(21) ရေကန်အောက်က ရှေးဟောင်းရွာ
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (21)

ရေကန်အောက်က ရှေးဟောင်းရွာ



နက်ပြာရောင် ရေကန်အောက်ခြေက ဝူရှဲ့ကို စိတ်ကူးစိတ်သန်းတွေ အများကြီး ပေးခဲ့ပေမယ့် ရေကန်အောက်ခြေမှာ ဒီလိုအရာတွေကို ထပ်မြင်ရမယ်လို့ တစ်ခါမှ မတွေးခဲ့မိပါဘူး။


ဒီသစ်သား အဆောက်အဦးတွေဟာ နစ်မြုပ်နေတဲ့ သင်္ဘောတစ်စီးရဲ့ အစိတ်အပိုင်း​တွေလို အနည်အနှစ်တွေနဲ့ ဖုံးလွှမ်းနေပြီး ဒီအလင်းရောင်အောက်မှာ သူတို့ကို ဂရုတစိုက် မကြည့်ရှုနိုင်ပေမယ့် အရှေ့ကအရာဟာ ရေကန်အောက်ခြေမှာ နစ်မြုပ်နေတဲ့ ရှေးဟောင်း ယောင် ရွာတစ်ရွာဆိုတာ သေချာနေတုန်းပါပဲ။ 


လျှောစောက် အောက်ဘက်တွင် မှောင်မိုက်နေပြီး အောက်ဖက်၌ အနက်ရောင် အရိပ်များ ရှိနေသည်။ ၎င်းတို့အားလုံးသည် ဤအမြင့် သစ်သား အဆောက်အအုံများ ဖြစ်မည်ဟု ဝူရှဲ့ ထင်ပါသည်။


ဘယ်လိုဖြစ်တာလဲ။ ဒီရေကန်ရဲ့ အောက်ခြေမှာ ရှေးဟောင်းရွာတစ်ရွာက ဘာကြောင့် ရှိနေတာလဲ။ ဤနေရာတွင် လျှပ်တစ်ပြက် ရေကြီးမှုကြီး ဖြစ်ပွားပြီး တောင်ပြိုကျကာ ရွာ၏ မူလနေရာ နစ်မြုပ်သွားခြင်း ဖြစ်နိုင်လား။


ညိုမှိုင်းသော အပြာရောင် ရှေးဟောင်း အဆောက်အအုံကို ကြည့်လိုက်တော့ ဝူရှဲ့ရဲ့ စိတ်တစ်ခုလုံး ကမောက်ကမ ဖြစ်နေကာ ပတ်ဝန်းကျင်ကိုပင် မေ့သွားပြီး အရှေ့က အခြေအနေကို ငေးကြည့်နေမိသည်။


ချက်ကြိုးလို ကြိုးက ဆွဲလိုက်တဲ့အခါမှသာ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ် ခြောက်ခြားသွားသလို ရုတ်တရက် ကြောင်အသွား၏။ ကြိုးကတော့ သူ့ခါးကနေ ပြတ်သွားပါပြီ။ အသက်ရှူကျပ်တဲ့ ရေဖိအားက သူ့မျက်နှာဆီ ပြေးလာသလို ခံစားလိုက်ရတော့ သူ့ရှေ့က အခြေအနေကို ဂရုမစိုက်တော့ဘဲ အပေါ်ကို ခုန်တက်သွားခဲ့သည်။ 


ဝူရှဲ့ အလွန် လျင်မြန်စွာထကာ အမှောင်ထု၏ အပေါ်မှ အလင်းစက်ဝိုင်းကြီးကိုသာ အာရုံစိုက်ထားသည်။ သူ့ဦးနှောက်က အောက်ဆီဂျင် ပြတ်လပ်လာတာကို ခံစားလိုက်ရသည်။ အပေါ်ကို ကူးခတ်နေပေမယ့် ကောင်းကင်ဆီသို့ ရေကူးနေရသလိုမျိုး မှုန်ဝါးဝါးသာ ​မြင်လာရသည်။ 


ရေနစ်နေတဲ့လူ နောက်ဆုံး မြင်လိုက်ရတာက ဒီမြင်ကွင်း ဖြစ်ကောင်းဖြစ်မယ်လို့ ကိုယ့်ကိုကိုယ် တွေးမိပြီး ဒေါသတွေနဲ့ အသည်းအသန် ကူးခတ်လိုက်သည်။ မျက်နှာက ပြေလျော့သွားသလို ခံစားလိုက်ရစဥ် ပတ်ဝန်းကျင်က အလင်းတန်းတွေကလည်း ဖြူစင်သွားသည်။ တစ်ချိန်တည်းမှာပဲ ရေသံနဲ့ တခြား ခွဲခြားလို့မရတဲ့ အသံတွေကို ကြားလာရပြီး ပြောင်လက်နေတဲ့ ရေကန်မျက်နှာပြင်ကို မြင်လိုက်ရ၏။ 


ပထမဆုံး ထွက်သက်ကို ရှူဖို့ပင် ခွန်အားမရှိသလောက် ဖြစ်သွားသည်။ အဲဒီထွက်သက်က အစွမ်းကုန် ပေါက်ထွက်လုနီးပါး ဖြစ်နေပြီ။ နောက်ဆုံးတော့ အဆုတ်ကို လေ​တွေနဲ့ ပြည့်အောင် ရှူရှိုက်ရင်း မူးမေ့လဲလုနီးပါး ဖြစ်သွားသည်။ အသက်ရှူရတာ ဒီတစ်ကြိမ်လောက် သက်​တောင့်သက်သာ ရှိတယ်လို့ တစ်ခါမှ မခံစားဖူးခဲ့ပေ။ 


နောက်တော့ ဝူရှဲ့ လေကိုရှူရှိုက်ရင်း ကြောက်လန့်တကြားနဲ့ ပါးစပ်ကလည်း လေကို အငမ်းမရ မျိုချလိုက်သည်။ အဲဒီနောက် ပတ်ဝန်းကျင်က အရာအားလုံးဟာ တဖြည်းဖြည်း သက်တောင့်သက်သာ ဖြစ်သွားသည်။ 


ဝူရှဲ့ သတိဝင်လာလို့ လက်ကို မြှောက်လိုက်ပြီး နာရီကို ကြည့်လိုက်တော့ ရေငုပ်နေတဲ့အချိန်ကနေ တစ်မိနစ်ကျော်ကျော်လောက်သာ ကုန်သွားပေမယ့် နာရီပေါင်းများစွာ ကုန်သွားသလို ခံစားရလေသည်။ ရေအောက် ပတ်ဝန်းကျင်နှင့် မြင်လိုက်ရသည့် အရာက သူ့ကို အလွန်တုန်လှုပ်သွားစေပြီး လေဖြတ်​တော့မလိုပါ ခံစားရ​စေသည်။


သာမာန်အားဖြင့် သူ အသက်အောင့်နိုင်သည့် အချိန်သည် တိုတောင်းလှသည်တော့ မဟုတ်ပေ။ ဖက်တီးနဲ့ ဖောင်ဟာ သူနဲ့ မီတာသုံးဆယ်အကွာမှာ ရှိနေသည်။ နောက်ဆုံးတော့ သူ ရေထဲကနေ အမြန်ပြေးထွက်ပြီး ဖက်တီးဆီ ရေကူးသွားခဲ့သည်။ ဖောင်ဆီပြန်ကူးလာတော့ ဖက်တီးက ဘာလို့ ဒီလောက်မြန်မြန် ထွက်လာရတာလဲလို့ မေးလာသည်။


ဝူရှဲ့ အပေါ်နှုတ်ခမ်းကို ထိလိုက်တာနဲ့ ရုတ်တရက် အရမ်းပူသွားကာ နှာခေါင်းထဲက သွေးတွေ ထွက်ကျလာတော့သည်။ နောက်တော့ နားနဲ့ တစ်ကိုယ်လုံး နာကျင်လာပြီး လူက ဖောင်ပေါ်ကနေ ပြုတ်ကျလုမတတ် မူးဝေလာ၏။ ရုတ်တရက် လူက ကြောင်သွားသလို ခံစားလိုက်ရသည်။ ဖက်တီးက သူ့ကို ကမန်းကတမ်း ဆွဲရင်း ကျိန်ဆဲလေသည်။ 


"သောက်ကျိုးနည်း! မင်း အရမ်းမြန်လွန်းပါတယ်လို့ စဥ်းစားနေတာ သွေးကြောပေါက်သွားတာဟ!"


ကံကောင်းထောက်မစွာနဲ့ ခေါင်းမူးတာက ခဏလေးနဲ့ ပြန်ကောင်းလာခဲ့သည်။ သူက ပရော်ဖက်ရှင်နယ် ရေငုပ်သမား မဟုတ်ပါ။ ဝူရှဲ့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် ယခုလို အလွတ်ရေငုပ်ခြင်းမျိုးအတွက် မသင့်လျော်ဘူးဟု ထင်ရသည်။ ဝူရှဲ့ ဖောင်ပေါ်ပြန်လှဲချလိုက်ပြီး မျက်နှာကနေ မေးစေ့အထိ အဆက်မပြတ်ထွက်နေတဲ့ နှာခေါင်းသွေးတွေကို ကြည့်ပြီး ရေထဲမှာသာ ဆိုရင် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးသွားမလားဆိုပြီး ယောင်ဝါးဝါး တွေးနေမိလာ၏။ 


ဖက်တီးက လက်ကိုင်ပုဝါနဲ့ နှာခေါင်းပေါက်တွေကို ခဏတာ ပိတ်ဆို့​ပေးပြီး ဘာဖြစ်တာလဲလို့ မေးပြန်သည်။ 'မင်းဘာလို့ ဒီလောက်အလျင် လို​နေတာလဲ' ဆိုတဲ့ သဘောနဲ့ အကြည့်တစ်ချက် ပေးလိုက်သည်။ 


ဝူရှဲ့ နှာခေါင်းသွေးတွေ ပြန်စီးမလာဖို့ ခေါင်းကို မြှောက်လိုက်ပြီး တစ်ချိန်တည်းမှာပဲ သူ မြင်လိုက်ရတဲ့ အရာတွေကို ဖက်တီးအား ပြောပြလိုက်သည်။ ဖက်တီးမှာ အံကြိတ်ပြီး မယုံနိုင်သေးဘူး။ မျက်လုံးတွေကနေ တစ်ဆင့် ဆင်းကြည့်ချင်တယ်လို့ ပြောပေမယ့် ဝူရှဲ့ သူ့ကို တားပြီး တိုင်းတာသလောက် မနက်ဘူး၊ တစ်ယောက်တည်း ဆင်းရတာ အန္တရာယ်များလွန်းတယ်လို့ ပြောလိုက်သည်။


ထိုအချိန်တွင် နောက်ထပ် ရေသံတစ်ခု ထွက်ပေါ်လာပြီး မျက်နှာသေလည်း ခုန်ထွက်လာ၏။ သူလည်း အသက်ရှုကြပ်သွားလေသည်။ သူသည် ဖောင်မှ နှစ်မီတာသာ ကွာဝေးသော နေရာတွင် ပေါ်လာပြီး ဝူရှဲ့ထက် များစွာ ငြိမ်သက်နေပါသည်။


ဝူရှဲ့ လက်ပတ်နာရီကို ကြည့်လိုက်တော့ သူက မိမိထက် တစ်မိနစ်လောက် ပိုကြာအောင် နေနိုင်ခဲ့တာ တွေ့လိုက်ရသည်။ သူက ဖောင်အစွန်းကို ခက်ခက်ခဲခဲ ရေကူးလာပြီး ဝူရှဲ့ အခြေအနေကိုလည်း စစ်ဆေးသည့် အနေဖြင့် တစ်ချက်ကြည့်သည်။ ဖက်တီးက ဘယ်လိုလဲလို့ မေးရင်း လက်တစ်ဖက်နဲ့ ကူလိုက်ရာ သူ့လက်တစ်ဖက်ဖြင့် တစ်စုံတစ်ခုကို ဖောင်ပေါ် တင်လိုက်သည်။ ထိုပစ္စည်းနဲ့အတူ ရေတွေက ပက်ခနဲ ထွက်လာ၏။ 


ဝူရှဲ့ ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပဲ ဖက်တီးက ထအော်သည်။ 


"သောက်ကျိုးနည်း! ဒါက ဘာ​ကြီးလဲ!"