်ဘက်ကို ငုံ့ကြည့်နေသည်။
မနေ့ညက အဲဒီအဆောက်အဦးမှာ အရိပ်တစ်ခု တွေ့ခဲ့ရသည်။ ဒါပေမယ့် အခုပြတင်းပေါက်က မှောင်နေပြီး အားကွေ့ရဲ့သားကလည်း လူတွေနဲ့ တွေ့လိုစိတ်မရှိသလို အခန်းထဲမှာ နေရလို အထီးကျန်နေပုံလည်း မပေါ်ပေ။ သူက ရောဂါတစ်ခုခု ရှိနေလို့ အိမ်ထဲမှာပဲ နေခဲ့တာဖြစ်မည်။ ကျေးလက်ဒေသတွေမှာ ဒီလိုအဖြစ်မျိုးတွေက ဖြစ်တတ်တယ် မဟုတ်ပါလား။
ဝူရှဲ့ခမျာ တစ်ညလုံး အိပ်မပျော်ပေ။ သို့သော် တောင်ပေါ်မှာ ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတွေ လုပ်ပြီးတဲ့နောက် မကြာခင်မှာ ဖက်တီးပြောနေတာကို မကြားနိုင်လောက်အောင် မူးဝေလာပြီး ဖက်တီးကို မှီရင်းမှ အိပ်ပျော်သွားခဲ့လေသည်။ အိမ်ထဲမှာထက် အပြင်မှာ ပိုအေး၏။ မျက်နှာသေရဲ့ အနားတဝိုက်မှာတော့ ထုံးစံအတိုင်း ပိုးမွှားတစ်ကောင်မှ မတွေ့ရပေ။ ဝူရှဲ့နဲ့ ဖက်တီးကတော့ သူ့ဘေးနား ကပ်အိပ်လိုက်ရုံပါပဲ။ အိပ်ရာက နိုးလာတော့ နောက်တစ်နေ့ မွန်းတည့်တောင် ရောက်နေပြီ။
တစ်ရက်လုံး ပြင်ဆင်ကြပြီးနောက် တတိယမြောက်နေ့မှာ အားကွေ့က သူတို့ကို ခေါ်သွားပေးမယ်လို့ ဆိုလေသည်။ ဝူရှဲ့ကို စိတ်ပျက်စေတဲ့ အရာကတော့ ဒဏ္ဍာရီလာ လမ်းညွန်ကို မတွေ့လိုက်ရဘဲ အားကွေ့နဲ့ ယွင်ချိုင်ကိုယ်တိုင်က လမ်းညွှန်ဖြစ်သွားလို့ပါပဲ။
ဝူရှဲ့ အားကွေ့ကို သေသေချာချာ မေးကြည့်လိုက်သည်။ အကြောင်းမှာ သူက အဲဒီကို တစ်ခါမှ မရောက်ဖူးဘူးလို့ ပြောထားတာ မဟုတ်ပါလား။ မိမိတို့ကို ဘယ်လိုများ ခေါ်သွားပေးမှာလဲ။
အားကွေ့ ပြောပုံအရဆို အဲဒီမုဆိုးတွေ တောင်တွေထဲကို ဝင်သွားပြီးကတည်းက အတားအဆီးတွေ ကြုံလာရလား မသိပေမယ့် အဖွဲ့တော်တော်များများက ပြန်မလာနိုင်သလို လမ်းသိတဲ့ တခြားသူကလည်း သူနဲ့ သူ့သမီး ယွင်ချိုင်ပဲ ရှိသည်။ ယွင်ချိုင်ဟာ အရင်က သူ့အဖိုးနဲ့ အကြိမ်ပေါင်းများစွာ သွားလာဖူးသည်။ သူမက သူတို့ကို ခေါ်သွားနိုင်တဲ့အပြင် လမ်းကိုလည်း သိသည်။ မဟုတ်ရင် လမ်းပြတွေနဲ့ဆို တစ်ယောက်နဲ့တစ်ယောက် ဘာသာစကား နားမလည်ရင် ပြဿနာတက်နိုင်၏။
အားကွေ့က တခြားသူတွေကို ပိုက်ဆံပေးရှာဖို့ ဝန်လေးနေပုံရသည်။ ဖက်တီးက ငြင်းသည်။ သူတို့က တစ်ခုခုလုပ်တော့မှာ။ ဒီကလေးမလေးကို ခေါ်လာရင် သူတို့ လုပ်ရပ်တွေကြောင့် တစ်နည်းနည်းနဲ့ စိတ်ထိခိုက်သွားရင် သူ့ခမျာ အဖေတစ်ယောက်လို သနားနေရလိမ့်မည်။
အားကွေ့ကတော့ အသက်ငါးနှစ် ခြောက်နှစ်လောက်မှာ ကောင်မလေးတွေ အကုန်လုံးကလည်း သေနတ်တွေ ယူလာပြီး တောင်ပေါ်တက်ရတာကြောင့် သူတို့ထက် ပိုအသုံးဝင်တယ်လို့ ဆို၏။ တောင်တွေကို သူသိတာထက် ပိုသိတာမို့ စိုးရိမ်စရာ မလိုပါဘူးလို့လည်း ဆိုသည်။
ဒါကိုပြောပြီးနောက် ယွင်ချိုင်က ဖက်တီးနဲ့ ဝူရှဲ့ဘက်ကို လျှောက်လာ၏။ ယွင်ချိုင်သည် လုံးဝ ခြားနားသော လူအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ယောင်လူမျိုးတို့၏ အမဲလိုက် အဝတ်အစားကို ဝတ်ဆင်ထားပြီး ခါးတွင် အမဲလိုက် ဓားတစ်လက်နှင့် သေနတ်တိုလေး တစ်လက်ကို ထည့်ထားသည်။
ယောင်လူမျိုးတို့သည် ရုပ်ရည်ကောင်းမွန်လို့ သူမ ဤအဝတ်အစားများကို ၀တ်ဆင်သောအခါတွင် သူမ၏ ခြေသလုံးနှင့် ခန္ဓာကိုယ်ပေါ်ရှိ လိုင်းများသည် ဆန့်ထွက်ကာ သူမကို တကယ်ကို တင်းတင်းရင်းရင်း ဖြစ်သွားစေသည်။ သူရဲကောင်းဆန်သော အသွင်အပြင်၊ ရယ်မောသော အမူအရာနှင့် အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ် အရွယ်၏ အရိပ်အယောင်တို့က မခံမရပ်နိုင်သော ဖက်တီးကို ချက်ချင်း အနိုင်ယူသွားခဲ့သည်။
သူမသည် ဝူရှဲ့တို့ဆီသို့ လျှောက်လာကာ စိန်ခေါ်နေသလိုမျိုး စိုက်ကြည့်လိုက်သည်။
"သူဌေး ရှင်က လူကို နှိမ်နေတာလား"
"မဟုတ်ပါဘူး မဟုတ်ပါဘူး လုံးဝ မဟုတ်ပါဘူး" ဖက်တီးက ချက်ချင်း ပြောသည်။
"ညီမလေး... ငါ့ကို အထင်မလွဲပါနဲ့... ကိုကိုဖက်တီးက မင်း ပင်ပန်းမှာ ကြောက်လို့ပါ တကယ်တော့ ငါ့ရဲ့နှလုံးသားထဲမှာ မင်းက သေချာပေါက်ပဲ အကောင်းဆုံး လမ်းပြပဲ!"
ဝူရှဲ့ ချက်ချင်း မျက်မှောင်ကြုတ်ကာ ဖက်တီးကို တစ်ချက် ကန်ထုတ်ရင်း ကျိန်ဆဲလိုက်သည်။
"မင်းဘာလို့ စိတ်တွေက ဒီလောက် မြန်မြန်ပြောင်းနေရတာလဲ အသက်ကြီးနေပြီကို မြက်စားချင်သေးတာလား"
"ငါ့အသက်အရွယ်က ဘာဖြစ်နေလို့လဲ ဖက်တီး ငါက အဲဒါကို လူ့ဘ၀ရဲ့အဓီကလို့ ခေါ်တယ်... ငါက သန်မာတဲ့ နွား... နွားအိုမဟုတ်ဘူး...မင်း ဖန့်ကျစ်ကိုတော့ မိန်းမ ရှာခိုင်းပြီးတော့ မင်းငါ့ကိုကျ ဘာလို့သည်းမခံနိုင်တာလဲ"
သူတကယ် စိတ်လှုပ်ရှားနေလား ဒါမှမဟုတ် တို့ဟူးစားချင်လား မသိပေ။ မြောင် သို့မဟုတ် ယောင် လူမျိုးမိသားစုနဲ့ မိန်းမတစ်ယောက်က တစ်စုံတစ်ယောက် တကယ် စိတ်လှုပ်ရှားပြီး မင်းကို တွယ်တာနေတယ် ဆိုရင်တော့ သတိထားပါ။ လူတွေက တစ်သက်လုံး လယ်လုပ်ကြပေမယ့် သူတို့စိတ်ပြောင်းပြီး ထွက်ပြေးရင် အင်းဆက်တွေ အားလုံးက သူတို့နှလုံးသားကို ဖောက်ကြလိမ့်မယ်လို့ ကြားဖူးသည်။
ဖက်တီးကလည်း ဒါကို ကောင်းကောင်း သိပေမယ့် အလေးအနက် မထားပေ။ ယောင်ရွာမှာရှိတဲ့ အလှတရားတွေ အားလုံးက သူ့ကို ဒီမှာပဲ ဆက်နေခိုင်းမယ် ဆိုရင် ရွာသူကြီးတောင် ဖြစ်နိုင်တယ်လို့ ဆိုနေ၏။
ဝူရှဲ့မှာလည်း ရယ်ရင်းနဲ့ ဒီအခြေအနေကို လက်ခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ ယွင်ချိုင်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ကြည့်ရင် အားကွေ့ပြောတာ မှန်တယ်လို့ ခံစားမိလာသည်။ ဒီတစ်ခါတော့ အန္တရာယ် သိပ်ရှိမှာ မဟုတ်ပါဘူး။
ဝူရှဲ့ကို စိတ်အနှောက်အယှက် ဖြစ်စေတဲ့ တစ်ခုတည်းသော အချက်က သူတို့ ပစ္စည်းတွေ ထုပ်ပိုးနေချိန်မှာ ဖက်တီးက ယွင်ချိုင်ကို အမြဲနောက်နေပြီး သူမ ရယ်အောင် လုပ်ခဲ့ပေမယ့် ယွင်ချိုင်ကတော့ မျက်နှာသေကို ရံဖန်ရံခါ တိတ်တဆိတ် ကြည့်နေတတ်သည်။ သတိထား၍ သေသေချာချာ ကြည့်ကာ တစ်ချက် ကြည့်လိုက်ပြီးနောက် အမြဲတမ်း နောက်ပြန် လှည့်ကြည့်တတ်ပေမယ့် ဝူရှဲ့ကတော့ ထိုကြည်လင်တဲ့ မျက်လုံးထဲမှာ တစ်ခုခုကို မြင်နေရ၏။
သူတို့ ဖန်းမာရှာတဲ့ လမ်းကြောင်းအတိုင်း လျှောက်လာခဲ့ကြသည်။ ဒီလမ်းကြောင်း အကြောင်း နည်းနည်း သိထားပြီးသားပါ။ ညဘက် ဖန်းမာကို ရှာတုန်းကထက် ခရီးက ပိုလွယ်လာသည်။ ဖက်တီးက ရိုးရိုးရှင်းရှင်းပင် ယွင်ချိုင်နဲ့ လှည့်ပတ်ကာ စကားပြောနေပြီး ယွင်ချိုင်ကလည်း ချစ်စရာကောင်းလှသည်။
ယွင်ချိုင်က သူတို့ကို ဘာလုပ်နေတာလဲလို့ ပေးသည်။ သူတို့ပုံစံတွေက ခရီးသွားတွေနဲ့ မတူသလို ခရီးသွားတွေကလည်း ဒီလိုလုပ်မှာ မဟုတ်ဘူးလို့ ဆိုလေ၏။ ဖက်တီးက မိမိတို့ဟာ လျှို့ဝှက်တာဝန်နဲ့ လာခဲ့တာ ဖြစ်လို့ သူ့ကို တိတ်တိတ်လေး နမ်းမယ်ဆိုလို့ သူ့ကို တိုးတိုးလေး ပြောပြမယ်လို့ ဆိုသည်။
ဝူရှဲ့မှာ ယွင်ချိုင် သူ့ကိုတကယ် နမ်းပစ်မှာ စိုးရိမ်သွား၏။ ဒါက ဖြုန်းတီးရာ ကျလွန်းတယ် မဟုတ်ပါလား။ ကံကောင်းထောက်မစွာနဲ့ ယွင်ချိုင်က စွမ်းရည်ရှိနေဆဲ ဖြစ်ပြီး လှည့်စားမခံရပေ။ သို့သော် တစ်ဖက်မှာတော့ မျက်နှာသေသည် သူတို့၏လေထုကြောင့် ကူးစက်ခံရခြင်း မရှိခဲ့ဘဲ သူ့အမူအရာမှာ မပြောင်းလဲသေးတဲ့အပြင် ယွင်ချိုင်ကြောင့် မည်းမှောင်နေဆဲ ဖြစ်သည်။
အဲဒီညက တောင်ခြေရင်းရှိ ရှေးဟောင်းသင်္ချိုင်းကိုတော့ ရောက်လာခဲ့၏။ ရေကန်ကို မရောက်ခင် နှစ်ရက်လောက်ကြာ အနားယူရင်း တောထဲကို ပိုနက်လာသည်။ တောင်ကြောပေါ်မှာ ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာနေတာကြောင့် ဒီရေကန်က ထင်ထားတာထက် ပိုကြီးလာသည်။ ဖန်းမာပြောသည့်အတိုင်း ရေကန်သည် ကြီးမားသော တောင်တန်းများဖြင့် ဝန်းရံထား၏။
အန္တရာယ်ရှိသော တောင်များနှင့် မြစ်များ၊ တောင်ပေါ်ရှိ အပင်များသည် အလွန်ထူထပ်စွာ ပြန့်ကျဲနေပြီး တောင်များပေါ်ရှိ ချောက်ကမ်းပါးများသည် စိမ်းပြာမှောင်မိုက်နေရာ အမှန်တကယ်ပင် ၎င်း၏ ဂုဏ်သတင်းနှင့် ထိုက်တန်ပါသည်။ ဒီနေရာက ရွာနဲ့ သိပ်တော့မဝေးလှပါ။ တောင်ကုန်းပေါ်က ကုန်းမြေကတော့ ထမုထိုထက်တောင် ပိုအန္တရာယ်ရှိနိုင်လို့ ခံစားလာရသည်။
အသီးအရွက်တွေနဲ့ မမြင်ရတဲ့ တောင်ပေါ်လမ်းကို ဖြတ်ကျော်ပြီး ရေကန်ကမ်းခြေကို ရောက်တဲ့ အခါမှာတော့ ဘယ်သူ့ရဲ့ ခြေရာလက်ရာတွေ့မှ မရှိတော့ပါဘူး။ အိုင်ထဲက ရေသည် အလွန်ကြည်လင်နေသည်။ ကောင်းကင်ယံတွင် တိမ်များက လှပစွာ ရောင်ပြန်ဟပ်နေကာ ရေကန်၏ အောက်ခြေတွင် မြေအောက် မြစ်တစ်စင်း ရှိကြောင်း ညွှန်ပြနေဟန် ရှိသည်။ ဤရေကန်သည် နွေရာသီ၏ နေ့ရက်များတွင် အလွန် လန်းဆန်းနေပေလိမ့်မည်။
ဝူရှဲ့ မျက်နှာကို ရေဆေးပြီးတာနဲ့ ပတ်ပတ်လည်ကို မော့ကြည့်လိုက်တော့ ရေကန်က ကောင်းကင်နဲ့ ပတ်ဝန်းကျင် တောင်တန်းတွေကို ရောင်ပြန်ဟပ်နေ၏။ ဒီနေရာဟာ အရင်က မြင်ဖူးသလို ရင်းနှီးနေပုံပေါက်တာကို ရုတ်တရက် ခံစားမိလိုက်သည်။ ဝူရှဲ့ ကြည့်လိုက်တော့ သူ့ဘေးနားက မျက်နှာသေရဲ့ သူ့မျက်နှာမှာလည်း ရှုပ်ထွေးနေတဲ့ အကြည့်တွေ ရှိနေလေသည်။