(22) ကောက်ယူမိတဲ့ မကောင်းဆိုးဝါး
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (22)

ကောက်ယူမိတဲ့ မကောင်းဆိုးဝါး 



ဝူရှဲ့ကို ခန့်မှန်းချက်ပေးနိုင်တဲ့ ဖက်တီးရဲ့ ​အော်သံကြောင့် ဝူရှဲ့ခမျာ ရုတ်တရက် နှလုံးတုန်သွားသလို ခံစားလိုက်ရကာ တစ်ချက် ကြည့်လိုက်ဖို့ မျက်နှာပေါ်က ရေတွေကို သုတ်ပစ်လိုက်သည်။ 


ဝူရှဲ့ရဲ့ ပထမဆုံး ခံစားချက်ကတော့ မျက်နှာသေ အဲဒီအလောင်းတွေကို ရှာတွေ့နိုင်ခဲ့ပြီဟုပင်။ သူသည် ဖြူဖျော့နေတဲ့ အလောင်းကို တွေ့ဖို့ စိတ်ပြင်ဆင်ထားပြီးသားပါ။ ကံမကောင်းစွာပဲ သူမြင်ခဲ့တာတွေက ဖောင်ပေါ် ပစ်ချထားတဲ့ တောင်တက်အိတ် အရွယ်အစားလောက်ရှိတဲ့ အသေကောင် ဖြစ်နေသည်။ 


အနီးကပ် ကြည့်လိုက်တော့မှ "နစ်မြုပ်နေခဲ့တဲ့ အလောင်း" ရဲ့ ပတ်လည်မှာ ပုပ်ပွနေပြီး အနက်ရောင် ရွက်ဖျင်တွေ ကြီးထွားလာနေတာကို တွေ့ရလေ၏။ ဒီ "နစ်မြုပ်နေတဲ့ အလောင်း" ဟာ ရေတွေနဲ့ ဖောင်းပွနေပြီး ရေထဲမှာ အချိန်ကြာရှည်စွာ ပုပ်နေခဲ့ပုံပေါ်ပါသည်။ 


ရေကန်ထဲမှာ မျောနေတဲ့ ဝက်သေတွေနဲ့ ခွေးသေတွေကို မြင်ဖူးသူတိုင်း ဒီအလောင်းတွေ ဘယ်လောက် ရွံရှာစရာ​ကောင်းလဲ ဆိုတာကို သိလိမ့်မည်။ ဝူရှဲ့မှာ ချက်ချင်း မအီမသာ ဖြစ်လာလေပြီး ၎င်းကို ဖောင်ပေါ်ကနေ အမြန် ပြန်ကန်ထုတ်လိုက်သည်။ စိတ်ထဲကလည်း မျက်နှာသေဘာလို့ ဒါကြီးကို သယ်လာတာလဲလို့ တွေးမိသား။ 


တစ်မီတာကျော်ကျော်လောက် ရေကူးပြီးတာနဲ့ ရေကန်ထဲ စိမ့်ကျလာတဲ့ အလောင်းကောင်ထဲက ရေကို ချက်ချင်း ဆေးကြောပြီးသား ဖြစ်သွားသည်။ ဖက်တီးမှာလည်း နှာခေါင်း ရှုံ့ထားကာ။


“အစ်ကိုလေး... မင်း အရမ်းမိုက်တာပဲ ဒီလောက် ရွံစရာကောင်းတဲ့ ဟာကြီးကို ဘာလို့ ယူလာတာတုန်း"


မျက်နှာသေက ဒါကို အလေးအနက် မထားပေ။ သူက လွင့်သွားတဲ့ အလောင်းကို ဖောင်ပေါ် ပြန်တင်ပြီး အလောင်းထဲက ရေတွေကို ချက်ချင်း ညှစ်ထုတ်ပစ်သည်။ ထို့နောက် ဖောင်ပေါ်ကို လက်နဲ့ ဖိချလိုက်သည်။ အလောင်းကောင်ရဲ့ ခန္ဓာကိုယ်မှ အညစ်အကြောင်းများကို ဆုတ်ခွာပြီး ရေထဲသို့ ပစ်ချလိုက်သည်။


ဝူရှဲ့ ပထမတော့ အန်လုနီးပါးဖြစ်ပေမဲ့ နောက်တော့ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရသည်။ အလောင်းတွေရဲ့ ပြင်းထန်တဲ့ အနံ့အသက်ဆိုးကို မတွေ့ရပေ။ ဖက်တီးကလည်း တစ်ခုခုကို တွေ့ရှိသွားပုံဖြင့် ဝူရှဲ့ကို လက်လှမ်းပြလိုက်သည်။ 


ဝူရှဲ့ ထပ်ကြည့်မိတော့ မျက်နှာသေလက်ထဲက ထွက်လာတဲ့ လက်တံတွေလို အရာက အလောင်းကောင်ရဲ့ အသားစတွေ မဟုတ်ချေ။ ၎င်းက ဖောင်တစ်ဝိုက်မှာ လွင့်မျောနေတုန်းပင်။ ဝူရှဲ့ခမျာ ပျို့အန်ချင်စိတ်ကို မျိုသိပ်ပြီး လှမ်းကြည့်လိုက်တော့ အဲဒါက သူထင်ထားတဲ့ အလောင်းကောင် သို့မဟုတ် လက်တံတွေ မဟုတ်ဘဲ ထူးဆန်းတဲ့ ရေနေအပင် တစ်ပင်မျိုး ဖြစ်နေသည်။ 


အနက်ရောင် "နစ်မြုပ်နေတဲ့ အလောင်း"လို အရာကို သေသေချာချာ ကြည့်လိုက်သည်။ အစကတည်းကတည်းက သူဟာ အမြင်မှားခဲ့တာမှန်း သိလိုက်ရ၏။ ဤ"နစ်မြုပ်နေသော အလောင်း" ၏ ဖောင်းကြွနေသော ဝမ်းဗိုက်သည် ပထမတစ်ချက်တွင် အလောင်းကဲ့သို့ ညစ်ညမ်းသွားသော်လည်း ရော်ဘာဘောလုံးကဲ့သို့ပင် ဖြစ်နေသည်။ ၎င်းပတ်ပတ်လည်ရှိ လက်တံများသည် ရေအပင်များကဲ့သို့ ထူးဆန်းသော အရာများ ဖြစ်သည်။


"နစ်မြုပ်နေတဲ့ အလောင်း" ရဲ့ နံဘေးက ရေပေါင်းပင်တွေလို အရာတွေကို ကူညီဖယ်ရှားဖို့ ဝူရှဲ့တို့ တက်လာခဲ့သည်။ နောက်ဆုံးမှာတော့ ၎င်းဟာ ခေတ်ဟောင်းသုံး နွားသား​ရေအိတ်ဖြစ် သွားတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရပါ၏။ ရေကြောင့် လုံးဝ မည်းသွားကာ မျက်နှာပြင်တစ်ခုလုံး ပုပ်သွားတာကြောင့် အောက်ခံ အလွှာလေးသာ ကျန်တော့သည်။


ဤသည်မှာ ခရီးဆောင်အိတ်ကြီးများကို သယ်ဆောင်ရာတွင် အသုံးပြုသည့် အိတ်ကြီးဖြစ်ပြီး အတွင်းတွင် ဝါယာကြိုးများပါသောကြောင့် ကွဲမသွားဘဲ ပုပ်သွားမည်ဖြစ်သည်။


"ဒါက...?" ဖက်တီးမှာ စကားမပြောနိုင်။


မျက်နှာသေ: "ငါ ရေငုပ်သွားတဲ့နေရာမှာ ခြံစည်းရိုး တစ်ခုရှိတယ်... ရေကန် အောက်ခြေက နစ်မြုပ်သွားတဲ့ ခြံစည်းရိုးပေါ်မှာ ​ငြိနေတဲ့ အိတ်တွေ၊ ပစ္စည်းတွေ အများကြီးရှိတယ်... ဧရိယာကျယ်တဲ့ နေရာမှာ ရိုင်ဖယ်သေနတ်တွေ၊ သားရေအိတ်တွေကိုလည်း တွေ့ခဲ့တယ်... ငါတစ်ခုကို ကောက်ယူခဲ့တာ" 


"ဒါက ဖန်းမာ ပြောတဲ့အတိုင်းပဲ ဖြစ်ရမယ်... သူတို့ကလူတွေကို သတ်ပြီး သေနတ်တွေ၊ ပစ္စည်းတွေကို အလောင်းတွေနဲ့အတူ ရေကန်ထဲကို ပစ်ချလိုက်တာ... ငါပြောတာ မှန်တယ် အဲဒါတွေက ရေကန်ထဲကို နစ်မြုပ်သွားတာ...ဒီရေကြောင့် ရေကန်အောက်ခြေက ခြံစည်းရိုးမှာ တဖြည်းဖြည်း သွားငြိနေတာ" 


ဖန်းမာ ပြောခဲ့တာကို ဝူရှဲ့ ချက်ချင်း သဘောပေါက်သွားတာကြောင့် ဝင်ပြောလိုက်သည်။ မျက်နှာသေက ဝူရှဲ့ ပြောတာ မှန်ကြောင်း ထောက်ခံသောအနေဖြင့် ခေါင်းညိတ်ပြသည်။ ဖက်တီးခမျာ မယုံကြည်နိုင်သေး။ 


"ခြံစည်းရိုးလား... ဟင်? ဒီ​ရေကန်အောက်ခြေမှာ ရွာတစ်ရွာ တကယ်ရှိ​နေတာလားဟ "


ဝူရှဲ့လည်း ကိုယ့်မျက်စိနဲ့ကိုယ် မမြင်ခဲ့ရရင် ယုံမိမှာ မဟုတ်ချေ။ ဘာလို့ လိမ်ရမှာလဲလို့ စိတ်ထဲမှာ တွေးနေရင်း ဖက်တီးကိုလည်း မျက်စောင်း ထိုးကြည့်လိုက်သည်။ 


ရေအောက်က ရှေးဟောင်းရွာဟာ အလွန်ကြီးမားပုံရသည်။ ဤရေကန်ကြောင့် ရေမြုပ်ရခြင်း၏ အခြေအနေသည် အလွန်ထူးခြားလှသည်။ ဒီနေရာဟာ တောင်ထွတ်၃ခုကြားက ရေထိန်းသိမ်းရေး ရေလှောင်ကန်အတိုင်းပင်။ ငလျင်လှုပ်ထားပါက အရာအားလုံးသည် ရေလှောင်ကန်၏ ရေများနှင့်အတူ ချိုင့်များအတွင်းသို့ စီးဆင်းကာ တောင်တန်းများ ပျက်စီးမည်။ ရွာများကို ရေလွှမ်းမိုးခြင်း သို့မဟုတ် ငလျင်ကြောင့် ရွာလုံးကျွတ် ပြိုကျကာ ရွာက မြေအောက် နစ်မြုပ်သွားတာမျိုးတော့ ကြားဖူးသည်။ 


ဒါပေမဲ့ ဒီနေရာက ငလျင်လှုပ်ထားတဲ့ပုံလည်း မပေါ်သလို ဒီကျောက်​ရေကန်က ရေရဲ့အောက်ခြေမှာ ကျောက်စရစ်ခဲတွေနဲ့ ပြည့်နေပုံလည်း ပေါ်လေသည်။ အတော်လေးတော့ ထူးဆန်းလှသည်။ 


ဒီရွာလေးမှာ ဒီကိစ္စနဲ့ ပတ်သတ်လို့ တစ်ခုခုတော့ ရှိရမည်။ ရှေးဟောင်း သုတေသနအဖွဲ့သည် ရေကန်အောက်ခြေရှိ သံတုံးများကို ဆယ်ယူရန်အတွက် ဤရေကန်သို့ ရောက်ရှိလာပုံရပြီး အဆိုပါ သံတုံးများက ရေကန်အောက်ခြေရှိ ရှေးဟောင်းရွာတွင် တည်ရှိခဲ့ကြောင်း ထင်ရှားပါသည်။ ဒီအချက်တွေကြားက ဇာစ်မြစ်က ဘာလဲ။ ဒီမှာ ဘာတွေဖြစ်သွားတာလဲ။


ကြည့်ရတာ သူ စိတ်ကူးယဉ်ထားတာထက် နက်နဲတဲ့ အရာက ရေထဲမှာ ဝှက်ထားတယ် ထင်ပါရဲ့။ 


"အခုလောလောဆယ် အဲဒါတွေကို တွေးမနေနဲ့ အိတ်ထဲမှာ ဘာတွေပါလဲ အရင်ကြည့်ရအောင်" 


ဖက်တီးမှာ အိတ်ကို အလျင်စလို ဖွင့်ချင်ပေမယ့် အိတ်က အရမ်းကြီးပြီး ဖောင်ကလည်း ကျဉ်းလှသည်။ အိတ်ကို အမိအရ ကိုင်ထားဖို့ ဝူရှဲ့တို့ သုံးယောက် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပေမယ့် ဖောင်ပင် မှောက်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ဒါကို စဉ်းစားဖို့ အချိန်မရှိတာကြောင့် ဝူရှဲ့လည်း စိတ်ရှုပ်လွန်းလို့ ဖက်တီးရဲ့လက်တွေကို ရပ်ခိုင်းလိုက်သည်။ 


"အလျင်လိုမနေနဲ့...နောက်မှ အားလုံးကို ကြည့်လို့ရတယ်... ကမ်းကို အရင်သွားရအောင် ” 


ဖက်တီး: "မဟုတ်ဘူး.... အထဲမှာ ဘာပါလဲ ငါတို့မသိဘူး လူသေလား ဒါမှမဟုတ် အားကွေ့တို့ မမြင်သင့်တဲ့ အရာတစ်ခုဆိုရင် မင်းတစ်ယောက်ယောက်ကို သတ်မိမှာနော်... ငါတို့ ဒီမှာပဲ အရင်ကြည့်ရမယ်"


ဖက်တီး ပြောတာကလည်း မှန်လေသည်။ များများ သိခွင့်ပေးလိုက်တာက သိပ်ကောင်းတဲ့ ကိစ္စမဟုတ်ချေ။ ဒါကြောင့် ဖက်တီးကို အမြန်လေးလုပ်ဖို့ ဆော်ဪလိုက်သည်။ အိတ်၏ပုံသဏ္ဌာန် တစ်ခုလုံးသည် ပါးလွှာ ပုပ်သိုးနေသော နွားသား​ရေဖြူလို ဖြစ်နေပြီ။ 


ဆွဲကြည့်လိုက်သောအခါတွင် ၎င်းသည် အလွန်မာကျောမှု ရှိနေသေး၏။ စစ်ဘက်ဆိုင်ရာ ထုတ်ကုန်များ၏ အရည်အသွေးသည် အမှန်တကယ်ပင် စွဲမက်ဖွယ်ကောင်းနေသေးသည်ကို တွေ့ရှိခဲ့ရသည်။ ဒီလိုအိတ်မျိုးမှာ များသောအားဖြင့် သံသား​ရေ ပုံစံပါရှိသည်။ သူတို့ အိတ်ကို ဖေါင်ပေါ်မှာ ဂရုတစိုက် လှန်လိုက်တဲ့အခါ နောက်ကျောမှာ သံသား​ရေ​ပြားကို တွေ့လိုက်ရပြီး အတွင်းမှာရှိတဲ့ အရာတွေက ပျော့ပျောင်းနေသလို ခံစားရလေသည်။ 


ဒီအိတ်က အဝတ်အစား ဒါမှမဟုတ် အထည်အလိပ် ပစ္စည်းတွေ ထည့်ဖို့ သုံးတာ ဖြစ်လိမ့်မည်။ အခုတော့ စောင်တစ်ထည်လို ဖြစ်သွားတာကြောင့် ဝူရှဲ့ မနေနိုင်ဘဲ ထရယ်လိုက်မိ၏။ အိတ်ကို ဖွင့်ကြည့်လိုက်တော့ သံကြယ်သီးတွေ ထပ်တွေ့ရသည်။ အလွယ်တကူ ဖွင့်လို့မရတော့တာကြောင့် ဖက်တီးက တံစဉ်ကို ဆွဲထုတ်ပြီး အိတ်အတွင်းက ဝါယာကြိုးဘောင်ကို တိုက်ရိုက် ဖြတ်ပစ်လိုက်သည်။  


ဝူရှဲ့အရင်က အိမ်တွင်း သရဲဇာတ်ကားဟောင်း တစ်ကားကို ကြည့်ဖူးသည်။ အဲဒီဇာတ်ကားထဲမှာဆို အလောင်းတွေကို အိတ်ထဲမှာ ထည့်ထား၏။ နွားသားရေအိတ်ကို လှန်ပစ်ရန် တံစဉ်ကို အသုံးပြုရသည်။ အတွင်းထဲမှာ ပုပ်ပွနေတဲ့ ဂွမ်းလုံးတစ်ဆုပ်၊ ရေစိမ်ထားတဲ့ စောင်ရဲ့ အကြွင်းအကျန်တွေ ရှိသည်။ ဖက်တီးက အဲဒါကို ဓားနဲ့မွှေကြည့်တော့ မကြာခင်မှာပဲ ဂွမ်းသိုးမွှေးရဲ့အောက်ခြေမှာ တစ်စုံတစ်ခုကို တွေ့လိုက်ပြီးနောက် ဖက်တီးကလည်း ရှေးဟောင်း သုတေသန လုပ်ထားတဲ့ အရာတွေအားလုံးကို တူးဖော်ယူလိုက်ပါ၏။


ပထမဆုံး တွေ့ရတာက မိန်းကလေး အသုံးအဆောင် ပစ္စည်းပါပဲ။ ဤသို့ ​ကောက်ချက်ချရခြင်းမှာ သဘာဝအတိုင်း ဘီးသုံးချောင်းကို တွေ့ရတာကြောင့်ပင်။ အမျိုးသားများက ဘီး ဆောင်ထားတတ်သော်လည်း ဘီးသုံးချောင်းက​တော့ မဟုတ်သည့်အပြင် ၎င်းတို့အနက်မှ တစ်ခုသည် အထူးကြီးသော သွားများပါသောကြောင့် ဆံပင်ရှည်များကို ဖြီးသည့်နေရာ၌ သုံးကြောင်း ထင်ရှား၏။ 


ဆံထိုးနှစ်ချောင်း၊ ရင်ထိုး၊ သစ်သားဘောင်တစ်ခုနှင့် ခရင်မ်တစ်ခုနှင့် လက်ဖက်ရည်ဗူးတို့လည်း ပါရှိသည်။ ခရင်မ်နှင့် လက်ဖက်ရည်ဗူး နှစ်ခုစလုံးသည် သံနှင့်ပြုလုပ်ထားပြီး အလွန်သံချေးတက်နေသော်လည်း ရေကန်၏ အောက်ခြေ အခြေအနေသည် တည်ငြိမ်နေသောကြောင့် အချို့သော အဆင့်သို့ ရောက်သောအခါ သံချေးများ ရပ်တန့်သွားသည်ကို တွေ့မြင်နိုင်သည်။


ဝူရှဲ့ စိတ်ဝင်စားဆုံးအရာက သစ်သားဘောင်ထဲက ဓါတ်ပုံတွေပါပဲ။ ဒါပေမယ့် သူတို့ဟာ ရေနဲ့စိမ်ထားတာ နှစ်ချီနေပြီမလို့ အရောင်အစင်းတွေပဲ ကျန်တော့တယ်။ အနောက်ဘက်က အဖုံးကို ဝက်အူမဖြုတ်ထားသရွေ့ အတွင်းပိုင်းအားလုံးသည် ပုပ်နေမည်မှာ မှန်သော်လည်း ပုံ၏အရောင်ကိုပင် မပြောနိုင်ပေ။


လက်ဖက်ရည်ဘူးသည် လှုပ်​ကြည့် သောအခါတွင် အသံထွက်နိုင်ပြီး အတွင်း၌ အလုံပိတ်ထားကြောင်း ညွှန်ပြထားသည်။ ဖက်တီးမှာ ဖွင့်ချင်ပေမယ့် သံချေးတက်နေလို့ ဖွင့်မရပေ။ သူသည် အိုးအောက်ခြေကို တံစဉ်နှင့်ရိုက်ရန် အသုံးပြုခဲ့သော်လည်း ဖောင်က မခံနိုင်သောကြောင့် ရေထဲဆင်းကာ ဘူးကိုကိုင်ကာ ကူးခတ်ရင်း ထုရိုက်နေခဲ့ရသည်။ ဗုံနှင့်တူသော အသံအပြင် ဖက်တီးသည် ငှက်တစ်ကောင်ကဲ့သို့ ရေကန်ပေါ်တွင် ပက်လက်ကူးနေ၏။ 


ဝူရှဲ့မှာ ရယ်စရာ​ကောင်းတယ်လို့ ထင်ရပေမယ့် မကြာခင်မှာပဲ ပုလင်းအောက်ခြေက အက်ကွဲသွားပြီး အတွင်းထဲက အနက်ရောင် အရာတစ်ခုကို သွန်ချလိုက်ရာ ဖက်တီးက ချက်ချင်းပဲ ထအော်လိုက်သည်။ အဲဒါကို မြင်လိုက်တာနဲ့ ဝူရှဲ့ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားသည်။ ထိုအရာက မျက်နှာသေရဲ့ ကုတင်အောက်မှာ တွေ့တဲ့ သံတုံးလေးတစ်တုံးပင်။


ဖက်တီး: "ဒါကြီးပဲ ဖြစ်ပြန်ပြီ... ဒီအိတ်က အဲဒီတုန်းက ရှေးဟောင်း သုတေသနအဖွဲ့နဲ့ သက်ဆိုင်တယ်ဆိုတာ သေချာသွားပြီ ဖန်းမာ ငါတို့ကို မလိမ်ဘူး... ဒီဟာက ဘာကြီးလဲ?"


ဝူရှဲ့ သံတုံးကို ယူ၍ သေသေချာချာ ကြည့်လိုက်သည်။ ဒီသံတုံးက မျက်နှာသေရဲ့ သံတုံးနဲ့ ယှဉ်ရင် အနည်းငယ် ထူးထူးခြားခြား ဖြစ်နေလို့ ခေါင်းကို ငုံ့ထားလျက် သေချာ စစ်ဆေးနေမိသည်။