(3) ဝမ်ပါးချိုး
Viewers 13k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (3) 

ဝမ်ပါးချိုး 



စကားပြောခါနီးမှာ တစ်ခုခု မှားနေပြီဆိုတာ ရုတ်တရက် ပြန်သတိရသွားသည်။ သူ့ရဲ့ လျှို့ဝှက်ချက်ကို အခုမှ ဖွင့်မပြောနိုင်တော့တဲ့အတွက် ဘာလုပ်ရမလဲ ဆိုတာပဲ စဉ်းစားမိတော့သည်။ 


ဒီအချိန်မှာ ဦးလေးသုံးအနေနဲ့ ဘာလုပ်သင့်လဲ။ ဒီအချိန်မှာ ဦးလေးသုံးသာဆို ဘာလုပ်မလဲ။


စိတ်တွေ ရှုပ်ထွေးသွားသည်။ ဒီခွေးကောင်ချိုးက သူ့မျက်နှာကို မြင်လိုက်တာနဲ့ ချက်ချင်း အံ့ဩသွားပုံ ပေါက်လေ၏။


ဝူရှဲ သူ့ကိုကြည့်လိုက်ပြီး လက်ရှိလျှို့ဝှက်ချက်ကို မထုတ်ဖော်ဖို့ တစ်ခုတည်းသော နည်းလမ်းကို ချက်ချင်း စဉ်းစားပြီး သူ့ဆီတက်သွားလိုက်သည်။ ထို့နောက် ဘယ်လက်သီးကို မြှောက်လိုက်ပြီး နှာတံပေါ်ကို ပြင်းပြင်းထန်ထန် ထိုးချပစ်သည်။ 


သူ့ကို အစောင့်အကြပ်များက ဖမ်းမိသွားသည်။ ဝူရှဲလည်း လက်က ချက်ချင်း ပြင်းထန်သွားတဲ့ နာကျင်မှုကို ခံစားလိုက်ရပေမယ့် သွားတွေကို အံကြိတ်ကာ ဆုပ်ထားလိုက်သည်။ ထိုလူ ထလာတဲ့ အချိန်မှာ သူ့ကို မြေပြင်ပေါ် ချက်ချင်း ထိုးချပစ်ပြန်၏။ 


သူကတော့ ဝက်တစ်ကောင်လို အော်နေသည်။ နောက်ဆုံး ညစာစားတုန်းက သူပြောခဲ့တာကို သတိရသွားပြီး ဘာပဲဖြစ်ဖြစ် ထိုးနေတာက ဖုံးကွယ်လို့ ရနိုင်မလား မသိချေ။ ဒါကြောင့် အဲဒါကို အကောင်းဆုံး အသုံးချချင်လိုက်တာနဲ့ မတ်တပ်ထရပ်ပြီး သူ့ကို ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်တော့သည်။ 


ကောင်လေးက အရမ်းရက်စက်တဲ့ပုံ ပေါက်ပေမယ့် တိုက်ပွဲက အရမ်းချော​မွေ့နေတော့ သူ့နောက်က လူတော်တော်များများကလည်း တုံ့ပြန်ပြီး ရှေ့ကို ပြေးတက်လာကြသည်။ ထိုစဉ် ဖန့်ကျစ်က ဝူရှဲရှေ့ ဝင်ကာရပ်လိုက်၏။ 


"သေချင်ရင် လာခဲ့! တစ်ယောက်ကို ဓားတစ်ချက်ပဲ! မင်းတို့ကို သုံးမိနစ်အတွင်း မသတ်နိုင်ရင် ငါ့ကိုယ်ငါ သတ်သေပစ်မယ်!"


ဖန့်ကျစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို လူတိုင်းသိကြသည်။ အချိန်အတော်ကြာသွားတဲ့အထိ သူတို့လေးယောက်လုံး မလှုပ်ရဲကြ။


ဒီအချိန်မှာ ဝူရှဲသည် အဲဒီကောင်ရဲ့ ဒဏ်ရာထက် သူ့လက်ကို ကုသဖို့က ပိုကုန်ကျမှာကို မခံစားနိုင်တော့တဲ့အတွက် အကြိမ်အနည်းငယ် ကန်ပြီးနောက် လှည့်ထွက်လာခဲ့​လေ၏။ 


ဖန့်ကျစ်ကလည်း ဝူရှဲ ထွက်သွားတာကို မြင်တော့ အနောက်ကနေ ပြေးလိုက်လာခဲ့သည်။ လမ်းဆုံတစ်ခုကို ဖြတ်လျှောက်သွားရင်း ပြန်လှည့်ကြည့်တဲ့အခါ ဝမ်ပါးချိုးကို သူ့လူတွေက ချက်ချင်း ကူညီပေးနေတာကို တွေ့လိုက်ရ၏။ အရှိန်မြှင့်ပြီး မမြင်ရတဲ့ နေရာရောက်မှ ပြန်ငုံ့ ကြည့်လိုက်တော့ လက်တွေက မုန့်ပေါင်းတွေလို ရောင်နေပြီ။ 


“နောက်တစ်ခါ လက်ဝါးသုံး...လက်ဝါးသုံးတာက သူ့ကို မျက်နှာပေးတာနဲ့ အတူတူပဲ..." 


ဝူရှဲ နောက်ကျောဘက်ကို ကြည့်လိုက်ကာ။ 


"လျှို့ဝှက်ချက် မပေါ်သွားဘူးမလား" 


"သေချာဘူး... သူက ငါ ဒါမှမဟုတ် မင်း​​နောက်ကို နောက်ယောင်ခံ လိုက်နေတာဖြစ်မယ်... မင်းရဲ့ လက်ရှိအသွင်အပြင်ကို မြင်တော့ သခင်သုံး ပြန်လာပြီလို့ ထင်ပြီး ဖုန်းရွှေကို စစ်ဆေးဖို့ ချက်ချင်း ရောက်လာတာ...အခုနက တုံ့ပြန်မှုက အရမ်း ကောင်းနေပေမယ့် ပြင်းပြင်းထန်ထန် ရိုက်သင့်တာ..."


"မလောက်ဘူးလား?"


ဖန့်ကျစ်: "တကယ်လို့ ငါဝင်ချလိုက်ရင် သူမြင်သည်ဖြစ်စေ မမြင်သည်ဖြစ်စေ စိုးရိမ်စရာလိုမှာ မဟုတ်ဘူး... ဒါပေမဲ့ အခုလည်း သူသိသွား သည်ဖြစ်စေ.... မသိသွားသည်ဖြစ်စေ ဒီရိုက်နှက်မှုပြီးရင် သူ စိတ်ရှုပ်သွားမှာပဲ..." 


သူတို့ တက္ကစီပေါ်တက်ပြီး ဖန့်ကျစ် မူလက စီစဥ်ပေးထားသော ဟိုတယ်ကို ရောက်လာခဲ့သည်။ သူ့နေရာကို မသွားနိုင်သေးဘူး။ ဒီညမှာတော့ ချောင်ရှား တစ်ခုလုံးက ဒီသတင်းကို သေချာသိသွားမှာမို့ သူတို့ အရင်ဖျောက်ထားရမယ်။ အကြာကြီးတော့ ဖုံးကွယ်ထားလို့ မရဘူး။ သခင်သုံးသည် ထိုငှက်များကို မကြောက်ဖူးသောကြောင့် မနက်ဖြန်က ခက်ခဲသောတိုက်ပွဲဖြစ်လာမှာ သေချာပါ၏။


အကယ်၍ သူသည် မနက်ဖြန်တွင် အသက်ရှင်နိုင်ပြီး ဟန်ကျိုးရှိ စတိုးဆိုင်သို့ ချက်ချင်း ပြန်လာနိုင်ပါက သေချာပေါက် အချိန်အကြာကြီး အနားယူနိုင်ပါသည်။


ဝူရှဲ ခေါင်းညိတ်လိုက်တော့ ဖန့်ကျစ်က ဆက်ပြောသည်။


"ဒီည မင်းအိပ်လို့မရဘူး... ဘယ်လို ဖြတ်သန်းရမယ် ဆိုတာကို မင်းကိုပြောပြရမယ်... ဒါပေမဲ့ မနက်ဖြန် ငါပြောသလိုပဲ မင်းခေါင်းချည်း ညိတ်လို့မရဘူး... မင်းဒီလိုဖြစ်ဖို့ တစ်ညတည်းနဲ့ သေချာပေါက် မသင်ယူနိုင်ဘူး... သခင်သုံး တယောက်ယောက်ကို မနက်ဖြန်တွေ့မယ် မင်းကအထဲမှာ ငါက အပြင်မှာ... သူတို့က မင်းရဲ့မျက်နှာကိုပဲ မြင်နေရမယ် မင်းဘာမှ ပြောစရာ မလိုဘူး...."


ဝူရှဲ: “စကားမပြောရင် ဘယ်လိုလုပ် လေ့ကျင့်နိုင်မှာလဲ”


ဖန့်ကျစ်က ထူးထူးခြားခြား ပြုံးလိုက်ပြီး "သခင်သုံးရဲ့ အသံတိတ် မဟာဝိဇ္ဇာ မှော်အတတ်ပညာကို လေ့ကျင့်ရင်း ငါသင်ပေးမယ်"


အဲဒီညမှာ ဝူရှဲမှာ တစ်ညလုံးနီးပါး အသံတိတ် လေ့ကျင့်ရေး နည်းစနစ်ကို လေ့ကျင့်ခဲ့ရသည်။ ဖန့်ကျစ်က သူ့ရဲ့ တတိယဦးလေးဟာ ဒေါသထွက်တဲ့အခါ ကျိန်စာတိုက်ရတာကို နှစ်သက်ပေမယ့် သူ့ဒေါသက ပြင်းထန်လာတဲ့အခါမှာတော့ အရမ်းတိတ်ဆိတ် သွားလိမ့်မယ်လို့ ပြောပါ၏။ 


လူတစ်ယောက်က ပြဿနာရှိသော စာရင်းဇယားကို ထုတ်ယူပြလာမည်။ ပြဿနာရှိသော စာရင်းဇယားကို အပြင်တွင် စောင့်ဆိုင်းရမည့် တံခါးစောင့်က သေချာရှင်းပြရင် လွှတ်လိုက်မယ်၊ ပြဿနာရှိရင် လယ်ဂျာကို ထုတ်ပစ်လိုက်ပြီး အဲ့လူကလည်း သူသေပြီဆိုတာ သိသွားပေမည်။ 


စာရင်းဇယားက တိကျရမည် ဖြစ်သော်လည်း အလွန်တိကျနေရန် မလိုပါ။ ဒါပေမဲ့ ဝူရှဲ့ပြဿနာက အဲ့လူတွေရဲ့မျက်နှာကို သိ​နေရမယ်။ မနက်ဖြန်မှာ ကိုယ်စားလှယ်တချို့ လာမှာ ဖြစ်ပြီး စုစုပေါင်း လူဦးရေ သုံးဆယ်ကျော်လောက် ရှိနိုင်တဲ့အတွက် နောက်ထပ် ပြဿနာက ဖန့်ကျစ်မှာ ဓာတ်ပုံတွေ မရှိချေ။ ဒါကြောင့် မနက်ဖြန်မှာ အဲဒီလူတွေကို စည်းစနစ်တကျ ရပ်တည်စေပြီး နံပါတ်တွေအတိုင်း တန်းစီခိုင်းမည်။ နာမည်တွေကို မှတ်သားပြီး မှတ်စုစာအုပ်ကို ဝူရှဲဆီ ပေးထားလိမ့်မည်။ 


ဝူရှဲ တစ်ညလုံး လေ့ကျင့်ခဲ့သည်။ နောက်ဆုံးမှာတော့ အကျဉ်းချုံးပြီး အတွေ့အကြုံ အနည်းငယ်လည်း ရရှိသွားခဲ့သည်​။ ဖန့်ကျစ်ကို ဒေါသထွက်အောင် အသုံးချနိုင်ဖို့ ပြာခွက်ကို ပစ်ချတော့မယ့် ဇာတ်ဝင်ခန်းကို သရုပ်ဆောင်ဖို့အတွက် ပြင်လိုက်သည်။ 


ပစ်ချတော့မယ့် ပြာခွက်ကို ကြည့်လိုက်တော့ ချင်မင်းဆက်နှောင်းပိုင်းက ကြွေပန်းကန်ပြား ဖြစ်နေသည်။ မနက်အစောကြီးမှာ ခဏလောက် အိပ်လိုက်​ပြီးတော့ ဖန့်ကျစ်က မနက်ငါးနာရီမှာ အဖွဲ့ထဲ စာတိုတစ်စောင် ပို့လိုက်သည်။ 


"ပါးစပ်ပိတ်ထား... ကိုးနာရီ အရင်နေရာပဲ"


ဒါက နဂါးနောက်ကျောကဲ့သို့ လျှို့ဝှက် စကားလုံးလည်း ဖြစ်သည်။ သူတို့နှစ်ယောက်ထပြီး သပ်သပ်ရပ်ရပ် ဝတ်ဆင်ကာ အပြင်ထွက်တဲ့အခါ ဖန့်ကျစ်က သတိပေးသလို ဆိုလာ၏။ 


"သခင်သုံး... မင်းက သခင်သုံးပဲ"


သူ့ကိုပြောနေတာလား။ 


ဝူရှဲ သူ့ကိုယ်သူ မသိဘဲ လှည့်ကြည့်လိုက်တော့ လမ်းဆုံတစ်နေရာက အမှောင်ထဲမှ လူတစ်ယောက် ရုတ်တရက် ထွက်လာပြီး ဖန့်ကျစ်ကို ဓားနဲ့ လွှဲခုတ်တော့သည်။ ဖန့်ကျစ် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သော်ငြား ကြမ်းပြင်ပေါ် သွေးများ စီးကျသွားသေး၏။ ထို့နောက် ထိုလူက လှည့်ကာ ချက်ချင်းပင် ဝူရှဲဆီသို့ ပြေးလာပြီး လည်ပင်းကို ဓားဖြင့် ခုတ်ချလာသည်။


ဝူရှဲ ကမန်းကတန်း ရှောင်ထွက်သွားသည်။ ဖန့်ကျစ် ရှေ့ပြန်တက်လာကာ ထိုယောက်ျားရဲ့ ကော်လာကို ဆွဲကိုင်လိုက်ပြီး တစ်ချက် ထိုးသည်။ တစ်ဆက်တည်း ဓားကို ဖျတ်ခနဲ လု၍ တစ်ချက်လောက် အပြင်းအထန် ခုတ်ထစ်လိုက်တော့ သူ့နောက်က အမှောင်ထဲကနေ လူခြောက်ယောက် ထွက်လာတာ တွေ့လိုက်ရ​လေသည်။


၎င်းတို့က စကားတစ်ခွန်းမှ မပြောဘဲ သူတို့ဆီကို ပြေးလာသည်။ ဖန့်ကျစ်ရဲ့ ကျောက သွေးများစွန်းထင်းနေပြီ။ သူက ဓားရှည်ကို ကိုင်ကာ။ 


"မပြေးနဲ့.... ငါ့ကိုကြည့်ပြီး ငြိမ်ငြိမ်နေ"


ဝူရှဲတစ်ကိုယ်လုံး အေးစက်နေတဲ့ ချွေးတွေ ဖုံးလွှမ်းသွား၏။ ဘာမှ မပြောဘဲ ပန်ဇီ ဓားကို ပွတ်ဆွဲပြီး


"လူခုနစ်ယောက်ပဲ ရှိတယ်... လူယုတ်မာချိုးက ပိုက်ဆံ မတတ်နိုင်ဘူးလား"


ဝူရှဲ: "ဝမ်ပါးချိုး?" 


အဲဒီလူတွေကို ကြည့်လိုက်မှ ရုတ်တရက် သဘောပေါက်လိုက်သည်။ ဒါလူတွေက ဝမ်ပါးချိုး သူတို့ကို နှုတ်ပိတ်ဖို့ လွှတ်လိုက်တာ ဖြစ်နိုင်သည်။ ဒါဆို သူ မိမိတို့ကို ဘယ်လိုရှာ​တွေ့တာလဲ။ သူ့မျက်လုံးတွေက တကယ် အဲ့လောက်တောင် ကောင်းတာလား။ 


အဲဒီလူတွေရဲ့ အမူအရာတွေက အေးစက်လွန်းလို့ သူတို့ကို နားမလည်နိုင်ခဲ့ဘူး။ သူတို့ ပေးလိုက်တဲ့ ခံစားချက်က ဝူရှဲကို အရမ်းကြောက်သွားစေ၏။ ဂူထဲမှာ ထူးဆန်းတဲ့အရာတွေ ကြုံလာရတဲ့အခါတောင်မှ ဒီလို ကြောက်လန့်မှုမျိုး မခံစားရပါဘူး။ ဝမ်ပါးချိုး ဘယ်လိုဖြစ်ခဲ့ဖူးလဲလို့ တွေးပြီး လူတွေက သိပ်မိုက်မဲတာပဲလို့ ရုတ်တရက် ခံစားလိုက်ရသည်။


သရဲနှင့်နတ်များထက် ပို၍ကြောက်စရာ ကောင်းတာက လူ့နှလုံးသားသာ ဖြစ်သည်။ ဖန့်ကျစ်ကျောပေါ်က သွေးတွေကို ကြည့်လိုက်ချိန် ဓားရာကြီးက ဝူရှဲကို အလွန်မူးဝေစေ၏။ ဖန့်ကျစ် လူသုံးဦးကို ခုတ်ထစ်ပြီးနောက် အခြားလူများ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။


သူက ဝူရှဲကို ငုံ့ကြည့်ကာ နံရံကို မှီလိုက်သည်။ 


"ဝမ်ပါးချိုးက စီးပွားရေးသမားပဲ... ဒီလို​လောကမျိုးမှာ ပရော်ဖက်ရှင်နယ် မဟုတ်ဘူး... မင်းက ရက်စက်ရမယ် ဒီလိုလူက အားကိုးလို့မရဘူး...."


ဝူရှဲ ရှိုက်ကြီးတငင် ပြုံးပြီး အဆင်ပြေလားလို့ မေးလိုက်သည်။ ဝူရှဲ သူ့ကို ကူညီပေးဖို့ တက်လာပေမယ့် ဖန့်ကျစ်က ခေါင်းခါနေသည်။ 


“ငါအဆင်ပြေတယ်" 


ပြောပြီး တစ်ဖက်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုလူအနည်းငယ်က ဝေး​ဝေး မသွားသေးတာကို တွေ့ရလေ၏။ 


"သူတို့က ငါတို့ကို သတ်ဖို့ ပိုက်ဆံတစ်ဝက်လောက် ကျန်သေးတဲ့ပုံပဲ... ခိုးဝင်တိုက်ခိုက်ဖို့ အခွင့်အလမ်း ရှာနေကြတာ...”


“ဒါဆို ဘာလုပ်ရမလဲ” ဝူရှဲ လှမ်းကြည့်လိုက်ရင်း။ 


“ခင်ဗျား သွေးထွက်လွန်သွားလိမ့်မယ်...."


“မဟုတ်ဘူး ငါ တစ်ခုခု ဆုံးရှုံးရင် တုန်လှုပ်သွားလိမ့်မယ်... ဒါပေမဲ့ သွေးတွေ ဆုံးရှုံးသွားရလို့တော့ တုန်လှုပ်သွားမှာ မဟုတ်ဘူး... သူတို့​နောက်ကို လိုက်ရအောင်"


ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် သူ့အမူအရာက အနည်းငယ် နာကျင်နေတာကို တွေ့လိုက်ရသော်လည်း မျက်မှောင်ကြုတ်ကာ ဘာမှ ဆက်မပြောချေ။ 


ဖန့်ကျစ်သည် သူ့ဓားရှည်ကို အလျားလိုက် ကိုင်ပြီး နံရံနဲ့ ခြစ်လိုက်၊ ဖြတ်လိုက်ဖြင့် လျှောက်သွား​​နေသည်။ ဤရန်ဖြစ်မှုမှာ အနိမ့်ဆုံး ခြိမ်းခြောက်မှု ပုံစံပင်။ အရင်တုန်းကတော့ ဒီလိုမျိုးလုပ်ဖို့ မလိုအပ်ပေမယ့် အခုချိန်မှာတော့ သူတို့နှစ်ယောက်ပဲ ရှိတော့သည်။


လူယုတ်မာသည် လူယုတ်မာသာ ဖြစ်သည်။ ထိုနို့စို့ကောင်များကို ဖန့်ကျစ်က လမ်းဘေးအထိ ရောက်အောင် ဆုတ်ခိုင်းလိုက်သည်။ ဖန့်ကျစ်ရဲ့ သွေးများက ဘောင်းဘီတွေကို စိုစွတ်သွားစေ၏။ သူက ဓားကိုချလိုက်ပြီး ကောင်လေးတွေ မထွက်သွားသေးတာကို တွေ့လိုက်ပေမယ့် ဝူရှဲမှာ ဖန့်ကျစ်ရဲ့ အကြည့်ကို မြင်လိုက်ရတာနဲ့ မကြာခင်မှာ လဲကျ​​တော့မယ်ဆိုတာ သိလိုက်သည်။ 


တက္ကစီကိုစောင့်နေတဲ့ လမ်းဘေးမှာ နှစ်ယောက်သား ရပ်နေပေမယ့် ဒီဧရိယာမှာက ဟန်ကျိုးထက်တောင် တက္ကစီရဖို့ ပိုခက်နေသည်။ အခုတော့ ဒီဟာက ကမ္ဘာပေါ်မှာ ကြေကွဲဖွယ်အကောင်းဆုံး အရာပဲလို့ ရုတ်တရက် ခံစားလိုက်ရသည်။ ဖန့်ကျစ်က ဓားကိုင်ထားလို့လားမသိ တက္ကစီက တစ်စီးမှ မရပ်ပေးချေ။ 


ဖန့်ကျစ်သည် သစ်ပင်ကို မှီလျက် အားအင်များစွာ ဆုံးရှုံးသွားတာကို မြင်လိုက်ရတော့ ဝူရှဲလည်း အလွန်စိုးရိမ်သွားသည်။ ဖန့်ကျစ်ပြောခဲ့တဲ့ စကားသည် ပရော်ဖက်ရှင်နယ် မကျသော နည်းလမ်းတစ်ခုပဲလို့ပါ တွေးလိုက်မိသည်။ ဦးလေးသုံး ထွက်သွားတော့ ဒီလို ပရော်ဖက်ရှင်နယ် မကျတဲ့ နည်းလမ်းတွေနဲ့ တွန်းအားပေး ခံခဲ့ရတာလား မသိ။ 


လူအနည်းငယ် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ဖန့်ကျစ် ဓားရှည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ဝူရှဲကို စိုက်ကြည့်ရင်း အနည်းငယ် အားကိုးရာမဲ့ ဖြစ်သွားသည်။ ဝူရှဲ ရုတ်တရက် ရဲကို ခေါ်ချင်ပေမယ့် အဲဒီအချိန်မှာ သူ့အရင်က စကားတွေကို ရုတ်တရက် သတိရသွား၏။


"မင်းမတတ်နိုင်တဲ့ တချို့အရာတွေ ရှိတယ်..."


ရှုထောင့်ပေါင်းစုံမှ ကြီးမားသော ဖိအားကြောင့် ဖန့်ကျစ် အခု သည်းမခံနိုင်တော့ဘူးဟု အမြဲတမ်း ထင်ခဲ့သည်။ မိတ်ဆွေတစ်ယောက် သေရတော့မယ့် အချိန်မှာ အေးအေးဆေးဆေး ဟန်ဆောင်နေရဆဲ ဖြစ်ပေမယ့် လွတ်မြောက်ဖို့ ဒါမှမဟုတ် တခြားအကူအညီကိုတောင် မရှာနိုင်ချေ။ သူတို့ရဲ့ဂိမ်း စည်းမျဉ်းအောက်မှာပဲ သေဆုံးရတော့မလို ဖြစ်နေသည်။ 


ဖန့်ကျစ်သေရင် မိမိက ဖန့်ကျစ်ရဲ့ ဓားကို ကိုင်ပြီး ဆက်သွားရမှာလား။ ဝူရှဲ အိတ်ကပ်ထဲ၌ လက်သီးတွေကို ဆုပ်ထားမိသည်။ 


အဲဒီအချိန်မှာ တစ်ဖက်က ကောင်လေးတွေက အော်ဟစ်နေတာကို ရုတ်တရက် ကြားလိုက်ရ၏။ နောက်တော့ လူတစ်ဒါဇင်လောက်က လမ်းတစ်ဖက်ကနေ ပြေးထွက်လာကြကာ အားလုံးက ဓားတွေကိုင်ထားကြလေသည်။ 


အဖွဲ့နှစ်ဖွဲ့ စကားစမြည် ပြောပြီးတာနဲ့ ခေါင်းဆောင်က သူ့လက်ကို ဝှေ့ယမ်းပြီး ချက်ချင်း ဝူရှဲတို့ကို လှမ်းကြည့်သည်။ ဝူရှဲနှလုံးသားက ပြုတ်ကျသွား၏။ တခြားတစ်ယောက် ထပ်ရှိနေပြန်တာပဲ။


ဖန့်ကျစ်က ရုတ်တရက် ထရပ်လိုက်ပြီး။ 


"အိုး... တောင်ပိုင်းက ပေါက်စလေးတွေ... ခွေးကောင်ချိုးက တော်တော်ကို ကောင်းကောင်းသိတယ်... သူကငါနဲ့ ရန်ဖြစ်ချင်နေတာ... သခင်သုံး ကျေးဇူးပြုပြီး အဝတ်အစားတွေ မညစ်ပတ်ပါစေနဲ့..." 


သူက သစ်ပင်ပေါ် ဓားနဲ့ထိုးပြီး ၎င်းတို့ဆီ လျှောက်သွားလေသည်။ 


ဒါပေမဲ့ ခြေလှမ်းအနည်းငယ် လှမ်းပြီးတာနဲ့ တစ်ဖက်ကလူတွေဟာ ရပ်သွားပြီး ဝူရှဲနောက်ကို လှမ်းကြည့်နေ၏။ သူတို့ရဲ့ အမူအရာတွေက အဆင်မပြေတာ တွေ့တော့ ဖန့်ကျစ်လည်း ထူးဆန်းသလို ခံစားလိုက်ရတဲ့အတွက် ရပ်ပြီး နောက်ကို လှည့်ကြည့်လိုက်သည်။ 


လမ်းဘေးမှာ ကားတွေတန်းစီကာ ရောက်လာကာ ကားတံခါးတွေ တစ်ချပ်ပြီးတစ်ချပ် ပွင့်လာသည်။ ထို့နောက် ပေါ့ပေါ့ပါးပါး ဝတ်ထားတဲ့ ဟော့ရှို့ရှို့က မြေပြင်ပေါ်ကို ခုန်ဆင်းပြီး လက်ကိုဆန့်ထုတ်လာ၏။ 


"ဦးလေး... မတွေ့ရတာကြာပြီနော် မှတ်မိသေးလား"


ဝူရှဒ ဘာမှ မပြောရသေးခင်မှာပဲ အထင်ကရ ပန်းရောင် ရှပ်အင်္ကျီကို ဝတ်ထားတဲ့ ရှောင်ဟွားကလည်း တစ်ဖက်ကနေ ဆင်းလာရင်း စာသား မက်ဆေ့ခ်ျ တစ်စောင် ပို့ရင်း ဝူရှဲဆီ လျှောက်လာနေသည်။ ထိုလူက ခေါင်းမထောင်ဘဲ ဆန့်ကျင်ဘက် လူကို ကြည့်လိုက်ရင်း သူ့လူတွေကို ပြောလိုက်သည်။ 


"သခင်သုံးကို သူ့နေရာဟောင်းဆီ ပို့ပေးလိုက်...ဝမ်ပါးချိုးကို တွေ့ရင်တော့ သေအောင်သာရိုက်...ကျန်တာ ငါ့တာဝန်ထား!"




ဘာသာပြန် - ဟေးရန်ကျင်းသာရှိရင် ဘယ်လောက် ကောင်းလိုက်မလဲ။