(8)ဟော့ရှို့ရှို့
Viewers 14k

Chapter (8) Volume 7

ဟော့ရှို့ရှို့ 



ထိုသို့ပြောပြီးနောက် ဖက်တီးသည် ထွင်းထားသော စားပွဲကို ကောက်ကိုင်လိုက်ပြီး ဘယ်ညာလှည့်ကာ ဝေ့ယမ်းပစ်လိုက်တာကြောင့် လူနှစ်ဦးလည်း မတုံ့ပြန်နိုင်ဘဲ ဖက်တီး၏ လှုပ်ရှားမှုကြောင့် ချက်ချင်းပင် တုန်လှုပ်ချောက်ချားသွားခဲ့သည်။ ဒါ့အပြင် အနီးနားကလည်း ရုတ်တရက် တိတ်ဆိတ်သွား၏။


ပင်လယ်မျောက်တစ်ကောင်ကို ပင်လယ်ရေအောက် ဂူသင်္ချိုင်းမှာ ပစ်သတ်တဲ့ အချိန်ကို ဝူရှဲ့မှာ သွားသတိရမိသည်။ ပင်လယ်မျောက်က အရေထူပြီး အသားမာလို့ မသတ်နိုင်ပေမယ့် ဖက်တီးရဲ့ ရိုက်ချက်ကိုတော့ ချက်ချင်း မခုခံနိုင်မှာကို စိုးရိမ်မိပါ၏။ 


ဝူရှဲ့ အော်လိုက်ပေမယ့် ဖက်တီးက လုံးဝ နားမထောင်တော့ဘဲ လုံခြုံရေး အစောင့်တွေဆီကို ပြေးလုနီးပါး လျှောက်သွားခဲ့သည်။ လုံခြုံရေးတွေကလည်း နံပါတ်တုတ်တွေကို ကောက်ကိုင်ပြီး သူတို့ဆီရောက်လာသည်။ ဖက်တီးက အံကိုကြိတ်၍ ၎င်းတို့ရဲ့ ခေါင်းကို ခြောက်ကြိမ် ခုနစ်​ကြိမ်လောက် ဆက်တိုက် ရိုက်ပစ်ရာ မကြာခင်မှာပဲ သူတို့အားလုံး လဲကျသွားပြီး စားပွဲလေးလည်း ကွဲအက်သွားသည်။ 


စားသောက်ဆိုင်က ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် မြင်ကွင်းက ခဏမျှ တိတ်ဆိတ်သွား၏။ ဖက်တီးခမျာ ရင်ဘတ်အောင့်ခမန်း ချုပ်နှောင်ထားခဲ့သော ဟော့မိသားစုဘက်က လူတွေကို လှမ်းကြည့်လိုက်ရာ ထိုလူတွေလည်း နံရံဘက်ကို နောက်ပြန် ဆုတ်သွားကြလေသည်။ 


ဝူရှဲ့ ကြမ်းပြင်ပေါ်ရှိ ကျိုးနေသော ပန်းကန်လုံးများနှင့် တူချောင်းများကို ကြည့်လိုက်သည်။ ထိုစဥ် ဖက်တီးက လက်ဖက်ရည် ခွက်တစ်ခွက်ကို ယူပြီး မော့သောက်လိုက်သည်။ ပြီးတော့ သူက ဝူရှဲ့ကို လက်ဝှေ့ယမ်းပြလေ၏။ 


"သွားရအောင်!"


ဝူရှဲ့လည်း ခွေးခြေတစ်လုံးကို ကောက်ကိုင်လိုက်ပြီး ဖက်တီးအား ခေါင်းညိတ်ပြလိုက်သည်။ 


"အဖွား... ကျွန်တော် သွားပြီ နောက်နေ့မှ ထပ်လာခဲ့မယ်" 


ဝူရှဲ့ ဖက်တီး​နောက်သို့ လိုက်၍ မြေကြီးပေါ်မှာ ညည်းတွားသော လုံခြုံရေးတို့ကို နင်းဖြတ်ရင်း အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ ရိုးရိုးသားသား ပြောရလျှင် တိုက်ပွဲ၏ ပျော်ရွှင်မှုကို ဝူရှဲ့ တစ်ခါမှမသိခဲ့ပေ။ လမ်းတစ်လျှောက်ရှိ လူတိုင်းကို ထိတ်လန့်စွာ ကြည့်နေချိန်တွင် လူများစွာက လူဆိုးများဖြစ်လိုရခြင်း၏ အကြောင်းကို ချက်ချင်း သဘောပေါက်သွားသည်။ တကယ်စိတ်လှုပ်ရှားစရာ ကောင်း​ပေသည်။


အောက်ထပ်သို့ ဆင်းလာသောအခါတွင် ကျောက်စိမ်းတံဆိပ်ပါသော မှန်ပုံးမှာ မျက်နှာသေကြောင့် ကွဲသွားကာ ထိုလူက ပစ္စည်းကိုပင် ဖယ်ထုတ်လိုက်လေပြီ။ မျက်နှာသေသည် ကျောက်စိမ်းတံဆိပ်တုံးကို ယူရန် မရည်ရွယ်ထားသည့်နှယ် သေသေချာချာ စိုက်ကြည့်နေသည်။


တစ်ဖက်မှာတော့ ပန်းရောင်အင်္ကျီနဲ့လူက မြေပြင်မှ တွားသွား ထလာ၏။ သူက လည်ပင်းကို အုပ်ကာ ချောင်းဆိုးနေပြီး မျက်နှာသေဆီက တစ်ကြိမ်လောက် အသတ်ခံလိုက်ရပုံပါပဲ။ 


ဒါပေမဲ့ ဝူရှဲ့တို့ သူ့အနားကို လျှောက်သွားတဲ့အခါ သူက ချောင်းဆိုးပြီး ရယ်မောနေတာကို တွေ့လိုက်ရ၏။ သူ အရမ်းပျော်နေသလိုပဲ။ ပြုံးလျက် ဝူရှဲ့တို့ကိုပင် လှမ်းကြည့်လိုက်သေးသည်။ ဝူရှဲ့က မျက်နှာသေကို ခေါ်ဖို့ စင်ပေါ်ကိုတက်သွားပြီး ပစ္စည်းကို ယူလိုက်သည်။ လှည့်ကြည့်လိုက်တာနဲ့ ပန်းရောင်ရှပ်အင်္ကျီနဲ့ လူက နောက်က လိုက်လာတာ တွေ့ရ၏။ 


"အစ်ကိုတို့" 


ဖက်တီးက သူ့ကိုကြည့်ရင်း စားပွဲခုံကို မြှောက်ချလိုက်ရာ ထိုလူက။


“ခဏလေး... ခဏလေး” 


ပြောရင်း သူ့အိတ်ကပ်ထဲက ကတ်ပြားကို ထုတ်ပေးပြီး ကျောက်စိမ်းတံဆိပ်တုံးကို ထိုးပြကာ။ 


"ငါ မင်းတို့ကို တားမှာ မဟုတ်ဘူး မင်းတို့ကို ငါ့ရဲ့ အဆက်အသွယ် အချက်အလက် ပေးချင်လို့... မင်းတို့ခိုးထားတဲ့ ပစ္စည်းတွေကို ရောင်းချင်ရင် ငါ့ကို ဖုန်းဆက်လိုက်..."


သောက်ကျိုးနည်းပဲ။ ဒီကောင်က တကယ်ကို လေးနက်တဲ့လူ မဟုတ်ဘူးပဲ။ 


သို့သော် ဖက်တီးကတော့ တကယ်သွားပြီး စီးပွားရေးကတ်ကို ယူသွားလေပြီ။ ပန်းရောင်ရှပ်အင်္ကျီနဲ့လူက သူ့ကို ဖိတ်ခေါ်တဲ့ အမူအရာနဲ့ လက်ဟန်ပြသည်။ ဝူရှဲ့မှာ အရမ်းစိတ်​ပူလွန်းလို့ သူတို့ကို တွန်းထုတ်​ကာ မျက်နှာသေကိုလည်း အချက်ပြရင်း အမြန်​ထွက်​လာခဲ့သည်။


စားသောက်ဆိုင် အဝင်ဝကနေ ထွက်လာတော့ အပြင်မှာ ရပ်နေတဲ့ စားပွဲထိုးတွေနဲ့ လုံခြုံရေး အစောင့်တွေက အပြည့်ပင်။ ဝူရှဲ့က ကျောက်စိမ်းတံဆိပ်တုံးကို ရိုက်ချိုးဖို့ ဟန်ဆောင်လိုက်တော့ အားလုံးက သူတို့ကို လမ်းဖယ်ပေးကြ၏။ ဝူရှဲ့တိုလည်း အခွင့်အရေး ယူကာ ထွက်ပြေးလာခဲ့ကြတော့သည်။ 


ကာယအားသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီး လမ်း​ကြား အနည်းငယ်ကို ဖြတ်ကျော်ပြီးတဲ့အခါ မောပန်းနွမ်းနယ်လာသလို ခြေဖဝါးများကလည်း အားနည်းလာသည်။ ဤလူများသည် ရောနှောနေသော နောက်ခံမှနေပြီး အလွန် ထက်မြက်သည်။ ဖက်တီးက ပြော၏။ လျိုလီစွင်းရဲ့ လူအုပ်စုသည် အစောတုန်းက သူတို့အား အခွင့်ကောင်းယူရန် မကြိုးစားခဲ့တာမို့ အမှောင်ထဲမှာ စောင့်ဆိုင်းနေနိုင်၏။ 


သုံးယောက်သား သတင်းစာဆိုင် တစ်ဆိုင်ရှေ့တွင် အနားယူနေချိန် ဖက်တီးက သူတို့လူခွဲပြီး ပြေးသင့်သည်ဟု ပြောလာသည်။ ဝူရှဲ့ခမျာ ပေကျင်းနဲ့ မရင်းနှီးတာကြောင့် အစ်ကိုလေးဆို ပြောစရာပင် မလိုတော့ပေ။ လူခွဲပြီး ပြေးရင် နောက်ရက်အနည်းငယ် အတွင်းမှာ အိုးမဲ့အိမ်မဲ့ ကယ်ဆယ်ရေး စင်တာမှာ သူ့ကို သွားရှာနေရမှာ ကြောက်ရသည်။


နောက်ပြီး အခု သူတို့မှာ ပစ္စည်းရှိ​နေလို့ တစ်ဖက်လူတွေက သူတို့ကို မတိုက်ခိုက်ရဲတော့လောက်ချေ။ ဒါ့အပြင် လူခွဲသွားရင် ကျန်တဲ့လူအတွက်က အန္တရာယ် ရှိလေသည်။ 


"ဒါဆို ဘယ်လိုလုပ်မလဲ" ဖက်တီးက မျက်မှောင်ကြုတ်ကာ ငြိမ်သက်သွားသည်။ 


"မင်းဖက်တီးငါက ပေကျင်းမှာ နာမည် တစ်ခုရှိတယ်... သူတို့အားလုံး ငါ့အကြောင်း သိတယ် ငါပြန်သွားလို့မရဘူး... ပြီးသွားပြီ ငါဒီမှာ တောင်းစားရတော့မယ် ထင်တယ်" 


ဝူရှဲ့: “အခြေအနေ ဘယ်လောက်ဆိုးလဲ ဆိုတာကို သိဖို့ ခဏလောက် အနားယူဖို့ နေရာရှာဖို့တော့ လိုမယ်.... ငါတို့ ဟိုတယ်ကို အရင်ရှာရအောင်...” 


ဖက်တီး: "ဟင့်အင်း... ဟိုတယ်က တခြားသူတွေ ငါတို့ကို လာဖမ်းမှာကို စောင့်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား... ပျက်စီးနေတဲ့ ဘုရားကျောင်းတစ်ခု ရှိနေရင် ကောင်းမယ် လွတ်ဖို့ အကောင်းဆုံးနေရာက တံတားအောက်မှာ နေရတာပဲ"


ဝူရှဲ့ကတော့ မျက်နှာသေကို ကြည့်ရင်း သူဘာတွေတွေးနေလဲ မေးချင်ပေမယ့် ဒီကောင်လေးက ရန်ဖြစ်ရာမှာ ဉာဏ်ကောင်းပေမယ့် လက်တွေ့မှာ သူက အဆင့် 9 ရှိတဲ့ မသန်စွမ်းသူတစ်ယောက်လိုပါပဲ။


ထိုစဥ် တစ်ဖက်က ဟွန်းသံကို ရုတ်တရက် ကြားလိုက်ရတော့ ဝူရှဲ့ တုန်လှုပ်သွားခဲ့သည်။ ဦးလှည့်ကြည့်လိုက်သော် လမ်းဘေးမှာ ရပ်ထားတဲ့ ကားအနီလေးတစ်စီးကို တွေ့ရကာ ကားပြတင်းပေါက်ကနေ ခေါင်းထွက်ကြည့်လာသူက အဘွားဟော့ဘေးက ကလေးမလေးပါပဲ။ သူမက ဝူရှဲ့တို့ကို မျက်နှာမူပြီး ကားပေါ် မြန်မြန်တက်ဖို့ အချက်ပြသည်။ 


ဖက်တီးနဲ့ ဝူရှဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တစ်ခုခု ဖြစ်တော့မယ်ဆိုတာ ချက်ချင်း သိလိုက်ကြသည်။ 


"နောက်မှ ပြောကြရအောင်"


သုံးယောက်သား ကားပေါ် တက်ကြသည်။ တံခါးပိတ်ပြီးတာနဲ့ ကားဆရာက မောင်းထွက်သွား၏။ ဖက်တီးက မိန်းကလေး၏ ဘေးကို ခေါင်းထိုးလျက် ပြောလိုက်သည်။  


"ညီမလေး... ငါတို့က လေလှိုင်းတွေ အနားမှာ ရှိနေတယ်နော်... ဝေးဝေးကို သွားလို့ရမလား"


မိန်းကလေးက "စိတ်မပူပါနဲ့ သူတို့လိုလူ ဆယ်ယောက် ရှိရင်တောင် အဲဒီနေရာကို လာရဲမှာ မဟုတ်ဘူး... အစ်ကိုဝူရှဲ့ ဒါက ညီမရဲ့ ပထမဆုံး မိတ်ဆက်မှုပါ... ညီမနာမည်က ဟော့ရှို့ရှို့...အစ်ကို​နဲ့ မတွေ့တာကြာပြီနော်"


"မင်းငါ့ကိုတွေ့ဖူးလို့လား" ဝူရှဲ့ ထူးဆန်းစွာနဲ့ ပြန်မေးလိုက်သည်။


"အိုက်ယိုး... အခုထိ ညီမ ဘယ်သူလဲဆိုတာ မမှတ်မိ​သေးဘူးလား"


ဝူရှဲ့ သူမကို ပြန်ကြည့်ရင်း ဟော့ရှို့ရှို့အကြောင်းကို ပြန်တွေးကြည့်မိသည်။ သူမက ဟော့မိသားစုက ဆင်းသက်လာမှန်း သိပေမယ့် ဘာလို့ မျိုးရိုး ဟော့နာမည်နဲ့ မိန်းကလေးက သူ့မှတ်ဉာဏ်တွေထဲမှာ ရှိမနေရတာလဲ။ ဟိုအရင် ဟော့မိသားစုမှာ သားမက်တွေရှိလို့လား။ နောက်ခံကနေ ကြည့်ပြီး တွေးကြည့်ရင်တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရိုးရိုးသားသား ခေါင်းခါရုံပဲ တတ်နိုင်တော့၏။ 


"ဟူး... မေ့လိုက်ပါတော့" ကလေးမလေးက နှုတ်ခမ်းစူပြီး ရုတ်တရက် စကားရပ်လိုက်သည်။ 


"တကယ် စိတ်မကောင်းစရာပဲ"


ဖက်တီးက တဟားဟား ရယ်မောလိုက်လေသည်။ ဖက်တီးရဲ့ ဆူဆူညံညံ အသံကြီးထွက်လာတော့ ကားကလည်း တိုက်တိုက်ဆိုင်ဆိုင် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ရုတ်တရက် ရပ်တန့်လုနီးပါး ဖြစ်သွား၏။ 


ဝူရှဲ့ ကားပြူတင်းပေါက်ကို ထိမှန်ပြီး မူးလဲလုနီးပါး ဖြစ်သွားခဲ့လေသည်။ ကားနောက်ဘက်မှ နောက်ထပ် ဝင်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကားနောက်ဘက်က မီးသီးမှန်များ ကွဲထွက်သွားခဲ့သည်။ ကားက ခုန်သွားတာကြောင့် ဝူရှဲ့တစ်ယောက် ကားခေါင်းမိုးနဲ့ ခေါင်းဆောင့်မိသွားသည်။ 


"မစ္စတာ Xရေ... ခင်ဗျား ဘယ်လို မောင်း​နေတာလဲ" 


ဖက်တီး၏ မျက်နှာမှာ မေးစေ့မှ ပါးစပ်ထောင့်အထိ တစ်စုံတစ်ခုက ထိုးသွားတာကြောင့် အရေပြားက ပြဲမတတ် နာကျင်သွား​လေသည်။


ဝူရှဲ့လည်း ခေါင်းကို ပွတ်သပ်ရင်း နောက်ကို ကြည့်လိုက်တော့ သူတို့စီးလာတဲ့ကားက ဗင်ကားဖြစ်ပြီး နောက်က ဝင်တိုက်တဲ့ ကားက Crown ပါ။ အခုဆို ကားပေါ်ကလူတွေ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြပြီ။ Crownယာဉ်မောင်းသည် ဒေါသတကြီးဖြင့် ဟဲပေဒေသိယစကား သုံးကာ ကျိန်ဆဲလာခဲ့သည်။


ဝူရှဲ့နှလုံးတွေ တဒိန်းဒိန်း ခုန်နေပြီ။ ယာဉ်တိုက်မှု အတိုင်းအတာကို ကြည့်ဖို့ ကားထဲက တံခါးကို ဖွင့်ချင်ပေမယ့် တံခါးသော့ခတ်ထားတာကို တွေ့လိုက်ရသည်။ တစ်ဆက်တည်း ကားထဲက ထွက်လာလေတဲ့ လူတွေကလည်း ကားနောက်ခန်းကနေ သံမဏိပိုက် ဆွဲထုတ်လာတာကို တွေ့လိုက်ရလေသည်။ 


"အိုး..သူတို့က သူတို့ကားကို အရမ်းကြိုက်ပုံရတယ်" 


ဝူရှဲ့ အံသြစွာ ထပြောလိုက်မိသည်။ 


"သောက်ကျိုးနည်း! လျိုလီစွင်းရဲ့ လူတွေကွ... တော်တော့်ကို မြန်မြန်ဆန်ဆန် လှုပ်ရှားနေကြတာပဲ" 


ဖက်တီး အနောက်ကို ညွှန်ပြတော့ ဝူရှဲ့လည်း လျိုလီစွင်းက လူအုပ်စုရဲ့ အနောက်ကနေ ကြည့်နေတာကို တွေ့လိုက်ရလေသည်။ 


"လေလံပွဲက မပြီးသေးဘူး ထင်တယ်ကွ... လူတွေရှိသေးတယ် ဘယ်သူက လေလံဆွဲချင်​နေတာလဲ” 


ဖက်တီးက ဆိုရင်း ဒရိုင်ဘာထိုင်ခုံကို ရိုက်ကာ အော်လိုက်သည်။ 


“ကားက မောင်းလို့ရသေးလား” 


စကားမပြီးခင်မှာ ကားက ရွေ့သွားသည်။ ယာဉ်မောင်းက ငတုံး မဟုတ်မှန်း သိသာထင်ရှားလှ၏။ သူတို့ရဲ့ လှုပ်ရှားမှုကို မြင်တော့ လူတစ်ယောက်က ကားပေါ်ကို နှာမောင်းလို ခုန်တက်လာပြီး အနောက်ကနေ ဝူရှဲ့ရဲ့ပုခုံးကို လှမ်းဆွဲလိုက်သည်။ ရုပ်ရှင်ထဲက လူဆိုးတွေလိုပဲ သူ့​ကို ဆွဲထုတ်ဖို့ ကြိုးစားနေကြသည်။ 


ဒါပေမဲ့ ထို​ကံဆိုးသူကတော့ ဖက်တီးဆီကနေ ကားနောက်ခန်းထဲကို တစ်ဝက်လောက်အထိ ဆွဲတင်ခံလိုက်ရပြီး သူ့အမေတောင် မမှတ်မိနိုင်တော့တဲ့အထိ ရိုက်နှက်ခံခဲ့ရကာ လမ်းပေါ် ပြန်ပစ်ချခံလိုက်ရသည်။ ကံမကောင်းစွာပဲ တစ်ချိန်တည်းမှာပင် ကားဆရာသည် တစ်ဖက်ခြမ်းရှိ ပလက်ဖောင်းကို ထပ်မံတိုက်မိခဲ့ရာ ယခုအကြိမ်တွင်တော့ ဝူရှဲ့တို့ ကားခေါင်းကို တကယ် ထိမှန်သွားခဲ့သည်။


ဖက်တီး: "မင်းအဘိုးတဲ့မှ.... မင်းမှာ ယာဉ်မောင်းလိုင်စင် မရှိဘူးလား ဒါမှမဟုတ် မင်းအရင်က ဒီလိုကားမျိုး မမောင်းဖူးဘူးလား"


"ဘီးက ကွေးနေပြီ... ဦးတည်ရာကို မထိန်းနိုင်တော့ဘူး" 


ကားဆရာသည် ကားကို နောက်ပြန်ဆွဲဖို့ ကြိုးစားခဲ့ပေမယ့် အသုံးမဝင်ခဲ့ပါဘူး။ အနောက်က လူတွေက လိုက်လာနေကြပြီ။ ဖက်တီးလည်း အချိန်မရှိတော့တာကို မြင်တော့ သူက ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။ ထိုစဥ် မျက်နှာသေက တံခါးကို ခြေနှစ်ဘက်စလုံးနဲ့ ကန်ပစ်လိုက်တာကြောင့် ဝူရှဲ့လည်း ဟော့ရှို့ရှို့နဲ့အတူ ဆင်းလာခဲ့သည်။ ဖက်တီးက ဟော့ရှို့ရှို့ဘက်လှည့်ရင်း။  


"ကားထဲမှာ လက်နက်ရှိလား


"ညီမတို့မိသားစုကို ဘယ်သူလို့ ထင်​နေတာလဲ"


“ဖက်တီးငါ​တော့ မင်းရဲ့ ကားစုတ်ကို ဘယ်လိုလုပ် တက်စီးမိပါလိမ့်?” 


ပြောပြီး နောက်ကနေ အပြေးအလွှား တက်လာတဲ့လူရဲ့ စတီးပိုက်ကို ပိတ်ဆို့ဖို့ သိုင်းကွက် ထုတ်လိုက်ရတာကြောင့် အပြစ်တင်ဖို့ အချိန်မရှိတော့ပေ။ စတီးပိုက်ကို လက်နှစ်ဘက်နှင့် တားရင်း ရှေ့သို့ အပြေးအလွှား ခေါက်ချ​လိုက်ပြီး သံမဏိပိုက်ကို ဆွဲကိုင်ကာ ထိုလူ၏ လက်ကို လှမ်းဆွဲကာ လုယူသွားခဲ့သည်။ နောက်တော့ လူတွေနဲ့ ပိုစည်ကားလာ၏။


ဗင်ကားတွင် လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးရှိပြီး ဝူရှဲ့တို့ Crown ကားတွင်တော့ ငါးဦးသာ ရှိသည်။ စုစုပေါင်း ဆယ်ဦးကျော်ရှိကာ ယာဉ်မောင်းက ကားကို ပြန်ဆွဲရန် ကြိုးစားဆဲ ဖြစ်သည်။ ဟော့ရှို့ရှို့က သူတို့အနောက်မှာ ပုန်းရင်း အထိတ်တလန့်နဲ့ ဖုန်းခေါ်​​နေပေမယ့် သူမကို ကြည့်လိုက်ရင် အများကြီး မကူညီနိုင်ဘူး ဆိုတာ သိသာစေသည်။ 


ဝူရှဲ့ခမျာ အလယ်တန်း ကျောင်းတက်တုန်းက အုပ်စုလိုက် ရန်ပွဲတွေမှာ ပါဝင်ခဲ့ပေမယ့် အဲဒီတုန်းက ရန်ပွဲတွေက ကလေးဆန်လွန်းသည်။ အခုက လူတွေကို ကြောက်ဖို့ အရှိန်အဟုန်ကို အခြေခံနေပြီ။ လုံခြုံရေးအစောင့်ကို မျက်နှာချင်းဆိုင်လိုက်တုန်းက ငြိမ်သက်နေနိုင်ပေမယ့် အခု လှုပ်နေတဲ့ သံမဏိပိုက်ကို မြင်လိုက်တာနဲ့ ဝူရှဲ့ တစ်ကိုယ်လုံး တောင့်တင်းနေပြီး နောက်ကို ခြေတစ်လှမ်း ဆုတ်ဖို့တောင် မတတ်နိုင်တော့ပေ။ 


မျက်နှာသေဆီသို့ ဦးတည်နေသော လူနှစ်ယောက် ရှိလေသည်။ တစ်ယောက်က သံမဏိပိုက်ကို အစွမ်းကုန် လှုပ်လိုက်၏။ ၎င်းသာ မျက်နှာသေရဲ့ ခေါင်းကို ထိလိုက်လျှင် သူ့ဦးခေါင်းခွံမှာ ကျိန်းသေပေါက် ပေါက်ကွဲသွားသော်လည်း ချက်ချင်းဆိုသလိုပင် သံမဏိပိုက်လုံးကြီးကို မျက်နှာသေက တားဆီးလိုက်သည်။ လက်နဲ့ စတီးပိုက်ကြားထဲမှာ ကြားခံဆိုတာတောင် မရှိချေ။ 


မျက်နှာသေသည် စတီးပိုက်ရဲ့ အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျလာတဲ့ အရှိန်ကို အတိအကျ ဖမ်းထားနိုင်ကာ တစ်ဖက်ကောင်လေးခမျာ စတီးတုံးကို ထိမိသလိုမျိုး ရပ်တန့်သွားသည်။ အဲဒီနောက် မျက်နှာသေက သံမဏိပိုက်ကို ဆွဲထုတ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ မျက်နှာသေရဲ့ တံတောင်ဆစ်က ရှေ့ကို လှည့်သွားပြီး ထိုလူရဲ့ တံတောင်ဆစ်ကို ထိုးချပစ်သည်။


နောက်တစ်ယောက်ရဲ့ စတီးပိုက်က ပထမလူရဲ့ ခါးကို ထိမှန်သွားသည်။ မျက်နှာ​သေသည် ပထမလူ၏ သံမဏိပိုက်ကို ဆွဲထုတ်ကာ ခုခံလိုက်တာကြောင့် သံမဏိပိုက်များ တိုက်မိသွားပြီး မီးပွားများ လွင့်ထွက်သွားသည်။ တစ်ဆက်တည်း ဒုတိယလူပါ လွင့်သွား၏။ 


မြင်ကွင်းက သာမာန်အခြေအနေ မဟုတ်တော့ပြီမို့ ဒီတိုက်ပွဲကို မြင်ပြီး ဘယ်သူမှ မတက်ဝံ့ကြပေမယ့် အရာအားလုံးက မြန်ဆန်လွန်းတာကြောင့် နောက်ကွယ်က လူတွေကလည်း ဘာဖြစ်သွားမှန်းကို မသိကြလိုက်ဘဲ နောက်ထပ် လူ ၃ ယောက် ပြေးတက်လာကြသည်။ သူတို့ထဲက တစ်ယောက်က ဝူရှဲ့ရှေ့ကို တိုက်ရိုက် ပြေးလာပြီး စကားတစ်ခွန်းမှ မပြောဘဲ စတီးပိုက်ကို ရိုက်ချ​လိုက်သည်။ 


ဝူရှဲ့လည်း အလန့်တကြားဖြင့် တုံ့ပြန်ပြီး အမှန်တကယ် ရှောင်ထွက်သွားလိုက်သည်။ သံမဏိပိုက်က သူ့နှာခေါင်းကို ထိလုနီးပါး ဖြတ်သွားသော်လည်း ခြေထောက်က သီးခြားဇုန်ထဲရှိ ချုံပုတ်များကို ထိသွားကာ လူက ချုံပုတ်ထဲသို့ ပြုတ်ကျသွားသည်။ 


ချက်ချင်း လှည့်ကြည့်လိုက်တော့ နောက်တစ်ယောက်က ဟော့ရှို့ရှို့ဆီကို ပြေးလာတာ တွေ့ရပြန်သည်။ ဒီကောင်မလေးက သူတို့နဲ့ လာပတ်သက်ရင်း ပြဿနာထဲ ပါကုန်လေပြီ။ သူမက အဘွားဟော့ရှေ့မှာ ဘာမှ ရှင်းမပြပေမယ့် အခုတော့ အော်ပြီး ပြေးလွှားနေ၏။ သူမ အော်ပြီးတာနဲ့ ဝူရှဲ့လည်း နောက်ကျောဘက်ကို တုတ်နဲ့ အရိုက်ခံလိုက်ရတာကြောင့် ရင်ဘတ်တွေ ကော့တက်သွားသည်။ 


တစ်ဖက်မှာလည်း ဟော့ရှို့ရှို့ရဲ့ အော်သံကို ကြားလိုက်ရပြီး ဝူရှဲ့မှာလည်း နောက်တစ်ကြိမ် ထိုးနှက်ချက်က သူ့ခေါင်း အနောက်ဘက်သို့ ကျိန်းသေပေါက်ဖြစ်မည်ကို သိလိုက်သည်။ မထင်မှတ်ပဲ သူ့အနောက်ကနေ အော်သံတစ်ခု ထွက်လာခဲ့၏။ 


ဝူရှဲ့ နောက်ပြန်ကြည့်လိုက်တော့ ဖက်တီးက သူ့လက်ထဲမှာ သံ​ချောင်းနှစ်ချောင်းကို ကိုင်ကာ သူ့မျက်နှာမှာတော့ သွေးစွန်းထင်းနေပြီ။ သူက ဝူရှဲ့နောက်ကျောကို ရိုက်နှက်ခဲ့တဲ့လူရဲ့ ဦးခေါင်းကို ရိုက်နှက်နေသည်။ သူက ရိုက်ရင်းနဲ့ သူက မျက်နှာသေဘက်ကိုလည်း လှမ်းအော်သေးသည်။ 


"အစ်ကိုလေး... ငှက်သူခိုးတွေထဲက ဘုရင်ကြီးကို အရင်ဖမ်းရမယ်... အစ်ကိုလေး သွားသတ်လိုက်.... ပြီးရင် ငါက ခေါင်းတွေကို လိုက်သိမ်းမယ်!"


မျက်နှာသေ၏ အနီးတွင်လည်း လူခြောက်ယောက်ထက်မနည်း ရှိနေသည်။ ဖက်တီး ဤသို့ပြောပြီးသည်နှင့် မျက်နှာသေက အဝေးမှနေ၍ တိုက်ပွဲကို ကြည့်နေသော လျိုလီစွင်းကို တိုက်ရိုက် လှည့်ကြည့်လိုက်သည်။


လျိုလီစွင်းကို တားဖို့ မျက်နှာသေက အပြေးအလွှား သွားသတ်မယ်လို့ ထင်ခဲ့ပေမယ့် မထင်မှတ်ပဲ သူက ဝူရှဲ့တို့ကို ထိတ်လန့်စေတဲ့ အရာတစ်ခုကို လုပ်ခဲ့ပေ၏။